ကမ္ဘာဦးခေတ်ကာလ
လူများဟာ အကြောက်တရားများ ဖြစ်ပေါ်လာရာကစတင်ပြီး သစ်ပင်၊ တော ၊ တောင်
စတဲ့အရာတွေကို နည်းအမျိုးမျိုးအဖုံဖုံတို့ဖြင့် ကိုးကွယ်ပူဇော်လာကြပါတယ်။
နောက်တော့ မမြင်ရတဲ့ နတ် ၊ဗြဟ္မာများကိုလဲ ဘုရားတစ်ဆူသဖွယ် ကိုးကွယ်
လာကြတာကို တွေ့ရပါတယ်။ ဒီလိုကိုးကွယ်ပူဇော်မှုတွေနဲ့အတူ အရိုအသေပေးမှု
‘ရှိခိုးမှု’ ဆိုတဲ့ ဝေါရဟရစကားလုံးကို သုံးနှုန်းလာခဲ့ ကြရာ ယနေ့ထိတိုင်
ဖြစ်ပါတယ်။
တစ်နေ့ လုပ်ဖေါ်ကိုင်ဖက် သူငယ်ချင်းအဖေါ်နဲ့အတူ သူနာပြုဆရာမလေးတစ်ယောက် ကျောင်းပေါ် သို့ ရောက်ရှိလာပါတယ်။ ၀တ်ပြုပြီးတဲ့အခါ သူမရဲ့နာမည်က မ…………..ပါလို့ သူမကိုသူမ မိတ်ဆက်လာပါတယ်။ တစ်ဖန်သူမက “တပည့်တော်တို့ ဗုဒ္ဓဘာသာ များ ဦးချကန်တော့တဲ့အခါမှာ ထိခြင်းကြီးငါးပါးနဲ့ ဦးချကန်တော့ကြတာကို မြင်ခဲ့ ကြားခဲ့ သင်ခဲ့ရပါတယ်ဘုရား။ တစ်နေ့ တပည့်တော်သူငယ်ချင်းမအိမ်ကို ကိစ္စတစ်ခုနဲ့ သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ သူငယ်ချင်းရဲ့ အမေက ဘုရားအဆောင်ရှေ့မှာ ထိုင်ကာ ထူးဆန်းတဲ့ ရှိခိုးနည်းနဲ့ ရှိခိုးနေတာကို တွေ့ရပါတယ်။ ဒီလို ရှိခိုးတာကိုလဲ အခုမှမြင်ဖူးတဲ့အတွက် ထူးဆန်းနေသလိုပါပဲ။ ဒါကြောင့် စိတ်ထဲ မနေနိုင်တာနဲ့ ရှိခိုးနည်းအကြောင်းကိုမေးလိုက်ပါတယ်။ သူငယ်ချင်းရဲ့အမေက ဒီလိုရှိခိုးတာဟာ ဘုရားရှင်တို့ မုဒြာကန်တော့ နည်း ဖြစ်တယ် လို့ ဆိုပါတယ်။ မုဒြာရှိခိုးနည်းကို မြင်ရတဲ့အတိုင်း ပြောရရင် လက်နှစ်ဘက်ကို ဆန့်တန်းကာ ဟိုရမ်းဒီရမ်းနဲ့ သဘင်သည် ကနေသလိုမျိုးပါပဲဘုရား။ ပြီးတော့ ဘုရားရှင်တို့ကို အာရုံပြုပြီး အမူအရာအမျိုးမျိုးနဲ့ ကန်တော့ရတယ်လို့လဲ ရှိခိုးသူ အမျိုးသမီးကြီးက ပြောပြပါတယ်။
လောကမှ ဒီလိုရှိခိုးနည်းမျိုးလဲ ရှိသေးပါလား လို့ တွေးမိပါတယ်။ မုဒြာကန်တော့နည်းလို့ နာမည်ပေးထားတဲ့ ကန်တော့နည်း မျိုးဟာ မှန်ကန်သင့်လျော်မှု ရှိသလား လို့ တပည့်တော် သံသယ ဖြစ်မိပါတယ်ဘုရား။ ဒါကြောင့် ရှိခိုးမှုနဲ့ ပတ်သက်ပြီး တပည့်တော်အပါအ၀င် ဗုဒ္ဓဘာသာဝင်အားလုံး သေသေချာချာ ဂဃနဏ သိသင့်တယ်လို့ တပည့်တော်ထင်ပါတယ်ဘုရား” လို့ လျှောက်ထားလာပါတယ်။
သူနာပြုဆရာမလေး ပြောလိုက်တဲ့အခါကျမှ စာရေးသူတို့ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာသွားစဉ်က မြင်ဖူးခဲ့တဲ့ ရှိခိုးနည်းတစ်မျိုးကို သတိရမိတယ်။ အဲဒါကတော့ တိဗက်ဘုန်းကြီးများ ရှိခိုးကန်တော့တဲ့နည်းပါ။ မတ်တတ်ရပ်ကနေ မြေကြီးပေါ်မှာ ၀မ်းလျားမှောက်ပြီး လက်ကိုဆန့်တန်းထားပါတယ်။ မြေကြီးပေါ် ခန္ဓာကိုယ်ကို မှောက်လျက် ပြားပြားဝပ်လိုက် မတ်တတ်ပြန်ရပ်လိုက် ရှိုးခိုးနေတာကို မြင်ခဲ့ရပါတယ်။ ဒါဟာ သူတို့နည်းသူတို့ဟန်နဲ့ သူတို့ယုံကြည်ချက်အတိုင်း ရှိခိုးနေကြတာပါ။ ဥပမာလူတို့ပြောတဲ့ စကားများဟာ ဒေသတစ်ခုနဲ့တစ်ခု မတူ အပြောအဆိုအသုံးအနှုန်း ကွဲလွဲကြပါတယ်။ ထို့အတူပဲ တိဗက်နိုင်ငံက (မဟာယာန)တိဗက်တွေရဲ့ ရှိခိုးမှုဟာ တစ်မျိုးတစ်ဘာသာဖြစ်သလို မြန်မာနိုင်ငံ က ထေရ၀ါဒဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးမှုဟာလဲ တစ်မျိုး တစ်ဘာသာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ
က ထေရ၀ါဒဗုဒ္ဓဘာသာဝင်များ သတ်မှတ်ထားတဲ့ ရှိခိုးနည်းကို ဖေါ်ပြပေးဖို့ လိုအပ်တယ်လို့ထင်ပါတယ်။
ရှေးဦးစွာ ရှိခိုးခြင်း ဆိုတဲ့ ဝေါဟာရ ဖြစ်ပေါ်လာပုံကို ဗဟုသုတဖြစ်ဖွယ် ဖေါ်ပြပေးချင်တယ်။ စာချစ်သူများ သည်းခံဖတ်ပေး ကြပါ။
‘ရှိခိုး’ ဆိုတဲ့ ဝေါဟာရဟာ အိန္ဒိယ၊ သီဟိုဠ်က ရဟန်းတော်များဟာ ရှိခိုးဝတ်ပြုလာကြတဲ့ ဒါယကာ ဒါယကာမ လူငယ်လူရွယ် များကို သုခီဟောဟိ သုခိတော(တာ)ဟောဟိ သုခေါ ဟောဟိ စတဲ့ ပြန်လည် ဆုပေးလေ့ရှိခဲ့ပါတယ်။ သုခေါ ဟောဟိ ဆိုတဲ့ မြန်မာ အသံထွက်ကို အိန္ဒိယ သီဟိုဠ်အသံထွက်နဲ့ပြောရရင် “ဆုခို ဟိုဟိ (ရှုခို ဟိုဟိ) လို့ အသံထွက်ပါတယ်။
မွန်ပြည်နယ် သထုံခေတ်မှာ ဒီလို ဆုပေးတဲ့ဓလေ့တွေ ကူးစက်လာခဲ့ပါတယ်။ မွန်အသံထွက်မှာလဲ ဆုခို ဟိုဟိ လို့ပဲ အသံထွက်ခဲ့ပါတယ်။ နောက်တော့ ပုဂံသာသနာထွန်းကားချိန် နဲ့ သရေခေတ္တရာ သာသနာထွန်းကားချိန်တို့မှာ ရှိခိုးသူတဲ့သူများက အိန္ဒိယ သီဟိုဠ်ရဟန်းများရဲ့ ရှုခို ဟိုဟိ ဆိုတဲ့ ဆုပေးသံကို ကြားခဲ့ကြရပါတယ်။ ထိုခေတ်က ရှိခိုးဝတ်ပြုတာကို “ရှုခို ပြုခြင်း”လို့ ဝေါဟာရ ပြုခဲ့ကြပါတယ်။ အဲဒီကနေ ရှုခိုပြု ဆိုတဲ့ဝေါဟာရကို ပြောဆိုသုံးနှုန်းခဲ့ကြရာက ရှုခိုပြု ရှိခိုပြု ရှိခိုးပြု လို့ မြန်မာဝေါဟာရ သက်သက် ပေါ်ပေါက်လာခဲ့ဟန်တူပါတယ်။ ထိုဝေါဟာရပေါ်ပေါက်လာပုံနဲ့ပတ်သက်လို့ အခြားအကြောင်း များရှိသေးရင်လဲ ပညာရှင်များ ထုတ်ဖေါ်ရေးသားကြဖို့လဲ ပြောလိုပါတယ်။
တစ်ဖန် ရှိခိုးတာနဲ့ပတ်သက်လို့ ၁-ကာယဝန္ဒနာ ။ ၂-၀ါစာဝန္ဒနာ။ ၃-မနောဝန္ဒနာ ရယ်လို့ ရှိခိုင်းခြင်း သုံးပါးရှိပါတယ်။
၁။ ။နှုတ်ကမဆိုဘဲ လက်အုပ်ချီ ဦးညွတ်ဝတ်ချ ရှိခိုးတာကို ကာယဝန္ဒနာ လို့ခေါ်တယ်။
၂။ ။နှုတ်သက်သက်ဖြင့် ဗုဒ္ဓံ ၀န္ဒာမိ စတဲ့ ရွတ်ဆိုပြီး ရှိခိုးတာကို ၀ါစာဝန္ဒနာ လို့ခေါ်ပါတယ်။
၃။ ။ကိုယ်နှုတ်မပါ စိတ်နဲ့အာရုံပြု ရှိခိုးတာကို မနောဝန္ဒနာ လို့ခေါ်ပါတယ်။
အဲဒီသုံးအပါးအနက် ကိုယ်ဖြင့်ရှိခိုးရတဲ့ (ကာယဝန္ဒနာ)မှာ
(က) အဉ္ဇလီကမ္မ ဝန္ဒနာ ။ (ခ) ပဉ္စပတိဋ္ဌိ ဝန္ဒနာ။ (ဂ) အတိဂါရ ဝန္ဒနာ။ (ဃ) ထေရ ဝန္ဒနာ ရယ်လို့ လေးမျိုး ကွဲပြားပါတယ်။
အဉ္ဇလီကမ္မ ဝန္ဒနာ။ ။ ထိခြင်းကြီးငါးပါး (ပဉ္စပတိဋ္ဌိ ) နဲ့ ရှိခိုးပြုခွင့် မသာတဲ့အခါများမှာ လက်အုပ်ချီရုံမျှ ရှိခိုးခြင်းပါ။ အချို့ အချိန်နေရာတွေမှာ ရဟန်းတော်များကို ဖူးမြင်ရတဲ့အခါ ထိခြင်းငါးပါးနဲ့ ရှိခိုးဖို့ အခွင့်မသာဘဲ ဖြစ်တတ်တယ်။ ထိုအခါမျိုးမှာ လက်အုပ်ချီရုံ ချီပြီး ရှိခိုးတာကို အဉ္ဇလီကမ္မဝန္ဒနာ လို့ ခေါ်ပါတယ်။
ပဉ္ဗပတိဋ္ဌိ ဝန္ဒနာ။ ။ တည်ခြင်းကြီးငါးပါးဖြင့် ရှိခိုးတာကို ခေါ်ပါတယ်။ ဒါနဲ့စပ်လို့ ပဋိသမ္ဘိဒါမဂ်ဂဏ္ဍိပုဒ်မှာ ပြဆိုထားတဲ့ ရှိခိုးနည်းက တစ်တောင်ဆစ်နှစ်ဘက် အင်္ဂါနှစ်ချက်။ ဒူးဆစ်နှစ်ဘက်က အင်္ဂါ နှစ်ချက်။ ဦးခေါင်းအင်္ဂါတစ်ချက်ယူပြီး ထိုအင်္ဂါငါးချက်(ပဉ္စပတိဋ္ဌိတ)နဲ့ ရှိခိုးတယ်လို့ ဆိုပါတယ်။
တဖန် သီလက္ခန်ဆရာရဲ့ တည်ခြင်းငါးပါးယူပုံကတော့ (၁) ခြေဖျားတို့ မြေ(ကြမ်းပြင်)မှာ တည်ခြင်း။ (၂)ဒူးဆစ်တို့ မြေ(ကြမ်းပြင်)မှာ တည်ခြင်း။ (၃) တစ်တောင်ဆစ်တို့ မြေ(ကြမ်းပြင်)မှာ တည်ခြင်း။(၄)လက်ဖ၀ါးတို့ မြေ(ကြမ်းပြင်)မှာတည်းခြင်း။ (၅) နဖူးကို မြေ(ကြမ်းပြင်)မှာ တည်ခြင်း ဆိုပြီး တည်ခြင်းငါးပါး ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်စေ ရှိခိုးတဲ့နေရာမှာ ခြေ၊လက် ၊ နဖူး ၊တစ်တောင်၊ ဒူး ဆိုတဲ့ တည်(ထိ) ခြင်းငါးပါးဖြင့် ရှိခိုးကြတာပါ။ဒါကိုပဲ ပဉ္စပတိဋ္ဌိတ ဝန္ဒနာ လို့ခေါ်ပါတယ်။
အတိဂါရ ဝန္ဒနာ။ ။ အတိဂါရ ဝန္ဒနာဆိုတာက တည်(ထိ)ခြင်းကြီးငါးပါးနဲ့ ရှိခိုးပြီးတဲ့နောက် ခြေကိုဖက်ခြင်း၊ ပွတ်ခြင်း၊မျက်နှာနဲ့ အပ်ခြင်း၊ ခြေချောင်းတို့ကို နှုတ်ခမ်းနဲ့ ငုံစုပ်ခြင်း တို့ဖြင့် လွန်လွန်ကဲကဲ ရိုသေမြတ်နိုးတဲ့အမူအရာနဲ့ ရှိခိုးခြင်း ကို အတိဂါရ ဝန္ဒနာ လို့ ခေါ်ပါတယ်။ ထိုအတိဂါရ ဝန္ဒနာ နဲ့စပ်လို့ ဘုရားရှင်လက်ထက်က သာဝတ္ထိမြို့မှာ အလွန်မာနကြီးတဲ့ ပုဏ္ဏားတစ်ဦးရှိခဲ့ဖူးတယ်။ သူ့နာမည်က မာနတ္ထဒ္ဓ လို့ ခေါ်ပါတယ်။ သူဟာ အခြားခြားသော မိတ်ဆွေသူငယ်ချင်းများအပေါ်မှာ မာနကြီးရုံတင်မက ကိုယ့်ရဲ့ မိခင်ဖခင်တို့အပေါ်မှာတောင် မာနမချ။ ဒါကြောင့် မိဘများကိုလဲ ရှိမခိုး၊ ဆရာသမားကိုလဲ မရိုသေ၊ အစ်ကိုကြီး အစ်မကြီးများကိုလဲ မလေးစားဘဲ ရှိနေတယ်။ တစ်နေ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ပရိသတ်များကို တရားဟောတော်မူနေပါတယ်။ ထိုအခိုက် တရားပွဲရှိရာသို့ မာနတ္ထဒ္ဓ ပုဏ္ဏား ရောက်လာပါတယ်။
“ငါ့ကို ရဟန်းဂေါတမက စတင်ပြီးစကားပြောမှ ငါ စကားပြန်ပြောမယ်” လို့ စိတ်အကြံနဲ့ စကားမပြောဘဲ နေခဲ့ပါတယ်။ ဘုရားရှင်ကလဲ မာနနဲ့ ထိုင်နေတဲ့ ပုဏ္ဏားကို စကား လုံးဝ ပြောတော်မမူခဲ့ပါ။ ထိုအခါ ပုဏ္ဏားက “ရဟန်းဂေါတမဟာ ငါလို ဇာတ်မြင့်တဲ့သူက တရားနာလာတာတောင် နှုတ်ဆက် စကား ပြောခြင်းမရှိ၊ငါ့ရဲ့စိတ်အကြံကိုလဲ သိပုံမရပါဘူး၊ သိစရာအားလုံးကို သိတယ်ဆိုတာ ဟုတ်ဟန်မတူပါဘူးလေ” လို့တွေးပြီး ထပြန်ဖို့ ဟန်ပြင်ပါတော့တယ်။ အဲဒီအခါကျမှ ဘုရားရှင်က ပုဏ္ဏားရဲ့စိတ်အကြံကို သိတော်မူတဲ့အတွက် “အသင်ပုဏ္ဏား….မိမိအကျိုးလိုလားတဲ့သူများဟာ မာန်မာနထောင်နေလို့ ဘာအကျိုးထူးလာမှာလဲ၊ အကျိုးမရတဲ့ အပြင် အရှုံးသာအဖတ်တင်မှာပေါ့။ မိမိက အကျိုးလိုလားလို့ လာခဲ့တယ်ဆိုရင် ထိုအကျိုးတရားများ တိုးပွားအောင် ပြုလုပ်ဖို့လိုတာပေါ့” လို့ မိန့်တော်တော်မူလိုက်ပါတယ်။ ထိုအခါ ပုဏ္ဏားက “ငါ့ရဲ့စိတ်အကြံကို ဘုရားရှင် သိတော်မူနေပါလား” ဆိုပြီး စိတ်အားတက်ကြွ ဝမ်းသာကြည်ညိုမှုတွေ ဖြစ်ခဲ့ရပြီး၊ ဘုရားရှင်ရဲ့ ခြေတော်အစုံကို သူ့ရဲ့ဦးခေါင်းနဲ့ပွတ်တိုက်၊ ပါးစပ်နဲ့လဲ စုပ်ကာ လက်နဲ့လဲ ဆုပ်နယ်ပြီး ရှိခိုးနေပါတော့တယ်။ သူ့ရဲ့နှုတ်ကလဲ “တပည့်တော်ဟာ မာနတ္ထဒ္ဓ ဆိုသူပါဘုရား” လို့ အဖန်ဖန်အထပ်ထပ်ပြောဆို လျှောက်ထားလိုက် ပါတယ်။ ဒေသနာလာအကြောင်းအရာက မပြီးဆုံးသေး၊ ဆက်ရန်ရှိနေပေမဲ့ အတိဂါရ ဝန္ဒနာ ကိုပြလိုရင်းသာဖြစ်တဲ့အတွက် ဒီမျှလောက်ပဲ ဖေါ်ပြလိုက်ပါတယ်။
တဖန် အညာသိကောဏ္ဍညမထေရ်က ဘုရားရှင်အား ပရိနိဗ္ဗာန်စံဖို့အကြောင်း လျှောက်ထားပြီးတဲ့နောက် ရှိခိုးတဲ့အခါမှာလဲ လွန်ကဲပြီး ရိုသေလေးမြတ်ကြည်ညိုတဲ့စိတ်နဲ့ အတိဂါရ ဝန္ဒာ ဖြင့် ရှိခိုးခဲ့တာ ကိုတွေ့ရပါတယ်။
ထေရ ဝန္ဒနာ။ ။သီတင်း(သိက္ခာဝါ)ငယ်တဲ့ရဟန်းက မထေရ်ကြီးများအား ရှိခိုးတာကိုတော့ ထေရ ဝန္ဒနာ လို့ ခေါ်ပါတယ်။ ထိုရှိခိုးနည်းမှာ (စံပယ် လက်အုပ် ခြေဆုပ် ချစ်ခင် ရိုသေထင် ငါးအင်ရှိခိုးနည်း)ဆိုတဲ့ လင်္ကာနဲ့အညီ ရဟန်းငယ်များက သိက္ခာဝါကြီးသော ဆရာတော်ကြီးများကို ရှိခိုးတဲ့အခါ (၁)လက်ယာပုခုံးကိုသင်္ကန်းနဲ့ မခြုံရုံရ လက်ယာပုခုံးကို ဖေါ်ပြီး လက်ဝဲလက်ပေါ်မှာ လက်ကတော့ စံပယ်တင်ရုံရပါမယ်။ (၂) လက်အုပ်ချီရမယ်။ (၃) ရှိခိုးတဲ့အခါ ထေရ်ကြီးရဲ့ခြေကို လက်ဖြင့် ဆုပ်ကိုင်ရမယ်။(၄) ချစ်ခင်ကြည်ညိုခြင်းကို ဖြစ်စေရပါမယ်။ (၅) လေးစားမြတ်နိုးတဲ့ အမူအရာရှိရမယ်။ ထို အင်္ဂါငါးချက်နဲ့ ရဟန်းငယ်က မထေရ်ကြီးများကို ရှိခိုးခြင်းကို ထေရ ဝန္ဒနာ လို့ခေါ်ပါတယ်။ ဒီရှိခိုးနည်းများဟာ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များ ကျင့်သုံးတဲ့နည်းဖြစ်တယ်။
(မဟာသုတဒီပနီကျမ်း၊ ပထမတွဲ)
အချူပ်ပြောရရင်တော့ လက်ကို ကိုးရိုးကားရားလုပ်ပြီး ရှိခိုးတဲ့မုဒြာရှိခိုးနည်းဆိုတာတွေဟာ ဘုရားရှင် လက်ထက်ကလဲ မရှိသလို အခုလဲ မရှိ နောင်လဲ ရှိလိမ့်မယ်မဟုတ်ပါ။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များအတွက် ဖေါ်ပြခဲ့တဲ့ ရှိခိုးနည်းဟာ အမှန်ဆုံးဖြစ်တယ်ဆိုတာ တင်ပြပေးလိုက်ပါတယ်။
Categories:
ဘာသာရေး,
ရှိခိုးပူဇော်ခြင်း,
အယူမှားများ