HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်


ဗိုလ်ချုပ်အောင်ဆန်းနည်းတူ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ကို စွန့်လွှတ်စတေးသွားကြသည့် အာဇာနည်ပုဂ္ဂိုလ်ထူးများထဲတွင် ဆရာတော် အသျှင် ဦးဝိစာရ ကိုယ်တော်လည်း ပါဝင်လေသည်။ ဆရာတော်သည် မြန်မာနိုင်ငံတွင် စစ်ကြိုခေတ် အမျိုးသားလွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့စဉ်က ကိုလိုနီနယ်ချဲ့တိုက်ပွဲတွင် အဖိနှိပ်အချုပ်ချယ်ခံဘဝနှင့် ထောင်အတွင်း ရက်ပေါင်း (၁၆၆) ရက် အစာအငတ်ခံကာ ပြည်သူလူထုအား နယ်ချဲ့ ကျွန်သဘောက်ဘဝမှ လွတ်မြောက်ရေးအတွက် အသက်အသေခံကာ တိုက်ပွဲဝင်သွားခဲ့သည်။

● ဆရာတော်ဦးဝိစာရ၏ ငယ်စဉ်ဘဝ


ရှေးမြန်မာဘုရင်ဧကရာဇ်မင်းတို့ လက်ထက်အခါက ထီးဆောင်း၊ နန်းရန်အဖြစ် တည်ထောင်ခဲ့သော ဥဇ္စေနီပြည် နောင်အခါတွင် သလ္လာဝတီပြည်ကို အစွဲပြု၍ သလ္လာဝတီမည်သော ချင်းတွင်းမြစ်ကမ်းခြေတွင် အစဉ်အဆက် မြို့စားရွာစားခန့်၍ အုပ်ချုပ်ခဲ့သော၊ မုံရွာခရိုင်၊ ချောင်းဦးမြို့အပိုင် (ယခင် အမြင့်မြို့အပိုင်) အမြင့် တောင်ဘက်၊ အနိမ့်ကိုးရွာအပါအဝင်ဖြစ်သော ကမ်းနိမ့်ရွာတွင် ဥပကာဂုဏ်နှင့် ကုံလုံပြည့်စုံသော ခမည်းတော် ကျောင်းဒါယိကာကြီး ဦးပြား၊ မယ်တော် ကျောင်းအမကြီး ဒေါ်ဇလပ်တို့မှ မြန်မာသက္ကရာဇ် (၁၂၅၀) ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၁၀) ရက် (ခရစ် ၁၈၈၉ ခုနှစ် ဧပြီလ ၂၄ ရက်) ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်ခဲ့သည်။
ဦးဝိစာရလောင်းလျာမှာ မွေးချင်းသုံးဦးအနက် ဒုတိယမြောက်သား ဖြစ်သည်။ မွေးချင်းသုံးယောက်မှာ
၁။ မဖွားသိုက်
၂။ မောင်လှကျော်
၃။ မောင်သာပုံ တို့ဖြစ်သည်။
ဦးဝိစာရလောင်းလျာ မောင်လှကျော်အား ငယ်စဉ်က အင်းနားရွာ ဆရာတော် အသျှင်စန္ဒီမာ ကျောင်းတွင် ပညာသင်ရန် အပ်နှံထားသည်။ (၁၂) နှစ်သားအရွယ်တွင် ဗုဒ္ဓဘာသာထုံးစံအတိုင်း ရှင်ပြု၍ သာမဏေဝတ်ခဲ့သည်။ ဘွဲ့တော်မှာ ဗုဒ္ဓဟူးသားဖြစ်၍ သျှင်ဝိစာရ ဖြစ်သည်။
မောင်လှကျော်ခေါ် သျှင်ဝိစာရသည် ငယ်စဉ်ကပင် အခြားကလေးများနှင့်မတူ တစ်မူကွဲပြားသည်။ သူ့တွင်ပါလာသော ဗီဇမှာ မဟုတ်မခံချင်စိတ်ရှိသည်။ မတရားမှုကို မနှစ်သက်သည့် ဗီဇပါလာသူလေးဖြစ်သည်။ သူ့ထက်ငယ်သူ အားနွဲ့သူများကို ထောက်ထားငဲ့ညှာ တတ်သောဗီဇ သူ့တွင်ပါသည်။ ကြီးနိုင်ငယ်ညှဉ်းသော အပြုအမူများကို သူအလွန်မုန်းတီးစက်ဆုပ်သည်။ သူ့စိတ်တွင် ဘာမဆို သူများထက်သာလိုသောစိတ်အမြဲရှိသည်။ ဇွတ်ဇွဲကြီး၍ ဇွတ်တရွတ်လဲနိုင်လှသည်ဟု ဆိုကြသည်။
သျှင်ဦးဝိစာရမှာ လက်ရေးလက်သားလှသည်။ ဥာဏ်ကောင်း၍ ပညာလိုလားသူလည်းဖြစ်သည်။ သွက်လက် ချက်ချာသည်။ လက်ရေးလက်သားကောင်းသူများမှာ စိတ်ရှည်ရှည်ထားတတ်သူများဖြစ်တတ်ကြသည်။ ယင်းအချက်များ ကြောင့်ပင် ဆရာတော်ဦးစန္ဒီမာသည် သျှင်ဦးဝိစာရအား အချစ်ပိုခဲ့သည်။
သို့နှင့် သာမဏေအဖြစ် (၄)ဝါအထိနေခဲ့ပြီးနောက် ရှင်လိင်ပြန်ကာ မိဘများနှင့် အတူနေထိုင်ခဲ့သည်။ ရှင်လူထွက်ပြီးနောက် မောင်လှကျော်သည် လူပျိုပေါက်အရွယ်သို့ ရောက်လာသဖြင့် ရပ်ရွာကိစ္စရပ်များကို တတ်အားသရွေ့ဆောင်ရွက်ခဲ့သည်။ သူသည်မည်သူ့ကိုမဆို ကူညီရိုင်းပင်းတတ်သည်။ လုပ်အားပေးစရာရှိလျှင် စိတ်ရော ကိုယ်ပါ ကိုယ်ဖိရင်ဖိ လုပ်ကိုင်ပေးတတ်သောကြောင့် လူချစ်လူခင် ပေါများသည်။ အပေါင်းအသင်းကျယ်ပြန့်သည်။ လူသိများသောကြောင့် ထိုစဉ်က သူ့ရပ်ရွာတွင် ကာလသားခေါင်း (လူငယ်ခေါင်းဆောင်)ဖြစ်လာခဲ့သည်။ ကာလသားခေါင်း မောင်လှကျော်ဆိုလျှင် မသိရှားလှသည်။
ထို့နောက် အသက်(၁၈)နှစ်အရွယ်တွင် မိဘများက မောင်လှကျော်အား ကမ်းနိမ့်ရွာမြောက်ဘက်ရှိ ရွှေလေရွာမှ ဦးရွှေမှော်၊ ဒေါ်မယ်ပေါတို့၏ သမီးမယ်ဥာဏ်နှင့် နှစ်ဘက် မိဘများ၏ သဘောတူညီချက်အရ လက်ထပ်ထိမ်းမြား ပေးခဲ့သည်။ မယ်ဥာဏ်နှင့် သမီးတစ်ယောက်ထွန်းကားခဲ့သည်။ အမည်မှာ မဖွားရန် ဖြစ်သည်။
သို့သော် သမီးမဖွားရန် ဖွားမြင်ပြီနောက် (၃)လခန့်အကြာတွင် ယောက္ခမတို့၏ နိုင်ထက်စီးနင်း နှိမ့်ချပြောဆို ဆက်ဆံမှုကို မခံမရပ်နိုင်သဖြင့် အိမ်ထောင်ရေးပဋိပက္ခဖြစ်ပွားရာ ဇနီးသည် မမယ်ဥာဏ်အား တစ်သီးတစ်ခြား အိုးအိမ်ခွဲနေကြရန် ခေါ်ဆိုသော်လည်း ဇနီးသည် သည်မိဘများနှင့်မခွဲနိုင်ဟု ငြင်းဆန်သောကြောင့် ယောက္ခမအိမ်မှ ဆင်းခဲ့လေသည်။ ရပ်ရွာလူကြီး မိဘများက ပြန်လည် စေ့စပ်ပြန်ဖြေပေးသော်လည်း စိတ်ကြီးသူပီပီလက်မခံ ငြင်းပယ်ခဲ့လေသည်။ ပထမအိမ်ထောင် မမယ်ဥာဏ်နှင့် ပြန်လည်ပေါင်းသင်းခြင်း လုံးဝမပြုသော်လည်း ဇနီးနှင့် သမီးငယ်အား အဝေးမှ ယောက္ခမများ မသိအောင် တိတ်တဆိတ်တတ်အားသမျှ ထောက်ပံ့ကူညီခဲ့သေးသည် ဆို၏။
ထို့နောက် မောင်လှကျော်သည် ၎င်း၏ဆန္ဒအလျောက် တစ်ရွာတည်းနေသူ မသေးမြှင်နှင့် ဒုတိယအကြိမ် အိမ်ထောင်သစ်ထူ၍ ပေါင်းသင်းခဲ့ရာ ဒုတိယဇနီး မသေးမြှင်နှင့် ဒုတိယသမီးမနွယ်ကို ထပ်မံရရှိခဲ့ပြန်သည်။
 
● ရဟန်းဘဝသို့ပြန်ဝင်

ကိုလှကျော်သည် အိမ်ထောင်နှစ်ဆက်ဖြင့် လူ့ဇာတ်ခုံတွင်လောကဓံတရားအဖုံဖုံကို တွေ့ကြုံခဲ့ရသည်။ လောကုတ္တရာအခြေခံ ရှိသူတစ်ယောက်ဖြစ်၍ စိတ်သက်သာရာသက်သာကြောင်းအဖြစ်ဖြင့် ဆားလင်းကြီးမြို့ တင့်တောင်း တောရကျောင်းတွင် (၃) လကြာမျှ အေးချမ်းစွာ အဓိဋ္ဌာန်ဥပုသ်ရက်ရှည် စောင့်ထိန်းဆောက်တည်၍ ဘာဝနာပွားများ အားထုတ်နေစဉ် ကြီးစွာသော သတိသံဝေဂဖြစ်ကာ လူ့လောက လူ့ဘဝကြီးကို ငြီးငွေ့လျက် ရဟန်းဘောင်သို့ ဝင်လိုသော စိတ်ဆန္ဒပြင်းပြင်းထန်ထန် ဖြစ်ပေါ်ခဲ့လေသည်။ သို့ဖြင့် မိဘနှင့် ဇနီးသည်အား ခွင့်တောင်းခံပန်ကြားကာ အသက် (၂၃) နှစ်အရွယ်တွင် ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့သည်။ ကိုလှကျော်၏ ဥပဇ္ဈယ် ဆရာတော်မှာ ဘွဲ့တော်မှ သာမဏေဘဝကဘွဲ့အတိုင်း ဦးဝိစာရပင် ဖြစ်သည်။
ဦးဝိစာရသည် ရဟန်းဘဝသို့ ရောက်ပြီး နောက် မန်ကျည်းပုတ်ရွာ ဆရာတော် ဦးရာဇိန်ထံတွင် ရှေးဦးစွာ သဒ္ဒါကျမ်း ကျွတ်လွတ်ပြီးမြောက်အောင် သင်ယူခဲ့လေသည်။ ထိုမှတဆင့် ပျဉ်းမနားကံဦးတိုက်ဆရာတော် ဦးကုသလ္လ၏ ခြေတော်ရင်းတွင် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ စသော ပိဋကတ်ကျမ်းဂန်တို့ကို ကုန်စင်အောင် သင်ယူတော်မူသည်။ ထို့နောက် ချောင်းဦးမြို့ ပထမရွေတောင် ဆရာတော် ဘုရားထံ၌ နှစ်ဝါတိုင်တိုင် ဝိနည်းသိက္ခာတော်များကို ထူးထူးကဲကဲ ထပ်မံသင်အံလိုက်နာခဲ့ပြန်သည်။ ထို့နောက်တွင်မှ မန္တလေးမြို့ ရွှေရင်းဆောင်တိုက် ဆရာတော်ဘုရားထံတော်တွင် လည်းကောင်း၊ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် ဆရာတော်ဘုရားထံတွင်လည်းကောင်း၊ ဆက်လက်၍ လောကုတ္တရာစာပေများကို လေ့လာလိုက်စားရင်း တစ်ဘက်မှ စာသင်သားသံဃာတို့အား စာပေပိဋကတ်များကို ပို့ချသင်ကြားပေးခဲ့လေသည်။

● အမျိုးသားစိတ် သန္ဓေတည်

ယင်းသို့ မန္တလေးရွှေရင်ဆောင်တိုက်တွင် သီတင်းသုံးနေခိုက် (၁၂၈၀) ပြည့်နှစ်တွင် သာသနာ့ဆူးငြောင့် ခလုတ်ဖြစ်သော အန္တရာယ်များကို ကိုယ်တော်တိုင် ကြုံတွေ့ရင်ဆိုင်ခဲ့ရသဖြင့် ဦးဝိစာရ ကိုယ်တော်အား အမျိုးသား စိတ်ဓာတ်ရင့်သန်ပွားများစေသော အရေးအခင်းကြီးတစ်ခု ပေါ်ပေါက်ခဲ့လေသည်။
နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လဆန်း (၁၁)ရက်နေ့မှ (၁၃)ရက်နေ့တိုင်းကျင်းပမြဲဖြစ်သော မန္တလေးမြို့ အိမ်တော်ရာ ဘုရားပွဲကြီးသည် လေးပြင်လေးရပ်မှ ရဟန်းရှင်လူ ပြည်သူပရိသတ်များ အထူးစည်ကားသော ရှေးဟောင်းတန်ခိုးကြီးစေတီတော်တစ်ဆူဖြစ်သည်။ အိမ်တော်ရာ ဘုရားပွဲတော်ရက်အတွင်း တစ်ညတွင် အင်္ဂလိပ်မျက်နှာဖြူ မန္တလေးရာဇဝတ်ဝန်မစ္စတာစတီးဝပ်ဆိုသူသည်နောက်လိုက်နောက်ပါ ပုလိပ်များခြံရံလျက် ဘုရားရင်ပြင်ပေါ်သို့ ဖိနပ်ခြေနင်းများစီး၍ တက်ရောက်ခဲ့ရာမှ လှုပ်ရှားဆူပွက်ကာ အရေးအခင်းဖြစ်ပွားခဲ့ရသည်။
ထိုအချိန်မှစ၍ ဦးဝိစာရကိုယ်တော်သည် သာသနာတော်၏ အန္တရာယ်အသွယ်သွယ်ကို ရှင်းလင်းသုတ်သင် နိုင်ရေးအတွက် အမျိုးသားစိတ်ဓာတ်ဖြင့် နိုင်ငံရေးကိစ္စများတွင် စိတ်ဝင်စားလာခဲ့လေသည်။ ထို့နောက် ဦးဝိစာရသည် ၁၈၂၈ ခုနှစ်လောက်တွင် ပခုက္ကူမှနေ၍ သံဃသမဂ္ဂသို့ ဝင်ရောက်ခဲ့သည်။ အဖွဲ့သို့ဝင်ရောက်ပြီး မလှိုင်၊ ပန်းအိုင်နယ်တွင် အစိုးရတို့က အစိုးရတို့က မြေသမာဓိကြေးအခွန်တော်သစ်ကို မတရားသဖြင့် စတင်စီးကြပ် ကောက်ခံခြင်းပြုလာသဖြင့် အခွန်တော်ကောက်ခံမှုနှင့် ပတ်သက်သော နိုင်ငံရေးတရားများကို ရဲရဲတောက်ဟောပြောမှုကြောင့် ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က)၊ ၁၀၈ အရ ဦးဝိစာရနှင့် ဦးပုညကိုယ်တော်နှစ်ပါးအား ထောင်ဒဏ် (၆)လစီ အပြစ်ပေးခံရသည်။
(၁၂၈၅) ခုနှစ်ဆန်းတွင် ဦးဝိစာရသည် ပခုက္ကူမြို့ထက် နိုင်ငံရေးထိရောက်စွာ လုပ်ကိုင်နိုင်မည့် ရန်ကုန်မြို့သို့ ကြွရောက်ပြီး ကြည့်မြင်တိုင် ဝဠုဝန်တိုက်တွင် သီတင်းသုံးနေထိုင်တော်မူသည်။ ထိုကျောင်းတွင် စာသင်သား တပည့်သံဃာတို့အား စာပေပို့ချရင်း တစ်ဖက်မှ သံဃသာမဂ္ဂီအဖွဲ့ကြီး၏ လုပ်ငန်းတာဝန်များကို ထက်သန်တက်ကြွစွာ ပါဝင်ဆောင်ရွက်နေတော်မူသည်။ ထိုစဉ် ဆရာတော် ဦးဥတ္တမကိုယ်တော်ကြီးသည် ဦးဝိစာရ၏ သွက်လက်ချက်ချာသော ဥပဓိရုပ်ကို လည်းကောင်း၊ ထက်မြက်သော စိတ်ဓာတ်ကိုလည်းကောင်း၊ ပရိသတ် ဆွဲဆောင်သိမ်းသွင်းနိုင် စွမ်းရည်ရှိသည့်အဟောအပြောကို နှစ်သက်တော်မူသဖြင့် နီးနီးကပ်ကပ် နိုင်ငံရေးအသိပညာပေး၍ လေ့ကျင့် ပျိုးထောင်ပေးရန် အာသီသရှိတော်မူလေသည်။ သိုဖြင့် ဦးဥတ္တမကိုယ်တော်ကြီးသည် ဦးဝိစာရကို ခေါ်၍ ကျိုက္ခမီ၊ ရေး၊ မြိတ်၊ ထားဝယ်၊ တနင်္သာရီနယ်တို့ ဆား(ချက်)ခွန်မတရားစီးကြပ် ကောက်ခံနေမှုအတွက် ဝံသာနုတရား လှည့်လည်ဟောပြောရန် အတူတကွ ပထမဆုံးအကြိမ် ကြွရောက်တော်မူလေသည်။ ထို့နောက်ပိုင်းတွင်ကား ဦးဝိစာရအား လက်ရုံးသဖွယ် အားထားတော်မူသည့်အလျောက် အတူတကွတွဲဖက်၍ ဟောပြောရန် ခေါ်ဆောင် သွားလေ့ရှိသည်။
ထိုအခါက သံဃသာမဂ္ဂီအဖွဲ့ချုပ်ကြီးမှ နိုင်ငံရေး ဓမ္မကထိက ကိုယ်တော်များ တရားဟောပြောရတွင် စနစ်တကျဖြစ်စေရန် လမ်းညွှန်အဖြစ် “လောကီနိဗ္ဗာန် သစ္စာလေးပါးတရားတော်” ကိုရေးသား၍ ဝေငှခဲ့ကြလေသည်။
ဦးဝိစာရသည် သံဃအဖွဲ့ချုပ်ကြီး၏ လက်မှတ်ရ ဓမ္မကထိကပုဂ္ဂိုလ်ကျော် အပါး (၂၀၀) တို့အနက် တစ်ပါးအပါအဝင်ဖြစ်သဖြင့်၊ ဝံသာနုအစည်းအဝေးပွဲများတွင်လည်းကောင်း၊ နိုင်ငံရေးတရားပွဲများတွင်လည်းကောင်း၊ စိတ်ဓာတ်တက်ကြွလာအောင် စိတ်ရောကိုယ်ပါ မကြောက်မရွံ့ ဟောပြောလေ့ရှိသည်။ ထို့ကြောင့်လည်း တရားနာ ပရိသတ်များက ကြိုက်နှစ်သက်ကြခြင်းဖြစ်လေသည်။
ထို့နောက် ဦးဝိစာရသည် ဆရာတော်ဦးဥတ္တမ၏ ဆက်သွယ်မှုကြောင့် (၁၂၈၆) ခု၊ (၁၉၂၂ ခုနှစ်)တွင် အိန္ဒိယပြည်၊ ဗုဒ္ဓဂါယာမြို့၌ ကျင်းပမည့် ပြည်လုံးကျွတ်ကွန်ဂရက်အသင်းကြီး၏ ညီလာခံကို တက်ရောက်ရန်  ထွက်ခွာသွားခဲ့သည်။ ထိုမှတဆင့် ကာလက္ကတားမြို့သို့ ကြွရောက်သီတင်းသုံးနေထိုင်ပြီး ပါဠိ၊ သက္ကဋ၊ ဟိန္ဒီ၊ စာပေများကို လေ့လာဆည်းပူးခဲ့သည်။ နိုင်ငံရေးဗဟုသုတများကိုလည်း ရှာမှီးလေ့လာခဲ့သည်။ ဤသို့ဖြင့် နှစ်ဝါတိုင်တိုင် အိန္ဒိယပြည်၌ သီတင်းသုံးနေထိုင်ခဲ့ပြီးနောက်စစ်တကောင်းမှတဆင့် ရခိုင်ပြည်သို့လှည့်လည်တရားဟောပြော၍ မြန်မာပြည်သို့ ပြန်လည် ကြွရောက်ခဲ့လေသည်။
ဆရာတော်ဦးဝိစာရသည် မြန်မာပြည်သို့ ပြန်ကြွလာပြီး အနယ်နယ်အရပ်ရပ်သို့ မနားမနေ လှည့်လည်လျက် ဝံသာနုတရားများကို မနားမနေဟောပြောခဲ့သည်။ သို့ကလို အရေးပါသော နိုင်ငံရေးခေါင်းဆောင် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသောအခါ ဆရာတော်ဦးဝိစာရအား အင်္ဂလိပ်အစိုးရက မြန်မာပြည်နိုင်ငံရေး(လူဆိုး) စာရင်းဝင်နံပါတ် (၄၄) အဖြစ်ဖြင့် မှတ်တမ်းတင်ထားခြင်းခံရသည်။
စုံထောက်မှတ်တမ်းတွင် ဦးဝိစာရ၏ ဥပဓိရုပ်နှင့် ကိုယ်ရေးအချက်အလက်များကို ဤသို့ မှတ်တမ်း တင်ထားသည်။ “မုံရွာ၊ ဦးဝိစာရ၊ အဖဦးပြား၊ အမိဒေါ်ဇလပ်၊ အရပ် (၅)လေ (၈)လက်မခန့် မြင့်သည်။ နဖူးကျယ်သည်။ မျက်ခုံးသာမန်ဖြစ်သည်။ သို့သော် မျက်လုံးကြည်လင်ကောင်းမွနသည်။ နှာတံပေါ်၍ ပါးစပ်ကျယ်သည်။ သွားများ ညီညာသော်လည်း ကွမ်းသားလွန်း၍ ညိုညစ်နေသည်။ လက်ချောင်းကလေးများ သွေးသွယ်သည်။ အသားညို၍ မုတ်ဆိတ် ကျင်စွယ်မရှိ။ ကိုယ်တွင်ထင်ရှားသော အမှတ်အသားမှာ မတ်စေ့ခန့်အရွယ်ရှိ အမာရွတ်တစ်ခု လက်ျာလက်မောင်း တွင်ရှိသည်။ စကားပြောလျှင် မျက်မှောင်ကုတ်၍ ကျယ်ကျယ်ပြောတတ်သည်။ အသံကြည်လင် စူးရှသည်။ ထိုမျှမကသေး။ ဦးဝိစာရကိုယ်တော်၏ (ရှေ့၊ နောက်၊ ဘေး) အနေအထားအမျိုးမျိုးကိုလည်း ဓာတ်ပုံများ ရိုက်ယူထားသည်။”
အသျှင်ဦးဝိစာရသည် တရားဟောပြောရာတွင် ရဲရင့်ပြောင်မြောက်သည်။ ပွင့်လင်းပြတ်သားသည်။ အသံသြဇာနှင့်လည်း ပြည့်စုံသည်။ တရားနာပရိသတ်၏ အာရုံကို သိမ်းကြုံဆွဲဆောင်နိုင်သည်။ ထို့ပြင် နှစ်လိုကြည်ညိုဖွယ်ရာ ရဟန်းတော်တို့၏ ဣနြေ္ဒိသိက္ခာတော်နှင့် ပြည့်စုံညီညွတ်၍ တည်ငြိမ်သိမ်မွေ့စွာ နေထိုင်တတ်သဖြင့် တကာ၊ တကာမများ၏ ကြည်ညိုလေးစားခြင်းကို အထူးခံယူ ရရှိလေသည်။ ထို့ကြောင့် အသျှင်ဦးဝိစာရကိုယ်တော်အား ဝံသာနုနှစ်ပတ်လည် အစည်းအဝေးများသို့လည်းကောင်း၊ ပရိယတ္တိ စာပြန်ပွဲများ သို့လည်းကောင်း၊ တရာဟောပြောရန် ပင့်ဖိတ်သူပေါများလှသောကြောင့် တရားပွဲများ တိုက်ဆိုင်နေသဖြင့် အသျှင်ဦးဝိစာရ ကြွရောက်နိုင်မည့်နေရက်များကို ရှေးဦးစွာ ကြိုတင်လျှောက်ထား တောင်းယူပြီးမှ နေ့ရက်အစီအစဉ်များ ပြုလုပ်ကြရလေသည်။
ဤသို့ဖြင့် အသျှင်ဦးဝိစာရသည် အနယ်နယ်အရပ်ရပ်သို့ ဝါတွင်းသုံးလမှအပ မရပ်မနား ကြွရောက်၍ တရားဟောပြောရသည်။ တရားဟောပြောထွက်တိုင်း ပုလိပ်စုံထောက်တို့ကလည်း မျက်ခြေပြတ်ခံသည်မရှိ။ အမြဲတစေ နောက်မှ တကောက်ကောက် လိုက်ကြသည်။ ထို့နောက် (၁၂၈၈) ခု၊ သီတင်းကျွတ်လပြည့်ကျော် (၁) ရက်၊ (၁၉၂၆) ခုနှစ်၊ အောက်တိုဘာလ၊ (၂၂) ရက်နေ့၌ လက်ပံတန်းမြို့နယ်၊ သာရဝေါ တိုက်နယ်ဓနော်ညောင်းကုန်းရွာတွင် တိုက်နယ်ခံ ဝံသာနုအသင်းများအစည်းအဝေးကျင်းပရန်တော်သလင်းလအတွင်းမှ စ၍ ဓမ္မကထိက ဆရာတော်အသျှင်ဦးဝိစာရအား ကြိုတင်ပင့်ဖိတ်ထားပြီးဖြစ်သည်။ ဤသို့ စီစဉ်ပြီးချိန်တွင် သာယာဝတီ ဒိစကြိတ်အရေးပိုင်က အိန္ဒိယ ရာဇသတ် ဥပဒေပုဒ်မ (၁၄၄)အရ သာယာဝတီ စီရင်စု နယ်မြေအတွင်းတွင် သီတင်းကျွတ်လဆန်း (၁) ရက်နေ့မှ အစပြု၍ တန်ဆောင်မုန်းလကုန်အထိ “လူစုဝေးခြင်း၊ အစည်းအဝေးများကျင်းပခြင်း၊ လုံးဝမလုပ်ရ” ဟု အချိန်ကာလ (၂)လ တိတိသတ်မှတ်၍ အမိန့်ဆင့်ဆို တားမြစ်ခဲ့လေသည်။
ဤသို့ အနှောက်အယှက် အဟန့်အတားပြုလာသည့်ကိစ္စနှင့် ပတ်သက်၍ ကြိုတင်စီစဉ်ထားပြီးဖြစ်သော အစည်းအဝေးကို ရက်ရွှေ့ရေး မရွှေ့ရေး ပြဿနာပေါ်လာသဖြင့် လက်ပံတန်းမြို့ဦးကွာပိန္တဓိပတိ ကျောင်းတွင် သီတင်းသုံးဝါဆိုနေသော အသျှင်ဦးဝိစာရထံ လာလျှောက်ထားသည့်အခါ အသျှင်ဦးဝိစာရက “ကိုယ့်အလုပ် ကိုယ်လုပ်ကြတာ၊ ခွေးဟောင်တိုင်း ထ,ကြည့်နေလို့ဖြစ်ပါ့မလား” ဟု မိန့်ကြားလိုက်သောကြောင့် အစည်အဝေးကို ရက်မရွှေ့ဆိုင်းတော့ဘဲ စီစဉ်ထားသည့်အတိုင်းကျင်းပရန် စီစဉ်လိုက်ကြတော့သည်။ ထို့ထက်တစ်ဆင့်တိုး၍ပင် ဓနော်ညောင်ကုန်း အစည်းအဝေး၌ အသျှင်ဦးဝိစာရ ကိုယ်တော်တိုင် ကြွရောက်၍ ရဲရဲတောက် တရားဟောမည့်အကြောင်း ဖိတ်စာများ ထပ်မံရိုက်နှိပ်၍ အနှံ့အပြား ဝေငှလိုက်သည်။
သို့ဖြင့် သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ အစည်းအဝေးစတင်တော့မည့်ဆဲဆဲ ဆွမ်းစားချိန်တွင် ဓနော်ညောင်ကုန်းရွာသို့ ပုလိပ်အရာရှိတစ်စု ရောက်ရှိလာပြီး အသျှင်ဦးဝိစာရလက်သို့ အောက်ပါအမိန့်စာကို ပေးအပ်လေသည်။

● ရာဇဝတ်ကျင့်ထုံး ပုဒ်မ (၁၄၄) အရ  အဆောတလျှင်အမိန့်
လက်ပံတန်းမြို့၊ ဘုန်းကြီး (မုံရွာ) ဦးဝိစာရသိစေရန် ဆင့်ဆိုလိုက်သည်မှာ “မောင်မင်းနှင့်တကွ” ဝံသာနုအသင်းသူအသင်းသားများနှင့် သံဃသာမဂ္ဂီဘုန်းကြီးအချို့သည် လက်ပံတန်းမြို့နယ်၊ သာရဝေါတိုက်နယ်အပိုင်၊ ဓနော်ညောင်ကုန်းရွာတွင် ဖြစ်စေ၊ အခြားကျေးရွာဒေသ၌ဖြစ်စေ၊ အသင်းစည်းဝေး စုရုံးခြင်းပြုပြီး အစိုးရမင်းတို့အား အကြည်ညိုပျက်အောင် အမုန်းထား၍၎င်း၊ တရားဟောပြော လှုံ့ဆော်ခြင်းပြုလိမ့်မည်ဟု ကျွန်ုပ်ယုံကြည်သဖြင့်၊ တိုင်းပြည်မြို့ရွာ ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်ပျက်စီးစေမည့် အရပ်ရပ်အန္တရာယ်တို့မှ ကာကွယ်စောင့်ရှောက်ရန်အလို့ငှာ ကျွန်ုပ်၏တာဝန် ဝတ္တရားနှင့်အညီ ရာဇဝတ်ကျင့်ထုံး ပုဒ်မ (၁၄၄) အရ၊ မောင်မင်းနှင့်တကွ ဝံသာနုအသင်းသူ အသင်းသားများနှင့် သံဃသာမဂ္ဂီဘုန်းကြီးအားလုံး လူစုလူဝေးပြုခြင်း၊ တရားဟောခြင်း မပြုလုပ်ရ။ ၎င်းအပြင် လက်ပံတန်းမြို့နယ်အတွင်း အစည်းအဝေးပြုလုပ်သောအသင်း တစ်စုံတစ်ရာ၌ “မောင်မင်းပါဝင်” တက်ရောက်ခြင်း မရှိစေရ။ ဤအမိန့်သည် ဆင့်ဆိုသည့်အတိုင်း ယနေ့မှ (၂)လ တည်စေရမည့်အကြောင်း ကျွန်ုပ်၏ ရုံးတော်တံဆိပ် ခပ်နှိပ်ဆင့်ဆိုလိုက်သည်။
နယ်ပိုင်ဝန်ထောက်မင်း
ပထမတန်း ရာဇဝတ်တရားသူကြီးမင်း
သာယာဝတီမြို့။
ရက်စွဲ။ ၂၁-၁၀-၂၆
အသျှင်ဦးဝိစာရသည် အဆိုပါပုဒ်မ (၁၄၄)အမိန့်စာတွင် သာသနာ့ဝန်ထမ်း ရဟန်းတော်တို့အား သာမန်လူပုဂ္ဂိုလ်များက မသုံးစွဲထိုက်သော “မောင်မင်းနာခံရမည်” ဟူသော အလွန်တရာ ရိုင်းစိုင်းစော်ကားရာရောက်သည့် အသုံးအနှုန်း ဝေါဟာရမျိုးကို မသုံးစွဲရန်ရှေးကပင် သံဃသာမဂ္ဂီအဖွဲ့ဝင်များက အကြိမ်ကြိမ်စည်းဝေးဆုံးဖြတ်၍ ကန့်ကွက်ခဲ့ဖူးသော်လည်း အစိုးရတို့က လုံးဝဂရုမပြုဘဲ ထပ်ခါထပ်ခါတိုး၍ပင် ထိပါးစော်ကားနေပြန်သဖြင့် ဓနော်ညောင်ကုန်းတရားပွဲတွင် အစိုးရတို့ တားမြစ်ပိတ်ပင်မှုကို လုံးဝ အလေးမပြုဘဲ ကိုယ်တိုင်မဆိုင်းမတွ ကန့်ကွက်တိုက်ဖျက်သည့်အနေဖြင့် ထုတ်ပြန်ထားသောပုဒ်မ (၁၄၄) အမိန့်ကို ဖီဆန်ကာ စီစဉ်ထားသည့်အတိုင်း အစည်းအဝေးကို ကျင်းပစေခဲ့သည်။ သို့ဖြင့်အစည်းအဝေးကို နေ့လည် (၁)နာရီအချိန်တွင် ကြွရောက်လာသော အသင်းသူအသင်းသား (၈၀၀) ကျော်ခန့်တို့သည် ရှေးဦးစွာ ငါးပါးသီလ ခံယူကြပြီးနောက် ထိုနေ့ညဦးပိုင်းတွင် အသျှင်ဦးဝိစာရ၏ တရားပွဲကို စည်စည်ကားကား ကျင်းပကြသည်။
အသျှင်ဦးဝိစာရသည် သာရဝေါတိုက်နယ်ဓနော်ညောင်ကုန်းရွာ၌ ပုဒ်မ (၁၄၄) အရ တရားမဟောပြောရဟု တားမြစ်ထားသည့်အမိန့်ကို ဤသို့ ပထမအကြိမ် အာဏာဖီဆန် ဟောပြောပြီးနောက် (၁၂၈၈)ခု၊ သီတင်းကျွတ်လဆုတ် (၇)ရက်နေ့၊ (၂၈-၁၀-၂၆) ရက်နေ့တွင်၊ ထနောင်းကုန်းရွာ၌ လည်းကောင်း၊ လဆုတ် (၁၀)ရက်နေ့၊ (၃၁-၁၀-၂၆) ရက်နေ့တွင် အင်းဝတိုက်နယ်၊ မကျည်းကုန်းရွာများ၌လည်းကောင်း ထပ်မံဟောပြောပြန်သည်။ ထို့နောက် အုတ်ဖိုတရားပွဲသို့ သွားရောက်ဟောပြောရန် မော်တော်ကားစောင့်နေစဉ် လမ်းခရီးစပ်ကြားမှ စောင့်၍ ပုလိပ်အရာရှိ တစ်စုက အသျှင်ဦးဝိစာရအား ပုဒ်မ (၁၈၈) အရ အာဏာဖီဆန်မှုဖြင့် ဖမ်းဆီးကာ သာယာဝတီအချုပ်ထောင်သို့ ခေါ်ဆောင်သွားလေသည်။
သာယာဝတီအချုပ်ထောင်တွင် ဖမ်းဆီးချုပ်နှောင်ပြီးနောက် သာယာဝတီဒိစကြိတ် တွဲဘက်အထူးအာဏာရ ရာဇဝတ်တရားသူကြီးက စစ်ဆေး၍ အိန္ဒိယရာဇသတ်ကြီးပုဒ်မ (၁၈၈) အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည်ဆိုကာ (၁၂၈၈) ခု၊ တန်ဆောင်မုန်းလဆုတ် (၂)ရက်နေ့၊ (၂၂၊ ၁၁၊ ၂၆) နေ့တွင် အလုပ်မဲ့ထောင်ဒဏ်နှစ်လကျခံစေဟု အမိန့်ချမှတ်ပြီးနောက် သာယာဝတီထောင်မှ ရန်ကုန်ဗဟိုထောင်ကြီးသို့ ပြောင်းရွှေ့အကျဉ်းချထားလိုက်လေသည်။
ဤသို့ ရန်ကုန်ထောင်ကြီးအတွင်း အလုပ်မဲ့ထောင်ဒဏ် (၂)လ အကျဉ်းခံနေရာမှ လွတ်မည့်တစ်ရက်အလို (၂၂၊ ၁၊ ၂၇) နေ့တွင် သာယာဝတီထောင်သို့ ပုလိပ်အစောင့်အရှောက်များဖြင့် ပြန်ပို့လိုက်လေသည်။
ထို့နောက် သာယာဝတီထောင်မှတစ်ဖန် (၂၃၊ ၁၊ ၂၇) ရက်နေ့ နံနက်ပိုင်တွင် လွတ်ရက်စေ့ပြီး လွှတ်ပေးပြီးနောက် ထောင်ဗူးဝမှ အသင့်စောင့်ကြိုနေသော ပုလိပ်အရာရှိတစ်စုတို့က သာယာဝတီအရေးပိုင်၏ ဝရမ်းစာကိုပြ၍ ရာဇသတ်ပုဒ်မ ၁၂၄ (က)အရ ဒုတိယအကြိမ် ထပ်မံဖမ်းဆီးကာ သာယာဝတီထောင်သို့ပင် ပြန်လည်သွတ်သွင်းထားလိုက်ကြလေသည်။
ဒုတိယအကြိမ် ဖမ်းဆီးခံရသည့်အမှုမှာလည်း ယခင် ဓနော်ညောင်ကုန်းအမှုဖြင့် အဖမ်းအဆီးမခံရမီအခါက ထနောင်းကုန်း (အင်းရွာ) တရားပွဲတွင်လည်းကောင်း၊ မကျည်းကုန်းရွာ (အင်းဝ) တရားပွဲ၌လည်းကောင်း အသျှင်ဦးဝိစာရ၏ ဟောပြောချက်များသည် အစိုးရအား အကြည်ညိုပျက်စေသည်ဟူသော စွဲချက်များအရပင် ဖြစ်လေသည်။
သာယာဝတီထောင်၌ အကျဉ်းကျနေစဉ် အသျှင်ဦးဝိစာရက (၁၂၈၈) ခု၊ ပြာသိုလဆုတ် (၁၅) ရက် (လကွယ်နေ့) ဥပုသ်နေ့ (၁၊ ၂၊ ၂၇)တွင် ဗုဒ္ဓဘာသာရဟန်းတော်တို့၏ ဝိနည်းသိက္ခာပုဒ်နှင့်အညီ သိမ်တစ်ခုခုသို့ ကြွရောက်ဥပုသ်ပြုနိုင်ရန် စီစဉ်ပေးစေလိုကြောင်းဖြင့် အရေးပိုင်ထံသို့ စာတစ်စောင်ရေးသား ပေးပို့လိုက်လေသည်။ သို့ရာတွင် အရေးပိုင်ထံမှ အကျဉ်းထောင်ဥပဒေအရ လည်းကောင်း၊ အစဉ်အဆက် ထုံးစံအရလည်းကောင်း မည်သည့်တရားခံ တစ်ဦးတစ်ယောက်ကိုမျှ ယင်းသို့ ဥပုသ်ပြုခွင့် မပေးနိုင်ကြောင်း ငြင်းဆိုလိုက်သည်။ ထိုအချိန်မှစ၍ အသျှင်ဦးဝိစာရသည် ဆွမ်းဘုန်းပေးခြင်းမပြုဘဲ အစာငတ်ခံဆန္ဒပြ အရေးဆိုတော့သည်။
ဤသို့ အစာငတ်ခံ ဆန္ဒပြနေမှုကြောင့် (၄၊၂၊ ၂၇) နေ့တွင် သာယာဝတီ အထူးရာဇဝတ် တရားသူကြီးရုံးတွင် အမှုရက်ချိန်းရှိသော်လည်း ရုံးသို့ထုတ်ခြင်းမပြုကြတော့ပေ။
သို့ကလို အစာငတ်ခံ ဆန္ဒပြနေသည့် (၄)ရက်မြောက်နေ့တွင် မျက်နှာဖြူ အရေးပိုင်ကိုယ်တိုင် ထောင်တွင်းသို့ရောက်လာပြီး “ဘုန်းကြီး…… ခင်ဗျား ဘာဖြစ်လို့ ထမင်းမစားတာလဲ၊ ခင်ဗျား ပါးစပ်နဲ့ထမင်း ကောင်းကောင်း မစားချင်ဘူးလား၊ နှာခေါင်းနဲ့ စားချင်တာလား၊ ဖင်(စအို)နဲ့ စားချင်တာလား၊ အခု ဗိုက်ထဲကို နွားနို့သွင်းပေးရမယ်၊ ဘုန်းကြီးအများကြီးဒုက္ခရောက်သွားမယ်” ဟုခြိမ်းခြောက်ပြောဆိုခဲ့ရာ အသျှင်ဦးဝိစာရက အရေးပိုင်အား “မင်းတို့လက်ထဲမှာ မင်းတို့ကြိုက်သလို လုပ်နိုင်တယ်၊ ခုချက်ချင်း သေနတ်နဲ့ပစ်သတ်ချင် သတ်လိုက်ကြပေါ့” တုန့်ပြန်လိုက်သည်။ ထိုအခါ အရေးပိုင်လည်း မျက်စေ့မျက်နှာပျက်ကာ အခန်းတွင်မှ ချက်ချင်းထွက်သွားလေသည်။ သို့သော် ထိုနေ့ထိုည (၆)နာရီခန့်တွင် အသျှင်ဦးဝိစာရအား လက်နက်ကိုင်ပုလိပ်တို့က ဘတ်စ်ကား တစ်စင်းဖြင့် ရန်ကုန်ထောင်ကြီးသို့ ညတွင်းချင်းခေါ်ယူ ရွှေ့ပြောင်းလိုက်ကြတော့သည်။
ရန်ကုန်ထောင်ကြီးသို့ ရောက်ရှိသည့်အခါတွင်လည်း အသျှင်ဦးဝိစာရသည် တစ်ဆက်တည်း ဆွမ်းဘုန်းပေးခြင်း မပြုဘဲ၊ ဥပုသ်ပြုခွင့်မရမချင်း အစာငတ်ခံနေခဲ့ရာ ရက်ပေါင်း (၄၀) မြောက်သည့်နေ့တွင်မှ ထောင်အာဏာပိုင်တို့က ဥပုသ်ပြုခွင့်ကို အလျော့ပေးလိုက်သဖြင့် ဆွမ်းပြန်စားခဲ့သည်။ အသျှင်ဦးဝိစာရအား ပုဒ်မ ၁၂၄ (က) အရ စွဲဆိုထားသည့် အမှုများမှာလည်း သာယာဝတီစီရင်စုအတွင်း ဟောပြောခဲ့ခြင်းကြောင့်ဖြစ်ရာ ထုံးစံအရ သာယာဝတီရုံး၌သာ စစ်ဆေးကြရမည့်အစား၊ ဟိုက်ကုတ် တရားလွှတ်တော်မှ အင်းစိန်စီရင်စု တွဲဘက်ရာဇဝတ်တရားသူကြီးရုံးသို့ လွှဲပြောင်းစစ်မည်ဟု အမိန့်စာ ထောင်တွင်းသို့ လာရောက်ဖတ်ပြသည်။
သို့သော် အသျှင်ဦးဝိစာရသည် (၁၈၊ ၄၊ ၂၇) ၇က်နေ့တွင် ရုံးပြောင်းစစ်ဆေးစေခြင်းကို သဘောမတူကြောင်း၊ အင်းစိန်ရုံးတွင် အစစ်ခံမည်မဟုတ်ကြောင်းတရားသဖြင့် သာယာဝတီ၌သာ စစ်ဆေးသင့်ကြောင်း စသည်ဖြင့် ဟိုက်ကုတ်သို့ စာတင်ခဲ့သော်လည်း လက်ခံခြင်း မပြုခဲ့ကြပေ။
ထိုအချိန် အသျှင်ဦးဝိစာရအပေါ် စီရင်ချက်ကား မချရသေးပေ။ (၁၂၈၉) ခု၊ ကဆုန်လဆန်း (၇)ရက်နေ့ (၇၊ ၅၊ ၂၇)တွင် ရာဇဝတ်ဝန်ထောက် တစ်ယောက်၏ အတင်းအဓမ္မ ဆွဲငင်ခေါ်ဆောင်မှုကြောင့် အင်းစိန်ရုံးသို့ ရောက်လာရလေသည်။ ဦးဝိစာရကမူ တစုံတရာ ထုချေခြင်းမပြုဘဲ ဆိတ်ဆိတ်သာနေခဲ့သည်။ အင်းစိန်ရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်နှင့် ကိုးလ အပြစ်ပေးကာရန် ကုန်ထောင်ကြီးသို့ ပို့လိုက်သည်။
အကျဉ်းသားဖြစ်သည်နှင့် တစ်ပြိုင်နက်သင်္ကန်များချွတ်၍၊ ထောင်ဝတ်လဲရမည်ဟု ထောင်အာဏာပိုင်များက ဆိုလာကြသည်။ ဦးဝိစာရကမူ အာဏာဖီဆန်ကာ သင်္ကန်မချွတ်ဘဲနေသည်။ နောက်ဆုံး အင်္ဂလိပ်လူမျိုး ထောင်အရာရှိလေးယောက်က အတင်းဆွဲချွတ်သောအခါကျမှပင် ဦးဝိစာရမှာ သင်္ကန်ချွတ်ခံလိုက်ရတော့သည်။ သို့သော် ထောင်အဝတ်ကိုကား မဝတ်ပေ။ အဝတ်မပါ ဗလာကိုယ်တုံးလုံးကြီးသာ သီတင်းသုံးနေပေသည်။
ဤကဲ့သို့ သင်္ကန်းချွတ်ခံလိုက်ရသောအခါ၌ ဦးဝိစာရသည် မိစ္ဆာလူမျိုးနယ်ချဲ့ အစိုးရတို့ကား မြန်မာပြည်နှင့် မြန်မာလူမျိုးတို့ကို ၎င်းတို့၏ခြေထောက် အောက်နင်းလျက် ကျွန်ပြုထားရရုံနှင့်အားမရသေးဘဲ ဗုဒ္ဓဘုရားရှင်တို့၏ သာသနာတော်ကြီးကိုပါ လက်တွေ့ဖျက်ဆီးကြလေပြီတကား ဟုဆိုကာ မျက်ရည်မဆည်နိုင်အောင် ချုံးပွဲချ ငိုကြွေတော်မူခဲ့လေသည်။ သို့ရာတွင် ရုတ်တရက်ချက်ချင်းပင် တိုင်းတစ်ပါးသား မိစ္ဆာအစိုးရတို့သည် ထောင်အပ၌ အမျိုးမျိုးသော ဖိနှိပ်ချုပ်ချယ်ရေး ဥပဒေပုဒ်မများဖြင့် ရဟန်းတော်များအား တရားမဲ့ဖမ်းဆီးအပြစ် ပေးနေရုံမက ထောင်အတွင်း၌လည်း ထောင်စည်းကမ်းကျင့်ဝတ်ဟုဆိုကာ မြတ်စွာဘုရား ခွင့်ပြုသတ်မှတ် ပေးအပ်တော်မူသည့်ဝတ်ရုံ သင်္ကန်းကို အတင်းဓမ္မချွတ်၍ ထိပါးစော်ကားခံနေရခြင်းကြောင့် သာသနာတော်ကြီးသည် မကြာခင် ပျက်စီးရတော့မည်။ ငါတို့သည် ဤသို့ငိုကြွေနေရုံဖြင့် သာသနာ့ဆူးရန်များသည် သူ့အလိုလျှောက် ကင်းစင်ကွယ်ပျောက် သွားလိမ့်မည်မဟုတ်ပေ။ ရှေးသရော အခါက ပါဋလိပုတ်ပြည်သားရဟန်းသူမြတ်များသည် သာသနာဘေးရန် အန္တရာယ်ကြီးဆိုက်ရောက်လာသည့်အခါ အသက်အသေခံကာ သာသနာတော်အတွက် အသက်ပေးလှူတော်မူခဲ့ကြသည့် ထုံးဟောင်း သာဓကများစွာကို သတိရဆင်ခြင်မိသဖြင့် ငါသည်လည်း ထိုနည်းတူစွာ အမျိုး၊ ဘာသာ၊ သာသနာ တော်ကြီးအတွက် အသက်စွန့်လွှတ်တော့အံ့။ ရန်သူအလိုကျလူဖျင်းလူညံ့တို့၏ ဓလေ့စရိုက်ကဲ့သို့ ဝန်ချတောင်းပန်ခြင်း၊ ဝန်ခံချုပ် လက်မှတ်ရေးထိုး၍ အကျဉ်းမှလွတ်မြောက်ခြင်း၊ သင်္ကန်းချွတ်၍ ထောင်အဝတ်လဲလှယ်ခြင်းကို ငါ့တစ်ကိုယ်တည်းအတွက် လုံးဝမရှာကြံလို။ မည်သို့ပင် ညှဉ်းပန်းနှိပ်စက်ကြ၍ ကာယဒုက္ခဝေဒနာကို ခံစားရပါစေ။ ခန္တီပါရမီကို ဆောက်တည်၍ ဆွမ်းဘုန်းမပေးဘဲ အသက်ဇီဝိန်ချုပ်သည် အထိအားလုံးသော ထောင်တွင်းရောက် သံဃာတော်များနှင့် သာသနာတော်ကြီး၏ အကျိုးစီးပွားကို ရှေးရှု၍ အစာငတ်ခံရန် အဓိဋ္ဌာန်ပြုအံ့ ဟု စိတ်ပိုင်းဖြတ်ကာ ဆွမ်းမစားတော့ပေ။
ရက်အတန်ကြာသည့်အခါ ဆရာတော်ဦးဝိစာရအား သင်္ကန်းပြန်မဝတ်စေသေးဘဲ ထောင်အရာရှိများက အတင်းအဓမ္မ ဝိုင်းဝန်းချုပ်နှောင်လျက် နွားနို့များကို နှာခေါင်းပေါက်မှ ပြွန်တံဖြင့် အတင်းသွင်းကြလေသည်။ မသေတသေဖြစ်အောင် တစ်နေ့နှစ်ကြိမ်ကျသွင်းလေသည်။ နှာခေါင်းမှ ဤသို့ နို့များသွင်းပြီး စအိုပေါက်မှ ပိုက်သွင်းကာ ဝမ်းချပေကြပြန်သည်။ ဆရာတော်မှာ သူတို့ပြုသမျှခံတော်မူရရှာသည်။
ဤသို့ အဝတ်မပါ ဗလာတည်း အစာမစားဘဲနေခဲ့သော ရက်ပေါင်းမှာ (၄၀) ကျော်မျှ ရောက်ရှိလာခဲ့သည်။ အစာမစားဘဲရက်ပေါင်းများစွာကြာခဲ့သည့်အတွက် ဦးဝိစာရခမျာ ဂုန်နီခင်းအိပ်ရာပေါ်တွင် ဗုန်းဗုန်းလဲလျက် မှိန်းစက်နေတော်မူရရှာသည်။ စကားလည်းမပြောနိုင်၊ သတိမှာလည်း မေ့တစ်ချက် မမေ့တစ်ချက်ဖြစ်နေသည်။ မျက်စေ့အလင်းရောင်ကို ကြည့်မရအောင် ပြင်းထန်လှသော ဒုက္ခဝေဒနာများကို ခံစားနေရရှာလေသည်။
ထို့နောက် ဦးဝိစာရကို တံတားကလေးအရူးထောင် (ယခု စိတ်ရောဂါအထူးကုဆေးရုံ)သို့ ပို့လိုက်ကြပြန်သည်။ အရူးထောင်သို့ ရောက်သောရက်မှာ (၁၂၈၉) ခု၊ နတ်တော်လဆန်း (၇) ရက်နေ့ဖြစ်သည်။ အရူးထောင်သို့ ရောက်သောအခါ အရူးထောင်အရာရှိများက “ခွေးမသားထမင်းစားပါလား” အစရှိသည့် ဆဲဆိုကြရုံမျှမက ကုတင်ပေါ်တွင် ပက်လက်လှန်လျက် (၇) ရက်လုံးလုံးခြေနှင့်လက်လေးဘက်စလုံးကို တုတ်နှောင်ထားပြီးလျှင် ရင်ဘတ်ကို ဖနောင့်နှင့် ပေါက်ခြင်း၊ မျက်စေ့ နားထင်တို့ကို လက်သီးဖြင့် ထိုးနှက်ခြင်းတို့ဖြင့် ညှဉ်းဆဲကြသည်။ ဤကဲ့သို့ ရိုက်နှက်ရုံမက