ရာဟုလာဆိုတဲ့ အမည်ကို ဗုဒ္ဓဘာသာအများ
ရင်းနှီးပြီး ဖြစ်ကြမှာပါ။ သားတော်ရာဟုလာလို့လည်း သိနေကြပါတယ်။ ရာဟုလာ
(၇)နှစ်သားအရွယ်မှာ မယ်တော်ရဲ့ ခိုင်းစေမှုနဲ့ အဖဘုရားထံမှာ လောကီအမွေ
လာတောင်းတာကို ရှင်တော်ဗုဒ္ဓက လောကီအမွေ မပေးဘဲ လောကုတ္တရာအမွေ ပေးခဲ့ပါတယ်။
အရှင်သာရိပုတ္တရာ မထေရ်ကို ဥပဇ္ဈာယ်ပြုကာ ရှင်သာမဏေ ဖြစ်စေခဲ့ပါတယ်။ သာသနာ့ဘောင်မှာ
ရောက်နေတဲ့ သားတော်ရာဟုလာကို မြတ်စွာဘုရားရှင်ဟာ ကြုံရင်ကြုံသလို ဆုံးမသြ၀ါဒ
ပေးတော်မူခဲ့ပါတယ်။ ပိဋကတ်တော်မှာ ရာဟုလာနဲ့ ပတ်သက်တဲ့ ဟောကြားချက်များ၊
ဆုံးမသြ၀ါဒများ အများအပြား ရှိနေပြီး ဒီအထဲက အထင်ရှားဆုံးကတော့ ရာဟုလောဝါဒသုတ်ပဲ
ဖြစ်ပါတယ်။ အသက်ပြည့်လို့ ရဟန်းငယ်ဘ၀ကို ရရှိလာတဲ့အခါမှာလည်း မြတ်ဗုဒ္ဓက
အရှင်ရာဟုလာကို ဆုံးမသြ၀ါဒပေးကာ သင်ကြားဟောပြော ပေးတော်မူခဲ့ပါတယ်။
ထိုဟောပြောမှုတွေထဲမှာ စူဠရာဟုလောဝါဒသုတ်ကတော့ အရှင်ရာဟုလာကို အာသာဝေါကုန်ခမ်း
ရဟန္တာအဖြစ်ကို ရောက်စေခဲ့တဲ့ သုတ်တော်ဖြစ်ပါတယ်။ ဒီသုတ်တော်မှာ မြတ်စွာဘုရားရှင်က
အရှင်ရာဟုလာကို ဆပဉ္စကနည်းဖြင့် နှလုံးသွင်းနိုင်အောင်
သွန်သင်ဟောကြားတော်မူခဲ့ပါတယ်။ စူဠရာဟုလောဝါဒသုတ်မှာ မြတ်ဗုဒ္ဓက အရှင်ရာဟုလာကို
အမေးအဖြေသဘောနဲ့ တရားအနှစ်ကို ထုတ်ပြတော်မူခဲ့ပါတယ်။
မြတ်ဗုဒ္ဓ = ချစ်သား ရဟုလာ… စက္ခုပသာဒလို့ခေါ်တဲ့ မျက်စိအကြည်ရုပ်ဟာ မြဲသလော…၊ မမြဲသလော…
ရာဟုလာ = မမြဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲတဲ့ မျက်စိအကြည်ရုပ်ဟာ ဆင်းရဲသလော…၊ ချမ်းသာသလော…
ရာဟုလာ = ဆင်းရဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲဆင်းရဲ ဖောက်လွဲဖောက်ပြန် ဖြစ်တတ်တဲ့ မျက်စိအကြည်ရုပ်ကို ငါ့ဥစ္စာဟု တဏှာဖြင့်လည်းကောင်း၊ ငါဟု မာနဖြင့်လည်းကောင်း၊ ငါ့အတ္တလိပ်ပြာဟု ဒိဋ္ဌိဖြင့်လည်းကောင်း အလွဲလွဲ အချော်ချော် ရှုမျှော်သင့်သလော…၊ မသင့်သလော…
ရာဟုလာ = မသင့်ပါ မြတ်စွာဘုရား..
မြတ်ဗုဒ္ဓ = ချစ်သား ရာဟုလာ… ရူပလို့ခေါ်တဲ့ ရုပ်အဆင်းဟာ မြဲကုန်သလော…၊ မမြဲကုန်သလော…
ရာဟုလာ = မမြဲကုန်ပါ မြတ်စွာဘုရား..
မြတ်ဗုဒ္ဓ = ဒီမမြဲတဲ့ အဆင်းရုပ်ဟာ ဆင်းရဲသလော…၊ ချမ်းသာသလော…
ရာဟုလာ = ဆင်းရဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲဆင်းရဲ ဖောက်လွဲဖောက်ပြန် ဖြစ်တတ်တဲ့ အဆင်းရုပ်ကို ငါ့ဥစ္စာဟု တဏှာဖြင့်လည်းကောင်း၊ ငါဟု မာနဖြင့်လည်းကောင်း၊ ငါ့အတ္တလိပ်ပြာဟု ဒိဋ္ဌိဖြင့်လည်းကောင်း အလွဲလွဲ အချော်ချော် ရှုမျှော်သင့်သလော…၊ မသင့်သလော…
ရာဟုလာ = မသင့်ပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ချစ်သား ရာဟုလာ… စက္ခုဝိညာဏလို့ ခေါ်တဲ့ မျက်စိမှာမှီနေတဲ့ ၀ိညာဏ်
မြတ်ဗုဒ္ဓ = ချစ်သား ရဟုလာ… စက္ခုပသာဒလို့ခေါ်တဲ့ မျက်စိအကြည်ရုပ်ဟာ မြဲသလော…၊ မမြဲသလော…
ရာဟုလာ = မမြဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲတဲ့ မျက်စိအကြည်ရုပ်ဟာ ဆင်းရဲသလော…၊ ချမ်းသာသလော…
ရာဟုလာ = ဆင်းရဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲဆင်းရဲ ဖောက်လွဲဖောက်ပြန် ဖြစ်တတ်တဲ့ မျက်စိအကြည်ရုပ်ကို ငါ့ဥစ္စာဟု တဏှာဖြင့်လည်းကောင်း၊ ငါဟု မာနဖြင့်လည်းကောင်း၊ ငါ့အတ္တလိပ်ပြာဟု ဒိဋ္ဌိဖြင့်လည်းကောင်း အလွဲလွဲ အချော်ချော် ရှုမျှော်သင့်သလော…၊ မသင့်သလော…
ရာဟုလာ = မသင့်ပါ မြတ်စွာဘုရား..
မြတ်ဗုဒ္ဓ = ချစ်သား ရာဟုလာ… ရူပလို့ခေါ်တဲ့ ရုပ်အဆင်းဟာ မြဲကုန်သလော…၊ မမြဲကုန်သလော…
ရာဟုလာ = မမြဲကုန်ပါ မြတ်စွာဘုရား..
မြတ်ဗုဒ္ဓ = ဒီမမြဲတဲ့ အဆင်းရုပ်ဟာ ဆင်းရဲသလော…၊ ချမ်းသာသလော…
ရာဟုလာ = ဆင်းရဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲဆင်းရဲ ဖောက်လွဲဖောက်ပြန် ဖြစ်တတ်တဲ့ အဆင်းရုပ်ကို ငါ့ဥစ္စာဟု တဏှာဖြင့်လည်းကောင်း၊ ငါဟု မာနဖြင့်လည်းကောင်း၊ ငါ့အတ္တလိပ်ပြာဟု ဒိဋ္ဌိဖြင့်လည်းကောင်း အလွဲလွဲ အချော်ချော် ရှုမျှော်သင့်သလော…၊ မသင့်သလော…
ရာဟုလာ = မသင့်ပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ချစ်သား ရာဟုလာ… စက္ခုဝိညာဏလို့ ခေါ်တဲ့ မျက်စိမှာမှီနေတဲ့ ၀ိညာဏ်
ရာဟုလာ = မမြဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲတဲ့ မျက်စိမှာမှီနေတဲ့ အမြင်ဓာတ်သဘောဟာ ဆင်းရဲသလော…၊ ချမ်းသာသလော…
ရာဟုလာ = ဆင်းရဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲဆင်းရဲ ဖောက်လွဲဖောက်ပြန် ဖြစ်တတ်တဲ့ မျက်စိမှာမှီနေတဲ့ အမြင်ဓာတ်သဘောကို ငါ့ဥစ္စာဟု တဏှာဖြင့်လည်းကောင်း၊ ငါဟု မာနဖြင့်လည်းကောင်း၊ ငါ့အတ္တလိပ်ပြာဟု ဒိဋ္ဌိဖြင့်လည်းကောင်း အလွဲလွဲ အချော်ချော် ရှုမျှော်သင့်သလော…၊ မသင့်သလော…
ရာဟုလာ = မသင့်ပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ချစ်သား ရာဟုလာ…စက္ခုသမ္ဖဿခေါ် မျက်စိမှာမှီနေတဲ့ အတွေ့ဟာ မြဲသလော…၊ မမြဲသလော…
မြဲသလော…၊ မမြဲသလော…
ရာဟုလာ = မမြဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲတဲ့ မျက်စိမှာမှီနေတဲ့ အတွေ့ဟာ ဆင်းရဲသလော…၊ ချမ်းသာသလော…
ရာဟုလာ = ဆင်းရဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲဆင်းရဲ ဖောက်လွဲဖောက်ပြန် ဖြစ်တတ်တဲ့ မျက်စိမှာမှီနေတဲ့ အတွေ့ကို ငါ့ဥစ္စာဟု တဏှာဖြင့်လည်းကောင်း၊ ငါဟု မာနဖြင့်လည်းကောင်း၊ ငါ့အတ္တလိပ်ပြာဟု ဒိဋ္ဌိဖြင့်လည်းကောင်း အလွဲလွဲ အချော်ချော် ရှုမျှော်သင့်သလော…၊ မသင့်သလော…
ရာဟုလာ = မသင့်ပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ချစ်သား ရာဟုလာ… မျက်စိအတွေ့ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသမျှသော ခံစားမှု ဝေဒနာသဘော၊ မှတ်သားမှု သညာသဘော၊ ပြုပြင်စီရင်မှု သင်္ခါရသဘော၊ အထူးသိမှု ၀ိညာဏ်သဘော လို့ခေါ်တဲ့ နာမ်ခန္ဓာလေးပါး တရားအစုဟာ မြဲသလော…၊ မမြဲသလော…
ရာဟုလာ = မမြဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲတဲ့ မျက်စိအတွေ့ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ နာမ်ခန္ဓာလေးပါး တရားအစုဟာ ဆင်းရဲသလော…၊ ချမ်းသာသလော…
ရာဟုလာ = ဆင်းရဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲဆင်းရဲ ဖောက်လွဲဖောက်ပြန် ဖြစ်တတ်တဲ့ မျက်စိအတွေ့ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ နာမ်ခန္ဓာလေးပါး တရားအစုကို ငါ့ဥစ္စာဟု တဏှာဖြင့်လည်းကောင်း၊ ငါဟု မာနဖြင့်လည်းကောင်း၊ ငါ့အတ္တလိပ်ပြာဟု ဒိဋ္ဌိဖြင့်လည်းကောင်း အလွဲလွဲ အချော်ချော် ရှုမျှော်သင့်သလော…၊ မသင့်သလော…
ရာဟုလာ = မသင့်ပါ မြတ်စွာဘုရား…
ဒီအမေးအဖြေ ဟောကြားချက်ဟာ စက္ခုဆိုတဲ့ မျက်စိနဲ့ ပတ်သက်တဲ့ ဟောကြားချက်ပဲ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓက အရှင်ရာဟုလာအား မျက်စိနဲ့ ပတ်သက်တဲ့ အချက်ငါးချက်ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ လက္ခဏာရေးသုံးပါး တင်ကာ ထပ်ကာထပ်ကာ ဟောကြားတော်မူပါတယ်။ ဒီလို ငါးမျိုးငါးချက်တင်ပြီး ဟောကြားပေးတာကို ပဉ္စကနည်းလို့ ခေါ်ပါတယ်။ မျက်စိနဲ့ပတ်သက်တာဖြစ်လို့ စက္ခုပဉ္စကလို့ သီးသန့်အမည် ပေးနိုင်ပါတယ်။ ဒီဟောကြားချက်အရ မြင်တယ်ဆိုတဲ့ မြင်သိစိတ် တစ်ခုဟာ အဆင်းကို မြင်နိုင်တဲ့ စက္ခုပသာဒခေါ် မျက်စိအကြည်ဓာတ်ရယ်၊ ပစ္စုပ္ပန် ရူပါရုံလို့ ခေါ်တဲ့ မျက်မှောက်ရှေ့တဲ့တဲ့မှာ ရှိနေတဲ့ရုပ်အဆင်းရယ် ပေါင်းစုံမိမှပဲ စက္ခုဝိညာဏ်လို့ ခေါ်တဲ့ မြင်သိစိတ် ဖြစ်ပေါ်လာတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ ဒီမှာ တစ်မျိုးမျိုးက ချို့တဲ့နေရင် မြင်တယ်ဆိုတဲ့ မြင်သိစိတ် မဖြစ်နိုင်ပါဘူး။ မျက်စိအမြင်ချို့တဲ့လို့ မျက်စိ မမြင်တဲ့အခါ၊ မြင်နိုင်ပေမယ့် မြင်စရာ အဆင်းမရှိတဲ့အခါ တွေမှာ မြင်တယ်ဆိုတဲ့ မြင်သိစိတ် မဖြစ်ပါဘူး။ ဒီအကြောင်းနှစ်ပါးစုံလို့ မြင်တယ်ဆိုတဲ့ မြင်သိစိတ်ဖြစ်ပေမယ့် မြင်တဲ့အခိုက်မှာ မြင်တယ်ဆိုတာ သိနေရင် အဲဒီမြင်မှုအပေါ်မှာ လှတယ်၊ မလှဘူးစတဲ့ အစွဲတရား မဖြစ်နိုင်တာကို နားလည်နိုင်ပါတယ်။ ကြားတာ၊ နံတာစတာတွေမှာလည်း ဒီအတိုင်းပါပဲ။ ပသာဒနဲ့ အာရုံပေါင်းစုံမိမှ ၀ိညာဏ်ဖြစ်လာတဲ့ သဘောပါပဲ။
ဆက်လက်ပြီး မြတ်ဗုဒ္ဓက သောတပဉ္စကနဲ့ ပတ်သက်လို့လည်း သောတပသာဒလို့ ခေါ်တဲ့ နားအကြည်ရုပ်၊ သဒ္ဒလို့ခေါ်တဲ့ အသံ၊ သောတ၀ိညာဏ်လို့ခေါ်တဲ့ နားမှာမှီနေတဲ့ အမြင်ဓာတ်သဘော၊ နားမှာမှီနေတဲ့ အတွေ့၊ နားအတွေ့ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ နာမ်ခန္ဓလေးပါးတရားအစု တို့ကိုလည်း မမြဲခြင်း အနိစ္စ၊ ဆင်းရဲခြင်းဒုက္ခ၊ အစိုးမရခြင်းအနတ္တ သုံးချက်ဖြင့် ထပ်ခါထပ်ခါ မေးဖြေကာ ဟောကြားပေးတော်မူပါတယ်။ ဃာနပဉ္စကနဲ့ ပတ်သက်လို့လည်း ဃာနပသာဒလို့ ခေါ်တဲ့ နှာခေါင်းအကြည်ရုပ်၊ ဂန္ဓဆိုတဲ့ အနံ့၊ ဃာန၀ိညာဏ်လို့ခေါ်တဲ့ နှာခေါင်းမှာမှီနေတဲ့ နံခြင်းဓာတ်သဘော၊ နှာခေါင်းမှာမှီနေတဲ့ အတွေ့၊ နှာခေါင်းအတွေ့ကို အကြောင်းပြု ဖြစ်ပေါ်လာတဲ့ နာမ်ခန္ဓာလေးပါး တရားအစုတို့ကိုလည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ လက္ခဏာရေး သုံးမျိုးဖြင့် မေးဖြေဟောကြားပါတယ်။ ဇိဝှါပဉ္စကနဲ့ ပတ်သက်လို့လည်း ဇိဝှါပသာဒလို့ ခေါ်တဲ့ လျှာအကြည်ရုပ်၊ ရသဆိုတဲ့ အရသာ၊ ဇိဝှါဝိညာဏ်လို့ခေါ်တဲ့ လျှာမှာမှီနေတဲ့ အရသာကို ခံစားတဲ့ဓာတ်သဘော၊ လျှာမှာမှီနေတဲ့ အတွေ့၊ လျှာအတွေ့ကို အကြောင်းပြု ဖြစ်ပေါ်တတ်တဲ့ နာမ်ခန္ဓာလေးပါး တရားအစုတို့ကိုလည်း လက္ခဏာရေး သုံးချက်ဖြင့် ဟောကြားတော်မူပါတယ်။ ကာယပဉ္စကနဲ့ ပတ်သက်လို့လည်း ကာယပသာဒလို့ ခေါ်တဲ့ ကိုယ်အကြည်ရုပ်၊ ဗောဋ္ဌဗ္ဗလို့ခေါ်တဲ့ အတွေ့၊ ကာယ၀ိညာဏ်လို့ ခေါ်တဲ့ ကိုယ်မှာမှီနေတဲ့ ထိတွေ့မှုဓာတ်သဘော၊ ကိုယ်မှာမှီနေတဲ့ အတွေ့၊ ကိုယ်အတွေ့ကို အကြောင်းပြု ဖြစ်ပေါ်တတ်တဲ့ နာမ်ခန္ဓာလေးပါး တရားအစုတို့ကို လက္ခဏာရေးသုံးမျိုးဖြင့် ဟောပြပေးပါတယ်။ နောက်ဆုံး မနောပဉ္စကနဲ့ ပတ်သက်လို့လည်း မနောလို့ခေါ်တဲ့ စိတ်အကြည်၊ ဓမ္မာရုံလို့ခေါ်တဲ့ ရုပ်နာမ်၊ မနောဝိညာဏ်လို့ခေါ်တဲ့ အထူးသိမှုသဘော၊ စိတ်မှာမှီတဲ့ အတွေ့၊ စိတ်အတွေ့ကို အကြောင်းပြု ဖြစ်ပေါ်တတ်တဲ့ နာမ်ခန္ဓလေးပါး တရားအစုတို့ကို မမြဲခြင်း အနိစ္စ၊ ဆင်းရဲခြင်း ဒုက္ခ၊ အစိုးမရခြင်း အနတ္တသုံးချက်ဖြင့် အရှင်ရာဟုလာအား မေးရင်း ဖြေစေရင်း အကြိမ်ကြိမ် ထပ်ခါထပ်ခါ ဟောကြားပေးတော် မူပါတယ်။
နိဂုံးချုပ်အနေနဲ့ မြတ်ဗုဒ္ဓက “ချစ်သားရာဟုလာ… အကြားအမြင်များတဲ့ ငါဘုရား၏ တပည့်သာဝကသည် ဤနည်းအတိုင်း ရှုမြင်သည်ရှိသော် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ မနောအကြည်တို့၌ ငြီးငွေ့၏။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ ရုပ်နာမ်အစု ဓမ္မာရုံတို့၌ ငြီးငွေ့၏။ စက္ခုဝိညာဏ်၊ သောတ၀ိညာဏ်၊ ဃာန၀ိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယ၀ိညာဏ်၊ မနောဝိညာဏ်တို့၌ ငြီးငွေ့၏။ မျက်စိအတွေ့၊ နားအတွေ့၊ နှာခေါင်းအတွေ့၊ လျှာအတွေ့၊ ကိုယ်အတွေ့၊ စိတ်အတွေ့တို့၌ ငြီးငွေ့၏။ မျက်စိအတွေ့ကို အကြောင်းပြု၍ ဖြစ်ပေါ်တတ်တဲ့ နာမ်ခန္ဓာလေးပါး တရားအစု၊ နားအတွေ့ကို အကြောင်းပြု ဖြစ်ပေါ်တတ်တဲ့ နာမ်ခန္ဓလေးပါး တရားအစု၊ နှာခေါင်းအတွေ့ကို အကြောင်းပြု ဖြစ်ပေါ်တတ်တဲ့ နာမ်ခန္ဓလေးပါး တရားအစု၊ လျှာအတွေ့ကို အကြောင်းပြု ဖြစ်ပေါ်တတ်တဲ့ နာမ်ခန္ဓလေးပါး တရားအစု၊ ကိုယ်အတွေ့ကို အကြောင်းပြု ဖြစ်ပေါ်တတ်တဲ့ နာမ်ခန္ဓလေးပါး တရားအစု၊ စိတ်အတွေ့ကို အကြောင်းပြု ဖြစ်ပေါ်တတ်တဲ့ နာမ်ခန္ဓလေးပါး တရားအစုတို့၌ ငြီးငွေ့၏။ ငြီးငွေ့သည်ရှိသော် တပ်မက်ခြင်းကင်း၏။ တပ်မက်ခြင်း ကင်းခြင်းကြောင့် ကိလေသာမှလွတ်၏။ ကိလေသာမှ လွတ်ပြီးသော် ဒီလွတ်မြောက်မှုကို ဆင်ခြင်ခြင်း ပစ္စဝေက္ခဏာဉာဏ်ဖြစ်၏။ “ပဋိသန္ဓေနေရမှု ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်မဂ်ကိစ္စကို ပြုပြီးပြီ၊ နောက်ထပ်ပြုဖွယ် မရှိတော့ပြီ”ဟု အထပ်ထပ် ဆင်ခြင်သော ပစ္စဝေက္ခဏဉာဏ်ဖြင့် သိ၏။”ဟု ဟောကြားတော်မူပြီးတဲ့ နောက်မှာ အရှင်ရာဟုလာ မထေရ်သည် ကိလေသာကုန်ခမ်း ရဟန္တာအဖြစ်သို့ ရောက်ရှိတော်မူခဲ့လေ၏။
သူတော်ကောင်းများ အနေနဲ့ ဒီစူဠရာဟုလောဝါဒ သုတ်တော်လာ မြတ်ဗုဒ္ဓက အရှင်ရာဟုလာအား အရဟတ္တဖိုလ်ကို ဆိုက်စေတဲ့ ဆပဉ္စကနည်းကို ကောင်းစွာနာယူ မှတ်သားနိုင်ပါတယ်။ ဒီနည်းဟာ အရှင်ရာဟုလာမှမဟုတ် ဘယ်သူမဆို လိုက်နာကျင့်သုံးနိုင်တဲ့ နည်းဖြစ်ပါတယ်။ ကိုယ့်ရဲ့ စိတ်နဲ့၊ ခန္ဓာ ပြီးတော့ အာရုံအတွေ့မှန်သမျှကို သတိတရား လက်ကိုင်ထားလို့ ဒီနည်းကို အသုံးပြုကာ လေ့ကျင့်နိုင်ပါတယ်။ ဒီဆပဉ္စကနည်းကိုပဲ မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီးက လိုက်နာကျင့်သုံးသူများ အလွယ်တကူ သိရှိနားလည်နိုင်ဖို့ မြန်မာဘာသာ ဓမ္မလင်္ကာဖြင့် သီကုံးပေးထားခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ ဒီဓမ္မလင်္ကာကိုလည်း အလိုရှိသူများ ကျက်မှတ်ဆောင်ထား နှလုံးသွင်းနိုင်ရန် အောက်ပါအတိုင်း တင်ပြပေးလိုက်ရပါတော့ကြောင်း…
စက္ခုပဉ္စက
(က) မျက်စိတွင်မည်၊ ရုပ်အကြည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်၊ ဒုက္ခ အနတ္တပါတကား…။
(ခ) အဆင်းတွင်မည်၊ ရုပ်ထိုဤလည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်၊ ဒုက္ခ အနတ္တပါတကား…။
(ဂ) မျက်စိ၌မှီ၊ ၀ိညာဏ်သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်၊ ဒုက္ခ အနတ္တပါတကား…။
(ဃ) မျက်စိ၌မှီ၊ အတွေ့သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်၊ ဒုက္ခ အနတ္တပါတကား…။
(င) မျက်စိအတွေ့၊ ကြောင်းပြု၍လျှင်၊ ဖြစ်လေ့များစွာ၊ ဝေဒနာနှင့်၊ သညာသင်္ခါရ၊ ၀ိညာဏဟု၊ အစုလေးမည်၊ ခန္ဓာသည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်၊ ဒုက္ခ အနတ္တပါတကား…။
သောတပဉ္စက
(က) နားဟုတွင်မည်၊ ရုပ်အကြည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ခ) အသံတွင်မည်၊ ရုပ်ထိုဤလည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဂ) နား၌စွဲမှီ၊ ၀ိညာဏ်သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဃ) နား၌စွဲမှီ၊ အတွေ့သည်လည်း၊ မြင့်ရှည်ကာလ၊ မတထပဲ….
(င) နား၌အတွေ့၊ ကြောင်းပြု၍လျှင်၊ ဖြစ်လေ့များစွာ….
ဃာနပဉ္စက
(က) နှာခေါင်းတွင်မည်၊ ရုပ်အကြည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ခ) အနံ့တွင်မည်၊ ရုပ်ထိုဤလည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဂ) နှာခေါင်း၌မှီ၊ ၀ိညာဏ်သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဃ) နှာခေါင်း၌မှီ၊ အတွေ့သည်လည်း၊ မြင့်ရှည်ကာလ၊ မတထပဲ….
(င) နှာခေါင်းအတွေ့၊ ကြောင်းပြု၍လျှင်၊ ဖြစ်လေ့များစွာ….
ဇိဝှါပဉ္စက
(က) လျှာဟုတွင်မည်၊ ရုပ်အကြည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ခ) ရသာတွင်မည်၊ ရုပ်ထိုဤလည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဂ) လျှာ၌စွဲမှီ၊ ၀ိညာဏ်သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဃ) လျှာ၌စွဲမှီ၊ အတွေ့သည်လည်း၊ မြင့်ရှည်ကာလ၊ မတထပဲ….
(င) လျှာ၌အတွေ့၊ ကြောင်းပြု၍လျှင်၊ ဖြစ်လေ့များစွာ….
ကာယပဉ္စက
(က) ကိုယ်ဟုတွင်မည်၊ ရုပ်အကြည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ခ) အတွေ့တွင်မည်၊ ရုပ်ထိုဤလည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဂ) ကိုယ်၌စွဲမှီ၊ ၀ိညာဏ်သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဃ) ကိုယ်၌စွဲမှီ၊ အတွေ့သည်လည်း၊ မြင့်ရှည်ကာလ၊ မတထပဲ….
(င) ကိုယ်၌အတွေ့၊ ကြောင်းပြု၍လျှင်၊ ဖြစ်လေ့များစွာ….
မနောပဉ္စက
(က) မနောတွင်မည်၊ စိတ်အကြည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ခ) ဓမ္မတွင်မည်၊ ရုပ်နာမ်သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဂ) မနောတွင်မည်၊ ၀ိညာဏ်သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဃ) မနော၌မှီ၊ အတွေ့သည်လည်း၊ မြင့်ရှည်ကာလ၊ မတထပဲ….
(င) မနောအတွေ့၊ ကြောင်းပြု၍လျှင်၊ ဖြစ်လေ့များစွာ၊ ဝေဒနာနှင့်၊ သညာသင်္ခါရ၊ ၀ိညာဏဟု၊ အစုလေးမည်၊ ခန္ဓာသည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်၊ ဒုက္ခ အနတ္တပါတကား…။
စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ)