ဘုရားရှင်ဟာ သာမန်အချိန်မှာ ပကတိလူသားထက်ပိုပြီး
မြင့်နိုင်စရာမရှိပေမဲ့လို့ ခန္ဓာကိုယ်ကို ကြီးချင်ရင် သူတကာထက်ပိုပြီး
ကြီးလို့ရသလို ငယ်ချင်ရင်လည်း ငယ်ချင်သလောက် ငယ်လို့ရတယ်ဆိုတဲ့
ဘုရားရှင်ရဲ့ တန်ခိုးတော်အရာလည်း ရှိပါသေးတယ်။ သာဓကတစ်ခုပြောချင်ပါသေးတယ်။
တစ်ခါက ပုဏ္ဏားတစ်ယောက်ဟာ ဘုရားရှင်ရဲ့ အရပ်တော်ကို သိချင်တဲ့အတွက်
သူ့အိမ်အရှေ့ ဘုရားရှင် ဆွမ်းခံကြွရာနေရာမှာ ၀ါးလုံးတစ်လုံး
စိုက်ထူထားပါတယ်၊ ဘုရားကြွတော်မူလာတော့ ၀ါးလုံးထက် ဘုရားရှင်ရဲ့အရပ်တော်က
မြင့်နေတယ်၊ ဒီလိုနဲ့ ၀ါးခုနှစ်လုံးဆက်ပြီး ထောင်ထားလိုက်တယ်။ ဒါပေမဲ့
ဘုရားရဲ့ အရပ်တော်က မြင့်လျက်ပါပဲ။ အဲဒီအခါ မြတ်စွာဘုရားက “ဘာလို့
ဝါးလုံးတွေ ထောင်ထားတာလဲ”လို့ ပုဏ္ဏားအားမေးတဲ့အခါ “ အရှင်ဘုရားရဲ့
အရပ်တော်ကို သိချင်လို့ပါ”လို့ ပုဏ္ဏားက လျှောက်တယ်။ အဲဒီအခါ ဘုရားရှင်က “
လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဖြည့်ကျင့်လာတဲ့ ပါရမီဘုန်းတော်ကို
မင်းဝါးလုံးနဲ့ တိုင်းတာလို့ရပါ့မလား”လို့ ဟောကြား ဆုံးမတော်မူပါတယ်။
တာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာတရား ဟောတော်မူတဲ့အခါကလည်း ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ပလာထက်မှာ သီတင်းသုံးတော်မူနေတဲ့အခါ သိကြားမင်းက “ပဏ္ဍုကမ္ပလာက တစ်ဆယ့်ငါးယူဇနာတောင်ရှိတာဆိုတော့ ဘုရားရှင်ထိုင်တော်မူရင် နေရာတွေ ပိုနေမှာပဲ”လို့ တွေးမိတယ်။ ဒါနဲ့ ဘုရားရှင် ပဏ္ဍုကမ္ပလာထက် ထိုင်တော်မူလိုက်တဲ့အခါ ကမ္ပလာတစ်ခုလုံး ပြည့်သွားရုံမျှမက သင်္ကန်းအစွန်းဟာ ကမ္ပလာရဲ့အပြင်ကို ထွက်ကျနေပါတော့တယ်။ အဲဒီအခါ သိကြားမင်းက “ ငါဟာ မိုက်လေစွ၊ မြတ်စွာဘုရားရဲ့ ဘုန်း တန်ခိုးတော်ကို မသိလေစွ”လို့ နောင်တရတော်မူပါတယ်သတဲ့။
တစ်ခါက ‘ရာဟု’အမည်ရှိ အသူရာနတ်မင်း တစ်ဦးရှိတယ်။ သူရဲ့ ခန္ဓာကိုယ်က အလွန်ကြီးမားတယ်။ ဒါနဲ့ နတ်တွေက ဘုရားသွားဖူးသွားဖို့ခေါ်တဲ့အခါ အသူရာနတ်မင်းကြီးက “ ငါသွားရင် ဘုရားရှင်က ငယ်ငယ်ဆိုတော့ ငါငုံ့ကြည့်ရမယ်။ ငါမသွားဘူးလို့တွေးကာ မလိုက်ဘဲနေတယ်၊ နတ်တွေက ဖန်ခါထပ်ထပ်ခေါ်တဲ့အခါမှာ မတတ်သာတော့ဘဲ လိုက်သွားတယ်၊ ဘုရားအရှေ့ရောက်တော့ ဘုရားရှင်ရဲ့ ခြေဖမိုးတော်ပဲ မြင်ရတယ်၊ မျက်နှာတော်ကိုဖူးဖို့ အပေါ်မော့ကြည့်တဲ့အခါမှာလည်း မျက်နှာတော်က မြင့်လွန်းနေတဲ့အတွက် ရင်ခေါင်းတော်လောက်သာ မြင်ရပါတယ်။ အဲဒီအခါကျမှ အသူရာနတ်မင်းက “အော်…ဘုရားဆိုတာ အံ့သြဖွယ် အလွန်ကောင်းတာပဲ၊ ဘုရားရှင်ဟာ သေးသေးငယ်ငယ် ထင်မိပြီး မထီမဲ့မြင် ထင်မှားမိလေခြင်း” လို့ တွေးကာ နောင်တရနေပါတော့တယ်။
ဒါဟာ လူသာမန်တို့ မကြံစည်နိုင်တဲ့ ဘုရားရှင်ရဲ့ တန်ခိုးအရာပါပဲ။ မြတ်စွာဘုရားရဲ့ ဘုန်းတော်နဲ့