HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်

လူအမည် = သိဒ္ဓတ္ထ

ဘုရားဘွဲ့အမည်တော် = ဂေါတမဗုဒ္ဓ

မွေးသက္ကရာဇ် = မဟာသက္ကရာဇ် ၆၈ခု၊ ကဆုန်လပြည့်၊ သောကြာနေ့ (BC- 623 ခန့်)

မိဘအမည် = ခမည်းတော် သုဒ္ဓေါဓနမင်း၊ မယ်တော် မဟာမာယာဒေဝီ မိဖုရား

နေပြည်တော် = ကပိလဝတ်မင်းနေပြည်တော် (ယခုခေတ် နီပေါနယ်)

အမျိုးအနွယ် = သကျသာကီဝင် မင်းမျိုး

အိမ်ထောင်ပြုချိန် = အသက် ၁၆နှစ်အရွယ်

ဇနီး = ဖွားဖက်တော် ဘဒ္ဒကဉ္စနာ ယသောဓရာ

သားတော် = ရာဟုလာ

နန်းစည်းစိမ်စံနှစ် = ၂၉နှစ် (မွေးကတည်းက တောထွက်ချိန်အထိ)

တောထွက်ချိန် = သက်တော် ၂၉နှစ်၊ မဟာသက္ကရာဇ် ၉၇ခုနှစ်၊ ဝါဆိုလပြည့်၊ တနင်္လာနေ့ (BC- 594 ခန့်)

ဒုက္ကရစရိယကျင့်သည့်ကာလ = ၆ နှစ် (ခဲရင်းစွာကျင့်ရသည့် အကျင့်ဖြစ်သဖြင့် ဒုက္ကရစရိယဟုခေါ်သည်၊ ဒုက္ခစရိယ မဟုတ်ပါ။)

ဘုရားဖြစ်ချိန် = သက်တော် ၃၅နှစ်၊ မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ (BC- 588 ခန့်)

တရားဟောသည့်ကာလ = ၄၅နှစ် (သက်တော် ၃၅မှ သက်တော် ၈၀အထိ)

ပရိနိဗ္ဗာန်စံတော်မူသည့်နှစ် = သက်တော် ၈၀၊ ဝါတော် ၄၅ဝါ၊ မဟာသက္ကရာဇ် ၁၄၈ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့ (BC- 543 ခန့်)

ဒါကဗုဒ္ဓဘုရားရဲ့ ဖြစ်တော်စဉ် အကျဉ်းပဲ ဖြစ်ပါတယ်။ ဆက်ပြီးသိထားဖို့လိုတာက ဗုဒ္ဓဆိုတာနဲ့ ပတ်သက်လို့ သိသင့်တာလေးတွေ သိထားရမှာ ဖြစ်ပါတယ်။


ဗုဒ္ဓ

ဗုဒ္ဓဆိုတာ ဘာလဲလို့မေးရင် ဒီစကားလုံး အဖွင့်အတိုင်း “သိသူ”လို့ အလွယ်ဖြေရမှာ ဖြစ်ပါတယ်။ သိတယ်ဆိုတော့ ဘာကိုသိတာလဲ ဆိုရင် သစ္စာလေးပါး အပါအဝင် သိစရာမှန်သမျှ အားလုံးကို သိတာလို့ ဖြေရမှာပေါ့။ အဲဒီသစ္စာကို ဘယ်သူကသင်ပြပေးလို့ သိတာလဲ၊ သူပဲသိပြီး တခြားသူတွေကို သိစေနိုင်သလားလို့ ထပ်ပြီးမေးခွန်း ထုတ်မယ်ဆိုရင်တော့ ဘုရားရှင်တွေဟာ သစ္စာလေးပါး တရားတော်ကို ဆရာမရှိဘဲ ကိုယ်တော်တိုင် ကျင့်ကြံကြိုးကုတ် အားထုတ်မှုနဲ့ သိရှိတော်မူတာဖြစ်ပြီး ကိုယ်တော်မြတ် သိတော်မူတဲ့အတိုင်း ဝေနေယျ သတ္တဝါတွေကိုလည်း သိစေတော်မူတဲ့သူလို့ အလွယ်နားလည် မှတ်သားထားနိုင်ပါတယ်။ ဗုဒ္ဓဆိုတော့ ဒီနေရာမှာ

၁။ သမ္မာသမ္ဗုဒ္ဓ


၂။ ပစ္စေကဗုဒ္ဓ ဆိုတဲ့ ဗုဒ္ဓ နှစ်မျိုးကို သိထားဖို့ လိုပါတယ်။


သမ္မာသမ္ဗုဒ္ဓ ဆိုတာ လေးအသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း (ပညာ၊ သဒ္ဓါ၊ ဝိရိယ တရားအားသာမှုကို လိုက်ပြီး ကွဲပြားမှုရှိ) ဒါန၊ သီလစတဲ့ ပါရမီတော်များကို ဖြည့်ကျင့်ကာ ပါရမီတော် ပြီးပြည့်စုံတဲ့အခါမှာ သိစရာမှန်သမျှ အကြွင်းအကျန်မရှိ အကုန်အစင်ကို သိတော်မူနိုင်တဲ့ သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပြီး ကိုယ်တော်မြတ် သိတော်မူတဲ့ သစ္စာတရားအတိုင်း ဝေနေယျ သတ္တဝါတွေကိုလည်း သိစေတော်မူနိုင်တဲ့ ဘုရားမျိုး ဖြစ်ပါတယ်။


ပစ္စေကဗုဒ္ဓ ဆိုတာ  နှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလကြာအောင် ဒါန၊ သီလစတဲ့ ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူကာ ပါရမီတော် ပြည့်စုံတော်မူတဲ့အခါ ပစ္စေကဗောဓိဉာဏ်ကို ရရှိတော်မူပြီး သစ္စာလေးပါး တရားတော်ကို ဆရာမကူ ကိုယ်တော်တိုင် သိတော်မူခဲ့ပေမယ့် သတ္တဝါဝေနေယျတွေကို သိရှိအောင် ဟောတော်မမူနိုင်တဲ့၊ သာသနာပကာလမှာ ပွင့်တော်မူတဲ့ ဘုရားငယ်မျိုး ဖြစ်ပါတယ်။


ဒီဗုဒ္ဓနှစ်မျိုးမှာ အခုကြုံတွေ့နေရတဲ့ သာသနာတော်ဟာ သဗ္ဗညုတဉာဏ်တော်ရှင် ဖြစ်တော်မူတဲ့ ဂေါတမ မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ပဲ ဖြစ်ပါတယ်။ ဒီလို သမ္မာသမ္ဗုဒ္ဓဘုရားရှင်များရဲ့ သာသနာထွန်းကားရာ ကာလကို သာသနာတွင်းကာလို့ခေါ်ပြီး သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်များ ပွင့်ထွန်းတော် မမူတဲ့ကာလကိုတော့ သာသနာပ ကာလလို့ခေါ်ကာ အဲဒီသာသနာပ ကာလမှာပဲ ပစ္စေကဗုဒ္ဓ အရှင်မြတ်များ ပွင့်ပေါ်တော်မူကြခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဆိုတာနဲ့ ပတ်သက်ပြီး ဒီလောက်သိထားရင်ကိုပဲ ဗုဒ္ဓဘာသာ လူငယ်တွေအတွက် မဆိုးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

ရှိခိုးပူဇော်ခြင်းနှင့် ဗုဒ္ဒဘာသာ

အရာရာတိုင်းတွင် အသွင်သဏ္ဌာန်နှင့် အနှစ်သာရဟူ၍ ရှိကြသည် ။ အသွင်သဏ္ဌာန်သည် အနှစ်သာရကို ပုံဖော်ဆောင်ကြဉ်း ပေးရသလို ၊ အနှစ်သာရသည် အသွင်သဏ္ဌာန်တည်ရှိမှုအား အဓိပ္ပါယ် ပြည့်ဝစေပေသည် ။ ထို့ကြောင့် တစ်စုံတစ်ရာကို အကဲခတ်တန်းဖိုး ဖြတ်မည် ဆိုပါလျှင် အသွင်သဏ္ဌာန်ရော အနှစ်သာရကိုပါ ခြုံငုံမိရန် အရေးကြီးလှပေသည် ။ လူသားတို့၏ ဘ၀တစ်ခုလုံးနှင့် သက်ဆိုင်သော ယုံကြည်ကိုးကွယ်မှု တို့အား လေ့လာဆန်းစစ်မှုပြုရာတွင်လည်း အသွင်သဏ္ဌာန်မျှကိုသာ ကြည့်ပြီး အနှစ်သာရ၏ တန်ဖိုးကို အကဲဖြတ်၍ မရနိုင်သည်ကို လူသားတိုင်း အလေးဂရုပြုအပ်ပေသည် ။ ဗုဒ္ဓဘာသာသည် ကမ္ဘာ့လူသားထု တစ်ရပ်လုံး ကိုးကွယ်အားထားရာ ဘာသာကြီး လေးခုအနက်မှ တစ်ခုအပါအ၀င် ဖြစ်သည့်အလျောက် သုတေသီတို့က ဘက်စုံထောင်စုံမှ လေ့လာစူးစမ်းမှုများပြုလုပ်ခဲ့ကြရာ အချို့ မှာအပေါ်ယံ အသွင်သဏ္ဌာန်မျှကိုသာကြည့်ပြီး ဗုဒ္ဓဘာသာ၏ တန်ဖိုးကို အကဲဖြတ်ကြ ၊ စာအုပ်စာတမ်းများ ရေးသားပြုစု ကြသည်များလည်း ရှိသည် ။ ထိုသို့အကဲဖြတ်သူများထဲတွင် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို သိနားလည်ခြင်းမရှိသူအချို့ က ဗုဒ္ဓဘာသာဝင်တို့၏ ဗုဒ္ဓဆင်းတုတော် ရှိခိုးပူဇော်သည့် အလေ့အထကို ရုပ်ထုကိုးကွယ်မှု အဖြစ် အစဉ်တစိုက်ဝေဖန် ရှုတ်ချခဲ့ကြသည် ။ ယင်းအလေ့အထသည် သူတို့ အမြင်တွင် အဓိပ္ပါယ်မဲ့ကောင်း မဲ့နေပေလိမ့်မည် ။ သို့ရာတွင် ဘာသာတရားအဆုံးအမနှင့်အညီ မြင့်မြတ်သော ဘ၀တစ်ခုအားမည်သို့ ဆောက်တည် ရမည်ကို သင်ကြားပြသပေးခဲ့သည့် ဆရာသခင်ကျေးဇူးရှင် တစ်ဦးအား အရိုအသေပေး ဂါရ၀ပြုခြင်း၏ ထူးခြားချက်ကိုကား သိနားလည်ခြင်း မရှိကြချေ ။ ဗုဒ္ဓဆင်းတုတော်တို့အား ရှိခိုးပူဇော်သည့် အလေ့အထသည် ဗုဒ္ဓ၏ သစ္စာဥာဏ် ၊ ပါရမီ ၊ အသိပညာ ၊ ဂုဏ်ကျေးဇူး များနှင့် လူသားတို့ကောင်းကျိုးအတွက် မြင့်မြတ်သော စွန့်လွှတ်မှုတို့အား အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်းပြသသည့် နည်းလမ်းတစ်ရပ်သာ ဖြစ်သည် ။ အဆိုပါ အကြောင်းတရားတို့အား သိနားလည်မှုမရှိသည့်အတွက် ဗုဒ္ဓရုပ်ပွားတော်များ ထုလုပ်ပူဇော်ခြင်းအပေါ် ဝေဖန်ပြောဆို ရေးသားကြခြင်း ဖြစ်သည် ။ ဗုဒ္ဓဘာသာဝင်တစ်ဦး အနေနှင့် ဗုဒ္ဓရုပ်ပွားတော် တစ်ဆူအားပူဇော်ဂါရ၀ပြုခြင်းသည် မဖြစ်မနေလုပ်ဆောင် ရမည့်ကိစ္စပေလောဟုပြန်လည် သုံးသပ်ကြည့်သင့်ပေသည် ။ ဆင်းတု ၊ ရုပ်ပွားတော်တို့သည် ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူရေးအတွက် မရှိမဖြစ်လိုအပ်ချက် မဟုတ်သော်လည်း ဗုဒ္ဓရုပ်ပွားတော်အား ပူဇော်ဂါရ၀ပြုခြင်းသည် အဓိပ္ပါယ်ရှိပြီး အကျိုးယုတ်စရာ မရှိသည့် ယုံကြည်ကိုးကွယ်မှုဆိုင်ရာ အလေ့အထတစ်ရပ်သာ ဖြစ်ပေသည် ။ မြင့်မြတ်စင်ကြယ်သော ဘာသာတရားတစ်ခုအား ဝေဖန်ရှုတ်ချရန်အလို့ငှာ အဘယ့်ကြောင့် ဤကိစ္စကို ရှေ့တန်းတင် အသုံးချနေကြသည်ဆိုခြင်းကို ဗုဒ္ဓဘာသာဝင်များအဖို့ နားလည်ရန်ခက်ခဲလှပေသည် ။ ဗုဒ္ဓဘာသာဝင်တို့က ရုပ်ပွားတော်တစ်ဆူဖြင့် ကိုယ်စားပြုထားသည့် သူတို့၏ ဆရာသခင်အားပူဇော်ဂါရ၀ပြုခြင်းသည် လူ့ဘောင် အဖွဲ့အစည်း၏ ကိုယ့်ကျင့်တရား ဆိုင်ရာမူဝါဒ တစ်စုံတစ်ရာနှင့် တစ်ပါးသူတို့၏ လွတ်လပ်ငြိမ်းချမ်း ပျော်ရွှင်မှုအား ထိပါးချိုးဖောက်ရာရောက်နေပါသလော ။ အကယ်စစ်စစ် ဗုဒ္ဓမြတ်စွာသည် ပကာသနလွှမ်းသော ဘာသာရေးအခမ်းအနားများကျင်းပရန် မည်သည့်အခါကမျှအဆိုမပြုခဲ့ပဲ ဓမ္မကိုဖြန်ဖြူးရန်နှင့် မှန်ကန်မြင့်မြတ်သောဘ၀တစ်ခုအား ဆောက်တည်ရေး လမ်းစဉ်တို့ကို ညွှန်ပြရန်သာ အာရုံစိုက်ခဲ့ပေသည် ။ ဗုဒ္ဓမြတ်စွာသက်တော်ထင်ရှား ရှိစဉ်အခါက ဗုဒ္ဓ၏နောက်လိုက် သံဃာတော်များအား ဗုဒ္ဓ ကိုယ်စား ရုပ်ပွားဆင်းတုများထုလုပ်ကိုးကွယ် ကြရန်လည်းမည့်သည့် အခါကမျှ တိုက်တွန်းမှုမပြုခဲ့ပေ ။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုပြီးနောက် အနည်းဆုံး ရာစုသုံးစုခန့်ကြာမှ ဗုဒ္ဓ၏နောက်လိုက် သံဃာတော်များက အရိုအသေပြုစရာ အထိမ်းအမှတ်အဖြစ် ဗုဒ္ဓကိုယ်စား ရုပ်ပွားတော်များ ထုလုပ်ခဲ့ကြခြင်း ဖြစ်ပေသည် ။ ရုပ်ပွားတော်များက ဗုဒ္ဓ၏ ပြီးပြည့်စုံသော ဖြူစင်မှု ၊ ဂရုဏာတရား ၊ ပညာဥာဏ် နှင့် လူယဉ်ကျေးတို့ အလေးထားပူဇော်ခြင်းကို ခံယူထိုက်သော မြင့်မြတ်သည့် အရည်အသွေးများအား ကိုယ်စားပြုလျက်ရှိသည် ။ မည်သို့ပင်ဆိုစေ ဗုဒ္ဓရုပ်ပွားတော်တို့သည် ကမ္ဘာ့အနုပညာရှင်တို့ စွမ်းဆောင်ခဲ့သည့် အလှပဆုံး ၊ အကောင်းမွန်ဆုံး လက်ရာတို့အနက် တစ်ခုလည်းဖြစ်ပေသည် ။ ဗုဒ္ဓဘာသာဝင် မဟုတ်စေကာမူ ဘာသာရေးအစွဲအလမ်း မကြိးသူတစ်ချို့မှာမူ ဗုဒ္ဓရုပ်ပွားတော်တို့က ကြည်ညိုသူ၏ စိတ်ဘ၀င်တွင် နက်ရှိုင်းသောတည်ငြိမ်အေးချမ်းမှုကို ဖန်တီးပေးနိုင်စွမ်းရှိကြောင်း သိရှိကြသည် ။ သို့ဖြစ်ရာ သူတို့၏ နေအိမ် ၊ ရုံးခန်းစသည်တို့တွင် ဗုဒ္ဓရုပ်ပွားတော်များကို အမြတ်တနိုးထားလေ့ရှိကြသည် ။ ထိုသို့လူ့စိတ်အာရုံကို ငြိမ်းချမ်းမှု ပေးစွမ်းနို်င်သည့် ရုပ်ပွားတော်များအား မိမိတို့ အနီးဝန်းကျင်တွင် ထားရှိဖူးမြှော် အာရုံပြုခြင်းသည် ကျန်းမာရေးအတွက်လည်း တန်ဖိုးရှိသော လုပ်ရပ်တစ်ခုပင် ဖြစ်သည် ။ အခြားတစ်ဖက်တွင်ကား အမည်ခံ ဗုဒ္ဓဘာသာဝင်အချို့သည် ဗုဒ္ဓရုပ်ပွားတော် ထုလုပ်ကိုးကွယ်မှုအား ဗုဒ္ဓ၀ါဒ၏ အရေးကြိးဆုံး အနှစ်သာရ အဖြစ် သဘောထားကာ သူတို့၏ ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးကို ဤကြည်ညိုကိုင်းရှိုင်းမှုဆိုင်ရာ အသွင် သဏ္ဌာန်၌သာ အဓိကဗဟိုပြု အားထားနေကြသည်ကိုလည်း တွေ့ရပေသည် ။ ထိုသူတို့ကိုမူ ရုပ်တုဆင်းတု ကိုးကွယ်သူများမဟုတ်ပါဟု ငြင်းဆို ပြောကြားရန်ခက်လှပေသည် ။ ထိုသူတို့သည် ဒဏ္ဏာရီဆန်သော ယုံကြည်မှုများကို အသိတရားကင်းမဲ့စွာ တီထွင်ခဲ့ကြသည် ။ ဗုဒ္ဓမြတ်စွာ၏ မျက်နှာတော်အသွင်အပြင် ၊ လက်ဟန်ခြေဟန် ၊ မျက်လုံးနှင့် ဦးဆောင်းတော်တို့ကို ပုံစံအမျိုးမျိုးဖြင့် ထုလုပ်ကြသည် ။ မဟာလူသားတည်းဟူသော မြတ်ဗုဒ္ဓဘုရားရှင်ကို ကောင်းကင်ဆန်စေခဲ့သည် ။ တန်ခိုးရှင် ၊ ဖန်ဆင်းရှင်နတ်ဘုရားအသွင် သို့ပြောင်းစေခဲ့ကြသည် ။ ယင်းရုပ်ပွားတော်များထံတွင် ဆုတောင်း ပတ္တနာပြုခြင်းဖြင့် သူတို့၏ လောကီရေးရာ လိုအပ်ချက်များ ပြည့်ဝလာလိမ့်မည်ဟု စိတ်ကူးယဉ်နေကြသည် ။ ထိုရုပ်ပွားတော်များသည် ယင်းတို့ကိုတီထွင် ထုလုပ်ကိုးကွယ် သူတို့၏ အသိဥာဏ်ခေါင်းပါးမှု နှင့် ကစဉ့်ကလျား ဖြစ်နေသည့် စိတ်နေသဘောထားတို့၏ ရောင်ပြန်ဟပ်မှုမျှသာဖြစ်ပေသည် ။ ယခုအချိန်အခါသည် ဓမ္မအစစ်အမှန်ကိုအလေးအနက်ထား အာရုံပြုလျက် အဆိုပါရုပ်ပွားတော်များအပေါ် အစွဲအလမ်းကြီးမှုများကို လျှော့ချရမည့်ကာလ ဖြစ်ပေသည် ။ ကိုးကွယ်ယုံကြည်သူတို့၏ စုဝေး၀တ်ပြုရာ ဗဟိုချက်မအဖြစ် ဗုဒ္ဓရုပ်ပွားတော်များအား ထိန်းသိမ်းသွားရပေမည် ။ ယင်းသို့ပြုနို်င်မည်ဆိုလျှင် ဗုဒ္ဓ၀ါဒ၏ ကောင်းမြတ်သော ဂုဏ်သတင်းကို ဆက်လက်ထိန်းသိမ်းသွားနိုင်ပေလိမ့်မည် ။ ကျွန်ုပ်တို့သည် မိမိတို့၏ရိုးရာ ယဉ်ကျေးမှု အစဉ်အလာကိုထိန်းသိမ်းရင်း ဗုဒ္ဓ၀ါဒအား ခံယူကျင့်သုံးသွားနိုင်ပါသည် ။ သို့သော်မိမိတို့၏ မိရိုးဖလာ ဓလေ့ထုံးတမ်းများကို ဗုဒ္ဓ၀ါဒ အတွင်းသွပ်သွင်းခြင်းဖြင့် အရိုးကို အရွက်ဖုံးစေရန်ကား မပြုအပ်ပေ ။ အဘယ့်ကြောင့်ဆိုသော မိရိုးဖလာဗုဒ္ဓဘာသာဝင်များက သူတို့၏လူမျိုးဓလေ့ထုံးတမ်းနှင့် သက်ဆိုင်သော ပွဲလမ်းသဘင်အခမ်းအနားများအား သားစဉ်မြေးဆက် ခံယူကျင်းပကြသည်ကို ဘာသာခြားတို့က ဗုဒ္ဓ၀ါဒ၏ လမ်းညွှန်မှုအရ ပြုလုပ်နေသည်ဟု လွဲမှားစွာမှတ်ယူတတ်ကြသော ကြောင့်ဖြစ်သည် ။ ဘာသာရေးအယူသီးသည့် အစွန်းရောက်ဘာသာခြားအဖွဲ့အစည်း အချို့ကလည်း ဗုဒ္ဓဘာသာဝင် ပညာမဲ့တို့အား သူတို့၏ဂိုဏ်းဂဏအတွင်းသို့ ကူးပြောင်းဝင်ရောက်လာစေရန် ရည်ရွယ်ကာ ပရိယာယ်ဆင်လျက်ဗုဒ္ဓ၀ါဒအား သရော်လှောင်ပြောင် ဝေဖန်ရှုတ်ချမှုပြုရာတွင် ယင်းအခြေအနေအား အသုံးချအမြတ်ထုတ်လေ့ရှိကြသည်ကို ကျွန်တော်တို့ သတိပြုအပ်သည်။ ထို့ကြောင့် အဆိုပါအခမ်းအနား ပွဲလမ်းသဘင်များကို ရိုးရာ ဓလေ့ထုံးစံ၏ တစ်စိတ်တစ်ဒေသ အဖြစ်ကျင်းပလိုသူများအနေဖြင့် ဗုဒ္ဓ၀ါဒ နှင့်ထွေးရောယှက်တင်မဖြစ်စေရန် ယင်းတို့ကိုဗုဒ္ဓဘာသာ ဘုရားကျောင်းကန်တို့၏ ပြင်ပတွင်သာကျင်းပသင့်သည် ။ ဗုဒ္ဓ၀ါဒကိုလူထုအကြား အထင်အမြင်လွဲမှားမှုနှင့် ထိပါးဖျက်ဆီးမှုကို ဖန်တီးနိုင်ရန် အခွင့်သာစေမည့် အဆိုပါအလေ့အထများအား ခွင့်မပြုမိရန် သတိကြီးစွာထားကြရမည် ။ ဒေသတစ်ခု လူမျိုးတစ်မျိုးတွင် ရှေးကာလကပင် အမြစ်တွယ်တည်ရှိခဲ့သော မိရိုးဖလာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတစ်ရပ်ကြောင့် ကိုးကွယ်ရာ ဘာသာတရားအပေါ် အထင်အမြင် လွဲမှားစေခြင်းသည် မိမိတို့ယုံကြည်ကိုးစားရာ ဘာသာတရား အဓွန့်ရှည်စွာ တည့်တံပြန့်ပွားရေးအတွက် ကြီးမားသော အန္တရာယ်တစ်ခုဖြစ်သည်ဆိုခြင်းကို ကျွန်တော်တို့ အလေးဂရုပြုသင့်ကြောင်းရေးသား တင်ပြလိုက်ရပါတော့သည် ။

ဝင်းသိန်းဦးရေးသားသည့် ကျွန်ုပ်တို့ အမှန်တကယ် ယဉ်ကျေးကြပြီလော နှင့် ဓမ္မစာစုများ ဆိုသည့်စာအုပ်မှ ကိုးကားရေးသားခြင်းဖြစ်သည် ။

သက်သတ်လွတ်စားတဲ့ကုသိုလ်ပျက်ပါသလား

အမေး။ ။သက်သတ်လွတ်စားတဲ့ အိမ်ရှင်မတစ်ယောက်က မိသားစုတွေအတွက် အသားဟင်းချက်ပေးတာ သတ်သတ်လွတ်စားတဲ့ ကုသိုလ် ပျက်သွားသလားဘုရား။ တပည့်တော်သိတာက သတ်သတ်လွတ်စားတယ်ဆိုတာသတ္တ၀ါတွေကိုဘေးမဲ့ပေးတယ်ဆိုတဲ့စိတ်နဲ့ စားတယ်လို့ သိထားပါတယ်ဘုရား။ တပည့်တော် အသိ မှန်မမှန်ကို ဖြေပေးတော်မူပါဘုရား။
သန်းသန်းနိုင်
ရန်ကုန်


အဖြေ။ ။ သက်သတ်လွတ်စားရုံနဲ့ ကုသိုလ် မရနိုင်တဲ့အတွက် ဘယ် အသားဟင်းဖြစ်ဖြစ် ချက်ပေးလို့ရပါတယ်။ အကုသိုလ်မဖြစ်ပါဘူး။
သက်သတ်လွတ်နဲ့ပတ်သက်ပြီး သန်းခေါင်ယံအမေးအဖြေစာအုပ်မှာ ဖေါ်ပြထားပါတယ်။ ဘုရားရှင်က ကုသိုလ်ရချင်တယ်ဆိုရင် ပုညကြိယာဝတ္ထု ဆယ်ပါးအနက် ကြိုက်တာကို ရွေးချယ်ပြီး ပြုလုပ်လို့ရပါတယ်။ ဘုရားရှင်က ကုသိုလ်ရချင်တယ်ဆိုရင် သက်သတ်လွတ်စားပါလို့ မဟောထားပါဘူး။ တကယ်တော့ သက်သတ်လွတ်စားတာဟာ ရောဂါကင်းတဲ့အကျိုးတော့ ရရှိပါတယ်။ တစ်ခါက ဆရာလေးတစ်ပါးပြောဖူးတယ်။ သူဟာ ၀ါတွင်းမှာ သက်သတ်လွတ်စားပါတယ်။ အသားနဲ့စားတုန်းကထက် အခုရောဂါကင်းရှင်းနေတာကို တွေ့ရပါတယ်ဘုရား လို့ ပြောဖူးပါတယ်။ ပြီးတော့ ဆရာတော်ကြီးတစ်ပါးကလဲ သူတစ်ပါးက သက်သတ်လွတ်စားတာဟာ ဘာအတွက်လဲလို့ မေးလျှောက်ပါတယ်။ ဆရာတော်က “ သွားကြားထိုးရတာ သက်သာအောင် သက်သတ်လွတ်စားရတာဖြစ်တယ်” လို့ မိန့်တော်မူဖူးပါတယ်။
ဒါကြောင့် ရောဂါကင်းဖို့အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စားတတ်ဖို့လိုပါတယ်။
ဘာကြောင့်ဆိုရင် ကိုယ်စားတဲ့အသားဟာ ကိုယ့်ရည်ရွယ်ပြီးသတ်တဲ့အသားမဟုတ်ရင် သက်သတ်လွတ်ပါတယ်။ နောက်တစ်ခုက သက်သတ်လွတ်စားခြင်းဖြင့် သတ္တ၀ါတွေကို ဘေးမဲ့ပေးရာရောက်ပါတယ် ..ဆိုတာနဲ့စပ်ပြီးပြောပါ့မယ်။ ဒီလိုအသားမစားရုံနဲ့ သတ္တ၀ါတွေကို ဘေးမဲ့ပေးရာမရောက်ပါဘူး။ တကယ်တန်း သတ္တ၀ါတွေကို ဘေးမဲ့ပေးရာရောက်အောင် ပြုလုပ်ချင်တယ်ဆိုရင် ငါးပါးသီလထဲက ပါဏာတိပါတသိက္ခာပုဒ်အရ သူတစ်ပါးအသက်မသတ်ပဲ ရှောင်ကြဉ်လိုက်ရုံပါပဲ။ ဒါဆိုရင် ဘေးမဲ့ပေးရုံမက သီလစောင့်ထိန်းတဲ့ အတွက်ကုသိုလ်တောင် ရပါသေးတယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။

စာရေးသူ- ဦးကောဝိဒ(မြိတ်)

လူ လူချင်း တူပါလျက် ………….


အချို့သူများသည် အသက်တိုပြီး အချို့သူများသည် အသက်ရှည်ကြ၏။


အချို့သူများသည် အနာရောဂါ ထူပြောပြီး အချို့သူများသည် အနာရောဂါ ကင်းရှင်း ကျန်းမာကြ၏။


အချို့သူများသည် ရုပ်ရည် ချောမော လှပပြီး အချို့သူများသည် ရုပ်ဆိုး အကျည်းတန် ကြ၏။


အချို့သူများသည် ချစ်ခင် နှစ်သက် လေးစားသူ အခြွေအရံ ပေါများပြီး အချို့သူများသည် ချစ်ခင် နှစ်သက် လေးစားသူ အခြွေအရံ နည်းပါးကြ၏။


အချို့သူများသည် ပစ္စည်းဥစ္စာ ချမ်းသာ ပြည့်ဝပြီး အချို့သူများသည် ဆင်းရဲမွဲတေ ချို့တဲ့ကြ၏။


အချို့သူများသည် ယုတ်နိမ့်သော အမျိုး၌ လူဖြစ်ပြီး အချို့သူများသည် မြင့်မြတ်သော အမျိုး၌ လူဖြစ်ကြ၏။


အချို့သူများသည် ဥာဏ်ထိုင်း ပညာမဲ့ပြီး အချို့သူများသည် ဥာဏ်ကောင်း ပညာရှိကြ၏။


လူတွေ ဘာကြောင့် မတူကွဲပြား နေကြရပါသနည်း …………………..???

သည်မေးခွန်းများကို လူတိုင်း စိတ်ထဲက မေးမိကြပါသည်။ အဖြေကို သိချင်ကြပါသည်။ သိသလိုလိုနှင့် တကယ် သဘောမပေါက်ကြသေးသူများ များပါသည်။ ကျွန်တော်တို့ သိချင်သလို သိချင်လွန်း၍ လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ခန့်က သုဘလုလင် ဆိုသော လူငယ်တစ်ဦးက ဗုဒ္ဓမြတ်စွာဘုရားသို့ အထက်ပါ အမေးပုစ္ဆာများကို မေးလျှောက်ခဲ့ဖူးသည်။

ထိုအခါ သစ္စာလေးပါး မြတ်တရားကို ဆရာမကူ သယမ္ဘူဥာဏ်တော်ဖြင့် ကိုယ်တော်တိုင် ရှာဖွေ သိရှိခဲ့သော သုံးလောက ထွတ်ထား မြတ်စွာဘုရားက ထိုအမေးများကို ပြန်လည် ဖြေကြားသော အားဖြင့် စူဠကမ္မသုတ်တော် ကို ဟောကြားခဲ့ပါသည်။

ထိုသုတ္တန်အရ ဘ၀အဆက်ဆက် ကျင်လည်ရာ သံသရာတွင်
(၁) သူတစ်ပါး အသက်ကို သတ်ဖြတ်ခဲ့သူများသည် အသက်တိုခြင်း ၊
(၂) သူတစ်ပါးကို နှိပ်စက် ညှဉ်းဆဲခဲ့သူများသည် ရောဂါများ ဖြစ်တတ်ခြင်း ၊
(၃) ဒေါသအမျက် ကြီးသူများသည် ရုပ်ဆိုးအကျည်းတန်ခြင်း ၊
(၄) မိမိထက် စည်းစိမ်ဥစ္စာ ရာထူး စသည် သာသူများအပေါ် မနာလိုစိတ် မွေးကြသူများသည် ချစ်ခင် နှစ်သက်ဝန်းရံသူ အခြွေအရံ မရှိနည်းပါးခြင်း၊
(၅) ပစ္စည်းဥစ္စာများကို တွန့်တိုနှမျောသဖြင့် စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း မပြုခဲ့သူများသည် ဆင်းရဲချို့တဲ့ခြင်း ၊
(၆) မာနကြီးပြီး ဂါရ၀တရား (ရိုသေထိုက်သူကို ရိုသေခြင်း) ၊ နိဝါတ တရား (မိမိကိုယ်ကို နှိမ့်ချခြင်း) တို့ကင်းသူများသည် ယုတ်နိမ့်သော အမျိုး၌ ဖြစ်ရခြင်း ၊
(၇) မိမိ မသိမတတ်သည်များကို ပညာရှိများထံ ချဉ်းကပ်မေးမြန်း၍ ဘ၀အဆက်ဆက် ပညာပါရမီ ဖြည့်ဆည်းခဲ့ခြင်း မရှိသူများသည် ဥာဏ်ထိုင်း အသိပညာနည်းခြင်း

စသည့် အပြစ်များကို အသီးသီး ရရှိကြပြီး
ဆန့်ကျင်ဖက် ဖြစ်သော ကောင်းရာကောင်းကြောင်း ပြုခဲ့သူများသည် ကောင်းသော အကျိုးဆက်များ ဖြစ်သည့်
(၁) အသက်ရှည်စွာ နေရခြင်း
(၂) အနာရောဂါ ကင်းစွာ နေရခြင်း
(၃) ရုပ်ရည် အဆင်း လှပခြင်း
(၄) ချစ်ခင် နှစ်သက် လေးစားသူ အခြွေအရံများခြင်း
(၅) ချမ်းသာ ကြွယ်ဝ ပြည့်စုံခြင်း
(၆) မြင့်မြတ် သန့်စင်သော အမျိုးအနွယ်၌ လူဖြစ်ရခြင်း
(၇) ဥာဏ်ပညာ အသိတရား ကြီးမားခြင်း စသည်တို့ကို အကျိုးအဖြစ် ယခုဘ၀၌ ပိုင်ဆိုင်ရရှိကြပေ၏။

ထိုအကျိုးဆက်သည် မြတ်စွာဘုရား လမ်းညွှန် ဟောကြားခဲ့သည့် မင်္ဂလသုတ်လာ ကောင်းမွန်သော မင်္ဂလာတစ်ပါးဖြစ်သည့် ပုဗ္ဗေစ ကတပုညတာ ဟူသော ရှေးက ပြုခဲ့ဖူးသော ကုသိုလ်ကောင်းမှု အထူးရှိခြင်း မင်္ဂလာတရားပင် ဖြစ်ပါသည်။ လောကီလူ့ဘောင်မှစ၍ လောကုတ္တရာ ကိစ္စများတိုင်အောင် အတော်လေး အရေးကြီးလှသည့် မင်္ဂလာတစ်ပါးဟု ဆိုလျှင် မည်သူမျှ မငြင်းနိုင်ပါ။
ထိုသို့သော အဓိပ္ပာယ်ဖြင့် “ကံသာလျှင် အမိ ၊ ကံသာလျှင် အဖ” ဟူသော စကား ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။ အဓိပ္ပာယ်ကောက် မလွဲအောင် ယူသင့်ပေသည်။

သိုးဆောင်းစကားပုံ တစ်ခုလည်း ရှိပါသည်။ ထိုစကား၏ အဓိပ္ပာယ်ကို ကျွန်တော်တို့ဘ၀တွင် မကြာခဏ မျက်ဝါးထင်ထင် တွေ့မြင်ခံစား အားငယ်နေရတတ်လေ့ ရှိပါသည်။ ထိုစကားကတော့ “ကံတစ်အောင်စသည် ဥာဏ်တစ်ပေါင်ထက် ပိုကောင်းသည်” ဟူသော စကားပင် ဖြစ်ပါသည်။

ထိုသို့ဆိုလျှင် လက်ရှိ ပစ္စုပ္ပန်တွင် ပြုလုပ်နေသော ကံများကရော အရေးမပါဘူးလားဟု မေးစရာ ရှိသည်။ ထိုကံများ ကြိုးစားမှုများသည် အရေးမပါမဟုတ် ၊ ပါပါသည်။ သို့သော် တကယ့်တကယ် အရေးကြီးဆုံး အမြင့်မားဆုံးသော ဆိုသော နေရာများ အရာဝတ္ထုများကို ဥာဏ်တစ်ပေါင် ၊ ၀ီရိယတစ်ပေါင်လောက် မကပဲ တန်ချိန်နှင့်ချီ၍ ကျားကုတ်ကျားခဲ သုံးခဲ့ပါသော်လည်း ကံတစ်ပေါင်သမားများကသာ များသောအားဖြင့် ဖြေးဖြေးမှန်မှန် ရရှိဆွတ်ခူး သွားကြသည်ကို ခဏခဏ တွေ့နေရပါသည်။ တစ်ခါက အက်ဆေးတစ်ပုဒ်ထဲမှာ ကျွန်တော်ရေးခဲ့ဖူးသလို ပုဗ္ဗေစ ကတပုညတာ မင်္ဂလာတရားနှင့် မပြည့်စုံသူများ အတွက်ကတော့ သံသရာသည် သံပုရာထက် အပြန်တစ်ရာ ချဉ်နေဦးမည်သာ ဖြစ်သည်။ ဘယ်သူ့ကိုမျှ အပြစ်တင်၍ ရမည် မထင်ပါ။ စိတ်ကို ဆက်၍ ဖြူအောင်ထားကာ ကောင်းမှု ကုသိုလ်များ ပြုခြင်းဖြင့် ကံကို ပြင်ရန်သာ ရှိပါသည်။

(ဤနေရာတွင် ကြားဖြတ် ပြောလိုသည်မှာ ဘ၀ခြားမှ အကျိုးပေးသောကံ၊ ကာလတို အတွင်း အကျိုးပေးသော ကံ၊ ကာလရှည်အတွင်း အကျိုးပေးသော ကံ စသည်ဖြင့် ဗုဒ္ဓအလိုကျ ကုသိုလ်ကံအမျိုးအစားများ ခွဲခြားထားပုံမှ ရွေးချယ်ပြုလုပ်ပုံကို အလျဉ်းသင့်၍ တကယ် တတ်ကျွမ်းနားလည်သူများတွေ့လျှင် ဆည်းကပ်၍ မေးမြန်း ထားသင့်သည်ဟု ဖော်ပြလိုက်ပါသည်)

နောက်ထပ် ဆွေးနွေးစရာ စိတ်ဝင်စားစရာ တစ်ချက် ရှိပါသေးသည်။ သံသရာ တစ်လျောက်တွင် မရေမတွက်နိုင်လောက်အောင် များပြားလှသော ဘ၀အမျိုးမျိုး ပိုင်ဆိုင်ခဲ့ရမည် ဖြစ်ပြီး ကောင်းသော ဘ၀တွေလည်း ပါခဲ့ဖူးမှာ သေချာလှပေသည်။ သို့ဆိုလျှင် ယခု ထိုကံတွေ ဘယ်ရောက်ကုန်ပြီတုန်း။

ယခုလက်ရှိ ကောင်းသော ဘ၀ကို ပိုင်ဆိုင်ထားရသည် ၊ ဆက်လက်၍ ကောင်းလိုလျှင် ဘာဆက်လုပ် ရမည်နည်း။
ယခုလက်ရှိ ဆိုးလှသော ဘ၀ကို ပိုင်ဆိုင်ထားရသည် ၊ ဆက်လက်၍ မဆိုးလိုတော့လျှင် ဘာဆက်လုပ် ရမည်နည်း။
မြတ်စွာဘုရား၏ တရားတော် များထဲမှ ယူ၍ ပညာရှင်များ သီကုံးထားသော လင်္ကာအပိုင်းအစလေး တစ်ခုသာ ရွတ်ပြလိုက်ပါမည်။

“ရှေးကကောင်းလို့ အခုကောင်းပါတယ်
အခုကောင်း နောင် ပိုကောင်းပါလိမ့်မယ်”
“ရှေးကဆိုးလို့ အခုဆိုးပါတယ်
အခုဆိုး နောင် ပိုဆိုးပါလိမ့်မယ်” ဟူ၏။

ကျွန်တော် ငယ်စဉ်က ဆရာများ သင်ပေးခဲ့သည့် စူဠကမ္မသုတ်တော်၏ အနှစ်ချုပ်ကဗျာလေးကို မှတ်သား သတိရဖွယ် ဖော်ပြပေးလိုက်ပါသည်။

သတ်ဖြတ်ခဲ့လျှင် ၊ သက်တိုရလို့
ရှောင်ကြရှားကြ ၊ သက်ရှည်လို။

ညှဉ်းဆဲခဲ့လျှင် ၊ ရောဂါများလို့
ရှောင်ကြရှားကြ ၊ ကျန်းမာလို။

ဒေါသကြီးလျှင် ၊ ရုပ်ရည်ဆိုးလို့
သည်းခံအကျိုး ၊ လှမည်ကို။

မနာလိုလျှင် ၊ ခြွေရံနည်းလို့
နာလိုသူပဲ ၊ ခြွေရံပို။

မလှူခဲ့လျှင် ၊ ဥစ္စာမွဲလို့
ချမ်းသာဖို့လည်း ၊ ဒါနလို။

မာနကြီးလျှင် ၊ မျိုးနွယ်ယုတ်လို့
မာနကိုဖြုတ် ၊ မျိုးမြတ်လို။

မမေးမြန်းလျှင် ၊ ပညာနည်းလို့
မေးမြန်းသူပဲ ၊ ပညာပို။

ဆိုးအောင်ပြုက ၊ ဆိုးတာရ
ကောင်းမှ ၊ ကောင်းမည်ဆို။

အဲဒါက စူဠကမ္မသုတ္တ အမိန့်တော်ကို။

ဆက်လက်၍ အတွေးဝေဖွယ် မေးခွန်းလေးတစ်ခု ဖော်ပြပေးလိုက်ပါသည်။

“အချို့လူများသည် ဒါနကုသိုလ် ပါ၍ ချမ်းသာခဲ့ပါလျက် / ကောင်းသော ကုသိုလ်ကံများ ခံစားခဲ့ရပါလျက် အဘယ့်ကြောင့် ကြာရှည်မခံ ပျက်စီး လျော့ပါး ဆုံးရှုံးကုန်ကြရပါသနည်း”

၁။( မေး ) ( သိက္ခုာပုဒ်မညီသော ရဟန်းများ )


အရှင်ဘုရား၊ ၀ိနည်းသိက္ခာပုဒ်နှင့်မညီသော ရဟန်းသံဃာများကို ဝေဖန်ပြောဆို ပြစ်တင်ရှုတ်ချလျှင် အပြစ်ဖြစ်ပါသလား၊
( ဥပမာ ) ဓားပြတိုက်ရာတွင် လက်ထောက်ချခြင်း၊ ဆင်းရဲ ချမ်းသာမကြည့်၊ မတရား ဘက်လိုက်သဖြင့် မှန်ကန်သော ဆင်းရဲသား ပိုမို နစ်နာဆုံးရှုံးခြင်း )
( ဥိးခင်မောင်သိန်း-ညောင်ရွှေမြို့ )

( ဖြေ )
ဘုန်းတော်ကြီး ဦသီလ ထေရုပ္ပတ္တိ-၌
ဟဲ့-ငတိုး၊ ရှင်ဘုရင်ကြီးတဦးမှာ သားတော် ၂-ပါးရှိတယ်။
အကြီးက တရားရှိတယ်၊ ခင်မင်ကြည်ညိုသူ များတယ်၊
အငယ်က တရားမရှိဘူး၊ မုန်းတီးသူတွေ များတယ်၊

ထိုလူယုတ်မာလေးကို လက်ဖြင့်သွားလုပ်လျှင် ဘယ်လိုဖြစ်မလဲ။
( သူ့အဖေ ရှင်ဘုရင်ကြီးက လက်ဖြတ်ပါလိမ့်မယ် ဘုရား။)

ဆဲရေးတိုင်းထွာလျှင်ကော၊
( အာဟက်ခံရပါလိမ့်မယ်ဘုရား )

အေးအေး၊ မင်းတို့ ဒီလိုသိရင်တော်ပြီ။
ဘုရားရှင် သားတော်တွေအပေါ်လဲ နင်တို့ သတိထားတတ်ရော့ပေါ့-ဟု မိန့်တယ်။

ဆူးပေါ်ဖက်ကျမို့ ငါဖြင့် လန့်လိုက်လေကွယ်၊ မောင်ဘိုးအင်ရယ်-ဟု
ညောင်လေးပင်မြို့၌ ဦးဘိုးအင် ဆိုသည့် သူ၏မိတ်ဆွေအား ရှေ့နေ ဦးတိုးကြီးက ပြန်၍ ပြောပြဖူးသည်ဆို၏။-ဟု ပါရှိသည်။
ထိုဘုန်းတော်ကြီး ဦးသီလ စကားတော်အတိုင်း မှတ်သားအပ်ပါသည်။
................................................................................................

၂။ ( မေး ) ( ရဟန်း နှင့် သံဃာ )


အရှင်ဘုရား၊ ရဟန်းနှင့် သံဃာ ကွာခြားမှု ရှိပါသလားဘုရား၊
အချို့က ရဟန်းသံဃာ-ဟု တွဲခေါ်ပါသည်၊
ရဟန်းခံပွဲဟုသာ ခေါ်ကြပြီး သံဃာခံပွဲ-ဟု မခေါ်ကြပါ၊
သံဃာတော်များအား ဆွမ်းခဲဘွယ်ဘောဇဉ် ပစ္စည်းဝတ္ထု လှူသည်ဟုသာ သုံးကြပါသည်၊ ရှင်းပြတော်မူပါဘုရား။
( တင်တင်ယု-ရွှေပြည်သာမြို့နယ် )

( ဖြေ )
ပုဂ္ဂိုလ်တပါးချင်းကို ရဟန်း-ဟုခေါ်၍ လေးပါးနှင့် လေးပါးမှအထက်ကို သံဃာ-ဟု ခေါ်ပါသည်။
သံဃာဟူရာ၌ မှတ်သားရန်မှာ သံဃာဟုဆိုလျှင် ရဟန်းတော်တို့၏ အစုအဖွဲ့ အပေါင်းအစည်းဟု မှတ်သား၍ မြတ်စွာဘုရားလက်ထက်က
အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်မဟာကဿပမှစ၍
သာသနာ တလျှောက်လုံးနှင့် ယခုမျက်မြင်ထင်ရှားရှိသော ရဟန်းသာမဏေများအထိ မြင်ရန်လိုအပ်ပါသည်။

ထိုသို့မြင်ထားမှသာလျှင် သံဃာတော်ဟုဆို၍ လှူဒါန်းရာ၌ ရဟန်းသာမဏေတပါးကို ဆွမ်းလောင်းရာ၌ဖြစ်စေ၊ သံဃဿ ဒေမ-ဟု
ဆို၍ လှူလျှင် သံဃာတော်အားလုံးကို လှူရာရောက်ပါသည်။ ယင်းသို့ သံဃာတော် အားလုံးကို အာရုံပြု၍ လှူရာ၌ ဒုဿီလ၊ အလဇ္ဇီ-ဟူ၍ မရှိတော့ပါ၊
ထို့ကြောင့် ဗုဒ္ဓဘာသာတိုင်း သံဃာတော်အား လှူဒါန်းပူဇော်တတ်ရန်နှင့် ရဟန်းနှင့်သံဃာကို ကွဲပြားရန် အထူးပင် အရေးကြီးပေသည်။

...................................................................................................................................

၃။ (မေး )
လူနှစ်ဦးတို့သည် ဤလူ့ပြည်က တပြိုင်နက်သေ၍ တဦးက ဗြဟ္မာ့ပြည့်၌ ဖြစ်၍
တဦးက ဤလူ့ပြည်၌ ဖြစ်ကြရာ အဘယ်သူက အလျင်ဖြစ်နိုင်ပသနည်း။

( ဖြေ )
မည်သည့်ဘ၀၌ပင်ဖြစ်စေ အဘိဓမ္မာအရ စုတိစိတ် နောင်-ပဋိသန္ဓေစိတ် ဖြစ်ရ၍ ဗြဟ္မာပြည်နှင့် ဤလူ့ပြည် နှစ်ရပ်၌ တပြိုင်နက်ပင် ပဋိသန္ဓေယူနိုင် ဖြစ်နိုင်ကြပါသည်။

ရှင်းလင်းချက်။ ။ ဤအကြောင်းကို ထင်ရှားရန် မိလိန္ဒပဥှာမှ လောကနှစ်ခု ဖြစ်ရမှု၌ တူမျှပုံ ပြဿနာကို ဖော်ပြပါမည်။

မိလိန္ဒမင်းသည် -အရှင်ဘုရား နာဂသေန ဤလူ့ပြည်၌ သေလွန်၍ ဗြဟ္မာ့ပြည်၌ ဖြစ်သောသူ၊
ဤလူ့ပြည်၌ သေလွန်၍ ကသ္မီရတိုင်း၌ ဖြစ်သောသူ
ဤသူနှစ်ဦးတို့တွင် အဘယ်သူက ကြာမြင့်၍ အဘယ်သူက လျင်မြန်ပါသနည်း-ဟု မေးလျှောက်သော်

မင်းမြတ်-ထိုသူနှစ်ယောက်တို့သည် အညီအမျှပင် အတူတူပင် ဖြစ်ပါ၏-ဟု မိန့်တော်မူ၏။

အရှင်ဘုရား၊ ဥပမာပြုတော်မူပါဦးလော့
မင်းမြတ်၊ သင်သည် အဘယ်မြို့၌ မွေးဖွားပါသနည်း၊
အရှင်ဘုရား၊ ကလသိမည်သော ရွာ၌ မွေးဖွားပါသည်။

မင်းမြတ်၊ ၄င်းကလသိရွာသည် ဤသာဂလမြို့မှ အဘယ်မျှလောက် ဝေးကွာပါသနည်း။
အရှင်ဘုရား၊ ယူဇနာအားဖြင့် နှစ်ရာတိုင်တိုင် ဝေးကွာပါသည်။

မင်းမြတ်၊ ကသ္မီရတိုင်းသည် ဤသာဂလပြည်မှ အဘယ်မျှလောက် ဝေးကွာပါသနည်း၊
အရှင်ဘုရား၊ တဆယ့်နှစ်ယူဇနာ ဝေးကွာပါသည်။

မင်းမြတ်၊ တိုက်တွန်းပါ၏၊ သင် မင်းမြတ်သည် ကလသိရွာကို ကြွစည်အောက်မေ့ပါလော့။
အရှင်ဘုရား၊ ကြံစည်အောက်မေ့၍ ပြီးပါပြီဘုရား။

မင်းမြတ်၊ တိုက်တွန်းပါ၏၊ သင်မင်းမြတ်သည် ကသ္မီရတိုင်းကို ကြံစည်အောက်မေ့ပါလော။
အရှင်ဘုရား၊ ကြံစည်အောက်မေ့၍ ပြီးပါပြီဘုရား။

မင်းမြတ်၊ အဘယ်အရပ်ကို ကြာမြင့်စွာ ကြံစည်အောက်မေ့ရသနည်း။
အဘယ်အရပ်ကို လျင်မြန်စွာ ကြံစည်အောက်မေ့ရသနည်း။
အရှင်ဘုရား၊ အညီအမျှပင် ကြံစည်အောက်မေ့ရပါသည်ဘုရား။

မင်းမြတ်၊ ဤအတူသာလျှင် ဤလူ့ပြည်၌ သေလွန်၍ ဗြဟ္မာ့ပြည်၌ ဖြစ်သောသူ၊ ဤလူ့ပြည်၌ သေလွန်၍ ကသ္မီရတိုင်း၌ ဖြစ်သောသူ၊
ဤသူနှစ်ဦးတို့သည် အညီအမျှပင် (အတူတူပင်) ဖြစ်ကြရပါကုန်၏-ဟု ဖြေတော်မူလေ၏။

ဤအမေးအဖြေ၌ မိလိန္ဒမင်းက အချို့လူများ ယူဆသကဲ့သို့ သေသူ၏အသက်ဝိညာဉ်သည် ဤဘ၀က သေဆုံးပြီးလျှင်
မိမိပဋိသန္ဓေတွယ်နေရမည့် ဘ၀သို့ ရှာဖွေ၍ သွားနေရသည်၊ ဘ၀တခုနှင့်တခု အကြား၌ ၀ိညာဉ်သည် တွယ်စရာမရှိ၊ လွင့်ပါးသွားလာနေရသေးသည်
-ဟု ယူဆ၍ မေးခြင်းဖြစ်သည်။

အရှင်နာဂသေန-က အဘဓမ္မာအရ စုတိစိတ် အဆုံးသတ်ချုပ်လျှင် (သေဆုံးလျှင်) ထိုစုတိစိတ်၏ အခြားမဲ့၌သာလျှင်
ပဋိသန္ဓေစိတ် ဆက်ဖြစ်သည်။ မည်သည့်ဘ၀ မည်မျှလောက် ဝေးသည့် ဘုံသို့ပင် ဖြစ်ရမည် ဖြစ်စေ၊ သာဂလနေပြည်တော်မှ ကလသိရွာကို စိတ်ကူး၍ ချက်ချင်းထင်မြင်ရသလိုပင်
စိတ်မြန်သလောက် အမြန်ပင် ဖြစ်ရကြောင်း ဥပမာပြ၍ ဖြေဆိုတော်မူလေသည်။

ဤအမေးအဖြေကို ထောက်ဆ၍ သေလွန်သူသည် ဘ၀တခုသို့ မရောက်မီ ကြားဘ၀တခုရှိနေသေးသည်၊ ခုနှစ်ရက်ခန့် လွင့်ပါးနေရသေးသည်၊
အိမ်အနီးမှာပင် စောင့်ဆိုင်းနေရသေးသည်၊ ထိုအခိုက်တွင် တန်ခိုးရှင်တို့ကဲ့သို့ အရာခပ်သိမ်းကို မြင်နိုင်သည်။
မိမိအလောင်းအနီး၌ ဆွေမျိုးတို့ ငိုနေသည်ကိုပင် တွေ့နေရသည်၊ လိုရာအရပ်သို့ ခဏချင်း သွားရောက်နိုင်သည်ဟူသော
ဝိညာဉ်ဝါဒ ရှိသူတို့၏ အယူကို ပယ်ဖျောက်နိုင်ပေတော့သည်။


၎။ ( မေး ) ၀ိဓူရဇာတ်လာ ပုဏ္ဏက-၏ သိန္ဓောမြင်းသည် လူ့စိတ်ထက် မြန်သည်-ဟု ဆိုပါသည်၊ နတ်မြင်းဖြစ်သော်လည်း လူ့စိတ် မြန်သည်ထက် ပို၍ မြန်နိုင်ပါမည်လော။

( ဖြေ )
နတ်က ဖန်ဆင်းထာေးသာ မြင်းဖြစ်၍ လူ့စိတ်ထက်မြန်အောင် သွားနိုင်သည်ဆိုသည်မှာ မှန်ပါသည်။

ရှင်းလင်းချက်။ ။ နတ်ပြည်၌ တိရစ္ဆာန်မရှိ၊
သိကြားမင်း၏ ဧရာဝဏ်ဆင်၊
မာရ်နတ်၏ မဏိမေခလာဆင်၊
ဝေဇယန္တာရထား၌ ကထားကြသော သိန္ဓောမြင်း၊
ပုဏ္ဏက-၏ မနောမယ သိန္ဓောမြင်းတို့မှာ နတ်သားများဖြစ်ကြသည်။
ဆိုင်ရာနတ်မင်းများ ဆင်မြင်းတို့နှင့် သွားလာရန်ကိစ္စပေါ်မှ ဆင်၊ မြင်း သဏ္ဍာန် ဖန်ဆင်းကြခြင်း ဖြစ်လေသည်။
၎င်းနတ်ဆင် နတ်မြင်းတို့ သွားကြသည် ဆိုရာမှာလည်း ပကတိခြေဖြင့် သွားကြသည်မဟုတ်၊ စိတ်ဖြင့်သွား၍ စိတ်မြန်သလောက် မြန်စွာရောက်ကြသည်။

ဤ၌ စိတ်သွားသည် ဆိုရာမှာလည်း တင်စား၍ဆိုခြင်းပင် ဖြစ်သည်၊ စိတ်က သွားသည်မဟုတ်၊ အဝေး၌ရှိသော အာရုံကို ယူခြင်း၊
တွေးဆခြင်း၊ တွေးဆတိုင်း စိတ်ကရောက်ခြင်းကိုပင် စိတ်သွားသည်-ဟု ဆိုရပါသည်။

ပုဏ္ဏက-နတ်မြင်းမှာ မနောမယ သိန္ဓ၀မြင်းဟု ဆိုပေရာ စိတ်ဖြင့်ပြီးသော သိန္ဓောမြင်းဟု ဆိုသဖြင့် လူ့စိတ်ထက်
အဆများစွာမြန်သော နတ်တို့စိတ်ဖြင့်သွား၍ သိန္ဓောမြင်း ဖြစ်လျက် လူ့စိတ်ထက် မြန်သည်-ဟု ဆိုရခြင်း ဖြစ်ပါသည်။


၅။ ( မေး ) ကြယ် လ နက္ခတ်များ စုံချိန်တွင် ကောင်းကင်ကို ကြည့်ရာ ကြယ် လ နက္ခတ် အများအပြားကို မြင်ရာ၌ တပြိုင်နက်ပင် မြင်လေသလော၊ တခုပြီးတခု မြင်လေသလော။

( ဖြေ )
တခုပြီးမှ တခုကို မြင်ခြင်းဖြစ်သည်။
စိတ် အဖြစ်-အချုပ် မြန်သဖြင့် တပြိုင်နက် မြင်သည်-ဟု ထင်ရပါသည်။

ရှင်းလင်းချက်။ ။ အဘိဓမ္မာသဘောအရ စက္ခုပသာဒ (မျက်စိ) က အဆင်းအာရုံ တခုခုကို ကြည့်ရှုလျှင်
ဦးစွာ စက္ခုဒွါရ၀ီထိကျ၍ ဘ၀င်စိတ်များ ထိုက်သင့်သရွေ့ ဖြစ်ပြီး မနောဒွါရ၀ီထိများ လေးဝီထိမျှ ဘ၀င်ခြား၍ ဖြစ်ပြီးမှ
မိမိကြည့်ရှုသော ရုပါရုံတခု (ကြယ်တလုံး) ကို သိမြင်နိုင်သည်။

ထိုဝီထိများ ချုပ်ပြီးနောက်မှ နောက်ထပ် ကြယ်တလုံးအတွက် ရှေးနည်းတူ ၀ီထိများဖြစ်ရသည်။
စိတ်၏ ဖြစ်မှု ချုပ်မှုမှာ လျင်မြန်လွန်းလှသည်၊ ကြယ်-တလုံးပြီးမှ တလုံး မြင်ရသည်ကို တပြိုင်နက် တချက်တည်း မြင်သကဲ့သို့ ထင်ရလေသည်။

မျက်စိတမှိတ် လျှပ်တပြက် အချိန်အတွင်း၌ စိတ် စေတသိက် နာမ်တရားများ ကုဋေတသိန်းမက ဖြစ်ပျက်နေကြသည်ကို
သတိပြု၍ အထက်ဖော်ပြပါ သဘောတရားများကို သဘောကျနိုင်စရာ ရှိပေသည်။

...............................................................................................................................................
၆။( မေး ) ( ၀ိပါက်အမှန် ဇောအပြန် )
ဆရာတော်ဘုရား ၀ိပါက်မှာ အမှန်-ဇောမှာအပြန်-ဟူသော စကားကို ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။
( လင်းထိုက်-လမ်းမတော် ရန်ကုန် )

( ဖြေ )
အဘိဓမ္မာသဘောအရ အလွန်လိုအပ်သော ဘုရားအစရှိသော အာရုံတို့ကို မြင်ရခြင်းသည် ကုသလ၀ိပါက်
( ကုသိုလ်၏ အကျိုးတရား ) ပင် ဖြစ်သည်။
သူတော်ကောင်းတို့အဖို့ ထိုဘုရား အစရှိသော အာရုံတို့ကို မြင်ရလျှင် မဟာကုသိုလ် သောမနဿဇောများ ဖြစ်ပွားကြသည
်။ ၄င်းမှာ ၀ိပါက်အမှန် ဇောအမှန်ပင် ဖြစ်လေသည်။

သို့သော် မိစ္ဆာဒိဋ္ဌိအယူရှိသူတို့အဖို့ကား ကုသိုလ်အကျိုးကြောင့် တွေ့ကြုံဖူးတွေ့ရသော မြတ်စွာဘုရား၏ အဆင်းသဏ္ဍာန်၌

ကုသိုလ်ဇော မစောနိုင်ဘဲ အကုသိုလ် ဒေါသဇောများ စောရလေသည်။ ၄င်းမှာ ၀ိပါက်အမှန် ဇောအပြန်-ဖြစ်ခြင်းပင်တည်း။

မစင်ပုပ် စသော မကောင်းသောအာရုံကို တွေ့ကြုံရခြင်းမှာ အကုသလ၀ိပါက်ဖြစ်၍ အကုသိုလ် ဒေါသဇော စောရမည်ဖြစ်သော်လည်း
ခွေးတို့အဖို့ကား နှစ်သက်ဝမ်းသာ သာယာမက်မော သောမနဿဇော ဖြစ်လေရာ ယင်းမှာလည်း ၀ိပါက်အမှန် ဇောအပြန်-ဖြစ်ခြင်းတမျိုးပင်။
...................................................................................

၇။ ( မေး ) ( သိမ်ဝင် စိပ်ပုတီး )
အရှင်ဘုရား၊ ရိုးရိုး ပုတီတကုံးထက် သိမ်ဝင်ထားတဲ့ ပုတီးက ဘာအကျိုးကျေးဇူးတွေ ပိုပါသလဲဘုရား။
ဘာအတွက် ကောင်းပါသလဲ ဘုရား။
( မသန္တာဦး-ပုဏ္ဏားကုန်းတောင်ပိုင်း၊ တာမွေ-ရန်ကုန် )

( ဖြေ )
သိမ်ဝင် ပုတီး၊ သိမ်ဝင် အပ်၊ သိမ်ဝင် သပိတ်ကွဲ စသည်တို့မှာ အထက်ဂိုဏ်းဆရာတို့၏ အသုံးအနှုန်းများသာ ဖြစ်ပါသည်။
သိမ်ဝင်ပုတီးဖြင့် ပယောဂပူးဝင်နေသော လူနာအား စွပ်ပေးခြင်း၊ သိမ်ဝင်အပ်ဖြင့် နတ်ရဲ သစ်ပင်အား စိုက်ခြင်း၊ သိမ်ဝင်
သပိတ်ကွဲ၌ အင်းချ၍ မြှုပ်ခြင်းတို့မှာ ယင်းဂိုဏ်းဆရာတို့၏ အလုပ်အဆောင်များဖြစ်ကြောင်း ကြားသိရဖူးပါသည်။

သာသနာဆိုင်ရာကိစ္စများ၌ သိမ်ဝင်ပုတီးစသည် မလိုအပ်ပါ၊ သိက္ခာကာမ သီလ၀န္တ လဇ္ဇီပေသလ ဆရာတော်ကြီးများကလည်း
ဥပသမ္ပဒ ကံဆောင်ရာ၌ ပုတီးများထည့်ခြင်းတို့ကို အားပေးလေ့မရှိပါ၊ ဒါယကာတို့အလိုအားလျော်စွာ မဆန့်ကျင် လိုက်လျောသည့်သဘောဖြင့်
တားမြစ်ခြင်းမပြုဘဲသာ နေကြပါသည်၊ ဂုဏ်တော်ပုတီးစိပ်ရာ၌ သိမ်ဝင်ပုတီးဖြစ်၍လည်း မည်သို့မှ အကျိုးကျေးဇူး ပိုမိုလာမည်မဟုတ်၊
ရိုးရိုးပုတီးပင် ဖြစ်လင့်ကစား ဘုရား တရား သံဃာ ရတနာသုံးပါး ဂုဏ်တော်၌ သမာဓိရအောင် ပွားများနိုင်လျှင် အကျိုးထူးလှပါသည်။
......................................................................

၈။ ( မေး ) ( ရဟန်းဒါယိကာမနှင့် အသက်အရွယ် )
ဆရာတော်ဘုရား လာမည့်နှစ်တွင် ကိုရင်တပါးနှင့် မောင်လေးများကို ရဟန်းခံပေးခင်ပါသည်၊
ယခု တပည့်တော်မ အသက်မှာ ၂၈-နှစ်ပါ။ ၄၅-နှစ်မပြည့်လျှင် ရဟန်းအမ မလုပ်ရဘူး-ဟု ပြောကြပါသည်၊
အဲဒါ- ဟုတ်ပါသလား၊ တပည့်တော်မ ရဟန်းဒါယိကာမ သိပ်ဖြစ်ချင်ပါတယ်၊ ကျေးဇူးပြု၍ အမြန်ဖြေကြားပေးပါဘုရား။
( မနီနီအေး-ရွှေငါးကိတ်မုန့်တိုက်၊ ကန်ဦးရပ်-ကျောက်ဆည် )

( ဖြေ )
မည်သည့်အသက်အရွယ် ရောက်မှ ရဟန်းဒါယိကာမ၊ ကျောင်း-ဘုရား ဒါယိကာမ ဖြစ်ရမည်ဟု စာပေအထောက်အထားမရှိပါ။
ရှေးဘုရင်များသည် ပထမကျော် သာမဏေများ၊ စာပေတတ်ကျွမ်းသော ရဟန်းတော်များကို သမီးတော်လေး များအား
ဒါယိကာမပြု၍ ရဟန်းခံစေ သိမ်ထပ်စေပါသည်။ ကျောင်းဆောက် လှူဒါန်းစေပါသည်၊
သာယာဝတီမင်း၏ သမီးတော်ကြီး ( နောင်-မင်းတုန်းမင်း၏ မိဖုရားကြီး ) စကြာဒေ၀ီ၊ မင်းတုန်းမင်း၏ ပင်တိုင်စံ သမီးတော် စလင်း မင်းသမီးတို့သည်
မင်းသမီးငယ်ကလေး ဘ၀ကပင် ခမည်းတော်များက ချီးမြှောက်၍ ရဟန်းဒါယိကာမများ ဖြစ်ခဲ့ကြသည်။

သီပေါမင်း၏ မိဖုရား စုဖုရားလတ်သည်လည်း မင်းသမီးငယ်ဘ၀ကပင် ရဟန်းအမ ကျောင်းအမ ဖြစ်ခဲ့ပါသည်။
ဤကဲ့သို့ ငယ်စဉ်ကပင် သာသနာတော်ကို ချီးမြှောက်လိုစိတ် ပေါ်ပေါက်သည်မှာ ရှေးရှေးဘ၀များစွာက အထုံပါရမီ ပါခဲ့ခြင်းကြောင့် ဖြစ်ပါသည်။
အကောင်းအထည်ပေါ်အောင် ကြိုးစားင သာသနာ့မိခင်တဦး ဖြစ်လာပါစေဟု တိုက်တွန်းအပ်ပါသည်။
..................................................................................(
၉။ ( မေး ) ( အလှူခံနှင့် အဖိုးအခ )
အရှင်ဘုရား၊ တပည့်တော်တို့ ဗုဒ္ဓဘာသာတွေမှာ ဘုရားအတွက်၊ ကျောင်းအတွက်၊ ကထိန်အတွက် ဆိုပြီး အလှူခံဌာနတွေ ပြုလုပ်ကာ
အပြောအဟောကောင်းစွာဖြင့် အလှူခံနေကြတာကို တွေ့ရပါသည်။
အချို့အလှူခံဌာနများမှာ ဟောပြော၍ အလှူခံပေးသူအား အလှူခံ၍ ရရှိသည့် ငွေထဲမှ ရာခိုင်နှုန်းဖြင့် ပေးရသည်-ဟုသိရပါသည်၊
ဘုရား ကျောင်း ကထိန်အတွက် ရည်ရွယ်ပြီး လှူဒါန်းထားသော ငွေထဲမှ ထိုသို့ဖြတ်ယူ သုံးစွဲခြင်းသည် အပြစ်ရှိပါသလား။
အပြစ်ရှိလျှင် အတိမ်အနက် ဖော်ပြပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်။
( ဦးတင်အုန်း-မင်းဒင်လမ်း၊ သုဝဏ္ဏ )

( ဖြေ )
စေတနာ့ဝန်ထမ်း နိဗ္ဗာန်ဆော်များ ရှိသကဲ့သို့ အခစားနိဗ္ဗာန်ဆော်များလည်း ရှေးရှေးကပင် ရှိခဲ့ပါသည်။
မူလကပင် ဤရွေ့ဤမျှယူရန် အခကြေးငွေ နေ့တွက်ဖြင့်ဖြစ်စေ ရာခိုင်နှုန်းအနေဖြင့် ဖြစ်စေ ဖြတ်ထားပြီး
ထိုအတိုင်း မှန်ကန်စွာ ယူသူတို့အဖို့ အပြစ်ရှိဖွယ် မမြင်ပါ။
စေတီတဆူ တည်ဆောက်ရာ၊ ကျောင်းတဆောင် ဆောက်လုပ်ရာတို့၌ ကုန်ကျစရိတ်တွင် ပန်းရန်ခ၊ လက်သမားခ များလည်း
အပါအ၀င်ဖြစ်သကဲ့သို့ အလှူခံ၍ ရသောငွေကြေးတွင်လည်း အခစား နိဗ္ဗာန်ဆော်တို့အတွက် အဖိုးအခလည်း ပါရမည်သာ ဖြစ်ပါသည်။
၎င်းတို့၏ အပြောအဟော လုပ်အားခမှာလည်း ဘုရား ကျောင်းကန် တည်ဆောက်ရာ၌ ပန်းရန်ခ၊ လက်သမားခတို့နှင့် အလားတူပင် ယူဆနိုင်ပါသည်။

၁။( မြန်မာလူမျိုးနှင့် မြတ်စွာဘုရား )


( မေး ) ဆရာတော်ဘုရား ဗုဒ္ဓ-အလောင်းအလျာသည် အန္တိမဘ၀ နောက်ဆုံးကာလ၌ ခတ္တိယနှင့် ဗြဟ္မဏအမျိုးတို့၌သာ ဖြစ်ရသည်-ဟု စာအုပ်တအုပ်၌ တွေ့ပါသည်။
သို့ပါ၍ မြန်မာလူမျိုး ဘုရားဖြစ်နိုင်-မဖြစ်နိုင် သိလိုပါသည်ဘုရား။
( မျိုးညွှန့်-မြန်မာခရီးသွားလုပ်ငန်းဌာန၊ ရန်ကုန် )

( ဖြေ )
ဓမ္မတာအားဖြင့် ဘုရားအလောင်းတော်များ လူ့ပြည်တွင် ပဋိသန္ဓေ နေတော်မူခါနီး၌ ကြည့်ခြင်းကြီး ငါးပါးဖြင့် ကြည့်လေ့ရှိသည်။
ယင်းတို့မှာ ၁။ ကာလ-ဘုရားဖြစ်ရာ ကာလ ( အသက်တသိန်းတန်းနှင့် တရာတန်း ကြားကာလ )
၂။ ဒီပ-ကျွန်းလေးကျွန်းတွင် ဇမ္ဗူဒိပ်ကျွန်း
၃။ ဒေသ-ဇမ္ဗူဒိပ်ကျွန်း၏ အချက်အချာ မဇ္ဈိမဒေသ
၎။ ကုလ-အမျိုးလေးပါးတွင် ခတ္တိယနှင့် ဗြဟ္မဏမျိုး
၅။ မာတု အာယုပရိစ္ဆေဒ-မယ်တော်၏ ဆယ်လနှင့် ခုနစ်ရက် အသက်အပိုင်းအခြား-ဟူ၍ ငါးပါးဖြစ်သည်။

မြန်မာနိုင်ငံသည် မဇ္ဈိမဒေသ၏ အပြင်ဘက်၌ ကျနေခြင်း
( ဗောဓိပင်ကို ဗဟိုထား၍ အိန္ဒိယပြည် ဗီဟာနယ်တွင် အရှေ့လားသော်-ဇင်္ဂလနိဂုံး။
အရှေ့တောင်လားသော်-သလ္လ၀တီမြစ်။
အနောက်လားသော်-ထူနပုဏ္ဏားရွာ။
မြောက်လားသော်-ဥသိရဒ္ဓဇတောင်။
အတွင်း အ၀န်း ယူဇနာ ကိုးရာ အတွင်း၏ အပြင်ဒေသ ဖြစ်နေခြင်း ) ကြောင့် မြန်မာလူမျိုး ဘုရားဟူ၍ ဖြစ်နိုင်ဖွယ် မရှိပါ။
သို့သော် လူ့သမိုင်းအရ မြန်မာလူမျိုးတို့သည် မြတ်စွာဘုရား၏ သကျသာကီဝင်မျိုးမှ ဆင်းသက်လာကြောင်း အဆိုရှိသဖြင့် တနည်းအားဖြင့် မြန်မာတို့သည် မြတ်စွာဘုရား၏ အမျိုးအနွယ်များပင် ဖြစ်သဖြင့် ကျေနပ်အားရဖွယ်ပင် ဖြစ်ပေသည်။
.....................................................................................................................................

၂။( လက်ဝတ်ရတနာ ဌာပနာသွင်းခြင်း )


( မေး ) ဘုရားစေတီများတွင် အဖိုးတန် လက်ဝတ်ရတနာများ ထည့်သွင်း ဌာပနာခြင်း၏ အဓိပ္ပါယ်ကို ရှင်းလင်းစွာ ဖြေကြားပေးတော်မူပါဘုရား။
( မောင်စိုးလတ်-ထားဝယ်မြို့ )

( ဖြေ )
ဘုရားစေတီများတွင် အဖိုးတန် လက်ဝတ်ရတနာများကို ဌာပနာရာ၌ အဓိပ္ပါယ် ၂-မျိုးရှိပါသည်။
၁။ အဓိပ္ပါယ်တမျိုးမှာ စေတီတော်အတွင်း ဌာပနာတိုက်၌ ကိန်းအောင်း စံပယ်တော်မူကုန်သော သရီရဓာတ်တော်
မွေတော်များနှင့် ဥဒ္ဒိဿစေတီတော်များအား မိမိ၏အသုံးအဆောင် လက်ဝတ်ရတနာများဖြင့် ပူဇော်ခြင်းဖြစ်သည်။

၂။ အခြားအဓိပ္ပါယ်တမျိုးမှာ နောင် ဤဓာတုစေတီတော် ပျက်စီးသွားလျှင် မိမိဌာပနာလိုက်သော အဖိုးတန် လက်ဝတ်ရတနာများကို ထုခွဲ၍ ရရှိလာသော ငွေအသပြာတို့ဖြင့် ပြန်လည်ပြုပြင် တည်ထားရန် ရည်ရွယ်ခြင်း ဖြစ်ပေသည်။

ယင်းအမှတ် ၂-အဓိပ္ပါယ်ကို အသောကမင်းကြီး ဓာတ်တော် မွေတော်များကို မြှုပ်နှံဌာပနာရာ၌ ကြီးမားလှစွာသော ပတ္တမြားကြီးကို ဌာပနာသွင်းကာ နောင်သောအခါ မင်းဆင်းရဲသည် ဤပတ္တမြားကိုယူ၍ ထုခွဲရောင်ချပြီးသော် ဓာတ်တော်များအား ပူဇော်မှု ပြုစေသတည်း-ဟု ကမ္ပည်းရေးထိုးခဲ့ကြောင်းဖြင့် ထင်ရှားသည်။

ထို့ပြင် မြန်မာနိုင်ငံ အထက်ပိုင်း မြို့တမြို့တွင် ရှေးဟောင်းစေတီတဆူ ပြိုပျက်ရာတွင် ဌာပနာတိုက်မှ ၁၇ိ/သားခန့်ရှိသော ငွေတုံးတတုံးကို တွေ့ရကြောင်း ထိုငွေတုံးကြီးတွင် နောင် ဤစေတီ ပြိုပျက်ပါက ဤငွေတုံးကြီးကို ထုခွဲရောင်းချ၍ ရရှိသော ငွေဖြင့် ပြန်လည်တည်ထားကြပါကုန်-ဟု ကမ္ပည်းရေးထိုးထားကြောင်း ကြားသိရဖူးပေသည်။
မည်သည့်အဓိပ္ပါယ်နှင့် ဌာပနာသွင်းသည်ဖြစ်စေ အလွန်ထက်သန် ကောင်းမွန်သော စေတနာများဖြစ်သည်၊
ကုသိုလ်အထူး ဆည်းပူးပြုလုပ်မှုမျိုးပင် ဖြစ်သည်။ အလွန်အကျိုးရှိသည်ဟူ၍သာ မှတ်သားသင့်ပါသည်။

...................................................................................................................................................

၃။( မေး ) ( သောတာပန်နှင့် အရက် )


ဘုရားလက်ထက်က အရက်သမား သောတာပန်-ဟူ၍ ရှိခဲ့သည်ဟု ကြားဖူးပါသည်၊ ဟုတ် မဟုတ် ဖြေကြားပေးတော်မူပါဘုရား။
( မလှလှ-မန္တလေး )

( ဖြေ )
အရက် အလွန်သောက်သော သရဏာနိ သာကီဝင် မင်းသားအား မြတ်စွာဘုရား တရားဟော၍ သောတာပန်ဖြစ်သွားသည်၊ သောတာပန်ဖြစ်ပြီးသည့် နောက်တွင်ကား အရက်မသောက်တော့ချေ၊
သောတာပန်ပုဂ္ဂိုလ်တို့မည်သည်မှာ ငါးပါးသီလကို မည်သည့်အခါမျှ ဖောက်ဖျက်သည်မဟုတ်။
သောတာပတ္တိမဂ်ဖိုလ်စသော အရိယာတရားတို့သည် လောကတွင် အယဉ်ကျေးဆုံး တရားတော်များ
ဖြစ်သည်၊

အရက်သည် လောကတွင် အရိုင်းစိုင်းဆုံး၏ အကြောင်းတရားဖြစ်သည်၊
လွန်စွာဆန့်ကျင်သည်ဖြစ်သဖြင့် အရက်နှင့် ရေ ရောနှော၍ သောတာပန်ပုဂ္ဂိုလ်၏ ပါးစပ်တွိင်းသို့ ထည့်လျှင်
ရေသာဝင်၍ အရက်မ၀င်ကြောင်း သီလက္ခန္ဓ၀ဂ္ဂ အဋ္ဌကထာတွင် ဖွင့်ဆိုပါသည်၊ ထို့ကြောင့် အရက်သမား သောတာပန်-ဟူ၍ မရှိနိုင်ကြောင်း အထူးမှတ်သားသင့်ပါသည်။
........................................................................................
၎။( မေး ) ( သီလရှင်ဝတ်ခြင်း )


သီလရှင် ၀တ်ခြင်းသည် ၀တ်သူနှင့် ၀တ်သူ၏မိဘများ၌ မည်ကဲ့သို့ အကျိုးကျေးဇူး ရှိနိုင်သည်ကို ရှင်းပြပေးတော်မူပါဘုရား။
( နုနုခိုင်-မြို့နယ်စာရင်းရုံ၊ အိမ်မဲမြို့ )

( ဖြေ )
ဗုဒ္ဓစာပေတွင်
၁။ ဥပသမ္ပဒ ပဗ္ဗဇ္ဇ
၂။ သာမဏေရ ပဗ္ဗဇ္ဇ
၃။ ဣသိ ပဗ္ဗဇ
............................................................................................

၅။( ကုသိုလ်ဖြစ်ရန် လိမ်လည် လှည့်စားခြင်း )

( မေး )။ ၁။ လူတဦးတယောက်အား ကုသိုလ်ရပါစေခြင်းအကျိုးငှါ လိမ်လည်လှည့်ဖြားမိသည်ဆိုလျှင် ထိုလိမ်သူမှာ မုသာဝါဒကံ ထိုက်ပါသလား။
၂။ သာသနာတော် စည်ပင်စေရန် လူငယ်လူရွယ်တို့အား လောကုတ္တရာဘက်သို့ အာရုံစိုက်လာစေရန် ၄င်းတို့အကြိုက် ( ဥပမာ-နစ္စ၊ ဂီတ၊ စသည်တို့နှင့် ) ဖြားယောင်းသွေးဆောင်၍ စည်းရုံးလှုံ့ဆော်ခြင်းသည် အပြစ်ရှိပါသလား ဘုရား။
( မောင်ဆွေတင့်-မြို့နယ်ပညာရေးမှူးရုံး၊ ရွှေတောင်မြို့ )

( ဖြေ )။ လိမ်လည်လှည့်ဖြားခြင်း မုသာဝါဒကံမှာ
၁-မဟုတ်မမှန်သော ၀တ္ထုလည်းဖြစ်စေ၊
၂-ချွတ်ယွင်းစေလိုသော စိတ်ရှိသည်လည်းဖြစ်စေ၊
၃-ကိုယ်နှုတ်နှစ်ပါးတွင် တပါးပါးဖြင့် သိအောင်လည်းပြုစေ၊
၎-တပါးသူက ပြုသည့်အတိုင်း သိလည်းသိစေ-
ဤအင်္ဂါလေးပါးနှင့်ညီလျှင် မုသာဝါဒဖြစ်ပါသည်။
သို့သော် သူတပါးအကျိုးပျက်စီးမှု အကြီးအသေးပေါ် မူတည်၍ အပြစ်အကြီးအသေး ကွားခြားနိုင်ပါသည်။

လူတဦးတယောက်အား ကုသိုလ်ရပါစေခြင်းငှါ-ဟု ရည်ရွယ်ချက်ရှိ၍ ပြောဆိုခြင်းမှာ အပြစ်မကြီးဟု ဆိုနိုင်သည်။
သို့သော် လိမ်လည်မှုအစား ပရိယာယ်ပြုခြင်းမျိုးကို ပြုလုပ်သင့်ပါသည်။
သာဓကမှာ-တမ္ဗဒါဌိက ခိုးသားကြီးသည် အရှင်သာရိပုတ္တရာအား တပည့်တော် ငါးဆယ့်ငါးနှစ်ပတ်လုံး လူသတ် ခဲ့သည်မှာ ကိုယ်သတ်ချင်၍ သတ်သည်မဟုတ်၊ ရှင်ဘုရင် သတ်ခိုင်း၍ သတ်ရပါသည်၊ တပည့်တော်မှာ အပြစ်ရှိပါသလား-ဟု ဆိုသည်၊
ဤတွင် အပြစ်ရှိသည်ဟု ပြောလျှင် ၄င်းခိုးသားကြီး စိတ်လှုပ်ရှား၍ တရားမနာနိုင်ဖြစ်ကာ ကောင်းကျိုးမရဖြစ်မည်ကြောင့် ရှင်ဘုရင် သတ်ခိုင်း၍ သတ်ခြင်း၌ သင့်မှာ အပြစ်ရှိနိုင်ပါ့မလား-ဟူ၍ ရှိသည်ဟုလည်းမဆို၊ မရှိသည်ဟုလည်းမဆို၊ ပရိယာယ်အမေးစကားဖြင့် ဖြေလိုက်သည်၊ ပညာနည်းသော ခိုးသားကြီးစိတ်တွင် ငါ့မှာ အပြစ်မရှိဘူး-တဲ့ ဟု သိမြင်သွားကာ ကောင်းစွာ တရားနာနိုင်၍ တမလွန်ဘ၀တွင် တုသိတာနတ်ပြည်သို့ ရောက်သွာရပေသည်။

၂။ ဇနပဒကလျာဏီအား စွဲလမ်း၍ ရဟန်းတရား အားမထုတ်နိုင်သော ညီတော် နန္ဒ-ရဟန်းအား မြတ်စွာဘုရားက နတ်ပြည်ခေါ်သွားကာ နတ်သမီးများကိုပြရာ ဇနပဒကလျာဏီ အစွဲပျောက်ပြီး နတ်သမီးများအား စွဲလမ်းသွားသည်၊ ဤတွင် ရဟန်းတရားအားထုတ်လျှင် ဤနတ်သမီးများကို ရနိုင်ကြောင်း မြတ်စွာဘုရားက နတ်သမီးဖြင့် သွေးဆောင်၍ တရားအားထုတ်စေသည်၊ ညီတော်နန္ဒလည်း တရားအားထုတ်ကာ ရဟန္တာအဖြစ်သို့ ရောက်သွားပါသည်၊ ဤသို့ ဆူးတချောင်းစူးသည်ကို ဆူးတချောင်းဖြင့် ထွင်သည့်သဖွယ် ပရိယာယ်ဖြင့် ဖြားယောင်းသွေးဆောင်၍ လောကုတ္တရာဘက်သို့ ရောက်စေသည်မှာ အပြစ်ရှိသည်ဟု မဆိုနိုင်ပါ။
........................................................................................................................................
၆။( ငရဲ နှင့် ၀ဋ် )


( မေး)။ ငရဲမှာ အပ ၀ဋ်မှာအမြဲ-ဟူသော ဆိုရိုးစကားရှိပါသည်၊ မည်သည့်အတွက်ကြောင့် ငရဲမှာ ကုသိုလ်ဖြင့် ဆေးကြောလို့ရပြီး ၀ဋ်ကျတော့ မရပါသလဲဘုရား၊ ရှင်းလင်း မိန့်ကြားပေးပါရန်။
( မနိုင်နိုင်မော်-ပုလောမြို့ )

( ဖြေ )။ ငရဲဟူသည်မှာ အကုသိုလ်၏ ပဋိသန္ဓေကျိုးဖြစ်၍
ဝဋ်ဟူသည်မှာ အကုသိုလ်၏ ပ၀တ္တိအကျိုး ဖြစ်ပါသည်။
ကုသိုလ်ကောင်းမှုများကို စဉ်ဆက်မပြတ် ပြုလုပ်ခြင်းဖြင့် ကုသိုလ်ကောင်းမှုများက သုဂတိဘ၀များ၌ ပဋိသန္ဓေ အကျိုးများ ဆက်ကာဆက်ကာ ပေးသွားလျှင် ငရဲပဋိသန္ဓေများ ကြားမ၀င်နိုင်ပါ၊
ဘ၀တခုခု၌ မဂ်တရား ဖိုလ်တရားများကို ရရှိသွားလျှင် ငရဲဟူသော ပဋိသန္ဓေကျိုးမှာ အဟောသိကံ ဖြစ်သွားရသည်။
ဝဋ်ဟူသည်မှာ ပဋိသန္ဓေကျိုး မဟုတ်ပါ၊ သုဂတိဘ၀၌ပင် ကုသိုလ်ကျိုးများ အကြား၌ အခြားအကုသိုလ်ကံ တခုခု၏ ဥပထမ္ဘက-ထောက်ပံ့မှုကို ရလျှင် ကုသိုလ်အကျိုးပေးတို့ ကွာဟ လစ်ဟင်းနေရာ၌ အန္တရာယ်အနေဖြင့် ၀င်ရောက်၍ အကျိုးပေးနိုင်ပါသည်။
.....................................................................................................................................
၇။ (ဘုရားခန်းနှင့် အောက်ထပ် )

( မေး )။ အောက်ထပ် အိမ်ထောင်စုများ၌ ဘုရားခန်းထား၍ ကိုးကွယ်ရာ အပေါ်ထပ် အိမ်ထောင်စုတို့၏ အောက်မှာ ဖြစ်နေတတ်၍ ဘုရားခန်း၏အပေါ်၌ သွားလာနေထိုင်သူများ၌ အပြစ်ရှိပါသလား၊
သို့မဟုတ် အောက်ထပ်၌ ဘုရားခန်း ထားသူများမှာ အပြစ်ရှိပါသလား၊
ဖြေကြားပေးပါရန် လျှောက်ထားပါသည်ဘုရား။
( ဒေါ်တင်တင်-ရန်ကင်း )

( ဖြေ )။ အထက်ထပ်၌ နေသည်ဖြစ်စေ၊ အောက်ထပ်၌ နေသည်ဖြစ်စေ၊ ဗုဒ္ဓရှင်တော်မြတ်ဘုရား၌ ကြည်ညိုကိုးကွယ်ကြသော ဗုဒ္ဓဘာသာဝင်များပီပီ ဘုရားခန်းကို တခမ်းတနားထား၍ ကိုးကွယ်ကြခြင်းမှာ ဓမ္မတာဖြစ်ရသည်။
အောက်ထပ်ဖြစ်၍ ဘရားခန်း မထားသင့်-မကိုးကွယ်သင့်ဟူ၍ မဖြစ်သင့်ပါချေ။
မိမိတို့နေထိုင်ရာ နေရာ၌ အထွတ်မြတ်ဆုံးထား၍ ကိုးကွယ်ကြရန်သာ ဖြစ်သည်။
ဤသို့ အောက်ထပ်၌ ဘုရားထား၍ ကိုးကွယ်ခြင်းကြောင့် အထက်ထပ်၌ နေသူတို့အတွက်လည်း မရိုမသေ ပြုမူသည်မမည်။ ပကတိနေမြဲအတိုင်း နေပါ၊ အပြစ်ဖြစ်စရာ အကြောင်းမရှိပေ။

သာဓကအနေဖြင့် ဆိုရသော်
ဥတ္တရသတို့သမီးသည် မိမိခင်ပွန်းဖြစ်သူက ဗုဒ္ဓရှင်တော်မြတ်ဘုရားအား ကိုးကွယ်သူမဟုတ်၍ ခင်ပွန်းဖြစ်သူအား မိမိကိုယ်စား သီရိမာအား အထက်ထပ်၌ ပြုစုလုပ်ကျွေးစေခဲ့သည်၊ မိမိက အောက်ထပ်သို့ ဆင်းလာပြီး ဘုရားအမှူးရှိသော သံဃာတော်တို့အား ခုနစ်ရက်ပတ်လုံး ပင့်ဖိတ်၍ ဆွမ်းလုပ်ကျွေးခဲ့လေသည်။
မြတ်စွာဘုရားကိုယ်တော်တိုင်လည်း ဥတ္တရာရှိရာ ပြသာဒ်အောက်ထပ်၍ ကြွရောက်ချီးမြှောက်ခဲ့သည်။
ထို့ကြောင့် အိမ်အောက်ထပ်၌ နေထိုင်သော်လည်း ဘုရားခန်းထား၍ ကိုးကွယ်သင့်သည်သာ ဖြစ်ပါ၏၊ ဘုရားခန်းသို့ အမှုန်အမှိုက်များ မကျရောက်နိုင်ရန် အ၀တ်မျက်နှာကြက်စသည် လှလှပပ ပြုလုပ်ပူဇော်ထားကြရန်ကား လိုပေလိမ့်မည်။
................................................................................................................................................................

၈။(လူဝတ်ကြောင် နှင့် ဆယ်ပါးသီလ)


မေး။ လူဝတ်ကြောင်များ ဆယ်ပါးသီလဆောက်တည်လျှင် မည်ကဲ့သို့ ကျင့်ကြံနေထိုင်ရမည်ကို ဖြေကြားပေးတော်မူပါရန်။
( ဟင်္သာတ-ဦးအောင်ဖေ၊ ဟင်္သာတမြို့ )

ဖြေ။ ဆယ်ပါးသီလသည် ခံယူ၍ ဆောက်တည်ခြင်း၊ မခံယူပဲ ဆောက်တည်ခြင်း ဟူ၍ ၂-မျိုးရှိပါသည်။ လူဝတ်ကြောင် (လူဝတ်လူစား) ဖြင့် ရဟန်းသံဃာစသည်များထံ၌ ခံယူ၍ဆောက်တည်လျှင်လည်း ဆောက်တည်နိုင်ပါသည်။
သို့မဟုတ် ရသေ့စသည်တို့ကဲ့သို့ ဖန်ရည်ဆိုးသောအ၀တ်ကို ၀တ်၍လည်း ဆောက်တည်နိုင်ပါသည်။
ဖန်ရည်ဆိုးသောအ၀တ်ကို ၀တ်လျှင် ဆယ်ပါးသီလ အထူးခံယူဖွယ်မလို၊ အလိုလို ခ့ယူပြီးဖြစ်၍ မဆောက်တည် မစောင့်ရှောက်ပဲ မနေရတော့ပေ၊
ရသေ့၊ ယောဂီ၊ သီလရှင် စသော ဖန်ရည်ဆိုးဝတ်ပုဂ္ဂိုလ်တိုင်းပင် ဆယ်ပါးသီလကို နိစ္စသီလအဖြစ် ဆောက်တည် ကျင့်သုံးရတော့သည်။

လူဝတ်ကြောင်ဖြင့် ခံယူဆောက်တည်မှုမှာ နိစ္စသီလမဟုတ်၊ ခံယူသော နေ့တနေ့တာ၊ သို့မဟုတ် မိမိစောင့်ရှောက်နိုင်သမျှ စောင့်ရှောက်နိုင်၏၊ သို့သော် ရှစ်ပါးသီလထက်ပို၍ ဆောက်တည်ထားသမျှ ကာလပတ်လုံး အိမ်မှုရေးရာများကို စွန့်လွှတ်ထားနိုင်ရမည်၊ ဖန်ရည်ဆိုးအ၀တ် ၀တ်းထားသူကဲံသို့ ကျင့်သုံးနိုင်ရမည်။
လယ်ျတီဆရာတော်ဘုရားကြီးက ဤဆယ်ပါးသီလသည် နိစ္စ-အနိစ္စ နှစ်မျိုးရ၏၊ အိမ်မှုရေးရာကို စွန့်လွှတ်၍ အ၀တ်ကြောင်ဟူသော ပကတိလူတို့အ၀တ်ကို ပယ်၍ အရဟတ္တဓဇ အ၀င်အပါ ညောင်ခေါက် စသည် ဆိုးအပ်သော ယောဂီအ၀တ်ကို ၀တ်သူ လူသူတော်ကောင်းတို့အား ထိုဆယ်ပါးသီလသည် နိစ္စသီလမျိုး ဖြစ်၏။
ယောဂီဝတ်ကို ၀တိမိသည်နှင့်တပြိုင်နက် ထိုသူအား ဆယ်ပါးသီလသည် တည်လေတော့၏၊ ယောဂီဝတ်ကို ၀တ်မိသည်နှင့်တပြိုင်နက် မမြတ်သောအကျင့်ကို ကျင့်ခြင်း၊ နေလွဲ ညစာ စားခြင်း၊ ရွှေငွေကိုင်ခြင်း၊ စသည်တို့ကို မပြုလုပ်ရတော့ပြီ၊ လွန်ကျူးမိလျှင် အပြစ်ရှိ၏-ဟု သီလ၀ိနိစ္ဆယ၌ ဆိုတော်မူထားပေသည်။
အထူးမှာ-လူဝတ်ကြောင်တို့သည် ဆယ်ပါးသီလကို ဆောက်တည်ထားက မိမိပိုင်ဥစ္စာဖြစ်သော အိမ်မှာရှိသည့် ရွှေငွေဘဏ္ဍာများ၌ အာလယဖြတ်ထားသင့်သည်၊ ယင်းတို့ကိစ္စကို မဆောင်ရွက်ခြင်း၊ ယင်းတို့၌ သာယာမှုကို ပယ်ရှားခြင်းနှင့် လူမှုကိစ္စများကို လုံးဝရှောင်ရှားနိုင်ရန် အရေးကြီးပေသည်၊ ထို့ကြောင့် ဆယ်ပါးသီလရှင်သည် ၀တ်ကြောင်ကိုစွန့်၍ ဖန်ရည်ဆိုးအ၀တ်နှင့်သာ လျှော်သည်ဟု ရှေးဆရာတို့ ဆိုပေသည်၊ ဖြစ်နိုင်လျှင် ၄င်းသီလခံယူထားက အိမ်ကိုမပြန်ဘဲ ကျောင်းကန်တို့တွင်သာ နေထိုင်အိပ်စက်သင့်ပါသည်။

၉။( အလှူဒါန မှုကိစ္စ )
မေး။
၁။ အလှူဒါနပြုရာတွင် ဆုတောင်းမှ ရပါသလားဘုရား၊ မည်သည့်ဆုမျိုး တောင်းရပါသနည်း။
၂။ အလှူဒါန စုပေါင်းပြုလုပ်ရာတွင် စေက်ချသူ ( ရေစက်ခွက်ကိုင်သူ ) နှင့် မကိုင်သူ မည်သူပို၍ ကုသိုလ်ရပါနည်း
၃။ အမြတ်ဆုံးအလှူသည် မည်သည့်အလှူဖြစ်ပါသနည်း ဖြေကြားတော်မူပါရန်။
( ဦးမြင့်မောင် ကျေး/ဂျာ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ ကန်ဘလူမြို့ )

ဖြေ။ ( ၁ ) လူမိုက် အလှူ၊ ပေးပါမူလည်း၊ ရွယ်ချူဖိုလ်မဂ်၊ မပန္နက်တည့်-ဟု အရှင်မဟာသီလ၀ံသက စပ်ဆိုပါသည်၊ အလှူဒါနပြုလုပ်ကြရာတွင် မဂ်ဖိုလ်နိဗ္ဗာန်ဆုကို မတောင်းဆိုလျှင် လူမိုက်ပင်ဖြစ်သည်ဟု ဆိုလိုသည်။ ဒါနပြုမှု၊ သီလဆောက်တည်မှု၊ ပြုလုပ်တိုင်းပင် ဆရာတော်များက ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု-ဟူသော ဆုတောင်းကို တိုင်ပေးလေ့ရှိပါသည်၊ ဤကဲ့သို့ နိဗ္ဗာန်ဆုကို တောင်းမှလည်း မိမိပြုသော ဒါနမှု၊ သီလမှုများမှာ ပါရမီဒါန၊ ပါရမီသီလ ဖြစ်၍ နိဗ္ဗာန်မျက်မှောက်ပြုသည်အထိ အကျိုးပေးပါလိမ့်မယ်။
ဆုမတောင်းဘဲ ပြုသော ဒါနမှုစသည်များမှာ လူ့စည်းစိမ် နတ်စည်းစိမ်ဖြစ်သည့် ၀ဋ်အတွင်းမှာသာအကျိုးပေးပေ
လိမ့်မယ်၊ ထို့ကြောင့် နိဗ္ဗာန်ဆုကို တောင်းဖြစ်အောင် တောင်းသင့်ပါသည်။

( ၂ ) စုပေါင်း၍ အလှူဒါနပြုရာတွင် ဦးဆောင်ပုဂ္ဂိုလ် တဦးဦးကသာ ရေစက်ခွက်ကို ကိုင်၍ ရေစက်ချလေ့ ရှိပါသည်၊ အိမ်တအိမ်မှ အလှူလုပ်ရာတွင်လည်း အိမ်၏ဦးဆောင်ပုဂ္ဂိုလ်၊ ပဓာနပုဂ္ဂိုလ်များက ရေစက်ချလေ့ ရှိပါသည်၊ လူစေ့ လက်စေ့ ရေစက်ခွက် မကိုင်သော်လည်း စေတနာအတူတူ ထားကြသူများဖြစ်က အတူတူပင် ကုသိုလ်ရပါသည်။

( ၃ ) သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ-ဟုမြတ်စွာဘုရား သံယုတ်ပါဠိတော်၌ ဟောတော်မူသည့်အတိုင်း
အလှူဒါန ဟူသမျှတွင် ဓမ္မဒါနက မြတ်သည်ဟု ဆိုရပါမည်၊
ဓမ္မဒါနဟူသည်မှာ တရားဟောခြင်း၊ ပါဠိအဋ္ဌကထာ ကျမ်းဂန်များကို ပို့ချခြင်း၊ ပြဿနာကို ဖြေဆိုခြင်း၊ ကမ္မဋ္ဌာန်းတရားကို ညွှန်ကြားခြင်း စသည်များနှင့် ပရိယတ္တိ ပဋိပတ္တိ သာသနာတော်များကို ချီးမြှောက်သော ရှင်ပြုခြင်း။ ရဟန်းခံခြင်း၊ ပိဋကတ်စာပေများကို လှူဒါန်းခြင်းနှင့် ကထိန်ခင်း လှူဒါန်းခြင်း စသည်များပင် ဖြစ်သည်။
                                                                                                                          • .


၁၀။( မေး )။ အသုဘယာဉ်ကို နိဗ္ဗာန်ယာဉ်ဟု အဘယ့်ကြောင့် ခေါ်ပါသနည်း၊ ယင်းသို့ ခေါ်ခြင်းကြောင့် ဘာသာမတူသူများက နိဗ္ဗာန်ဆုတောင်းသည်ကို တမျိုးထင်နေကြပါသည်၊ နိဗ္ဗာန်ယာဉ်ဟူသော အမည်အစား အသုဘယာဉ်ဟု ပြင်ဆင်သင့်၊ မသင့် ဖြေကြားပေးတော်မူပါရန်။
( မောင်စိုးနြင့်-လမ်းမတော်မြို့နယ် )

( ဖြေ )။ ရှေးဆရာမြတ်များက
သေခြင်းတပါး၊ ဤတရားကား၊ များပြားလူ့ဘောင်၊ အကျိုးဆောင်သည်၊ အိုအောင်အောင်းမေ့၊ စီးဖြန်းကြ-ဟု မိန့်တော်မူသည်။
သေခြင်းတရား မရဏာနုဿတိကို အခါခပ်သိမ်း ဆင်ခြင်းပွားများနေလျှင် နိဗ္ဗာန်မဂ်ဖိုလ်ကို အမြန်ဆုံး မျက်မှောက်ပြုနိုင်ကြောင်း ဟောကြပါသည်၊ အလွန်မာန်မာနကြီးသော ခေမာမိဖုရားကြီး စသည်တို့ကို သေခြင်းတရားပြ၍ တရားထူးကို ရစေပါသည်၊
သားသေ၍ သောကများနေသော ကိသာဂေါတမီအားလည်း သေခြင်းတရားကို မြင်အောင်ပြ၍ မြတ်စွာဘုရား တရားဟောပါသည်၊
ယသသူဌေးသားနှင့် အဖော် ၅၅-ဦးတို့သည် ဇရပ်တွင် အလိုလိုသေ၍ ပုပ်နေသော အသုဘအလောင်းကောင်ကို ဆောင်ယူသင်္ဂြိုဟ်ခဲ့ပါသည်၊ ထို့ကြောင့် ယသသူဌေးသားဘ၀တွင် သူငယ်ချင်းတစု မဂ်ဖိုလ်နိဗ္ဗာန်တရားကို လွယ်လွယ်နှင့် ရနိုင်ခဲ့ပါသည်၊
ထိုပကြောင့် မိမိတို့အနီးတွင် တဦးဦးသေလွန်၍ အသုဘကြုံလျှင် သေခြင်းတရာကို ပွားများခြင်း၊ ရှုဆင်ခြင်ခြင်းနှင့် အသုဘကို ၀ိုင်းဝန်းပို့ဆောင် သင်္ဂြိုဟ်ပေးခြင်းဖြင့် နိဗ္ဗာန်တရားကို ဤမျက်မှောက်ဘ၀တွင် မြင်သိစေနိုင်အောင်၊ သို့မဟုတ် နောက်နောက်ဘ၀တို့တွင် လွယ်လွယ်ကူကူ မြင်သိနိုင်အောင်၊ ပါရမီဖြစ်အောင် အားထုတ်နိုင်ရန်အတွက် လူသေ အသုဘတင် ယာဉ်ကို နိဗ္ဗာန်ယာဉ်၊ ကျန်ရစ်သူများ နိဗ္ဗာန်ရရေး အားပေးဖြစ်ပေါ်စေသော ယာဉ်-ဟု ရှေးက ဝေါဟာရပြုခဲ့ဟန် တူပါသည်။ ရှေးက အခမဲ့ကုသိုလ်ဖြစ် အသုဘပို့သောယာဉ်ကို နိဗ္ဗာန်ယာဉ်ဟု ခေါ်ခြင်းဖြစ်သောလည်း ယင်းဝေါဟာရအတိုင်း ခေါ်ဝေါ်နေခြင်းပင် ဖြစ်ပေသည်၊ သို့သော် ယခုခေတ်တွင် အသုဘယာဉ်ဟုလည်း ခေါ်ဝေါ်နေကြပါသည်၊ နိဗ္ဗာန်ယာဉ်ဟူသော ဝေါဟာရမှာ ဖော်ပြပါအတိုင်း နက်နဲသောသဘောကို ဆောင်သော်လည်း ဗုဒ္ဓဘာသာတို့အဖို့ တွေးတောစဉ်းစား သံဝေဂပွားနိုင်သဖြင့် အကျိုါ်ရှိသော ဝေါဟာရဖြစ်ပါသည်
........................................................................................................
၁၁။( ကျောင်းပရိဝုဏ်အတွင်း ဖိနပ် စီးကောင်း မစီးကောင်း )


( မေး )။ ၁။ ကျောင်းပရိဝုဏ်အတွင်း လူများ ဖိနပ် စီးကောင်း မစီးကောင်း သိလိုပါသည်ဘုရား။
၂။ ကျောင်းတိုက်ပိုင် ဆရာတော်က ဖိနပ်စီးခွင့် ပြုနိုင် မပြုနိုင် သိလိုပါသည်ဘုရား။
( ရှင်ပုည-အရိယ၀ံသကျောင်းတိုက် ဘာအံမြို့ )

( ဖြေ )။ ကျောင်းပရိဝုဏ်အတွင်း လူများ ဖိနပ်စီကောင်း မစီးကောင်းနှင့်ပတ်သက်၍ ကိုးကာဖော်ပြကြရသော အထောက်အထားမှာ ရာဇာ ကိရ ပုဗ္ဗေ စေတိယင်္ဂဏေ သဥပါဟနော အဂမာသိ၊ နိသဇ္ဇနတ္ထာယ ပညတ္တကဋသာရကဉ္စ အဓောတေဟိ ပါဒေဟိ အက္ကမိ။ ( ဒီ-ဋ္ဌ ၁-၁၂၆ ) ပါဠိဖြစ်သည်။
ဗိမ္ဗိသာရမင်းကြီး ခြေဖ၀ါး ဓားခွဲခံရပြီး နတ်ရွာစွရသည်မြှ ရှေးရှေးဘ၀က စေတီ ယင်ပြင်တော်၌ ဖိနပ်စီး၍ သွားခဲ့ဖူးခြင်းနှင့် ရဟန်းသံဃာတို ထိုင်ရန်ခင်းထားသော အခင်း (ဖျာ) ပေါ်ကို ခြေမဆေးဘဲ (ပေကျံသော ခြေဖြင့်) နင်းသွားဖူးသောကြောင့် ဖြစ်ရသည်ဟု အဓိပ္ပါယ်ရသည်၊ ဈွှေယင်ပြင်ဟုသာဆို၍ ကျောင်းပရိဝုဏ်ဟုကား မဆိုပါ၊ ကျောင်းနှင့်စပ်၍ကား သံဃာများ နေထိုင်ရန် ခင်းထားသောဖျာ စသည့် အခင်းပေါ်၌ ခြေမဆေးဘဲ ပေပေကျံကျံ ခြေဖြင့် နင်းသွးခြင်းကို ဆိုပေသည်။
ဤဖိနပ်ကိစ္စမှာ အမျိုးသာယဉ်ကျေးမှုနှင့် ဆက်စပ်နေဟန် တူပါသည်။ မြန်မာ့ယဉ်ကျေးမှုအရ လေးစားအပ်သော ပုဂ္ဂိုလ်တို့ရှေ့သို့ ဖိနပ်ချွတ်၍ သွားရသည့်ထုံးစံ ရှီပေသည်၊ ယင်းမြန်မာယဉ်ကျေးမှုမှာလည်း ဗုဒ္ဓဘာသာ မူရင်းမှ သက်ဆင်းရာ အိန္ဒိယယဉ်ကျေးမှုနှင့်လည်း ဆက်စပ်လာပုံရပါသည်၊ ဘာသာရေး အဆောက်အအုံများသို့ ၀င်တိုင်းပင် အိန္ဒိယနိုင်ငံတွင်လည်း ဖိနပ်ချွတ် အလေ့ရှိနေပေသည်၊ အိန္ဒိယနည်းတူပင် သီရိလင်္ကာ၊ နီပေါလ် စသည့်နိုင်ငံများမှာလည်း ဤအတူ ဖိနပ်ချွတ်လေ့ရှီသည်၊ အရှေ့ဘက် နိုင်ငံများ၌ကား ဤဓလေ့မရှိကြပါ၊ အထူးတလည် ရိုသေလေးစားမှု ဂါရ၀နိဝါတ တရားအရ မြန်မာ့ရှေးထုံးစဉ်လာ ဖြစ်နေသဖြင့် ဘုရားကျောင်းကန်တို့မှာသာမက မိမိတို့အိမ်ပေါ် တိုက်ခန်းတို့မှာပင် ဖိနပ်ချွတ်ခြင်းမှာ ယဉ်ကျေးသောအမူအရာများဖြစ်၍ လက်ခံထိုကသောကိစ္စပင် ဖြစ်ပါ၏၊ အထူးမှာ သံဃာတော်များထိုင်ရန် ခင်းထားသော ဖျာအခင်းတို့တွင် ပေကျံသောခြေတို့ဖြင့် မနင်းမိရန်နှင့် ကျောင်းပေါ်တက်ရာ၌ ခြေကိုစင်ကြယ်အောင် သုတ်သင်ရန် အရေးကြီးကြောင်းကိုပါ သတိပြုကြရန်ပင်၊ ယဉ်ကျေးမှုနှင့်စပ်လျင်း၍ ဖိနပ်ချွတ်ခြင်းဖြစ်၍ ကျောင်းဆရာတော်တို့၏ ခွင့်ပြုမှု မပြုမှုတို့ကို ဤတွင် ထည့်သွင်းစဉ်းစားရန် လိုတော့မည် မထင်ပါ။
( အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်နှင့် မဟာစည် သာသနာ့ရိပ်သာကျောင်းတိုက် စသည့် အချို့ကျောင်းတိုက်ကြီးတို့တွင်မူ ကျောင်းပေါ်မှာသာ ဖိနပ်စီးခွင့် မပေးပဲ၊ ကျောင်းပရိဝုဏ်အတွင်း ဖိနပ်စီးခွင့် ပေးထားပါသည်။)
...........................................................................................
၁၂။( ကာမေသုမိစ္ဆာစာရနှင့် ဒု သ န သော )


( မေး ) အမျိုးသားများသည် လင်ရှိမယားကို ကျူးလွန်၍ ကာမေသုမိစ္ဆာစာရထိုက်သကဲ့သို့
အမျိုးသမီးများသည် မယားရှိလင်နှင့် ကျူးလွန်က ကာမေသုမိစ္ဆာစာရ ထိုက်ပါသလားဘုရား။
ကာမေသုမိစ္ဆာစာရနှင့် ဒု သ န သော မည်သို့ထူးပါသလဲဘုရား။
ဒု သ န သော အဓိပ္ပါယ်ကိုလည်း သိလိုပါသည်ဘုရား။
( မောင်လေးမြင့်-ဥက္ကံမြို့ )။ ဦးဝင်းဆွေ-ညောင်ရွှေမြို့ )။ ဦးစောထွန်း-တောင်သာမြို့ )။

( ဖြေ ) အမျိုးသားများဆိုင်ရာ ကာမေသုမိစ္ဆာစာရနှင့် အမျိုးသမီးများဆိုင်ရာ ကာမေသုမိစ္ဆာစာရကို ရှင်းလင်းသိသာရန် ဖော်ပြလတံ့ပါ မိန်းမနှစ်ကျိပ်ကို လေ့လာမှတ်သားထားပါ။

၁။ မာတုရက္ခိတာ-အမိစောင့်ရှောက်သော မိန်းမ။
၂။ ပိတုရက္ခိတာ-အဖစောင့်ရှောက်သော မိန်းမ။
၃။ မာတာပိတုရက္ခိတာ-မိဘနှစ်ပါး စောင့်ရှောက်သော မိန်းမ။
၎။ ဘာတုရက္ခိတာ-မောင်ကြီး မောင်ငယ် စောင့်ရှောက်သော မိန်းမ။
၅။ ဘဂိနိရက္ခိတာ-အမ ညီမ စောင့်ရှောက်သော မိန်းမ။
၆။ ဉာတိရက္ခိတာ-ဆွေမျိုး စောင့်ရှောက်သော မိန်းမ။
၇။ ဂေါတ္တရက္ခိတာ-အနွယ်တူ စောင့်ရှောက်သော မိန်းမ။
၈။ ဓမ္မရက္ခိတာ-တရားကျင့်သုံးဖက် စောင့်ရှောက်သော မိန်းမ။
( ဤမိန်းမ ရှစ်ယောက်မှာ ကာမပိုင်သူ မရှိ၊ မိမိကာမ မိမိပိုင်သူတို့သာဖြစ်၍ အထူးမှတ်သားထားပါ )

၉။ သာရက္ခာ-ထိမ်းမြားထိုက်သူ အစောင့်ရှိသော ( ကြောင်းလမ်းပြီး ) မိန်းမ။
၁၀။ သပရိဒဏ္ဍာ-မင်းတို့ ဒဏ်ထားအပ်သော မိန်းမ။ ( အခြားသူနှင့် လက်မထပ်ရန် မင်းမိန့်အာဏာဖြင့် တားမြစ်ထားသော မိန်းမ။)
၁၁။ ဓနက္ကိတာ-ယောက်ျားတဦးဦးက ဥစ္စာဖြင့်ဝယ်ထားသော မိန်းမ။
၁၂။ ဆန္ဒ၀ါသိနီ-ယောက်ျားတဦးဦးနှင့် အလိုတူ၍ အတူနေသော မိန်းမ။
၁၃။ ဘောဂ၀ါသိနီ-ယောက်ျားတဦးဦးက စည်းစိမ်ပေး၍ မယားပြုထားသော မိန်းမ။
၁၄။ ပဋ၀ါသိနီ-ယောက်ျားတဦးဦးက အ၀တ်ပုဆိုးပေး၍ မယားပြုထားသော မိန်းမ။
၁၅။ သြဒပတ္တကိနီ-ရေခွက်၌ ခက်စုံချေ၍ ယောက်ျားတဦးဦးနှင့် ထိမ်းမြားထာေးသာ မိန်းမ။
၁၆။ သြဘဋစုမ္ဗဋာ-ယောက်ျားတဦးဦးက ခေါင်းခုကိုချစေ၍ သိမ်းယူထားသော မိန်းမ။
( အလွန်ဆင်းရဲ၍ ခေါင်းရွက် လုပ်ကိုင်စားရသော မိန်းမကို မရွက်စေရဘဲ သိမ်းယူထားသည်ဟု ဆိုလိုသည်။)
၁၇။ ဒါသီ စ ဘရိယာ-ကျွန်လည်းဖြစ်, မယားလည်းဖြစ်နေသော မိန်းမ။
၁၈။ ကမ္မာကာရီ စ ဘရိယာ-အမှုလုပ်လည်း ဖြစ်, မယားလည်းဖြစ်နေသာ မိန်းမ။
၁၉။ ဓဇာဟဋာ-စစ်မြေမှ ဆောင်ခဲ့သော ( သုံ့ပန်း ) မိန်းမ။
၂၀။ မုဟုတ္တိကာ-တဦးဦး၏ ခေတ္တမယားဖြစ်နေသာ မိန်းမ။
ထိုမိန်းမ နှစ်ကျိပ်လုံးပင် အမျိုးသားတို့အဖို့ ကာမေသုမိစ္ဆာစာရထိုက်သဖြင့် လုံးဝကျူးလွန်ခြင်း မပြုရပေ။
၁-မှ ၈-အထိမှာ ကာမပိုင် မရှိ၊ အပျိုစင်များဖြစ်၍ အမျိုးသမီးတို့အဖို့ အခြားယောက်ျားတပါးနှင့် ကျူးလွန်မိသည့်တိုင် ကာမေသုမိစ္ဆာစာရ မဖြစ်။
၉-မှ ၂၀-အထိ မိန်းမတိုပမှာ ကာမပိုင်ရှိသူများဖြစ်၍ မိမိ ကာပိုင်ယောက်ျားမှတပါး မည်သည့် ယောက်ျားနှင့်မျှ ကာမကျူးလွန်မှု မပြုရတော့ပေ။

ဒု သ န သော-ဟူသည်မှာ ကဿပဘုရား လက်ထက်က သူဌေးသား လေးဦး ကာမေသုမိစ္ဆာစာရကြာင့် လောဟကုမ္ဘီခေါ်သော ငရဲသို့ ကျသွားရာ ငရဲသက် အနှစ်သုံးသောင်း နစ်၍ ငရဲအိုးမှ တကြိမ်ပေါ်လာစဉ် ဟစ်အော်ပြောဆိုသော စကားများ၏ အစ စကားလုံးများဖြစ်သည်။
စကားလုံး တလုံးစီသာ အော်ဟစ်နိုင်ခဲ့ပြီး ပြန်နစ်သွားသည်၊ ထိုအသံကို လင်ရှိမယားတဦးအား မတရားသိမ်းပိုက်ရန် ကြံစည်နေသော ပသေနဒီကောသလမင်းကြီး ကံအားလျှော်စွာ ကြားရသည်၊ ဘုရားရှင်အား မေးလျှောက်သဖြင့် ဘုရားရှင်က ဟောပြ၍ ထင်ရှားလာရခြင်းဖြစ်သည်။ယင်း ဒု သ န သော-မှာ သူဌေးသားလေးယောက် ( ငရဲသား လေးဦး ) ရွတ်ဆိုပြောကြားသော ပါဠိဂါထာတို့၏ အစ,စကားလုံးများ ဖြစ်သည်၊ နောင်တရ၍ နောင် ဤအဖြစ်မျိုး မဖြစ်စေရဘဲ ကုသိုလ်တရားများကို ပွားများပါတော့မည် စသော အဓိပ္ပါယ်များပင်တည်း။

ဦးလောကတိဿဖြေသည်

၁။ အကျိုးရှိသောအလုပ်

ရေရှားသောအရပ်၌ မိုးရွာခြင်းသည်လည်းကောင်း
ငတ်မွတ်သူအား အစာပေးခြင်းသည်လည်းကောင်း၊ အကျိုးရှိလေ၏။
ထိုနည်းအတူ၊ ဆင်းရဲသူအား ပေးကမ်းလှူဒါန်းခြင်းသည်
အကျိုးရှိလေ၏။

၂။ စာနာမှု၊ ကရုဏာသက်မှု

ကိုယ့်အသတ်ကို ချစ်မြတ်နိုးသကဲ့သို့၊ အခြားသတ္တ၀ါတို့သည်လည်း
သူတို့အသက် သူတို့မြတ်နိုးကြ၏။ ထို့ကြောင့် သူတော်ကောင်းတို့သည်
ကိုယ်ချင်းစာလျက် သတ္တ၀ါအပေါင်းတို့၏အပေါ်၌ သနားကရုဏာထားကြကုန်၏။

၃။ ပညာရှိ

သူတစ်ပါး၏သားမယားကို အမိကဲ့သို့လည်းကောင်း၊
သူတစ်ပါးပစ္စည်းကို မြေကြီးကဲ့သို့လည်းကောင်း၊ သတ္တ၀ါအားလုံးကို မိမိကိုယ်ကဲ့သို့လည်းကောင်း၊
အောက်မေ့လေ့ရှိသောသူသည် ပညာရှိမည်လေ၏။

၎။ လုပ်သင့်သောအရာ

ဆင်းရဲသူကို ကျွေးမွေးစောင့်ရှောက်သင့်လေသည်
ချမ်းသာသူကို ကျွေးမွေးစောင့်ရှောက်ရန်မသင့်ပေ။
ရောဂါအတွက်သာလျှင် ဆေးသည်အကျိုးရှိလေ၏။
ကျန်းမာသူအတွက်ဆေးသည် အချည်းနှီးသာလျှင်တည်း။

၅။ အပြစ်ခြောက်ပါး

လောက၌ ကြီးပွားတိုးတက်လိုသောသူသည်
အအိပ်ကြူးခြင်း၊ ထိုင်းမှိုင်းခြင်း၊ ကြောက်ရွံ့ခြင်း၊ အမျက်ထွက်ခြင်း၊
ပျင်းရိခြင်း၊ အလုပ်ကိစ္စ၌လေးကန်ဖင့်နွဲ့နေခြင်းတည်းဟူသော
အပြစ်ခြောက်ပါးကိုပယ်စွန့်သင့်၏

၆။ သေချိန်ရောက်လာမူ

ယူဇနာတစ်ရာထက်ဝေးကွာသော အရပ်မှပင်၊ မိမိအစာကို မြင်နိုင်သောလင်းတငှက်သည်၊
သေချိန်ရေက်လာမူ၊ အပါးတွင်ရှိသည့် ကျော့ကွင်းအနှောင်အဖွဲ့ကို မမြင်ပေ။

၇။ လူကောင်းများ

ဘေးရောက်သောအခါ၌ မိတ်ဆွေကောင်းကို သိနိုင်လေသည်။
စစ်ပွဲ၌ သူရဲကောင်းကို သိနိုင်လေသည်။
ကြွေးမြီတင်ရှိသောအခါ၌ မှန်ကန်ရိုးဖြောင့်သူကို သိနိုင်လေသည်။
ဥစ္စာပျက်စီးဆုံးရှုံးသောအခါ၌ မယားကောင်းကို သိနိုင်လေသည်။
ဆင်းရဲဒုက္ခရောက်သောအခါ၌ ဆွေမျိုးကောင်းကို သိနိုင်လေသည်။

၈။ စိတ်ချမ်းသာခြင်းကို မပေးနိုင်ပါ

ရှာဖွေစုဆောင်းစဉ်အခါ ဆင်းရဲဒုက္ခကိုဖြစ်စေတတ်၏။
ပျက်စီးဆုံးရှုံးသောအခါ ပူပန်သောကကို ဖြစ်စေတက်၏။
ပြည့်စုံကြွယ်ဝသောအခါ မာန်မာနကိုဖြစ်စေတက်၏။
ဤသို့သဘောရှိသော စည်းစိမ်ဥစ္စာတို့သည်
အဘယ်မှာလျှင် ချမ်းသာမှုကို ပေးနိုင်ပါအံ့နည်း။

၉။ ကံအကျိုးပေး

ယာဉ်ရထားသည် ဘီးတစ်ဘီးတည်းဖြင့် မသွားနိုင်သကဲ့သို့
ထိုနည်းအတူ လုံ့လနှင့်ကင်း၍ ကံသည် အကျိုးမပေးနိုင်။

၁၀။ မိသားတစ်စု

ဤလူကား ငါ့လူ၊ ဟိုလူကား သူ့လူ၊ ဤလူကား ရင်းနှီးသူ၊
ဤလူကား သူစိမ်းဟု ရေတွက်စီစစ်ခြင်းသည် သဘောထားသေးနုပ်သူတို့၏
အလုပ်ဖြစ်၏။
သဘောထားမြင့်မြတ်သူ၊ သနားညှာတာသူတို့အဖို့မှာမူကား၊
မြေပြင်တစ်ပြင်လုံး တစ်အိမ်ထောင်တည်းသာလျှင် ဖြစ်လေ၏။

ခင်ပွန်းကြီးဆယ်ပါးကန်တော့ခန်း

ဘုရားတပည့်တော်သည်သံသရာအစမှစ၍ ယနေ့ တိုင်အောင်


၁။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ ၏ အပေါ် ၌ လည်းကောင်း၊

၂။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင်ကိုယ်တော်မြတ်ကြီးတို့ ၏ အပေါ်၌လည်းကောင်း၊

၃။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သောသာဝကရဟန္တာအရှင်ကိုယ်တော်မြတ်ကြီး တို့ ၏အပေါ်၌လည်းကောင်း၊
 
၎။ဂုဏ်ကျေးဇူးကြီးမားကြကုန်သောအဂ္ဂသာဝက၊မဟာသာဝကရဟန္တာအရှင်ကိုယ်တော်မြတ်ကြီး တို့ ၏အပေါ်၌လည်းကောင်း၊

၅။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်ကိုယ်တော်မြတ်ကြီးတို့ ၏ အပေါ်၌လည်းကောင်း၊

၆။ဂုဏ်ကျေးဇူးကြီးမားကြကုန်သောမိခင်တို့ ၏ အပေါ်၌လည်းကောင်း၊

၇။ဂုဏ်ကျေးဇူးကြီးမားကြကုန်သောဖခင်တို့ ၏အပေါ်၌လည်းကောင်း၊

၈။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သောဆရာသမားတို့ ၏
အပေါ်၌လည်းကောင်း၊

၉။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ်တို့ ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိကြကုန်သော လူပုဂ္ဂိုလ်၊ရဟန်းပုဂ္ဂိုလ်၊အရိယာပုဂ္ဂိုလ် တို့ ၏အပေါ်၌လည်းကောင်း၊

၁၀။ထမင်းတစ်လုတ် ရေတစ်မုတ်စသည်ဖြင့် ပေးကမ်းချီးမြှင့်ထောက်ပံ့ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို့ ၏အပေါ်၌လည်းကောင်း၊
ကာယကံ၊၀စီကံ၊မနောကံတစ်ပါးပါးဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါက ထိုအပြစ်တို့ ကို
ပျောက်ပါစေခြင်း အကျိုးငှာရိုသေမြတ်နိုးလက်အုပ်မိုး၍ ရှိခိုးပူဇော်ကန်တော့ပါ၏ အရှင်ဘုရား။

ဤသို့  ရှိခိုးပူဇော်ဖူးမျှော်မာန်လျော့ကန်တော့ရသော ကောင်းမှုကံစေတနာတို့ ကြောင့် အလုံးစုံသော
ဘေးရောဂါအန္တရာယ်အပေါင်းတို့ မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင်ဟောကြားတော်မူသော
သစ္စာလေးပါးမြတ်တရားကိုကောင်းစွာသိမြင်၍နိဗ္ဗာန်သို့ စံဝင်နိုင်သောကိုယ်ဖြစ်ရပါလို၏ အရှင်ဘုရား။
လောကီမင်္ဂလာအဖြာအဖြာတို့ သည်လည်း စိတ်ကြံတိုင်း၊တောင်းတတိုင်းလွယ်ကူလျင်မြန်စွာပြည့်စုံ၍
နှလုံးစိတ်ဝမ်းအေးချမ်းရပါလို၏ အရှင်ဘုရား။




ခင်ပွန်းကြီး ( ၁၀ ) ပါးအားပြစ်မှားသူတို့ကြုံရမည့်ဒဏ် ( ၁၀ )ပါး

၁။ ပြင်းထန်သော ဦးခေါင်းနာ စသည့် ဝေဒနာများဖြစ်ခြင်း
၂။ ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ ဆုတ်ယုတ်ပျက်စီးခြင်း
၃။ လက်၊ ခြေပြတ်ခြင်း၊ ကိုယ်အင်္ဂါပျက်စီးခြင်း
၎။ ကုသလို့ မရနိုင်သော ကြီးလေးသည့်ရောဂါများဖြစ်ခြင်း
၅။ ရူးသွပ်ခြင်း၊ စိတ်မတည်ငြိမ်ဖြစ်ခြင်း
၆။ မင်းပြစ်၊ မင်းဒဏ်ခံရခြင်း
၇။ မတရားသဖြင့် စွပ်စွဲခံရခြင်း
၈။ ဆွေမျိုးကောင်း မိတ်ဆွေကောင်းမရှိခြင်း
၉။ စည်းစိမ်ဥစ္စာ အခြွေအရံများ ပျက်စီးခြင်း
၁၀။ နေရာ တိုက် အိမ်မီးလောင်ပျက်စီးခြင်း

မေး။ ။ ဆရာတော်ဘုရား ... တပည့်တော် ရိုသေစွာ လျှောက်ထားပါသည်။
နိဗ္ဗာန်ဆိုတာ လူ့ဘဝ၌ ဆင်းရဲငြိမ်းခြင်းကို ခေါ်ပါသလား။ ဘဝကုန်ဆုံးပြီး
ဘာမှမရှိခြင်းကို ခေါ်ပါသလား။ ကောင်းကင်မှာ ရှိပါသလား။
(မစိုးမိုးသူ၊ ဒုတိယနှစ် အင်္ဂလိပ်စာ၊ ရန်ကုန်တက္ကသိုလ်)


ဖြေ။ ။ ဟုတ်ပါတယ်။ နိဗ္ဗာန်ဆိုတာ ဆင်းရဲငြိမ်းခြင်းကို ခေါ်ပါတယ်။ ဘာမှ
မရှိတာကို နိဗ္ဗာန်လို့ မခေါ်ပါဘူး။

အဘာဝပညတ် လို့ ခေါ်ပါတယ်။

နိဗ္ဗာန်ဟာ ကောင်းကင်မှာ မရှိပါဘူး။ ဘယ်မှာမှ မရှိပါဘူး။ နိဗ္ဗာန်ဟာ အမှန်
ရှိပါတယ်။ သို့သော် ဘယ်မှာမှ မရှိပါဘူး။ နားထွေးသွားပါသလား။

ဆိုလိုတာက ဆင်းရဲမရှိခြင်းဆိုတဲ့ အငြိမ်းဓာတ်ကြီးဟာ တည်ရာဌာန မရှိပါဘူး။
ဒီ သဘာဝကြီးဟာ အကြောင်း တစုံတရာကြောင့် ဖြစ်ပေါ်လာတဲ့ (သင်္ခတ)သဘာဝ
မဟုတ်ပါဘူး။
မူလကတည်းက သဘာဝအလျောက် ရှိနေတဲ့ အရှိ(အသင်္ခတ) သဘာဝကြီးပါ။

ဒီနေရာမှာ သင်္ခတနဲ့ အသင်္ခတရဲ့ အဓိပ္ပာယ်ကို သဘောမပေါက်သေးသူများအတွက်
အနည်းအကျဉ်း ရှင်းပြဖို့ လိုမယ် ထင်ပါတယ်။

‘သင်္ခတ’ဆိုတာ “အကြောင်းတို့ စုပေါင်း ပြုလုပ်ပေးလို့ ဖြစ်ပေါ်လာတဲ့ တရား”
လို့ ဆိုလိုပါတယ်။
တိုတိုရှင်းရှင်း ပြောရရင် “အကြောင်းကြောင့် ဖြစ်တဲ့ တရားဟာ သင်္ခတတရား”ပါပဲ။
ရုပ်နဲ့နာမ်ကို သက်ဆိုင်ရာအကြောင်းတွေကြောင့် ဖြစ်ပေါ်လာတာမို့
‘သင်္ခတတရား’လို့ ခေါ်ရပါတယ်။

မဖောက်မပြန် အမှန်တကယ် ရှိတဲ့ တရားများဖြစ်လို့ “သင်္ခတပရမတ်”တရားများလို့ ခေါ်ရပါတယ်။
သို့သော်လည်း အကြောင်းကြောင့်ဖြစ်တဲ့ ‘အဖြစ်တရား’များမို့ သူတို့ဟာ ပျက်ပါတယ်။
ဘာကြောင့် ပျက်သလဲဆိုတာ့ ဖြစ်လို့ ပျက်တာပါပဲ။

ဒါကြောင့် ‘သင်္ခတနယ်’ ဟာ ဖြစ်ပျက်နယ်ပါ။
ဖြစ်ပျက်နယ်ထဲမှာ ရှိလို့ သင်္ခတဖြစ်တဲ့ ရုပ်နာမ်မှန်သမျှဟာ ဖြစ်ပျက်ဆင်းရဲ
သင်္ခါရဒုက္ခချည်းပါပဲ။

‘အသင်္ခတ’ ဆိုတာကတော့ သင်္ခတရဲ့ ပြောင်းပြန် သဘာဝပါ။

“အကြောင်းတို့ စုပေါင်း မပြုလုပ်အပ်တဲ့ သဘာဝ”လို့ ဆိုလိုပါတယ်။
တိုတိုရှင်းရှင်း ပြောရရင် “အကြောင်းကြောင့်ဖြစ်တဲ့ အဖြစ်တရား
မဟုတ်ဘူး”လို့ ဆိုလိုပါတယ်။

အဖြစ်တရားမဟုတ်တဲ့ ဒီ အသင်္ခတ သဘာဝဟာ မဖောက်မပြန် အမှန်တကယ် ရှိတဲ့
တရားဖြစ်လို့ မူလ သဘာဝ အနေနဲ့ ရှိနေတဲ့ “အရှိပရမတ်”တရားပါ။
“အသင်္ခတပရမတ်”ပေါ့။

အဲဒီ အရှိတရားဟာ ဘာလဲဆိုတော့ သူဟာ သင်္ခတရဲ့ ပြောင်းပြန်သဘောဖြစ်လို့ သင်္ခတ
ခေါ်တဲ့ ရုပ်နာမ်ငြိမ်းနေခြင်း၊ ရုပ်နာမ် မရှိခြင်း သဘောပါပဲ။

ရုပ်နဲ့နာမ် ရှိနေသမျှ ဆင်းရဲနေတယ်။
ရုပ်နာမ်ငြိမ်းသွားတော့ ဆင်းရဲ မရှိတော့ဘူး။

အဲဒီ ဆင်းရဲငြိမ်းနေတာဟာ တကယ်ရှိတဲ့ အရှိသဘာဝပါပဲ။
ဒါကိုပဲ နိဗ္ဗာန်လို့ ခေါ်ရပါတယ်။
အဲဒါဟာ အသင်္ခတတရားပါပဲ။

ဒီနေ့လေးဟာ ကမ္ဘာလုံးဆိုင်ရာလူသားချင်းစာနာမှုနှင့်ဆိုင်သောအထိန်းအမှတ်နေ့လေးဖြစ်ပါတယ်... ကျွန်တော်တို့အဖွဲ့အစည်းဖြစ်တဲ့ WFP မောင်တောရုံးခွဲမှနေပြီးတော့ ဒီနှစ် WHD မှာ ဦးဆောင်ကျင်းပမှာ ဖြစ်တဲ့အတွက် တော်တော်လေးကို ပျော်နေမိပါတယ်... ဘာပဲဖြစ်ဖြစ် UN အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်နေရတာဟာ တခြား နေရာတွေမှာ အလုပ်လုပ်ရတာထက် ကုသိုလ်ရလွယ်နိုင်သလို အကုသိုလ်လည်းဖြစ်လွယ်လွန်းလှပါတယ် (ကိုယ်ပိုင်အမြင်ပါ)...  တခါတလေ ကိုယ်အဖွဲ့အစည်းက ဆန်တွေ ဆီတွေ ဆားတွေ အာဟာရမှုန့်တွေဝေတဲ့အကြိမ်ပေါင်းလည်း ကြုံရတာများပါပြီ...တခြားအဖွဲ့အစည်းကနေပြီး ဆေးတွေလွယ်အိတ်တွေ ကျောင်းသုံးပစ္စည်းတွေ
နေစရာအိမ်ငယ်တွေ ပြုလုပ် လှူဒါန်းနေရတာလဲ တွေ့နေရတာများပါပြီ... ကုသိုလ်ရလွယ်တယ်ဆိုတာ ဒီပစ္စည်းတွေကို လိုအပ်တဲ့သူတွေ ဝေပေးလိုက်တာ အဖွဲ့အစည်းနဲ့အလှူရှင်ငွေတွေဖြစ်ပေမယ့် ကိုယ်တိုင်က အဲ့ဒီအဖွဲ့ရဲ့ မန်ဘာတစ်ယောက် (၀န်ထမ်းတစ်ယောက်) ဖြစ်နေတဲ့အတွက် စိတ်ထပ်တူထားရင် ကုသိုလ်အလှူလည်း ထပ်တူရတယ်ဆိုတဲ့ မြတ်စွာဘုရားရှင်ဟောထားတဲ့ အချက်ကြောင့်ပြောတာပါ... အကုသိုလ်ရလွယ်တယ် ဆိုတာကတော့ မပြောတော့ပါဘူး... လုပ်တဲ့သူတွေသိပါလိမ့်မယ်... လုပ်တဲ့သူတွေက ရက်ရက်စက်စက် လုပ်ကြပေမယ့် ကံတရားက မနေပါဘူး... ခိုးရင် ခိုးတာနဲ့တန်တဲ့ ကံတရား သင့်ထံပြန်လာပါလိမ့်မယ်... (ကျွန်တော် အဲ့လောက်ပဲပြောပါရစေ...) အဲလို ကုသိုလ် အကုသိုလ် ကိစ္စတွေကတော့ နေရာတိုင်းမှာ ရှိနေနိုင်ပေမယ့်လည်း ကျွန်တော်ကတော့ ကျွန်တော် လုပ်နေတဲ့ လက်ရှိနေရာကနေ ရရှိနိုင်တဲ့ ကုသိုလ် အကုသိုလ်ကိုပဲ ဝေဖန်ကြည့်တာဖြစ်တာပါ... ဘယ်သူဘယ်ဝါရယ်လို့ အမည် ဖော်ပြပြီး ပြောနေတာမဟုတ်တဲ့အတွက်လည်း အားလုံး နားလည်နိုင်မယ်လို့ ထင်ပါတယ်...

World Humanitarian Day 19 August 2011 ရဲ့ Message လေးကို ဖတ်ကြည့်ကြရအောင်...

“Let those we honor today inspire us to start our own journey to make the world a better place and bring our human family more closely together.”

                                                                     Secretary-General Ban Ki-moon
                                                                     Message for World Humanitarian Day 2011

အားလုံးကိုကျေးဇူးတင်ပါတယ်...။

သူငယ်ချင်းများအားလုံးရဲ့...


ဇင်မျိုး

ဘုရားရှင်သည် သဗ္ဗညုတဥာဏ်ကို ရရှိသည့် သက်တော် (၃၅) နှစ်အရွယ်မှ သက်တော် (၈၀)

အရွယ်တိုင်အောင် (၄၅) ၀ါ ပတ်လုံး လောကအကျိုးကို သယ်ပိုးဆောင်ရွက်တော်မူခဲ့ပါသည်။

နေ့စဉ်ပင် မနေမနားကြိုးစားဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဘုရားရှင်နေ့စဉ် ပြုလုပ်နေကျ

လုပ်ငန်းစဉ် ငါးရပ်ရှိပါသည်။


(၁) နံနက်ပိုင်း လုပ်ငန်းစဉ်


နေ့စဉ် ဆွမ်းဘုန်းမပေးမီ ဗုဒ္ဓပြုတော်မူသော လုပ်ငန်းကို “ ပုရေဘတ္တကိစ္စ” ဟု ခေါ်သည်။

နံနက်ပိုင်းတွင် ဗုဒ္ဓသည် ဆွမ်းခံကြွလေ့ရှိသည်။ ရံခါ၌ ဆွမ်းခံမကြွဖြစ်သော် ကျောင်းစဉ်

စစ်ဆေးလေ့ရှိသည်။ ဆွမ်းခံရာမှ ပြန်ရောက်လတ်သော် ခြေဆေးခုံ၌ ခြေဆေးနေစဉ်မှာပင်

ဒုလ္လဘတရား ငါးပါး ကို ဟောကြားလေ့ရှိသည်။


(၂) နေ့လည်ပိုင်း လုပ်ငန်းစဉ်


ဆွမ်းဘုန်းပေးပြီးနောက် ဗုဒ္ဓဆောင်ရွက်သော လုပ်ငန်းစဉ်ကို “ပစ္ဆာဘတ္တကိစ္စ” ဟု ခေါ်သည်။

ဆွမ်းဘုန်းပေးပြီးနောက် လိုအပ်လျှင် ခေတ္တမျှ တပါးတည်းနေထိုင်ကာ အနားယူသည်။

ထို့နောက် ရောက်ရှိလာသော လူ၊ ရှင်၊ ရဟန်း ပရိသတ်အား တရားရေအေး အမြိုက်ဆေးကို

နေ့စဉ် တိုက်ကျွေးလေ့ ရှိသည်။


(၃) ဥာဉ့်ဦးယံ လုပ်ငန်းစဉ်


ဥာဉ့်ဦးယံ၌ ဗုဒ္ဓဆောင်ရွက်သော လုပ်ငန်းစဉ်ကို “ပုရိမယာမကိစ္စ” ဟု ခေါ်သည်။

လူဒါယကာ၊ ဒါယိကာမနှင့် ဘိက္ခုနီပရိသတ်တို့ ပြန်လည်ထွက်ခွါသွားပြီးနောက် ဥာဉ့်ဦးယံ အချိန်တွင်

ရဟန်းတော်များအား ဆုံးမသွန်သင်တော်မူသည်။

ရဟန်းတော်များမေးသော ပြဿနာများကို ဖြေကြားရှင်းလင်းတော်မူသည်။


(၄) သန်းခေါင်ယံ လုပ်ငန်းစဉ်


ရဟန်းတော်များအား တရားဟောကြာပြီးနောက် သန်းခေါင်ယံတွင် ဗုဒ္ဓဆောင်ရွက်တော်မူသော

လုပ်ငန်းစဉ်ကို “ မဇ္ဈိမယာမကိစ္စ” ဟု ခေါ်သည်။


ရဟန်းတော်များအား တရားဟောကြားပြီးနောက် သန်းခေါင်ယံတွင် ရောက်ရှိလာသော

နတ်၊ ဗြဟ္မာတို့အား တရားဟောပြ ဆုံးမတော်မူသည်။

မေးလာသော ပြဿနာတို့ကို ဖြေကြားရှင်းလင်းတော်မူသည်။


(၅) မိုးသောက်ယံ လုပ်ငန်းစဉ်


နတ်၊ ဗြဟ္မာများအား တရားဟောကြားတော်မူပြီးနောက် ဘုရားရှင်သည် မိုးမသောက်မီ ကျန်သည့်အချိန်ကို

သုံးပိုင်းပိုင်း၍ ပထမပိုင်းတွင် ခန္ဓာကိုယ်ကြံ့ခိုင်မျှတရေးအတွက် စင်္ကြန်ကြွတော်မူသည်။

ဒုတိယပိုင်းတွင် သတိနှင့် ယှဉ်လျက် တစ်ခဏတာမျှ ကျိန်းစက် အနားယူတော်မူသည်။

အနားယူပြီးနောက် အာရုံတက်ချိန်တွက် ကျိန်းစက်ရာမှ ထတော်မူကာ၊ မည်သူတို့အား

ဆုံးမချေချွတ်ရအံ့နည်းဟု တစ်နေ့တာ လုပ်ငန်းကို စတင်ရန် မျှော်ခေါ်ဆင်ခြင်ကြည့်ရှူ့တော်မူသည်။

ဤ ဆောင်ရွက်ချက်ကိုပင် မိုးသောက်ယံ လုပ်ငန်းစဉ် “ပစ္ဆိမယာမကိစ္စ” ဟုခေါ်သည်။

ဗုဒ္ဓ၏ တနေ့တာဘ၀၊ တနေ့တာ လုပ်ငန်းများကို လေ့လာကြည့်ပါက မိမိအကျိုးအတွက် ဆောင်ရွက်ခြင်း၊

နားနေခြင်း မရှိ၊ လောကအကျိုးအတွက် မနေမနားဆောင်ရွက်ကြောင်း ထင်ရှားသည်။

ဤသို့ဆောင်ရွက်သည်မှာ တနေ့တရက်မျှသာ မဟုတ်ဘဲ (၄၅) ၀ါ ပတ်လုံး ဖြစ်လေသည်။

ဤသို့ဗုဒ္ဓကိုယ်တော်တိုင် ဦးဆောင်ကာ မနေမနား ကြိုးစားဆောင်ရွက်ခဲ့ခြင်းကြောင့်ပင် ထိုခေတ်

မဇ္ဈိမဒေသ နယ်နိမိတ်ကို ကျော်လွန်ကာ ဗုဒ္ဓသာသနာသည် စည်ပင်ထွန်းကားလာခဲ့ခြင်း ဖြစ်လေသည်။

ထေရ၀ါဒတို့တိုင်းပြည်ဘလော့ခ်မှ ကူးယူဖော်ပြပါသည်...။

ဆင်းတုရှိခိုးတာ ဘာအတွက်လဲ? ဗုဒ္ဓဘာသာတွေဟာ ဆင်းတုတွေ
ရုပ်ပုံပန်ချီကားတွေကို ကိုးကွယ်တဲ့ဘာသာလား? ဆင်းတုတွေ
ရုပ်ပုံတွေကိုရှိခိုး ကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ?



ဆိုတဲ့မေးခွန်းတွေဟာ အနောက်နို်င်ငံသားတွေ ဘာသာခြားတွေ အများဆုံး
မေးတတ်တဲ့မေးခွန်းတွေပါ။ သူတို့ထင်တာက ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်
စံလွန်သွားတာ နှစ် (၂၅၀၀) ကျော်သွားပြီဆိုတော့ မရှိတော့တဲ့ ဗုဒ္ဓကို
ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား?.. ကိုးကွယ်နေလို့ကော အကျိုးရှိပါ့မလား?
ဆိုတာတွေပါ။ ဒီအကြောင်းလေးကို သေချာသဘောပေါက် နားလည်စေချင်တဲ့အတွက်
ဒီပို့စ်လေးကို ရေးလိုက်တာပါ။ သူတို့တွေမေးလို့ သေချာမသိရင်
ကိုယ့်ဘာသာကို ကိုးကွယ်နေတာကိုတောင်မှ ယုံမှားသံသယတွေ ၀င်လာဖို့
များပါတယ်။ ဒါ့ကြောင့် ဆင်းတုရှိခိုးနေတဲ့ အဓိပ္ပါယ်လေးကို
သေချာသိစေချင်ပါတယ်။

ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားပြီးဖြစ်ပေမယ့် ဘုရားရှင်
ဟောကြားခဲ့တဲ့ တရားအဆုံးအမတွေဟာ ကွယ်ပျောက်မသွားသေးပါဘူး။
တရားအဆုံးအမတွေဟာ ပဂတိအတိုင်း ရှိနေပြီး လိုက်နာကျင့်သုံးနေတဲ့သူတွေ
ယနေ့ထက်တိုင် ရှိနေတုန်းပါပဲ။ ဗုဒ္ဓမြတ်စွာပွင့်လာတဲ့ ရည်ရွယ်ချက်ကလည်း
တရားအဆုံးအမတွေဟောပြဖို့.. နောက်ပြီး နိဗ္ဗာန်ရောက်ကြောင်းတရားတွေ
ကျင့်စဉ်တရားတွေကို ညွန်ပြပေးခဲ့ဖို့ပါ။ တရားအဆုံးအမတွေဟာ
ယနေ့တိုင်ရှိသေးတာမို့ လိုက်နာကျင့်ကြံအားထုတ်ရင်လည်း
မြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကို
ခံစားရမှာမလွဲပါဘူး။ နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်မှာ
ဧကန်အမှန်ပါပဲ။ မြတ်ဗုဒ္ဓဆုံးမတဲ့တရားတွေရှိနေသ၍
မြတ်ဗုဒ္ဓသက်ရှိထင်ရှားရှိနေတယ်
ဆိုတာ စိတ်ထဲမှာအမြဲကိန်းထားဖို့
အရးကြီးပါတယ်။ ဘုရားရှင်အဆုံးအမတွေတည်နေတာ.. ဘုရားရှင်ကိုယ်စားထားခဲ့တဲ့
စေတီ(၄)မျိုး တည်နေတာဟာ ဘုရားရှင်သက်ရှိထင်ရှားအတိုင်း
ရှိနေသလိုမျိုးပါပဲ။

ဗုဒ္ဓမြတ်စွာဟာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စားကိုးကွယ်ဖို့အတွက်
စေတီ(၄)မျိုးကို သတ်မှတ် ပေးတော်မူခဲ့ပါတယ်။ စေတီ(၄)မျိုးကတော့ (၁)
ဓာတုစေတီ - ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိုလ်တဲ့အခါ ကျန်ရစ်တဲ့
ဓါတ်တော်များကို ဘုရားရှင်ကိုယ်စား ကိုးကွယ်တဲ့ စေတီပါ။ (၂) ဓမ္မစေတီ -
ဗုဒ္ဓမြတ်စွာ (၄၅)၀ါ ကာလပတ်လုံး ဟောကြားတော်မူခဲ့တဲ့ တရားတွေကို
ဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်တဲ့ စေတီပါ။ (၃) ဥဒ္ဒိဿစေတီ -
သက်တော်ထင်ရှား မြတ်ဘုရားကိုရည်မှန်းပြီး ရေးသားတဲ့ပုံတော်၊
ပန်ချီကားချပ်တွေ၊ သစ်သား၊ ဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့
ဆင်းတုတော်တွေ၊ အုတ်၊ သဲ၊ အင်္ဂတေစသည်တို့ဖြင့် တည်ဆောက်ထားတဲ့
စေတီပုထိုးတွေ.. ဒီအရာတွေအားလုံးဟာ ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော်
ဆည်းကပ်နိုင်တဲ့ စေတီပါ။ (၄) ပရိဘောဂစေတီ - မဟာဗောဓိပင်အပါအ၀င်
ဘုရားရှင် အသုံးပြုခဲ့တော်မူခဲ့တဲ့ သပိတ်သင်္ကန်း၊ တော်ဝှေးစသည်တို့ကို
ဘုရားရှင်ကိုယ်စား ဆည်းကပ်ကိုးကွယ်နိုင်တဲ့ စေတီပါ။

အဲ့ဒီစေတီ(၄)မျိုးထဲမှာ ကျနော်တို့ ဗုဒ္ဓဘာသာတွေရဲ့
အိမ်တိုင်းအိမ်တိုင်းမှာ.. ဘုရားစေတီတိုင်းမှာ ကိုးကွယ်နေတဲ့ ဆင်းတု၊
ရုပ်ထု၊ ပုံတော် ပန်ချီကားချပ်တွေဟာ ဥဒ္ဒိဿစေတီထိုက်တဲ့
စေတီများဖြစ်ပါတယ်။ ပန်ချီကား ရုပ်ထုဆင်းတုများကို ရှိခိုးပူဇော်နေတာ
မဟုတ်ပါဘူး။ ဥပမာ- ကွယ်လွန်သွားတဲ့ မိဘများရဲ့ဓါတ်ပုံကို ရှိခိုးကန်တော့
နေတဲ့သူဟာ စက္ကူဓာတ်ပုံများကို ရှိခိုးကန်တော့နေတာ မဟုတ်ပါဘူး။ သူ့မိဘရဲ့
ဂုဏ်ကျေးဇူးကို ရည်မှန်းပြီး ရှိခိုးကန်တော့နေခြင်း ဖြစ်ပါတယ်။
မိဘဓာတ်ပုံဟာ သက်ရှိထင်ရှား ရှိစဉ်အခါက မိဘတို့ရဲ့ ရုပ်ပုံကို
ထင်မြင်လာအောင် အထောက်အပံ့ပြုပေးတယ်.. နောက်ပြီး မိဘရဲ့
ဂုဏ်ကျေးဇူးတွေကို ထင်ပေါ်လာအောင် ကျေးဇူးပြုပေးတဲ့ သဘောပါ။ တကယ်တမ်းက
စက္ကူဓါတ်ပုံကိုကျော်လွန်ပြီး မိဘတို့ရဲ့ တကယ့်ရုပ်သွင်နဲ့ မိဘတို့ရဲ့
ဂုဏ်ကျေးဇူးများကို ပေါ်လွင်အောင် ကြည့်ရှုပြီးတော့ မိဘရဲ့ဂုဏ်ကို
ဦးညွတ်ရှိခိုးရတာပါ။

ဒီအတိုင်းပါပဲ.. ကျနော်တို့ ရုပ်ထုကိုးကွယ်တယ် ဆိုတာလည်း
ဘုရားပန်းချီရုပ်ပုံ များကို ကျော်လွန်ပြီးတော့
ဘုရားရှင်ရဲ့တကယ့်ရုပ်သွင်နဲ့ ဂုဏ်တော်များ.. ကျေးဇူးတော်များကို
ပေါ်လွန်အောင် ကြည်ရှုပူဇော်သလိုမျိုးပါပဲ.. ဆင်းတု ရုပ်ထုဆိုတာတွေဟာ
အထောက် အပံ့မျှသာ ဖြစ်ပါတယ်။ တကယ်က ဘုရားရှင်ရဲ့ ကျေးဇူးတော်တွေ
ဂုဏ်တော်တွေကို ဦးညွတ်ပူဇော်တဲ့သဘောပါ။ ပုံတော်ဆင်းတုတော်တွေ
မရှိပေမယ့်လည်း ဘုရားရှင်ရဲ့ ဂုဏ်တော်ကျေးဇူးတော်များကို ရည်မှန်းပြီး
ရှိခိုးပူဇော်ရင်လည်း ဘုရားရှင် သက်တော်ထင်ရှားရှိသလိုမျိုး
အကျိုးကျေးဇူး ထပ်တူရမှာပါ။ မြတ်စွာဘုရားရှင်ရဲ ဂုဏ်တော်များဆီသို့
စိတ်ကိုဦးညွတ်တာချင်းတူရင် အကျိုးကျေးဇူးကလည်း တူမှာပါပဲ။
ကိုယ့်ရှေ့မှာရှိတဲ့ ရုပ်ထုကို ရှိခိုးနေတယ်ဆိုတာ ရုပ်ထုကို
မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိနေတယ်လို့ စိတ်ထဲမှာထားပြီး
ဂုဏ်တော်များနဲ့ စုပေါင်းထားတဲ့ ဘုရားရှင်ကို ဥာဏ်နဲ့မြင်အောင်
အာရုံပြုတဲ့ သဘောမျိုးပါပဲ။ ဒါ့ကြောင့် ဗုဒ္ဓဘာသာဆိုတာ ရုပ်ပုံရုပ်တုတွေ
ရှိခိုးကိုးကွယ်တဲ့ ဘာသာမဟုတ်ပါဘူး.. အရဟံအစ ဘဂ၀ါအဆုံး အတုမရှိတဲ့
ဂုဏ်တော်များရဲ့ ပိုင်ရှင် မြတ်ဗုဒ္ဓကိုပါပဲ။

ကျနော်တို့ဗုဒ္ဓဘာသာတွေ ဆင်းတုတော်တွေကို ရှိခိုးကိုးကွယ်တယ်ဆိုတာ…
ဆင်းတုတော်တွေနှင့် ရုပ်ထုများကို ကျော်လွန်ပြီးတော့ အဓိက
ရည်စူးထားခြင်းနဲ့ ထပ်တူညီတဲ့… အတုမရှိတဲ့ဂုဏ်တော်များရဲ့
ပိုင်ရှင်ဖြစ်တဲ့ ဗုဒ္ဓမြတ်စွာ.. နောက်ပြီး ဘုရားရှင်
ဟောကြားညွှန်ပြဆုံးမခဲ့တဲ့ မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ်လို့ဆိုတဲ့
အတုမရှိ မြင့်မြတ်တဲ့ဓမ္မတရား.. သစ္စာလေးပါး မြတ်တရားကို သိမြင်ကြပြီးတဲ့
အရိယသံဃာများနဲ့ မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမသြ၀ါဒအတိုင်း
ကျင့်ကြံနေကြတဲ့ သမုတိသံဃာတော်မြတ် အပေါင်းတို့ကိုပဲ
ဦးတည်ထားခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့်.. ကျနော်တို့တွေဟာ ဆင်းတုတော်သက်သက်
ရှိခိုးနေတဲ့ ဗုဒ္ဓဘာသာတွေမဟုတ်ဘူး ဆိုတာကို ကိုယ်တိုင်လည်း
သဘောပေါက်နားလည်ပြီးတော့.. သူတစ်ပါးတို့ မှားနေတဲ့ အလွဲများကိုလည်း
ပြုပြင်ပေးနိုင်ကြပါစေခြင်း အလို့ငှာ ဆန္ဒပြုရေးသားဖော်ပြလိုက်ရပါတယ်။

ဦးဇင်းကနယ်ကပါ၊ရန်ကုန်ဗုဒ္ဒတက္ကသိုလ်မှာ နောက်ဆုံးနှစ်ပညာသင်ယူနေတဲ့အချိန်ကပေါ့…

တစ်နေ့ဦးဇင်းရဲ့ဒကာမတစ်ယောက်ရဲ့သမိးရန်ကုန်လာတဲ့အခိုက်နယ်ကနေလူကြုံပါးလိုက်လို့

ပစ္စည်းလူကြုံထည့်ပေးလိုက်တာ..အဲဒီဒကာမကလည်းဦးဇင်းနေတဲ့ကျောင်းကိုမလာတက်တော့

ဦးဇင်းကပဲစိးရမယ့်ကားနံပါတ်တွေ၊ဆင်းရမယ့်မှတ်တိုင်တွေအသေအချာပြောပြပြီး..

ရောက်လောက်မယ့်အချိန်လောက်ကိုဦးဇင်းလည်းကားမှတ်တိုင်ကနေစောင့်နေပါ့မယ်လို့

အသေအချာကတိပေးလိုက်တယ်လေ၊ချိန်းထားတဲ့နေ့ နေ့လည်တစ်နာရီလောက်ကျတော့

ဦးဇင်းလည်းကမ္ဘာဘုရားမှတ်တိုင်မှာချိန်းထားတော့နေကပူနေပေမယ့်လာမယ့်ဒကာမကလည်းလည်

လည်ဝယ်ဝယ်ကားမစီးတက်တဲ့သူဖြစ်တာကြောင့် စောင့်နေရမှာဆိုးတာနဲ့နည်းနည်းစောစောလေးသွားပြိး

စောင့်မယ်ဆိုတဲ့စိတ်ကူးနဲ့ပေါ့။သိတဲအတိုင်းရန်ကုန်နေကလဲပူလိုက်တာမှအရမ်း၊ဖြစ်ချင်တော့

အဲဒီဒကာမကလည်းရောက်သင့်တဲ့အချိန်ထပ်အများကြီးနောက်ကျနေတာတောင် ရောက်မလာသေးတော့

ဦးဇင်းလည်းဒေါသထွက်တာပေါ့။ ကားတွေသာတစ်စီးပြီးတစ်စီးလာနေတာအဲဒီဒကာမကပေါ်မလာသေးဘူးလေ။

တိုက်တိုက်ဆိုင်ဆိုင်ပဲအဲဒီလိုကားမှတ်တိုင်မှာ ပိုက်ဆံလိုက်တောင်းတဲ့ ကောင်းလေးတစ်ယောက်ကဦးဇင်းနားလာပြီး ဘုန်းဘုန်းရယ်သားထမင်းမစားရသေးလို့

သားကိုပိုက်ဆံငါးဆယ်လောက်ပေးပါတဲ့သားတောင်းပန်ပါတယ် ဗိုက်ဆာနေလို့ပါဆိုပြီးပိုက်ဆံလာတောင်းတော့ ဦးဇင်းလည်းရန်ကုန်မှာ

အဲလိုမျိုးလုပ်စားနေတဲ့ကလေးတွေကိုစေတနာမရှိလို့ရယ်တော့မဟုတ်ပ်ါဘူး ဒါပေမယ့်မလှူတက်ဘူး။

ကလေးတွေပျက်စီးရာကိုတွန်းမပို့ချင်ဘူးလေ..အဲဒီနေ့ကစိတ်တွေကလည်းတိုနေတဲ့အချိန်

အဲဒီကလေးကလည်းအဲလိုမျိုးလာတောင်းတောစိတ်ကလည်းတိုနေတာနဲ့ အဲဒီကလေးကိုခပ်တည်တည်ပဲ

အော်ယောက်လွတ်လိုက်တယ်နောက်တစ်ခါလည်း လာမတောင်းနဲ့ထပ်လာရင်မင်းကိုထုပစ်မယ်လို့

ခြိမ်းခြောက်ရင်းချိန်းထားတဲ့ဒကာမကိုဆက်စောင့်နေတာပေါ့။ဦးဇင်းကအဲဒီကလေးကြောက်ပြီး

ထွက်သွားမယ်ထင်တာမထွက်ပဲဦးဇင်းနဲ့ မလှမ်းမကမ်းမှာပဲဦးဇင်းကိုကွက်ကြည့်ကွက်ကြည့်လုပ်နေတော

့ဦးဇင်းစိတ်ထဲကထင်မိတယ်…သြော်ကလေးတွေလည်းမကြောက်တက်ပါလား..

အင်းဒီတစ်ခါထပ်လာတောင်းရင်တော့တစ်ကယ်ပဲခပ်နာနာလေးထုပစ်လိုက်မယ်လို့စိတ်တိုနေတာနဲ့ကလည်းရောပြိး

တွေးထားမိတယ်။လာရဲလာကြည့်ပေါ့လေလို့ကြုံးဝါးရင်းပေါ့။အချိန်တော်တော်ကြာလာသည့်တိုင်အောင်

အဲဒီကလေးကလည်းဘယ်မှမသွားပဲဦးဇင်း ခပ်လှမ်းလှမ်းကနေဦးဇင်းကိုပဲကွက်ကြည့်ကွက်ကြည့်လုပ်နေတော့…

ဦးဇင်းမှာဘာရယ်မဟုတ်ပိုလို့ဒေါသထွက်မိနေတယ်။မှတ်တိုင်တစ်ခုလုံးမှာလည်နေလည်ခင်းကြီးဖြစ်နေတာ

ကြောင့်ဦးဇင်းရယ်အဲဒီကောင်လေးရယ်နှစ်ယောက်တည်းရှိနေတာပေါ့။သိပ်မကြာဘူးအဲဒီကောင်လေးဦးဇင်း

နားကိုမရဲတရဲနဲ့တဖြည်းဖြည်းတိုးလာတာ..ဦးဇင်းကလည်းစိတ်ထဲကနေလာခဲ့နင့်ကိုတစ်ချက်လောက်တော့

ခပ်နာနာလေးထုပစ်လိုက်မယ်ပေါ့လို့စိတ်ထဲကအသာကျိမ်းမောင်းရင်းကြည့်နေတုန်းပဲအဲဒီကလေးက

ဦးဇင်းနဲ့မလှမ်းမကမ်းမှာ နွေပူပူချွေးစေးတွေကြောင့်ရောဟောင်းနွမ်းနေတဲ့အတွက် အရောင်တောင်မှိန်နေတဲ့ငါးဆယ်တန်နှစ်ရွက်ကိုအသာဖြန့်ပြီးဘုန်းဘုန်းတဲ့သားတောင်းတာ

အခုဆိုရင်(၁၀၀)ပဲရှိတယ်တဲ့အဲဒါဘုန်းဘုန်းကားခမရှိရင်သားတောင်းထားတဲ့(၁၀၀)ထဲက(၅၀)ယူပါလားတဲ့။

ဦးဇင်းရင်ထဲဘာဖြစ်သွားမှန်းမသိဘူးမှန်းမသိဘူး.ကိုယ်စိတ်ထဲကတော့ဒေါသတွေနဲ့ဒီကလေးအပေါ်မှာ

မဖြူစင်ခဲ့သလောက်ဒီကလေးကတော့မှတ်တိုင်မှာအကြာကြိးစောင့်နေတာကားခမရှိရှာလို့ဆိုပြီး

မကြောက်မရွံ့နဲ့တောင်းတားတဲ့ပိုက်ဆံထဲကတစ်ဝက်ယူပါလို့လာပေးတဲ့အဲဒီကလေးရဲ့

နှလုံးသားလောက်တောင်ကိုယ်ရဲ့နှလုံးသားမဖြူပါလားတွေးရင်းဒီနေ့အထိတွေးမိတိုင်းအမည်မသိတဲ့

အသိတရားတစ်ခုကျန်ရစ်ခဲ့တယ်…ကဲစာဖတ်သူတို့ကိုလည်းဦးဇင်းလိုမျိုးလေးတစ်ခုခုကျန်ခဲ့စေချင်တဲ့

ဆန္ဒကြောင့်အခုလိုတင်ပြပေးလိုက်ရတာပါ

(ဦးဇင်းတစ်ပါးရဲ့အတွေ့အကြုံဖြစ်ရပ်မှန်အားပြန်လည်ခံစားရေးဖွဲ့ပါသည်။)