လူ လူချင်း တူပါလျက် ………….
အချို့သူများသည် အသက်တိုပြီး အချို့သူများသည် အသက်ရှည်ကြ၏။
အချို့သူများသည် အနာရောဂါ ထူပြောပြီး အချို့သူများသည် အနာရောဂါ ကင်းရှင်း ကျန်းမာကြ၏။
အချို့သူများသည် ရုပ်ရည် ချောမော လှပပြီး အချို့သူများသည် ရုပ်ဆိုး အကျည်းတန် ကြ၏။
အချို့သူများသည် ချစ်ခင် နှစ်သက် လေးစားသူ အခြွေအရံ ပေါများပြီး အချို့သူများသည် ချစ်ခင် နှစ်သက် လေးစားသူ အခြွေအရံ နည်းပါးကြ၏။
အချို့သူများသည် ပစ္စည်းဥစ္စာ ချမ်းသာ ပြည့်ဝပြီး အချို့သူများသည် ဆင်းရဲမွဲတေ ချို့တဲ့ကြ၏။
အချို့သူများသည် ယုတ်နိမ့်သော အမျိုး၌ လူဖြစ်ပြီး အချို့သူများသည် မြင့်မြတ်သော အမျိုး၌ လူဖြစ်ကြ၏။
အချို့သူများသည် ဥာဏ်ထိုင်း ပညာမဲ့ပြီး အချို့သူများသည် ဥာဏ်ကောင်း ပညာရှိကြ၏။
လူတွေ ဘာကြောင့် မတူကွဲပြား နေကြရပါသနည်း …………………..???
သည်မေးခွန်းများကို
လူတိုင်း စိတ်ထဲက မေးမိကြပါသည်။ အဖြေကို သိချင်ကြပါသည်။ သိသလိုလိုနှင့်
တကယ် သဘောမပေါက်ကြသေးသူများ များပါသည်။ ကျွန်တော်တို့ သိချင်သလို
သိချင်လွန်း၍ လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ခန့်က သုဘလုလင် ဆိုသော
လူငယ်တစ်ဦးက ဗုဒ္ဓမြတ်စွာဘုရားသို့ အထက်ပါ အမေးပုစ္ဆာများကို
မေးလျှောက်ခဲ့ဖူးသည်။
ထိုအခါ သစ္စာလေးပါး မြတ်တရားကို ဆရာမကူ
သယမ္ဘူဥာဏ်တော်ဖြင့် ကိုယ်တော်တိုင် ရှာဖွေ သိရှိခဲ့သော သုံးလောက ထွတ်ထား
မြတ်စွာဘုရားက ထိုအမေးများကို ပြန်လည် ဖြေကြားသော အားဖြင့် စူဠကမ္မသုတ်တော်
ကို ဟောကြားခဲ့ပါသည်။
ထိုသုတ္တန်အရ ဘ၀အဆက်ဆက် ကျင်လည်ရာ သံသရာတွင်
(၁) သူတစ်ပါး အသက်ကို သတ်ဖြတ်ခဲ့သူများသည် အသက်တိုခြင်း ၊
(၂) သူတစ်ပါးကို နှိပ်စက် ညှဉ်းဆဲခဲ့သူများသည် ရောဂါများ ဖြစ်တတ်ခြင်း ၊
(၃) ဒေါသအမျက် ကြီးသူများသည် ရုပ်ဆိုးအကျည်းတန်ခြင်း ၊
(၄) မိမိထက် စည်းစိမ်ဥစ္စာ ရာထူး စသည် သာသူများအပေါ် မနာလိုစိတ် မွေးကြသူများသည် ချစ်ခင် နှစ်သက်ဝန်းရံသူ အခြွေအရံ မရှိနည်းပါးခြင်း၊
(၅) ပစ္စည်းဥစ္စာများကို တွန့်တိုနှမျောသဖြင့် စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း မပြုခဲ့သူများသည် ဆင်းရဲချို့တဲ့ခြင်း ၊
(၆)
မာနကြီးပြီး ဂါရ၀တရား (ရိုသေထိုက်သူကို ရိုသေခြင်း) ၊ နိဝါတ တရား
(မိမိကိုယ်ကို နှိမ့်ချခြင်း) တို့ကင်းသူများသည် ယုတ်နိမ့်သော အမျိုး၌
ဖြစ်ရခြင်း ၊
(၇) မိမိ မသိမတတ်သည်များကို ပညာရှိများထံ
ချဉ်းကပ်မေးမြန်း၍ ဘ၀အဆက်ဆက် ပညာပါရမီ ဖြည့်ဆည်းခဲ့ခြင်း မရှိသူများသည်
ဥာဏ်ထိုင်း အသိပညာနည်းခြင်း
စသည့် အပြစ်များကို အသီးသီး ရရှိကြပြီး
ဆန့်ကျင်ဖက် ဖြစ်သော ကောင်းရာကောင်းကြောင်း ပြုခဲ့သူများသည် ကောင်းသော အကျိုးဆက်များ ဖြစ်သည့်
(၁) အသက်ရှည်စွာ နေရခြင်း
(၂) အနာရောဂါ ကင်းစွာ နေရခြင်း
(၃) ရုပ်ရည် အဆင်း လှပခြင်း
(၄) ချစ်ခင် နှစ်သက် လေးစားသူ အခြွေအရံများခြင်း
(၅) ချမ်းသာ ကြွယ်ဝ ပြည့်စုံခြင်း
(၆) မြင့်မြတ် သန့်စင်သော အမျိုးအနွယ်၌ လူဖြစ်ရခြင်း
(၇) ဥာဏ်ပညာ အသိတရား ကြီးမားခြင်း စသည်တို့ကို အကျိုးအဖြစ် ယခုဘ၀၌ ပိုင်ဆိုင်ရရှိကြပေ၏။
ထိုအကျိုးဆက်သည်
မြတ်စွာဘုရား လမ်းညွှန် ဟောကြားခဲ့သည့် မင်္ဂလသုတ်လာ ကောင်းမွန်သော
မင်္ဂလာတစ်ပါးဖြစ်သည့် ပုဗ္ဗေစ ကတပုညတာ ဟူသော ရှေးက ပြုခဲ့ဖူးသော
ကုသိုလ်ကောင်းမှု အထူးရှိခြင်း မင်္ဂလာတရားပင် ဖြစ်ပါသည်။ လောကီလူ့ဘောင်မှစ၍
လောကုတ္တရာ ကိစ္စများတိုင်အောင် အတော်လေး အရေးကြီးလှသည့် မင်္ဂလာတစ်ပါးဟု
ဆိုလျှင် မည်သူမျှ မငြင်းနိုင်ပါ။
ထိုသို့သော အဓိပ္ပာယ်ဖြင့် “ကံသာလျှင်
အမိ ၊ ကံသာလျှင် အဖ” ဟူသော စကား ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။
အဓိပ္ပာယ်ကောက် မလွဲအောင် ယူသင့်ပေသည်။
သိုးဆောင်းစကားပုံ တစ်ခုလည်း
ရှိပါသည်။ ထိုစကား၏ အဓိပ္ပာယ်ကို ကျွန်တော်တို့ဘ၀တွင် မကြာခဏ မျက်ဝါးထင်ထင်
တွေ့မြင်ခံစား အားငယ်နေရတတ်လေ့ ရှိပါသည်။ ထိုစကားကတော့ “ကံတစ်အောင်စသည်
ဥာဏ်တစ်ပေါင်ထက် ပိုကောင်းသည်” ဟူသော စကားပင် ဖြစ်ပါသည်။
ထိုသို့ဆိုလျှင်
လက်ရှိ ပစ္စုပ္ပန်တွင် ပြုလုပ်နေသော ကံများကရော အရေးမပါဘူးလားဟု မေးစရာ
ရှိသည်။ ထိုကံများ ကြိုးစားမှုများသည် အရေးမပါမဟုတ် ၊ ပါပါသည်။ သို့သော်
တကယ့်တကယ် အရေးကြီးဆုံး အမြင့်မားဆုံးသော ဆိုသော နေရာများ အရာဝတ္ထုများကို
ဥာဏ်တစ်ပေါင် ၊ ၀ီရိယတစ်ပေါင်လောက် မကပဲ တန်ချိန်နှင့်ချီ၍ ကျားကုတ်ကျားခဲ
သုံးခဲ့ပါသော်လည်း ကံတစ်ပေါင်သမားများကသာ များသောအားဖြင့် ဖြေးဖြေးမှန်မှန်
ရရှိဆွတ်ခူး သွားကြသည်ကို ခဏခဏ တွေ့နေရပါသည်။ တစ်ခါက အက်ဆေးတစ်ပုဒ်ထဲမှာ
ကျွန်တော်ရေးခဲ့ဖူးသလို ပုဗ္ဗေစ ကတပုညတာ မင်္ဂလာတရားနှင့် မပြည့်စုံသူများ
အတွက်ကတော့ သံသရာသည် သံပုရာထက် အပြန်တစ်ရာ ချဉ်နေဦးမည်သာ ဖြစ်သည်။
ဘယ်သူ့ကိုမျှ အပြစ်တင်၍ ရမည် မထင်ပါ။ စိတ်ကို ဆက်၍ ဖြူအောင်ထားကာ ကောင်းမှု
ကုသိုလ်များ ပြုခြင်းဖြင့် ကံကို ပြင်ရန်သာ ရှိပါသည်။
(ဤနေရာတွင်
ကြားဖြတ် ပြောလိုသည်မှာ ဘ၀ခြားမှ အကျိုးပေးသောကံ၊ ကာလတို အတွင်း
အကျိုးပေးသော ကံ၊ ကာလရှည်အတွင်း အကျိုးပေးသော ကံ စသည်ဖြင့် ဗုဒ္ဓအလိုကျ
ကုသိုလ်ကံအမျိုးအစားများ ခွဲခြားထားပုံမှ ရွေးချယ်ပြုလုပ်ပုံကို
အလျဉ်းသင့်၍ တကယ် တတ်ကျွမ်းနားလည်သူများတွေ့လျှင် ဆည်းကပ်၍ မေးမြန်း
ထားသင့်သည်ဟု ဖော်ပြလိုက်ပါသည်)
နောက်ထပ် ဆွေးနွေးစရာ စိတ်ဝင်စားစရာ
တစ်ချက် ရှိပါသေးသည်။ သံသရာ တစ်လျောက်တွင် မရေမတွက်နိုင်လောက်အောင်
များပြားလှသော ဘ၀အမျိုးမျိုး ပိုင်ဆိုင်ခဲ့ရမည် ဖြစ်ပြီး ကောင်းသော
ဘ၀တွေလည်း ပါခဲ့ဖူးမှာ သေချာလှပေသည်။ သို့ဆိုလျှင် ယခု ထိုကံတွေ
ဘယ်ရောက်ကုန်ပြီတုန်း။
ယခုလက်ရှိ ကောင်းသော ဘ၀ကို ပိုင်ဆိုင်ထားရသည် ၊ ဆက်လက်၍ ကောင်းလိုလျှင် ဘာဆက်လုပ် ရမည်နည်း။
ယခုလက်ရှိ ဆိုးလှသော ဘ၀ကို ပိုင်ဆိုင်ထားရသည် ၊ ဆက်လက်၍ မဆိုးလိုတော့လျှင် ဘာဆက်လုပ် ရမည်နည်း။
မြတ်စွာဘုရား၏ တရားတော် များထဲမှ ယူ၍ ပညာရှင်များ သီကုံးထားသော လင်္ကာအပိုင်းအစလေး တစ်ခုသာ ရွတ်ပြလိုက်ပါမည်။
“ရှေးကကောင်းလို့ အခုကောင်းပါတယ်
အခုကောင်း နောင် ပိုကောင်းပါလိမ့်မယ်”
“ရှေးကဆိုးလို့ အခုဆိုးပါတယ်
အခုဆိုး နောင် ပိုဆိုးပါလိမ့်မယ်” ဟူ၏။
ကျွန်တော် ငယ်စဉ်က ဆရာများ သင်ပေးခဲ့သည့် စူဠကမ္မသုတ်တော်၏ အနှစ်ချုပ်ကဗျာလေးကို မှတ်သား သတိရဖွယ် ဖော်ပြပေးလိုက်ပါသည်။
သတ်ဖြတ်ခဲ့လျှင် ၊ သက်တိုရလို့
ရှောင်ကြရှားကြ ၊ သက်ရှည်လို။
ညှဉ်းဆဲခဲ့လျှင် ၊ ရောဂါများလို့
ရှောင်ကြရှားကြ ၊ ကျန်းမာလို။
ဒေါသကြီးလျှင် ၊ ရုပ်ရည်ဆိုးလို့
သည်းခံအကျိုး ၊ လှမည်ကို။
မနာလိုလျှင် ၊ ခြွေရံနည်းလို့
နာလိုသူပဲ ၊ ခြွေရံပို။
မလှူခဲ့လျှင် ၊ ဥစ္စာမွဲလို့
ချမ်းသာဖို့လည်း ၊ ဒါနလို။
မာနကြီးလျှင် ၊ မျိုးနွယ်ယုတ်လို့
မာနကိုဖြုတ် ၊ မျိုးမြတ်လို။
မမေးမြန်းလျှင် ၊ ပညာနည်းလို့
မေးမြန်းသူပဲ ၊ ပညာပို။
ဆိုးအောင်ပြုက ၊ ဆိုးတာရ
ကောင်းမှ ၊ ကောင်းမည်ဆို။
အဲဒါက စူဠကမ္မသုတ္တ အမိန့်တော်ကို။
ဆက်လက်၍ အတွေးဝေဖွယ် မေးခွန်းလေးတစ်ခု ဖော်ပြပေးလိုက်ပါသည်။
“အချို့လူများသည်
ဒါနကုသိုလ် ပါ၍ ချမ်းသာခဲ့ပါလျက် / ကောင်းသော ကုသိုလ်ကံများ
ခံစားခဲ့ရပါလျက် အဘယ့်ကြောင့် ကြာရှည်မခံ ပျက်စီး လျော့ပါး
ဆုံးရှုံးကုန်ကြရပါသနည်း”