HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်

Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

 
တစ်ခါတုန်းက မြတ်စွာဘုရားရှင်ဟာ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေပါတယ်။ ညနေချမ်းရောက်တော့ ရှင်ရာဟုလာ သီတင်းသုံးရာ သရက်ဥယျာဉ်သို့  ကြွတော်မူပါတယ်။ ရှင်ရာဟုလာက မြတ်စွာဘုရားအတွက် နေရာခင်းခြင်း၊ ခြေဆေးပေးခြင်းများ ပြုပါတယ်။ မြတ်စွာဘုရားရှင်က ရှင်ရာဟုလာ ခင်းထားတဲ့ နေရာမှာ ထိုင်တော်မူပြီး တရားစကား သြ၀ါဒ ပေးတော်မူပါတယ်။

“ချစ်သားရာဟုလာ.... အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် မလုပ်ခင် စဉ်းစားလိုက်ပါဦး။ မိမိလုပ်မယ့်အလုပ်ဟာ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား၊ ထိခိုင်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့ တော့။

ချစ်သားရာဟုလာ.... လုပ်ဆဲမှာလည်း စဉ်းစားလိုက်ပါဦး။ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား၊ ထိခိုက်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့ တော့။

ချစ်သားရာဟုလာ....လုပ်ပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။ မိမိသူတစ်ပါး ထိခိုက်နိုင်တယ်ဆိုရင် မလုပ်ပါနဲ့ တော့။

ချစ်သားရာဟုလာ....အပြောတစ်ခုပြောတော့မယ်ဆိုရင်လည်း မပြောခင် စဉ်းစားလိုက်ပါဦး။ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား။ ထိခိုက်နိုင်မယ်ဆိုရင် မပြောပါနဲ့ တော့။

ချစ်သားရာဟုလာ....ပြောဆဲမှာလည်း စဉ်းစားလိုက်ပါဦး။ မိမိ သူတစ်ပါး ထိခိုက်နိုင်မလား။

ပြောပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။ ထိခိုက်နိုင်တယ်ဆိုရင် မပြောပါနဲ့ တော့။


ချစ်သားရာဟုလာ....အတွေးတစ်ခု တွေးတော့မယ်ဆိုရင်လည်း စဉ်းစားလိုက်ပါဦး။ တွေးဆဲမှာလည်း စဉ်းစားလိုက်ပါဦး။ တွေးပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။ မိမိ သူတစ်ပါး ထိခိုက်နိုင်တယ်ဆိုရင် မတွေးပါနဲ့ တော့။”


မြတ်စွာဘုရားရှင်က ကံသုံးပါးကို စင်ကြယ်အောင် လုပ်ဖို့ ဟောပြလိုက်တော့ ရှင်ရာဟုလာလည်း ကျေနပ်ပီတိ ဖြစ်သွားပါတော့တယ်။

(မဇ္ဈိမပဏ္ဏာသပါဠိတော်၊ မဟာရာဟုလောဝါဒသုတ်)

ဆရာတော် ရဝေနွယ် (အင်းမ) ၏ “မိမိကိုယ်ကို မိမိတည်ဆောက်မယ်” ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။



လေးကျွန်း-တစ်မြင့်မိုရ် အကြောင်းပြည့်ပြည်စုံစုံ
(အကျယ်တဝင့်သိလိုသူများအတွက်)
***********************************
လူ

“လူ”ဟူသည် ပါဠိဝေါဟာရ“မနုဿ”ဟူသော ပုဒ်မှ ဆင်းသက်လာသည်။ အဋ္ဌကထာ(အဖွင့်)ဆရာက “လောဘ၊ အလောဘ အစရှိသည်တို့နှင့် တကွဖြစ်သော စိတ်၏ပြန့်ပြောများပြားသည်၏ အဖြစ်ကြောင့် လူ မည်၏။” ဟု ဖွင့်ဆို ရှင်းပြထားသည်။
အခြားဘုံသားများထက် ကုသိုလ်၊ အကုသိုလ်အရာတို့၌ ထက်မြက် ရဲရင့်၊ ခိုင်မြဲသော သတိရှိကြပြီး ဆန်းကြယ်သော စိတ်နှလုံးရှိသူကို “မနုဿ” (လူ)ဟုခေါ်သည်။
တစ်နည်း - ကမ္ဘာဦးက သမ္မတမင်းသည် “မနု” မည်၏။ ထို မနုမင်း၏ အဆုံးအမ၌ တည်ကြသဖြင့် မနုမင်း၏ သားသမီးများသဖွယ် ဖြစ်ရကာ “မနုဿ”ဟု အမည်ရသည်။
တလူလူမြင့်မားတက်ကြွနေသော အဓိပ္ပာယ် သက်ရောက်သော မြန်မာအခေါ် မြန်မာပညတ်(လူ)ဟူသည်နှင့် ထပ်တူလိုပင် ဖြစ်နေပါသည်။
လူ့ဘုံ
မနုဿဘုံသည် လူ့တို့နေထိုင်ရာဘုံဖြစ်သည်။ ဤလူ့ဘုံသည် မျက်မြင်ထင်ရှားဖြစ်သည်။ လူတို့၏ထူးခြားချက်မှာ နိဗ္ဗာန်ရောက်အောင် ကျင့်ကြံနိုင်ခြင်း ဖြစ်သည်။
လူ့ဘဝ ရဖို့ရာ လူ့ပြည်မှ အပ်တစ်စင်းနှင့် ဗြဟ္မာပြည်က အပ်တစ်စင်းတို့ အချင်းချင်းထိခိုက်မိနိုင်ဖို့ ခက်ခဲတာထက် အဆပေါင်းများစွာ ခက်ခဲလှပါသည် ဟုအဆိုရှိသည်။
မြတ်စွာဘုရားဟောကြားထားသော နခသိခသုတ်ကို ထောက်ရှုခြင်း အားဖြင့် လူ့ဘုံမှာစုတေ၍ သေလွန်ကြကုန်သော သူတို့တွင် လူဘုံသို့ ရောက်ရှိသော သူမှာ မြတ်စွာဘုရား၏ လက်သဲခွံပေါ်ရှိ မြေမှုန့်ပမာဏသာရှိ၍ အပါယ်လေးဘုံသို့ ကျရောက်သော သူတို့မှာ ဂင်္ဂါမြစ်လွင်ပြင်ရှိ မြေမှုန့်ပမာဏ ရှိသည်။ နှိုင်းဆလို့မရအောင် ကွာခြားလှသည်။
အမှန်စင်စစ် လူ့ဘဝသို့ ရောက်ရှိလာခြင်းသည် အမိအဘတို့ရဲ့ သွေးသားကြောင့် ရောက်ရှိလာရတာ မဟုတ်ပါ။ မိမိတို့ ရှေးကပြုခဲ့ဖူးသော ကောင်းမှုကုသိုလ် ကံအကျိုးပေး များစွာကြောင့် (တစ်နည်း) ဂတိသမ္ပတ္တိနဲ့ပြည့်စုံလာ သည့်အတွက်ကြောင့် ရန်ုင်ခဲလှသည့် လူ့ဘဝကို ရရှိခြင်း ဖြစ်သည်။ အမိအဘတို့၏ သွေးသားဆိုသည်မှာ အထောက်အပံ့မျှသာ ဖြစ်ကြသည်။
လူ့ဘဝရရှိကြသော်လည်း လူအချင်းချင်း တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ မိမိတို့ရှေးဘဝကပြုခဲ့ဖူးသော ကံတွေကြောင့် မတူညီကြဘဲ ကွဲပြား ခြားနားနေ ကြပါသည်။ ယောင်္ကျားဘဝ၊ မိန်းမဘဝ၊ ယောင်္ကျားမဟုတ် မိန်းမမဟုတ် (နပုန်းပဏ္ဍုက်)ဘဝ တို့ ဖြစ်ကြသည်။ ယောင်္ကျားဘဝသည် မိန်းမဘဝထက် သာ၍ မြင့်မြတ်ပေသည်။
ယောင်္ကျား ဘဝဖြစ်စဉ်မှာ ကာမေသုမိစ္ဆာစာရ အကုသိုလ်ကံကို ကျူးလွန်မိခဲ့ပါက သေလျှင် ငရဲကျမည်။ ငရဲမကျပဲ လူပြန်ဖြစ်လျှင် မိန်းမဘဝမှာ ဖြစ်ကြရသည်။ (အရှင်အာနန္ဒာ မထေရ်မြတ်ကြီးပင်လျှင် အတိတ်ဘဝတစ်ခုမှာ ကာမေသုမိစ္ဆာစာရ ကံကို ကျူးလွန် မိခဲ့သည့် အတွက် မိန်းမဘဝ ဖြစ်ခဲ့ရဖူးသည်။)
လူလေးမျိုး
လူဟုဆိုရာတွင် ဝိမာနအဋ္ဌကထာ၌ လူသည် သာမညအားဖြင့် တစ်မျိုးတစ်စားတည်းသာဖြစ်သော်လည်း အထူးပြုခွဲခြားလျှင် လေးမျိုးရှိကြောင်း တွေ့ရသည်။
• လူ့ငရဲသား
• လူ့ပြိတ္တာ
• လူ့တိရစ္ဆာန်
• လူသားစစ်စစ်
(၁)လူ့ငရဲသား
သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း စသော မပြုသင့်သည်ကိုပြုခဲ့လျှင် မင်းပြစ်ဒဏ်ကြောင့် လက်ခြေဖြတ်ခြင်း စသောအပြစ်ပေးခံရပြီး ဆင်းရဲဒုက္ခကြီးစွာ ခံစားနေရသူများ။
(၂)လူ့ပြိတ္တာ
ရှေးကပြုခဲ့ဖူးသော မကောင်းမှုကြောင့် (ရှေးက ကောင်းမှုကို မပြုခဲ့သောကြောင့်) အစားအစာ အဝတ်အထည်ကို မရရှိ၊ ဆာလောင်ခြင်းဖြင့်
နှိပ်စက်ခံနေရ၍ ဆင်းရဲကြီးစွာ ရပ်တည်ရာမရ ကတိမ်းကပါး ပြေးလွှားရှာဖွေနေ ရသူများ။
(၃)လူ့တိရစ္ဆာန်
သူတစ်ပါးနှင့် စပ်လျှင်း၍ အသက်မွေးရသဖြင့် သူတစ်ပါး၏ တာဝန်ဝတ္တရားများကို မနေမနားထမ်းဆောင်သွားလာနေရသူများ၊ လူ့လောက စည်းမျဉ်းဥပဒေကို ကျော်ဖျက်၍ မလိုအပ်သည်ကို လုပ်သဖြင့် အစိုးရမင်း စသော တစ်ပါးသူတို့ ခြိမ်းခြောက်မှုကြောင့် သေဘေးကိုကြောက်၍ တောတောင်ထဲသို့ ပြေးဝင်ရပြီး အိပ်လိုခြင်း၊ စားလိုခြင်း၊ ဆာလောင်ခြင်း ဆင်းရဲကို ပယ်ဖျောက်ရုံမှတစ်ပါး အခြားမည်သည့်အကျိုးအကြောင်း ဟုတ်သည် မဟုတ်သည်ကိုမျှ မစဉ်းစားနိုင်ဘဲ ဒုက္ခကြီးစွာ လှည့်လည်ထွက်ပြေး နေရသူများ။
(၄)လူသားစစ်စစ်
မိမိ၏ အကျိုးစီးပွားကိုသိ၍ ကံ ကံ၏အကျိုးကို ယုံကြည်ကာ မကောင်းမှုမှာ ရှက်ခြင်း၊ ကြောက်ခြင်းတို့နှင့် ပြည့်စုံပြီးလျှင် သတ္တဝါတို့အပေါ်၌ သနားခြင်းရှိသည့်အပြင် သံဝေဂတရားရှိသည့်အလျောက် အကုသိုလ်တရားတို့ကို ရှောင်ကြဉ်ကာ ကုသိုလ်တရား တို့ကို ကောင်းစွာကျင့်သုံးပြီး ဒါန၊ သီလ၊ ဘာဝနာ စသော ပုညကြိယာ ဝတ္ထုဆယ်ပါးနှင့် ပြည့်စုံသောသူများ။
ကျွန်းကြီး(၄)ကျွန်း၊ ကျွန်းငယ်(၂၀၀၀)
လူ့ဘုံ(မနုဿဘုံ)တွင် အရှေ့ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်း၊ တောင်ကျွန်း ဟူသော ကျွန်းကြီး(၄)ကျွန်းရှိသည်။
ကျွန်းကြီး(၄)ကျွန်းတွင် တစ်ကျွန်းစီ၌ ကျွန်းငယ်ပေါင်း(၅၀၀)စီ ရံထားလေသည်။ ထို့ကြောင့် ကျွန်းငယ်(၂၀၀၀)ရှိသည်။ ကျွန်းကြီး(၄)ကျွန်း၊ ကျွန်းငယ်(၂၀၀၀)ရှိသော လူ(မနုဿ)တို့၏ နေရာကို လူ့ဘုံဟု ခေါ်သည်။
ကျွန်းကြီး(၄)ကျွန်း
* ပုဗ္ဗ၀ိဒေဟ = အရှေ့ကျွန်း
* အပရဂေါယာန = အနောက်ကျွန်း
* ဥတ္တရကုရု = မြောက်ကျွန်း
* ဇမ္ဗုဒီပ = တောင်ကျွန်း
ပုဗ္ဗ၀ိဒေဟ ခေါ် အရှေ့ကျွန်း
အရှေ့ကျွန်း၏ အကျယ်အ၀န်းသည် ယူဇနာ (၇)ထောင် ရှိသည်။ အရှေ့ကျွန်း၏ ပုံသဏ္ဌာန်သည် လထက်ဝက်ခြမ်းနှင့် တူသည်။ ထိုကျွန်းနေ လူတို့၏ မျက်နှာ သဏ္ဌာန်မှာလည်း ကျွန်းသဏ္ဌာန်ကဲ့သို့ လထက်ဝက်ခြမ်းသဏ္ဌာန် ဖြစ်သည်။ အရှေ့ကျွန်း၏ ကျွန်းဦး၊ ကျွန်းထိပ်တွင် တစ်ယူဇနာ အမြင့်ရှိသော ကုက္ကိုပင်ရှိသည်။
အရှေ့ကျွန်းသူ/သားများသည် ကုန်ရောင်း၊ ကုန်ဝယ် စသော ပညာနှင့် အသက် မွေးလုပ်ကိုင်ရသည့် အလုပ်ကို လုပ်ကိုင်ကြသည်။ အသက်(၇၀၀) ရှည်ကြသည်။
အပရဂေါယာန ခေါ် အနောက်ကျွန်း
အနောက်ကျွန်း၏ အကျယ်အ၀န်းသည် ယူဇနာ (၇)ထောင် ရှိသည်။ အရှေ့ကျွန်း၏ ပုံသဏ္ဌာန်သည် လပြည့်ဝန်းနှင့် တူသည်။ ထိုကျွန်းနေလူတို့၏ မျက်နှာ သဏ္ဌာန် မှာလည်း ကျွန်းသဏ္ဌာန်ကဲ့သို့ လပြည့်ဝန်းသဏ္ဌာန် ဖြစ်သည်။
အနောက်ကျွန်း၏ ကျွန်းဦး၊ ကျွန်းထိပ်တွင် တစ်ယူဇနာ အမြင့်ရှိသော ထိန်ပင်ရှိသည်။ အနောက် ကျွန်းသူ/သားများသည် နွားယာဉ်ကို စီး၍ သွားလာနေထိုင် တတ်သည်။ အသက်(၅၀၀) ရှည်ကြသည်။
ဥတ္တရကုရု ခေါ် မြောက်ကျွန်း
မြောက်ကျွန်း၏ အကျယ်အ၀န်းသည် ယူဇနာ (၈)ထောင် ရှိသည်။ မြောက်ကျွန်း၏ ပုံသဏ္ဌာန်သည် အင်းပျဉ်မှန်နှင့် တူသည်။ ထိုကျွန်းနေ လူတို့၏ မျက်နှာသဏ္ဌာန်မှာလည်း ကျွန်းသဏ္ဌာန်ကဲ့သို့ အင်းပျဉ်မှန်နှင့် တူသည်။
မြောက်ကျွန်း ၏ ကျွန်းဦး၊ ကျွန်းထိပ်တွင် အမြင့် ယူဇနာတစ်ရာ ရှိသော ပဒေသာပင်ရှိသည်။ မြောက်ကျွန်းသူ/သားများသည် အလိုရှိရာကို ပဒေသာပင်မှ ဆွတ်ယူစားသောက်ပြီး ချမ်းချမ်းသာသာ နေထိုင်ကြရသည်။ အသက်(၁၀၀၀) ရှည်ကြသည်။
မြောက်ကျွန်း သူ/သားများသည် ဥပစ္ဆေဒကကံ နှင့် သေခြင်းမျိုးမရှိပေ။ အခက်အလက်စိတ်ပြီး ပြဿဒ်ကြီးများနှင့် တူသော သစ်ပင်ကြီးများ နေရာအနှံ့ ပေါက်ရောက်နေသည်။ ကျွန်းသူ/သားများသည် ထိုသစ်ပင်ကြီးများကို နေအိမ်အဖြစ် အသုံးပြု နေထိုင်ကြသည်။
အိပ်လိုသည့်အခါ အိပ်ယာများသည် အဆင်သင့် ဖြစ်နေ၏။ ကြာမျိုးငါးပါးနှင့် ဖုံးလွှမ်းနေသော အလွန်သာယာသည့် ရေကန်များလည်း ရှိသည်။
မြောက်ကျွန်းသူ/သားများသည် အရပ်မမြင့်လွန်း၊ မပုလွန်း ကြည့်ကောင်းရုံမျှ အချိုးအစားရှိသည်။ အိုမင်းခြင်း၊ ဆံဖြူခြင်း၊ ပါးရေတွန့်ခြင်း၊ အားအင်ဆုတ်ယုတ်ခြင်း မရှိ၊ အမြဲတင့်တယ်နေသည်။
မြောက်ကျွန်းတွင် အေးခြင်း၊ ပူခြင်း၊ မှက်၊ ခြင်၊ လေ၊ နေပူ၊ ကင်း၊ သန်း၊ သားရဲတိရစ္ဆာန် စသော အနှောက်အယှက် ဘေးရန်လုံးဝမရှိပေ။ အမြဲတန်း ရာသီဥတု မျှတ နေသည်။ မြောက်ကျွန်းသူ/သားများသည် လယ်ယာလုပ်ကိုင်ရခြင်း မရှိပေ။
မြေအလိုလို ပေါ်ပေါက်လာသည့် ဖွဲ အမြှေး ကင်းစင်သော သလေးဆန်ကို အိုးတွင်ထည့်၍ မီးကျီးအခိုးမထွက်သော ဇောတိပါသာဏ မီးကျောက်နှင့် ချက်ကာ စားသောက်ကြသည်။ (ဇောတိပါသာဏ မီးကျောက် သုံးခုကို ဖိုခနောက်လုပ်၍ သလေးဆန်ထည့်ထားသော ရွှေခွက်ကို တည်သည်။
မီးသည် သလေးဆန် မကျက်မချင်း ဖိုခနောက်မှ ထတောက်နေသည်။ သလေးဆန် ကျက်လျှင် မီးသည် အလိုလို ငြိမ်းသွားသည်။) တခြားဟင်းလျာများကို မစားကြပေ။ မိမိလိုလား တောင့်တသည့်အတိုင်း အရသာ ဖြစ်လာကြသည်။ ထို ဘောဇဉ်ကို စားသုံးကြသည့် အတွက် အနာရောဂါ လုံးဝကင်းရှင်းသည်။
မြောက်ကျွန်းသူ/သားများသည် ခါးကုန်းခြင်း၊ ခြေလက်ကောက်ခြင်း၊ ခွင်ခြင်း၊ ကိုယ်အင်္ဂါ ချို့တဲ့သည်များ လုံးဝမရှိပေ။
မြောက်ကျွန်းသူများသည် တင့်တယ်လျောက်ပတ်သော ရုပ်ဆင်းအင်္ဂါ ရှိကြသည်။ မြောက်ကျွန်းသူ မိန်းမများသည် လက်ချောင်းသွယ်သည်။ လက်သည်း နီသည်။ ရင်သားရှည်ပြီး ခါးသေးသည်။ လပြည့်ဝန်းနှင့် တူသောမျက်နှာ ရှိသည်။ မျက်လုံးကျယ်သည်။ နူးညံ့သည့် အသားအရေ ရှိသည်။ ပေါင်တံသွယ်သည်။ ဖြူစင်သော သွားများရှိသည်။ ချက်ကျ စောက်နက်သည်။ ဒူးဆစ် သေးသွယ်သည်။ ဆံပင်နက်သည်။ တင်ပါး ကျယ်သည်။ အမွှေးအမျှင် မထူမပါးရှိသည်။
စကားပြောလျှင် သိမ်သိမ်မွေ့မွေ့ ပြောဆို၏။ လက်ဝတ်တန်းဆာ အမျိုးမျိုး ၀တ်ဆင်တတ်သည်။ အသက်(၁၆)နှစ် အရွယ်ကဲ့သို့ အမြဲတင့်တယ်နေသည်။ ယောင်္ကျားများသည် အသက်(၂၅)နှစ် အရွယ်ကဲ့သို့ အမြဲတင့်တယ်နေသည်။
ယောင်္ကျားများသည် သားမယားအပေါ် စွဲစွဲလမ်းလမ်း ချစ်ချစ်ခင်ခင် မရှိကြ။ မြောက်ကျွန်းသူယောင်္ကျား၊ မိန်းမများသည် ကာမကိစ္စ တစ်သက်လုံးမှာ (၇)ရက်သာ ခံစား ကြသည်။ ကျန်ရက်များတွင် ရာဂကင်းစွာ နေထိုင်ကြသည်။ မြောက်ကျွန်းတွင် ကိုယ်ဝန်ဆောင်ခြင်း၊ သားဖွားခြင်း စသော ဒုက္ခများမရှိကြပေ။
သင်တိုင်းနီအတွင်းက ရွှေရုပ်ကလေးလို မိခင်၏ ၀မ်းပိုက်မှ ကလေးငယ်သည် အညစ်အကြေးမရှိ ထွက်လာကြသည်။ အမျိုးသမီးများ မွေးဖွားချိန်ကျသည့်အခါ ရောက်သည့်နေရာ၌ မွေးဖွားတတ်သည်။ မွေးဖွားသည့်အခါ ထိုင်၍မွေးဖွားသည်၊ အိပ်၍လဲ မွေးဖွား တတ်သည်။ မိခင်များသည် ဖွားမြင်ပြီင်္း သားသမီးများကို အငဲ့မကွက်မရှိဘဲ လူအများသွားသော လမ်းတွင် ထားပစ်ခဲ့ပြီး မိမိတို့သွားလိုရာကို သွားကြသည်။
ထိုကလေးငယ်များကို တွေ့သည့် ယောင်္ကျား၊ မိန်းမများက မိမိတို့၏ လက်ညှိုးကို ကလေးငယ်၏ ပါးစပ်ထဲသို့ ထည့်လိုက် လျှင် နို့ထွက်လာသည်။ လက်ညှိုးက ထွက်လာသည့် နို့ကိုသာ စို့ရပြီး အားအင်ဖြစ်လာကြရသည်။ မိန်းကလေးဖြစ်လျှင် မိန်းမကြီးများဆီ၊ ယောင်္ကျားကလေး ဖြစ်လျှင် ယောင်္ကျားကြီးများဆီ သွားရောက် နေထိုင်ကြရသည်။
မြောက်ကျွန်းတွင် သားက အမိကို မသိ၊ အမိက သားကို မသိ `သားနှင့် အမိ´သည် ယောင်္ကျား မိန်းမ သဘောအရ တပ်မက်ခြင်း မရှိကြ။ ထိုသို့ဖြစ်ခြင်းမှာ သူတို့တွင်ရှိသော တရားသဘောများ၏ ဓမ္မတာ အစွမ်းသတ္တိကြောင့် ဖြစ်သည်။
အမြင့် ယူဇနာ တစ်ရာရှိသော ပဒေသာပင်များသည် နေရာတိုင်းလိုလို ရှိနေကြသည်။ ပဒေသာပင်၌ သစ်သီး သီးသကဲ့သို့ မျိုးစုံသော အ၀တ်တန်ဆာများနှင့် တူရိယာများ ရှိကြသည်။ လိုချင်သော ပစ္စည်းကို အပင်ရင်းက ဖြစ်စေ၊ အကိုင်းကြားက ဖြစ်စေ လက်ဖြန့်ထားလျှင် အလိုအလျောက်ရသည်။
အသီးသီးသော သစ်ပင်များတွင် ရေအိုးမျှ အရွယ်ရှိ ချိုမြိန် ကောင်းမွန် သော အသီးများ သီးသည်။ ထိုအသီးများကို စားလျှင် (၇)ရက် အဆာပြေသည်။ မြစ်များတွင် အလွန်ကြည်လင် သော ရေများရှိသည်။ ရွံ့ညွှံ သဲ လုံးဝမရှိ။
ရနံ့မွှေးကြိုင်သော ပန်းများသည် အမြဲ တင့်တယ်လှပ နေသည်။ ဆူးရှိသောမြက်၊ ကြမ်းတမ်းသော ချုံပင်များ လုံးဝမရှိပေ။ မြောက်ကျွန်းတွင် စန္ဒကူး၊ ကံ့ကော်ပင်များသည် အလိုလို နံ့သာရည်များ ယိုထွက် နေကြသည်။
မြောက်ကျွန်းသူ/သားများသည် ကိုယ့်ဟာ၊ သူ့ဟာ ခွဲခြားမှု မရှိကြ။ ထို့ကြောင့် ငြင်းခုန်၊ ခိုက်ရန်ဖြစ်ခြင်း လုံးဝမရှိပေ။ မြောက်ကျွန်းသူ/သားများသည် လူသေကို တွေ့လျှင် မငိုကြ၊ သောက မဖြစ်ကြ။ လူသေကောင်ကို အ၀တ်တန်ဆာ ဆင်ယင်ပြီး စွန့်ပစ်လိုက်ကြသည်။
ငှက်များက လူသေကောင်ကို တစ်ခြားကျွန်းသို့ ယူဆောင် သွားကြသည်။ ထို့ကြောင့် မြောက်ကျွန်းတွင် သင်္ချိုင်း မရှိပေ။ မြောက်ကျွန်း သူ/သားများသည် သေသောအခါ အပါယ်လေးဘုံသို့ မရောက်၊ ငါးပါးသီလ မြဲသောကြောင့် နတ်ပြည်၌သာ စံရသည်။ အမြဲတမ်း အသက်(၁၀၀၀)ပြည့်အောင် နေကြရသည်။
* မြောက်ကျွန်းသူ/သားများသည် ဇမ္ဗုဒီပ တောင်ကျွန်းသားများထက် ပိုလွန်သော ဂုဏ်(၃)ပါးရှိသည်။
* မြောက်ကျွန်းသူ/သားများသည် ငါ့ရွှေ၊ ငါ့ငွေရယ်ဟု မြတ်နိုးမနေပေ။
* မြောက်ကျွန်းသူ/သားများသည် ငါ့လင်၊ ငါ့သား၊ ငါ့မယား ဟူ၍ သိမ်းဆည်း မနေပေ။
* မြောက်ကျွန်းသူ/သားများသည် အသက် တစ်ထောင် အမြဲနေကြရသည်။
ဇမ္ဗုဒီပ ခေါ် တောင်ကျွန်း
တောင်ကျွန်း၏ အကျယ်အ၀န်းသည် ယူဇနာ (၁)သောင်း ရှိသည်။ တောင်ကျွန်း၏ ပုံသဏ္ဌာန်သည် လှည်းဦးဆုံနှင့် တူသည်။
ထိုကျွန်းနေ လူတို့၏ မျက်နှာသဏ္ဌာန်မှာလည်း ကျွန်းသဏ္ဌာန်ကဲ့သို့ လှည်းဦးဆုံနှင့် တူသည်။ တောင်ကျွန်း၏ မြောက်ဘက် ကျွန်းဦးတွင် အမြင့် တစ်ဆယ့်ငါး ယူဇနာ ရှိသော သပြေပင်ရှိသည်။
တောင်ကျွန်းသူ/သားများ၏ သက်တမ်းသည် အမြဲမရှိပေ။ ဇမ္ဗုဒီပ ခေါ် တောင်ကျွန်းက လူသားများသည် ဘုရား၊ ပစ္စေကဗုဒ္ဓ၊ စကြာမင်းများ ဖြစ်တတ်ကြသည်။
ဇမ္ဗုဒီပ တောင်ကျွန်းသားများသည် မြောက်ကျွန်းသူ/သားများ ထက် လွန်မြတ်သော ဂုဏ်(၃)ပါးရှိသည်။
* ဒါန စသော ကုသိုလ်ကောင်းမှု ပြုလုပ်ရာမှာ ရဲရင့်သည်။
* အပ္ပမာဒ မမေ့မလျော့သော သတိတရားနှင့် ပြည့်စုံသည်။
* အရိယာ မဂ်၊ ဖိုလ် မျိုးစေ့ကို ဖြစ်စေနိုင်သည်။
တခြားကျွန်တို့ထက် တောင်ကျွန်း၏ထူးမြတ်ခြင်းကြီး ၅-ပါးရှိသည်၊
* ယူဇနာတစ်သောင်းကျယ်၍ အခြားကျွန်းတို့ထက် ကျယ်ဝန်းခြင်း၊
* မဟောဗောဓိပင်မင်းနှင့်အပရာဇိတ ပလ္လင်တော်ပေါက်ရာဖြစ်ခြင်း၊
* ဘုရားပစ္စေကဗုဒ္ဓါတို့၏ ပွင့်ထွန်းပေါ်ပေါက်ရာ ဖြစ်ခြင်း၊
* စကြာ မန္ဓာတ်မင်းမြတ်တို့၏ဖြစ်ပေါ်ရာဖြစ်ခြင်း၊
* နိဗ္ဗာန်သို့ ဖြောင့်တန်းစွာကူးနိုင်ရာကျွန်းမြတ် ဖြစ်ခြင်း။
မွေးဖွားပုံ(၄)မျိုး
`ဂဗ ၻေသယ်က ပဋိသေႏၶ´
လူတို့သည် ပုံမှန်အားဖြင့် `ဂဗ ၻေသယ်က ပဋိသေႏၶ´ တည်၍ မွေးဖွားကြသည်။ အမိဝမ်းတွင်း သန္ဓေတည်၍ မွေးဖွားသည်။
`ဥပပတ် ပဋိသန္ဓေ´
ကမ္ဘာဦးအခါက `ဥပပတ် ပဋိသန္ဓေ´နဲ့ လူလာဖြစ်ကြသည်။ သစ်ပင်၊ ကြာတိုက် စသော စိမ်းစိုသည့် အရာဝတ္တု တစ်ခုခုကို မှီပြီး လူဖြစ်သည်။ (လူဖြစ်သည့် အရွယ်မှာ ၁၆-နှစ်ဖြစ်၍ တဖြေးဖြေးကြီးပြင်းလာသည်။) ကမ္ဘာဦးအခါက လူသားများ နှင့် အမ္ဗပါလီ သည် ဥပပတ် ပဋိသန္ဓေနှင့် မွေးဖွားသူများ ဖြစ်သည်။
`သံသေဒဇ ပဋိသန္ဓေ´
သစ်ပင်၊ ကြာတိုက် စသော စိမ်းစိုသည့် အရာဝတ္တု တစ်ခုခုကို မှီပြီး လူဖြစ်သည်။ ( ကလေးဘ၀မှ စ၍ တဖြေးဖြေးကြီးပြင်းလာသည်။) လူ့ဘုံတွင် သံသေဒဇ ပဋိသန္ဓေ နှင့် မွေးဖွားသူ အတော်များများရှိသည်။ ပဒုမ၀တီ မိဖုရား၊ ပဒုမ၀တီ၏သား(၄၉၉)ယောက်၊ အာကင်္ခ မင်းသမီး၊ ပေါက္ခရသာတိ ပုဏ္ဏား တို့သည် သံသေဒဇ ပဋိသန္ဓေနှင့် မွေးဖွားသူများ ဖြစ်သည်။
`အဏ္ဍဇ ပဋိသန္ဓေ´
တိရစ္ဆာန်နှင့် လူသားတို့ အကြောင်းပါ၍ မွေးဖွားလာခြင်းဖြစ်သည်။ လူ့ဘုံတွင် အဏ္ဍဇ ပဋိသန္ဓေ တည်ခြင်း အလွန်ရှားသည်။
(ကလျာဏီကျောက်စာ အရ - တစ်ခါက နဂါးမနှင့် ၀ိဇ္ဖာဓိုရ် ပေါင်းသင်းခဲ့၍ နဂါးမတွင် ပဋိသန္ဓေ ရလာသည်။ သန္ဓေနှင့် နဂါးမသည် ဥနှစ်လုံးကို သဲပြင်၌ ဥခဲ့သည်။ ရသေ့တစ်ပါးတွေ့၍ ကောက်ယူသိမ်းထားလိုက်သည်။
အချိန်ကြာသောအခါ ဥ နှစ်လုံးမှ ယောင်္ကျားငယ် နှစ်ယောက် ဖွားမြင်လာသည်။ တစ်ယောက်က ဆယ်နှစ်အရွယ်တွင် ကျောက်ရောဂါနှင့် ဆုံးသွားသည်။ ကျန်တစ်ယောက်မှာ ကြီးပြင်းလာသောအခါ သုဝဏ္ဏဘူမ္မိ မြို့၌ သီဟရာဇာ အမည်ဖြင့် မင်းဖြစ်လာသည်။)
သေဆုံးပုံ(၄)မျိုး
မွေးလာပြီးလျှင် အကြောင်း (၄) ချက်နှင့် သေကြရသည်။
* အာယုက္ခယ = အသက်တမ်းကုန်၍ သေခြင်း။
(ဖယောင်းတိုင် ဖယောင်းသားကုန်၍ မီးငြိမ်းရခြင်း)
* ကမ္မက္ခယ = ကံကုန်၍သေခြင်း ၊(ဖယောင်းတိုင် မီးစာကြိုးကုန်၍ မီးငြိမ်းရခြင်း)
* ဥဘယက္ခယ = အသက်တမ်းနှင့် ကံကုန်၍သေခြင်း၊ (ဖယောင်းတိုင် မီးစာကြိုးရော ၊ ဖယောင်းသားပါကုန်၍ မီးငြိမ်းရခြင်း)
* ဥပစ္ဆေဒက = အသက်တမ်းနဲ့ ကံရှိသေးသော်လည်း အခြား ဥပစ္ဆေဒက ကံ က ဖြတ်သတ်၍ သေခြင်း (လေပြင်းတိုက်သောကြောင့် မီးငြိမ်းရခြင်း)
ကျမ်းကိုး
* န၀အင်္ဂုတ္တရအဌကထာ
* န၀ကအင်္ဂုတ္တိုရ် ပါဠိတော်
* မောင်ဝိဇ္ဖာ “ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာအကြောင်း”
* တက္ကသိုလ်သျှင်သီရိ“နတ်ပြည်ရောက်လူသားတို့၏ ဘဝအတွေ့အကြုံများ”
* ဦးနန္ဒ(ဝိဇ္ဇာဂုဏ်ထူး)“ဘုံဘဝ ပုံပြတရားတော်”
* ဦးမြတ်ကျော်(မြန်မာစာကော်မရှင်)`၃၁-ဘုံ ခရီးသည်
မှတဆင့်ဓမ္မဒါနတင်ပြအပ်ပါသည်ခင်ဗျာ
(ဗဟုသုတတိုးပွားနိုင်ကြပါစေခင်ဗျာ)
(ကျွန်တော့်၏Postများမှဓမ္မတရားတော်များကို အများသူငါဖတ်ရှုလေ့လာကုသိုလ်ပွားနိုင်ရန်အတွက်ထပ်ဆင့်၍ဝေမျှ Shareခြင်းဖြင့်ကုသိုလ်
ယူနိုင်ကြပါသည်ခင်ဗျာ)

(Facebook မှကူးယူဖော်ပြပါသည်...)

သံယောဇဉ်ဆိုတာကလည်း အခက်သား။ စွဲမိပြီဆိုရင် ဘာမဟုတ်တာလေး အပေါ်မှာလည်း စွဲလမ်းမိပြီး ဖြတ်ဖို့ခက်တတ်တဲ့ သဘောရှိပါတယ်။ ပစ္စည်းဥစ္စာ တစ်ခုခုကိုပဲ ဖြစ်ဖြစ်၊ နေရာဒေသ တစ်ခုခုကိုပဲ ဖြစ်ဖြစ်၊ အလုပ်အကိုင် တစ်ခုခုကိုပဲ ဖြစ်ဖြစ်၊ ပုဂ္ဂိုလ်တစ်ဦးဦးကိုပဲ ဖြစ်ဖြစ် နေ့စဉ် မြင်နေတွေ့နေ ရင်းနှီးနေတော့ မရှိရင်၊ မမြင်ရင်ကိုပဲ စိတ်ထဲမှာ တစ်ခုခု လိုနေသလို ဖြစ်နေတတ်ပါတယ်။ တစ်ခါတစ်လေ အဲဒီပစ္စည်းဝတ္ထုလေး တစ်ခုခုများ ဖြစ်သွားတဲ့အခါ ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲကို ဖြစ်တတ်တဲ့ သဘောလေးတွေ ရှိနေတတ်သလို တစ်ခါတစ်လေလည်း ကိုယ့်ပစ္စည်းလေး တစ်ခုခုကို တစ်ယောက်ယောက်ကို ပေးပြီးမှ နှမြောတသ ဖြစ်ကြရတာတွေလည်း ရှိတတ်ပါတယ်။ လူပုဂ္ဂိုလ်လည်း ဒီလိုပါပဲ။ နေ့စဉ်မြင်နေတွေ့နေကျ ဖြစ်တဲ့အခါ ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် တစ်နေရာရာရောက်ပြီး ကွဲကွာသွားကြတဲ့ အခါမှာတော့ မြင်ချင်တွေ့ချင် နေတတ်ပြန်ပါတယ်။ ဒါတွေဟာ တကယ်တော့ တွယ်တာမှု သံယောဇဉ်တွေကြောင့်ပဲ ဖြစ်ပါတယ်။

ဒီသံယောဇဉ်ဟာ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ အရာလေးတွေမှာကိုပဲ ဖြတ်မရအောင် စွဲလမ်းနေတတ်တာတွေ ရှိတတ်ပါတယ်။ တစ်ချို့လည်း ကြံဖန်ပြီး သံယောဇဉ် တွယ်နေတတ်ပါတယ်။ နေရာဒေသဆိုလည်း ငယ်ငယ်တည်းက နေ့ခဲ့တဲ့ နေရာလေးဖြစ်နေလို့၊ ပစ္စည်းဥစ္စာဆိုလည်း မိဘအမွေဖြစ်လို့၊ ဘယ်သူက ပေးထားတာဖြစ်လို့၊ ဘယ်လို ရှာထားရတာလေးဖြစ်လို့၊ လူပုဂ္ဂိုလ်ဆိုလည်း ဘယ်သူ့သားသမီး၊ ဘယ်သူနဲ့ ပတ်သက်နေသူ ဖြစ်လို့ စသဖြင့် အကြောင်းပြချက် အမျိုးမျိုးနဲ့ကို တွယ်တာနေတတ်ကြတာ ဖြစ်ပါတယ်။ တစ်ချို့လည်း သံယောဇဉ်တွယ်တာကို တခြားအရာလေးတွေနဲ့ ဖုံးကွယ်ပြီး ဒါတွေက ဒီအတိုင်းထားလို့ မရလို့၊ ဒီမှာက ဘယ်သူမရှိရင် မဖြစ်လို့၊ ဒီအလုပ်တွေက ဘယ်သူလုပ်မှ ဖြစ်မှာမို့ စသဖြင့် ပရိယာယ်တစ်မျိုး၊ အကြောင်းပြချက် တစ်မျိုးမျိုးနဲ့ ဖြတ်ဖို့မကြိုးစားဘဲ အဲဒီသံယောဇဉ် တောထဲမှာပဲ တိုးနေတာတွေ ရှိတတ်ပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ဘယ်လို အကြောင်းမျိုးပဲပြပြ နောက်ဆုံး ကောက်ချက်ချလိုက်တော့ သံယောဇဉ်ကြောင့်ပဲဆိုတာ ထင်ရှားလှပါတယ်။

တစ်လောကတောင် ဘုန်းဘုန်းရဲ့ ခမည်းတော်ကြီးနဲ့ စကားပြောဖြစ်တော့ ဘုန်းဘုန်းက “ဒကာကြီး… အသက်အရွယ်လည်း ရလာပြီ၊ ရိပ်သာသွားပြီး တရားလေးဘားလေး အားထုတ်ဦးမှနော်…”လို့ ပြောတော့ ဒကာကြီးက “ဟာ… အရှင်ဘုရားနယ်၊ အရှင်ဘုရားလည်း သိတဲ့အတိုင်းပဲ၊ အိမ်မှာက အရှင်ဘုရားအမေနဲ့၊ ညီမတွေရယ်ပဲ ရှိတာ၊ ပြီးတော့ ဆိုင်ကလည်း ရှိသေးတယ်၊ တပည့်တော် မရှိလို့ မဖြစ်ပါဘူး၊ တရားတော့ အားထုတ်ချင်ပါတယ်၊ ခက်တာက ဒီမှာကလည်း လွှတ်ထားလို့ မရဘူး၊ နောက်တော့ အားထုတ်ထာပေါ့ ဘုရား…” ဆိုပြီး သူ့အကြောင်းပြချက်နဲ့ သူ၊ သူ့တွယ်တာမှု သံယောဇဉ်တွေနဲ့ ရုန်းမထွက်နိုင်တာကိုပဲ ဘယ်သူကြောင့်၊ ဘာကြောင့်လို့ ကာကွယ်ပြောဆို နေတော့တာ ဖြစ်ပါတယ်။ ဒါတောင် ပြောတဲ့သူ့သားက ဘုန်းကြီးဖြစ်နေလို့။ လူသာဆိုရင် “မင်းက အဖေလား…၊ ငါက အဖေလား…”လို့ ပြန်မေးမှာ သေချာပါတယ်။ တစ်ခါတစ်လေ မိဘတွေမှာ မိဘဆိုတဲ့ မာနလေးတွေ ရှိနေပြန်တော့ သားသမီးတွေက ပြောလာရင် သိပ်လက်ခံချင်ကြတာ မဟုတ်ပါဘူး။ မှန်ပေမယ့် ငါဆိုတဲ့ မာနလေးတွေခံနေတော့ သိပ်လက်မခံချင်သလို ဖြစ်တတ်တာတွေလည်း ရှိတတ်ပါတယ်။

ထားပါတော့။ ပြောချင်တာက သံယောဇဉ်အကြောင်းပါ။ ပုထုဇဉ်တွေမှာက ဖြစ်ရာဘ၀၊ ရောက်ရာနေရာမှာ တွေ့ရာသူတွေနဲ့ ရှိရာပစ္စည်းတွေ အပေါ်မှာ ကြံဖန်ပြီး သံယောဇဉ်တွယ်တတ်တဲ့ သဘောတွေ ရှိနေတာဆိုတော့ ဒီသံယောဇဉ်တွေကို ဖြတ်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စပါ။ သာမန်လူတွေ မပြောနဲ့ ပါရမီရှင်ဖြစ်တဲ့ ဘုရားရှင်တောင်မှ ပါရမီဖြည့်စဉ် အတိတ်ဘ၀ တစ်ခုမှာ လယ်တစ်ကွက်၊ ပေါက်တူးတစ်လက်နဲ့၊ ကွမ်းစားဝက်လောက်ရှိတဲ့ ပြောင်းစေ့လေးတွေ အပေါ်မှာ သံယောဇဉ်တွယ်မိလို့ ရသေ့ရဟန်းဘ၀ကို (၇)ကြိမ်တိုင်တိုင် ၀င်လိုက်ထွက်လိုက် လုပ်ခဲ့ရဖူးတယ်လို့ မိန့်တော်မူပါတယ်။ လယ်တစ်ကွက်၊ ပေါက်တူးတစ်လက်နဲ့ ပြောင်းတစ်ဝက်ကြောင့် ရဟန်းလူထွက်ဘ၀ကို အကြိမ်ကြိမ် ကျင်လည်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီတုန်းက သာသနာပ ကာလဖြစ်တဲ့အတွက် ရဟန်းဆိုပေမယ့် ရသေ့ရဟန်းဘ၀ပေါ့။

လွန်ခဲ့ပြီးတဲ့ အတိတ်ဘ၀၊ ဗာရဏသီပြည်မှာ ဗြဟ္မဒတ်မင်း အုပ်ချုပ်နေချိန်က ဖြစ်ပါတယ်။ ဒီတုန်းက ဘုရားလောင်းဟာ ကုဒါလပဏ္ဍိတဆိုတဲ့ အမည်နဲ့ သာသနာပ ရသေ့ရဟန်းအဖြစ်နဲ့ ဟိမ၀န္တာမှာနေပြီး ကမ္မဋ္ဌာန်း တရားအားထုတ်သူ တစ်ယောက်ဖြစ်ပါတယ်။ ကုဒါလပဏ္ဍိတဟာ ရသေ့ရဟန်းဘ၀နဲ့ နေပေမယ့် ရာသီပြောင်းလို့ သီးနှံစိုက်ပျိုးချိန် ရောက်တဲ့အခါ လူ့ဘ၀မှာထားခဲ့တဲ့ အသွားတုံးး ပေါက်တူးတစ်လက်နဲ့ တစ်ကွမ်းစားဝက် (တစ်စလယ်ဝက်) လောက်ရှိတဲ့ ပြောင်းမျိုးစေ့ကို သတိရ တွယ်တာနေပြီး ပြောင်းမျိုးကို မပြတ်စေဖို့ လူထွက်ကာ လယ်တစ်ကွက်မှာ ပြန်စိုက်ပျိုးပါတယ်။ အဲဒီစိုက်ပျိုးထားတဲ့ ပြောင်းကိုအမျိုးမျိုး ပေါင်းသင်ထိန်းသိမ်းလို့ အချိန်တန် ရိတ်သိမ်းချိန်ကျတဲ့အခါ တစ်ကွမ်းစားဝက်လောက် မျိုးစေ့ကို ချန်ထားပြီး ကျန်တာတွေကို စားသုံးပါတယ်။ စိုက်ပျိုးရိတ်သိမ်းမှု ပြီးတော့ အလုပ်မရှိဘဲ ဖြစ်နေတဲ့အခါ ကုဒါလပဏ္ဍိတဟာ လူ့ဘ၀မှာနေလို့ ဘာအကျိုးမှမရှိ ရသေ့ရဟန်း ၀တ်တာကောင်းပါတယ်လို့ အကြံဖြစ်ပြီး တစ်ခါ တောထွက်ကာ ရသေ့ရဟန်းဝတ်ပြန်ပါတယ်။

ဒီလိုနဲ့ တစ်ကွမ်းစားဝက်ရှိတဲ့ ပြောင်းမျိုးစေ့နဲ့ အသွားတုံး ပေါက်တူးတစ်လက်ကြောင့် ကုဒါလပဏ္ဍိတဟာ ခြောက်ကြိမ်တိုင်တိုင် ရသေ့ရဟန်းဝတ်လိုက် လူထွက်လိုက် ဖြစ်နေခဲ့ပါတယ်။ ခုနှစ်ကြိမ်မြောက်တဲ့ အခါမှာတော့ ကုဒါလပဏ္ဍိတမှာ အကြံတစ်ခု ဖြစ်ပါတယ်။ ကုဒါလပဏ္ဍိတက “ငါဟာ ဒီပေါက်တူးတုံး တစ်လက်၊ ပြောင်းစေ့တစ်ဝက်ကို အကြောင်းပြုပြီး ရသေ့ရဟန်းဝတ်လိုက်၊ လူထွက်လိုက် ဖြစ်လာတာ ခြောက်ကြိမ်မြောက်လို့ ခုနှစ်ကြိမ်တောင် ရောက်လာခဲ့ပြီ၊ ဒီဘာမဟုတ်တဲ့ ပစ္စည်းဝတ္ထု အပေါ်မှာ တွယ်တာမိတဲ့ သံယောဇဉ်ကြောင့် တရားလည်း ကောင်းကောင်းအားမထုတ်ဖြစ်ဘဲ အချိန်တွေပဲ ကုန်လွန်စေခဲ့ရတယ်၊ ဒီပစ္စည်းတွေ မရှိမှပဲ အေးတော့မှာ ဖြစ်တယ်…”လို့ အကြံဖြစ်ပြီး အဲဒီပစ္စည်းတွေကို စွန့်ပစ်ဖို့ ဂင်္ဂါမြစ်ကမ်းနားသွားကာ စွန့်ပစ်ပါတယ်။ ဒါပေမယ့် စွန့်ပစ်တဲ့ နေရာကို မျက်စိနဲ့ မြင်တွေ့နေရတဲ့အတွက် ပစ္စည်းအပေါ် တွယ်တာတဲ့ သံယောဇဉ်ကြောင့် တစ်ခါပြန်ပြန်ပြီး ကောက်ယူနေခဲ့ပြန်ပါတယ်။ နောက်ဆုံး မဖြစ်တော့ဘူးလို့ စဉ်းစားပြီး ပြောင်းမျိုးကို ပုဆိုးပိုင်းနဲ့ထုတ်၊ ပေါက်တူးရိုးမှာချည်၊ မျက်စိကိုမှိတ်၊ ခေါင်းပေါ်မှာ သုံးကြိမ်လှည့်ယမ်းပြီး ဂင်္ဂါမြစ်ထဲကို ပစ်ချလိုက်ပါတယ်။ အဲဒီလို စွန့်ပစ်လိုက်တော့မှပဲ ကျသွားတဲ့ နေရာကို မတွေ့တော့တာ ဖြစ်ပါတယ်။ ဒီတော့မှ ကုဒါလပဏ္ဍိတဟာ “အောင်ပြီ၊ အောင်ပြီ”လို့ သုံးကြိမ်တိုင်တိုင် အသံပြု ဟစ်ကြွေးလိုက်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ရဲ့အောင်ပြီဆိုတဲ့ အသံကို စစ်အောင်ရာက ပြန်လာတဲ့ ဗာရဏသီမင်းက ကြားပြီး ရသေ့ထံသွားကာ “အရှင်ရသေ့… အကျွန်ုပ်ဟာ ရန်သူကို စစ်တိုက်ပြီး အောင်မြင်လာခဲ့ပါပြီ၊ အရှင်ရသေ့က ဘာကိုအောင်တာလဲ..”လို့ မေးတဲ့အခါ ကုဒါလပဏ္ဍိတက “အရှင်မင်းကြီး.. အရှင်မင်းကြီး အောင်တော်မူခဲ့တာဟာ သူခိုးဓားပြစတဲ့ ရန်သူတွေကို အောင်နိုင်ခဲ့တာ ဖြစ်ပါတယ်၊ ဒီလို သူခိုးဓားပြ စသူတွေကို အောင်နိုင်ခြင်းဟာ အစစ်အမှန် အောင်နိုင်ခြင်း မဟုတ်ပါဘူး၊ အချိန်တန်ရင် သူတို့က အရှင်မင်းကြီးကို တစ်ခါပြန်ပြီး အောင်နိုင်ရင်လည်း အောင်နိုင်ပါသေးတယ်၊ အကျွန်ုပ်ရဲ့ အောင်နိုင်ခြင်းကတော့ ကိုယ်တွင်းမှာ ဖြစ်နေတဲ့ လောဘဆိုတဲ့ ခိုးသူဓားပြ၊ တွယ်တာမှုဆိုတဲ့ သံယောဇဉ် ခိုးသူဓားပြကို အောင်နိုင်ခြင်း ဖြစ်တဲ့အတွက် အကောင်းဆုံး၊ အမြတ်ဆုံး အောင်နိုင်ခြင်းပဲ ဖြစ်ပါတယ်၊ ဒါကြောင့် အောင်ပြီအောင်ပြီလို့ ဟစ်ကြွေးခြင်း ဖြစ်ပါတယ်..” စသဖြင့် ပြောကြားကာ တရားစကား ဟောာကြားလိုက်ပါတယ်။ ဒီအခါမှာ ဗာရာဏသီမင်းလည်း သတိသံဝေဂရကာ ရသေ့ရဟန်းပြုသွားပါတယ်။ ဗာရဏသီမင်း ရသေ့ရဟန်းပြုသွားသံကို ကြားတဲ့အခါ ခုနှစ်ပြည်ထောင်မင်းတို့လည်း လိုက်ပြီးရသေ့ ရဟန်းပြု သွားကြပါတော့တယ်။ (ကုဒ္ဒါလဇာတက (သို့) ကုဒါလဇာတက) ဒါက ဘုရားရှင် ဟောကြားတော်မူတဲ့ ဘုရားလောင်း ကုဒါလပဏ္ဍိတ ရသေ့ရဲ့ အတိတ်ဇာတ်ကြောင်းပဲ ဖြစ်ပါတယ်။

ဒီဇာတ်တော်လာ ဘုရားလောင်း ကုဒါလပဏ္ဍိတရဲ့ အဖြစ်ကိုကြည့်ရင် တွယ်တာမှု သံယောဇဉ်ရဲ့ ဒုက္ခကြီးမားပုံကို ကောင်းကောင်းသဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။ သံယောဇဉ်ဟာ တန်ဘိုးရှိတဲ့ အရာမှာပဲ ဖြစ်ဖြစ်၊ တန်ဘိုးမရှိတဲ့ အရာမှာပဲ ဖြစ်ဖြစ်၊ ချမ်းသာတဲ့သူမှာပဲ ဖြစ်ဖြစ်၊ ဆင်းရဲတဲ့သူမှာပဲ ဖြစ်ဖြစ်၊ ရုပ်ရည်အဆင်း ရှိတဲ့သူမှာပဲ ဖြစ်ဖြစ်၊ မရှိတဲ့သူမှာပဲ ဖြစ်ဖြစ် မြင်နေတွေ့နေ၊ ကြားသိနေရင် ဖြစ်တတ်တဲ့ သဘောရှိတယ်ဆိုတာ ပေါက်တူးတစ်လက်နဲ့ ပြောင်းစေ့ဝက်ကြောင့် ဒုက္ခဖြစ်ခဲ့ရတဲ့ ဘုရားလောင်း ရသေ့ရဲ့အဖြစ်က သက်သေပြနေခဲ့ပါတယ်။ အဲဒီအတွင်း သံယောဇဉ်ကို အနိုင်မယူနိုင်ပါက အပြင်အရာတွေကို ဘယ်လောက်ပဲ အောင်နိုင်ပါစေ အစစ်အမှန် အောင်နိုင်မှု မဟုတ်ကြောင်းကို ဘုရားလောင်းရဲ့ တရားစကားက မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်ပါတယ်။ သေချာတာကတော့ အတွင်းတွယ်တာမှု သံယောဇဉ်ကို ပယ်သတ် အနိုင်ယူခြင်းကသာ အကောင်းအဆုံး ချမ်းသာတစ်ခုဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဒါကြောင့် သတ္တ၀ါတွေရဲ့ ဘ၀မှာ ဒုက္ခပေါင်းစုံနဲ့ ကြုံတွေ့နေကြရတာတွေဟာ တွယ်တာမှု သံယောဇဉ်ကြောင့်သာဖြစ်ပြီး ဒီတွယ်တာမှုကို မဖြတ်နိုင်သေးသမျှ ပေါက်တူးတစ်လက်၊ ပြောင်းစေ့ဝက်ကို အကြောင်းပြုပြီး ဒုက္ခအကြိမ်ကြိမ် ဖြစ်ခဲ့ရတဲ့ ဘုရားလောင်း ရသေ့ရဟန်းလို အဖြစ်မျိုးနဲ့ ကြုံတွေ့ကာ ဒုက္ခပင်လယ် ဝေနေကြရဦးမှာ ဖြစ်တဲ့အတွက် ဒီလို ဒုက္ခမျိုးကနေ ရုန်းထွက်နိုင်အောင် ကိုယ့်ရဲ့သတိ ပညာ ၀ီရိယတရားများ လက်ကိုင်ထားကာ “ကိုယ်တွင်းမှာ ရှိနေတဲ့ လောဘဆိုတဲ့ သူခိုးဓားပြ၊ တွယ်တာမှု သံယောဇဉ်ဆိုတဲ့ သူခိုးဓားပြများကို အောင်နိုင်ခြင်းဟာ အကောင်းအဆုံး အမြတ်ဆုံး အောင်နိုင်ခြင်းပဲ ဖြစ်တယ်…”ဆိုတဲ့ ကုဒါလပဏ္ဍိတရဲ့ တရားစကားအတိုင်း ကိုယ့်သန္တာန်မှာရှိတဲ့ တွယ်တာမှု သံယောဇဉ်ကို ကိုယ်ကိုယ်တိုင်ပဲ ဖြတ်နိုင်အောင် ကြိုးစားကြပါလို့ အလေးအနက် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။ သံယောဇဉ်ဟာ ရှိရင်ရှိသလို၊ များရင်များသလို အဲဒီသူကို အနိုင်ယူ လောင်မြိုက်ကာ ဒုက္ခဖြစ်စေတဲ့အတွက် ဘယ်အရာ၊ ဘယ်ပုဂ္ဂိုလ်အပေါ်မှ သံယောဇဉ်ထားတာ မကောင်းကြောင်း အသိပေးစကားပါးရင်း မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ စကားအတိုင်း “သံယောဇဉ် အမျှင်မတန်းစေဖို့ ရှင်ခန်းသာ ဖြတ်လိုက်ကြပါစို့…”လို့…။

အရှင်ဝိစိတ္တ(မနာပဒါယီ)


ဇော ၇-ချက်နှင့် ပါတ်သက်၍ ဇောဆိုသည်မှာ... ဇ၀နကိုခေါ်ပါတယ်...

ဇော= ဇ၀န(ပါဠိ)= လျှင်မြန်ခြင်း= အရှိန်အဟုန်။

သည်နေရာမှ အရှိန်အဟုန်ဆိုတဲ့ အဓိပ္ပါယ်ကို ယူပါတယ်... ဇောမှာက ကုသိုလ်ဇော
အကုသိုလ်ဇော ကြိယာဇော ဆိုပြီး ရှိတဲ့နေရာမှာ ကြိယာဇောကတော့
ဘုရားရဟန္တာတွေမှာ ဖြစ်ပြီး... ဒကာဒကာမတို့ ဘုန်းကြီးတို့မှာတော့ ကုသိုလ်ဇော
အကုသိုလ်ဇောတွေ အမြဲမပြတ် ဖြစ်နေပါတယ်...

ဇော ဘယ်နှစ်ခါဖြစ်သလဲ အရင်လေ့လာရအောင်...

ကာမဇောတို့သည် ပကတိအခါ ၇-ကြိမ်သော် လည်းကောင်း၊ ၆-ကြိမ်သော် လည်းကောင်း ဖြစ်ကုန်၏...
သေခါနီးအခါ... မေ့မျောသွားသောအခါ မှီရာ ဟဒယဝတ္ထုရုပ် အားနည်းလှသောကြောင့်
၅-ကြိမ်သာ ဖြစ်ကုန်၏လို့ အဆိုရှိတဲ့အတွက် လယ်တီဆရာတော်ဘုရားက __အရိုးသတ်+ဆ၊
အားနည်းလှ၊ ပဉ္စအကြိမ်သာ__ ဆိုပြီး သံခိပ်လေးရေးပြီး
မှတ်တမ်းတင်ထားပါတယ်... နောက် မြတ်ဗုဒ္ဓ ရေမီးအစုံစုံ တန်ခိုးပြာဋိဟာ
ပြတော်မူသောအခါတို့၌ ဝသီဘော် အထွတ်အထိပ်သို့ရောက်သော
ဈာန်ရှင်ဖြစ်တော်မူသောကြောင့် ပစ္စဝေက္ခဏာ ကာမဇော... အဓိဋ္ဌာန် ကာမဇောတို့သည်
၎-ကြိမ်၊ ၅-ကြိမ် ဖြစ်ကုန်၏... ((ဤ၌ မြတ်စွာဘုရားမှာ ၄-ကြိမ်၊
အရှင်မောဂ္ဂလာန်စသည်တို့မှာ ၅-ကြိမ် ဖြစ်ကုန်၏ဟု အထူးမှတ်ရာ၏)) လို့
ဆက်လက်ပြီး ဆရာတော်မှ __ဝသီခေါင်ဖျား၊ ဈာန်နှင့်ငြား၊ လေး+ငါး နှစ်ထွေလာ__
ဆိုပြီး လင်္ကာစီထားပြန်ပါတယ်... ဇောဆို အားလုံး ၇-ကြိမ်ချည့်
ထင်နေမစိုးလို့ ထည့်ရှင်းပေးလိုက်ပါတယ်...

ဇော ၇-ကြိမ်ဖြစ်ပုံနဲ့ ၀ီထိအစဉ်ကို ကြည့်ကြမယ်... (အတိမဟန္တာရုံဝီထိ) ရူပါရုံအဆင်းနဲ့ စက္ခုပသာဒတို့
တွေ့ဆုံပြီးနောက် မြင်သိစိတ်တစ်ခုတွင် စိတ်ဖြစ်ပုံ အစဉ်အတန်းမှာ...

တီ+န+ဒ+ပ+စ+သံ+ဏ+၀ု+ဇ ဇ ဇ ဇ ဇ ဇ ဇ+ရုံ+ရုံ+ဘွင်+ဘွင်

တီ= အတီတဘ၀င်= (အတီတ=လွန်ပြီး + ဘ၀င်= ဘ၀င်စိတ်) အာရုံသစ်မထင်မှီ ချုပ်ပျက်သွားသော ဘ၀င်စိတ်...

န= ဘ၀င်္ဂစလန= (စလန= လှုပ်သော + ဘ၀င်္ဂ= ဘ၀င်) အာရုံဟောင်းကို မလွတ်သေး အသစ်ကိုလည်း စွဲမြဲစွာ မယူနိုင်သေးလှုပ်နေသောသဘော...

ဒ= ဘ၀င်္ဂုပစ္ဆေဒ= (ဘ၀င်္ဂ= ဘ၀င် + ဥပစ္ဆေဒ= ပြတ်စဲသော) အာရုံသစ်ကိုယူရန် အာရုံဟောင်းကိုဖြတ်သော နောက်ဆုံး ဘ၀င်စိတ်...

ပ= ပဉ္စဒွါရာဝဇ္ဇာန်း= ထင်လာသောအာရုံကို ဘာပါလိမ့်လို့ တစ်ကြိမ် ဆင်ခြင်ပြီးချုပ်၏။

စ= စက္ခုပသာဒကိုမှီ၍ စက္ခုဝိညာဏ် အဆင်းကို မြင်သိစိတ်ဖြစ်...

သံ= သမ္ပဋိစ္ဆိုင်းစိတ်= ရူပါရုံအဆင်းကို ခံယူသောစိတ်... လက္ခံသောစိတ်...

ဏ= သန္တီရဏ= အာရုံကို စူးစမ်း ထောက်လှမ်းသောစိတ်...

ဝု= ၀ုဋ္ဌော= အာရုံကို ကောင်းမကောင်း ဆုံးဖြတ်သောစိတ်... (၀ုဋ္ဌောထိ အာရုံများ မထင်ရှားသေး ခံစားမှု ထိထိမိမိ မသိသေးသေး)

ဇော= ဇ၀န= အရသာပေါ်အောင် အရှိန်ကောင်းကောင်းနှင့် ကာမဇော ၂၉-ပါးမှ တစ်ပါးပါးသော
ဇောစိတ်သည် ၇-ကြိမ်တိုင်တိုင်စောသည်။ နှလုံးသွင်းကောင်းလျှင် ကုသိုလ်ဇော...
နှလုံးသွင်းမကောင်းလျှင် အကုသိုလ်ဇော... ရဟန္တာဖြစ်လျှင် ကြိယာဇော...
ဖြစ်သည်။

ရုံ= တဒါရုံ= ဇောနောက်လိုက်၍ အာရုံ၏အရသာကို ထပ်မံ ခံစားခြင်း...

ဘွင်= ဘ၀င်= ဥပပတ္တိဘ၀၏အကြောင်း... (အတိတ်ကံကြောင့် လူသေမသွားအောင် စိတ်ကလေး ဆက်ဖြစ်ပေးနေခြင်း ဖြစ်သည်)

မရှင်းသေးလျှင် သည်ဥပမာနဲ့ လေ့လာကြည့်ကြမယ်...

သရက်ပင်အောက်က လူတစ်ယောက် ခေါင်းမြီးခြုံ အိပ်နေသည်= ဘ၀င်ကျ...

သရက်သီးကြွေကျ= အာရုံနှင့် ဒွါရ တိုက်ဆိုင်သည်နှင့် တူပါသည်...

လူနိုးလာသည်= ပဉ္စဒွါရာဝဇ္ဇာန်း ဖြစ်ပုံနှင့် တူပါသည်...

ခေါင်းမြီးခြုံဖွင့်ကြည့်= စက္ခုဝိညာဏ်စိတ် ဖြစ်ပုံနှင့် တူပါသည်...

သရက်သီးလှမ်းယူ= သမ္ပဋိစ္ဆိုင်း ဖြစ်ပုံနှင့် တူပါသည်...

မှည့် မမှည့် နှိပ်ကြည့်= သန္တီရစဏ ဖြစ်ပုံနှင့် တူပါသည်...

မှည့်သည်ဟု ဆုံးဖြတ်= ၀ုဋ္ဌော ဖြစ်ပုံနှင့် တူပါသည်...

ကိုက်စား အရသာခံစား= ဇော ဖြစ်ပုံနှင့် တူပါသည်...

ခံတွင်းရှင်း၍ မျိုချ= တဒါရုံ ဖြစ်ပုံနှင့် တူပါသည်...

ခေါင်းမြီးခြုံ ပြန်အိပ်= ဘ၀င်ပြန် ဖြစ်ပုံနှင့် တူပါသည်...

အရှိန်အဟုန်ကောင်းကောင်းနှင့် ကုသိုလ်စိတ် အကုသိုလ်စိတ်များ ဖြစ်လာပြီဖြစ်၍ ဇော... ဇော ၇-ကြိမ်၏ အကျိုးတရားတို့မှာ...

(၁) ပထမဇောသည်... ပဋိသန္ဓေကျိုးကိုမပေး ယခုလက်ရှိ ပ၀တ္တိကျိုးကိုပေးနိုင်၏
ချက်ချင်းလက်ငင်း ထီပေါက်နိုင်သည် ကိုယ်လိုချင်တာရနိုင်မည်
ရွှေအိုးကြီးများရနိုင်သလို... ခြေကျိုး လက်ကျိုး သေချင်းဆိုးနှင့်
သေစေနိုင်သော စွမ်းအားများပါရှိသည်... သူက အကျိုးမပေးက ဘယ်သောအခါမှ
အကျိုးမပေးတော့ အဟောသိကံ... ပထမဇောကံအကျိုး ပျက်၏...

(၇) သတ္တမဇော(သို့)နောက်ဆုံးဇော... သူသည်ကား ဒုတိယ-လာမည့်ဘ၀ ပဋိသန္ဓေကျိုးကို
အကျိုးပေးနိုင်သည့်...ပြင်... ပ၀တ္တိကျိုးကိုလည်း ပေးနိုင်သည်...
ကုသိုလ်ဇောသည် လူ-နတ် ဖြစ်စေနိုင်သလို... အကုသိုလ်ဇောသည်ကား အပါယ
အပါယ်လေးဘုံသို့ ရောက်စေနိုင်ပေသည်...

(၂-မှ-၆) ဒုတိယဇောမှဆဋ္ဌမဇောထိ... အကျိုးပေးပုံကား... တတိယဘ၀မှ စတင်၍
ပဋိသန္ဓေအကျိုးနှင့် ပ၀တ္တိအကျိုးတို့ကို ဘ၀သံသရာ မပြတ်မခြင်း
အကျိုးပေးတော့မည် ဖြစ်ပေသည်...

သို့အတွက် သူတော်ကောင်းအပေါင်းတို့ ကုသိုလ်အကျိုးပေးနှင့် အကုသိုလ် အကျိုးပေးတို့သည်ကား ပြဒါးတစ်လမ်း
သံတစ်လမ်းဖြစ်ပေသည်... ကုသိုလ်၏ အကျိုးပေးကား ချိုမြိန်လှသော မချစ်စု
သရက်သီး စားရသလို... အကုသိုလ်၏ အကျိုးပေးသည်ကား... ခါးသီးလှပေသည်တကား...
ကျွန်ုပ်အတွက်တော့ အမေပေးသောအသည်း အစိမ်းသက်သက် အလှီးခံလိုက်ရပေပြီ...
အကုသိုလ် ပ၀တ္တိအကျိုးသည်ကား ခါးသီးလှပေ၏... အသိ သတိရှိကြပါကုန်...
သင်တို့မှာလည်း နောက်တွဲတွေ အများကြီး ရှိပေဦးမည်... ရှေ့ဆက်၍ ကောင်းမှု
ကုသိုလ်တွေ ကြိုးစားနိုင်ကြပါစေ... သူတော်ကောင်းတရားတွေ
လွမ်းခြုံနိုင်ကြပါစေ... သာသနာကို စောင့်ရှောက်နိုင်သော အမျိုးကောင်း
သားသမီးများ ဖြစ်ကြပါစေ...

အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတော်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ...

ဦးလောကနာထ


ဥပုဒ်သီတင်းနဲ့ပြည့်စုံတော် မူထကုန်သော ပုရိသနွယ်ဝင် သူတော်စင် အပေါင်းတို့အား လေးစားကြည်ညိုသောအားဖြင့် ဒီဝါဆိုလပြည့်နေ့လေးမှာ ရတနာသုံးပါ ဦးထိပ်ထားလျှက် ဒီပို့စ်လေးနဲ့ ကုသိုလ်ယူလိုက်ပါတယ်...

သာသနာသက္ကရာဇ် ၂၅၅၅ခုနှစ်
၁၃၇၃ ခုနှစ် ၀ါဆိုလပြည့် ၁၅ ရက်နေ့ 
15--7--2011.....ရက်

သန္ဓေ, တောထွက်, ဓမ္မစက်, မိန်မြွက်သံချို လဝါဆို ဟူသောစကားနှင့်အညီ မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ကြီးသည် တုသိတာနတ်ပြည်မှ နတ်သားအပေါင်းတို့ဧ။်
ဘုရားဖြစ်ရန် အချိန်တန်ပါပြီဟု လာရောက်ကာ တောင်းပန်ကြသောကြောင့်
သန္တုဿိတ နတ်သားအဖြစ်မှ မယ်တော်မာယာဧ။် ဝမ်းတွင်ဝယ် ဝါဆိုလပြည့်နေ့တွင်
ပဋိသန္ဓေနေတော်မူပါသည်။
ဖွားမြင်မြောက်သောအခါ သိဒ္ဓတ္ထဂေါတမ အမည်ရလေဧ။်။ ဆယ့်ခြောက်နှစ်ဝယ်
ယသော်ဓရာနှင့် ထိန်းမြှား လက်ထပ်လေဧ။် ရာဟုလာ အမည်ရသော သားတော်တစ်ပါး
မွေးဖွားလေဧ။် ထိုနောက် သူအို, သူနာ, သူသေ, ရဟန်း, ဟူသော နိမိတ်ကြီးလေးပါးကို
မြင်တော်မူကာ အိုခြင်းသဘော နာခြင်းသဘော သေခြင်းသဘော တရားတို့ကို
ကြောက်လန့်ကာ အိုခြင်းကင်းရာ နာခြင်းကင်းရာ သေခြင်းကင်းရာ ရဟန်းတစ်ပါးဧ။် ခ
ျမ်းသာတရားကို တွေးသိကာ တောထွက်ရန် ကြံစည်တော်မူပြီး ဝါဆိုလပြည့်နေ့
ညသန်းခေါင်ယံ အချိန်တွင် ဖွားဖက်တော် မောင်စံ ကန္နကမြင်းတို့ နှင့် ဥရုဝေလ
တောသို့ ကိလေသာကုန်ခန်းပြီး ဥာဏ်အလင်းရောင်တွေကို ရှာဖွေရန်
တောထွက်တော်မူပါသည်။
မဂဓတိုင်း ဂယာမြို့အနီး ဥရုဝေလတောဝယ် (၆)နှစ်တို့ ကာလပတ်လုံး ရှေးဟောင်း
အိန္ဒိယ ယောဂီ ပရိဗိုဇ်တို့ဧ။် အတ္တကိလမထာ (ပင်းပန်းစွာခန္ဓာကိုယ် ညင်းဆဲကြောင်း)
အကျင့်တို့ကို့ ထိုတောဝယ်(၆) နှစ်တိုင်တိုင် ပင်းပန်းစွာ ကျင့်ကြံသော်လည်း
တရားထူးကိုမရရှိပေ၊ (၆)နှစ်မျှကျင့်ခဲ့ရတဲ့ ရှေးဟောင်းအိန္ဒိယ ယောဂီပရီဗိုဇ်တို့ဧ။်
အကျင့်များသည် ခန္ဓာကိုယ်ပင်ပန်းဆင်းရဲကြောင်း အကျင့်များသာဖြစ်သည်ဟု
သိရသောအခါ မိမိဧ။် ကိုယ်ပိုင်နည်းစနစ်ဖြစ်သော မဂ္ဂင်(၈)ပါး နည်းလမ်းသစ်ဖြင့်
သဗ္ဗညုတ ဥာဏ်တော်ကို ရရှိကာဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါသည် ၊
ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက် အားထုတ်ခဲ့သောတရားများနှင့် လောကကို
ဆင်ခြင်ကြည့်သော် မိမိရရှိ ကျင့်ကြံထားသော တရားတို့သည် အလွန်သိမ်မွေ့နက်နဲ
ခက်ခဲလွန်းနေဧ။် လောကလူသားတို့ဧ။် အသိဥာဏ်ကား ကိလေသာအမှောင်တို့ဖြင့်သာ
ထာဝစဉ်ပိတ်ဖုံးနေဧ။။် ငါဧ။်တရားတို့သည်ကား အလွန်နက်နဲကာ ခက်ခဲလွန်နေဧ။်
ပုထုဇဉ်တို့အား ဟောကြားရန် လားလားမှ မတန်ဟု စဉ်ခြင်နေစဉ် သဟမ္ပတိ ဗြဟ္မာဧ။်
တောင်းပန်မှုဖြင့် အရင်က မိမိ တပည့်တော်ခဲ့ဘူးသော ကာသိတိုင်း ဗာရာဏသီမြို့အနီး
မိဂဒါဝုန်တောဝယ်ရှိသော ပဉ္စဝဂ္ဂီငါးဦး (ပဉ္စ-ငါးခု ငါးယောက်၊၀ဂ္ဂ-အစု အဖွဲ့)
တို့ကိုတရားဦးဟောကြားရန် ကြွချီတော်မူလေသည် ။
ဝါဆိုလပြည့်နေဝယ် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် သူ့ဘဝဧ။်
ထမဦးဆုံးဖြစ်သော ဓမ္မစင်္ကြာ တရားတော်ကို ပဉ္စဝဂ္ဂီ ငါးဦးတို့အား ဟောကြားတော်
မူလေသည်။ ဝါဆိုလပြည့် နေ့သည် ဗုဒ္ဓဘာဝင်တို့ အတွက် မွန်မြတ်သောနေ့တစ်နေ့ဖြစ်ပါသည်။

ဝါဆိုလပြည့် (၅) နေ့
(၁) ပဋိသန္ဓေတည်သည့်နေ့ = မဟာသက္ကရာဇ် – ၆၇၊ ၀ါဆိုလပြည့်။(ကြာသပတေးနေ့)
(၂) တောထွက်သည့်နေ့ = မဟာသက္ကရာဇ် – ၉၇၊ ၀ါဆိုလပြည့်။(တနင်္လာနေ့)
(၃) ဓမ္မစကြာတရားဦး = မဟာသက္ကရာဇ် – ၁၀၃၊ ၀ါဆိုလပြည့်။(စနေနေ့)
(၄) သောတာပန်လူသား စပေါ်သည့်နေ့ = မဟာသက္ကရာဇ် – ၁၀၃၊ ၀ါဆိုလပြည့်။ (စနေနေ့)
(၅) သံဃာရတနာစပေါ်သည့်နေ့ = မဟာသက္ကရာဇ် – ၁၀၃၊ ၀ါဆိုလပြည့်။ (စနေနေ့)

သန္ဓေယူတော်မူသောနေ့ (ကြာသာပတေးနေ့)
သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်၊ သောင်းခွင်
စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊
တောင်းပန်မူကြောင့်၊ ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်
“ဝါဆိုလပြည့် ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ
သန္ဓေ ယူသည်” နတ်, လူ ငြိမ်းဖို့ကိန်းပါကို…။

တောထွက်တော်မူသောနေ့ (တနင်္လာနေ့)
ဖွားမြင်မြောက်သော်၊ ဆယ်ခြောက်နှစ်ရွယ်
ပျိုမြစ်နုနယ်၌၊ သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်၊
ဆယ်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊
“ရွယ်မူနုဖြိုး၊ နှစ်ဆယ်ကိုးဝယ်” လေးမျိုးနိမိတ်၊
နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊
“၀ါဆိုလပြည့် ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ
တော်ရပ်လှုံသည်” စုံမြိုင်ပင်ရိပ်ခမ်းမှာကို……။

ဓမ္မစင်္ကြာဟောတော်မူသောနေ့ (စနေနေ့)
ဘုရားဖြစ်ကာ၊ မိဂဒါသို့၊ စကြာရွှေဖ၀ါးဖြန့်ချီ
သွား၍၊ ငါးပါးဝဂ္ဂီစုံအညိနှင့် မဟီတစ်သောင်း
တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာ
အား“၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့
လျှံတက်၊ ဓမ္မစက်ကို” မိန့်မြွတ်ထွေပြား၊
ဟောဖော်ကြားသည်၊ တရားနတ်စည်ရွှမ်းတယ်ကို….။

ဓမ္မစင်္ကြာတရားတော်

ဘုရားအလောင်းတော်သည် (၂၉)နှစ်ထိ ကာမဂုဏ်အာရုံတို့ဖြင့် ပျော်ပါးနေခဲ့သော
‘ကာမသုခလ္လ’ိကာနု ယောဂလက်ယာစွန်းရောက်နေစဉ် လောဘကိုသာ ဖြစ်စေပြီး၊
(၂၉) နှစ်မှ (၃၅) နှစ်အထိ (၆) နှစ်လုံးလုံး ခန္ဓာကိုယ်ကို အမျိုးမျိုး နှိပ်စက်ညှင်းဆဲပြီး
ကျင့်သော ဒုက္ကရစရိယာအကျင့် ‘အတ္တကိလမထာနုယောဂ’ လက်ဝဲ စွန်း ရောက်နေစဉ်
ဒေါသကိုသာဖြစ်စေသဖြင့် တရားမရဖြစ်နေသောကြောင့် ၄င်းအစွန်းနှစ်ပါးကိုရှောင်ပြီး
‘မဇ္စျိမပဋိပဒါ’ (ခေါ်) မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်မှသာလျှင် သစ္စာလေးပါး ကို သိမြင်နိုင်သော
တရားဖြစ်သည်ဟု ဟောကြားသော တရားဖြစ်သည်။
မြန်မာတို့ ရဲ့  အထွဋ် လမြတ်ဝါဆိုနေ့ မှာ ဘုရား အလောင်းတော်
သိဒ္ဓတ္ထမင်းသားသည် တောထွက်တော်မူရာ ပဉ္စ၀ဂ္ဂီ ၅ ဦးကို
ဝါဆိုလပြည့်၌ ဓမ္မစကြာ တရားဦး ဟောတော်မူခဲ့၏
သန္ဓေ တောထွက် ဓမ္မစက် ဟောမြွက် သံချို လ ၀ါဆိုဟု
နေ့ ထူး နေ့ မြတ် ဓမ္မစကြာ နေ့ ဟု ခေါ်တွင် သမုတ်ပြုကြ၏
ယခုကျရောက်မယ့် လမြတ် ၀ါဆို လပြည့်နေ့ တွင်
ဝါဆို သင်္ဃန်း ကပ်လှူခြင်း ဥပုလ်သီလဆောက်တည်ခြင်း
မြန်မာတို့ ရဲ့  တရားဘ၀နာ များကို မမေ့မလျှော့ပဲ နိုးဆော်တိုက်တွန်းရင်းနဲ့ 
ချစ်သူမြို့ တော် မှာရှိတဲ့ ဆရာတော် သံဃာများကို ရည်မှန်းပြီး
ဝါဆိုလပြည့် ဓမ္မစကြာနေ့ အတွက် ဒီစာစုလေးနဲ့ အတူ
လက်ဆယ်ဖြာ ထိပ်မှာမိုလို့  ရှစ်ခိုးကန်တော့လိုက်ပါတယ်
အရှင်သူမြတ်ကြီးတို့ ဘုရား..........။


(၀ါဆိုလပြည့်နေ့ + ဓမ္မစင်္ကြာနေ့ )......မှ တစ်ဆင့် ကူးယူတင်ပြလိုက်ပါတယ်


တစ်ခါတုန်းက ဗာရာဏသီပြည်မှာ ဘုရင်တစ်ပါးဟာ တရားအားထုတ်ရင်း ပထမဈာန်ကို ရထားပါတယ်။ တစ်နေ့တော့ သူဟာ “ရဟန်းတရားက မြတ်သလား၊ မင်းအဖြစ်ကပဲ မြတ်သလား”လို့ ဆင်ခြင် မိပါတယ်။ သေချာဆင်ခြင်တော့ “မင်းအဖြစ်ထက် ရဟန်းတရားက မြတ်တယ်”ဆိုတာသိရပါတယ်။ ဒါကြောင့် တိုင်းပြည် အုပ်ချုပ်ရေးကို အမတ်တွေနဲ့ လွှဲထားပြီး တရားကိုပဲ အားထုတ်နေပါတယ်။ အမတ်တွေကိုလည်း တရားနဲ့အညီစီရင်ဖို့  တခါတည်းမိန့်မှာထားပါတယ်။

        ဒါပေမယ့် အမတ်တွေက လာဘ်ပေးလာဘ်ယူ မှုတွေလုပ်ပြီး တရားစီရင် နေကြပါတယ်။ အမှုဖြစ်ရင် လာဘ်ပေးတဲ့သူကပဲ အနိုင်ရလေ့ရှိပါတယ်။ အမှုတစ်ခုမှာတော့ ဘုရင်နဲ့ အလွန်ရင်းနှီးတဲ့ သူတစ်ယောက် မှန်ပါလျက်နဲ့ တရားရှုံးသွား ပါတယ်။ အဲဒီတရားရှုံးသွားတဲ့ ဘုရင့်မိတ်ဆွေက ဘုရင့်ဆီပွဲတော်အုပ် လာဆက်ကပ်ပါတယ်။ ဆက်ကပ်ပြီး မတ်တွေတရားစီရင်တာ ငွေပေးနိုင်တဲ့ သူကိုအနိုင်ပေးနေတဲ့ အကြောင်း လျှောက်ပြ လိုက်ပါတယ်။

      နောက်တစ်နေ့ကျတော့ ဘုရင်လည်း အမတ်တွေ တရားစီရင်တဲ့ နေရာကို သွားကြည့်ပါတယ်။ ဘုရင်ကို မြင်လိုက်တာနဲ့ ပြည်သူ ပြည်သားတွေက ငွေပေးတဲ့သူကို အနိုင်ပေးပြီး အမှုတွေကို မတရား သဖြင့်စီရင်နေတဲ့ အကြောင်းကို ဝိုင်းတိုင် ကြပါတော့တယ်။

       ဘုရင်လည်း တရားစီရင်တဲ့ နေရာကနေ ပြန်လာပြီး ပြာသာဒ်ထက်မှာ တရားရှုဖို့ ထိုင်လိုက် ပါတယ်။  ထိုင်လိုက်တာနဲ့ ပြည်သူတွေရဲ့ မကျေနပ်တဲ့ အသံတွေက ကျယ်ကျယ်လောင်လောင်နဲ့ ပေါ်လာပြန်ပါတယ်။ ဒါကြောင့် တရားကိုဆက်ရှုမှတ်လို့  မရတော့ပါဘူး။
      ဒီတော့ ဘုရင်လုပ်သူက သံဝေဂ တော်တော်ဖြစ်သွားပါတယ်။ နောက် သံဝေဂနဲ့ အတူ “ငါဘုရင်လုပ်နေလို့ ဘာအကျိုးမှမရှိဘူး။ ရဟန်းတရားကပဲ မြတ်တယ်"လို့ သေချာ သဘောပေါက်ပြီး မင်းအဖြစ်ကို စွန့်ပစ်လိုက်ပါတယ်။ ဆက်လက်ပြီး ဝိပဿနာ ရှုမှတ်လိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွား ပါတော့တယ်။
(သုတ္တနိပါတ်အဋ္ဌကထာ၊ ခဂ္ဂဝိသာဏသုတ်)

        မင်းနဲ့ စာဖတ်သူ ၊ စာဖတ်သူနဲ့မင်း။ မင်းနဲ့ စာရေးသူ၊ စာရေးသူနဲ့မင်း တရားသဘောအရ ဆိုရင် ဘာမှမဆိုင်ပါဘူး။ ကိုယ့်တရားနဲ့ကိုယ်ပါ။ သူ့တရားနဲ့သူပါပဲ။ ကောင်းတဲ့တရားကို အားထုတ်ရင် ကောင်းတဲ့တရားကို ခံစားရမှာပါ။ မကောင်းတဲ့တရားကို အားထုတ်ရင် မကောင်းတဲ့တရားကို ခံစားရမှာပါ။ ကိုယ်စွန့်မှ ကိုယ်ရမှာပါ။

       ဒါပေမယ့် ဘဝမှာ တစ်ခါတလေ စွန့်ဖို့ခက်နေတာ လေးတွေ ရှိနေတတ်ပါတယ်။ မိသားစု သံယောဇဉ်၊ တစ်သက်လုံးရှာခဲ့ရတဲ့အရာတွေ တွေးမိပြန်ရင် ခက်သွားတတ်ပါတယ်။

       တရားနဲ့ ယှဉ်လာရင်တော့ စွန့်သင့်တ အချိန်မှာ စွန့်သင့်တဲ့ အရာတွေကို စွန့်ပစ်ရမှာပါပဲ။ အဲဒီအခါမျိုးမှာတော့ စွန့်ဖို့ခက်နေရင် "သြော်… ဘုရင်ဖြစ်သူတောင် တရားနဲ့ယှဉ်လာရင် မင်းအဖြစ် ကိုတောင်စွန့်သေးတာပဲ၊ ငါစွန့်ရမယ့်အရာက ဘာမှ မဟုတ်ပါဘူးလေ"လို့ နှိုင်းယှဉ်ပြီး အားယူလို့ ရပါတယ်။ တရားနဲ့ ယှဉ်လာရင်တော့ စွန့်ရမှာပါပဲ။

       တရားစခန်း ဝင်ဖို့တောင် မိသားစု သံယောဇဉ်ကြောင့် အိမ်ကိုတစ်ပတ် ဆယ်ရက်စွန့်ဖို့ ခက်နေ တတ်ပါတယ်။ အထူးသဖြင့် "ငါမရှိရင် ဖြစ်ပါ့မလား"ဆိုတဲ့ အတွေးကြောင့်ပါ။ အပဒါန်အဋ္ဌကထာမှာ အကျိုးယုတ်စေတဲ့ နှောင်ဖွဲ့ခြင်း နှစ်မျိုးကို ပြထားပါတယ်။

 ၁။ " သူဟာ ငါ့ရဲ့ အားကိုးရာပဲ၊ သူမရှိရင် ငါ့မှာ အားကိုးရာမရှိဘူး။ သူရှိမှဖြစ်မယ်"ဆိုပြီး ကိုယ့်ကိုယ်ကို နိမ့်ရာကထားပြီး နှောင်ဖွဲ့ထားခြင်းတစ်မျိုး။

၂။ "သူတို့ဟာ ငါနဲ့ကင်းပြီး နေလို့မရဘူး။ ငါဟာ သူတို့ရဲ့ အားကိုးရာပဲ"ဆိုပြီး ကိုယ့်ကိုယ်ကို မြင့်ရာကထားပြီး နှောင်ဖွဲ့ခြင်းတစ်မျိုး။
ဒီနှောင်ဖွဲ့ခြင်းနှစ်မျိုးဟာ အကျိုးယုတ်စေတဲ့နှောင်ဖွဲ့ခြင်းတွေပဲလို့ဆိုပါတယ်။ ကိုယ့်ကိုယ်ကို  နှိမ့်ရာကပဲထားထား၊ မြင့်ရာကပဲထားထား နှောင်ဖွဲ့ခြင်း နှစ်မျိုးလုံးကတော့ မကောင်းတာအမှန်ပါပဲ။

       နှောင်ဖွဲ့ခြင်း နှစ်မျိုးမှာ ကိုယ်က ဘယ်ထဲမှာ ပါနေသလဲဆိုတာ ပြန်စိစစ်ကြည့်ရမှာပါ။  နိမ့်ရာကပဲ ပါနေသလား၊ မြင့်ရာကပဲ ပါနေသလား၊ ဘယ်ထဲမှာပဲပါပါ နှစ်မျိုးလုံးကတော့ တစ်ခုမှ မကောင်းပါဘူး။  ဒီနှောင်ဖွဲ့ခြင်းတွေကြောင့်ပဲ  တစ်ပတ် ဆယ်ရက်တောင် တရားစခန်းဝင်ဖို့ ခက်နေတော့တာပါ။ တကယ်သေချာစဉ်းစားရင် ကိုယ်သေသွားရင်တောင် သူဟာနဲ့သူ ဖြစ်နေမှာပဲ။ သေလည်း သေရဦး မှာပါ။

         နောက်တစ်ခုက လူတစ်ဦး တစ်ယောက်ကို ရိုးရိုးအားမကိုးဘဲ  နှောင်ဖွဲ့ပြီး အားကိုးတာပါ။ အားကိုးတာကတော့ အားကိုးရမှာပါပဲ။ ဒါပေမယ့် နှောင်ဖွဲ့မှု မပါဖို့ပါ။
       တကယ်တော့ အားကိုးပြီး တရားရအောင် အားထုတ်ရမှာပါ။ ဒါမှလည်း အားကိုးရတာ တန်တာပါ။ အားကိုးခံရသူလည်း တန်တာပါ။ နှောင်ဖွဲ့မှုပါနေရင် နှစ်ဦးနှစ်ဖက် အကျိုးမရှိပါဘူး။ သူလည်းတရားနဲ့ဝေး၊ ကိုယ်လည်း တရားနဲ့ ဝေးရတဲ့ဘဝပါ။ ကိုယ့်ဝန်းကျင်မှာ တရားတွေ ရှိနေပါလျက် နဲ့ တရားတွေနဲ့ ဝေးနေရတာတော့ အဓိပ္ပါယ်မရှိလှပါဘူး။ ကိုယ့်ဝန်းကျင်မှာ တရားတွေမရှိလို့ တရားနဲ့ ဝေးရတာဆို တစ်မျိုးပါ။

       တချို့ကျတော့ တရားအတွက်ဆိုပြီး စွန့်ချ ပစ်လိုက်ကြပါတယ်။ တကယ်တမ်း တရား နယ်ပယ်ထဲ ရောက်သွားရော အဆင်မပြေဖြစ်ပြီး မူရင်းဌာနေကိုပဲ ပြန်ရောက်လာသူ တွေလည်း ရှိပါတယ်။ ဒါက အတိတ်တိတ် ဖြည့်ခဲ့တဲ့ ပါရမီတွေနဲ့ လည်းဆိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပါရမီခြင်း မတူပါဘူး။ ပါရမီရှင်တွေလို ယတိပြတ်မစွန့်နိုင်ပေမယ့် နည်းနည်းခြင်းတော့ စွန့်သွားရမှာပါ။
       တရားနဲ့ယှဉ်ရင် စွန့်ရမယ် ဆိုပေမယ့် ကလေးမွေးပြီးပြီးခြင်း ကလေးကို စွန့်ထားခဲ့ပြီး သီလရှင် ဝတ်သွားတာ မျိုးကျတော့လည်း အဆင်မပြေလှပါဘူး။ နို့်တိုက်ဖို့တာဝန်က ရှိပါသေးတယ်။ စွန့်တယ် ဆိုတာ နှောင်ဖွဲ့ခြင်းတွေကို  စွန့်ရမှာပါ။ ရာထူးဌာနန္တရ ငွေကြေးဥစ္စာ ဇနီးခင်ပွန်း သားသမီးစသည်တွေ အပေါ်မှာ နှောင်ဖွဲ့ထားတဲ့ နှောင်ဖွဲ့မှုတွေပါ။
     ကျေးဇူးတော်ရှင် ယောဆရာတော်ဘုရား အမြဲ ဟောတာရှိပါတယ်။ ကလေးငိုတာလည်း တရားပါပဲ၊ ကလေးထိန်းတာလည်း တရားပါပဲတဲ့။ ကိုယ်က မေတ္တာဓာတ်နဲ့ သတိလေးတွေပါနေရင် တရားဖြစ်နေတာပါပဲ။
       အားလုံးကြားဖူးတဲ့ ထေရီကာဆိုတဲ့ အမျိုးသမီးလေး တရားရသွား တယ်ဆိုတာ မီးဖိုချောင် ထဲကပဲ တရားရသွားတာပါ။ ဒီတော့ သတိပါနေရင် ထမင်းချက်တာ လည်း တရားပါပဲ၊ ဟင်းချက်တာ လည်းတရားပါပဲ၊ ကော်ဖီဖျော်တာလည်းတရားပါပဲ။
       ကိုယ့်ဝန်းကျင်မှာ အားကျ အတုယူရမယ့် သူတွေ အများကြီးရယ်ပါ။ ရဟန်းထဲမှာရော လူထဲမှာရော အများကြီးမှ အများကြီးပါ။ ကိုယ်က သတိမပြုမိလို့ပါ။

     တစ်ခါက ဦးဇင်းလေးတစ်ပါး နယ်ကဆရာတော်ကြီး တစ်ပါးကို သွားဖူးပါသတဲ့။ ဆရာတော် ကြီးကို ဖူးတဲ့အချိန်မှာ ဆရာတော်ကြီးက  ယောဂီတွေကို တရားစစ်ပေးနေတဲ့ အချိန်ပါ။
      ဆရာတော်ကြီး မိန့်တဲ့အထဲမှာ  ထူးဆန်းတာ တွေပါနေပါသတဲ့။  ဒီတော့ဦးဇင်းလေးက "ဒါတွေဟာ ဘုရားလက်ထက်တုန်းကပဲ ရနိုင်ရှိနိုင်တာ၊ ဒီခေတ်မှာ မရှိနိုင်တော့ပါဘူး၊ ဆရာတော်ကြီး လျှောက်ပြောနေတာ"လို့ စိတ်ထဲက တွေးလိုက်ပါသတဲ့။
      ဆရာတော်ကြီးက ချက်ချင်းဆိုသလိုပဲ ဦးဇင်းလေး ဘက်လှည့်ပြီး “ဦးဇင်းလေးရဲ့ ကိုယ်မရတာနဲ့ မရနိုင်ဘူး၊ မဖြစ်နိုင်ဘူးလို့ မတွေးရဘူး။ မသိဘဲနဲ့ ပြစ်မှားမိရင် အပြစ်ဖြစ် တတ်တယ်”လို့ မိန့်လိုက် ပါသတဲ့။

      ဦးဇင်းလေးလည်း တော်တော်လေး ထိတ်လန့်သွားပြီး ဆရာတော်ကြီးကို တောင်းပန်ပြီး ပြန်ခဲ့ပါ သတဲ့။
      အဲဒီဆရာတော်ကြီးဟာ စာရေးသူရဲ့ ငယ်သူငယ်ချင်းရဲ့ ဆရာတော်ကြီးပါ။ သူငယ်ချင်း ဦးဇင်းကို ဆရာတော်ကြီးဆီက “နည်းနာနိဿယ ယူထားလိုက်သလား”လို့ မေးကြည့်တော့ “အဲဒီတုန်းက တပည့်တော်တို့က ကိုရင်ငယ်ငယ်ပဲရှိသေးတယ်။ ကိုယ်နဲ့မဆိုင်ဘူး၊ ဒါဆရာတော်ကြီးတွေရဲ့ အလုပ်လို့ ထင်ခဲ့တာ။          ဆရာတော်ကြီး သက်တော်ကြီးလာမှ ဆရာတော်ကြီး တရားအဆင့် တစ်ခုတော့ရနေ   လောက်ပြီလို့ ခန့်မှန်းမိတာ”လို့ ပြန်ပြောပြပါတယ်။

      ဒီခေတ်မှာ တကယ်ကျင့်ကြံပွါးများ အားထုတ်နေတဲ့သူတွေ အများကြီး ရှိနေတာဆိုတော့ မပြစ်မှား မိအောင်နေတာ အကောင်းဆုံးပါပဲ။ ပြစ်မှားမိလို့ ကိုယ်ပြစ်မှား မိတဲ့သူက အရိယာဖြစ်နေရင် အရိယူပဝါဒကံ ထိုက်သွားပါလိမ့်မယ်။ မစားရမသောက်ရ ကြီးမားလှတဲ့ အကုသိုလ်ကံကြီးကို ကျူးလွန်မိသွားတာပါ။ ပြစ်မှားတာကတော့ အရိယာကိုပြစ်မှားမှသာ မဟုတ်ပါဘူး။  ကိုယ့်ထက် သီလ သမာဓိကြီးသူကို ပြစ်မှားလည်း အပြစ်ပါပဲ။
   စွန့်တဲ့သူတွေကတော့ စွန့်ပြီး အားထုတ်နေကြတာပါ။ ကိုယ်ပဲမစွန့်နိုင် ဖြစ်နေတာပါ။  စွန့်ခြင်းရဲ့ အကျိုးရလဒ်ကို မသိလို့ မစွန့်နိုင်ကြတာပါ။ ရလဒ်ကို သိတဲ့သူတွေကတော့  စွန့်နေကြတာပါပဲ။
      လောကမှာ စွန့်တဲ့သူတွေကစွန့်ပြီး နှောင်ဖွဲ့တဲ့ သူတွေက နှောင်ဖွဲ့နေကြတာပါ။ ဒီရာထူး ဌာနန္တရ ငွေကြေးဥစ္စာ ဇနီးခင်ပွန်း သားသမီး သက်ရှိ သက်မဲ့တွေကိုပဲ နှောင်ဖွဲ့ထားကြပါတယ်။ နှောင်ဖွဲ့တော့ မစွန့်လွှတ်နိုင်ဘဲ ဖြစ်နေကြတာပါ။ ဒီတော့တရားနဲ့ ဝေးသထက် ဝေးနေတော့တာပါ။ တရားနဲ့ ဝေးနေတော့ အမှားအမှန်လည်းမသိတော့ပါဘူး။
      တချို့နှောင်ဖွဲ့မှု တွေကျတော့ နှောင်ဖွဲ့သူတင် နစ်နာတာမဟုတ်ပါဘူး။ နှောင်ဖွဲ့သူနဲ့ ဆက်စပ်သူ မှန်သမျှပါ ထိခိုက်နစ်နာရတော့တာပါ။

     စာရေးသူရော စာဖတ်သူရော စွန့်ချိန်တန်ရင် စွန့်ရမှာပါပဲ။ ဒီလိုပါပဲ စွန့်သင့်တာကို စွန့်ရမှာပါပဲ။ အထူးသဖြင့် တရားနဲ့ယှဉ်လာရင်တော့ အားလုံးအားလုံးကို စွန့်ရမှာပါပဲ။ မစွန့်နိုင်သေးရင်တောင် စွန့်နိုင်အောင် ကြိုးစားယူရမှာပါ။
      တစ်ခါတလေ ပုထုဇဉ်အားလျော်စွာ စွန့်ဖို့ခက်နေရင် ဘုရားအလောင်း စွန့်ခဲ့တာလေးတွေ၊ အထက်က ပစ္စေကဗုဒ္ဓါလောင်း မင်းစည်းစိမ်ကို စွန့်ခဲ့ တာလေးတွေကို အာရုံပြုပြီး "သြော်…. အလောင်းတော်တွေ ပါရမီရှင်တွေဟာ တရားနဲ့ယှဉ်လာရင် မင်းစည်းစိမ်တောင် စွန့်ကြသေးတာပဲ၊ ငါစွန့်ရမယ့်အရာက သူတို့လောက် မကြီးမားဘူး"လို့ အားကျ အတုယူလို့ရပါတယ်။
      မိတ်ဆွေ လေးမျိုးရှိတဲ့အထဲမှာ အတ္ထက္ခာယီ မိတ်ဆွေဆိုတာ ရှိပါတယ်။ မြန်မာလိုပြောရရင် တော့ အကျိုးရှိအောင် ပြောပြတတ်တဲ့ မိတ်ဆွေလို့ခေါ်ပါတယ်။ အဲဒီမိတ်ဆွေဖြစ်ဖို့ အင်္ဂါလေးပါးနဲ့ ပြည့်စုံရပါတယ်။ အင်္ဂါလေးပါးဆိုတာက…

 ၁။ မကောင်းမှု အကုသိုလ်လုပ်နေရင် တားမြစ်ပြောပြပေးရပါတယ်။
၂။ ကောင်းမှုကုသိုလ်လုပ်အောင် တိုက်တွန်းပြောပြပေးရပါတယ်။
၃။ မကြားဖူးတဲ့ တရားစကားကို ပြောပြပေးရပါတယ်။
၎။ ချမ်းသာရောက်ကြောင်းဖြစ်တဲ့ နတ်ပြည်လမ်း၊ မဂ် ဖိုလ် နိဗ္ဗာန်လမ်းကိုညွှန်ကြား ပြောပြ ပေးရပါတယ်။ ဒီလေးမျိုးပါ။

       ကိုယ်က ဒီအင်္ဂါလေးချက်ကို အာရုံပြုပြီး ကိုယ်ချစ်တဲ့ မိတ်ဆွေတွေကို   တားသင့်တာကို တားပြီး တိုက်တွန်းသင့်တာကို တိုက်တွန်းရမှာပါ။ တရားစကားတွေကို ပြောပြပေးရမှာ ဖြစ်သလို နတ်ပြည် မဂ်ဖိုလ်ရကြောင်း တွေကိုလည်း ညွှန်ကြားပြောပြ ပေးရမှာပါပဲ။

      ကိုယ်တားတာ တိုက်တွန်းတာတွေကို သူမကြိုက်ပေမယ့် ကိုယ်ချစ်တဲ့ သူကိုယ့်မိတ်ဆွေ ဆိုးကျိုးမဖြစ်ဖို့ သူကြိုက်ကြိုက် မကြိုက်ကြိုက် တားရ၊ တိုက်တွန်း ရမှာပါ။ ဒါမှအတ္ထက္ခာယီ မိတ်ဆွေ ပီသမှာပါ။
      စာရေးသူ စာရေးတဲ့အခါ နိဗ္ဗာန်ကို ဦးတည်ရုံမကပါဘူး၊ ဒီသဘောလေးတွေ ကိုလည်း အာရုံပြုပြီး ရေးပို့နေပါတယ်။ တကယ်တော့ စာရေးသူကချည်း ရေးပြ ဟောပြ နေရပါတယ်။ စာဖတ်သူက ရေးပြ ဟောပြတာ လေးတွေကိုလည်း တလှည့်နာချင်ပါသေးတယ်။
      ဒါကြောင့် ဖုန်းနဲ့ပဲဖြစ်ဖြစ် Emailနဲ့ပဲဖြစ်ဖြစ် ဟောပြပေးပါဦး။ စာဖတ်သူတွေ ဟောပြတာ လည်း နာချင်လို့ပါ။ ဒါမှလည်း အပြန်အလှန် ညီမျှမှာပေါ့။ ပြီးတော့ စာဖတ်သူတွေက ဆရာတော် မျိုးစုံဆီက နာထား၊ ဖတ်ထားတာရယ် ကိုယ်တွေ့ ဘဝအတွေ့အကြုံ တွေရယ်ကြောင့် ပိုလို့တောင် နာလို့ကောင်းဦးမှာပါ။

      ဘာပဲဖြစ်ဖြစ် တရားနဲ့ယှဉ်လာရင်တော့ စွန့်လိုက်တာ အကောင်းဆုံးပါပဲ။

ရဝေနွယ်(အင်းမ)
ကျမ်းကိုး
ထေရအပဒါန်ဝတ္ထုတော်ကြီး၊
အရှင်ဓမ္မဿာမီဘိဝံသ


ရဖို့ရန်ခဲယဉ်းပေမယ့် လူတိုင်းလိုချင်တဲ့အရာလေးမျိုးရှိတယ်လို့ ပတ္တကမ္မသုတ္တန်မှာ
မြတ်စွာဘုရားရှင်ဟောတော်မူခဲ့တယ်။ အဲ့ဒီလေးမျိုးက-
၁)      တရားသဖြင့် ချမ်းသာကြွယ်ဝခြင်း
၂)      အခြွှေရံပရိသတ်ပေါများခြင်း
၃)      ကျန်းကျန်းမာမာဖြင့် အသက်ရှည်ရှည်နေရခြင်း
၎)      ကွယ်လွန်ပြီးတဲ့နောက် နတ်ပြည်သို့ရောက်ရခြင်းတို့ဖြစ်တယ်။

လူရယ်လို့ဖြစ်လာပြီဆိုရင် သိတတ်စအရွယ်ကတည်းက သေဆုံးတဲ့အရွယ်အထိ
စားရေး၊ ဝတ်ရေး နေရေးလို့ခေါ်တဲ့ ဝတ္တရားသုံးပါးကို မဖြစ်မနေထမ်းဆောင်သွားရပါတယ်။
စားရေး၊ ဝတ်ရေး၊ နေရေးမှမပြည့်စုံရင် လူ့ဘဝရဲ့ချမ်းသာဆိုတာကို စဉ်းစားဖို့
တော်တော်ပဲ ခက်ခဲပါလိမ့်မယ်။
တကယ်တမ်းစဉ်းစားကြည့်တော့ လူ့ချမ်းသာဆိုတာဟာ
ပကတိပင်ကိုယ်သဘောအရ တကယ်ချမ်းသာနေလို့ လူ့ချမ်းသာလို့
ခေါ်တာမဟုတ်ပါဘူး။ အမြဲတမ်းညှဉ်းပမ်းနှိပ်စက်တဲ့ဒဏ်ကိုခံနေရတဲ့
ငရဲသားတွေရဲ့ဒုက္ခနဲ့စာရင် အဲ့ဒီဒုက္ခတွေက သက်သာခွင့်ရတာမို့
လူ့ချမ်းသာရယ်လို့ခေါ်ဆိုနေကြရတာ ဖြစ်ပါတယ်။

လူ့ဘဝချမ်းသာမှာ ရှိမှုချမ်းသာနဲ့ သိမှုချမ်းသာဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။
ရှိမှုချမ်းသာဆိုတာက အာရုံခံစားမှု ဝေဒယိတသုခဖြစ်ပြီး သိမှုချမ်းသာဆိုတာကတော့
အာရုံတွေက လွတ်မြောက်ပြီး ငြိမ်းအေးမှုသက်သက် ဝိမုတ္တသုခပဲဖြစ်ပါတယ်။

သာမန်လူတွေကတော့ သိမှုချမ်းသာထက် ရှိမှုချမ်းသာကို
အလေးထားတတ်ကြတဲ့အတွက်ကြောင့်သိချင်တဲ့လူထက်
ရှိချင်တဲ့လူက ပိုပြီးတော့ များပြားလှပါတယ်။
မြင့်မြတ်တဲ့သူတော်စင်တွေနဲ့အရိယာအဆင့်တက်လှမ်းထားတဲ့
ဘုရားအစရှိတဲ့အရိယာပုဂ္ဂိုလ်တွေတော့ ရှိမှုချမ်းသာထက် သိမှုချမ်းသာကို
ပိုပြီးတော့ နှစ်သက်မြတ်နိုးတော်မူကြပါတယ်။

တကယ်တမ်းစဉ်းစားကြည့်ရင် ရှိတိုင်းလည်း မချမ်းသာပါဘူး။
ဘာတွေပဲရှိရှိ ဘယ်လောက်ပဲရှိရှိ အဲ့ဒီအရှိရဲ့နောက်က
အသိမလိုက်နိုင်ရင် အပူလှိုင်းတွေကပ်တတ်တာမို့
ရှိတဲ့အတွက်ကြောင့်ပဲ ပူရဆွေးရ ငိုကြွေးရနဲ့ ဆင်းရဲပင်ပန်းမှုကို ခံစားရတတ်ပါတယ်။
လူရဲ့စိတ်ဆိုတာဟာ အလွန်ပဲဆန်းကြယ်လှတာမို့ ကိုယ့်မှာရှိတဲ့အရာဝတ္ထုထက်
ကိုယ့်မှာမရှိတဲ့အရာဝတ္ထုကို ပိုပြီးတော့ သဘောကျနှစ်ခြိုက်နေတတ်ကြပါတယ်။
ကိုယ်လိုချင်တဲ့အရာဝတ္ထုကို ရရှိပိုင်ဆိုင်လာပြန်တော့လည်း အဲ့ဒီထက်ပိုကောင်းမယ်လို့
ထင်ရတဲ့အရာတစ်ခုက အစားထိုးဝင်ရောက်လာပြန်တယ်။

အဲ့ဒီလို အတော်မသတ်နိုင်တဲ့လောဘစိတ်ဟာ ပုထုဇဉ်ပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ အစဉ်အမြဲ
ကိန်းနေတတ်တာမို့ ပုထုဇဉ်သတ္တဝါတွေဟာ လောဘရဲ့သားကောင်တွေဖြစ်သွားကြရတာ
ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်က သတ္တဝါတွေ လောဘသားကောင်မဖြစ်စေဖို့ အရာရာကို ရောင့်ရဲတင်းတိမ်
တတ်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ဆုံးမသွန်သင်ခဲ့ပါတယ်။
မြတ်စွာဘုရားရှင်ဆုံးမခဲ့တဲ့ တရားတော်တစ်ပုဒ်က သန္တုဋ္ဌီ ပရမံ ဓနံ= ရောင့်ရဲတင်းတိမ်မှုဟာ
အမြင့်မြတ်ဆုံးဓနဥစ္စာဖြစ်တယ်တဲ့။

တင်းတိမ်ရောင့်ရဲမှုသန္တုဋ္ဌီဆိုတာ လူပျင်းလူညံ့တွေရဲ့ဆင်ခြေမဟုတ်ပါဘူး။
လိုချင်တာနဲ့ လိုအပ်တာကို ခွဲခြားသိရှိပြီး လိုချင်တာကို ချုပ်တည်း၊ လိုအပ်တာကိုသာ
ဖြည့်ဆည်းပေးလေ့ရှိတဲ့ လူပျော်လူတော်တွေရဲ့ အကျင့်စရဏတစ်ခုဖြစ်ပါတယ်။

တကယ်တော့ လူတွေ ချမ်းသာတယ်၊ ဆင်းရဲတယ်ဆိုတာဟာ အလိုပြည့်မှု၊ မပြည့်မှုကြောင့်ပါ။
လိုချင်တဲ့အလို၊ လိုအပ်တဲ့အလိုနှစ်မျိုးရှိရာမှာ လိုချင်တဲ့အလိုက စည်းကမ်းမရှိ ဘောင်အကန့်
အသတ်မရှိတဲ့သဘောကိုဆောင်ပြီး လိုအပ်တဲ့အလိုကတော့ စည်းကမ်းနဲ့တကွ
ဘောင်အကန့်အသတ်ရှိတဲ့သဘောကို ဆောင်ပါတယ်။
လိုအပ်တာကိုဖြည့်ဆည်း လိုချင်တာကို ချုပ်တည်းနိုင်တာဟာ ချီးကျူးစရာကောင်းတဲ့
လမ်းစဉ်တစ်ခုသာဖြစ်ပါတယ်။

မင်္ဂလာတရားတော်ထဲမှာ သန္တုဋ္ဌီမင်္ဂလာဆိုတာကို ဘုရားရှင်ထည့်သွင်းဟောတော်မူခဲ့ပါတယ်။
ရောင့်ရဲတင်းတိမ်စွာ နေရခြင်းဟာလည်း ကောင်းမြတ်တဲ့မင်္ဂလာတစ်ပါးဖြစ်ပါတယ်။

ဤအရှင်တို့ ငယ်ငယ်တုန်းက ဆရာတော်ကြီးက ညစဉ်ဘုရားဝတ်တက်ပြီးတိုင်း
“ရှိတာလေးနဲ့ ရောင့်ရဲ ထိုသူချမ်းသာမြဲ”
ဆိုတဲ့ လင်္ကာလေးကို သုံးခေါက်တိတိဆိုခိုင်းလေ့ရှိပါတယ်။
ကိုယ့်ရှိတာလေးနဲ့ရောင့်ရဲပြီး ကျေနပ်နေတတ်တာဟာ အလွန်ပဲချမ်းသာတဲ့တရားဖြစ်ပါတယ်။

လူ့ဘဝလူ့ခန္ဓာဆိုတာ ဒုက္ခသစ္စာအဆောက်အအုံကြီးဖြစ်လို့မို့ အဆိုးအပြစ်တွေကို
အကျိုးအချစ်အနေနဲ့ အကောင်းဘက်ကိုဆွဲယူပြီး ချမ်းသာအောင်နေတတ်ပါမှ
ကိုယ်လည်းချမ်းသာ စိတ်လည်းချမ်းသာနိုင်မှာပါ။

အကောင်းအလှတွေနဲ့တွေ့မှပဲ ကိုယ်ချမ်းသာစိတ်ချမ်းသာအောင်နေလိုက်တော့မယ်လို့
စိတ်ကူးထားရင်တော့ ခန္ဓာဒုက္ခ၊ ဘဝဒုက္ခတွေနဲ့အမြဲတစေ ကြုံတွေ့နေရတဲ့လူ့ဘဝမှာ
ချမ်းသာပျော်ရွှင်ဖို့အခွင့်အလန်းဆိုတာဟာ ရှာလို့တောင်ရမှာ မဟုတ်ပါဘူး။

ဒါ့ကြောင့် ကိုယ်ရတာလေးနဲ့ကျေနပ်ရောင့်ရဲပြီး တင်းတိမ်စွာနေတတ်မယ်ဆိုရင်တော့
ပျော်ရွှင်ချမ်းမြေ့ကြည်နူးမှုတွေကို ရကြမှာအမှန်ပါပဲ…..။

လူတိုင်းလူတိုင်း သန္တုဋ္ဌီမင်္ဂလာနဲ့ပြည့်စုံပြီး ဘဝသုခကို ခံစားနိုင်ကြပါစေ….။

Dhamma Garden Ashin


ဗုဒ္ဓဘာသာဝင်များ စောင့်ထိန်းကြတဲ့ သီလကို ကိုယ်ကျင့်သီလလို့လည်း ခေါ်ပါတယ်။ ဒီစကားလုံးလေးဟာ အဓိပ္ပါယ် သိပ်လေးနက်ပါတယ်။ “ကိုယ်ကျင့်သီလ”တဲ့။ ဟုတ်တယ်။ ကိုယ်ကျင့်မှ ကိုယ်ရမှာကိုး။ ကိုယ်မကျင့်ဘဲ ဘုရားရှေ့မှာ ဘယ်လောက်ပဲ သီလတွေယူယူ၊ ဘုန်းတော်ကြီးတွေက ဘယ်လောက်ပဲ သီလတွေပေးပေး ကိုယ်ကိုယ်တိုင် မကျင့်ရင် ပါးစပ်ပေးပေးပြီး၊ ပါးစပ်ယူ ယူတာပဲ ဖြစ်ပါလိမ့်မယ်။

ဗုဒ္ဓဘာသာတွေရဲ့ နောက်ဆုံးပန်းတိုင်ဟာ နိဗ္ဗာန်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီနိဗ္ဗာန်ကို သွားဖို့အတွက် အခြေခံ လှေခါးကတော့ သီလပဲဖြစ်ပါတယ်။ ဘုရားရှင်အဆုံးအမတွေကို လိုက်နာကျင့်သုံးတဲ့ သူတွေဟာ ဒီနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါတယ်။ ဘုရားအဆုံးအမဆိုတာ တစ်ခြားမဟုတ်ပါဘူး၊ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကိုပဲ ပြောတာပါ။ ဒီသိက္ခာသုံးရပ်ကို မဂ္ဂင်ရှစ်ပါးပဲလို့ အလွယ်နားလည်နိုင်ပါတယ်။ မဂ္ဂင်ရှစ်ပါးဟာ နိဗ္ဗာန်သွားဖို့အတွက် တစ်ခုတည်းသော လမ်းဖြောင့်ဖြစ်ပါတယ်။ ဒီလမ်းမှာ သီလတည်မှု၊ သမာဓိရှိမှု၊ ပညာပြည့်မှုတွေ ပါဝင်နေပါတယ်။ သီလတည်မှ သမာဓိတည်နိုင်ပြီး၊ သမာဓိတည်မှလည်း ပညာရနိုင်ပါတယ်။ ဒီသုံးမျိုးလုံးဟာ တစ်ခုတည်း၊ တစ်စပ်တည်းပါး။ ဒါကြောင့် သုံးမျိုးလုံးပေါင်းပြီး တစ်ကြောင်းတည်းသော လမ်းအဖြစ်ရှိနေတာပါ။ အရေအတွက်အားဖြင့် မဂ္ဂင်ရှစ်ပါးလို့ ပြောပေမယ့် အချုပ်အားဖြင့် သီလ၊ သမာဓိ၊ ပညာပါပဲ။ ဒါကို သိက္ခာသုံးရပ် အကျင့်မြတ်လို့ပြောနိုင်ပြီး ဗုဒ္ဓရဲ့ အဆုံးအမ အနှစ်ချုပ်လို့လည်း ပြောနိုင်ပါတယ်။

မှန်ပါတယ်။ ဒီလို ဘုရားရှင်ရဲ့ အဆုံးအမတွေ တည်နေဖို့အတွက် ဆုတောင်းနေလို့ မရပါဘူး။ တည်အောင်ကျင့်ယူမှ ရပါတယ်။ ကိုယ်ကိုယ်တိုင် ကျင့်ယူရပါတယ်။ အဲဒီလိုကျင့်တဲ့အခါ အခြေခံဖြစ်တဲ့ ကိုယ်ကျင့် သီလကို အရင်ဆုံးလုံခြုံအောင် ကျင့်ဖို့လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဗုဒ္ဓဘာသာဝင်တွေ အတွက် သီလဟာ အခြေခံ အကျဆုံးဖြစ်လို့ပဲ ဖြစ်ပါတယ်။ သီလမလုံခြုံပဲ အထက်လုပ်ငန်းတွေ ဖြစ်တဲ့ ဘာဝနာ အလုပ်တွေ လုပ်နေလို့ကတော့ ဆရာတော်ကြီးတစ်ပါး ဆုံးမသလို “အပေါ်ပိုင်းကတော့ တိုက်ပုံအင်္ကျီ၊ ခေါင်းပေါင်းစ တလူလူနဲ့ အောက်ပိုင်းကျတော့ ပုဆိုးမပါတဲ့သူ“ လိုပဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်လည်း အောက်ပိုင်းလုံခြုံအောင် စောင့်ထိန်းစေဖို့ ငါးပါးသီလဟာ ခါးဝတ်ပုဆိုးလို မြဲနေရမယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

သီလဟာ အလွန်အရေးကြီးတဲ့အတွက် ဒီသီလကို စောင့်ထိန်းကြဖို့ ဆရာသမားများက အမြဲဆုံးမလေ့ ရှိပါတယ်။ ဆုံးမတဲ့အခါမှာလည်း ဥပမာလေးများပေးပြီး ဆုံးမလေ့ရှိပါတယ်။ ကောင်းကျိုးဆိုးပြစ်တွေကို ပြပြီးလည်း ဆုံးမလေ့ရှိပါတယ်။ သီလနဲ့ ပတ်သက်ပြီး ဆုံးမကြတဲ့ ဆုံးမမှုတွေထဲက ပထမရွှေကျင် ဆရာတော်ဘုရားကြီးရဲ့ သိဿကောဝါဒ ဆုံးမစာမှာ ဆုံးမထားတဲ့ သီလဆိုင်ရာ အဆုံးအမတွေကတော့ ဥပမာဥပမေယျ စုံလင်လှပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ ဆရာတော်ကြီးရဲ့ အဆုံးအမလေးများကို တစ်ဆင့်မျှဝေရင်း ကိုယ်ကျင့်သီလဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင် ကျင့်သုံးရယူကြဖို့ ထပ်မံ တိုက်တွန်းလိုက်ပါတယ်။

”ဗီလုံးငှက်သော်လည်း ကျွဲခြေရာခွက်ကို အမှီရလျှင် ဂဠုံနှင့်တူ၏၊ အန္တရာယ်မရှိ။
ပုထုဇဉ်သော်လည်း သီလရှိလျှင် အရိယာနှင့်တူ၏၊ အပါယ်မရောက်။
ရေရှိမှ ကြာပွားသည်၊ သီလရှိမှ သမာဓိများသည်။
ဗဟုသုတရှိလျက် သီလမရှိလျှင် ရေမတည်သော ကန်နှင့်တူ၏။
ပညာရှိလျက် သီလမရှိလျှင် အသီးမရှိသော သစ်ပင်နှင့်တူ၏။
စာပေပို့ချနိုင်လျက် သီလမရှိလျှင် အသီးမချိုသော သစ်ပင်နှင့်တူ၏။
တရားဟောကောင်းလျက် သီလမရှိလျှင် အနံ့မမွှေးသော ပန်းနှင့်တူ၏။
ကျမ်းဂန်တတ်လျက် သီလမရှိလျှင် အဆိပ်သီးပင်နှင့်တူ၏။
ဘုန်းကြီးလျက် သီလမရှိလျှင် အနှစ်မရှိသော သစ်ပင်နှင့်တူ၏။
သီလရှိမှ ဒါနနှင့်ဘာဝနာ အကျိုးပေးသန်၏။
ပင်လယ်ကူးလိုလျှင် လှေသင်္ဘောတည်၊ နတ်ပြည်တက်လိုလျှင် သီလလှေကားထောင်။
အကုသိုလ်သည် သတ္တ၀ါကို အပါယ်ဆွဲချ၏၊ သီလရှိသူကို မဆွဲချနိုင်။
ပင်လယ်ကူးလိုလျှင် သင်္ဘောလုံအောင်ဖာ၊ သံသရာကူးလိုလျှင် သီလလုံအောင်ဖာ။
လောကီဥစ္စာစောင့်လျှင် တစ်သက်ချမ်းသာ၏၊ သီလစောင့်လျှင် ဘ၀အဆက်ဆက်ချမ်းသာ၏။
ဆီမီးသည် လင်းခိုက် လူလယ်တင့်၏၊ ငြိမ်းလျှင်မှောင်၏၊ ညှော်နံ့ထွက်၏။
သီလသည် စောင့်ထိန်းခိုက် လူလယ်တင့်၏၊ ပျက်လျှင်မှောင်၏၊ ညှော်နံ့ထွက်၏။ ”

အထက်ပါ သီလဆိုင်ရာ အဆုံးအမများမှာ ပထမရွှေကျင် ဆရာတော်ကြီး၏ အဆုံးအမ တစ်စိတ်တစ်ဒေသပဲ ဖြစ်ပါတယ်။ ဆရာတော်ကြီး၏ အဆုံးအမများကိုကြည့်ရင် သီလရဲ့ အရေးပါမှုကို အလွယ်တကူ သိနိုင်ပါတယ်။ အခြေခံဖြစ်တဲ့ သီလမလုံခြုံရင် ကျန်တဲ့ဒါနဘာဝနာ အလုပ်များမှာ အကျိုးပေးအားနည်းပြီး နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်နဲ့ အလှမ်းဝေးနေတတ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက် အတွက် အခြေခံဖြစ်တဲ့ ငါးပါးသီလလောက်တော့ လုံခြုံမှကို ဖြစ်မှာပါ။ နိဗ္ဗာန်မရသေးတာတောင် ဘ၀ကူးကောင်းဖို့၊ သံသရာခရီးမှာ အပါယ်မလားဖို့ အနည်းဆုံး ငါးပါးသီလလောက်တော့ လုံခြုံဖို့ လိုအပ်ပါတယ်။ သီလမလုံခြုံပဲ ဒါနတွေ ဘယ်လောက်ပဲ လုပ်လုပ်အပါယ် တံခါးပိတ်ဖို့ မလွယ်လှပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ဒါနဟာ စည်းစိမ်ဥစ္စာ ချမ်းသာမှု သက်သက်ကိုသာ အကျိုးပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒီလိုပဲ သီလမလုံခြုံပဲ ဘာဝနာ အားထုတ်နေရင်လည်း သမာဓိတည်ဖို့ ခဲရင်းသလို သမာဓိ မတည်ရင်လည်း အထက်မဂ်ဉာဏ်ကို ရဖို့ခဲရင်းလှပါတယ်။ အချုပ်ကြည့်ရင် ဒါနအကျိုးပေးသန်ဖို့နဲ့ ဘာဝနာဉာဏ်တွေမြင့်ဖို့ သီလသည်သာ ပဓာနကျတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။

ဒါကြောင့် ကိုယ်ဖြစ်ကိုယ်ခံ၊ ကိုယ်လုပ်ကိုယ်စံ၊ ကိုယ်ကျင့်ကိုယ်ရဆိုတဲ့ စကားအတိုင်း ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်ဘ၀ အတက်အကျ အရှုံးအနိမ့်ကို ဖန်တီးနိုင်တာ ဖြစ်တဲ့အတွက် ပစ္စုပ္ပန် သံသရာ ချမ်းသာစေတတ်တဲ့ ဒီသီလကို ကိုယ်ကိုယ်တိုင်ကျင့်ပြီး ကိုယ်ကိုယ်တိုင် ရယူနိုင်အောင် ကိုယ်ကျင့်သီလရဲ့ အရေးပါမှု တစ်စိတ်တစ်ပိုင်းကို ဗုဒ္ဓဘာသာဝင် သူတော်စင်များအတွက် သတိပေးရင်း ပုဆိုးထမီလုံအောင် ၀တ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

အရှင်ဝိစိတ္တ(မနာပဒါယီ)



ဝါတွင်းကာလလွန်လျှင် ကထိန်ခင်းကြတော့မည်... အချိန်အားဖြင့် လိုနေသေးပေမယ့် ကြိုသိထားအောင်ပါ...
ကထိန်မခင်းထိုက်သော ရဟန်း

(၁) ကထိန်သင်္ကန်း ဖြစ်ပေါ်ရာကျောင်းတိုက်၌ ဝါမဆိုဝါမကပ်သော ရဟန်း၊
(၂) ပုရိမဝါဆို ဝါ ကပ်ခဲ့သော်လည်း ဝါကျိုးဝါပျက်သော ရဟန်း၊
(၃) သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့၌ ပဝါရဏာမပြုသော ရဟန်း၊
(၄) ပစ္ဆိမဝါဆိုသောရဟန်း၊
(၅) လုံးဝ ဝါမဆို ဝါမကပ်သော ရဟန်း၊
(၆) ပုဗ္ဗကရဏစသော ကထိန်ခင်းထိုက်သော အင်္ဂါရှစ်ပါးနှင့် မပြည့်စုံသော ရဟန်း၊
(၇) ကထိန်ခင်းခြင်းငှါ မစွမ်းနိုင်သော ရဟန်းတို့သည် ကထိန်မခင်းထိက်သောရဟန်းတို့
ပေတည်း။
ဆိန္နဝဿာ ဝါပစ္ဆိမိကာယ ဥပဂတာ ဝါ န လဘန္တိ၊
အညသ္မိံ ဝိဟာရေ ဝုတ္ထဝဿာပိ န လဘန္တီတိ မဟာပစ္စရိယံ ဝုတ္တံ။
[မဟာဝါ အဋ္ဌကထာ/၃၈၈]
အဋ္ဌဟင်္ဂေဟိ သမန္နာဂတော ပုဂ္ဂလော အဘဗ္ဗော ကထိနံ အတ္ထရိတုံ။
[ပရိဝါ ပါဠိတော်]

ကထိန်ခင်းထိုက်သောရဟန်း

(၁) ပုရိမဝါကျွတ်ပြီး ပဌမမဟာပဝါရဏာနေ့၌့ ဝါရဏာပြုသောရဟန်း၊
(၂) ပုရိမဝါ မကျိုး၊ ဝါမပျက်သောရဟန်း၊
(၃) ပုဗ္ဗကရဏစသည်ကို သိခြင်းစသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ရဟန်း၊
(၄) သံဃာက ဝိနည်းကံနှင့်အညီ ဉ တ်ကမ္မဝါစာဖတ်၍ပေးသော ကထိန်ခင်းရန်
သင်္ကန်းကို ခံယူရရှိသာရဟန်း၊
(၅) ကထိန်ခင်းရန် စွမ်းနိုင်သော ရဟန်း။
ဤသို့သော ရဟန်းမျိုးတို့သည် ကထိန်ခင်းထိုက်သော ရဟန်းတို့ပေတည်း။
ဝုတ္ထဝဿဝသေန ပုရိမိကာယ ဝဿံ ဥပဂန္တွာ ပဌမ ပဝါရဏာရ ပဝါရိတာ လဘန္တိ
[မဟာဝါ အဋ္ဌကထာ]
၁။ ပုဗ္ဗကရဏံ ဇာနာတိ။
၂။ ပစ္စုဒ္ဓါရံ ဇာနာတိ။
၃။ အဓိဋ္ဌာနံ ဇာနာတိ။
၎။ အတ္ထာရံ ဇာနာတိ။
၅။ မာတိကံ ဇာနာတိ၊
၆။ ပလိဗောဓံ ဇာနာတိ။
၇။ ဥဒ္ဓါရံ ဇာနာတိ။
၈။ အာနိသံသာ ဇာနာတိ။
ဣမေဟိ အဋ္ဌဟင်္ဂေဟိ သမန္နာဂတော ပုဂ္ဂလော ဘဗ္ဗော ကထိနံ အတ္ထရိတုံ။
[ပရိဝါ ပါဠိတော်]
လင်္ကာ* ပုရိမဝါ ကောင်းစွကျွတ်ထ၊ ပဌမ ပဝါရဏာပြုပြီးခါ၊
သံဃာထံမှ သင်္ကန်းရ ခင်းရကထိန်သာ
ပုဗ္ဗကရဏံ၊ ပစ္စု ဒ္ဓံစ၊ အင်ရှစ်ဝနှင့် ပြည့်ထသူသာ၊ ကထိနာ
ခင်းရာထိုက်လေမှတ်။[သံခိပ်]

ရဟန်းတော်တို့ကထိန်အာနိသင်ရမှု

ကထိန်ခင်းမှုကြောင့် ရဟန်းတော်တို့အား ရအပ်သော အာနိသင်အကျိုးတရားတို့ သည် (၅)ပါးဖြစ်ကုန်၏ ။ ခင်းပြီးကထိန်မနှုတ်မခြင်း ကာလတိုင်အောင် လည်းကောင်း၊ တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက်နေ့မှတပေါင်းလပြည့်အထိ (၅) လတိုင်တိုင် ထိုကထိန် အာနိသင်အကျိုးတရား ငါးပါးတို့ကို ကထိန်ခင်းသည့် ရဟန်း၊ ကထိန်အနုမောဒနာပြုသည့် ရဟန်းများရှိကြလေကုန်၏။
ကထိန်အာနိသင်အကျိုး(၅)ပါး
(၁) အနာမန္တစာရ-ထင်ရှားရှိသောရဟန်းကို မပန်ကြားဘဲ ရပ်ရွာအတွင်းသို့ သွားနိုင်ခြင်း
အကျိုး။
(၂)အသမာဒါနစာရ-အဓိဋ္ဌာန်တင်ထားသော နှစ်ထပ်သင်္ကန်းကြီးနှင့် ညဥ့်ကင်းနေနိုင်ခြင်း
အကျိုး။
(၃) ဂဏဘောဇန- [မအပ်မရာပင့်ဖိတ်သည့်] ဂဏဘောဇဉ်ကို ဘုန်းပေးသော်လည်း
အာပတ်မသင့်ခြင်း အကျိုး။
(၄) ယာဝဒတ္ထစီဝရ- အဓိဋ္ဌာန်ဝိကပ္ပနာမပြုဘဲ သက်န်းကို အလိုရှိသလောက်
ထားနိုင်ခြင်း။
(၅) ယောစတတ္ထစီဝရုပ္ပါဒ- ကထိန်ခင်းရာကျောင်း၌ ဖြစ်ပေါ်သော သံဃိက သင်္ကန်းကို
ရပိုင်ခွင့်ရျိသောအကျိုး။
အတ္ထတကထိနာနံ ဝေါ ဘိက္ခဝေ ပဉ္စာနိသံသာ ကပ္ပိဿန္တိ အနာမန္တစာရော၊ အသမာဒါနစာရော ၊ ဂဏဘောဇနံ ၊ ယာဝဒတ္ထ ၊ စီဝရံ ၊ ယောစ တတ္ထ စီဝရုပ္ပါ ဒေါ ၊ သော နေသံ ဘဝိဿတီတိ။ [မသာဝါ ပါဠိတော်]

ကထိန်အလှူရှင်တို့ ရအပ်သော အကျိုးများ

လင်္ကာ**ကထိန်ဒါန လှူကြသူမှာ ကျိုးငါးဖြာကား သွားလေရာဝယ် အန္တရာယ်ကင်း ၊ ပစ္စည်းရင်းမှာ မီးပြင်းမဖျက်၊ ဆိပ်မတက်ဘဲ ၊ မေ့လျက်ဥစ္စာ ၊ မဆုံးပါရ ၊ ပြိုင်ရှာကြသော်၊ ကိုယ်ကဦးစွာ အရသာသည် ငါးဖြာ ကထိန်လှူကျိုးတည်း။ [အောင်တော်မူမှတ်စု]
(၁) ပထမအကျိုး
(က) ကထိန်ဒါနပြုကြသူမှာ ၊ လိုရာခရီးသွားသည့်အခါ
ပိတ်ပင်စီးတား ၊ ဘေးများကင်းကွာ၊
အန္တရာယ်ကင်း ၊ သွားရင်းလွန်ချမ်းသာ၊
ပထမ ရအပ်အကျိုးပါ။
(၂)ဒုတိယ အကျိုး
(ခ) ကထိန်ဒါန ပြုကြသူမှာ ရပ်ဝေးနယ်ခြား၊
သိမ်းထားဥစ္စာ ဘေးမခ အေးမြလွန်ချမ်းသာ၊
ဒုတိယ - ရအပ်အကျိုးပါ၊။
(၃) တတိယအကျိုး
(ဂ) ကထိန်ဒါန ပြုကြသူမှာ
ကောင်းမွန်ဟာရ ၊ စားရပေတာ
အစာစား ဆိပ်ကား ၊ မသင့်တာ။
တတိယ ရအပ်အကျိုးပါ။
(၄) စတုတ္ထ အကျိုး
(ဃ) ကထိန်ဒါန ပြုကြသူမှာ
ရောက်ရာဘဝ ၊ ကြွယ်ဝချမ်းသာ၊
စည်းစိမ်များ ပေါများလွန်သာယာ
စတုတ္ထ ရအပ်အကျိုးပါ။
(၅) ပဉ္စမ အကျိုး
(င) ကထိန်ဒါန ပြုကြသူမှာ
ဖြစ်ပေါ်လာငြား ၊ စီးပွားဥစ္စာ၊
လက်ဝယ်ပိုင်ထ ၊ ခိုင်လှသည်သာ။
ဆုံးဘဝ ရောက်ရ နိဗ္ဗုတာ။ ပဉ္စမ ရအပ် အကျိုးပါ။

အရှင်ဇာဂရ၏ကထိန်အလင်းရောင်ကျမ်းမှကောက်နှုတ်ဖော်ပြပါသည်



မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေထိုင်တော်မူ စဉ်ပါဝေယျကတိုင်းသားရဟန်း(၃၀)တို့သည်အရညကင်ဓုတင်ပိဏ္ဍပါတ်ဓုတင်ပံသုကူဓုတင်တို့ကိုဆောင်ကြလေသည်။ ထိုရဟန်းတို့သည် မြတ်ဗုဒ္ဓကို ဖူးမြင်ရန် သာဝတ္ထိပြည်သို့ ကြွလာကုန်၏။ သို့သော် ၀ါဆိုရက်ကို မမှီလိုက်ကြသည့်အတွက် သူတို့သည် ခရီအကြားဖြစ်သော သာကေတမြို့၌ ၀ါကပ်ကြရလေကုန်၏။ ထိုရဟန်းတို့သည် ”ငါတို့၏ အနီးဖြစ်သော ဤသာကေတမြို့မှ ခြောက်ယူဇနာအရပ်၌  မြတ်စွာဘုရားသည် သီတင်းသုံးနေတော်မူ၏။

ငါတို့သည် မြတ်စွာဘုရားကို ဖူးမြော်ခွင့်မရကုန်”ဟု မပျော်ပိုက်ပဲ ၀ါဆိုကြရကုန်၏။ထိုရဟန်းတို့သည် သုံးလလွန်၍ ၀ါကျွတ်ပ၀ါရဏာပြုပြီးနောက် မြတ်ဗုဒ္ဓကို ဖူးမြင်ရန် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းသို့ ကြွတော်မူခဲ့ကြသည်။ လမ်းခရီးတွင်း မိုးကြီးသည်းထန်စွာရွာသွန်းသည့်အတွက်အကြောင့် သူတို့၏ သင်္ကန်းများသည် မိုးရေစိုစွတ်ကုန်ကြသည်။ သင်္ကန်းအပိုမပါရှိသည့်အတွက် သင်္ကန်းအစိုများဖြင့်သာ ကြွလာခဲ့ရလေသည်။ ထိုမျှမက သူတို့သည် ရွံ့နွံများထဲမှ ရုံးကန်၍ ဆင်းရဲကြီးစွာဖြင့် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းသို့ ရောက်လာကြရလေကုန်သည်။ ထိုအခါ မြတ်စွာဘုရားသည်

”ရဟန်းတို့ ခန့်ကျန်းသာလို့မာပါစ၊ မျှတကြပါရဲ့လား၊ အချင်းချင်း ငြင်းခုံမှု  မဖြစ်သည်၍ ချမ်းသာစွာ ၀ါဆိုခဲ့ကြပါကုန်၏လော့၊ ဆွမ်းကွမ်းကော ပြည့်စုံကြပါရဲ့လား၊”ဟူ၍ မေးတော်မူသောအခါ ရဟန်းများသည်
”တပည့်တော်တို့တတွေ ကျန်းမာကြပါတယ် ဘုရား၊ မျှတကြပါတယ်ဘုရား၊ အချင်းချင်းညီညွတ်စွာ နေခဲ့ကြပါတယ်ဘုရား၊ ဆွမ်းကွမ်းလည်း ပြည့်စုံပါတယ်ဘုရား၊ တပည့်တော်တို့တတွေ မြတ်စွာဘုရားကို ဖူးမြော်ရန် သာဝတ္ထိပြည်သို့ လာကြတဲ့အခါဝါဆိုရက်မမှီတဲ့အတွက် ခရီးအကြား သာကေတမြို့၌ ၀ါကပ်ခဲ့ကြရပါတယ်ဘုရား၊၀ါကပ်ပြီးလို့ ပ၀ါရဏာပြုပြီးလို့ မြတ်စွာဘုရားကို ဖူးမြင်ရန် သာဝတ္ထိပြည် လာကြတဲ့အခါ လမ်းခရီးတွင် မိုးကြီးသည်းထန်စွာ ရွာတဲ့အတွက် လမ်းခရီးတစ်လျှောက် မိုးစိုသော သင်္ကန်းများဖြင့် လာခဲ့ကြရပါသည်ဘုရား၊

ထို့ပြင်ဘုရားတပည့်တော်တို့သည်ပင်ပန်းဆင်းရဲစွာမိုးထဲလေထဲရွံ့နွံဗွက်တို့ကိုဖြတ်ကျော်ပြီးလာခဲ့ရပါသည်

ဘုရား”ဟုလျှောက်ထားလေသည်။ ထိုအခါ မြတ်စွာဘုရားသည် ထိုပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်တို့ကို အကြောင်းပြုကာ ကထိန်လျှာသင်္ကန်းကို ခွင့်ပြုတော်မူပါသည်။

ကထိန်ဆိုသည်
ဗုဒ္ဓါဒီဟိ ကထီယတေ သိလာဃတေ ပသံသီယတေတိ ကထိနံ-ဘုရားအစရှိသော သူတော်ကောင်းတွေက ကထိနစီဝရဒါနကို ကောင်းပေစွကောင်းပေစွမြတ်ပေစွဟုချီးမွမ်းအပ်တဲ့အတွက်ကြောင့်ကထိန်လို့ခေါ်သည်။

ချီးမွမ်းခြင်းအကြောင်းသုံးချက်
(၁) သံဃိကဒါနဖြစ်သောကြောင့်လည်းကောင်း
(၂ )အထူးသဃိကဒါနဖြစ်သောကြောင့်လည်းကောင်း
(၃)သံဃာတော်အရှင်မြတ်တို့၏ အာပတ်ကို သုတ်သင်နိုင်သော ဒါနဖြစ်သောကြောင့်လည်းကောင်းဘုရား အစရှိသော အရိယာသူတော်ကောင်းတွေက အထူးအားဖြင့် ချီးမွမ်းတော်မူပါတယ်။

(၁) သံဃိကဒါနဖြစ်သောကြောင့်
ကထိန်ကမ္မ၀ါစာဖတ်ကြတဲ့အခါ “ဣဒံ သဃဿ ကထိနစီဝရံ ဥပ္ပန္နံ”လို့ ကမ္မ၀ါစာမှာ ပါပါတယ်။ အဲဒီထဲမှာ ”သံဃဿ ဥပ္ပန္နံ”ဟူသည် သံဃာတော်အရှင်သူမြတ်များရဲ့ အထံမှာဖြစ်ပေါ်တယ်လို့ဆိုပါတယ်။ 

ဒီစကားကိုထောက်သောအားဖြင့် ကထိနဒါနကို သံဃိကဒါနလို့ဆိုနိုင်ပါတယ်။ သံဃိကသင်္ကန်းနဲ့သာကထိန် ခင်းလို့ရပါတယ်၊ဒီလိုသံဃိကဒါနဖြစ်သောကြောင့်ကထိနစီဝရဒါနကိုဘုရားအစရှိတဲ့သူတော်ကောင်းတွေက ချီးမွမ်းကြတာပါ။ပုဂ္ဂလိကဒါနထက်မြတ်နေလို့ ဒီကထိနစီဝရသံဃိကဒါနကို အထူးဝိသေသပြု ချီးမွမ်းခြင်း
ဖြစ်ပါတယ်။


တစ်နှစ်မှ တစ်လ၊ တစ်လမှ တစ်ရက်၊ တစ်ရက်မှာလဲ တစ်ကျောင်းတည်း လှူလို့ရတယ်တစ်ကျောင်းမှာ တစ်ရက်ပဲလှူလို့ရတယ်။ တခြားဒါနထက် ထူးခြားနေတယ်။အမြဲလှူလို့မရ အချိန်ကာလအားဖြင့်သာ လှူဒါန်းရသော ဒါနဖြစ်သောကြောင့် ဘုရားစသော သူတော်ကောင်းများက ချီးမွတ်တော်မူကြပါတယ်။

(၂)အထူးသံဃိကဒါနဖြစ်သောကြောင့်
ကထိနစီဝရဒါနကို ပထမ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့မှစ၍ သီတင်းကျွတ်လပြည့်ကျော် တစ်ရက် မဟာ ပ၀ါရဏာနေ့၌ ပုရိမ၀ါကျွတ်လို့ ၀ါမကျိုးမပြတ်တဲ့ သံဃာတော်တွေသာ ဒီကထိန်သင်္ကန်းကို အလှူခံ ခွင့်ရှိ တယ်။
”အနုဇာနာမိ ဘိက္ခဝေ ၀ဿံဝုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ”
ဆိုလိုသည်မှာ ၀ါဆိုသံဃာတွေကိုသာ ကထိန်ခင်းခွင့်ပြုထားတယ်။ ကထိန်သင်္ကန်းလှူသူတွေကလဲ ဒီက ထိန်ခင်းခွင့်ရှိတဲ့ ရဟန်းတော်တွေကိုသာ ကထိန်ခင်းခွင့်ပြုထားတယ်။ ဒါကြောင့် ဒီကထိနဒါနကို ထူးခြား တဲ့ဒါနလို့ပြောတာ။ဒီလို ထူးခြားတဲ့ သံဃိကဒါနဖြစ်လို့ ဘုရားအစရှိသော သူတော်ကောင်းတို့က ချီးမွမ်း ကြတာဖြစ်ပါတယ်။

(၃) သံဃာတော်အရှင်သူမြတ်တို့၏အာပတ်ကိုသုတ်သင်သောဒါနရဟန်းတော်များမှာမြတ်ဗုဒ္ဓပညတ်ထားတဲ့ သိက္ခာပုဒ် အကျဉ်းအားဖြင့် ၂၂ရ သွယ်၊ အကျယ်အားဖြင့် ကုဋေကိုးထောင်ကျော်ရှိနေပါတယ်။ ဒီသိက္ခာပုဒ်တွေကို ကြူးလွန်ရင်အာပတ်သင့်တယ်။ သို့သော် ကထိန်သင်္ကန်းကို အလှူခံကြတဲ့ သံဃာ တော်များဟာ မြတ်ဗုဒ္ဓက ချမှတ်ထားသော သိက္ခာပုဒ်ငါးမျိုးမှ လွတ်ငြိမ်းခွင့်ရရှိနိုင်ပါတယ်။ထိုလွတ်ငြိမ်းချမ်း သာခွင့် ငါးပါးဟူသည်ကား

(က) ရဟန်းသည် မပန်းကြားပဲ ဒါယကာအိမ်သို့ သွားနိုင်ခြင်း
(ခ) တိစီဝရိတ်အဓိဋ္ဌာန်တင်သော သင်္ကန်းကို မယူပဲ သွားနိုင်ခြင်း
(ဂ) ဂဏဘောဇဉ်ကို စားနိုင်ခြင်း
(ဃ)အလိုရှိသော အဓိဋ္ဌာန် ၀ိကပ္ပမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း
(င) ထိုကထိန်ခင်းသော ကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော ရဟန်းတို့အားသာ ဖြစ်ရခြင်း တို့ပင်ဖြစ်သည်။ကထိန်အာနိသင်ရသောကာလသည်ကားသီတင်းကျွတ်လပြည့်တစ်ရက်နေ့မှတပေါင်းလပြည့်အထိ ငါးလတိုင်တိုင်ဖြစ်ပေသည်။ထို့ကြောင့် ကထိန်ကို ဘုရားအစရှိသော သူတော်ကောင်းများက ကောင်းပေစွ ကောင်းပေစွဟု ချီးမွမ်းတော်မူကြပါပေကုန်သည်။ထိုသို့သော အကြောင်းများကို ထောက်ဆကာ ရှေးဆရာ တော်ကြီးများက”ဘုရားမှာတော့စိန်၊ကျောင်းမှာတော့သိမ်၊ သင်္ကန်းမှာတော့ကထိန်”ဆိုပြီး ဆိုရိုးစကား ပြုထားကြသည်။


ကထိန်သင်္ကန်းအလှူရှင်များ ရရှိသော အကျိုးငါးပါး
(၁) မိမိတို့ အလိုရှိအပ်သော အရပ်များသို့ အတားအဆီး အချုပ်အချယ်မရှိဘဲ သွားနိုင်ခြင်း၊
(၂) ကိုယ်ပိုင်ပစ္စည်းများကို ထားလိုရာ ထားနိုင်ခြင်း၊
(၃) အမျိုးမျိုးသော အ၀တ်အစား အစာအသောက်များနှင့် ပြည့်စုံခြင်း၊
(၄) အစာအသောက်နှင့်ပတ်သက်၍ ဘယ်သောအခါမှ ဘေးမဖြစ်ခြင်း၊
(၅) စည်းစိမ်ဥစ္စာပေါများခြင်းတို့ပင်ဖြစ်သည်။

ကထိန်ခင်းခြင်းအဓိပ္ပာယ်
ကထိန်သင်္ကန်းလှူရှင်များသည် “သံဃဿ ဒေမ”ဟုဆိုကာလှူဒါန်းလိုက်သောသင်္ကန်းကိုသံဃာတော်များက သိမ်ထဲမှာရှိတဲ့ကထိန်သင်္ကန်းအလှူခံမည့်ကျောင်းမှာရှိသောရဟန်းတော်တစ်ပါးကိုသံဃာအများသဘောတူ
မှုနဲ့ ရွေးချယ်ပြီး ထိုကထိန်လျာသင်္ကန်းကို ကမ္မ၀ါစာနှင့် ရွတ်ဖတ်ကာ ပေးကြရပါသည်။ ထိုကထိန်သင်္ကန်းကို ရရှိသော ရဟန်းသည် မိမိကျောင်းတိုက်ကို ပြန်ပြီး ကထိန်ခင်းရပါသည်။ ကထိန်ခင်းဟူသည် စွန့်သင့်သော သင်္ကန်းကို စွန့်၊အဓိဋ္ဌာန်တင်သင့်သော သင်္ကန်းကို အဓိဋ္ဌာန်တင်ကာ လက်ရှိရရှိလာသော သင်္ကန်းကို ၀ိနည်းကြောင်းအရ လိုက်နာပြုကျင့်သည်ကို ဆိုလိုပါသည်။ 

ကထိန်သင်္ကန်းကို ခွင့်ပြုတော်မူရခြင်း၏ ရည်ရွယ်ချက်

 

1.Religion ဘာသာတရား

2.belief ယုံကြည်မူ

3.worship ကိုးကွယ်ဆည်းကပ်သည်

4.freedom of worship လွတ်လပ်စွာကိုးကွယ်ခွင့်

5.refuge ခိုကိုးခြင်း၊ခိုကိုးရာ

6.reverence ကြည်ညိုရိုသေခြင်း

7.devotions ဘုရားတရားတွင် အာရုံပြုခြင်း၊ဆုတောင်းခြင်း

8.Lord Buddha ဗုဒ္ဓဘုရား

9.Buddha's teachings ဗုဒ္ဓဆုံးမသြ၀ါဒ

10.Buddha statue /image ဗုဒ္ဓဆင်းတုတော်/ပုံတော်

11.icon ဆင်းတုတော်

12.iconoclast ဆင်းတုတော်ကိုးကွယ်မူကိုဆန့်ကျင်သူ

13.agnostic ဘုရားတရားမယုံကြည်သူ

14.shrine စေတီ၊ပုထိုး၊နတ်ကွန်း

15.shrine room ဘုရားခန်း

16.altar ဆွမ်းတော်တင်ခုံ

17.nine attributes of Buddha ဗုဒ္ဓဂုဏ်တော်ကိုးပါး

18.the four noble truths သစ္စာတရားလေးပါး

19.the noble eightfold path မဂ္ဂင်ရှစ်ပါး

20.nirvana နိဗ္ဗာန်

21.halo ရောင်ခြည်တော်အ၀န်း

22.recite devotional verses ဘုရားဂါထာတော်များရွတ်ဆိုသည်

23.say /tell the beads ပုတီးစိပ်သည်

24.take a meditation တရားထိုင်သည်

25.strike the triangular brass gong ကြေးစည်ထုသည်

26.period of Buddhist lent ၀ါတွင်း

27.end of Buddhist lent ၀ါပ( ၀ါထွက်)

28.footprint of Buddha ဗုဒ္ဓခြေတော်ရာ( စက်တော်ရာ)

29.temple ဗိမာန်တော်၊ဘုရားကျောင်း၊နတ်ကွန်း

30.hollow vaulted temple ဂူဘုရား

31.fane ဘုရားတန်ဆောင်း

32.archway မုခ်ပေါက်

33.ascend the stairway ဇောင်းတန်း တက်သည်

34.sanctuary ၀တ္တကမြေ၊သာသနာ့မြေ၊ဘေးမဲ့လွတ်ထားသည့်မြေ

35.precinct of pagoda ဘုရားပရဂုဏ်

36.ground of victory အောင်မြေ

37.planetary post ဂြိုလ်တိုင်

38.streamer တံခွန်၊ကုက္ကား

39.scented sticks အမွှေးတိုင်

40.gilt ရွှေချထားခြင်း

41.glass mosaic မှန်စီရွှေချ

42.stupa ဘုရားပုထိုး

43.pagoda စေတီ

44.tooth relic pagoda စွယ်တော်မြတ်စေတီ

45.gilded pagoda ရွှေချထားသောစေတီ

46.white-washed pagoda ထုံးဖြုသုတ်ထားသောစေတီ

47.monastery ဘုန်းကြီးကျောင်း

48.hermitage ရသေ့ကျောင်း

49.nunnery/ convent သီလရှင်ကျောင်း

50.religious center သာသနာ့ရိပ်သာ

51.meditation center တရာစခန်းရိပ်သာ

52.International Theravada Buddhist Missionary University

အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်

53.Buddhist Scriptures ပိဋကတ်တော်များ

54.Sixth Buddhist Synod ဆဌသင်္ဂါယနာ


Credit To - Mr. Htet Htet Naung

(က)  အရှင်ဘုရား.. ဘာသာခြားများက မေးလာတဲ့မေးခွန်းကို သေချာဖြေနိုင်အောင် ကူညီပါဦးဘုရား။
သူတို့မေးတာက သရဲ တစ္ဆေတွေ ကိုယ်တိုင် အလှူအတန်း မလုပ်ပါဘဲ သာဓုခေါ်လိုက်ရုံနဲ့ ကွတ်လွတ် သွားရောလား၊ သာဓု ဆိုတာဘာလဲ။ အဲလောက်စွမ်းလား လို့ မေးကြတယ် ဘုရား၊တပည့်တော်မတို့က အခြောက်အလှန့်ခံရရင် အမျှပေးလိုက်ပါ .. သာဓုခေါ်ခိုင်းလိုက်ပါ လို့ ပြော ပြောနေကြတာကိုးဘုရား ..

(ခ) နောက်ပြီး တပည့်တော်မ သိချင်တာက မကောင်းဆိုးဝါးတွေ မနှောက်ယှက်အောင် အိမ်တို့ ကုတင်အိပ်ယာတို့ကို စည်းချတယ် ဆိုတာ ဘယ်လို လုပ်တာလဲ ဘုရား..
ကူးကူး
18 Oct 11

မေးခွန်း( က ) အနေနဲ့ ဘာသာခြားအနောက်နိုင်ငံသားများ နားလည်အောင် ပြောရရင်  ရှေးဦးစွာ ကံအကြောင်းကို လက်ခံပါမှ ဖြစ်နိုင် ပါမယ်၊ ကံတရားရဲ့ သဘောကလဲ လူတစ်ယောက် မှန်ကြည့် သလို ကိုယ့်ပုံရိပ်လှလှ ပေါ်စေချင်ရင် လှလှပြင်ရပြီး မလှခဲ့ရင် ပုံဆိုးပန်း ဆိုး ပေါ်စေမှာပါ။ ဗုဒ္ဓဘာသာဝင်များဟာ ကံကို ယုံကြည်ကြသူများမို့ အထူးဖြေရှင်းစရာ မလိုပေမယ့် သတိထား စရာက  အမျှပေးရာမှာလဲ သရဲ တစ္ဆေတွေက လိုလိုချင်ချင် ကျွတ်လွတ်ချင်တဲ့ စိတ်နဲ့ သာဓုခေါ်လိုက် ရင် ကျွတ် လွတ်နိုင်ကြပါတယ်၊

အမျှဝေခြင်း သာဓုခေါ်ခြင်း အဓိပ္ပါယ်

အမျှဝေခြင်း ဆိုသည်မှာ ကိုယ်လှူဒါန်းထားတဲ့ အလှူဒါနကို သူတပါးတို့အား  share မျှဝေခြင်းပါ၊ ဒါနကုသိုလ်ကံ   စေတနာစွမ်းအား ကြောင့် ကိုယ်က ပေးလိုက်လို့ လျော့သွားတယ် ဆိုတာ မရှိပါဘူး၊ သာဓုခေါ်ခြင်း ဆိုတာကတော့ သူတပါးကလဲ ကိုယ့်အလှူဒါနကို အားကျပြီး မုဒိတာပွား ၀မ်းမြောက်ကာ “ သာဓု သာဓု ကောင်းတယ် ကောင်းတယ်၊ အသင်အလှူရှင် အမျှဝေတာကို အကျွနုပ်ကလဲ ၀မ်းမြောက်စွာ ခံယူပါတယ်  ” ဆိုတဲ့ အဓိပ္ပါယ်ကို ရည်ညွန်းတယ်။  တစ္ဆေ သရဲတို့က အကူညီတောင်းလို့ အလှူဒါန လုပ်ပေးရင်လဲ လုပ်ပေးသူရော နာနာဘာဝတွေပါ ကုသိုလ်ရရှိပါတယ်၊ သူတို့မှာ လူတွေလို ကိုယ်တိုင် လှူဖို့ အခွင့်အရေး မရနိုင်တော့လို့ ပရလောကကို ရောက်ကာမှ နောင်တရကာ အကူညီတောင်းခြင်းသာ ဖြစ်တယ်။

မီးရောင် မျှဝေခြင်း ဥပမာ

စာပေတွေထဲမှာတော့ အမျှဝေတာဟာ အိမ်တအိမ်ကနေ အိမ်တအိမ်ကို ဖယောင်းတိုင်မီး ကူးယူခြင်း နှင့် ဥပမာပေးထားတယ်၊ ဖယောင်းတိုင် တတိုင်ပဲ ထွန်းထားတော့ အလင်းရောင် အားနည်းနေလိမ့်မယ်၊ နောက်ထပ် အများကြီး ပွားလိုက်ရင် တရပ်ကွက်လုံး တရွာလုံး လင်းထိန်သွားလိမ့်မယ်၊ ဒါပေမယ့် မူလ ပထမ ဖယောင်းတိုင်မှာလဲ အလင်းရောင် လျော့သွားတယ် ဆိုတာ မရှိဘူး။ ကုသိုလ် အကျိုး ဆိုတာကလဲ မီးကူး သလိုပဲ၊ အမျှပေးဝေသူမှာ ကုသိုလ်ဆုတ်ယုတ်သွားတယ် ဆိုတာ မရှိသလို သာဓုခေါ်ဆိုသူ ဘယ်လောက်ပဲ များနေပါစေ၊ ၀မ်းမြောက်ဝမ်းသာ ခေါ်ဆိုသူမှန်သမျှ ကုသိုလ်အကျိုးကို ခံစားရလေ့ ရှိတတ်တယ် …

မေတ္တာသံယောဇဉ်နှင့် နှိုင်းယှဉ်ခြင်း ဥပမာ

ဆိုပါစို့ မိသားစုတခုမှာ သားသမီးတယောက်ယောက် ဒီဂရီ များစွာနဲ့ စာမေးပွဲအောင်ရင် ဦးစွာပထမ ကာယကံရှင်ကိုယ်တိုင် ၀မ်း သာရတယ်၊ နောက်တော့ သူနဲ့ စပ်ဆက်နေတဲ့ မိဘတွေ၊ ဆွေမျိုးတွေ၊ မိတ်ဆွေသူငယ်ချင်းတွေအားလုံး ၀မ်းသာမှုကို ခံစားကြရ တယ်၊ အားမနာတမ်း အနောက်တိုင်းသားတွေလို ရုပ်ဝါဒီ ဆန်ဆန် ပြောရရင် စာမေးပွဲအောင်တာက ကိုယ်မှ မဟုတ်ပဲ၊ သူအောင်လို့ သူပျော်တာ ဘာမှ မဆန်းပေမယ့် တခြားသူတွေအပေါ် ပတ်ဝန်းကျင်အပေါ်မှာ အားလုံး ပျော်ရွှင်မှုတွေ ကူးစက်သွားတာဟာ မေတ္တာဆိုတဲ့ compassion ကြောင့်သာလျင် ဖြစ်တယ်၊

အမျှပေးဝေသူက စာမေးပွဲအောင်သူနဲ့ တူညီပြီး သာဓု ခေါ်သူက မေတ္တာကြောင့် တဆင့် ပျော်ရွင်မှု ရသူများနဲ့ တူတယ်၊ ဒါကြောင့် သာဓုခေါ်ဆိုသူဟာ ကိုယ်တိုင် မလှူရသော်လည်း မိမိသားသမီးတယောက်ယောက် စာမေးပွဲအောင်ရင် ကိုယ်ပါ ၀မ်းသာရ သလို မေတ္တာရဲ့ ဆက်နွယ်မှုအရ သူလဲ ရရှိခံစားနိုင်ပါတယ်။

ကိုယ်စား လုပ်ကာ အကူအညီပေးခြင်း ဥပမာ

နောက်တခုက  ကိုယ့် မိတ်ဆွေတယောက်၊ သူငယ်ချင်းတယောက် ချစ်သူတယောက် လုပ်ရမယ့် သူ့တာဝန်တွေကို အကြောင်း တခု ခုကြောင့်  သူကိုယ်တိုင် မအားလပ်သောအခါ ကိုယ်စားလုပ်ပေးလိုက်လို့ အဆင်ပြေသွား ခြင်းနဲ့ တူတယ်၊ ဘယ်သူလုပ်သည်ဖြစ်စေ အလုပ်ပြီးသွားဖို့ အဓိကပဲ မဟုတ်လား၊ ဒီမှာလဲ အမျှဝေသူ သည် ကိုယ်စားလုပ်ပေးသူနဲ့ တူပြီး သာဓုခေါ်သူကတော့ မအားလပ်လို့ အကူညီတောင်းသူနဲ့  တူတယ်။ ဒီနေရာမှာလဲ ကိုယ်စားလုပ်ပေးသူကြောင့် ကိစ္စပြီးရသလို သာဓုခေါ်ဆိုသူဟာလဲ ကိုယ်တိုင် မလုပ်ပေမယ့် ဒါနရဲ့ အကျိုးကို ခံစားနိုင်တယ်။

အပြုံးတခု ဖန်တီးခြင်း  ဥပမာ

ယနေ့ခေတ်လူမှုပတ်ဝန်းကျင်မှာ  လူတယောက်ကို ပြုံးပြခြင်းတခုရဲ့ အကျိုးသက်ရောက်မှု ကို ထိပ်တန်းရောက်နေသူ တိုင်း   အောင်မြင် ကျော်ကြားနေသူတိုင်း နားလည်ကြပါတယ်၊ အပြုံးတပွင့် ကြောင့် ဘ၀တဆစ်ချိုး ပြောင်းသွားသူတွေ၊ စီးပြားေ ရးေ အာင်မြင်နေသူတွေ အများကြီး ရှိနေပါတယ်၊

ကြင်နာမှု ခေါင်းပါးနေတဲ့ အနောက်နိုင်ငံများမှာ ကိုယ့်ဘက်က အပြုံးပေးလိုက်လို့ မထင်မှတ်တဲ့ ကိစ္စတွေ၊ အကျိုးရလဒ်တွေ ထွက်ေ ပါ် လာတာကို ပညာရှင်များရဲ့ အတ္ထုပ္ပတ္တိများကို ဖတ်ရတိုင်း ခံစားမိတယ်။ ဗုဒ္ဓဒေသနာများစွာ မှာလဲ မိဟိတပုဗ္ဗင်္ဂမာ  အဗ္ဘာကုဋိကာ - အပြုံးကို ရှေ့တန်း တင်ထားခြင်း၊ အမြဲ မျက်မှောင်ကျုံ့မထားခြင်း ဆိုတာ ရှိတယ်၊ လူမှုပတ်ဝန်းကျင်မှာ သိပ်လိုအပ်တဲ့ အရာပေါ့၊  သို့သော်လည်း အသက်မပါတဲ့ ဟန်ဆောင်အပြုံးကို မဆိုလိုဘူး၊ ကိုယ့်ဘက်က ပြုံးပြလိုက်လို့ အကျိုးယုတ်သွားတယ် ဆိုတာ မရှိနိုင် ပါဘူး၊
ဒီနေရာမှာ အမျှပေးတယ် ဆိုတာ ကိုယ့်ဘက်က ပြုံးပြခြင်းနဲ့ တူတယ်၊ တဖက်သားက သာဓုခေါ်တာကတော့ ကိုယ့်အပြုံးကို လိုလို ချင်ချင်လက်ခံခြင်းနဲ့ တူတယ်၊ ဒီတော့ နှစ်ဦးနှစ်ဖက် အကျိုးရှိစေတယ်ပေါ့၊ သာဓု မခေါ်ဘူး ဆိုရင်တော့ ကိုယ့်အပြုံးကို မသိကျိုးကျွန် ဥပေက္ခာပြုခြင်းနဲ့ တူတယ်၊  ကိုယ့်အပြုံးကြောင့် တဖက်သားမှာ စိတ်ချမ်းသာမှု ကြည်နူးနှစ်သိမ့်မှုကို ခံစားရသလို သာဓုခေါ်ဆိုသူဟာလဲ စိတ်ချင်းဆက်သွယ်မှု အရ ဒါန အကျိုးကို ခံစားနိုင်တာ ယုံမှားစရာ မရှိပါ။ ဒီဥပမာတွေကတော့ အမျှဝေခြင်း သာဓုခေါ်ခြင်းတွေကို နိုင်ငံခြားသားများ နားလည်အောင် ယှဉ်ပြတာပါ၊  သူတို့က ကံအကြောင်း တွေ၊ ဒေသနာတော်တွေ၊ နိဗ္ဗာန်တွေကို မသိသေးပဲ လက်မခံကြတာကြောင့် သူတို့ နားလည်နိုင်အောင် ရှင်းပြခြင်း ဖြစ်ပါတယ်။

တစ္ဆေ သရဲ ခြောက်လှန့်ခြင်း ရည်ရွယ်ချက်များ

၁။ တဖက်သားကို ပျော်စေချင်လို့၊ စနောက်ချင်လို့ ချောက်လှန့်ခြင်း၊
၂။ သူတို့ ရှိကြောင်း သိစေချင်လို့ အသိပေးခြင်း၊

၃။ ကိုယ့်ဘက်က သူတို့မကြိုက်တာ လုပ်ထားမိလို့ သူတို့က ပြန်လည်နှောက်ယှက် တုံ့ပြန်ခြင်း၊
၎။ နေစရာ စားစရာ မရှိလို့ လက်ရှိဘ၀က ကျွတ်လွတ်ချင်လို့ အပုတ်နံ့၊  အမွှေးနံ့သာနံ့၊ စသည်ပေးခြင်း၊ ကိုယ်ထင်ရှားပြကာ အကူ အညီတောင်းခြင်း၊

စသည်ဖြင့် များစွာရှိနိုင်ပါတယ်၊ ဒါတွေကို လူတွေက နားလည်မှုလွဲပြီး သရဲခြောက်တယ် တစ္ဆေခြောက်တယ် ဆိုတာတွေ ဖြစ်ကုန် ကြတယ်၊ တကယ်တော့ သူတို့ ဘ၀က သနားစရာ ကောင်းတယ်၊ လူတွေထက်လဲ ဘုန်းကံ နိမ့်ပါးပြီး စားရမဲ့ သောက်ရမဲ့ ဘ၀တွေမို့ ကြောက်စရာ မရှိပါ၊  ဒါပေမယ့် သူတို့က အကူညီလိုအပ်လို့ ကိုယ်ထင်ပြတာကို သရဲခြောက်တယ် လို့ ဘာသာပြန်လိုက် တော့ နောက်တကြိမ် ခြောက်လှန့်လိုက်၊ နောက်တကြိမ် အသိပေးလိုက်နဲ့ လုံးချာလည်နေကြတယ်၊
အခုခေတ် နိုင်ငံခြား တိုင်းပြည်များမှာ သူတို့ကို နည်းလမ်းကျကျ အမျှပေးဝေမယ့်သူ မရှိတာမို့ အဆောက်အဦးတိုင်း နေရာတိုင်း၊ လမ်း တိုင်း အထူးသဖြင့် သားငါးတွေ ရောင်းချတဲ့ ဈေးထဲမှာ ကြိတ်ကြိတ်တိုးပြီး သွားလာနေကြတယ် လို့ ဒေသနာများမှာ ဆိုပါတယ်။

နံပါတ် ၁၊ ၂၊ ၃ တို့အတွက် ကိုယ့်ဘက်က နေ့တိုင်း ဘုရားရှိခိုးပြီးတိုင်း ကုသိုလ်ကောင်းမှုတခုခု ပြုလုပ်ပြီးတိုင်း မေတ္တာပို့ပေးပြီး “ အကျွနုပ်နဲ့ ဘ၀သံသရာမှာ ကျင်လည်ခဲ့စဉ် မြင်ဖူး မမြင်ဖူးသောသတ္တ၀ါများ၊ ဆွေမျိုး တော်စပ် မတော်စပ်ဖူးသော ပရလောက မှ သတ္တ၀ါအားလုံးတို့အား အကျွနုပ်ပြုပြုသမျှ ကုသိုလ်ကောင်းမှုအားလုံးတို့၏ အဖို့ဘာဂကို  အမျှပေးဝေပါတယ် ” လို့ အမြဲတမ်း အမျှပေး ဝေနေရင်  လုံလောက်ပါတယ်။ သူတို့ သာဓုခေါ်လိုက ခေါ်ဆိုပြီး ကျွတ်လွတ်သွားနိုင်ကြပါတယ်။

ကိုယ်က မေတ္တာပေးရင် သူတို့ကလဲ အော် ဒီအိမ်ရှင်တွေက ငါတို့ကို တကူးတက မေတ္တာပို့ပေးတယ်၊  အမျှဝေပေးတယ် ငါတို့ကလဲ ပြန်လည်စောင့်ရှောက်ပေးမှပဲ ဆိုပြီး စီးပွားရေး လှုမှုရေးအစ အားလုံးကို စောင့်ရှောက်ပေးကြတယ်၊ နောက်ဆုံး ကိုယ့်မှာ အသက်အန္တရာယ် ကြုံလာရင်တောင် သူတို့က ကယ်တင်ပေးကြတယ်၊ အဲဒီလောက်အထိ အကျိုးများလှပါတယ်၊

နံပါတ်လေး အတွက်ကတော့ ကိုယ်က မကြောက်မလန့်စေပဲ ဘာအကူအညီ လိုအပ်သလဲ ၊ ဘာလုပ်ပေးရမလဲ စသည် မေးမြန်းပြီး အ၀တ်အစားလိုအပ်ရင် အ၀တ်အစားပေးလှူ၊ အစားအသောက် လိုအပ်နေရင် သံဃာတွေကို ဆွမ်းကွမ်းကပ်ခြင်း၊ ခဲဖွယ်ဘောဇဉ် များ လှူဒါန်းခြင်း၊စသည်လုပ်ပေးပြီး အကူအညီပေးသင့်တယ်၊

ခက်နေတာက သူတို့က ဘုန်းကံ နိမ့်ရှာလေတော့ လူတွေကိုလဲ လိပ်ပြာငယ်သူ၊ ကံနိမ့်နေသူတွေကိုပဲ ပြနိုင် ခြောက်နိုင်ကြတယ်၊ လူတိုင်းကို မချဉ်းကပ်နိုင်ဘူး၊ မခြောက်နိုင်ကြဘူး၊ လိပ်ပြာငယ်သူကိုမှပြမိတာကို  အပြခံရသူက သရဲခြောက်တယ် ဆိုပြီး ခေါင်းစဉ် တပ် လိုက် တော့ သူတို့ ရည်မှန်းချက်တွေ ပျက်ကုန်ရော ...

နားလည်မှုလွဲပြီး ကိုယ်က ဒေါသနဲ့ တုန့်ပြန်တယ်၊  အာဏာပြပြီး ခြိမ်းခြောက်ရင်တော့ ပါးကိုက်ရင် နားပြန်ကိုက်မယ် ဆိုပြီး သူတို့ ကလဲ ကမ္မဇိဒ္ဓိ အစွမ်းနဲ့ လူတွေကို သေစေအောင်၊ ရူးသွပ်အောင် စီးပွားပျက်အောင်၊ မိသားစုအတွင်း ပဋိပက္ခဖြစ်ပေါ် လာအောင်၊ ကျမ္မာရေးချို့ယွင်းကာ စိတ်ဆင်းရဲအောင် အမျိုးမျိုး တုန့်ပြန်တတ်ကြပါတယ်၊ ကာယကံရှင်ကို လုပ်လို့မရရင် မိသားစုထဲက ကံနိမ့်သူကို လုပ်တတ်ကြတယ်၊ လူဆိုတာကလဲ လူစိမ်းတယောက်ယောက် ဒုက္ခရောက်တယ်၊ နောက်ဆုံး သေဆုံးတယ်လို့ ကြားမိရင်တောင်  ဘာမှ မခံစားရပေမယ့် ကိုယ်နဲ့စပ်ဆက်သူတယောက် ဒုက္ခရောက်တာ ကြားမိရင်ပဲ  စိတ်ဆင်းရဲတတ်ကြတယ် မဟုတ်လား၊

အချို့သော နတ်တွေ ပရလောကတွေကို မယုံကြည်ပဲ ယုံကြည်သော်လည်းဘုရားသားတော် ရဟန်းဆိုတာ နတ်တွေ၊ နာနာဘာဝတွေကို အရေးပေးစရာ၊ လေးစားစရာ မလိုဘူး။ သူတို့က အောက်လူပဲ ဆိုပြီး ဘာကိုမှ မမှုပဲ လုပ်ချင်တာကို  တဇွတ်ထိုး လုပ်တတ်ကြသော ကျောင်းထိုင် ဘုန်းကြီးတွေတောင် ကံနိမ့်နေချိန်ဆိုရင် ပျံတော်မူကြတာကို ကြားဖူးပါတယ်။ ဒါကြောင့် ကမ္မ၀ါဖတ်တာတွေ နှင်ထုတ်တာတွေက မေတ္တာပို့ခြင်း၊ အမျှဝေခြင်းဖြင့် မရနိုင်တော့မှ နောက်ဆုံးအဆင့် အနေနဲ့ အသုံးပြု သင့်ပါတယ်။

စည်းချခြင်း အဓိပ္ပါယ်

စည်းချခြင်း ဆိုတာကတော့ ကလေးတယောက်ကို မိဘဖြစ်သူက ဒါ မလုပ်နဲ့၊ ဒါ မကိုင်နဲ့၊ ဒီအခန်းထဲ မ၀င်နဲ့ ဆိုပြီး အမိန့်အာဏာ သုံးကာ တားမြစ်ခြင်းနဲ့ တူတယ်၊
အိပ်ယာဝင်ခါနီး ကိုယ့်ရဲ့ ကုတင်ကို ဖြစ်စေ၊ အခန်းကို ဖြစ်စေ၊ တိုက်ခန်းကို ဖြစ်စေ နာနာဘာဝ ပရလောကမှ မည်သူမျှ ကိုယ့်ကို မနှောက်ယှက်စေရန် အတားအဆီး ပြုခြင်းကို စည်းချတယ် လို့ ခေါ်တယ်၊
တချို့က ပဋ္ဌာန်း( ၂၄ ) ပစ္စည်း ရွတ်ဆိုကြသလို တချို့က ရတနာသုံးပါးနှင့် စည်းချကြတယ်၊ ဘုရားဂုဏ်တော်တွေနဲ့လည်း ရွတ်ဆို ကာ ချလေ့ရှိပြန်တယ်၊  လူတိုင်း ကိုယ်အားသန်ရာ ပါးစပ်က နှုတ်တက်ရပြီး လွယ်တာကို ရွတ်ဆိုတာမျိုးလဲ ရှိတတ်ကြ တယ်၊ ဘာရွတ်ရမယ်၊ ဆိုတဲ့ စည်းကမ်းချက်ဒေသနာတော့ မရှိပါဘူး၊  ဘုရားရှင် လက်ထက်က ကလေးလေးတယောက် ရာဇဂြိုလ် မြို့ပြင်ဘက်က ဇရပ်တခုမှာ အိပ်နေတာကို ညပိုင်းမှာ မိစ္ဆာဒိဋ္ဌိ ဘီလူးနဲ့ သမ္မာဒိဋ္ဌိ အယူရှိတဲ့ ဘီလူးနှစ်ကောင် ရောက်လာတယ်၊

ရာဇဂြိုလ်မြို့ဟာ တောင်တန်းတွေ ငါးခု ကာရံထားတာကြောင့် ဘီလူး သဘက် ပြိတ္တာ သရဲစတဲ့ နာနာဘာဝတွေ သိပ်ပေါများတယ် လို့ ဆိုတယ်၊ အခုလဲ  မိစ္ဆာဒိဋ္ဌိ ဘီလူးက စားမယ်ပေါ့၊ သမ္မာဒိဋ္ဌိဘီလူးက မစားပါနဲ့ အဲဒီကလေးက ဘုရားကို အမြဲရှိခိုးနေတာ ၊မင်းစားရင် ဒုက္ခရောက်သွားမယ် လို့ တားသော်လည်း မရဘူး စားမှာပဲ ဆိုပြီး ကလေးလေး ခြေထောက်ကို သွားဆွဲလိုက်တယ်၊
ကလေးလေးကလဲ ဘုရားစာ ရွတ်နေကျဆိုတော့ ပါးစပ်က ယောင်ပြီး “ နမော ဗုဒ္ဓဿ ” ဆိုပြီး ရွတ်လိုက်တာ ဘီလူးကြီး ၀ုန်း ဆိုပြီး အဝေးကြီးကို လွင့်စင်သွားတယ် တဲ့၊ ဘုရားရှိခိုး အရှည်ကြီး မဟုတ်သေးဘူး၊  နမော ဗုဒ္ဓဿ ဆိုတဲ့ စကားနှစ်လုံးထဲပဲ ရှိသေးတယ်၊

ဒီနေရာမှာ ဘုရားဂုဏ်တော်ကျေးဇူးကြောင့် အသက်ဘေးက လွတ်တာကို သတိထားစေချင်တယ်၊ အကယ်၍ မဖြစ်မနေ စည်းချလိုတယ် ဆိုရင်တော့ ပဋ္ဌာန်း (၂၄ ) ပစ္စည်း၊ ဘုရားဂုဏ်တော် ( ၂ )မျိုးထဲက တမျိုးမျိုးကို ရွတ်ဆိုပြီး စည်းချနိုင်ပါတယ်၊ အဓိပ္ပါယ်ကတော့ ငါ ဒီနေရာ ဒီနေရာတွေကို စည်းချထားတယ် မင်းတို့ လာလို့ မရတော့ဘူး၊ နှောက်ယှက်လို့ မရတော့ဘူး လို့ ဆိုလိုတယ်။

စည်းချနည်း

ကိုယ်အိပ်တဲ့ ကုတင် ဆိုပါစို့၊ ကုတင်ခေါင်းရင်းအရပ်ကို လက်ညှိုးထိုးပြီး ဟေတု ပစ္စယော လို့ ရွတ်ဆိုလိုက်ပါ၊ ဒီလိုပဲ ခြေရင်းကို အာရမ္မဏ ပစ္စယော လို့ ရွတ်လိုက်ပါ၊  ဒီလိုနဲ့ အရှေ့ အနောက် တောင် မြောက်၊ အရှေ့ တောင်ဒေါင့်အရပ်၊ အရှေ့မြောက်ဒေါင့်အရပ် စသည်ဖြင့် ဒေါင့်လေးဒေါင့်၊ အထက်အရပ် အောက်အရပ် ပေါင်းလိုက်တော့ အရပ်ဆယ်မျက်နှာ အားလုံး စည်းချပြီးသား ဖြစ်သွားပါပြီ၊ ဘယ်နှစ်ခေါက် ရွတ်သည်ဖြစ်စေ နေရာ နှံ့စပ်သွားရင် လုံလောက်ပါတယ်။

ရှေးရှေးဆရာများကတော့ ပဋ္ဌာန်း ၂၄ ပစ္စည်းကိုပဲ စည်းချတာ များတယ်၊ သို့သော်လည်း ကိုယ်အားသန်ရာ ဘုရားဂုဏ်   တော် တခုခုကို ရွတ်ဆို စည်းချရင်လဲ အတူတူပါပဲ၊ ဘယ်နာနာဘာဝ ပရလောကသတ္တ၀ါတွေမှ မနှောက်ယှက်နိုင်ပါဘူး၊

 စည်းချတယ် ဆိုတာ အာဏာပြခြင်း တမျိုးမို့ ဆရာ့ဆရာများကတော့ အားမပေးကြဘူး၊ တကယ်တမ်း လိုအပ်လာမှ လုပ်သင့် တယ်လို့ ယူဆမိတယ်၊  အစဦးစွာ မေတ္တာပို့ခြင်း၊ အမျှဝေခြင်း လမ်းစဉ်ကသာ အကောင်းဆုံးနည်းလမ်း လို့ ဆိုပါရစေ .. မြတ်စွာ ဘုရား ရှင်နှင့်တကွ  အဂ္ဂသာဝကကြီးများ အစထားလို့  ယနေ့ခေတ် ဆရာတော် ကြီးများအဆုံး အစဉ်အဆက်အနေနဲ့ ခရီးတခု ကို သွားရင်ဖြစ် စေ ၊ နေရာဒေသ ပတ်ဝန်းကျင်အသစ်ကို သွားဖို့ ရှိရင်ဖြစ်စေ မေတ္တာကို ရှေးဦးစွာ ပို့လေ့ရှိကြပါတယ်၊ ကိုယ်သွားမယ့် လမ်း၊ ကိုယ်ရောက်မယ့်နေရာ စသဖြင့် လိုအပ်သလို စူးစူးစိုက်စိုက် ကြိုတင် ပို့လွှတ်လေ့ ရှိကြတယ်၊

သရဲ တစ္ဆေ ခြောက်ခံရတယ် ဆိုတာ အကုသိုလ်တွေ များများလုပ်ပြီး ကံနိမ့်ပါးနေသူမှ ဖြစ်တတ်တာမို့ ဂုဏ်တော်များ၊ ပဋ္ဌာန်းများ ရွတ်နေရင် စည်းချတယ် ဆိုတာ မလိုအပ်တဲ့ အရာတခုပါ။ မြတ်စွာဗုဒ္ဓ ဟောကြားထားခဲ့သော ဒေသနာတော်များဟာ ဣစ္ဆာသယ ပတ္တမြားနှင့် တူပါတယ်၊ တကယ်လိုအပ်လာလျင်  လိုသလို အသုံးချနိုင်ကြပါတယ်၊  မိမိဥာဏ်ရှိသလို အသုံးချနိုင် ကြပါစေ လို့ သာ ဖြေကြားလိုက်ပါသည် ..

 မေတ္တာဖြင့်

အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
http://www.dhammayaungchi.com/
Date. 21.Oct.2011