HAZY LIFE

စကားဦး ။ ။ ဥပုသ်စောင့်လိုသူများအတွက် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသာ၏ ရတနာဂုဏ်ရည် စာအုပ်မှ ကောက်နုတ်တင်ပြ၍ စာရိုက်ကုသိုလ် ဒါန ပြုလိုက်ပါတယ်....။ ဗုဒ္ဓဘာသာဝင်များ ဥပုသ်အကြောင်းကို သေချာသိပြီး ဥပုသ်စောင့်သလောက် အကျိုးများစေရန် ရည်ရွယ်တင်ပြခြင်း ဖြစ်ပါသည်။


ဥပုသ် ဟူသောစကားသည် ဥပါသထ ဟူသော ပါဠိမှ ကူးစက်လာသော ပါဠိပျက်စကားဖြစ်ပါသည် (ဥပ+၀သထ) ဥပ=ညစာမစားခြင်း၊ သူအသက်မသက်ခြင်း၊ စသောအကျင့်ကောင်းများနှင့် ၀သထ=နေခြင်း။
သူ့အသက်မသတ်ခြင်း၊ ညစာမစားခြင်း စသောအင်္ဂါရှစ်ပါးနှင့် ပြည့်စုံသောသီလကို ခံယူ ဆောက်တည်၍ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော် စသောအာရုံများကို အာရုံပြုကာ (ဘာဝနာပွားလျက် အကုသိုလ်စိတ်များ မဖြစ်စေပဲ စိတ်စင်ကြယ်အောင် စောင့်စည်းနေထိုင်ခြင်းကို ဥပုသ်စောင့် သည်ဟုခေါ်သည်။
(လင်္ကာ။ ။ စိတ်မှာ စင်ကြယ်လာအောင်၊ အင်္ဂါရှစ်တန်၊ သီလခံ၍ ခြိုးခြံအောင့်အီး၊ တစ်ဖြောင့်တည်းဖြင့်၊ စောင့်စည်းအားထုတ်၊ တရားကုတ်၊ ဥပုသ်စောင့်ဟုမှတ်။)
ဥပုသ်စောင့်မည့် ပုဂ္ဂိုလ်သည် အောက်ပါ အချက်များကို သိထားသင့်ပါသည်။

၁။ နက်ဖြန် ဥပုသ်စောင့်မည်ဟု ကြံစည်သော ပုဂ္ဂိုလ်သည် ဥပုသ်စောင့်သည်အခိုက် အိမ်မူ့ကိစ္စတွေကို ဆောင်ရွက်ခြင်းငှား မလျော်သောကြောင့် ယနေ့လိုအခါကပင် အိမ်မူ့ကိစ္စများကို တာဝန်ရှိသမျှ ပြီးစီးအောင် စီမံရာ၏။

၂။ ချက်ပြုတ် ကျွေးမွေးမည့်သူ အဆင့်သင့်ရှိလျှင် နက်ဖန် မိမိစားဖို့အတွက် ပြောပြစီစဉ်ထားရာ၏။
(ဥပုသ်စောင့်ခိုက် ခါတိုင်းထက် ကောင်းကောင်းစားဖို့ကား မစီမံသင့်)

၃။ ချက်ပြုတ်ကျွေးမွေးမည့်သူမရှိလျှင် နက်ဖန် ကိစ္စနည်းအောင် ပြီးစီးလွယ်သော စားဖွယ်သောက်ရာများကို ပြီးစီးအောင် စီမံထားရာ၏။

၎။ နက်ဖန်နံနက် အာရုံတတ်ချိန်ကပင် ကိုယ်လက်များကို စင်ကြယ်အောင်ပြု၍ စိတ်ကြည်လင်ရုံမျှ သန့်ရှင်းသော အ၀တ်ကို ၀တ်ဆင်ရာ၏။

၅။ ပန်းပန်မူ့၊ နံ့သာလိမ်မူ့နှင့် အထူးတလည် ပြင်ဆင်မူ့ကို မပြုရာ။

၆။ ထိုနောက် ခပ်စောစောကပင် သီလဆောက်တည်ရာ၏ (သီလဆောက်တည်သော အခါ ပါဠိလို နားမလည်မရလျှင် မြန်မာလိုဆောက်တည်နိုင်သည်။ ရှစ်ပါးသီလ နှုတ်တိုက်မရလျှင် “ မြတ်စွာဘုရားရှင် ပညတ်တ်ာမူအပ်သော ဥပုသ်သီလကို ဆောက်တည်ပါ၏ “ ဟု နှုတ်က မိမိဘာသာဆို၍လည်း ဆောက်တည်နိုင်၏။

၇။ သီလဆောက်တည်ပြီးလျှင် ကျွေးမွေးလှူဒါန်းဖွယ် ကိစ္စရှိက ထိုကိစ္စကို ပြုလုပ်၍ မရှိပါက မိမိအတွက် သင့်တင့်ရုံသာ စီမံ၍ စားသောက်ရာ၏ (တစ်ထပ်သာမက ညစာမစားပဲ နေနိုင်လောက်အောင်ပင် စားသောက်ခွင့်ရှိသည်။)

၈။ ကျွေးမွေးစားသောက်ပြီးလျှင် ကိုယ်လက် မစင်ကြယ်က ရေချိုးရာ၏ (ကိုယ်စင်ကြယ်မှ စိတ်ကြည်လင်၊ စိတ်ကြည်လင်မှ တရားအာရုံပြု၍ကောင်းကောင်းသည်။)

၉။ ထို့နောက် မိမိတကိုယ်တည်း ဖြစ်လျှင် တစ်ကိုယ်တည်းနေ၍ အဖော်နှင့် ဖြစ်က သဘောတူ အဖော်နှင့်တကွ သင့်တော်သော ဆိတ်ငြိမ်ရာဌာနတွင် ဗြဟ္မဥပုသ်ကိုစောင့်လိုလျှင် ဘုရားဂုဏ်တော်နှင့်တကွ ဘာဝနာတစ်ခုခုအား အာရုံ ပြု၍ နေရာ၏။

၁၀။ ကမ္မဋ္ဌာန်းအာရုံတစ်ခုခုအား ကြာရှည်စွာ ဆင်ခြင်၍မရနိုင်လျှင် တရားစာကိုလည်း ကြည့်ရှူ့ ရွတ်ဖတ် သရစ္ဇယ်နေနိုင်ရာ၏။ (ထိုင်၍ချည်း နေရမည်မဆိုလို၊ လှဲကာ၊ စင်္ကြသွားကာ အမျိုးမျိုး မျှတအောင် နေစေလို၏)

၁၁။ နည်းလမ်းကျကျ ဟောပြောမည့် ဓမ္မစရိယရှိလျှင် တရားနာရာ၏။

၁၂။ အချင်းချင်းလည်း တရားစကား ဆွေးနွေး မေးမြန်း စုံစမ်းရာ၏။

၁၃။ ညဥ့်အချိန်သို့ ရောက်သောအခါ မိမိ၏ သီလကို ပြန်၍ဆင်ခြင်ပြီးလျှင် အရိယသူတော်ကောင်း ရဟန္တာအပေါင်းနှင့် ယနေ့အတွက် မိမိတူမျှပုံကို အောက်မေ့ရာ၏။
(ဆင်ခြင်အောက်မေ့ပုံမှာ ရဟန္တာအရှင်မြတ်သည် သူ့အသက်ကိုသက်ခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ လောကီအာရုံကာမဂုဏ်တို့မှ ရှောင်ကြဉ်၍ ညဉ့်စာစားမူ့ ပန်းနံ့သာ စသည်လိမ်ကျံမူ့များကို မပြုသကဲ့သို့ ငါသည်လည်း ယနေ့အဖို့၌ ထိုအမူ့အမျိုးမျိုးကို ရှောင်ကြဉ်သဖြင့် ရဟန္တာအရှင်မြတ်များနှင့် တူပေသည်တကား ဟု ဆင်ခြင်ကာ ယခုလို အသက်ထက်ဆုံး စောင့်စည်းနေပါလျှင် မကြာခင် ဒုက္ခခပ်သိမ်း ငြိမ်းပေလိမ့်မည်ဟု ဆင်ခြင်ရာ၏)

၁၄။ နံနက် အာရုဏ်တက်၌ မိမိရည်မှန်းထားသော အချိန်စေ့သောအခါ အလိုအလျောက် ရှစ်ပါးသီလ မရှိတော့ပဲ ငါးပါးသီလသာ ကျန်ရစ်တော့သည်။
(ယခုကာလ အချို့အရပ်မှာလို ငါးပါးသီလယူကာ ဥပုသ်ချနေစရာမလိုပါ။)

ဥပုသ်ကာလ အပိုင်းအခြား...။


ဥပုသ်သည် ကာလပိုင်း၍ စောင့်အပ်သော ဥပုသ် နှင့် အသက်ထက်ဆုံး စောင့်အပ်သော ဥပုသ် ဟူ၍ နှစ်မျိုးရှိသည်။ ကာလခြား၍ စောင့်အပ်သော ဥပုသ်မှာ ၂-ရက်၊ ၃-ရက် စသည်ဖြင့်ဖြစ်စေ တနေ့တညဉ့်လုံးဖြစ်စေ နေ့ဝက်ညဥ့်ဝက်ဖြစ်စေ၊ တစ်ခဏမျှ (တရားနာခိုက်)ဖြစ်စေ စောင့်ကောင်းပါသည်။ တစ်သက်လုံး မစောင့်နိုင်သဖြင့် လ၊ ရက်၊ ချိန်၊ ပိုင်းခြား၍လည်း စောင့်ကောင်းပါသည်။


ဥပုသ်အမျိုးမျိုး။ ။

ဥပုသ်သည် အချုပ်အားဖြင့် အရိယ(မြတ်သော)ဥပုသ်နှင့် ဂေါပါလ (နွားကျောင်းသာ)ဥပုသ် ဟူ၍ နှစ်မျိုးရှိသည်။ အရိယာဥပုသ်တွင်လည်း ဗြဟ္မဥပုသ်၊ ဓမ္မဥပုသ် စသည်ဖြင့် အမျိုးမျိုးရှိသည်။

ဗြဟ္မဥပုသ်။ ။

ဘုရားရှင်သည် ဗြဟ္မ မည်တော်မူ၏၊ ရှစ်ပါးသီလ ယူပြီးလျှင် ထိုဗြဟ္မမည်သော ဘုရားရှင်ကို အာရုံ ပြုနေခြင်းကို ဗြဟ္မဥပုသ် ဟုခေါ်ဆိုသည်။ အလွတ်အာရုံ မပြုတတ်လျှင် ဘုရားဂုဏ်တော်ဖွင့်ကို ရွတ်ဖတ်ကြည့်ရှူ့နေရာ၏။

ဓမ္မဥပုသ်။ ။

ဥပုသ်သီလကို ခံယူပြီးလျှင် တရားတော်၏ ဂုဏ်တော် တစ်ပါးပါးကို အာရုံ ပြု၍လည်ကောင်း၊ တရားဂုဏ်တော်အဖွင့်ကို ကြည့်ရှူ့ ရွတ်ဖတ်၍လည်ကောင်း နေခြင်းကို ဓမ္မဥပုသ် ဟု ခေါ်သည်။

သံဃာဥပုသ်။ ။

ဥပုသ်သီလကို ခံယူပြီးလျှင် သံဃာဂုဏ်တော် တစ်ပါးပါးကို အာရုံပြု၍လည်ကောင်း၊ သံဃာဂုဏ်တော်အဖွင့်ကို ကြည့်၍ ရွတ်ဖတ်၍လည်ကောင်း နေခြင်းကို သံဃာဥပုသ် ဟု ခေါ်သည်။

သီလဥပုသ်။ ။

သီလယူပြီးလျှင် မိမိသီလ၏ မကျိုးမပေါက် မပြောက်မကြားပုံကို အာရုံပြု၍ ၀မ်းမြောက်စွာ နေထိုင်ခြင်းကို သီလဥပုသ် ဟု ခေါ်သည်။

မကျိုး = ရှစ်ပါးသော သိက္ခာပုဒ်တို့တွင် အစသိက္ခာပုဒ်သော လည်းကောင်း အဆုံးသိက္ခာပုဒ်သော လည်ကောင်း ပျက်စီးလျှင် ဥပုသ်ကျိုးသည် မည်၏ ထိုသို့မပျက်စီးလျှင် ဥပုသ် မကျိုးမပျက်သည် မည်၏။
( အင်္ဂါရှစ်ပါး၊ စွန်းအဖျားက၊ တစ်ပါးပါးကျိုး ဥပုသ်မျိုး၊ အကျိုးအပျက်ခေါ်။ )
မပေါက် = အ၀တ်၌ အလယ်က ပေါက်သကဲ့သို့ သိက္ခာပုဒ်တို့တွင် အလယ်က တစ်ပါးပါးပျက်လျှင် ပေါက်သည်ဟု ခေါ်သည် ထိုသို့ မပျက်လျှင် မပေါက် မည်၏။
(အင်္ဂါ ရှစ်ပါး၊ အလယ်ကြားက၊ တစ်ပါးပါးပျက် ဥပုသ်တွက် ပေါက်၊ပျက် သည်ဟု ခေါ်သည်။)
မပြောက် = ရှစ်ပါးသော သိက္ခာပုဒ်တွင် အလယ်၌ တစ်ပါးတည်းလည်းမက အစဉ်အတိုင်း တစ်ဆက်တည်းလဲ မဟုတ် အဒိန္နာဒါနနှင့် မုသာဝါဒသော်လည်ကောင်း အဗြဟ္မစရိယနှင့် သုရာမေရယ သော်လည်းကောင်း ဤသို့ ပြေက်ကျား ပြောက်ကျား ပျက်သည်ကို ပြောက်သည် ဟု ခေါ်သည်။

(အင်္ဂါရှစ်ပါး တစ်မျိုးအားဖြင့် ကျိုးကျား ပြိုးပြောက်သည်ကို ပြောက်သည် ဟု ခေါ်သည်။)
မကျား = ရှစ်ပါးသော သိက္ခာပုဒ်တွင် ပါဏာတိပါတနှင့် အဒိန္နာဒါန ဆက်၍လည်းကောင်း၊ အဗြဟ္မစရိယနှင့် မုသာဝါဒ ဆက်၍လည်းကောင်း ဤသို့ နှစ်ပါးသုံးပါး ဆက်၍ပျက်သည်ကို နွားကြောင်နွားကျားကဲု့သို့ အကျားထပ်သော ဥပုသ် ဟု ခေါ်သည်။
(နွားကြောင် နွားကျား၊ ပုံအလားသို့၊ နှစ်ပါးသုံးပါး အများဆက်လျက်၊ တရားပျက် ကျား-ကွက် သည်ဟု ခေါ်သည်။)
ဤသို့သောအားဖြင့် မိမိဥပုသ်၏ မကျိုးမပေါက် မပြောက်မကျား ပုံကို အာရုံပြု၍ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေခြင်းကိုပင် သီလဥပုသ် ဟု ခေါ်သည်။
မှတ်ချက်။ ။ ယခုကာလ သီလဆောက်တည်တုန်းက တပါးစီခွဲ၍ ဆောက်တည်သောကြောင့် ရှစ်ပါးသီလတွင် တစ်ပါးပါး ပျက်သောလည်း ကျန်သီလအတွက် အကျိုးရှိသေး၏ တစ်ပါးပျက်ရုံဖြင့် အားလုံးပျက်သွားသည်ဟု မမှတ်နှင့်။

နတ်ဥပုသ်။ ။

သီလယူပြီးလျှင် နတ်တို့ကို ပမာတင်၍ မိမိသန္တာန်၌ ရှိသော သဒ္ဒါ သီလ စသော သူတောင်ကောင်းတရားများကို အောက်မေ့ ဆင်ခြင်လျက် ကြည်လင် ၀မ်းမြောက်နေခြင်းကို နတ်ဥပုသ် ဟု ခေါ်သည်။
ဆင်ခြင်ပုံ = နတ်ပြည် ဗြဟ္မာပြည်တို့၌ရှိသော နတ်ဗြဟ္မာတို့သည် လူ့ပြည်တုန်းက သဒ္ဒါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရိသြတ္တပ္ပဟူသော သူတော်ကောင်းတရားတို့နှင့် ပြည့်စုံကြသောကြောင့် ဘ၀အသစ် ကူးသောအခါ နတ်ပြည် ဗြဟ္မာပြည်၌ ချမ်းသာစွာ ဖြစ်ကြရသည်။ ထိုသူတော်ကောင်း ဥစ္စာများသည် ငါ့မှာလည်းရှိ၏ ဗုဒ္ဓမြတ်စွာ၏ တရားတော်နှင့်ညီစွာ မိဘ၊ ဆရာ တို့၏ အဆုံးအမကြောင့် ဤသို့ သူတော်ကောင်း ဖြစ်ရခြင်းသည် နောင်ရေး နောင်တာ သံသရာအတွက် စိတ်ချဘွယ်ရာ လွန်စွာ လူဖြစ်ကျိုးနပ်ပါပေစွ တကား ဟု ကိုယ့်ဂုဏ်တွေကို အာရုံပြုကာ ၀မ်းမြောက်စွာ ဆင်ခြင်ရာ၏။ ဤ ဗြဟ္မဥပုသ် စသည်တို့ကို ပုဗ္ဗာရုံတိုက်အမ ၀ိဿာခါအား မြတ်စွာဘုရားဟောတော်မူသည်။ တိတ္ထိ တက္ကဒွန်းတို့ စောင့်ကြသော နိဂဏ္ဍဥပုသ် တစ်မျိုးလဲရှိသေးသည် အများနှင့်မဆိုင်၍ မတင်ပြတော့ပါ၊ ဗုဒ္ဓဘာသာဝင်တို့ စောင့်အပ်သောဥပုသ်ကား အရိယဥပုသ် ဖြစ်လျှင်ဖြစ် မဖြစ်လျှင် ဂေါပါလဥပုသ်သာ ဖြစ်စရာရှိသည်။
(တိကအဂုင်္တ္ထိုရ်)

နွားကျောင်းသား ဥပုသ်။ ။

ဖော်ပြပါကဲ့သို့ ကျနစွာမစောင့်နိုင်ပဲ ယနေ့မည်သည့်နေရာ၌ နွားများ ရေသောက်ကြ၏ နက်ဖန် မည်သည့်နေရာ၌ မြက်စား၍ မည်သည့်နေရာ၌ ရေသောက်လိမ့်မည် ဟု နွားကျောင်းသား၏ ကြံစည်ခြင်းကဲ့သို့ ယနေ့ မည်သည့် စားဖွယ်ကိုစား၍ နက်ဖန် မည်သည့်စားဖွယ်ကို စားသောက်မည်ဟု အစားအသောက်နှင့် လောကီရေးရာကိုသာ ကြံစည်နေသာ ဥပုသ်သည် ဂေါပါလဥပုသ်(နွားကျောင်းသား ဥပုသ်) မည်သည်။ ဤနွားကျောင်းသား ဥပုသ်ကို လုံးလုံးအကျိုးမရှိဟု မဆိုရသော်လည်း အကျိုးမများလှဟု ဟောတော်မူသည်။ ထို့ကြောင့် နွားကျောင်းသားဥပုသ် မဖြစ်စေပဲ အရိယဥပုသ်မျိုးဖြစ်အောင် ကြိုးစားလျက် စောင့်သုံးမှသာ လောကအကျိုး သံသရာအကျိုး နှစ်ပါး တိုးဖွယ်ရှိသည်။ ယခုအခါ၌ကား ဥပုသ်စောင့်ရင်း စားကြသောက်ကြ ပျှော်ရွှင်ကြသဖြင့် စဉ်းစားတတ်သူတို့မှာ စိတ်ပျက်စရာ ကောင်းလှသည့် အပြင် ဘာသာခြားတို့ကမူ များစွာသော မြန်မာတို့ ဥပုသ်စောင့်ပုံကို ကြည့်ကာ ဆင်ခြင်စဉ်းစားညဏ်မရှိသော လူမျိုး ဟု အထင်သေးကြပေလိမ့်မည် ထို့ကြောင့် အမျိုးဘာသာ သာသနာ အဆင့်အတန်းမြင့်ဖို့ အရေးကိုတွေးကာ စည်ကမ်းကျကျ ဥပုသ်စောင့်ဖို့ လိုအပ်ပါသည်။

Leave a Reply