HAZY LIFE
 “သူတော်ကောင်းတို့သည် လည်းကောင်း ၊
သူယုတ်မာတို့သည် လည်းကောင်း
ဂုဏ်အားဖြင့် ကွဲပြားခြားနားလျက် ရှိကြသော်လည်း
မဝေခွဲတက် ၊ အကဲမဖြတ်တက်သူတို့ အထံ၌ကား
ကွဲပြားခြင်းသို့ မရောက်နိုင်ပါပေ ။
ထိုသို့ မခွဲတက်ဘိ ၊ မသိမလိမ္မာသောကြောင့်
ထိုသူတို့မှာ သပ္ပုရိသသူပနိဿယ စသေ အကျိုးတရားမှ ကင်းကွာခဲ့ရ၏ ”
(ကျေးဇူးရှင် သပြေကန် ဆရာတော်ကြီး )
                          ဓမ္မစာပေများကို အမြတ်တနိုးဖက်ရှုလေ့လာခြင်း မပြုကြသူများ၌ ထေရ၀ါဒ ကိုယ်ခံအားနည်းတက်ကြပေသည် ။ ယင်းသို့ ထေရ၀ါဒ ကိုယ်ခံအားမတောင့်တင်းသောအခါ ဓမ္မစစ်နှင့် ဓမ္မတု ၊ လဇ္ဇီ နှင့် အလဇ္ဇီ ၊ ပဏ္ဍိတ နှင့် ဗာလ ကို မှန်ကန်ပြတ်သားစွာ ခွဲခြားနိုင်စွမ်း မှာလည်း အင်မတန်အားနည်းပေလိမ့်မည် ။ ထိုသူတို့၏ အဘိညာဉ်တွင် ထေရ၀ါဒမှတ်ကျောက် မရှိသောအခါ အစစ် နှင့်အတုကို ခွဲခြားနိုင်စွမ်းရည် ကင်းမဲ့ရ၏ ။ သူများပြောတိုင်းယုံ ၊ ကြုံတိုင်းလိုက် ၊ ခိုင်းတိုင်းလုပ်တက်ကြ၏ ။ ထိုသို့ ခွဲခြားနိုင်သော စွမ်းရည် ကင်းမဲ့ကြသော အခါ အတုနှင့် အစစ် ၊ လဇ္ဇီ နှင့် အလဇ္ဇီ မခွဲခြားနိုင်သော အခါ အဘယ်သို့သော ပုဂ္ဂိုလ်သည် ရဟန်းတု ၊ အဘယ်သို့သော ပုဂ္ဂိုလ်သည် ရဟန်းစစ် ဟူ၍ ခွဲခြားနိုင်စွမ်းလည်း အားနည်းကြပေသည် ။ ထိုအခါ သံဃာတော်အရှင်သူမြတ်တို့အား ၀ါးလုံးရှည်ဖြင့် သိမ်း၍ ရမ်းကြကုန်တော့သည် ။
                           သို့ဖြစ်ပါ၍ အဘယ်အမှုသည်အလဇ္ဇီဓမ္မ ၊ အဘယ်ပုဂ္ဂိုလ်သည် အလဇ္ဇီ ၊ အလဇ္ဇီ အပေါ် မည်သို့ သဘောထားသင့်သည် စသည်အချက်လေးများကို ကျနော်လေ့လာ မှတ်သားဖူးသလောက် တင်ပြချင်ပါတယ် ။
                             ပထမဆုံးအနေနဲ့ မင်းတုန်းမင်းတရားကြီး လက်ထက် သာသနာတော်နှင့် စပ်၍ ထုတ်ပြန်တော်မူအပ်သော ဓမ္မ၀ိနယ အမိန့်တော်ပြန်တမ်းမှ အလဇ္ဇီဓမ္မအချို့ကို ကောက်နုတ်တင်ပြ ချင်ပါတယ် ။
                                                           ဗေဒင်ဟောခြင်း ၊ ဆေးကုခြင်း
                                                                       တိရစ္ဆာန၀ိဇ္ဇာ
                      ဆင်စီး မြင်းစီး ရထားစီး အတက်စသော မဂ်ဖိုလ်တို့မှ ဖီလာဖြစ်သော ၊ တိရစ္ဆာန၀ိဇ္ဇာအတက်အမျိုး၌ အကျုံးဝင်သော ၊ ပြဒါးကို သောအောင် ပြုခြင်း ၊ ပြဒါးကို ပြာချခြင်း ၊ ပြဒါးကို ခဲစေခြင်း စသည်တို့ကို ဆိုသော တိရစ္ဆာန၀ိဇ္ဇာ ၊ လောကာယတကျမ်းကို ရဟန်းတို့ သင်လည်း မသင်အပ် ၊ သူတစ်ပါးတို့ကိုလည်း မပြောအပ် ၊ ပြုလည်းမပြုအပ် ။ ကြေးငွေမပါ သစ်မြစ် ၊ သစ်ရွက်စသော အရာတို့ဖြင့် ပြဒါးသေခြင်း ၊ ပြဒါးပြချခြင်း ၊ ပြဒါးခဲခြင်း စသော အတက်တို့ကို လေ့လည်းမလေ့ကျင့်အပ် ၊ သူတစ်ပါးတို့ကိုလည်း မပြအပ် ၊ လုပ်လည်းမလုပ်အပ် ။ လေ့ကျက်ပြသ ပြုလုပ်သော ရဟန်းတို့သည် ခွန်းတိုင်း ခွန်းတိုင်း ပယောဂတိုင်း ပယောဂတိုင်း ဒုက္ကဋ်အာပတ်သင့်ခြင်းဟူသော အလဇ္ဇီဓမ္မ ။
                                                                     အဂ္ဂိရတ်
                          ငွေနှင့်ကြေး ၊ ခဲကိုစပ်၍ စပ်တုတဂ္ဂိရတ် ပြုလုပ်သူတို့သည် လုပ်ဆောင်ရန် ငွေကို ခံကတည်းပင် နိဿဂ္ဂိယပါစိတ်အာပတ် သင့်သည် ။ ခဲ ၊ ကြေးနီတို့ကို ငွေနှင့်စပ်၍ သုံးသောအခါ ခိုးခြင်း နှစ်ဆယ့်ငါးပါးတွင် ဝေယျာဝဟာရ၌ အကျုံးဝင်သောကြောင့် ကဋကဟက ပဏာဝဟာရဖြင့် ဆုံးဖြတ်အပ်သည် ။ ကြေးနီငါးကျပ်သားကို ငွေမွေးထင်စေ၍ သုံးဆောင်လျှင် ပါရာဇိကဖြင့် ဆုံးဖြတ်အပ်သည်ဟု ကျမ်းဂန်လာသည်ကို ပြုကျင့်ကျူးလွန်ခြင်း ဟူသော အလဇ္ဇီဓမ္မ ။
                                                            အင်းအိုင် ၊ ခါးလှည့် ၊ လက်ဖွဲ့
                             ထိုးကွင်း ၊ လက်ဖွဲ့ ၊ ခါးလှည့် ၊ အင်းအိုင် ၊ ဓားပြီး ၊ လှံပြီးစသော အတက်မျိုးတို့သည် မဂ်ဖိုလ်မှ ဖီလာသော  တိရစ္ဆာန၀ိဇ္ဇာ လောကာယတ ကျမ်းတို့၌ အကျုံးဝင်သောကြောင့် ရဟန်းတို့ မပြုမကျင့်အပ်သည်ကို ပြုကျင့် ကျူးလွန်ခြင်းဟူသော အလဇ္ဇီဓမ္မ ။
                            ထိုအလဇ္ဇီအတက်ကို မှီ၍ရသော ပစ္စည်းတို့ကိုလည်း ရဟန်းတို့ မသုံးဆောင်ထိုက်ဘဲ သုံးဆောင်ခြင်း ဟူသော  အလဇ္ဇီဓမ္မ ။
                                                           ပရိက္ခရာကို ရောင်းချခြင်း
                           ရဟန်းတို့ ၊ ပရိက္ခရာကို ရောင်းချ၍ရသော ရွှေ ၊ ငွေ စသော နိဿဂ္ဂိယ၀တ္ထုတို့ကို ကိုင်ခြင်း ၊ ခံခြင်းဟူသော  အလဇ္ဇီဓမ္မ ။
                                                            ပန်းပေးခြင်း ၊ သစ်သီးပေးခြင်း
                         ပန်းပေးခြင်း ၊ သစ်သီးပေးခြင်း ၊ ကသယ်မှုန့်ပေးခြင်း ၊ မြေညက်ပေးခြင်း ၊ ညန်ပူပေးခြင်း ၊ ၀ါးပေးခြင်း ၊ ဆေးပေးခြင်း ၊ သလုံးမြင်းခေါင်းဖြင့် ဒါယကာတို့၏ အစေအပါးကို ခံခြင်း ၊ ဤရှစ်ပါးသော ကုလဒုသက အမှုတို့ကို ပြုခြင်းဟူသော အလဇ္ဇီဓမ္မ ။
                                                                အံ့ဖွယ်သူရဲကိုဖြစ်စေခြင်း
                           အသက်မွေးခြင်းဟူသော အကြောင်းကြောင့် ပညတ်တော်မူအပ်သော ခြောက်ပါးသော သိက္ခာပုဒ်တော်ကို ကျူးလွန်ခြင်း ၊ အံ့ဖွယ်သူရဲကို ဖြစ်စေ၍ လာဘ်ကိုရှာမှီးခြင်း ၊ ရအပ်ပြီးသော အနည်းငယ်သော လာဘ်ကို ပေးသဖြင့် မရသေးသော များစွာသော လာဘ်တို့ကို တောင့်တရှာမှီးခြင်း စသော ယုတ်မာသော သဘော၏ အစွမ်းဖြင့်ဖြစ်သော မိစ္ဆာဇီဝဟူသော အလဇ္ဇီဓမ္မ ။
                        ဒီလောက်ဆိုရင်ဖြင့် အလဇ္ဇီဓမ္မ ကို အတော်အတန်သိနိုင်လောက်ပါတယ် ။ ယခု အလဇ္ဇီပုဂ္ဂိုလ်အပေါ် ဒကာ ၊ ဒကာများအနေဖြင့် မည်သို့သဘောထားသင့်ကြောင်း ၊ ပြုမူသင့်ကြောင်းကို  ဆရာတော်ကြီးများ နှင့် အခြားသောပုဂ္ဂိုလ်များရဲ့ သဘောထားနဲ့ သက်မှတ်ချက်များကို ကောက်နုတ်တင်ပြပါမယ် ။
                                               ချီးမြှောက်ရာ မရောက် ဖျက်စီးရာသာရောက်သည်                      
                  “ အချို့ ဗုဒ္ဓဘာသာဝင် ဒကာ ၊ ဒကာမများလည်း ဘာသာ သာသနာရေးဆိုင်ရာ ဗဟုသုတ အသိဥာဏ် မရှိ၍ သာသနာဖျက်လိုသော စေတနာမပါဘဲ တစ်နည်းတစ်ဖုံအားဖြင့် သာသနာအဖျက်ထဲပါဝင်နေကြပုံကို အမျိုးမျိုး အစားစား ထုတ်ပြစရာ ဥပမာများပင် အထင်အရှားရှိသည် ။
                      ဗုဒ္ဓဘာသာဝင် အပေါင်းတို့သည် ဘာသာ သာသနာရေးဆိုင်ရာ ဗဟုသုတ အသိဥာဏ်ရှိမှ ရတနာသုံးပါးကို အကျိုးရအောင် ကိုးကွယ် ဆည်းကပ်ကြည်ညို လှူဒါန်းတက်သည် ။ သာသနာကိုလည်း ကြီးမြောက်အောင် ချီးမြှောက်တက်သည် ။ ယခုအခါ အချို့မှာ သာသနာရေးဆိုင်ရာ အသိဥာဏ် မရှိ၍ ရတနာသုံးပါး စသည်တို့ကို မကိုးကွယ်တက် ၊ မဆည်းကပ်တက် ၊ မလှူဒါန်းတက် ၊ မကြည်ညိုတက်သည့်အတွက် ကိုးကွယ်ဆည်းကပ် လှူဒါန်းကြည်ညိုအမှုကို ပြုပါသော်လည်း အကျိုးမရမူ၍ အပြစ်သာရပြီး နေကြသည် ။ သာသနာတော်ကို ချီးမြှောက်ပါသော်လည်း ချီးမြှောက်ရာမရောက်ဘဲ ဖျက်ဆီးရာသာ ကျနေသည်။”         (မြောင်မြို့ ၊ ဆင်ရှင်ဆရာတော်ကြီး ၏ သြ၀ါဒကထာမှ)
                                                         သာသနာတော်ကို ဒဏ်ထားသောအမှု
                          စာပေတက်မြောက်ခြင်းသည် ပမာဏမဟုတ် ။ ဒကာများသည်သာ ပမာဏဟု အမှတ်ပြုလျက် ဒါယကာတို့နှင့် မိတ်ဆွေခင်ပွန်းအလျောက် မလျောက်ပတ်သော သံဃာကိုသာ အကြည်တညို ရိုသေခြင်း စသည်များသည် သာသနာတော်ကို ဒဏ်ထားသော အမှုချည်းဖြစ်၍ အပြစ်ကြီးလှသည် ။ (တတိယနံမော် ဆရာတော်ကြီး၏ သီလ၀ိသောဓနကျမ်းမှ)
                                                             အလဇ္ဇီလှူ သာသနာဖျက်
                       ဤသို့စသော အလဇ္ဇီအစဖြစ်ကို ပြုတက်သော သိက္ခာပုဒ်တော်ကို လေးစားမမှု ၊ သဗ္ဗညုမြတ်စွာဘုရား၏ ရွှေမျက်နှာတော်ကို မထောက်မညှာ ၊ တစ်သက်လျာမျှလောက်သော လာဘ်ပူဇော်သက္ကာရကို ငဲ့၍ ရဟန်းကောင်းတို့၏ အသွင်အပြင် ၊ အ၀တ်အဆင်ကား အရဟတ္တဓဇဖြစ်သော မြတ်သော အ၀တ် ၊ အကျင့်ကား မြတ်စွာဘုရား သာသနာတော်၏ ဆူးငြောင့်ခလုတ် ယုတ်မာလှသော အကျင့်ဖြစ်၍ သာသနာတော်ကို ဖျက်ဆီးတက်သော အလဇ္ဇီပုဂ္ဂိုလ်တို့ကို အားပေးအားမြှောက် ပူဇော်လှူဒါန်းသူတို့လည်း အလဇ္ဇီနှင့်ပေါင်းဖက်၍ သာသနာတော်ကို ဖျက်ဆီးသည် မည်လေသောကြောင် . . . (ဓမ္မ၀ိနယ အမိန့်တော် ပြန်တမ်းမှ)
                                                          အထောင်အသောင်းပင်ရှိသော်လည်း
                             လဇ္ဇီ ၁၀၀ ကို အလဇ္ဇီတစ်ယောက်တည်းက တစ်ခဏချင်း အလဇ္ဇီဖြစ်အောင် စွမ်းဆောင်နိုင်ရာသည် ဟူသောကြောင့် လည်းကောင်း ၊ လဇ္ဇီပုဂ္ဂိုလ် သာသနာကို စောင့်လတ္တံ့ဟူသောကြောင့် လည်းကောင်း ၊ လဇ္ဇီပုဂ္ဂိုလ် ယုတ်စွအဆုံး ငါးယောက်မျှပင် ရှိသော်လည်း သာသနာတော် တည်ထွန်သည်ဟု ဆိုသောကြောင့် ပညတ်တော်အတိုင်းတည်အောင် ပညတ်တော်ကို မလိုမပိုရအောင် ကျင့်ဆောင်ရမည် ။ (တတိယနံမော် ဆရာတော်ကြီး ၏ သီလ၀ိသေဓနကျမ်းမှ)
                                                                    စိစစ်၍ ကိုးကွယ်ပူဇော်
                             အဆိုပါ ဆဋ္ဌသင်္ဂါယနာ ဓမ္မ၀ိနယ အမိန့်တော်ပြန်တမ်းနှင့် ဆန့်ကျင်သည့် အလဇ္ဇီဒုဿသီလပါပ ပုဂ္ဂိုလ်တို့မှာ သာသနာတော်၏ ဆူးငြောင့်အညစ်အကြေးသဖွယ် ဖြစ်သည်ဟူ၍ လည်းကောင်း ၊ ဤနိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ ယုံကြည်ပါသောကြောင့် အနာဂတ် သာသနာတော် တည်မြဲရေး ၊ တိုးတက်ကြီးပွားရေး ၊ သန့်ရှင်စင်ကြယ်ရေးတို့ကို ရှေးရှုကာ ၀ိစေယျဒါနံဒါတဗ္ဗံဟူသော ပါဠိတော်နှင့်အညီ အဆိုပါ ဆဋ္ဌသင်္ဂါယနာ ဓမ္မ၀ိနယ အမိန့်တော်ပြန်တမ်းနှင့် ညီညွတ်စွာ လိုက်နာတော်သည့် ရဟန်းတော် အရှင်သူမြတ်တို့အား စိစစ်၍ ကိုးကွယ်ပူဇော်ကြရန် နိုင်ငံတော် ဗုဒ္ဓသာသနာ အဖွဲ့ကြီး၏ ဗုဒ္ဓဘာသာဝင် အပေါင်းတို့အား လေးနက်စွာ တိုက်တွန်းပါကြောင်း ။ ( ၃၁-၅-၅၆ နေ့ ၊ နိုင်ငံတော် ဗုဒ္ဓသာသနအဖွဲ အမှုဆောင်အစည်းအဝေးမှ ဆုံးဖြတ်ချက် )
                                                              ပြောင်မြောက်သောအဆို
                         သူတော်မဟုတ် ယုတ်သောအကျင့် ရှိသော အလဇ္ဇီပုဂ္ဂိုလ်တို့ကား သဒ္ဓါဒုဗ္ဗလ ပညာနည်းလှသော သူတို့ကိုသာ ရှာ၍ ပေါင်းကြသည် ။ သဒ္ဓါဒုဗ္ဗလ ပညာနည်းလှသော သူတို့ကလည်း အလဇ္ဇီပုဂ္ဂိုလ်တို့ကိုသာ ချီးမြှောက်ထောက်ပံခြင်းကို ပြုကြကုန်သည် ။
                        ခွေးတိရစ္ဆာန်သည် သာသနာတော်မြတ်ကို မဖျက်ဆီးနိုင် ။ ထိုသို့မဖျက်ဆီးနိုင် ခွေးသည် အ၀ီစိသို့ မကျရ ။ လူသည် သာသနာတော်မြတ်ကို ဖျက်ဆီးနိုင်သည် ။ ထိုသို့ ဖျက်ဆီးနိုင်လူသည် အ၀ီစိသို့ ကျရသည် ။ မောင်မင်းတို့သည် သာသနာတော်မြတ်ကို ဖျက်ဆီးကုန်သော အလဇ္ဇီပုဂ္ဂိုလ်တို့အား ချီးမြှောက်ထောက်ပံ့ခြင်းကို မပြုကြကုန်လင့် ။ အ၀ီစိငရဲကြီးသို့ ကျဆင်းကြရမည်ကို ကြောက်ကြကုန် ။ (မင်းတုန်းမင်းတရားကြီး)  
ဤမျှလောက်ဆိုလျှင်
ဆေးကုသောဘုန်းကြီး
ဗေဒင်ဟောသောဘုန်းကြီး
အင်းဘုန်းကြီး
လက်ဖွဲ့ပေးသောဘုန်းကြီး
ချဲဂဏန်းပေးသောဘုန်းကြီး
နှစ်လုံးဂဏန်းပေးသောဘုန်းကြီး
ယတြာဘုန်းကြီး
မန္တာန်ဘုန်းကြီး
အဂ္ဂိရတ်ထိုးသောဘုန်းကြီး  . . . စသည် . . . စသည့် ဘုန်းကြီးများအပေါ် မည်သို့သဘောထားရမည် ၊ မည်သို့ပြုမူဆက်ဆံရမည်ကို စာရှုသူများ သိမြင်ဆင်ခြင်နိုင်ကြလိမ့်မည်ဟု ယူဆရပါသည် ။
                                ဗုဒ္ဓမြတ်စွာ သာသနာတော်ကို တိုးတက်ကြီးပွားအောင် ပြုစုချီးမြှောက်ခြင်းသည်
၁။ တိုက်ရိုက်ချီးမြှောက်ခြင်း
၂။ သွယ်ဝိုက်၍ချီးမြှောက်ခြင်း
၃။ စေတနာဖြင့် ချီးမြှောက်ခြင်း
၎။ စေတနာမပါဘဲ ချီးမြှောက်ခြင်း ဟူ၍ လေးမျိုး ရှိပါသည် ။
                               ဗုဒ္ဓမြတ်စွာ သာသနာတော်ကို ဆုတ်ယုတ်ပျက်စီးအောင် ဖျက်ဆီးချင်းသည်လည်း
၁။ တိုက်ရိုက်ဖျက်ဆီးခြင်း
၂။ သွယ်ဝိုက်၍ ဖျက်ဆီးခြင်း
၃။ စေတနာဖြင့် ဖျက်ဆီးခြင်း
၎။ စေတနာမပါဘဲ ဖျက်ဆီးခြင်း ဟူ၍ အကျဉ်းသဘောအားဖြင့်  လေးမျိုး ရှိပါသည် ။
                        သို့ပါသောကြောင့် ကျနော်တို့သာသနာတော်မြတ်ကို စေတနာမပါဘဲ ဖျက်ဆီးသော ပုဂ္ဂိုလ် ၊ သွယ်ဝိုက်၍ဖျက်ဆီးသော ပုဂ္ဂိုလ် စသည့်စာရင်းတွင် မပါဝင်မိစေရန်အတွက် စေတနာဖြင့် ဤစာကို ရေးပါသည် ။   ဒီနေရာမှာ ရည်ရွယ်ချက်ကလေးက လဇ္ဇီ နဲ့ အလဇ္ဇီ ကို ကွဲကွဲပြားပြား သိစေချင်တာရယ်  အလဇ္ဇီ ပုဂ္ဂိုလ်တွေကို ထောက်ပံ့ချီးမြှောက်တာ ၊ လှူဒါန်းခြင်းတွေဟာ ဘယ်လို အကျိုး ၊ အပြစ်တွေရှိတယ်ဆိုတာ သိစေချင်တာရယ်ပါ ။
                           အဓိက ရည်ရွယ်ချက်ကတော့ လဇ္ဇီ နဲ့ အလဇ္ဇီ ကို ကွဲကွဲပြားပြားသိစေချင်တာပါ ။ အဲလို ကွဲကွဲပြားပြားမသိတော့ / တစ်ချို့လည်း သိသိနဲ့  သံဃာတော်အရှင်သူမြတ်များကို ၀ါးလုံးရှည်နဲ့ သိမ်းပြီးရမ်းကြပါတယ် ။ ကျနော့်အနေနဲ့ ကတော့ အဲလို သံဃာတော်အရှင် သူမြတ်များကို ၀ါးလုံးရှည်နဲ့ သိမ်ြး့ပီးရမ်းတာကို အသည်းထဲက နာမိပါတယ်။ သိပ်ပြီး သီးမခံချင်ဘူး ဖြစ်မိပါတယ် ။ ထို့ကြောင့် ထိုဝါးလုံးရှည်တွေကို စွဲဖယ်ချင်တဲ့ ရည်ရွယ်ချက်လည်း ပါ,ပါတယ် လို့ ၀န်ခံပါတယ် ။
                           ယခုအခါတွင် ဗုဒ္ဓမြတ်စွာ သာသနာတော်ကို တိုက်ရိုက်တစ်မျိုး ၊ သွယ်ဝိုက်၍တစ်ဖုံ နည်းမျိုးစုံတို့ဖြင့် အမျိုးမျိုးသော ဖျက်ဆီးခြင်းများ ရှိကြပါသည် ။ တိုက်ရိုက်ဖျက်ဆီးသော ရန်သူကို သာမန်အားဖြင့် သိ မြင်နိုင်သော်လည်း နည်းပရိယာယ်ဖြင့် သွယ်ဝိုက်၍ဖျက်ဆီးသော ရန်သူကို အထူးသတိထား၍ မကြည့်က မသိမမြင်နိုင်ပါ ။
                        သို့အတွက် ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး မပျက်မဆီး အရှည်တည်တံ့ကြီးပွားရန် နည်းမျိုးစုံဖြင့် ဖျက်ဆီးသော ပုဂ္ဂိုလ်များ ၊ ၀ါးလုံးကိုင်သော ပုဂ္ဂိုလ်များ၏ ရန်မှ ကာကွယ် စောင့်ရှောက် ချီးမြှောက်ရမည့်တာဝန်မှာ ဗုဒ္ဓဘာသာဝင်တို့၏ တာဝန်ပင်ဖြစ်ပါကြောင်း . . .။
Leave a Reply