HAZY LIFE

ဘ၀ဆိုတာ တိုးတောင်းလွန်းလှပါတယ်... အထူးသဖြင့် စစ်မှန်တဲ့ ဘာသာတရားရဲ့ အရိပ်အောက်မှာ
နေရတဲ့ ဘ၀ဟာ ပိုပြီးတော့တောင် တိုတောင်းလွန်းလှပါတယ်... အဲ့ဒီစကားလေးရဲ့ အဓိပ္ပါယ်ကို ကျွန်တော်ရှင်းပြပါရစေ... စစ်မှန်တဲ့ ဘာသာတရားရဲ့အရိပ်အောက်မှာ နေရတဲ့ဘ၀ဟာ ဘာလို့ ပိုပြီး
တိုတောင်းလွန်းလှတယ်လို့ ပြောရသလဲဆိုရင်...

ကျွန်တော် လက်ရှိနေတဲ့ နေရာလေးဟာ မောင်တောမြို့ လို့ခေါ်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းရဲ့ မြို့လေး တစ်မြို့ပေါ့... ဒီမြို့လေးမှာ အလုပ်လုပ်ဖို့ ရောက်လာတာ ၂ နှစ်တောင်ပြည့်ခဲ့ပြီ... တော်တော်လေးလည်းနေသားကျသွားပါပြီ... ဒီမြို့လေးမှာ မီးလာချိန်ကတော့ ညဘက် ၆း၃၀ ကနေ ၁၀း၃၀ အထိပေါ့... စနေတနင်္ဂနွေဆိုကျွန်တော် တော်တော်လေး နေရခက်တယ်... မီးမရှိရင် လုပ်စရာကိစ္စတွေတော်တော်နည်းသွားပြီလေ... အဲဒါနဲ့ တစ်နေ့ ကျွန်တော် အားအားယားယား အခန်းထဲမှာတစ်ယောက်တည်း စဉ်းစားမိတယ်... ဘာအကြောင်းလဲဆိုတော့ ခပ်မြင့်မြင့်လေး ပြောရရင် လူ့ဘ၀ကြီးရဲ့ အကြောင်းပေါ့... ကျွန်တော်တို့လူ့ဘ၀ကို သက်တမ်းအားဖြင့် (၈၀)နှစ် နဲ့ ကျွန်တော်စပြီး စဉ်းစားလိုက်တာ... သက်တမ်းက (၈၀)ဆိုရင်ကျွန်တော်တို့ လူ့ဘ၀မှာ အိပ်ချိန်ကို ၆ နာရီနဲ့တွက်ရင် တစ်ရက်ရဲ့ ၄ ပုံတစ်ပုံကို အိပ်တာနဲ့ ကျွန်တော်တို့ အချိန်ဖြုန်းလိုက်ပြီ... အဲဒါဆို နှစ်ပေါင်း (၈၀) မှာ ၄ ပုံတစ်ပုံဆို နှစ် (၆၀) ပဲကျန်တယ်... အဲ့ဒီထဲကမှ စားချန်ကို ထပ်နှုတ်မယ်ဗျာ... တစ်နေ့ကို စားချိန် ၂ နာရီ ထားလိုက်မယ်... အဲဒါဆိုရင် (၆)နှစ်ကျော် အချိန်က အစားစားတာနဲ့ ကုန်သွားပြန်ပြီ... ရေချိုးတာကို ကျွန်တော် (၁)နှစ်လို့တွက်လိုက်မယ်ဗျာ... အဲဒါဆို ကျွန်တော်တို့ နှစ် (၅၃)နှစ်ပဲကျန်တော့မယ်... အဲဒီထဲကမှ ဘာသာရေးအကြောင်း စစ်မှန်တဲ့ ဘာသာတရားအကြောင်း ကုသိုလ်ရေး အကုသိုလ်ရေးအကြောင်း အဲဒါတွေကို နားမလည်နိုင်တဲ့ (၅)နှစ်သားလောက်ကို ထပ်နှုတ်လိုက်မယ်...ဒါဆိုရင် (၄၉) နှစ်ပဲကျန်တော့မယ်... ကျောင်းစတက်တဲ့ အချိန်ကို တွက်ကြည့်လိုက်တယ်... သူငယ်တန်းကနေဆယ်တန်းအထိ ဆိုတော့ အားလုံး (၁၁)နှစ်ကျောင်းတက်ခဲ့ရတယ်... ကျွန်တော်တွက်ရင်းနဲ့ တော်တော်ချွေးပြန်လာတယ်... အဲ့ဒီ (၁၁)နှစ်လုံးလုံး ကျွန်တော် ဘာသာရေးနဲ့ပတ်သက်လို့ အယူအဆ အလွဲတွေ နဲ့ပဲ
တောက်လျှောက်နေလာခဲ့တာ... အဲဒါဆို ကျွန်တော့်ရဲ့ တွက်ချက်မှုအရ သက်တမ်း (၃၈)နှစ်ပဲ ကျန်တော့တယ်... ကျွန်တော် ဘုရားတသွားမိတယ်... ဆက်တွက်ရင် ဂိမ်းကစားတာ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတာ သင်တန်းတွေတက် နည်းပညာနောက်ကိုလိုက်ပြီး အချိန်ကုန်တာတွေ... ဆက်ပြီးတွက်ရင်
ကျွန်တော် သက်တမ်း အနှုတ်ပြမလားတောင် စိုးရိမ်မိတဲ့အထိဖြစ်သွားတယ်... ဆက်လည်း မတွက်ရဲ
တော့ဘူး အဲဒီတွက်ချက်တဲ့ ကိစ္စကိုကျော်လိုက်တယ်...

အဲ့ဒီ တွက်ချက်တာလုပ်တဲ့အချိန်က အသက် ၂၆ နှစ်ထဲဝင်နေပြီ... ကိုယ့်အတွက် ကုသိုလ်ကောင်းမှု ဘာတွေများလုပ်ခဲ့ပြီးပြီလဲ စဉ်းစားကြည့်တယ်... ခေါင်းထဲမှာ တော်တော်လေး လေးလံသွားတယ် သိပ်ပြီး များများစားစားမထွက်လာဘူး... မထွက်လာဘူးဆိုတာ ကောင်းမှု ဘာလုပ်လဲ စဉ်းစားလိုက်တိုင်း မကောင်းမှု လုပ်ခဲ့တာတွေချည်းပဲ အရင်ထွက်ထွက်လာတယ်... အဲဒါဆို သေချာပြီတော့ ကုသိုလ်ထက် အကုသိုလ်က များနေပြီဆိုတာ... အဲဒါနဲ့ အဲဒီ ကိစ္စကိုလည်း မစဉ်းစားတော့ဘူး ကျော်လိုက်တယ်...

အဲဒါနဲ့ဆက်ပြီး ကိုယ်ကိုးကွယ်တဲ့ ဘာသာကိုဆက်ပြီးစဉ်းစားကြည့်လိုက်တယ်...
ဘုရား... တရား... သံဃာ... အဲ့ဒီ စစ်မှန်တဲ့ ရတနာမြတ်သုံးပါးကို ငါ ဘယ်လောက် ယုံကြည်မြတ်နိုးပြီး ကိုးကွယ်ခဲ့ပြီးလဲ... နှစ် နဲ့တွက်ရင် ဘယ်နနှစ်ရှိပြီလဲ... ပြန်စဉ်းစားတော့ အသက် ၂၆ နှစ်မတိုင်ခင် ၅နှစ်
လောက်ကမှစပြီး (၀ါ) ၂၁ နှစ်လောက်ကမှစပြီး ထေရ၀ါဒဆိုတာ ဘာလဲ သေသေချာချာသိခဲ့တယ် (ဒါတောင် လုံးဝအတိအကျပါလို့ မပြောရဲသေးပါဘူး)... ဘုရား... တရား... သံဃာ... ဆိုတဲ့ ရတနာ သုံးပါးကလွဲရင် ကျန်တာတွေဟာ ကိုးကွယ်ရာ အစစ်အမှန်မဟုတ်ဘူးဆိုတာ တကယ်သဘောပေါက်တာ
ယုံကြည်တာ သေချာလားဆိုတာ မေးမိတယ်... အဲဒီ မေးခွန်းအပြီးမှာပဲ တခြားခေါင်းစဉ်ကို
ကျော်ပြီးစဉ်းစားလိုက်တယ်...

အဲဒီလို ထေရ၀ါဒ ဗုဒ္ဓဘာသာအပေါ် နှစ်နှစ်ကာကာ ယုံကြည်လာမိတော့ မိသားစု... ဆွေမျိုး... သူငယ်ချင်း... ပတ်ဝန်ကျင်တွေကြားမှာ ကျွန်တော် အလူးအလဲခံလိုက်ရတဲ့ စွပ်စွဲချက်တစ်ခုရှိတယ်...
အဲဒါကတော့ ကျွန်တော့်ကို အားလုံးကို အယူသည်းတယ်တဲ့... ဥပမာ ကျွန်တော် နတ်တွေကို အယုံအကြည် မရှိတော့တဲ့အချိန်မှာ ကျွန်တော်တို့ ကိုးကွယ်နေတဲ့ နတ်တွေဟာ (နံကရိုင်းမယ်တော်... သူရဿတီမယ်တော်... မင်းကျော်... မိုးခေါ်နတ်... အိမ်တွင်းနတ်...) အဲဒါတွေဟာ တကယ်ဆိုရင် မရှိဘူး... ရှိတယ်ဆိုရင်ရင် ကောင်းရာမွန်ရာ ရောက်တဲ့နတ်တွေ မဖြစ်နိုင်ဘူး ပြိတ္တာတွေပဲ ဖြစ်မယ်... တကယ့် ၆ ထပ်သော နတ်ပြည်က နတ်တွေက လူတွေဆုတောင်းတိုင်း မကယ်ပေးနိုင်ဘူး... ပြိတ္တာတွေ
ဆိုရင်ပိုဆိုးမယ်... အဲလိုမျိုးတွေ ကျွန်တော်က သိသလောက်ရှင်းပြတော့... "မကိုးကွယ်ရင်နေ မစော်ကားနဲ့" တဲ့... ကဲ... ခက်တော့နေပြီ... မစော်ကားနဲ့ဆိုတော့ကာ သူတို့က စော်ကားနေကြတာ
တော့ အိမ်က မြတ်စွာဘုရားက ခံတော်မူနေရတယ်... တခြားပြောတာမဟုတ်ဘူး အရင်တုန်းက အိမ်မှာ
ရှိတဲ့ဘုရားစင်ကို ရှင်းပြမယ်... မြတ်စွာဘုရား အလယ်တည့်တည့်မှာ ကိန်းဝပ်စံပ္ပါယ်တော်မူတယ်...
ဘေးနားမှာ ဘာတွေရှိလဲဆို... ညာဘက်မှာ ဒေါင်းမြီးကြီး ၂ ချောင်းနဲ့... ဘာကြောင့် အဲဒီ ဒေါင်းမြီး
တင်ထားလဲ မသိခဲ့ပါဘူး... ဘယ်ဘက်မှာ ဘိုးဘိုးအောင်က မိန့်မိန့်ကြီး... သူ့ဘေးမှာ သူ့ သွေးသောက်
ဘိုးမင်းခေါင်... သူ့ဘေးမှာက သူရဿတီ... ဘယ်ဘက်ထောင့်ဆုံးမှာက... တရုတ်နတ်တွေ
ဖြစ်တဲ့ ဦးတီပွား... ကွမ်ရင် အဲလိုနတ်တွေ... အဲဒီမှာ ဘယ်ကိစ္စက ရင်နာစရာကောင်းလဲဆိုရင်
ဘုရားဆွမ်းကပ်တော့ မြတ်စွာဘုရားကို ဆွမ်းထမင်းမှာ ပေါက်ပေါက်ဆုပ်တဲ့သကြားလေးဖြူးပြီး
ရေလေးတစ်ခွက်နဲ့ကပ်တယ်... ဘေးက ဟာတွေကျတော့ ဆေးလိပ်ကပ်ရတာတစ်မျိုး... အသားဟင်းကပ်ရတာတစ်မျိုး... စံပယ်ပန်းကပ်ရတာတစ်မျိုး... ပ၀ါဆက်ရတာတစ်မျိုး... စုံနေတာပဲ... ဘုရားကိုတော့ ပြီးပြီးရော ထမင်းနဲ့ပေါက်ပေါက်ဆုပ်သကြား ပါတဲ့တစ်ပန်းကန်ထဲ ဖြစ်သလိုကပ်တယ် ကျန်တာတွေကတော့ ရှယ်...ကဲ...အဲဒါလောက် စော်ကားနေတာရှိသေးလား... သေချာမစဉ်းစား သေချာ မကြည့်ရင် ဘာမှ မြင်မှာမဟုတ်ဘူး... ကျွန်တော်ကတော့ နောက်ပိုင်း အဲဒါတွေ ရှင်းဖို့
လုပ်တဲ့ သူဆိုတော့ သေချာ မှတ်ထားတာပေါ့... ကျွန်တော် အဲ့ဒီဟာတွေကို ကြည့်မရတာတော့ ကြာပါပြီ... ကြာဆို နတ်တွေကို စမယုံတဲ့ ၁၆ နှစ်သားလောက်ကတည်းကပေါ့... အဲဒီကတည်း ရှင်းဖို့ ကြိုးစားလာလိုက်တာ ကျွန်တော့် အသက် ၂၁ နှစ်ရောက်မှပဲ အဲဒါတွေ ဘုရားစင်ပေါ်ကနေ ပျောက်
သွားတော့တာ... ကဲ မကောင်းတဲ့ အယူအစွဲများ တော်တော် ချွတ်ရခက်သလို နေရာယူပြီးရင် ဖြုတ်ချ
ဖို့လည်းတအားခက်တာကို သိလိုက်တယ်... အဲဒါကြောင့် ကျွန်တော့်ကို မယုံလို့ မကိုးကွယ်ရင်နေ မစော်ကားနဲ့ဆိုတဲ့သူတွေကို ကျွန်တော်က တန်ပြန်သက်သေပြတဲ့အနေနဲ့ ဘုရားစင်ပေါ်မှာ အားမနာတမ်း ဘုရားဘေးနားကပ်ပြီး နေထိုင်စားသောက်ဇိမ်ကျနေတဲ့ အရှုပ်များအားလုံးကို အယူသည်းစွာ ရှင်းထုတ်လိုက်တယ်... အဲဒီအယူသည်းခြင်းရဲ့ ရလဒ်ဟာ ကျွန်တော့်ရဲ့ မာမားအပါအ၀င်
ဆွေမျိုးနဲ့သူငယ်ချင်းတစ်ချို့ပါ လုံးဝ (မကောင်းတဲ့)နတ်ဆိုတာကို ယုံကြည်မှု ပပျာက်သွားခဲ့တယ်... အဲဒါကြောင့် အယူသည်းတဲ့ ကျွန်တော်က ဒီအယူသည်းမှုကို ပြုံးပြုံးကြီး လက်ခံနိုင်ခဲ့တယ်... 

နောက်ထပ် ကျွန်တော့် အယူသည်းမှုတစ်ခုကတော့ ဗေဒင် ယတြာ ဓါတ်ရိုက်ဓါတ်ဆင်... အဲဒီကိစ္စတွေ...
ကျွန်တော် (၁၀)တန်းအောင်တော့ နိုင်ငံခြားထွက်ဖို့... ကြိုးစားတယ်... အဲဒီမှာ အိမ်က ဗေဒင်သွားမေး
ပါလေရော... အစကတော့ ကျွန်တော်မသိဘူး... နောက်မှ ကျွန်တော့်ကို ကိုယ်တိုင်လိုက်ဖို့ခေါ်မှ... ဘယ်သွားမလဲ ဘာညာဆိုတော့ နိုင်ငံခြားရောက်အောင် ဗေဒင်သွားမေးမယ်ဆိုတော့ ကျွန်တော်က
ငြင်းသေးတယ် ဒါပေမယ့်လည်း မာမားကြီးက လိုက်ခဲ့ဖို့ အတင်းခေါ်တာနဲ့ လိုက်သွားလိုက်ပါတယ်...(အမေပြောရင် ငြင်းဆန်ဖို့ တော်ယုံနဲ့ မကြိုးစားဖူးပါဘူး) အဲဒီတုန်းက မှတ်မိပါသေးတယ်... ကျိုက်ဝိုင်း ဘက်ကိုသွားရတာ... ဟိုးချောင်ကလောင်ထဲမှာ... အဲ့ဒီမှာ ဘယ်သူ့ကိုတွေ့တယ်မှတ်လဲ မင်းသမီးနန္ဒာလှိုင်နဲ့ သူ့ညီမလေးနဲ့... ကျွန်တော် နည်းနည်းရှိန်သွားတယ်... ဒီက ဆရာမက တယ်ဟုတ်ပါလားပေါ့... အဲဒါနဲ့ ၁ နာရီလောက် တိုကင်ကျဖို့ ထိုင်စောင့်လိုက်ရတယ်... အဲဒီမှာ ကျွန်တော့်အလှည့်ကျတယ်ပေါ့... အဲဒါနဲ့ ၀င်ဝင်ချင်း (အဲ့ဒီတစ်ယောက်က ဟိန္ဒူအမျိုးသမီး တစ်ယောက်ပါ)... ကျွန်တော့်ကို လက်ဖြန်ခိုင်းပြီး တန်းဟောတာ ရည်းစားကိစ္စလာတာလားတဲ့... ကျွန်တော် မအောင့်နိုင်တော့ဘူး ပြုံးလိုက်တယ်... မဟုတ်ဘူးလို့... (ဟားဟား) မှန်သလားမမေးနဲ့... အဲဒီမှာ အထဲကို ကျွန်တော်နဲ့ လိုက်ဝင်လာတဲ့ အမက ၀င်ပြောလိုက်မှ ကျွန်တော်လည်း ရုပ်ပြန်တည်ပြီး
နေလိုက်ရတယ်... ဟိုဟော ဒီဟောနဲ့ အမှားတွေချည်း ဟောလိုက်တာ နောက်ဆုံးမှာ အမှားဆုံးတစ်ခုကို သူက ကတိပေးခဲ့တယ်... အဲဒါနဲ့ ပြီးသွားတော့ ၃၀၀၀ ပေးပြီးပြန်လာရတယ် (ရွှေတစ်ကျပ်သား ၅၀၀၀၀ သောင်းကျပ်ခေတ်)... အဲဒါနဲ့ ကျွန်တော်ကတော့ သွားချင်လွန်းလို့ ကြိုးစားတာပေါ့နော်... အိမ်ကလည်း ဗေဒင်က ပြောထားတယ်ဆိုပြီး ယတြာတွေလုပ်ပြီး ကြိုးစားလိုက်ကြတာ... နောက်ဆုံး တကယ်သွားရတော့ သူက မသွားရဘူးဟောတဲ့ ကျွန်တော့်ရဲ့ အမက သွားရတယ်... :D သွားကိုသွား ရမယ်လို့ ဟောထားတဲ့ကျွန်တော်ကတော့ မသွားရဘူး ကျန်ခဲ့တယ်... ကျွန်တော်လည်း အဲ့ကိစ္စကို အိမ်မှာ ခဏခဏပြောလိုက် ရယ်လိုက်ကိုလုပ်နေတာ... ကျွန်တော့်အမကတော့ ဗေဒင်ဆရာမ လုပ်ပေးတာနေမှာဆိုပြီး ပြောသွားသေးတာ မှတ်မိပါသေးတယ်... သူ့ ဖာသာ သွားရဖို့ ကံပါလို့
သွားရတာကို မစဉ်းမိဘူးထင်တယ်... အဲဒီကတည်းကစပြီး အိမ်မှာ ဗေဒင်တွက်မယ်ဆိုရင် ရန်ဖြစ်မတတ် အထိ ငြင်းခဲ့တဲ့ ကျွန်တော် နောက်ပိုင်း လုံးဝဗေဒင်ဆိုတာ စိတ်တောင်မကူးတော့ဘူး... အိမ်ကလူတွေက ကျွန်တော့်အထင် ကျွန်တော် အသက် ၂၀ လောက်အချိန်ထိ တော်တော်ယုံကြည်
နေပြီး တော်တော်လေးကို တွက်ပြီး ယတြာတွေလည်း ချေကြတုန်း... သူတို့ရဲ့ လက်သုံးစကားလေးကို
တင်ပြဦးမယ် ဘာလဲဆိုတော့ "ယတြာကောင်း မင်းလောင်းတာင် ပျောက်သတဲ့..." အဲဒီစကားနဲ့ပဲ
ဗေဒင်မှဗေဒင်တွက်လာလိုက်တာ... ကျွန်တော် အသက် ၂၁ နှစ်လောက်အရောက်မှာတော့ အိမ်က လူတွေ ဗေဒင်ဆို နည်းနည်း ချင် သွားကြပြီ... ကျွန်တော်ကလည်း အားနေရင် ချွတ်နေတာကိုး... သူတို့
အမြင်ကတ်တဲ့အထိကိုပြောတာ... နောက်ဆုံးတော့ အယူသည်းတဲ့ ကျွန်တော့်အနေနဲ့ အယူသည်း
တဲ့အကျိုးက နောက်တစ်ကြိမ် ကောင်းကောင်းကြီး ခံစားနိုင်ခဲ့တယ်လေ... ဘာလို့လဲဆိုတော့ အခုဆို အိမ်မှာ ဗေဒင်ကို ယုံကြည်တဲ့သူ တစ်ယောက်မှ မရှိတော့ဘူးလေ...

လောကမှာ စစ်မှန်တဲ့ ဘာသာတရားရဲ့ အရိပ်အောက်မှာ နေရတဲ့ဘ၀ဟာ တိုတောင်းလွန်းလှတဲ့
အကြောင်းကို ကျွန်တော် အနည်းငယ် ရှင်းပြနိုင်ခဲ့ပြီလို့ထင်ပါတယ်... အဲဒါကြောင့်...




ကျွန်တော်ရဲ့ ၀က်ဆိုဒ်လေးမှတဆင့် ကျွန်တော်ရဲ့ အယူသည်းမှုတွေကို လက်ခံတဲ့ လူတွေတော်တော် များများရှိလာခဲ့ရင် နောက်ထပ် အယူသည်းတဲ့ ကျွန်တော် ဆိုတဲ့ ပို့စ်လေးကို နံပတ် (၂)အနေနဲ့ ထပ်ပြီး ရေးသားတင်ဆက် သွားပါမယ်လို့ ပြောကြားရင်...

အားလုံးကိုကျေးဇူးတင်ပါတယ်...

အယူသည်းတဲ့ ဇင်မျိုး...

2 Responses so far.

  1. Yuya Mon says:

    Nice Post!!!

  2. zmozmo says:

    ကျေးဇူးတင်ပါတယ်ခင်ဗျာ... ဘလော့ခ်ရှိရင် ထားခဲ့ပါဦး... ပြန်လည်လာရောက်လည်ပတ်ပြီး link ချိတ်ပါ့မယ်ဗျ...

Leave a Reply