HAZY LIFE


ကျွေးမွေးမပျက် ဆောင်ရွက်စီမံ
မွေခံထိုက်စေ လှူမျှဝေ၍
စောင့်လေမျိုးနွယ် ၀တ်ငါးသွယ်
ကျင့်ဖွယ် သား/သမီး တို့တာ…။

ဆိုတဲ့ အဲဒီပို့စ်လေးကို ဖတ်ပြီးတော့ တော်တော်လည်း စိတ်ထဲ နေလို့မကောင်းဘူး… အမေအိုကြိးကို အရမ်းလည်းသနားမိသလို… ယုတ်မာလွန်းတဲ့ ဟိုလင်မယား နှစ်ယောက်ကိုလည်း ဒေါသထွက်မိတယ်… အဲဒီသတင်းက မနက်ကတည်းကနေ ဖတ်မိခဲ့တာဆိုတော့ ရုံးမှာလည်းအလုပ်လုပ်ရတာ တော်တော်လေး အဆင်မပြေတော့ဘူး… စိတ်ရှုပ်သွားတာကိုး… အဲဒါနဲ့ ရုံးမှာနောက်ဆုံး ပြန်ခါနီးအထိ လိမ်ဖယ်ပြီးနေလိုက်တယ်… ရုံးကနေအိမ်ပြန်ရောက်တာနဲ့ ရေချိုးပြီး ဆရာတော် ဦးကောဝိဒ (မဇ္ဈိမဂုဏ်ရည်) ဟောထားတော်မူတဲ့ အမွေခံထိုက်သူဖြစ်ပါစေ တရားကို harddisk ကနေပြန်ရှာပြီး နာဖြစ်တယ်… ဆရာတော်ဟောတာတွေနားထောင်ပြီး တစ်ချို့ ကိစ္စရပ်တွေကို သေချာပြန် စဉ်းစားကြည့်မိတယ်…

အဖေနဲ့အမေဆိုတာ မွေးပြီးကတည်းက ကိုယ့်ကိုမလိုချင်ရင် အချိန်မရွေး လွယ်လွယ်လေးစွန့်ပစ်လိုက်လို့ ရတယ်… ဘာမှအပင်ပန်းခံပြီး စောက်ရှောက်နေစရာမလိုဘူး… နောက်ဆုံးကုန်ကုန်ပြောရရင် မမွေးခင် ကတည်းကနေပြီး တခါတည်းအပြတ်ရှင်းလိုက်လို့ရတယ်… ဒါပေမယ့် မလုပ်ခဲ့ဘူး… ဘာလို့လဲဆိုတော့ သူတို့ရဲ့ စိတ်မှာ မိဘ ဆိုတဲ့ စိတ် အထူးသဖြင့် လူဖြစ်လာမဲ့ ဒီကလေးအတွက် (သားပဲဖြစ်ဖြစ် သမီးပဲဖြစ်ဖြစ်) မိဘမေတ္တာဆိုတာရှိနေလို့ အဲဒီအတွက်… မိဘတွေမှာ မေတ္တာအခြေခံနဲ့ သားသမီးအတွက် အရာရာပေးဆပ် ဖို့အင်အားတွေရှိတယ်… အရာရာ စွန့်လွှတ်ဖို့အင်အားတွေလည်းရှိတယ်… ချမ်းသာတဲ့ မိဘမှာ မွေးလာတဲ့ သားသမီးလည်း မိဘမေတ္တာရတယ်… ဆင်းရဲတဲ့ မိဘမှာမွေးလာတဲ့ သားသမီးလည်း မိဘမေတ္တာရတယ်… သူတို့တွေဘာကွာလည်း… သေချာစဉ်းစားကြည့် ဒီစာ ၂ ကြောင်းမှာတင်အဖြေပါတယ်…. ချမ်းသာတာနဲ့ ဆင်းရဲတာပဲကွာတယ်… မိဘမေတ္တာရတာခြင်းကတော့ တူတူပါပဲ… ချမ်းသားတဲ့ မိဘက ဆင်းရဲတဲ့မိဘထက် သူတို့သားသမီးတွေကို ပိုချစ်တယ်မထင်ပါနဲ့… လုံးဝမှားသွားပါလိမ့်မယ်…

လက်ရှိကိုယ်ဘ၀အခြေအနေကို ကိုယ်သုံးသပ်ကြည့်ကြရအောင်… ကျွန်တော်ဆိုရင် ချမ်းသာတဲ့ မိသားစုအသိုင်းအ၀ိုင်းကမဟုတ်ဘူး… ကျွန်တော့် သူငယ်ချင်းတွေမှာတော့ ချမ်းသာတဲ့သူတွေတစ်ပုံကြီးပဲ… အဲဒီတော့ နည်းနည်းလေး နှိုင်းယှဉ်ကြည့်ရအောင် ဘာကွာသလဲဆိုတာ သိရအောင်ပေါ့… ဥပမာ ကျွန်တော့် သူငယ်ချင်း ဇော်ဇော်ပဲထားပါတော့… ဇော်ဇော်မိဘတွေက အရမ်းချမ်းသာတယ် သိန်း ၁၀၀၀ ချမ်းသာတယ်… ကျွန်တော့်မိဘကတော့ သိန်း ၁၀၀ ပဲ ချမ်းသာတယ်ဆိုပါစို့… ဇော်ဇော်က သူ့မိဘတွေဆီမှာပူစာတယ် သိန်း ၁၀၀ တန်ကားစီးချင်တယ် ဖေဖေမေမေရေဆိုရင်… သူတို့မိဘတွေက တတ်နိုင်မတတ်နိုင်ချင့်ချိန်မယ်… အိုကေ တတ်နိုင်တယ် ငါ့သားအတွက် သိန်း ၁၀၀ တန်ကား ဖေဖေမေမေ ၀ယ်ပေးမယ်ကွာ… ဒါဆိုရင် ဇော်ဇော်တအားပျော်ရပြီ… ဟုတ်ပြီ အဲဒါကို ကျွန်တော်က အားကျပြီး ဇော်ဇော်အဖေအမေတောင် ၀ယ်ပေးသေးတာ ငါလည်း ပူစာမယ်ဆိုပြီး ပူစာမယ်… အိမ်မှာရှိတာ သိန်း ၁၀၀… ကားဝယ်ဖို့ သိန်း ၁၀၀ ပူစာတယ်ဆို ဖြစ်နိုင်ပါ့မလား… စဉ်းစား… လုံးဝမဖြစ်နိုင်ဘူး… လုံးဝကို မဖြစ်နိုင်ဘူး… မဖြစ်နိုင်တာကို မိဘကရော လုပ်ပေးနိုင်ပါ့မလား… အဲဒါကိုတော့ သားသမီးတွေ သေချာစဉ်းစားဖို့လိုတယ်… မိဘတွေမဖြစ်နိုင်တာကို မလုပ်ပေးချင်ဘူးပြောတာမဟုတ်ဘူး မလုပ်ပေးနိုင်ဘူးပြောတာ… သူတို့အင်အားမရှိလို့… ရှိရင်တော့ ၀ယ်ပေးပြီးသားပါ… အဲဒါကို သားသမီးက နားလည်ပြီး လိုချင်တာထက် သင့်တင့်ပြီး လိုအပ်တာကိုပဲ ပူစာတတ်ရတယ်… ကျွန်တော် အဲဒါဆိုရင် ဟိုနားဒီနားသွားဖို့အတွက် ဆိုင်ကယ်ပူစာမယ်… ဆိုင်ကယ်က ၁၀ သိန်းတန်ဆိုပါစို့… အဖေအမေ သား ဆိုင်ကယ်ဝယ်ချင်တယ်… ဟိုသွားဒီသွား ကျောင်းသွားကျောင်းပြန် စီးလို့ရအောင်လို့ပါဆိုရင်… အဖေအမေက ၀ယ်ပေးမှာ သိပ်သေချာတာပေါ့… သူတို့ တတ်နိုင်တယ်လေ… ၀ယ်ပေးသင့်တဲ့အရာဟုတ်မဟုတ်စဉ်းစားပြီး တကယ်လိုအပ်ရင် ၀ယ်ပေးပြီ… ဒါဆိုရင် ဇော်ဇော့် မိဘနဲ့ ကျွန်တော့်မိဘနဲ့ ချိန်ခွင်လေးတင်ကြည့်ရအောင် ဘယ်သူသာမလဲဆိုတာလေး… ဇော်ဇော့်မိဘ သိန်း ၁၀၀၀ မှာ သိန်း ၁၀၀ ၀ယ်ပေးတယ်… ၁၀ပုံ၁ပုံ… ကျွန်တော့်မိဘလည်း သိန်း ၁၀၀မှာ ၁၀သိန်းဝယ်ပေးတယ်… ၁၀ပုံ၁ပုံပဲ… အဲဒါဆို ဘာကွာလဲ… ဘာမှမကွာဘူး… သိန်း ၁ သောင်း ချမ်းသာလို့ သိန်း ၁၀၀၀ ကားဝယ်ပေးတယ်ဆိုရင်ကော ကွာတယ်ပြောလို့ရမလားဆိုတာ သေချာစဉ်းစားစေချင်တယ်… အဓိကကတော့ မိဘတွေသည် ငွေကြေးချမ်းသာမှုအရ ငွေကြေးအတိုင်းအတာသည်သာ ကွာချင်ကွာမယ် သားမီးတွေအပေါ်ထားတဲ့ စေတနာတွေကတော့ လုံးဝ ကွာခြားမှုမရှိဘူးဆိုတာ ပြောချင်တာပါ…

နောက်တစ်ခုက မျှော်လင့်ချက်… မိဘတွေ သားသမီးအပေါ်မှာထားတဲ့ မျှော်လင့်ချက်… အဲဒါသည်လည်း တူတူပဲ မိဘတိုင်းမှာရှိတယ်… မွေးပြီးလို့
ရင်ခွင်ထဲပိုက်ပြီး နို့ချိုတိုက်ကျွေးချိန်ကတည်းက ငါတို့မှာ သားသမီးတွေရှိလာပြီ… ငါတို့အထီးကျန်တဲ့ လင်နဲ့မယားဆိုတဲ့ ၂ယောက်တည်းဘ၀ကကျွတ်လာခဲ့ပြီး… မိသားစုဆိုတဲ့ ဘ၀ကို ငါတို့ပိုင်ဆိုင်ပြီ… အဲဒါကြောင့် ငါတို့အခုအချိန်တကတည်းက ဒီသားသမီးတွေကို ချစ်ခင် ယုယပြုစုပျိုးထောင်ရမယ်… သူတို့လေးတွေ လူလားမြောက်ဖို့ ပညာတတ်ကြီးတွေဖြစ်ဖို့ စတဲ့ ရည်မှန်းချက် အကြီးကြီးတွေကို နို့ချိုတိုက်ကျွေး ကလေးဘ၀တည်းက စဉ်းစားရင် ပီတိဖြစ်လာခဲ့ကြတယ်… အကယ်၍များ သင်္ခါရသဘောအရ ငါတို့တွေ အသက်တွေကြီးပြီး သတိတွေလွတ် ထဘီမနိုင် ပုဆိုးမနိုင် ချီးမခိုင် သေးမခိုင် ဖြစ်လာတဲ့အခါကျရင်လည်း ဘာမှအားငယ်ဖို့မလိုဘူး ငါတို့ရဲ့ ဒီလက်ထဲက သားသမီးတွေဟာ ငါတို့ အပေါ် ပြန်လည်ပြုစုမှာပဲဆိုတဲ့ မျှော်လင့်ချက်လေးတော့ မိဘတိုင်းကိုယ်စီမှာရှိကြတယ် တွေးကြတယ်… အဲလိုအတွေးတွေဟာ မိဘတိုင်းမှာကိုယ်စီရှိကြပေမယ့် ကိုယ်ချစ်တဲ့သားသမီးတွေကိုတော့ ဖွင့်မပြောရက်ကြပါဘူး (မိဘတွေရဲ့ချစ်ခြင်းမေတ္တာတွေဟာ အံ့သြကုန်နိုင်ဖွယ်ပါ…) အဲဒီလို မျှော်လင့်ချက်တွေရှိတဲ့ အကြောင်း ပြောကြားခဲ့တဲ့သူကတော့ တခြားသောသူမဟုတ်ပါဘူး… ကျွန်တော်တို့ရဲ့ သုံးလောက ထွဋ်ထား သဗ္ဗေညု မြတ်စွာဘုရားရှင်ပဲဖြစ်ပါတယ်…

မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် နှုတ်မြွက်တော်ဟ မိန့်ကြားတော်မူခဲ့တဲ့  ဒီမျှော်လင့်ချက်တွေကို သားသမီးတွေဖြစ်တဲ့ ကျွန်တော်တို့တွေ ဘယ်လောက်များ ဖြည့်ဆည်းပေးပြီးပြီလဲ… အကယ်၍ မဖြည့်ဆည်းပေးရသေးဘူးဆို ဘယ်အချိန်လောက်မှ စဖြည့်ဆည်းပေးမလဲ… ဖြည့်ဆည်းဖို့ အစီအစဉ် ရောရှိကြရဲ့လား သေချာ ကိုယ့်ဖာသာ နဖူးပေါ်ပဲလက်တင် စဉ်းစားစဉ်းစား လက်ပေါ်ပဲ နဖူးတင်စဉ်းစားစဉ်းစား သေသေချာချာလေး စဉ်းစားကြည့်ကြပါ… ကိုယ့်မိဘက ကိုယ့်အပေါ်တာဝန်ကျေခဲ့ပြီးပြီ... ကိုယ်အလှည့်ကျမှ ကိုယ့်မိဘကို တာဝန်ကျေဖို့ အချိန်ရောက်မှ ရှောင်လွဲချင်သလား… အဲလိုစဉ်းစားမိ လုပ်မိနေပြီဆို ကိုယ့်ကိုကိုယ် ပြန်ထိန်းပါ… ပြန်ပြုပြင်ပါ… အချိန်မှီ မိဘတွေပြန်ပြုစုစောင့်ရှောင့်ဖို့ ပြန်ကြိုးစားကြည့်ပါ… အကယ်၍ ကိုယ့်စိတ်က လုံးဝပြုစုစောင့်ရှောက်ဖို့ ဆုံးဖြတ်ချက်တွေခိုင်မာသွားပြီး တကယ်လည်း ပြုစုစောင့်ရှောက်ပြီဆိုရင် အဲဒီသားသမီးတွေသည် အမှန်တကယ် အဖိုးတန်ပြီး အမှန်တကယ်ကို သားကောင်း သမီးကောင်းရတနာတွေဖြစ်နေပြီဆိုတာတွေးပြီး ကိုယ့်ကိုကိုယ် အားရပါးရ ဂုဏ်ယူလိုက်ပါ… ကျွန်တော် အကြောင်းမဲ့ပြောနေတာမဟုတ်ပါဘူး… မိဘကိုရိုရိုသေသေလုပ်ကျွေး ပြုစုစောင့်ရှောက်သူကို သိကြားမင်းကတောင် ရှိခိုးပါတယ်… အဲဒါဆိုရင် ကိုယ်ဟာရတနာဟုတ်လားမဟုတ်ဘူး သိလောက်ပါပြီ…

ဒါမှမဟုတ်ပဲ လုံးဝလုပ်ကျွေးချင်စိတ်မရှိဘူး… ကိုယ့်ဟာကိုယ်တောင် အနိုင်နိုင်ဆိုပြီး မိဘတွေကို ပြစ်ထားချင် သလား ဒါမှမဟုတ် ပြစ်ထားပြီးနေပြီလား… ဒါဆိုရင်တော့ ကိုယ့်ကိုကိုယ် သားဆိုးသမီးဆိုး စာရင်းသွားထားပါတော့ သားဆိုးသမီးဆိုးတွေရဲ့ သွားရာလမ်းသည် ဒီဘ၀တင်မက ဘ၀ပေါင်းများစွာ ဘယ်တော့မှမဖြောင့်ဖြူးပါဘူး…

အဲဒါထက်ပိုဆိုးပြီး လုပ်ကျွေးတာလည်းမပြု လုပ်ကျွေးချင်စိတ်လည်းမရှိတဲ့အပြင် လုပ်ကျွေးဖို့အတွက် ၀န်ထုတ်ဝန်ပိုးလို့ထင်ပြီး… မိဘကိုနှိပ်စက် မိဘကိုစော်ကား မိဘကိုပြစ်မှား… နောက်ဆုံး (မနေ့ကတင်ခဲ့တဲ့ပို့စ်) လိုမျိုးများ မိဘကို အလုပ်ရှုပ်တယ် အရှုပ်ထုတ်ဆိုပြီး ရက်ရက်စက်စက် စွန့်ပစ်တာ… ဒါမှမဟုတ် အဲ့ဒီထက် ဆိုးတဲ့ သတ်ပစ်တာမျိုးတွေအထိ လုပ်ကြမယ်ဆိုရင် သင်ဟာ သားယုတ် သမီးယုတ် (၀ါ) ရတာနာ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ပဲထိုက်တန်တော့သလို သေသည့်မဲ့ တခြားမရှိ ပဉ္စာနန္တိယကံ ထိုက်ကာ အပယ်ငရဲကို တန်းပြီး သွားရမှာဖြစ်တဲ့အပြင်… မသေခင်လည်း သင့်ရဲ့ဆိုးဝါးလှတဲ့ အသက်ကြီးချိန်ဘ၀မှာ ကံကြမ္မာရဲ့ ထူးခြား အံ့သြဖွယ် ၀ဋ်ဒုက္ခများကို လုံးဝဥသုဉ် ခံစားရဦးမှာဖြစ်တဲ့အကြောင်း ပြောကြားရင်း…

လောကမှာ မိမိအသက်ရှိချိန်လေးအတွင်း မိဘတွေကို ပြန်လည်ပြုစု စောင့်ရှောက်လုပ်ကျွေးကြပါ… သားရတနာ သမီးရတနာ ဘ၀ကနေ  မိဘကို ပြန်လည်စော်ကားဒုက္ခပေးကြတဲ့ သားမိုက်သမီးမိုက်/ သားယုတ်သမီးယုတ် (၀ါ) ရတာနာ တွေမဖြစ်ကြဖို့ ကြိုးစားကြပါလို့ကျွန်တော်တိုက်တွန်းရေးသားရင်းနဲ့ပဲ နိဂုံးချုပ်ပါရစေ…

သူငယ်ချင်းအားလုံးရဲ့…

ဇင်မျိုး…

Leave a Reply