HAZY LIFE
My Sketch Life Of Rakhine (Maung Daw)
ရခိုင်ပြည်နယ် မောင်တောမြို့ရောက် ကျွန်တော့်ဘ၀ ကောက်ကြောင်း(၁)…
          ဟူး… ပူလိုက်တာ လေယာဉ်ပေါ်ကဆင်းဆင်းခြင်းပဲ စစ်တွေမြို့ရဲ့ နေလုံးကြီး စနှုတ်ဆက် ပါတော့တယ်… စစ်တွေရုံးက လာကြိုပေးတဲ့ ကားနဲ့ပဲ လိုက်သွားပြီ… မြို့ကို ပတ်ကြည့်တာ… ဗိုက်ဆာရကောင်းမှန်းလည်း မသိလိုက်ဘူး… အချိန်တော်တော်ကုန်သွားတယ်… ညနေ လေးနာရီလောက်မှာ တည်းခိုးခန်းယူပြီးနေလိုက်တာ စစ်တွေအတွက် တစ်နေ့တာကုန်ဆုံးသွားတယ်… နောက်နေ့ နိုးတယ်ဆိုရင်ပဲ… မနက်စာစားပြီး… စစ်တွေမြို့ကြီးကို နှုတ်ဆက်ဖို့ ပြင်ဆင်ရပါတော့တယ်… စစ်တွေသင်္ဘောဆိပ်ကိုသွားပြီး… လက်မှတ်ဝယ်… အခန်းငှားပြီး သင်္ဘောပေါ်တက်ပြီး… စစ်တွေကိုလက်ပြနှုတ်ဆက်… ဗူးသီးတောင်မြို့ (မောင်တောမရောက်ခင်) ကိုခရီးဆက်ခဲ့ပါပြီအချိန်ကတော့ မနက် ၇း၃၀ ပေါ့… သင်္ဘောက Steamer အမျိုးအစား… ရေယက်လည်းမြန်တယ်… ရေဆူးလည်း သိပ်မနက်ဘူး… ဒါကြောင် ခက်သွက်သွက်မောင်းနေတယ်လို့ စိတ်ထဲထင်မိတယ်… ၁၅ မိနစ်လောက်ကြာတော့ ပြင်းတာနဲ့ သင်္ဘောအပေါ်ဆုံးထပ်ကိုသွားကြည့်မိတယ်… အားပါး လှလိုက်တဲ့ ရှု့ခင်းဗျာ… ဇင်ယော်တွေ ၀ဲပျံပြီ အစာလိုက်တောင်းနေတဲ့ပုံစံလေးတွေ မျက်လုံးထဲအခုထိမြင်ယောင်နေတုန်းပဲ.. ကိုယ့်မှာကလည်း အစာကျွေးစရာမပါတော့ သူများတွေ အစာကျွေးတာကိုပဲကြည့်ရင် အဲဒီ ရှု့ခင်းကို ပီတိဖြစ်ခဲ့မိတယ်… နည်းနည်းကြာတော့ ဇင်ယော်တွေလည်းဆက်မလိုက်လာတော့ပဲ သူတို့ရဲ့မူရင်းနေရာ သင်္ဘောဆိပ်နဲ့နီးရာမှာပဲနေခဲ့ကြတယ်… ကျွန်တော်လည်းပျင်းတာနဲ့ အခန်းထဲဝင် စာအုပ်ဖတ်နဲ့ နေလိုက်တာ… ၂ နာရီလောက်ကြာသွားတယ်ထင်တယ်… သင်္ဘောက ကမ်းကပ်ပါပြီ… ကမ်းကပ်တယ်ဆိုတော့ မြန်လှချည်လားပေါ့… ကိုယ့်စိတ်ကူးနဲ့ကိုယ် ဟုတ်နေတာ… မေးကြည့်တော့မှာ အခုမှ ခရီးက ၅ ပုံ ၁ ပုံ လောက်ပဲရှိသေးတယ်တဲ့… (သေစမ်း) ကပ်တဲ့ကမ်းနာမည်ကိုတော့ မှတ်ထားလိုက်ပါတယ်… `ခြေတော်ရာ` တဲ့… မြတ်စွာဘုရားရှင်ရဲ့ ခြေတော်ရာ အစစ်လို့ပြောပါတယ်… ကျွန်တော်ကတော့ ကမ်းကပ်ချိန် ၁၀ မိနစ်ပဲ ရတာမလို့ ဆင်းကြည့်ဖို့အခွင့်မရခဲ့ပါဘူး… စစ်တွေက ကျောင်းသူကျောင်းသားတွေကတော့ အများကြီး… အဲဒီ ဆိပ်ကမ်းမှာဆင်းနေခဲ့ကြတာတွေ့ရပါတယ်… (တက္ကသိုလ်ကျောင်းသူကျောင်းသားတွေပါ)… အတက်အဆင်းတွေပြီးသွားတော့ သင်္ဘောက ဆက်လက်ထွက်ခွါလာပါတယ်… ပျင်းပျင်းရိရိနဲ့ကို လိုက်လာရတာပါ… အဖော်လည်းမပါ အခန်းထဲမှာလည်းပူလည်းပူ ပျင်းလည်းပျင်းဆိုတော့ ဟိုသွား ဒီသွားလုပ်ရင်းနဲ့ နောက်ထပ် ကမ်းတစ်ခုကို ထပ်ကပ်ပါပြီး … ကမ်းနာမည်က ညောင်ချောင်းတဲ့ အဲအချိန်ကတော့ ၁၀း၀၀လောက်ရှိပြီ တော်တော်စည်တဲ့ရွာလေးပါ… ကမ်းမကပ်ခင် ကမ်းစပ်ကအတက် အဆင်းတံတားလေးမှာ လူတွေအုံနေတော့ ကိုယ်လိုသူလိုပဲ သင်္ဘောစီးမဲ့သူတွေပဲထင်တာပေါ့… အများကြီးမှ တကယ်အများကြီးပဲ… ကမ်းကပ်မှ ပြေးတတ်လာတာ ကျွတ်ကျွတ်အိတ်အထုတ်လေးတွေကိုယ်စီနဲ့… သူတို့တက်နင်းမှာစိုးလို့ မနည်းရှောင် ရတယ်… ထမင်းရောင်းတဲ့သူတွေကိုး… (သူတို့လည်း တစ်ဝမ်းတခါးမလွယ်လှဘူး) ကျွန်တော်လည်းဗိုက်ဆာ နေတာနဲ့ ၀ယ်စားမလို့ ကလေးငယ်တစ်ယောက်ကို ခေါ်လိုက်တယ်… ပြေးလာလိုက်တာ ပြုတ်ကျမတတ်ပဲ… အဲဒီမှာ စတွေ့တာ… သူက ရခိုင်လေး… မြန်မာလို နားမလည်ဘူး… ဘာဟင်းတွေပါလဲမေးတာ ၁၀၀ တဲ့… သေပြီ… ဘယ်လိုလုပ်ရမှန်းလဲမသိ… အခန်းအပြင်ထွက် တစ်ယောက်ကို အကူအညီတောင်း… ရခိုင်အကိုတစ်ယောက်က ၀င်ပြောပေးတယ်… ပုဇွန်…၀က်သား…စသဖြင့်ပေါ့ဗျာ… တစ်ထုပ်ဘယ်လောက်လဲ လို့မေးတော့ ကျွန်တော်ကလည်း ၄၀၀ ၅၀၀ ပေးရမယ်ထင်တာကိုး… သူခုဏကပြောသလိုပဲ တစ်ကယ်ကို တစ်ထုပ်တစ်ရာဗျ… တန်လိုက်တာပြောမနေနဲ့…ပုဇွန်က ၄ ကောင်ပါတယ်… အကောင်လည်းနည်းနည်းကြီး တယ်ပေါ့… ၀က်သားက တစ်တုန်း… ကျွန်တော်လည်း ဟင်း ၅ ထုပ် ထမင်း ၄ ထုပ်ဝယ်လိုက်တယ်… ကောင်လေးက မျက်လုံးကြီးပြူးကြည့်နေတယ်… တစ်ယောက်တည်းနဲ့ အဲလောက်တောင်ဝယ်သလားဆိုတဲ့ သဘောပေါ့ဗျာ… နောက်မှ ဗိုက်ကိုလက်ညှိုးထိုးပြလိုက်တယ်လေ… နည်းတဲ့ဗိုက်အိုးမှမဟုတ်တာ (ကြော်ငြာဝင်တာပါ) ကောင်လေးလည်း ကျွန်တော့်ဗိုက်ကိုမြင်မှ အဲလောက်ဝယ်ရတာ သဘောပေါက်သွားတယ် နဲ့တူတယ် ပျော်ပြီးပြန်သွားတယ်… ထားလိုက်ပါ… ထမင်းဝယ်စားတာနဲ့ တော်တော်ရှည်နေပြီ… နောက်တော့ ကမ်းကခွါပြီး ပြန်ထွက်လာတာလေ… ဒီတစ်ခါ ကမ်းကနေခွါလာလိုက်တာ နေ့လည် ၁း၃၀ မှ ကမ်းထပ်ကပ်တယ်… နာမည်က ရသေ့တောင်တဲ့ အတက်အဆင်းလည်းများသလို ရွာအကြီးကြီးတစ်ရွာလို့လည်းပြောလို့ရတယ်… မြို့လို့ခေါ်လို့လည်းရတယ်… ခရီးတစ်ဝက်ကြိုးတဲ့နေရာလို့ပြောကြတယ်… အဲဒီမှာ ခရီးတ၀က်ကြိုးတာ သေချာရင် ကျွန်တော်လည်းတွေးမိတယ် သေပြီလို့… နောက်ထပ် ခရီးတစ်ဝက်ဆိုရင် ည တော်တော်မိုးချုပ်မှပဲ ရောက်တော့မယ်ဆိုတာ တွေးမိတယ်… ရသေ့တောင်မြို့ကနေကမ်းခွါပြီး တောက်လျှောက်လုံးဝကို မရပ်ပဲ မောင်းတာ တစ်ခါမှ အဲဒီသင်္ဘောမှာလောက်ပျင်းပြီး နေမထိထိုင်မသာမဖြစ်ဖူးဘူး… တကယ်ပါ နောက်ဆို မစီးပါရစေနဲ့လို့တောင် ဆုတောင်းမိတယ်… အရမ်းလည်းပင်ပန်းလွန်းတယ်… ဒါပေမယ့်လည်း ကိုယ်ကသာ ကြီးကျယ်နေတာ သူများတွေဆို ကိုယ့်လို အခန်းနဲ့မဟုတ်ပဲ အောက်မှာပဲ ထိုင်ခုံသေးသေးလေးတွေနဲ့ တစ်လမ်းလုံးလိုက်လာရတာ ပြန်မြင်တော့လည်း ကိုယ့်ဘ၀က အဲလောက်လည်းမဆိုးလှပါဘူးလေဆိုပြီး ပြန်တွေးမိပြန်ရော… ဒီလိုနဲ့ပဲ အချိန်တွေကုန်လာလိုက်တာ… ည ၉း၀၀ ထိုးလောက်ကျတော့ ဗူးသီးတောင် ဆိပ်ကမ်းရောက်ပါပြီဗျာ..ပျော်လိုက်တာ… သူများတွေလိုပဲ အလုအယက်တိုးဝှေ့ဆင်းဖြစ်တယ်…ဘာလို့လဲ ဆိုတော့ မြေကြီးနဲ့မထိရတာ ၁ နေ့နီးနီးပဲလေ… အဲဒါနဲ့ ကမ်းပေါ်ရောက်တော့ လာကြိုမဲ့ကားရှာနေတာ… ရှာရင်းနဲ့ကားမတွေ့ဘူးဆိုလို့ ဘေးနားက အကိုကြီးကိုမေးကြည့်တာ… ရုံးနာမည်လေးပြောပြီးတော့ အဲဒီကားကို သိလားလို့ မေးတော့မှာ… သူက ကျွန်တော့်ကိုလာကြိုတဲ့သူဖြစ်နေတယ်… (ဒီတခါလျှာရှည်မိတာ ကံကောင်းသွားတယ် :P) ကားက နေရာမရလို့ အဝေးမှာရပ်ထားရလို့ဆိုပဲ… ထားလိုက်ပါ ဗူးသီးတောင် ရောက်ပြီဆိုတော့ မောင်တော လည်းရောက်ဖို့သိပ်မလိုတော့ဘူးပေါ့…အဲဒီအထင်နဲ့ ကားပေါ်ပစ္စည်းတွေ အားရပါးရတင် ကျကျနန ရှေ့ခန်းတက်ထိုင်းပြီး… ကားမောင်းတဲ့အကို့ကိုမေးကြည့်တော့ (၁း၃၀ ကျော်လောက် သွားရဦးမယ်ညီလေးတဲ့) တကယ်ကို ရှည်လျားလှတဲ့ ခရီးတစ်ခုဆိုတာကို ရောက်ခါနီးမှ ရိပ်မိတာ… တော်တော်ကိုလွန်သွားပြီလေ… မနက် ၇း၃၀ ကနေ စစ်တွေသင်္ဘောဆိပ်ကထွက်တာ ည ၉း၀၀ ထိုးအထိ မောင်တော မရောက်နိုင်သေးဘူး… တကယ်ဆိုရင် ဒီလောက် မဝေးသင့်ဘူးလို့ စိတ်ထဲက ထင်ခဲ့မိတယ်… အခုတော့ ကားစီးရင်း တစ်လမ်းလုံးပျင်းလာသမျှ ကိုအငဲသီချင်းလေးလဲ တောက်လျှောက်ကောင်းလာတာ… သီချင်းဖွင့်ပေးတဲ့ ကားဆရာကိုကျေးဇူးတင်ရမှာပဲ… နောက်ဆုံးတော့ တဖြည်းဖြည်း သီချင်းလေး နားထောင်ရင်းလိုက်လာရင်းနဲ့ပဲ… မောင်တောမြို့ ကိုရောက်လာခဲ့ပါပြီ… အချိန်ကတော့ ည ၁၁း၀၀ ထိုးခါနီးလေးပါ…အခုဆိုရင်တော့ ပထမပိုင်းအနေနဲ့ မောတောမြို့ရောက်ဖို့ ကျွန်တော် လေယာဉ်... သင်္ဘော… ကား… ပင်ပန်းမှူများစွာနဲ့ ဖြတ်သန်းလာခဲ့ရပုံလေးပေါ့ဗျာ…။     ။
ရခိုင်ပြည်နယ် မောင်တောမြို့ရောက် ကျွန်တော့်ဘ၀ ကောက်ကြောင်း(၂)…
             မောင်တောမြို့ရောက်ရောက်ချင်းအခက်အခဲကတော့ အစားအသောက်ပေါ့ဗျာ… ဘာလို့လဲတော့ မမေးနဲ့ ပြောပြမယ်… ကျွန်တော်က ၀က်သားအရမ်းကြိုက်တာဗျ… မောင်တောမြို့ရဲ့ လူဦးရေက ၁၀ သိန်း ကျော်လောက်ရှိတယ်ဆိုပါစို့… မွတ်ဆလင်လူမျိုးဦးရေက ၉၀ ရာခိုင်နှုန်းလောက်ရှိပါတယ်… ရခိုင်လူမျိုးက       ၇ ရာခိုင်နှုန်းလောက်ရှိမယ်… ကျန်တာက တခြားသော ဗမာ…ဟိန္ဒူ…တရုတ်…အစုံပေါ့…။ အစားအသောက် အခက်အခဲကိုရှင်းပြချင်လို့ပါ… လူဦးရေအရကြည့်ရင်ကိုပဲ ရှင်းနေပါပြီ… ၀က်သားရှားပြီလေ… မွတ်ဆလင်တွေက သူတို့ဘာသာအရ ၀က်သားမစားကြဘူးဆိုတော့ ကျန်တဲ့ ၁၀ရာခိုင်နှုန်းက တော်တော် ဈေးကွက်အတွက်နည်းသွားပြီပေါ့… ဒါကြောင့် ၀က်သားကြိုက်တဲ့ ကျွန်တော့်အတွက် တိုင်ပတ်ပြီ ပြောတာပေါ့… အဲဒါပဲလားဆိုတော့မဟုတ်သေးဘူး… ကျွန်တော်က ရန်ကုန်မှာကတည်း ဟင်းဆိုရင် အရမ်းစပ်ရင် မစားဘူးဗျ… ငရုတ်သီးစပ်လွန်းရင် မစားနိုင်ဘူးလေ (ကြီးကျယ်တာမဟုတ်ဘူးနော်)… ကဲ ဒီလည်းရောက်ရော... ရောက်ရောက်ချင်းပဲ ရခိုင်ဆိုင်တစ်ဆိုင်မှာ သွားစားဖြစ်တယ်… အဲဒီမှာပြဿနာကစတာ… ၀က်သားအချိုနဲ့ ထမင်းတစ်ပန်းကန်ပြင်ပေးပါလို့ပြောလိုက်တော့ အချိုမရှိဘူးတဲ့… ရခိုင်နဲ့မြန်မာက စကားတူပါတယ်…ရခိုင်က စကားပြောဝဲတာပါ… အဲဒီ အချိုမရှိဘူးလို့ ပြောတဲ့ ရခိုင်မလေးပြောတာကို ဘေးကမွတ်ဆလင်တစ်ယောက်က ဘာသာပြန်ပေးရပါတယ်… အဲဒါ ဒုက္ခခေါ်မလား အတွေ့အကြုံ ခေါ်မလားတော့ မပြောတတ်တော့ပါဘူးဗျာ… (အခုတော့ရခိုင်လို ၅၀ ရာခိုင်နှုန်ေးလာက်နားလည်နေပါပြီ) ဆက်ဦးမယ်… အဲဒါနဲ့ကျွန်တော်လည်း ၀က်သားဟင်းတော့ရှိတယ်မလားလို့ ၀က်သားဟင်ဖြစ်ပြီးရောဆိုပြီး မှာစားလိုက်ပါတယ်… အားပါး….(ကောင်းလို့မဟုတ်ဘူး) စပ်လိုက်တာမပြောပါနဲ့… လုံးဝမစားနိုင်ဘူးဗျာ… ကျွန်တော်လည်း ဗိုက်ဆာလွန်းတော့ တစ်ပန်းကန်တော့ကုန်အောင်စားခဲ့တယ်… ဒီတခါပဲ ထမင်းမစားနိုင်တာ ဖြစ်ဘူးတယ်… အံ့ရော…။ နောက်နေ့ကျတော့ ရုံးစတက်ရပြီလေ… ရုံးလည်း စ တတ်တတ်ချင်းအခက်အခဲတွေ အများကြီးပါပဲ… ပထမဆုံးအခက်အခဲက ကျွန်တော့်ရှေ့လုပ်သွားတဲ့ ဆရာသမားဆီက Hand Over မရလိုက်ဘူးလေ… သူ လုပ်ထားသမျှ Router, Access Point, Network, Bandwidth Controlling (IP Star),  Network ပိုင်းနဲ့ပတ်သက်သမျှ အကုန်လိုက်ရှင်းရတာပေါ့… အစအဆုံး ကိုယ်တိုင်လုပ်ရင်သာ လွယ်ဦးမယ်… သူများလုပ်ထားတာတွေ ကြားဖြတ်ဝင်လုပ်ရသလိုဖြစ်နေတော့ အခက်အခဲရှိတာအမှန်ပဲ… ဒီကြားထဲ Database တွေကလည်းရှိသေးတယ်… ကျွန်တော်က Database အပိုင်းအရမ်းအားနည်းတော့ ပိုခက်ပြီပေါ့… နောက်တစ်ခုက ကျွန်တော်တို့အားလုံးနည်းပါး (တကယ်ကျွမ်းကျင်သူများမပါဝင်ပါ) အတွက် အခက်အခဲကတော့ ဘာသာစကားပါပဲ… မောင်တောက NGO and UN တွေအကုန်လုံးက အင်္ဂလိပ်ဘာသာ စကားကိုအဓိက သုံးပါတယ်… Meeting, Reporting, Requesting…etc ပေါ့… တချို့နေရာတွေမှာ အင်္ဂလိပ်စာ မသုံးဘူး လက်ရှိဒေသရဲ့စကားကိုပဲ အဓိကထားသုံးတယ်ကြားလို့ပါ… ဘာပဲဖြစ်ဖြစ် ဆရာလုပ်တယ်တော့ မထင်ကြပါနဲ့ဗျနော့… ကျွန်တော်ကိုယ်တိုင်ကလည်း နည်းနည်းတော့လျှာရှည်တတ်လို့ပါ… :D … ဆက်ဦးမယ်… လတိုင်း meeting, reporting, requesting တွေရှိတော့ ကျွန်တော်က ရောက်ရောက်ချင်းလည်း ဖြစ်… အစိမ်းသက်သက်ကြီး အစအဆုံးလည်းလိုက်လုပ်ရတာဆိုတော့ ခေါင်းကိုက်ရတာအမှန်ပဲ… အဆိုးဆုံးက မောင်တောမြို့မှာ အိုင်တီပိုင်း အသေအချာ ၀န်ထမ်းခန့်တဲ့ INGO ဆိုလို့ ၃ခုလောက်ပဲရှိတယ်… ကဲ အိုင်တီသမားသုံးယောက်ပဲရှိတဲ့မောင်တောမြို့… ကိုယ်က တခုခုဖြစ်ရင် ဘယ်ပြေးအကူအညီတောင်းရမှန်းလဲ မသိ… အရာရာ အွန်လိုင်းတက်ရှာ… ရန်ကုန်က အိုင်တီဆရာကိုလှမ်းမေး…အဲဒါနဲ့တင် ပင်ပန်းပြီးအချိန်တော်တော် ကုန်ခဲ့ရတယ်… နောက်ထပ်ဆိုးတာက ဒီမှာသုံးတဲ့အင်တာနက်က IP Star ကိုသုံးတယ်… ADSL, Wimax ဘာမှမရ… မခက်လား…။ IP Star ဆိုတာက ရန်ကုန်မှာလုပ်ခဲ့ဖူးတဲ့ အိုင်တီ ၁၀ ယောက်မှာ ကိုးယောက်မသိဘူး…ကျန်တဲ့တစ်ယောက်ကလည်းယောင်ဝါးဝါးပဲသိမှာ…။ ဘယ်လိုလုပ်အဆင်ပြေ တော့မလဲ…။ ကျွန်တော့်ဘ၀မှာတော့ အခက်ခဲဆုံး လုပ်ငန်းခွင်ကာလကိုပြပါဆိုရင် လက်ရှိအချိန်အထိတော့ မောင်တောမြို့ရောက် ၀န်ထမ်းဘ၀ကိုပဲပြရမှာပဲ… အကယ်၍များ သူငယ်ချင်းတွေ INGO and UN တွေနဲ့ မောင်တောမြို့ကိုလာမယ်ဆိုရင် ကြိုဆိုလျှက်ပါ… နေတတ်ရင်တော့ အဆင်ပြေပါတယ်… မနေတတ်ရင်တော့ ပြန်ပြေးမှာအသေအချာပါပဲ… မောင်တောမှာ ရန်ကုန်က လာတဲ့သူတွေ ၆ လ ပြည့်တာရှားပါတယ်… ဒါကြောင့် ကျွန်တော့်ရဲ့ လုပ်ငန်းခွင် ပထမဆုံး(INGO) အတွေ့အကြုံလေးကို ဖောက်သည်ချလိုက်ရတာပါ…။  ။
ရခိုင်ပြည်နယ် မောင်တောမြို့ရောက် ကျွန်တော့်ဘ၀ ကောက်ကြောင်း(၃)…
            ပြောရမယ်ဆိုရင်တော့ မောင်တောမှာ ဆိုင်ကယ် နဲ့ ဆိုက္ကား အများဆုံးပဲ… INGO and UN တွေရဲ့ကားတွေရယ်…အစိုးရအဖွဲ့အစည်းက ကားတွေရယ်ကလွဲရင် တစ်မြို့လုံးကိုယ်ပိုင်ကား ၃ စီးလောက်ပဲ တွေ့ဖူးတယ်…။ စပြီ…ရောက်ရောက်ချင်းဟိုသွားဒီသွားလေးလုပ်ဖို့တစ်ယောက်တည်း ဆိုက္ကားငှားဖို့ ထွက်လာတာပေါ့… ဆိုက္ကားတစ်စီးကို လှမ်းတာလိုက်တယ် (ဆိုက္ကားတွေပေါပုံများ လက်ညောင်းလို့ မဆန့်ရဲ့ဘူး သူတို့ခေါ်တယ်ထင်မှာစိုးလို့ :D ) ဈေးသွားချင်လို့ ဘယ်လောက်လဲလို့မေးတော့ သူက နားမလည်ဘူး… လက်ခါပြပြီး ထွက်သွားတယ်… နောက်တစ်စီးငှားတယ်… ဈေးသွားဖို့ ဘယ်လောက်လဲမေးတော့ သူက ဈေးလားတဲ့ပြန်မေးတယ်…ပြီးတော့ သေချာကြည့်ပြီး လက်လေးချောင်း ထောင်ပြတယ်… ကိုယ်ကလည်း ဒီကောင်ဘာကောင်လဲပေါ့ သေချာကြည့်ပြီးမှ ၄၀၀ ဆိုတော့ တန်တယ်ပေါ့… ခရီးကလည်းဝေးတယ်လေ… ရုံးကားနဲ့သွားဖူးတော့ ဝေးတာကိုသိတယ်လေ… စီးသွားတော့ အေးဆေးလေးပေါ့… ဟိုရောက်တော့ ၅၀၀ တန်ထုတ်ပေးလိုက်တယ်… ၁၀၀ ပြန်အမ်းတယ်… ဘာမှမထူးဆန်းဘူး မထင်နဲ့ ပြန်အမ်းတဲ့ ၁၀၀ တန်ကို ပုံထဲမှာကြည့်လိုက်ဦး… လေသွားမယ်… ကိုယ်က တစ်ခါမှလည်း မမြင်ဖူးဘူးလေ… မယူဘူးလို့ ၁၀၀ တန် အစစ်ပေးပါလို့…သူက မြန်မာလိုနည်းနည်းတတ်လို့ တော်သေးတာပေါ့… (အခိုသုံးရလေ...ယူထားပါ = အကိုသုံးလို့ရတယ်ယူထားပါလို့ပြောတာပါ :P ) မယူဘူးလို့… ၁၀၀တန်ပဲလဲပေးပါဆိုပြီ နေပူကျဲတဲကြီးထဲ မတ်တပ်ရပ်ပြီးတော့ကို ရန်ဖြစ်တာ… ဘာပြောကောင်းမလဲ… နောက်ဆုံးဘေးက ရခိုင်ဆိုင်တစ်ခု အကိုတစ်ယောက်က ၀င်ပြီးရှင်းပေးရတယ်… ဒီမှာ ဒီပိုက်ဆံတွေပဲသုံးကြတာပါတဲ့ အကြွေအရမ်းရှားလို့ပါဆိုမှ ကိစ္စပြီးသွားတာ…ကဲ စဉ်းစားကြည့်ဗျာ…ဆိုဒ်ကား စီးတာလေးတောင် စာကြောင်း ၁၃ ကြောင်းလောက်ထွက်တယ်… လူလည်းပူထူသွားတာပဲ… ဆိုက္ကားကိစ္စပြီးပြီ ထင်နေတယ်မလား…မပြီးသေးဘူး နည်းနည်းကျန်သေးတယ်… ဆိုက္ကားခလေ… ခုဏက ဆိုက္ကာသမားသေချာ ကြည့်ပြီးလက် ၄ ချောင်းထောင်သွားတာ အလကားမဟုတ်ဘူးဗျ… သူက ကိုယ့်ကိုနှပ်သွားတာ… မြို့သား ဘော်ကျော့ဆိုပြီး ကစ်သွားတာ… အပြန်ဆိုက္ကားသမားကမှ လိမ္မာတယ်… ၁၅၀ ပဲပေးရတယ်… ကဲ ၂၅၀ အကစ်ခံလိုက်ရပြီ… ရင်နာလိုက်တာ… ဒါပေမယ့် ကျွန်တော်က ဆိုက္ကားခကို ရန်ကုန်နဲ့ယှဉ်ပြီးစီးတာလေ… ၄၀၀ လည်း တန်တယ်ထင်တာပေါ့… ၄၀၀ ကျတဲ့အကွာအဝေးကို ကျွန်တော် ဥပမာအနေနဲ့ပြောပြမယ်… ရန်ကုန်မှာဆို (လသာမြို့နယ်ကနေ အလုံထော်လီကွေ့လောက်ဝေးတာဗျ) အဲလောက်အကွာအဝေးကို ၄၀၀ ကျွန်တော်က တန်တယ်ထင်တာပေါ့ဗျ… အပြန်ကျတော့ ၁၅၀ ပြောတော့ ယုံတောင်မယုံဘူး… တကယ်ဗျာ… သနားတောင်သနားတယ် နင်းရတာ အဝေးကြီး ၁၅၀ တည်းနဲ့ ကျွန်တော်လည်း ၂၀၀ ပေးလိုက်တယ်ဗျာ… ၅၀ တည်းပိုပေးတယ်ဆိုပေမယ့် ဆိုက္ကားသမားကိုကြည့်ရတာ မှိုရသွားတဲ့မျက်နှာမျိုးဗျ… ၅၀ ဖိုးအလှူက မြတ်တယ်ပဲ ပြောရတော့မှာပေါ့…။                     ။
ရခိုင်ပြည်နယ် မောင်တောမြို့ရောက် ကျွန်တော့်ဘ၀ ကောက်ကြောင်း(၄)…
                ဒီတစ်ခေါက်တော့ အလုပ်ကနေတစ်ဆင့်သွားခဲ့ရတဲ့ Unforgottable Trip တစ်ခုအကြောင်းလေး ပြောပြချင်ပါတယ်… အဲဒါကတော့ စစ်တွေမှာသွားခဲ့ရတာဖြစ်ပါတယ်… မောင်တောကနေ စစ်တွေကို Training တစ်ခုသွားတက်ရင် စစ်တွေမှာကြုံကြိုက်ခဲ့တာပါ… ဘာ Trip လည်းဆိုတော့ မိဘမဲ့ကလေးများနဲ့ စစ်တွေကမ်းခြေ ကိုသွားခဲ့တာလေးပါ…တကယ်ကို အမှတ်တရဖြစ်စရာ မမေ့နိုင်စရာတွေအများကြီးပါပဲ… ပျော်လည်းပျော်ခဲ့ရသလို သူတို့လေးတွေရဲ့ လိုအပ်ချက်တွေကိုကြည့်ပြီး ၀မ်းလည်းနည်းခဲ့ရပါတယ်… သင်တန်းနားတဲ့နေ့လေးလည်းဖြစ်… စစ်တွေက လုပ်ဖော်ကိုင်ဖက် အကိုအမများကလည်း လိုက်ခဲ့ဖို့ခေါ်တာနဲ့ ပျော်ပျော်ရွင်ရွင်သွားဖြစ်ခဲ့ပါတယ်… ဟိုရောက်တော့ ဘယ်သူမှမရောက်ကြသေးဘူးဗျ… ကျွန်တော်တို့ ရုံးက ထွက်လာတာက တစ်ဖွဲ့… ကလေးတွေနဲ့ သပ်သပ်စီလာမှာက တစ်ဖွဲ့ဆိုတော့ ကမ်းခြေကိုကျွန်တော်တို့အဖွဲ့ ကြိုရောက်နေတာပေါ့… ရောက်ရောက်ချင်းပဲ အုန်းရေအရောင်ဆိုင်က ကြိုဆိုပါ၏ဆိုတော့ကာ တ၀ကြီးသောက်ပစ်လိုက်တာပေါ့ နှစ်လုံး ဆက်တိုက်ကိုသောက်ပစ်လိုက်တာ… ရင်ထဲအမောကိုပြေသွားတာပဲ… ခရီးက တအားမဝေးဘူး… စစ်တွေမှာ (တုတ်တုတ်လို့ခေါ်တဲ့ သုံးဘီးဆိုင်ကယ်) နဲ့ကမ်းခြေကိုလာတာလေ… ၃၅ မိနစ်လောက်တော့ စီးရတယ်… သိပ်မကြာပါဘူး… ကလေးတွေ တစ်သိုက်ကြီးနဲ့ကားနှစ်စီး ရောက်လာပါပြီ… အပြစ်ကင်းပြီး ပျော်ရွင်နေတဲ့ ကလေးတွေကိုကြည့်ပြီး ကျွန်တော်တို့အားလုံးအပျော်တွေကူးစက်ခဲ့ရပါတယ်…
တကယ်ကို ရိုးသားဖြူစင်တဲ့ ကလေးငယ်လေးတွေပါ… ရောက်ရောက်ချင်းသူတို့လေးတွေထဲ့ နဲနဲအရွယ်ရောက်ပြီးသား လူငယ်လေးတွေက ကျွန်တော်တို့အစီအစဉ်တွေကို ၀ိုင်းကူညီကြပါတယ်… ကျွန်တော်တို့အစီအစဉ်ဆိုတာက ထမင်စားဖို့ ပြင်ဆင်တာရယ်… ကလေးတွေကစားဖို့… ပန်းချီဆွဲဖို့… ဘောလုံးကန်ဖို့… စတဲ့ ကလေးတွေပျော်ရွင်စေမဲ့ အစီအစဉ်ကောင်းလေးတွေပေါ့… အဲဒါလေးတွေကို ၀ိုင်းလုပ်ကိုင်ရင်းနဲ့ ကလေးတွေနဲ့ ရင်းနှီးမှူအတော်အတန်ရ ခဲ့တယ်… ခက်တာက ရခိုင်စကားကို အဲဒီတုန်းက သိပ်နားမလည်သေးဘူး… အဲဒီတော့ Global Language သုံး ရပြီပေါ့… ခြေဟန်လက်ဟန်လေ… တော်တော်အဆင်ပြေသွားတယ်… ကလေးတွေကလည်း လူကြီးတွေကို ကြောက်စိတ်… ရှက်စိတ်… ဟန်ဆောင်စိတ်မရှိဘူး… သူတို့လိုချင်တာကိုရအောင်ပြောတယ် ရအောင်လုပ်ပေးတော့ သဘောကျတယ် အပူအပင်ကင်းကင်းနဲ့ ရယ်မောကြတယ်… သူတို့နားထောင်ချင်တဲ့ ပုံပြင်အတိုလေးတွေ… ပန်းချီဆွဲတာလေးတွေ… သူတိုနဲ့ အနီးကပ်နေထိုင်ပြောဆိုရင် ကိုယ်ပါစိတ်လွတ် ကိုယ်လွတ်ပျော်ရွင်မိတယ်…
အဲလိုဟိုကစား ဒီကစားနဲ့ နေ့လည်ထမင်းစားခါနီးရောက်လာတော့ ကလေးတွေကို ထမင်းစားကြမယ်လို့လဲ ခေါ်လိုက်ရော… ဆော့လက်စအားလုံးကို ပစ်ထားပြီး ထမင်းအိုးနားမှာ ၀ိုင်းနေလိုက်ကြတာ တကယ်ကို ကြည်နူးဖွယ်ကောင်းတဲ့ သဘာဝ ပန်းချီကားတစ်ချပ်ပါပဲ…။ အစကတော့ ကလေးတွေနဲ့အတူပါလာတဲ့ အဒေါ်ကြီးက ထမင်းထည့်ပေးတယ်… ကြာတော့ သူလည်း လက်ညောင်းလာတာနဲ့ ကျွန်တော်ကိုယ်တိုင် ထမင်းဝင်ခပ်ထည့်ပေးတယ်… သူတို့ရဲ့ ထမင်းအိုးနားမှာ ၀ိုင်းနေရင် ပြောနေတဲ့စကားတွေ ဟန်ပန်အမူအရာတွေကို ကြည့်ရင် ကိုယ့်မှာမောရကောင်းမှန်းလဲ မသိခဲ့ပါဘူး… (ည တည်းခိုခန်းရောက်မှ ဒဏ်ကြေဆေးလိမ်းရတာတော့ ဘယ်သူမှမသိဘူးပေါ့ :D ) မိဘမဲ့ကလေး ဆိုတဲ့ အသုံးအနှုန်းထက် ယဉ်ကျေးတဲ့အသုံးအနှုန်းလည်း သုံးလို့မတတ်တော့ဘူးဗျာ… ဒါပေမယ့် လောကမှာ မိဘမဲ့ကလေးငယ်တွေ ဘယ်လောက်များများရှိနေမလဲဆိုတာတော့ရယ် အဲဒီမိဘမဲ့ကလေးငယ်တွေ ဘယ်လောက်ဒုက္ခရောက်ပြီး မိဘမေတ္တာငတ်နေကြလဲဆိုတာရယ်ကိုတော့ ဘယ်သူမှသိနိုင်မှာမဟုတ်ပါဘူး… သိခဲ့ရင်လည်း ငါကူညီနိုင်ပါ့မလားဆိုတဲ့အတွေးနဲ့တင် ၀မ်းနည်းမိမှာ အမှန်ပါပဲ… နောက်ဆုံးတော့ နေ၀င်ကာနီး ကလေးတွေကို ပြန်ကြဖို့ပြောတော့ အရမ်းငယ်တဲ့ ကလေးတွေရဲ့မျာက်နှာမှာ ပြောင်းလဲမှူ မရှိပေမယ့်…  အရွယ်ရောက်နေပြီဖြစ်တဲ့ ကလေးငယ်တစ်ချို့ရဲ့မျက်နှာ မှာတော့ ပြောင်းလဲမှူ တွေများစွာနဲ့ပေါ့…။                  ။
ရခိုင်ပြည်နယ် မောင်တောမြို့ရောက် ကျွန်တော့်ဘ၀ ကောက်ကြောင်း(၅)…
            ဒီတစ်ခါတော့ အလုပ်ကနေတဆင့်သွားခဲ့ရတဲ့ မောင်တောမြို့နဲ့ အတော်အတန်လေးဝေးတဲ့ နေရာမှာရှိတဲ့ ရေတံခွန်လေးအကြောင်းပြောပြမယ်… ဘာလို့လဲဆိုတော့ အဲဒီရေတံခွန်က
ဘူးသီးတောင် မောင်တောမှာ မသိသူမရှိသလောက် နာမည်ကျော်တဲ့ရေတံခွန်ဖြစ်နေလို့ပေါ့… ပုံလေးတွေ တင်ပေးမှာပါ…ဒါပေမယ့် ပုံထဲမှာမြင်ရမဲ့မြင်ကွင်းက အပြင်မှာ တွေ့ရတဲ့ မြင်ကွင်းနဲ့တခြားဆီပါ… အပြင်မှာတွေ့လိုက်ရတဲ့ သဘာဝ ရှုခင်းက စိတ်ချမ်းသာမှူအပြည့်ပေးနိုင်တဲ့မြင်ကွင်းတစ်ခုဆို အမှားဘူးဗျ… ကျွန်တော် အလုပ်ထဲမှာ စိတ်ညစ်စရာတွေနဲ့ ပြည့်နေတဲ့အချိန်မှာ အဲဒီလို ခရီးလေးထွက်လိုက်ရတာ ဘယ်လိုမှ အစားထိုးမရတဲ့ အရသာပေါ့… သွားတဲ့နေ့ကစပြောရမယ်ဆိုရင်တော့… မောင်တော ကနေ ဘူးသီးတောင်က ဘုတ်ဆိပ် လို့ခေါ်တဲ့ ဆိပ်ကမ်းကိုသွားမှာ… မောင်တော ဘူးသီးတောင်ကလည်း ၁း၃၀ ခရီးသွားရတာကိုး… အဲဒီမှာ ရုံးကညီအကိုမောင်နှမတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကားနေရာလုခဲ့ရသေးတယ်… အားလုံးက ကားကောင်း ပဲစီးမယ်ချည်းလုပ်နေကြတာ… ညိမ့်တာကိုးဗျ စီးချင်ကြမှာပေါ့… ကျွန်တော်လည်း ၀င်လုသေးတယ်… သိတယ်မလား ကိုယ်လုံးကခပ်ပိန်ပိန်ဆိုတော့ :D … မရပါဘူး… နောက်ဆုံး အဆင်ပြေတဲ့ကားလေးနဲ့ပဲ ခရီးဆက်ကြတယ်… အားလုံးပျော်ပျော်ရွှင်ရွှင်ပဲ… ဘူးသီးတောင် ရောက်တော့ ဘူးသီးတောင်ကအဖွဲ့ကလည်း ဘယ်အချိန်ကတည်းကများ ဘုတ်ဆိပ်ရောက်နေကြလဲမသိဘူး… စက်လှေပေါ်တောင်မှ ပစ္စည်းတွေတင်ပြီးနေပြီး… အားလုံးလူစုံတော့ (အဲဒီနေ့ကအားလုံး အယောက် ၆၀ လောက်ရှိမယ်… စက်လှေကနှစ်စီးလေ…) စက်လှေထွက်ဖို့အားလုံးစက်လှေပေါ်တက်… မိန်းကလေးတွေက စက်လှေဝမ်းထဲဝင်နေ…ယောင်္ကျားလေးတွေက စက်လှေခေါင်မိုးပေါ်တက်…
(ကြွားရဦးမယ်… ကျွန်တော့ဘ၀ ကောက်ကြောင်းမှာပါတဲ့ ပုံတွေအားလုံးက ကိုယ်တိုင်ရိုက်ထားတာတွေနော်… :D)
ပျော်စရာကောင်းတယ်ဗျာ… ရာသီဥတုပါအခြေအနေပါ တခါတည်းရေးပေးလိုက်မယ်ဗျာ… မောင်တော ရာသီဥတုက နွေဆိုရင် ကျောကော့အောင်ပူတယ် အပူချိန် ၃၇ံ ၃၈ံ လောက်အမြဲရှိတယ်… မိုးရာသီဆိုရင် ၁လ လုံး (၂၄နာရီမပြတ်နော်) မိုးရွာမပြတ်တဲ့လတွေရှိတယ်… ကဲ ဆောင်းရာသီ စက်လှေပေါ်ရောက်နေတာ ဆောင်းရာသီပဲ… အနွေးထည်ချွတ်ရင် နာပြီသာမှတ်… ဂတ်ဂတ်တုန်သွားမယ်...(မြည်သံစွဲ :D) ဆောင်းရာသီဆိုရင်လည်း မနက်စောစောဆိုရင် အပူချိန်က ၇ံ လောက်ပဲရှိတယ်… အေးချက်က ကမ်းကုန်ပဲ… တအားအေးတာ ရေမကိုင်နိုင်ဘူး… (ပြောချင်တာက ရေမချိုးဘူးလို့ပြောတာ :P) ကဲ ပြန်ဆက်ဦးမယ်… စက်လှေစထွက်တော့ အားလုံးက ကင်မရာတစ်ကိုင်ကိုင်နဲ့ ရိုက်လိုက်ကြတာ မနည်းပါပဲ… ရှု့ခင်းကလည်း လှတာကိုးဗျ… ရှိသမျှယောင်္ကျားလေးတွေအားလုံးလှေပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ပြီးတော့ကို လိုက်လာကြ တာ… ခရီးကလည်း စက်လှေနဲ့ ၃း၃၀ လောက်သွားရတယ်လေ… စက်လှေပေါ်မှာ အရက်သောက်တဲ့သူက သောက်.. ဘီယာကစ်တဲ့သူကကစ်နဲ့ ကျွန်တော်က အချိန်ဖြုန်းစရာမရှိတော့ ရှိတဲ့သူနဲ့ လေပတ်ဖော ရတာပေါ့… ၃း၃၀ ဆိုတာဘာမှမကြာလိုက်ပါဘူး… စိုင်းတောင်ရေတံခွန်ကိုရောက်ပါပြီ… ရေတံခွန်အလှကို ခဏလောက်ရှု့စားကြည့်ပါဦး… အရမ်းလန်းတယ်နော်… အပြင်မှာတွေ့လိုက်ရတဲ့ မြင်ကွင်းက ပိုလှတယ်… ဓါတ်ပုံကတော့ ကင်မရာသိပ်မကောင်းလို့ထင်တယ် (ရိုက်တဲ့သူကတော်ပါတယ် :P) အရမ်းမလှဘူးဖြစ်သွား တယ်…
ကဲ… စာဖတ်နေတဲ့သူငယ်ချင်းတွေတော့မသိဘူး ကျွန်တော်က အဲဒီပုံတွေပြန်ကြည့်ရင်းနဲ့ကို အဲဒီနေရာ နောက်တစ်ခေါက်ထပ်သွားချင်လာတယ်… စက်လှေက စိုင်တောင်ရေတံခွန်ရောက်လို့ ကမ်းကပ်ပြီးတာနဲ့ အားလုံးတိုးဝှေ့ဆင်းပြီး ဓါတ်ပုံတွေရိုက်ကြပြန်ရော… ကျွန်တော်လည်းထပ်ပြောရမှာပဲလေ… လှတာကိုးဗျ… ကဲ…အားလုံးလူစုံပြီ စက်လှေကနေ ရိက္ခာတွေလည်းချပြီးပြီလည်းဆိုရော ရေတံခွန်ပေါ်စတက်ကြပြီ… ရေတံခွန်က အောက်ဆုံးအထပ်ကနေ အပေါ်ဆုံးအထိ ၇ ထပ်ရှိတယ်ပြောတယ်… အပေါ်ဆုံးအထပ်ကိုလည်း ရောက်ကြတဲ့သူတွေတအားနည်းတယ်ပြောတယ်… ကျွန်တော်တို့ရောက်ခဲ့တာကလည်း ၃ ထပ်မြောက်ပဲ ရှိသေးတယ်… ဒါတောင် တော်တော်လှတာနော်… တချို့တွေပြောတာကတော့ အပေါ်ဆုံးထပ်ရောက်ရင် ဘူးသီးတောင် မောင်တော နှစ်မြို့လုံးကိုလှမ်းမြင်ရတယ်ပြောတာပဲ… ကိုယ်မှမတက်နိုင်တာ… သူများပြောတာာခေါင်းညိမ့်ရတာပေါ့… :D … အားလုံး သုံးထပ်မြောက်နေရာကိုရောက်ဖို့ အများကြီးဖြတ်သန်းခဲ့ရတာပါ… လမ်းမှာ ရေညှိတွေ… ပင်ပင်ပန်းပန်း ၀ါးလုံးသယ်နေကြတဲ့ ကာယလုပ်သားတွေ (သူတို့ကမရှောင်ရင် ၀ါးလုံးနဲ့ ထိုးချမှာ :P) ရေစီးနေတဲ့ ရေတံခွန်အသေးလေးတွေ စတဲ့စတဲ့ အများကြီးတွေကိုဖြတ်သန်းပြီးမှ နားမဲ့နေရာကို ရောက်ခဲ့ကြတာပါ… နေရာအတည်တကျရပြီ အားလုံးလည်းနားနေကြပြီ အဲဒီအချိန် ဘယ်သူက လူစွမ်းကောင်း ထလုပ်တယ်မှတ်လဲ… ဒီကောင်ကြီးပေါ့… ခပ်တည်တည်နဲ့ အနွေးထည်နဲ့ ဖိနပ်ချွတ်ပြီး ရေထဲကို ၀ုန်းကခဲ ဒိုင်ပင်ပစ်လိုက်တာ… အပစ်ကောင်းတာလေ… ရေကအေးတာမှစိမ့်နေတာပဲ… အားလုံးက မျက်လုံးကြီးတွေ ပြူးပြီးကြည့်နေကြတယ်… တချို့ကလှမ်းအော်တယ်… မအေးဘူးလားတဲ့… အဲဒီရေကန်ကတအားအေးတာ… ဖြေးဖြေးချင်းကျင့်သားရအောင် ရေစိမ်ပြီးမှ ကူးလို့ရတာတဲ့… ကိုယ်ကလည်းမသိဘူးလေ သိတယ်မလား…
လူစွမ်းကောင်းပါဆိုမှ… :D တစ်ခါတည်း ကမ်းပေါ်ကိုပြေးတက်ပြီး နေပူစာပြန်လှုံရတယ်… ဒါတောင်အချမ်းက တော်တော်နဲ့မပြေဘူး… သိပ်မကြာပါဘူး အားလုံးကလည်း ရေကူးဖို့တာစူနေကြပြီ… အ၀တ်လေးတွေလဲပြီးရေကန်ထဲဆင်းလာကြတယ်… ရှေ့မှာလူစွမ်းကောင်းလုပ်ပြထားတော့ ဘယ်သူမှအရမ်းမဆင်းကြဘူး... ရေထဲကို ခြေထောက်ဆင်းစိမ်ကြတယ်… ပြီးမှာ တဖြည်းဖြည်း အချမ်းပြေအောင် ရေထဲ ဆင်းစိမ်ကြတယ်… အဲဒီ အေးစိမ့်နေပါတယ်ဆိုတဲ့ ရေကန်ကို အမှတ်တရ ဓါတ်ပုံရိုက်ထားပါသေးတယ်…ကြည့်ကြည့်ပါဦး… ကျွန်တော့်အတွက်ကတော့ အရမ်းသာယာတဲ့ရေကန်ကြီးတစ်ခုပဲ… မြင်နေရတဲ့ ကျောက်တုန်းကြီးပေါ် ၀ါးဖောင်တွေနဲ့ ကူးခတ်သွားပြီး ထိုင်ခဲ့ရတဲ့အရသာကိုတော့ လုံးဝမေ့နိုင်မှာမဟုတ်ပါဘူး… ၀ါးဖောင်ကို ဘယ်လိုလှော်ခေတ် ကမြင်းကျောထခဲ့လဲပုံထဲမှာ ကြည့်ပါဦးဗျာ… စိတ်လွတ်ကိုယ်လွတ်ပဲ… ဖောင်လုစီးခဲ့တာတွေ… ဖောင်ချည်ထားတဲ့ကြိုးပြတ်ပြီး သူငယ်ချင်းတစ်ယောက် ရေနှစ်မလိုဖြစ်တာကို ကယ်ခဲ့ရတာတွေ အဲဒီရင်ခုန်စရာကောင်းတဲ့ အချိန်တွေဟာ ကျွန်တော်တို့ အသက်ကြီးလာရင် ဘယ်တော့မှ ပြန်ရနိုင်မှာမဟုတ်တော့တဲ့အမှတ်တရတွေပါပဲ…
အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ ရေကူးပြီးကြတော့ နေ့ခင်းထမင်း စားဖို့ ပြင်ဆင်ကြပြီလေ… ရုံးက စီစဉ်လာတဲ့ ဒံပေါက်တွေကိုပဲ အားရပါးရစားကြတာပေါ့… ကြည်ဦးဗျာ… အားလုံးထမင်းလည်းစားပြီးရော ဓါတ်ပုံရိုက်ဖို့ နေရာတွေလျှောက်သွားပြီး ဓါတ်ပုံတွေရိုက်ကြတာပေါ့… ကျွန်တော်က ရှု့ခင်းပုံတွေကို ရိုက်တာဝါသနာပါတယ်.. ဒါပေမယ့် ရုံးကလူတွေနဲ့သွားတော့ နောက်ဆုံး ရှု့ခင်းပုံတွေသိပ်မပါဘူး… ကိုယ့်ပုံတွေချည်းပဲဖြစ်သွားတယ် အဲဒါတွေတော့ ထမင်းစားပျက်မှာစိုးလို့မတင်တော့ဘူး… :P … အားလုံးတစ်နေကုန် ရေကူး လျှောက်သွားနဲ့ ပင်ပန်းနေကြပြီ… အဲဒီအချိန်မှာပဲ အိမ်ပြန်ချိန်ကနီးလာပြီလေ… အားလုံးပြန်ဖို့ပြင်ဆင်ကြရပြီပေါ့… အခုကျွန်တော်ရေးသွားတာတွေက နည်းနည်းလေးပေမယ့် တကယ့်ကာယံကံရှင်တွေကတော့ အပျော်တွေ တစ်ပုံကြီးရခဲ့တာပါ… အားလုံးအပြန်မှာတော့ ပင်ပန်းနွမ်းနယ်မှူတွေအပြည့်နဲ့ ဖြေးဖြေးချင်းပဲ တောင်ပေါ်က ဆင်းခဲ့ကြပါတယ်… တောင်ပေါ်ကအဆင်းမှာ ကျွန်တော်မြင်ကွင်းတခုကိုတွေ့လို့ ရိုက်ထားတာလေးပါ…
အဲဒါက ၀ါးဖောင်တွေပါ…အဲဒီဝါးဖောင်တွေကို သေချာစည်းနှောင်ပြီး… ဘူးသီးတောင် မောင်တောအထိ ခရီးဆက်ကြတယ်လို့ ပြောပါတယ်… သူတို့ရဲ့ပင်ပန်းမှူကတော့ တွေးကြည့်တာနဲ့တင်သိနိုင်ပါတယ်… အဲဒီ ၀ါးဖောင်တွေရဖို့ ၀ါးခုတ်ရမယ်…၀ါးခုတ်ဖို့အတွက် တောင်ပေါ်တွေကိုခက်ခက်ခဲခဲတက်ပြီး တက်ခုတ်သယ် လုပ်ကြရမယ်… ပြီးရင် ၀ါးဖောင်စည်းရမယ်… ရေမျှောပြီး ၀ါးဖောင်တွေပေါ်ကနေ တစ်ရက်ခရီးလောက် ခရီးဆက်ရမယ်… တကယ်ကိုမလွယ်လှပါဘူး… လူတွေဟာ သမုဒ္ဒရာ ၀မ်းတစ်ထွာ ဆိုတဲ့ စကားပုံလိုပဲ… တကယ့်ကို ပင်ပန်းဆင်းရဲစွာ ရှာဖွေနေတာတွေ့ခဲ့တာဟာလည်း အပျော်ခရီးကရခဲ့တဲ့… သင်ခန်းစားလေးတခု ပါပဲ…။                       ။
ရခိုင်ပြည်နယ် မောင်တောမြို့ရောက် ကျွန်တော့်ဘ၀ ကောက်ကြောင်း(၆)…
ဒီတစ်ခါတော့ မောင်တောမြို့ပေါ်မှာပဲ ကြုံခဲ့ရတဲ့ မောင်တောမြို့ ရခိုင်သူရခိုင်သားတွေရဲ့ တပို့တွဲလ ရထားဆွဲပွဲလေးအကြောင်းပြောပြပါ့မယ်… သူ့ရဲ့ထူးခြားချက်ကတော့ ရခိုင်လူမျိုးတို့ရဲ့ အစည်ကားဆုံး ရိုးရာပွဲတော်ဖြစ်သလို မြန်မာတစ်နိုင်ငံလုံးမှာလည်း မောင်တောမြို့ တစ်နေရာမှာပဲ ကြုံတွေ့ရမှာဖြစ်ပြီး… ရခိုင်သူ ရခိုင်သားတို့ရဲ့ စည်းလုံးတဲ့စိတ်ဓါတ်အခြေခံကိုလည်း ပြတဲ့ပွဲဆိုလည်းမမှားပါဘူး… ရထားဆွဲပဲ ပြုလုပ်တဲ့နေ့က နှစ်စဉ်နှစ်တိုင်း တပို့တွဲလပြည့်နေ့မတိုင်ခင်နှစ်ရက် နှင့် တပို့တွဲလပြည့်နေ့ အားလုံးပေါင်း သုံးရက်ကျင်းပပါတယ်… ရထားဆွဲပဲမတိုင်ခင် ရခိုင်သူရခိုင်သားတွေ ရထားပွဲ မဏ္ဍာပ်မှာ သီချင်းတိုက်တာတွေ… အကတိုက်တာတွေ… မဏ္ဍာပ်အဆောက်အဦးအတွက်အပြင်အဆင်တွေကို အတော့်ကိုတက်တက်ကြွကြွနဲ့ လုပ်နေကြတာ ၁၀ ရက်လောက်ကြိုမြင်ခဲ့ရပါတယ်… ရထားပွဲအတွက် ပြင်ဆင်ချိန်ကို ၁၀ ရက်လောက် ပေးတယ်ဆိုကတည်းက ဘယ်လောက်အလေးထားလဲဆိုတာ သိသာပါတယ်… ရထားပွဲနေ့ကိုပဲ တန်းပြီးပြောကြ မယ်ဗျာ… ရထားပွဲနေ့လည်းရောက်ရော… လမ်းပေါ်ထွက်လိုက်တာနဲ့ ယောင်္ကျားမိန်းမ အားလုံး ရေလည်လန်းနေကြတယ်… အားလုံး ပွဲတက်မဲ့စတိုင်တွေချည်းပဲပေါ့… ညနေ ၄ နာရီလောက်ရောက်တော့ မဏ္ဍာပ်ရှေ့မှာ လူတွေအုံနေပါပြီ… ပွဲစတော့ တာဝန်ရှိလူကြီးတစ်ယောက်က အမှာစကားပြောကြားပြီးတာနဲ့… ရခိုင်မိန်းကလေးများရဲ့ ရခိုင်အကနဲ့စတင်ခဲ့ပါတယ်… ကျွန်တော်ပထမရက်က ကင်မရာမပါတော့ အဲဒီပုံတွေတော့ မရိုက်လိုက်နိုင်ဘူးဖြစ်သွားတယ်ဗျာ… နှမြောလိုက်တာတကယ်ပါပဲ… တော်တော်ကြာကြာ ရခိုင်အကတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ဖျော်ဖြေတာ… လူလည်း ဇာတ်ကိုညောင်းသွားတာပဲ… မော့ကြည့်ရတာကိုးဗျ… ပြီးတော့မှ ရထားပွဲဒိုင်က တက်လာပြီး… ယောင်္ကျားတစ်ဘက် မိန်းမတစ်ဘက် နေရာခွဲခိုင်းတယ်…
လူက တအားများတော့ ဒိုင်က မိုက်နဲ့အော်တာတောင် တိုးမပေါက်ဘူးဖြစ်နေတယ်… တဖြည်းဖြည်းချင်း ငြိမ်အောင်ခဏလောက်စောင့်ပြီးမှာ စည်းကမ်းချက်တွေပြောတယ်… အဓိကရထားပွဲမှာ ပျော်စရာအချိန်ကတော့ ရထားဆွဲလို့နိုင်တဲ့ဘက်က သံချပ်ထိုးပြီး စကားနာထိုးကြတာပေါ့… မိန်းကလေးတွေ နိုင်ရင် ယောင်္ကျားလေးတွေ နားသာပိတ်ထားတော့… ယောင်္ကျားလေးတွေကလည်း မခေဘူးနော်… စကားနာထိုးတဲ့သံချပ်တွေက ရီရတာ အူတောင်နာတယ်… နှစ်ဘက်စလုံးအရမ်းတော်ကြတယ်… စည်းကမ်းချက်တွေပြောပြီးတော့ ရထားစဆွဲဖို့လုပ်ကြတယ်… ရထားဆိုတာက အောက်မှာ ငှက်ပျောတုံးဘီးထပ်ထားတဲ့ သစ်သားစင်မှာ အပင်တစ်ခုကို အသေအချာတပ်ထားတယ်… အဲဒီရထားဆိုတာကို တစ်ဘက်ကို ကြိုးနှစ်ချောင်းစီထုတ်ထားတယ်… ကြိုးတွေရဲ့အရှည်ကလည်း အနည်းဆုံး ပေ ၂၀၀ စီလောက်ရှိမယ်… ကြိုးရဲ့လုံးပတ်က ၃ လက်မလုံး အကြီးကြီးတွေ… အဲဒီရထားပဲဘယ်လောက်စည်လဲဆိုတာ အောက်မှာဓါတ်ပုံတွေတန်းစီတင်ထားပေးမယ်… ကြည့်လိုက်ကြဗျာ…အခုတော့စာချည်းပဲတောက်လျှောက် ရေးသွားလိုက်မယ်… ရထားပွဲက တစ်နေ့ကို ၇ ပွဲဆွဲကြတယ်…
ပထမနေ့က ကျွန်တော်လည်း နည်းနည်း ရှိန်နေတာနဲ့ဝင်မဆွဲဖြစ်လိုက်ဦး… နောက်နေ့ကြတော့ သူငယ်ချင်းတွေနဲ့သွားဖို့ တိုင်ပင်ပြီး သွားကြတယ်… ဒုတိယနေ့တော့ အပီအပြင်ဆွဲမယ်ဆိုပြီးတော့ပေါ့… ပထမနေ့ကလည်းယောင်္ကျားလေးတွေနိုင်ထားတော့ စိတ်ဓါတ်က တက်ကြွနေတယ်… ဒုတိယနေ့ရထားဆွဲမဲ့အချိန်ရောက်လာတော့… တစ်ဘက်စီနေရာယူပြီး ဆွဲကြပါလေရော… သိတယ်မလား ကျွန်တော်တို့ပါလာပြီလေ… ဘယ်ရမလဲ… ၅ မိနစ်တောင်မခံဘူး မိန်းကလေးဘက်ကနိုင်သွားရော :D … တစ်ပွဲတည်းနဲ့ လက်အရည်ကြည်ဖုထသွားတယ်ဗျာ… ဒါပေမယ့် ရှုံးထားတယ်ဆိုတဲ့စိတ်နဲ့ ထပ်ဆွဲတာ… ဘယ်ရမလဲ နောက်တပွဲကြတော့… ထပ်ရှုံးတာပဲ… :P မလွယ်ဘူးဗျ… မိန်းမနဲ့ယောင်္ကျားမနိုင်ဘူးလားလို့ပြောလဲပြောချင်စရာပဲ… လူက နှစ်ဆ သုံးဆလောက်ကွာတယ်… နှစ်ပွဲလည်းပြီးရော လက်ကမခံနိုင်တော့ဘူး… ပွဲစီစဉ်သူတွေက ကြိုသိနေတယ်ထင်တယ်… ကြက်ခြေနီအဖွဲ့က အဆင်သင့် အဲဒီက ကြက်ခြေနီအကိုကြီးကလည်း ဒဏ်ကြေဆေးလိမ်းပေးတယ်…ပတ်တီးစည်းပေးတယ်… မရဘူး သွေးပူနေတော့ထပ်ဆွဲတာပဲ… တခါတည်းပြောလိုက်မယ်ဗျာ… ခဏခဏရှုံးတယ်ပြောရတာ လက်ညောင်းလို့ ဒုတိယနေ့ (၇)ပွဲဆွဲတာ တစ်ပွဲမှ ယောင်္ကျားလေးမနိုင်ဘူးအေးရော… အဲဒီတော့ နောက်ဆုံးနေ့အဆုံးအဖြတ်ပဲလေ… ပထမနေ့က ၅ ပွဲနိုင် ၂ ပွဲရှုံး… အချိုးချလိုက်တော့ ၅ပွဲနိုင် ၉ပွဲရှုံး ဖြစ်နေပြီ… နောက်ဆုံးနေ့ကအဆုံးအဖြတ်လေ… ရခိုင်ကလူကြီးတွေကတော့ သူတို့နှစ်တိုင်းအတွေ့အကြုံကို ပြောပြပါတယ်…အားတက်စရာပါပဲ… နောက်ဆုံး (၅)နှစ်ယောက်ကြားလေး တစ်ခါမှမနိုင်ဖူးဘူးတဲ့… ကဲ (၆)နှစ်မြောက်လာပြီထင်တယ်… နောက်ဆုံးနေ့မနက်ပိုင်းမှာကြားရတဲ့သတင်းကတော့ ယောင်္ကျားလေးတွေ အားတက်စရာပါ… ဗူးသီးတောင်က မိန်းကလေးတွေအားလုံးနီးပါး ကားတွေနဲ့လာပါလိမ့်မယ်တဲ့… ကဲ ကဲ ကဲ… သတင်းကတော့ ဒီလိုပါပဲ သတင်းလွှင့်တာပေါ့ မိန်းကလေးတွေဘက် ယေင်္ကျားလေးတွေကြောက်သွားမလား ဆိုပြီး… ဘယ်ကြောက်လိမ့်မလဲ… လန့်တာ :D … ညနေ ၅ နာရီလောက်လဲရောက်ရော… အရင်နေ့တွေနဲ့လုံးဝမတူပါဘူး… အရမ်းကို တိုးတိုးကြိတ်ပါပဲ… စည်ကားလိုက်တာဗျာ… ဘာလို့လူတွေဒီလောာက်တောင်များလဲ ဟိုမေးဒီမေး မေးကြည့်တော့မှ… မနက်ကကြားတဲ့သတင်းက အမှန်ဖြစ်နေတာကိုး…
ဗူးသီးတောင်ကနေ ကားတွေနဲ့လာကြတာ မနည်းဘူးတဲ့ မိန်းကလေးတွေချည်းပဲတဲ့… ရထားဆွဲရမှာကိုကြောက်နေပြီ… ဒါပေမယ့်ဘယ်တတ်နိုင်မလဲ… ယောင်္ကျားလေးတွေကလည်း ၂ ရက်လုံး သံချပ် ၉ ခါပက်ပက်စပ်စပ် အပြောခံထားရတာတောင်မှ မမှတ်ဘူး… နောက်ဆုံးနေ့လည်းအများကြီးမရေးတော့ ပါဘူးဗျာ… ရှုံးတာပါပဲ… နောက်ဆုံးနေ့ ယောင်္ကျားလေးတွေရှုံးပြီး မိန်းကလေးတွေနိုင်ကြောင်း ဒိုင်က မိုက်ကနေ အော်လိုက်တာ… နားကွဲမတတ်ပဲ… အားလုံးပွဲတွေပြီးပြီဆိုတော့မှ နောက်ဆုံးပိတ်ပွဲဆိုတာရှိသေးတယ်… အဲဒီပွဲကမှ တကယ့်အနှစ် ပျော်စရာကောင်းတာ… ၃ ရက်လုံးလုံးဆွဲခဲ့တဲ့ရထားကြီးကို မီးရှို့ပစ်တာလေ… အပင်က အဲဒီတော့မှ ဘာအပင်လည်းဆိုတာသိတော့တယ်… ၀ါးပင်တွေဗျ… တစ်ဖောင်းဖောင်းနဲ့ ပေါက်လိုက်တာ ဆိုတာ ဗျောက်အိုးကျနေတာပဲ… အဲဒီရထားကို မီးရှိုနေတုန်း ရခိုင်လူမျိုးတွေ အရမ်းကြိုက်တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ (ရိုးရာကမမ) ဆိုတဲ့သီချင်းနဲ့ ကလိုက်ကြတာ… အရမ်းကိုပျော်ဖို့ကောင်းပါတယ်… အခုတော့ ရှိတဲ့ ဓါတ်ပုံလေးတွေကိုပဲကြည့်ရင်း ရခိုင်ရိုးရာ ရထားဆွဲပွဲအကြောင်း ဗဟုသုတလေးကို ဒီမှာပဲ ရပ်နားလိုက်ပါတယ်ဗျာ…။                      ။
ရခိုင်ပြည်နယ် မောင်တောမြို့ရောက် ကျွန်တော့်ဘ၀ ကောက်ကြောင်း(၇)…
ဒီတစ်ခါ အလုပ်တာဝန်အပြည့်နဲ့သွားခဲ့ရတဲ့ Field Visit (or) Field Trip ပုံစံလေး ပြောချင်ပါတယ်… ကျွန်တော် မောင်တောကိုရောက်ပြီး ၄ လလောက်အကြာမှာသွားခဲ့တာပါ… ဆောင်းရာသီကုန်ခါနီးမှာ သွားခဲ့ရတာဆိုတော့ အအေးကလည်း မပေါ့သေးဘူးလေ… မသွားခင်တစ်ရက်ကြိုပြောလိုက်ပါရဲ့ မနက်ဖြန် မနက် (၆)နာရီကားစထွက်မယ်တဲ့… လူကများပေမဲ့ ကျွန်တော့်စီးတဲ့ကားမှာ ကျွန်တော်နဲ့ နောက်ထပ်လုပ်ဖော် ကိုင်ဖက်အကိုတစ်ယောက်ပဲပါပါတယ်… ကျွန်တော်က ဒေတာတွေကို သွားစစ်ဖို့အဓိကပါ နောက်အကိုကတော့ HR အပိုင်းလိုအပ်တာလေးတွေလုပ်ဖို့ပေါ့… မနက် (၆)နာရီအရောက်ဆိုတော့ အိမ်ကနေ ၅း၃၀ ကတည်းကထ မျက်နှာသစ် (ရေတောမချိုးနိုင်ဘူး မနက်ပိုင်းအရမ်းအေးတုန်းပဲလေ) ပြီးတော့ နှစ်ယောက် အတူတူအပြင်ထွက်လာကြတာပေါ့… အိမ်ထဲမှာက မီးမရှိလို့ မှောင်တာများလားမှတ်တယ်… ဆောင်းတွင်းဆိုတော့က ၅း၃၀ လည်း မှောင်မည်းနေတာပဲ…ဒါပေမယ့်မတတ်နိုင်ဘူးလေ… ရုံးကို ၆ နာရီ အရောက်ဆိုတော့သွားပေါ့… ဆိုက္ကားကလည်းတစ်စီးမှမရှိသေးဘူး…နှင်းတွေကလည်းကျတယ်… အောင်မလေးဗျာ ဒီကြားထဲမှာမှ ခွေးတွေကလည်းသူတို့အစွယ်နဲ့သွားတွေကို အဟီးဟီးဖြဲပြနေတယ်… လန့်နေရတယ်… ဘယ်တော့များ ကိုယ့်ခြေသလုံးကိုပြေးတွယ်မလဲဆိုတဲ့အတွေးနဲ့ပေါ့… နှစ်ယောက်သား စကားတစ်ပြောပြောစမ်းတ၀ါးဝါးနဲ့ ရုံးကိုတန်းတန်းမတ်မတ်ရောက်ခဲ့ပါတယ်… ရောက်တော့ ကို့ထက်စောတဲ့ လူတွေကလည်းတစ်ပုံကြီးပဲ အထုတ်တွေအပိုးတွေနဲ့ပေါ့… သူတို့က Field ထဲမှာ ရက်ရှည် (၁၀ရက်) နေရမဲ့သူတွေဆိုတော့ အနွေးထည်…စောင်…အ၀တ်အစား… လိုအပ်တာလေးတွေပေါ့… သူတို့အထုတ်တွေကို ကားပေါ်တင်ပြီးလို့ စကားတောင်အေးဆေးထိုင်ပြောနေကြပြီ ဘယ်အချိန်တကည်းက ရောက်နေကြလဲတော့ မပြောတတ်ဘူး… အားလုံးစကားပြောနေတဲ့အချိန်မှာ ပါးစပ်ထဲက အငွေ့လေးတွေ ထွက်နေတာလည်း တမျိုးကြည့်လို့ကောင်းတယ်ဗျ… ကဲ အချိန်ကျပြီဆိုတော့ ကားထွက်မယ်ပေါ့… ကျွန်တော်တို့နှစ်ယောက်လည်း ကိုယ်စီးရမဲ့ကားပေါ်တက်ပြီး အငြိမ့်သားလေးပါသွားတာပေါ့… ကားထွက်တယ်ဆိုရင်ပဲ ကျွန်တော် အစွမ်းစပြပါတယ်… ထင်ပါတယ်အလွန်ဆုံး ၅ မိနစ်ပေါ့… ဟဲဟဲ တစ်ခေါခေါအိပ်ပျော်သွားလိုက်တာ… ခရီးတော်တော်ပေါက်တဲ့အထိပါပဲ… ဒါတောင် ကားကခဏရပ်ပြီး အဲကွန်းပိတ်သွားလို့နော်… မဟုတ်ရင် တလမ်းလုံးအိပ်မှာ… ဒါပေမယ့် ကျွန်တော် ဆက်မအိပ်ဖြစ်ပါဘူး… တစ်ခါမှမရောက်ဖူးနဲ့ နေရာကိုသွားရတာဆိုတော့ ပတ်ဝန်းကျင်ကိုလေ့လာရဦးမှာကိုး… ကျွန်တော်သွားရမှာက Field Base ၃ ခုစလုံးကိုသွားရမှာပါ… ရွာနာမည်လေးတွေကိုလည်း ဖတ်ကြည့်ပါဦး… ကြိမ်ချောင်းရွာ... သမန်းသားရွာ… ခမောင်ဆိပ်ရွာ… အဲဒီရွာသုံးခုကိုပါ… ပထမဆုံးရောက်မှာက ကြိမ်ချောင်းကိုပါ ကားနဲ့ပုံမှန်သွားလို့ကြာတဲ့အချိန်ကတော့ ၂နာရီ ကျော်ကျော်လောက်ပေါ့… လမ်းမှာက တစ်ဝက်လောက်အိပ်ပြီး လိုက်လာတာဆိုတော့ ကျန်တဲ့တစ်ဝက်ကို အိပ်ချင်ဘူးတူး မျက်ပြူးဆိုတဲ့ အထာလေးနဲ့ ဟိုကြည့်ဒီကြည့်လုပ်ရင် ကြိမ်ချောင်းကိုရောက်လာခဲ့ပါတယ်… အစောကြီးကတည်းက ပလန်ချပြီးသားပါ… ကြိမ်ချောင်းမှာ စစ်စရာရှိတာစစ်ပြီး အဲဒီနေ့မှာပဲ ခမောင်းဆိပ်အထိ အရောက်ဆင်းရမှာပါ… အဲဒီတော့ ရောက်ရောက်ချင်းမနားဖြစ်ပါဘူး… Field Base ကတာဝန်ရှိတဲ့ ဆရာဝန်အမရယ် Site Officer ရယ် သူတိုနဲ့ ဒေတာနဲ့ပတ်သက်တဲ့ ကိစ္စတွေဆွေးနွေးပြီး လိုအပ်တာတွေကိုလည်းတိုင်ပင် ပြီးတော့ ကော်ဖီသောက်ကြတာပေါ့… ကော်ဖီသောက်ပြီးတော့ မနက်စာ ထမင်းစားမယ်ဆိုပြီတော့ ကြိမ်ချောင်းဈေးကို သွားကြပါတယ်… အဲ… ပြောစရာတစ်ခုပေါ်လာပြီ နည်းနည်းထူးဆန်းတာလေးပေါ့ ကြိမ်ချောင်း သမန်းသား ခမောင်းဆိပ် ရွာသုံးရွာက မောင်တောမှာ မသိသူမရှိပါဘူး ဝေးလွန်းပေမဲ့ NGO and UN တွေအကုန်လုံး အဲဒီ ရွာသုံးရွာကိုပဲ အဓိကထား အလုပ်ခွင်တည်ထားတာဆိုတော့ အရမ်းကြီးတဲ့ရွာကြီးတွေဆိုတာ ခန့်မှန်းမိမှာပါ… အဲဒီမှာ ထူးခြားတာက ဈေးနေ့ဆိုတာရှိတယ်ဗျ… မျက်စိလည်သွားလားမသိဘူး… ဈေးကိုနေ့တိုင်းမရောင်းဘူး တစ်ပတ်မှနှစ်ရက်ပဲရောင်းတယ်… ဥပမာ ကြိမ်ချောင်းက တနင်္လာ ကြာသပတေးဆို အဲဒီနေ့ပဲဈေးရှိတယ်… ကျွန်တော်တို့သွားတဲ့ရက်က သမန်းသားဈေးနေ့ဖြစ်နေတယ်…ကြိမ်ချောင်းမှာဘာဈေးမှမရှိဘူး… ကြိမ်ချောင်း သမန်းသား ခမောင်းဆိပ် သုံးခုကလည်းဈေးနေ့တွေမတူပြန်ဘူး… ဘာလို့ဈေးနေ့တွေခွဲထားလဲတော့မသိဘူး  ကဲဈေးအကြောင်းလေးထားလိုက်ပါဦး.. ထမင်းစားဖို့ထွက်လာတော့ လမ်းမှာ ကုန်းမြင့်ကြီးတစ်ခုတွေ့လို့ တက်ကြည်တယ်… တော်တော်လှတယ်ဗျ… ကျွန်တော်လည်းမသိဘူး နောက်မှမေးကြည့်တော့ အဲဒါက ကြိမ်ချောင်းရွာသူရွာသား တွေအားလုံး သုံးရေ သောက်ရေ အဖြစ်အသုံးပြုတဲ့ ရေကန်ကြီးတဲ့… ဒါတွေကတော့ အစကဆိုရင် အံ့သြကောင်းအံ့သြမယ်… အခုတော့ ဘာမှမထူးဆန်းတော့ပါဘူး… အဲလိုကန်မျိုးကို နေရာတိုင်းမှာ တွေ့ခဲ့ရပြီလေ… အဲလိုနဲ့ပဲ ရှိတဲ့ထမင်းဆိုင်လေးမှာ ထမင်းစားကြတာပေါ့… ဘယ်ရမလဲ ရခိုင်ဆိုင်ပဲသွားတာ.. ၀က်သားလေးနဲ့ မြိန်သလားမမေးနဲ့ အစပ်လည်းမကြောက်တော့ဘူး ကြိုက်သလောက်စပ် အားလုံးနဲ့တန်းတူ စားနိုင်သွားပြီ အတွေ့အကြုံကသင်ပေးသွားတာလေ… ထမင်းစားပြီးတော့ ကားဆရာကိုကိုက ထွက်မယ်ဆိုတော့ အီးလည်လည်ကြီးနဲ့ သမန်းသာကိုခရီးဆက်ခဲ့ကြတာပေါ့… ကြိမ်ချောင်းနဲ့ သမန်းသားကြားမှာရေးစရာအထွေအထူးသိပ်မရှိပါဘူး… သမန်းသားကနေ ခမောင်းဆိပ်ရောက်ဖို့သွားတဲ့ ကြားခရီးကမှ နည်းနည်းရေးစရာရှိဦးမယ်… သမန်သားကနေ ဒေတာတွေစစ်ပြီးတော့ ညနေ ၃း၃၀ လောက် ပြန်ထွက်လာကြတယ်… ခမောင်းဆိပ်ကို ၄၅မိနစ်လောက်မောင်းရင်ရောက်ပါပြီ… ဒါပေမယ့်ကြားထဲမှာ တွေ့ခဲ့ရတဲ့မြင်ကွင်းလေးတွေတော့ ဓါတ်ပုံလေးနဲ့တွဲကြည့်ကြည့်ပါဦး… တံတားကျိုးတစ်ခုနားကို ရောက်တော့ကားဆရာကို မေးကြည့်တော့ အရင်နှစ်ကမိုးတွင်းက ရေတွေကြီးပြီး ပြိုသွားတဲ့တံတားတဲ့…တံတားမရှိတော့ ကျွန်တော်တို့ကားတွေ ဘယ်လိုသွားရတယ်မှတ်တုန်းဗျ… ရေထဲကနေကားမောင်းသွားရတယ် ပျော်စရာကြီးတခါမှရေထဲမှာကားမစီးဖူးဘူး… မယုံဘူးမလား ဓါတ်ပုံကိုကြည့်လိုက်… ဟဲဟဲ အံ့သြသွားမယ်…
တစ်ခါတစ်ရံ တောထဲကနေ ရွာနားအထိရောက်လာပြီ သီးနှံတွေ လာရောက်စားသောက်တတ်တဲ့ဆင်တွေလည်းရှိပါတယ်... လမ်းတွေပေါ်အထိလည်းတက်ပါတယ်… အရမ်းဆိုးပါတယ်… သူတို့နဲ့ တွေ့ရင် ကားစက်ကိုသတ်ပြီး ငြိမ်ငြိမ်လေးနေရပါတယ်… မဟုတ်လို့ကတော့ အမြင်ကတ်ပုဒ်မနဲ့ ကားကို နှာမောင်းတွေနဲ့ဆွဲလန်ပစ်ပါလိမ့်မယ်… တောဆင်းရိုင်းတွေဆိုတောက ဆိုးချင်တိုင်းဆိုးကြတာပေါ့… စဉ်းစားသာကြည့်ဗျာ… ကျွန်တော်တို့လို တခါတလေသွားရတဲ့သူက အရေးမကြီးဘူး အမြဲတမ်းသွားရတဲ့သူဆို ဆင်နဲ့ဘယ်နေ့တွေ့မလဲဆိုတာပဲစဉ်းစားရမှာ… တစ်ခုတော့ပြောပြပါ့မယ်… Privacy ချိုးဖောက်တယ်လဲ မထင်ကြပါနဲ့… ကျွန်တော် Field Base တစ်ခုကဆေးရုံမှာ ဆင်နင်းခံရတဲ့ လူနာတစ်ယောက်ကို အဲဒီနေ့မှာပဲ တွေ့ခဲ့ရပါတယ်… အခြေအနေနည်းနည်းဆိုးတယ်လို့ပဲပြောရမှာပေါ့… ကျွန်တော်သူခံစားနေရတာ မကြည့်ရက်တာအမှန်ပဲဗျာ… ဆိုးလွန်းပါတယ်… ဒါလည်း ဘ၀တွေထဲက ဘ၀လို့ပဲ ကြီးကြီးကျယ်ကျယ် ပြောရမှာပဲ… ထားပါတော့ဗျာ… ဒီလိုနဲ့ ညနေစောင်း ၄း၄၀ လောက်ကျတော့ ခမောင်းဆိပ်ရောက်သွားတာပေါ့ Field Base သုံးခုထဲမှာ ခမောင်းဆိပ်က အဝေးဆုံးဗျ… ဒါပေမယ့် ကျွန်တော်အကြိုက်ဆုံးကလည်း ခမောင်းဆိပ်ပဲ… အရမ်းနေလို့ထိုင်လို့ ကောင်းတယ်ဗျာ… Field Base ရုံးကလည်းအကျယ်ကြီး တကယ့်ကိုအကြီးကြီးပဲ… ညနေစောင်းမှရောက်တော့ အလုပ်တွေလည်းရှုပ်နေကြတော့ ကျွန်တော်လည်း ဒေတာတွေမစစ်ဖြစ်ဘူး… ဘာလုပ်တယ်မှတ်လဲ ခြံကလည်းကျယ် ၅း၃၀ လောက်ကျတော့ အားလုံးရှင်းသွားပြီ ဆိုတော့မှ အဲဒီရုံမှာရှိတဲ့ ကြက်တောင်ရိုက်တံငှားပြီ ကြက်တောင်ထွက်ရိုက်တယ်… ပျော်စရာကြီး ကလေးလို ဆော့ရတာကိုး… ရုံးကလူတွေကြီးပဲဆိုတော့ ရှက်စရာလည်းမလိုဘူးလေ… (အစကတည်းကလည်း သိပ်မရှက် တတ်တာပါမယ်ထင်တာပဲ :D) ဆော့ပြီးတော့ပင်ပန်းလာတာနဲ့ ရေချိုးမယ်လုပ်တော့ ညပိုင်းရောက်လို့ အရမ်းအေးနေပြီ… ရေသွားကိုင်ကြည့်တယ်… လက်ကျင်လို့ပြန်ထွက်လာတယ်… မရဘူး နံချင်နံပါစေ မချိုးဘူး စိတ်ဓါတ်က ညစ်ပတ်ဖို့ဆိုမာတယ်လေ… ဒါပေမယ့် Field Base ကအကိုက မခံနိုင်ဘူးလားမသိပါဘူး ရေနွေးနဲ့ချိုးပါလားဆိုတော့ ရေငတ်တုန်းရေတွင်းထဲကျပေါ့… ချက်ခြင်းရေနွေးအိုးလာပေးတယ်… ကျေးဇူးတင်လိုက်တာဗျာ… လူကိုရေချိုးလိုက်တာလန်းသွားတာပဲ… ပြန်ထွက်လာမှ သေမတတ်အေးတာ… နေဖို့ပေးထားတဲ့အခန်းထဲဝင်ပြီး ရေမြန်မြန်သုတ် စောင်ခြုံပြီး ငြိမ်ငြိမ်လေး ၅ မိနစ်လောက် ကွေးနေလိုက်မှာ အချမ်းသက်သာသွားတယ်… တကယ်ကိုအေးတာ… ရန်ကုန်မှာအဲဒါမျိုးအအေးဓါတ်က ရှိမှမရှိတာ ဘယ်ခံနိုင်မလဲ… အဲဒီနေ့ညကျတော့ အိပ်လို့ကောင်းလိုက်တာ တကယ့်ကိုတိတ်ဆိတ်အေးချမ်းတဲ့ နေရာလေးပါပဲ… မနက်ကျတော့လည်း အစောကြီးထဖြစ်တယ်… မနက်စာစားသွားစားမယ်လုပ်တော့ ရွာကလူကြီးတစ်ယောက်က ဖိတ်ကျွေးတယ်… မနက်စာသူ့အိမ်မှာသွားစားဖြစ်တယ်… စာလို့ကောင်းတယ်ဗျ ကိုယ်တိုင်ချက်တာလို့ပြောတယ်… ဘယ်အချိန်တည်း ကချက်ထားလဲတော့မသိဘူး… ခမောင်းဆိပ်မှာလည်း မနက်စာစားပြီးတော့ ဒေတာကိစ္စတွေပြော… ဘာအလုပ်မှမရှိတော့ ဟိုနားဒီနား လျှောက်သွားကြည့်တာပေါ့… အဲဒီမှာ ယိုင်နဲ့နဲ့တံတားလေးတစ်စင်းသွားတွေ့တယ်… ယိုင်နဲ့နဲ့ဆိုပေမဲ့… ကျွန်တော်တက်တာတောင်ဘာမှမဖြစ်ပါဘူး… နယ်ခံတစ်ယောက်ပြောပြတာကတော့ အဲဒီတံတားက နွေရာသီ တစ်ခုတည်းအတွက်ဆောက်ထားတာဆိုပဲ… မိုးရာသီကြရင် ရေစီးနဲ့တစ်ခါတည်းပင်လယ်ထဲကိုပါသွားရောတဲ့… ကဲ… အဲလို အကြံအစည်ကောင်းတွေနဲ့ သေချာကို တံတားထိုးထားတာနော် လန်းတယ် ကြည့်..အဝေးကြီးလည်းမသွားဖြစ်တော့ပါဘူး… ခဏပဲပတ်ပြီးပြန်လာလိုက်တယ်… အားလုံးကိစ္စတွေလည်းပြီးပြီ ဆိုတော့ နေ့လည်လောက်ပြန်ဖြစ်ကြတယ်… အပြန်ကြတော့ ကြားရွာဖြစ်တဲ့ သမန်းသားကိုခဏပဲဝင်တယ်… ကြိမ်ချောင်းကိုတိုက်ရိုက်မောင်းချလာတာ… ကံကောင်းချင်တော့ ကြိမ်ချောင်းဈေးနေ့ဖြစ်နေတယ်… ကော်တာပဲဆိုပြီး ၀င်မွှေတာ… ဒီတခါအမွှေကောင်းတာ ကိုယ်ကြိုက်တဲ့အစာလေးသွားတွေ့တယ်… ဘာများထင်လဲ…. ဒိန်ချဉ်ပါဗျာ… ဒိန်ချဉ်ပါ… အရမ်းတန်တယ် အိုးအကြီးကြီးမှ  ၁၅၀၀ ပဲပေးရတယ်… အိုးတစ်အိုးကလည်း သွန်ထည့်လိုက်ရင် ထမင်းနှစ်လုံးချက်ဒန်အိုးကိုပြည့်ရော ကျွန်တော်ဝယ်ရင် ၁၃၀၀ ရမလားလို့ ဈေးဆစ်နေတဲ့ပုံကိုလည်းကြည့်လိုက်ပါဦး… ၁၃၀၀ ရရင် ၅ အိုးယူမယ်ဆိုမှ မရဘူးဆိုပဲ… ကဲ … နောက်ဆုံးတော့လည်း ဈေးဝယ်ပြီး မောင်တောကိုတန်းပြန်လာခဲ့ကြတာပါ… ဘာမှထူးထူးခြားခြား မရှိတော့ပါဘူး… အော်… မေ့သွားလို့… သမန်းသားနဲ့ ခမောင်းဆိပ်မှာ ချက်ကျွေးခဲ့တဲ့ နေ့လည်စာ နဲ့ ညစာကို ဘယ်တော့မှမမေ့ပါဘူးလို့ သွားရေတမျှမျှ ငတ်ကြီးကျရင်းနဲ့ပဲ နိဂုံးချုပ်ပါတယ်ဗျာ…။         ။
ရခိုင်ပြည်နယ် မောင်တောမြို့ရောက် ကျွန်တော့်ဘ၀ ကောက်ကြောင်း(၈)…
ဒီတခါတော့ မောင်တောမြို့ထဲက ကျေးရွာလေးတစ်ခုဖြစ်တဲ့ အောင်ဗလရွာဆိုတဲ့ နေရာကို သွားခဲ့တဲ့အကြောင်းရေးမယ်ဗျာ… အစကတော့ မလိုက်ချင်သလိုလိုက်ချင်သလိုအင်တင်တင်လုပ်နေတာ… အားလုံးက စက်ဘီးနဲ့ပဲသွားမယ် ကားမငှားဘူးလည်းဆိုရော… တော်တော်ပျော်သွားတာ… ကားမစီးချင်ဘူးလေ… ကားကသုံးဘီးဆိုင်ကယ်(တုတ်တုတ်) ပဲရှိတာ… အားလုံးစက်ဘီး ဘယ်နှစ်စီးရှိလည်း တွက်ကြည့်တော့ ၆ စီး… လူက ၁၅ယောက်လောက်ရှိတယ်… စက်ဘီးနှစ်စီးက နှစ်ယောက်စီးလို့မရဘူး… အဲဒီတော့ စက်ဘီး ၄ စီးနဲ့ ၈ယောက်သွားတယ်… ကျွန်တော်နဲ့ နောက်တစ်ယောက်က တစ်ယောက်တစ်စီး…ကျန်တဲ့ ၅ယောက်လောက်က ဆိုက္ကားနဲ့ညားရော… စက်ဘီးတွေစီပြီးနင်းလာလိုက်တာ… လူတွေကလည်း စက်ဘီးတန်းကြီးကိုမမြင်ဖူးဘူးလားမသိဘူး သေချာကို မျက်ပြူးကြီးတွေနဲ့လိုက်ကြည့်တာ… ထားပါတော့… အဲလိုနဲ့ ၁၀ မိနစ်လောက်နင်းလာလိုက်ကြတာ… မောင်တောဈေးရောက်လာတယ်… မောင်တောဈေးမှယောင်္ကျားလေးတွေ စက်ဘီးစောင့် မိန်းကလေးတွေက ဘုရားမှလှူဖို့ပန်းတွေ ပစ္စည်းတွေဆင်းဝယ်ကြတယ်… အမှန်တော့ အဲဒီနေ့က အောင်ဗလရွာကစေတီကိုသွားဖို့အဓိကပါ… ဒါပေမယ့် စေတီကိုဖူးပြီးတာနဲ့ ဘယ်ကိုခြေထပ်ရှည် ကြလဲဆိုတောမကြာခင်ဖတ်ရမှာပါ… ဈေးကနေဆက်ထွက်လာတော့ ရှေ့ကစက်ဘီးလေးစီးက ကော့ကော့လေးနင်းသွားကြတော့ သူတို့နောက်လိုက်တာပေါ့ နောက်ကဆိုက္ကားနှစ်စီးက မပါလာဘူး… ဘယ်မှာကျန်ခဲ့လဲပေါ့…သူတို့လမ်းများမှားကုန်ပြီလားဆိုပြီး စိတ်ပူမိသေးတယ်… တော်တော်လေး နင်းလာပြီးမှ ရှေ့ဆုံးက စက်ဘီးကရပ်ပြီး ဘာပြန်မေးတယ်မှတ်တုန်း ဘယ်ကိုဆက်သွားရမှာလဲတဲ့… အားလုံးက မင်းမသိဘူးလားဆိုတော့ မသိဘူးလေတဲ့ ဒါဆို ဘာလို့ရှေ့ဆုံးကနေသွားနေတာလဲဆိုတော့ ဒီလိုပဲနင်းလာလိုက်တာလေတဲ့ ဘာကြောင့်မှမဟုတ်ဘူးတဲ့… သေစမ်း… ဟိုလူ့မေးဒီလူ့မေးပေါ့ ဘယ်တတ်နိုင်မလဲ အောင်ဗလရွာဘယ်လိုသွားမရမလဲဆိုတော့ မြန်မာလိုနားလည်းမလည်ကြဘူး… ၄ ၅ ယောက်လောက်မေးမှ ဟိုလက်ညိုးထိုး ဒီလက်ညိုးထိုးနဲ့ ရခိုင်လူမျိုးတွေရှာမေးမှ စိတ်အေးရတော့တယ်… လမ်းမှားတာလည်းတော်သေးတာပေါ့ သိပ်အဝေးကြီးမသွားလိုက်ရလို့… သွားရတဲ့လမ်းကတော့ကြမ်းသလား မမေးနဲ့ ကြမ်းတယ်… တော်တော့ကိုကြမ်းတာ… ဖင်ကိုနာနေတာပဲ (စက်ဘီးစီးရလို့ပြောတာနော် တမျိုးမထင်ကြနဲ့ဦး) ၁၅ မိနစ်လောက် သဲထဲ ရွံ့ထဲ ချိုင့်ခွက်တွေထဲ စက်ဘီးနင်းလာလိုက်ကြတာ သွားဖို့ရည်ရွယ်ထားတဲ့ စေတီကိုရောက်ခဲ့ကြပါတယ်…အဲဒီစေတီမှာပဲ ရိုခိုးဝတ်ပြုပြီး ညီအကိုမောင်နှမတွေ စုပြီးဓါတ်ပုံရိုက်ဖြစ်ကြတယ်… စေတီလေးရဲ့တည်နေရာက အရမ်းအေးချမ်းတယ် ဆောင်းတွင်းဖြစ်တာလည်း ပါပါတယ်… ဘေးဘက် လေးဘက်လေးတန်မှာ ဘာမှမရှိဘူး ကွင်းပြင်ကြီးဗျ… ညောင်ပင်ကြီးတစ်ပင်တော့ စေတီရဲ့မလှမ်းမကမ်းနားမှာရှိတယ်… သေသေချာချာလေး စည်းရိုးခတ်ထားတယ် မေးကြည့်တော့ ဗောဓိညောင်တဲ့… အရမ်းကို ကြည်နူးသွားမိတယ်… တကယ့်ကို သာယာတဲ့နေရာလေးမှာ ဘုရားရှင်ကို ရည်စူးထားတဲ့ စေတီနှစ်ဆူ တစ်ပြိုင်နက်တွေ့ခဲ့ရလို့လေ… စေတီကတစ်ခု ဗောဓိညောင် ကလည်းစေတီပဲလေ အဲဒါကြောင့် အရမ်းဝမ်းသာမိတယ်… ကလေးတွေကလည်း ဘုရားနားမှာ ကစားနေလိုက်ကြတာ… ပျော်စရာပါ...  ဘုရားမှာ ဓါတ်ပုံတွေရိုက်ပြီးတော့ အောင်ဗလရွာ ဘုန်းကြီးကျောင်းကိုသွားကြတယ်… ဆရာတော်ကိုကော်ဖီမစ်တစ်ယောက်ကပ်တယ်… အားလုံးကတော့ ၀တ္တုငွေကပ်ကြတယ်… ဆရာတော်က ခဏတရားပေးတယ်… ဆရာတော်က သူကြုံတွေ့ခဲ့ရတဲ့ ဘင်္ဂလာဒေရှ့်က “မြို” လို့ခေါ်တဲ့ လူမျိုးတွေအကြောင်းပြောပြတယ်… ဓါတ်ပုံတွေလည်းထုတ်ပြတယ်… ဓါတ်ပုံတစ်ပုံလောက်စွန့်ဖို့ ဆရာတော်ကို ခွင့်တောင်းချင်ပေမယ့် ဆရာတော်ကို အားနာမိလို့ မတောင်းခဲ့တော့ပါဘူး (နောက်မှသိခဲ့ရတာကတော့ အဲဒီ လူမျိုးတွေက မောင်တောမြို့ကနေ ကြိမ်ချောင်း သွားတဲ့လမ်းခွဲမှာ မြိုရွာ တစ်ရွာရှိတယ်လိုသိရပါတယ် အိမ်ခြေ ၁၀ကျော်လောက်ပဲရှိတယ်လို့ပြောကြတယ်) အဲဒီ မြို လူမျိုးတွေက နားကွင်းအကြီးကြီးတွေစွပ်ထားတာပါ… နားကွင်းတွဲလောင်းမဟုတ်ဘူးနော်… နားမှာကို နားပေါက်အကြီးကြီးဖြစ်ပြီး အသေတပ်ထားသလိုမျိုး စွပ်ထားတာ… ဘယ်လောက်ကြီးမလဲဆိုရင် သေချာတာကတော့ ပုံမှန် လက်ဖက်ရည်ဆိုင်က ကော်ဖီခွက်ထက်မသေးတာအမှန်ပဲ… ကဲ မျက်လုံးထဲ မြင်ယောင်လောက်ပြီထင်ပါတယ်… ဓါတ်ပုံတွေ ရမလာခဲ့တာတော့ စိတ်မကောင်းပါဘူးဗျာ… ဆရာတော်ဆီမှာ အလှူငွေထည့်ပြီး ခဏအကြာမှာပဲ ဘုန်းကြီးကျောင်းကနေ ပြန်ထွက်လာခဲ့ပါတယ်… ဘုန်းကြီးကျောင်းကနေ ပြန်ထွက်တော့ ရုံးကအမတစ်ယောက်က အဲဒီ အောင်ဗလရွာလေးမှာ နေတယ်လေ… သူအိမ်ကိုသွားလည်ကြတာပေါ့… အိမ်ရောက်တော့ သူက မုန်တွေအများကြီးချကျွေးတာ အားနားလိုက်တာဗျာ… (စားတာပါပဲ) မစားခင်လေးမှာ အားလုံးအဲဒီအိမ်ရဲ့ ခြံဝန်းလေးထဲမှာရှိတဲ့ ငပိထောင်းတဲ့ဆုံကို အထူးအဆန်းသွားကြည့်ကြသေးတယ်… ;မွေးနေတာကိုးဗျ… ငပိနံ့လေးက သင်းနေတာပဲ… အဲဒီအိမ်မှာမွေးထားတဲ့ အမျိုးတွေတောင်တွေ့ခဲ့သေးတယ် (၀က်ကလေးတွေ) ချစ်စရာလေးတွေဗျာ… တကယ်ချစ်ဖို့ကောင်းတယ်… ဘယ်လောက်ချစ်ဖို့ကောင်းလဲဆိုရင် ကျွန်တော် သရေတောင်ကျတယ်ဗျာ… :D … မစားရတာကြာတော့ ၀က်သားဆိုရင် မနေနိုင်ဘူးလေ… စားသောက်ပြီး နာရီဝက်လောက်အေးဆေးနေလိုက်ကြသေးတယ်… ပြီးတော့ တစ်ယောက်က စပြောတယ်… Border Fence ကိုမြင်နေရတယ် သွားကြမလားတဲ့… အားလုံးကလည်း ရောက်မှမရောက်ဖူးတာ သွားကြမယ်ဆိုပြီး ထွက်လာကြတာ… အမြင်ကတော့ နီးနီးလေးဗျာ…ရောက်ဖို့လျှောက်လိုက်ရတာ… နာရီဝက်လောက်ကြာတယ်…
(သတိ နောက်ခံ Border Fence ကိုသာကြည့်ရန် တကယ်ကို ပုံမရှိလို့ပါ... :P ) ပြီးတော့ လယ်ကွင်းတွေကိုဖြတ်လျှောက်ရတာလေ… အဖုအထစ်တွေချည်းပဲ… နောက်ဆုံးတော့လည်းရောက်သွားတာပါပဲ… အဲဒီမှာ အလုပ်လုပ်နေတဲ့သူတွေရှိတယ်… အစိုးကရ ချထားတဲ့ အစောင့်တွေလည်းရှိတယ်… သူတို့ကို အသေအချာပြောဆိုအကူအညီတောင်းတာပေါ့… ခဏလောက် သွားပြီး ကြည့်ချင်လို့ပါ… အမှတ်တရဓါတ်ပုံလေးတွေရိုက်ချင်လို့ပါလို့ ပြောတော့သူတို့ကလည်း ကြည်ကြည်ဖြူဖြူ ခွင့်ပြုပါတယ်… အဲဒါနဲ့အေးဆေးဓါတ်ပုံတွေရိုက်ကြ ဆော့ကြတာပေါ့… ဆော့တယ်ဆိုတာက ဘာရယ်မဟုတ်ပါဘူး ဓါတ်ပုံကို ပုံစံအမျိုးမျိုးရိုက်ကြတာကိုပြောတာပါ… ခက်တာက ကျွန်တော်တို့နဲ့အတူ နိုင်ငံခြားသားတစ်ယောက်ကပါလာတယ်… သူကတော့ အဆင်မပြေလို့ Border Fence နားကိုလိုက်မလာဘူး ဆိုပြီးအဝေးမှာပဲရပ်ကျန်နေခဲ့တဲ့… အကြာကြီးလည်းမနေပါဘူး ဓါတ်ပုံရိုက်ပြီးတာနဲ့ ခဏပဲ ပြန်တာပါ… အပြန်လမ်းမှာတော့ တစ်လမ်းလုံး စကားတွေအော်ပြော ငြင်းခုန်ရင်းနဲ့ပဲ ပြန်လာခဲ့ကြတယ်လေ… ထူးခြားတာကတော့ Border Fence ဆိုတာက တော်ရုံတန်ရုံ ရောက်ဖို့မလွယ်တဲ့ နေရာပါ ကျွန်တော်တို့ရောက်ခဲ့တဲ့ အချိန်တုန်းကတော့ လုပ်ငန်းခွင်အချိန်ပဲရှိပါသေးတယ် အခုတော့အားလုံး သံဇကာတွေလည်း တပ်ပြီးပြီလို့သိရပါတယ်… မောင်တောမှာ နေလို့ Bangladesh နဲ့လည်းတအားနီးလို့ Border Fence ဆိုတာကို ကိုယ်တွေ့ရောက်ဖူးခဲ့ရတာပါ… အဲလို အတွေ့အကြုံမျိုးဆိုတာ နောက်အလုပ်တစ်နေရာကိုပြောင်းရင် သက်သက်ချည်းပြန်လာဖို့ဆိုတာ မလွယ်တော့ဘူးလေ… အဲဒီအတွက် မရောက်ဖူးတဲ့ သူငယ်ချင်းတွေကို သိစေချင်လို့ မြင်ဖူးစေချင်လို့ ပုံတွေနဲ့အတူ ရေးပေးလိုက်တာပါ…ကျန်တာတော့ တအားထူးထူးခြားခြားကြီးမရှိလှပါဘူး… အင်း…မေ့လို့… အပြန်မှာကျွန်တော့် စက်ဘီး Chain ၁၀ ခါလောက်ပြုတ်ပြုတ်ကျလို့ စက်ဘီးကိုလူကပြန်စီးသွားပါကြောင်း…။                     ။
ရခိုင်ပြည်နယ် မောင်တောမြို့ရောက် ကျွန်တော့်ဘ၀ ကောက်ကြောင်း(၉)…
ရခိုင်ပြည်နယ် မောင်တောမြို့ရောက် ကျွန်တော့်ဘ၀ ကောက်ကြောင်း(၁၀)…
ရေမြှုပ်တာလည်း မြှုပ်ပြီးကုန်ပြီလေ… မပြင်နိုင်တာကို မစဉ်းစားတော့ပဲ ဘယ်ဘက်က တတ်နိုင်မလဲ ဆိုတာလေးပဲ စဉ်းစားနေမိတာ… နောက်ဆုံးတော့လည်း ဒီဘက်မှာ စားကျက်လုနေတဲ့ အဖွဲ့အစည်းတွေထဲက တစ်ခုဖြစ်တဲ့ ကိုယ်တိုင်လည်း လက်ရှိ  တာဝန်ထမ်းဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့ WFP (ကြွားတာမဟုတ်ဘူးနော်) နဲ့ပဲ ယောင်ဝါး ကုသိုလ်လေးပဲ ယူလိုက်တာပေါ့… ကျွန်တော့်တို့အဖွဲ့အစည်း ဆောင်ပုဒ်ကိုက Fighting Hunger Worldwide… နောက်တစ်ခုက World Food Programme ဆိုတာရဲ့ ချစ်စနိုးနာမည်ရှိသေးတယ်.. We Feed People တဲ့… ကျွန်တော် အဲဒီစာသားလေးအရမ်းကြိုက်တယ်… ကဲ…အလှူအဒါန်း ကုသိုလ်အကြောင်းလေးပဲ စလိုက်မယ်ဗျာ… ကျွန်တော် ရေကြီးတဲ့အချိန်ကာလ အတွင်းမှာ… ဘူးသီးတောင်မြို့ကို သွားခဲ့ရတယ်… သွားခဲ့ရပုံကလည်း တစ်သက်စာ မမေ့စရာပါပဲ… ဒီ နံပါတ် (၁၀) က ကျွန်တော်သွားခဲ့ရတဲ့ ခရီးလမ်းကြောင်းနဲ့တင်ပြီးသွားမှာပါ… အဲဒီနေ့ မနက် (၆)နာရီလောက်တည်းက နိုးနေတယ်… ဘာလို့လဲဆိုတော့ အ၀တ်အစားတွေထည့်ရမယ်လေ… ကိုယ်က ဘူးသီးတောင်မှာ ၁၀ရက်လောက် နေရမယ်လို့ တာဝန်ကျတာကိုး… အဲဒါနဲ့ ရှိတဲ့ အ၀တ်စုတ်လေးတွေ… သွားတိုက်ဆေး/တံ… ဆပ်ပြာနဲ့ တခြားလိုတာလေးတွေ ဖိသိပ်ထည့်ပြီး ကားအလာကိုစောင့်နေလိုက်တယ်… ဒီနေ့ လမ်းလျှောက်သွားရမယ်ဆိုလို့ အတွေ့အကြုံအသစ်ဆိုပြီး ရင်ခုန်နေတာ… လာကြိုတဲ့ကားကလည်း ချိန်းထားတဲ့အချိန်အတိုင်းပါပဲ ရောက်လာပါတယ်… ဒါနဲ့ အိမ်ကနေရုံးကိုသွားပြီး ယူစရာရှိယူ… ပြီးတာနဲ့ မောင်တောကနေ ဘူ၊သီးတောင် တောင်ပတ်ကားလမ်းပိုင်း ရသလောက်ထိလာခဲ့တယ်… ရသလောက်ဆိုလို့ အဝေးကြီးမထင်နဲ့ ၁၀ မိနစ်လောက်ပဲရှိသေးတယ် လမ်းစလျှောက်ရမဲ့နေရာက ရောက်ပြီ… အားလုံး ၇ မိုင် လမ်းလျှောက်ရမယ်တဲ့… ကြားတာနဲ့ နည်းနည်းတွန့်သွားတယ်… ဒါပေမယ့်လည်း ကိုယ့်ကိုကိုယ် အားတင်းထားရတာပေါ့… ကုသိုလ်ရေး ကုသိုလ်ရေး ဆိုပြီးတော့… အဲဒါနဲ့ ကားကရှေ့ဆက်သွားမရတော့တဲ့ နေရာရောက်တော့ ရပ်လည်းရပ်ရော… အို… ဓါးပြတိုက်မလို့လားမှတ်ရတယ်… လူတွေကားနားကို အုံလာလိုက်တာ လန့်တောင်လန့်သွားတယ်… လက်ထဲမှာလည်း ဒုတ်တွေနဲ့… ခပ်တည်တည်နဲ့ ကားပေါ်မှာပဲ ထိုင်နေလိုက်တယ်… အမှန်တော့ ဘာမှန်းမသိလို့ လန့်ပြီးကားပေါ်က မဆင်းရဲသေးတာ… ပြီးတော့မှ ကားမောင်းတဲ့ဆရာသမားက အထုပ်ထမ်းပေးဖို့ စောင့်နေကြတာပါဆိုမှ စိတ်အေးသွားတယ်… ပြီးတော့မှ ကားပေါ်ကဆင်းပြီး အထုပ်သယ်ပေးမဲ့ အထမ်းသမားကောင်လေးတစ်ယောက်ကို ခေါ်ပြီး ဈေးစကားပြောတာပေါ့… မေးကြည့်တော့ ၁၅၀၀ ပေးပါနဲ့… ဟင်ခနဲဖြစ်သွားတယ်… ပြန်မေးလိုက်တယ်… မင်းက ဘယ်အထိလိုက်မှာလဲလို့… သူက ဘူးသီးတောင်ရောက်တဲ့လို့ပြောတယ်… ကျွန်တော်အံသြပြီး ထပ်မေးလိုက်တယ်… ၁၅၀၀ ဟုတ်လားလို့… သူက ဒါဆို ၁၀၀၀ ပဲပေးတဲ့… အဲဒီမှာ ဇာတ်စရှုပ်တာ… ကိုယ်မေးတာက ၁၅၀၀ ကိုနည်းလို့ပိုပေးမလို့… (ပိုပေးမယ်ဆိုလို့ အထင်မကြီးနဲ့ အားလုံး ရုံးပိုက်ဆံနဲ့ရှင်းမှာ) အဲဒါသူက ဈေးစွတ်လျှော့နေလို့ လက်ကုတ်ပြီး သပ်သပ်ခေါ်ပြီး မင်းကို ၃၀၀၀ ပေးမယ်လို့ပြောလိုက်တော့ မျက်လုံးကြီးပြူးပြီး ကြည့်နေတာတော်တော်ကြာတယ်လို့တောင် ပြောလို့ရတယ်… သူလည်း ၀မ်းသာသွားပြီး ကားပေါ်ကရှိသမျှအထုပ်တွေ ဆွဲချနေလို့ မနည်းတားယူရတယ်… အဲဒါနဲ့ အထုပ်သယ်မဲ့သူလည်း ငှားပြီးပြီ ဆိုတော့ရှေ့ဆက်ဖို့ပဲရှိတာပေါ့… အဲဒီမှာ သယ်ပေးတဲ့ဆရာသမားက ဆရာဖိနပ်ချွတ်လျှောက် အရမ်းချောတယ်လို့ပြောတယ်… ကိုယ်ကလည် မချွတ်ချင်တာနဲ့ ရပါတယ်ကွာလို့ ခပ်ပေါ့ပေါ့ပဲ ပြန်ပြောလိုက်တယ်… သိပ်မကြာပါဘူး ငါးမိနစ်လောက်ပဲရှိမယ်… ဖိနပ်က ရွံနဲ့ချောပြီ ဖင်ထိုင်လဲတော့တာပဲ… ကိုယ်တော်ချောကတော့ ပြုံးနေတယ်လေ… အဲဒါရှက်ရမ်းရမ်းပြီးအမြန်ပြန်ထ ဖိနပ်ချွတ်ပြီးမှ လျှောက်ရတယ်… အော်… သူ့နေရာနဲ့သူတော့ မြှုပ်ကွက်လေးတွေရှိနေတာပါပဲ…အဲဒါနဲ့ဆက်လျှောက်တာလိုက်တာ နာရီဝက်လောက်ကြာတော့ တအားမောလာတယ် မိုးကလည်း ရွာတုန်းက သေအောင်ရွာပြီးမှ အဲဒီနေ့ကမရွာဘူး… ပူလိုက်တာမှမပြောနဲ့ နေကပူ ချွေးကထွက် လူကညောင်း အဲလိုဒုက္ခတွေ… ဒါပေမယ့်လည်း ပန်းတိုင်ကိုအရောက်သွားမှဖြစ်မယ်ဆိုတဲ့ ရဲဘော်စိတ်လေးမွေး… ကြိုးစားအားတင်လျှောက်ရတာပေါ့… အဲဒီမှာ ကြောက်စရာကောင်းအောင် ပြိုကြသွားတဲ့ လမ်းတစ်နေရာကို တွေ့လိုက်ရတယ်… ကြောက်စရာကောင်းတယ်ဆိုတာ အဲဒီအချိန်များ ကားတစ်စီးစီးဖြတ်နေတဲ့အချိန် လူတွေသွားနေတဲ့ အချိန်များ ဆိုပြီးတွေးမိလို့ ကြောက်စရာကောင်းတယ်လို့ သုံးလိုက်တာပါ…အသဲယားစရာကြီးဗျာ… အဲဒီကနေ ဘယ်လိုလမ်းလျှောက်ရမယ်တွေးနေတုန်း ဆရာသမားက ရှေ့ကနေ သစ်ပင်ကြားထဲတိုးဝင်သွားတယ်… အော် မြောင်လမ်းကိုး… (မြောင်ဆိုတာ ရခိုင်အခေါ်ပါ… အမှန်တော့ ချောက် ထဲကသွားရတာပါ) သွားရင်နဲ့ နားရင်းနဲ့ ကိုယ်တိုင်တောင် မသိလိုက်ခင်မှာပဲ ခရီးတ၀က်ကျိုးနေပြီလို့ ပြောပါတယ်… စိတ်ကဇောတစ်ခု ဆောင်နေရင် သိပ်ပြီးမောရမှန်းမသိဘူးဆိုတာ မှန်ပါတယ်… ကျွန်တော်လို အပျင်းကြီးတဲ့လူတောင် ၂နာရီလောက်ခရီးကို လျှောက်ခဲ့နိုင်ပြီလေ… အဲဒီ ခရီးတ၀က်ကျိုးမှာ ရုပ်လည်း ဘယ်လောက်တောင် နှုံးချိပြီး ဘာပဲဖြစ်ဖြစ် လမ်းလျှောက်တယ်ဆိုတော့ မောတော့မောတာပဲလေ… အဲဒီနားမှာပဲ ခြေပစ်လက်ပစ် ထိုင်လိုက်တယ်… ၅ မိနစ်လောက်နားလိုက်တယ်… တော်တော်လေး အမောပြေသွားတယ်… အဲဒါပြီးတာနဲ့ ရှေကဆက်လျှောက်တော့ သိပ်မကြာခင်လေးမှာပဲ ကျေးဇူးရှင်တော်တော်များများလည်း ဒုက္ခရောက်နေတာ တွေ့ရတယ်…ခရီးကတော့ လမ်းချည်းပဲလျှောက်နေရတော့ ဘာရေးရမှန်းမသိဘူးဖြစ်နေတယ်… ဒါပေမယ့် ၃နာရီ နီးနီးလောက်လျှောက်ပြီးတဲ့အချိန်မှာတော့ လူက လုံးဝကို အနေအထားမဟန်တော့ပါဘူး… အဆိုးဆုံးကတော့ ကျွန်တော့်ပေါ့ဆမှုဖြစ်တဲ့ သောက်ရေဘူးမပါလာချင်းပါပဲ… အဲဒါအရမ်းမောပြီး ချွေးတစ်လုံးလုံးနဲ့ ရေဆာလွန်းတာ တစ်ကိုယ်လုံး တုန်တောင်တုန်တယ်ဗျာ… အခု ဒီစာလေးဖတ်ပြီး ခရီးထွက်ရင်တော့ ရေဘူးမပါ နွေခါမှသိ ဆိုသလိုမျိုး မဖြစ်ရအောင်… သူငယ်ချင်းတွေလည်း ရေဘူးမမေ့နဲ့ပေါ့… အဲလို မခံနိုင်ဖြစ်နေတဲ့ပုံကို အထုပ်သယ်ပေးတဲ့ဆရာသမားက သိတယ် ကျွန်တော့်ကို ခဏနားမယ်ဆိုပြီး နေရာလေးတစ်ခုကို အဝေးကနေလက်ညိုးထိုးပြတယ်… ကျွန်တော်လည်း အမှုမဲ့အမှတ်မဲ့ပါပဲ… ဒါပေမယ့် အနီးရောက်တော့ ၀င်လည်းနားရော အားပါး အမောကိုပြေသွားတာပဲ ဘာလို့လဲဆိုတော့ ရေအိုးလေးရှိနေတယ်ဗျာ… သန့်တာ မသန့်တာ အပထား လူဆိုတာ အရမ်းငတ်ရင် မရှက်နိုင်ဆိုသလို ကျွန်တော်လည်း သန့််တာမသန့်တာမကြည့်ဘူး ၂ ခွက် အားရပါးရမော့ထည့်လိုက်တယ်… အဲဒါကို အမှတ်တရ ဓါတ်ပုံရိုက်ဖို့ ဆရာသမားကို အကူအညီတောင်းတာ သူက မရိုက်တတ်ဘူးတဲ့ ကင်မရာပေးတာကို မကိုင်ချင်ဘူးဆိုလို့ ကိုယ့်ဖာသာ အဲဒီနေရာလေးကိုပဲ ရိုက်လာတော့တယ်ဗျာ… အဲဒီကနေ အမောပြေပြိး ခရီးဆက်တော့ ဆရာသမားက မိနစ်၃၀လောက်ဆိုရောက်ပြီလို့ပြောတယ်… လူက သူပြောမှ ငိုရမလို ပျော်ရမလိုနဲ့… လူက ၃နာရီကျော်လမ်းလျှောက်လာပြီးလို့ သေမတတ်မောနေတာကို သူက နာရီဝက်ပဲလိုတယ်လို့ပြောရက်တယ်… တော်တော်အသည်းမာ (အသဲမာ) ပြီးစာနာစိတ်မရှိတဲ့လူ… ဒါပေမယ့် တစ်လမ်းလုံး သူကပဲ ဖေးမပြီးခေါ်လာတဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ အပြစ်မတင်ရက်တော့ပါဘူး… နောက်ထပ်နာရီဝက်ဆိုလည်း နာရီဝက်ပေါ့ ခက်တာက လူကိုယ်တိုင်က ခါးကိုင်းနေပြီ... နောက်တော့ လွင်ပြင်ကျယ်ကြီးကို ရေတွေ အရှိန်နဲ့စီးဆင်းနေတဲ့နေရာကိုရောက်လာတယ်… အဲဒီနေရာနေလှမ်းကြည့်လိုက်တော့ မှုန်ဝါးဝါးနဲ့ ကားတွေလူတွေကို လှမ်းတွေ့နေရပါပြီ… အဲလိုဆိုတော့ ခြေလှမ်းကလည်း အားတွေတက်လာ လူကလည်း ရောက်ချင်စိတ်နဲ့ ရေထဲ နွံထဲဖြတ်လျှောက်လိုက်တာ ဘယ်လိုကနေ ဘယ်လိုရောက်မှန်းမသိရောက်သွားခဲ့တာ ကျွန်တော့်အထင် ၁၅ မိနစ်လောက်လျှောက်ခဲ့ရမယ် ထင်တယ်… ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ခရီးတခုရဲ့ပန်းတိုင်ကတော့ အမြဲတမ်းတည်ရှိနေရဲ့ဆိုတာ သိလိုက်ရပါတယ်…။