HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်



 မေး။ ။ ဘုရားအလိုကျ အမျှပေးဝေနည်းကိုလည်း တင်ပြပေးပါဘုရား။

ဖြေ။ ။ ပထမဦးဆုံးအနေနဲ့ ရေစက်ချခြင်းအကြောင်းကို ကျမ်းဂန်များတွင် လာရှိတာကို ဖော်ပြပေးပါမယ်။ ကျမ်းဂန်များတွင် အလှူရှင်မှ အလှူခံလက်ထဲသို့ ရေစက်သွန်းချလှူလိုက်ပြီး အလှူခံပုဂ္ဂိုလ်သည် အလှူရေစက်ကို လက်ဖြင့်ခံယူကာမျှဖြင့် အလှူဝတ္ထု သက်ရှိသက်မဲ့အရာအားလုံး အလှူခံပုဂ္ဂိုလ်ပိုင်ဆိုင်သွားပါတယ်။ (ဝိ၊ဋ္ဌ၊၃၊၄၁၆)

ဗိမ္ဗိသာရမင်း ဝေဠုဝန်ကျောင်းရေစက်ချပွဲပြုလုပ်စဉ်က
၁။ အလှူရေစက်ကို ရွှေကရားတွင်ထည့်ထားသည်။
၂။ မွှေးကြိုင်သောပန်းနံ့သာ ထုံမွှမ်းထားသည်။
၃။ အလှူရေစက်သည် မြအဆင်းကဲ့သို့ ကြည်လင်သန့်ရှင်းနေသည်။
၎။ အလှူရေစက်ကို ဗုဒ္ဓရဲ့လက်ထဲသို့ လောင်းချလှူဒါန်းသည်။ (ဗုဒ္ဓဝင်အဋ္ဌကထာ၊ ၂၅)

အထက်ပါရေစက်ချပုံကိုထောက်ဆ၍ သာမန်ပုဂ္ဂိုလ်များအား လှူဒါန်းမည်ဆိုပါက ရေစက် ကို ရေကောင်း ရေသန့်ဖြင့် စီမံပါ။ ဘုရားအစရှိသော သံဃာတော်များအား လှူဒါန်းရေစက်ချမည်ဆိုပါက သက္ကစ္စဒါန အထောက် အပံ့ဖြစ်အောင် ရေထဲ တွင် မွှေးကြိုင်သော နံ့သာထည့်ထားပါ။ တစ်ခါ ရေစက်ခွက်စီမံပုံနဲ့ပတ်သတ်ပြီး ကျမ်းဂန်များတွင် ဖော်ပြရာမှာ အနာထပိဏ်သူဌေး ဇေတ၀န် ကျောင်းလှူသော အခါ၊ ဒေဝါနံပိယတိဿမင်း မဟာမေဃဝန်ဥယျာဉ် လှူသောအခါတို့တွင်  အလှူရေစက်ကို ရွှေကရား၌ ထည့်ထားပြီး ရေစက်သွန်းချကြပါတယ်။ (ဇာ၊ဋ္ဌ၊၁၊ ၁ဝ၉။ ဝိ၊ဋ္ဌ၊၁၊၆ဝ)

ကျောင်းစသော ထာဝရ၀တ္ထုရေစက်ချရာတွင် ရေစက်ခွက်မထားဘဲ ဘုရားရဟန္တာ လက်ထဲ၌သာ ရေစက် သွန်းချကြောင်း မှတ်သားရပါတယ်။ ဆွမ်းကပ်လှူဒါန်းရာတွင် ရေစက်ချရာ၌ ဗုဒ္ဓရဲ့သပိတ်၊ ဗုဒ္ဓမပါက မထေရ်ကြီး များရဲ့သပိတ်ထဲသို့ အလှူရေစက်သွန်းချလှူဒါန်းကြပါတယ်။ (ဓမ္မ၊ဋ္ဌ၊ စူဠပန်ဝတ္ထု)

ဗုဒ္ဓ၏ရုပ်ပွားဆင်းတုတော်များပေါ်လာချိန်တွင် ရုပ်ပွားတော်နဲ့တကွ သံဃာတော်များဆွမ်းလှူဒါန်းသောအခါ ရုပ်ပွားတော်စေတီတော်ကို ရည်စူး၍ ရေစက်ခံသပိတ်တို့ကို ရှေ့၌ထားကြပါတယ်။ (ဝိ၊ဋ္ဌ၊၃၊၄၂၄။ ဝိ၊သင်္ဂဟ၊၂၅၅။ ကင်္ခါဋီကာသစ်၊၂၉၈)

တဖန် ရေစက်ချပုံအနေအထားနဲ့ပတ်သတ်ပြီး ဗိမ္ဗိသာရမင်း၊ အနာထပိဏ်သူဌေးတို့သည် ရွှေကရားဖြင့် ရေစက်ချသောအခါ တံစက်မြိတ်မှရေကျသလို ရေကိုတဖြည်းဖြည်းချင်း ယဉ်ယဉ်ကျေးကျေး ဗုဒ္ဓလက်တော်သို့ သွန်းလောင်းကြပါတယ်။

အလှူဒါနပြုလုပ်ရာတွင် ရေစက်ချရခြင်းအကြောင်းမှာ

၁။ အလှူဝတ္ထုကိုယ်စားပြု၍ အလှူခံလက်ထဲသို့ အပ်နှင်းရန်အကျိုးငှာ အလှူဒါနမြောက်ကြောင်းပြရန် ရေစက်ချတာပါ။
၂။ ရေစက်ချသောအခါ အလှူခံကလက်ဖြင့် ခံယူလိုက်သဖြင့် အလှူဝတ္ထုအားလုံး အလှူခံပိုင်ဆိုင်သွားသဖြင့် မည်သူမျှပြန်ယူသိမ်းပိုင်ခွင့် မရှိအောင် ရေစက်ချလှူဒါန်းရခြင်း ဖြစ်ပေတယ်။

သာဓကအားဖြင့် ဝေဿန္တရာမင်းသည် သားတော်သမီးတော်တို့ကို ရေစက်ချလှူဒါန်းလိုက်သောကြောင့် ဘိုးတော်မင်းသည် သူ့မြေးများကို ပုဏ္ဏားထံမှ အာဏာဖြင့် သိမ်းယူမရသလို မြေးဖြစ်သူများကလည်း ဘိုးတော်မင်း ခေါ်တိုင်း သွားလို့မရတော့ချေ။ ဒါကြောင့် အဘိုးဖြစ်သူမင်းက မြေးတော်များကို ပုဏ္ဏားထံမှ ခွင့်ပြုချက်ဖြင့် ရွှေပိဿာ (၁ဝဝဝ)နဲ့ ဝယ်ယူလိုက်ရပါတယ်။

ဒါကြောင့် အလှူဒါနပြုလုပ်တိုင်း အနည်းဆုံး စိတ်ထဲကနေ ဆုတောင်းခြင်း၊ ရေစက်ချအမျှဝေခြင်းများ ပြုလုပ်ကြဖို့ လိုအပ်ပါတယ်။
ဆက်လက်၍ ရေစက်ချအမျှဝေခြင်းနဲ့ပတ်သတ်ပြီး ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေ သေချာကျနစွာ မသိကြတာကြောင့် ဦးဇင်းဖတ်မှတ်လေ့လာဖူးသမျှ ရေးပေးပါဦးမယ်။

အမျှဝေခြင်းကို ပတ္တိဒါနလို့ခေါ်ပြီး သာဓုခေါ်ခြင်းကို ပတ္တာနုမောဒနလို့ ခေါ်ပါတယ်။ ပတ္တိဆိုတာ ကုသိုလ်ရှင်က မိမိပိုင်သောကုသိုလ်ကို သူတစ်ပါးအား ပေးဝေရာတွင် ခံယူရရှိမည့် သာဓုခေါ်ဆိုသူထံ ပေးဝေသောကုသိုလ်ကို ပြောတာပါ။ ထိုသို့ကုသိုလ်ပေးဝေရာတွင် တစ်စိတ်တစ်ပိုင်းကို ပေးတာမဟုတ် အညီအမျှရရှိအောင် ပေးပါတယ်။ ဥပမာ-ကုသိုလ်ရှင်က တစ်ပိဿာကုသိုလ်ရရင် သူရသလောက် တစ်ပိဿာလုံးကို ပေးဝေလိုက်တာပါ။ ဒါကြောင့် ပတ္တိ-ကုသိုလ်အမျှကို ဒါန-ပေးခြင်း၊ ဝေခြင်း။ ပတ္တိဒါန-အမျှဝေခြင်းလို့ ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။ ပတ္တာနုမောဒန-ပတ္တိ-အနုမောဒန၊ ပတ္တိ-ကုသိုလ်အမျှကို၊ အနုမောဒန-ဝမ်းမြောက်စွာသာဓုခေါ်ဆိုခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

ပတ္တိဒါန အမျှဝေရာတွင် မိဘဆရာသမား ဆွေမျိုးတို့အား အမျှဝေခြင်းကို သြဓိသအမျှဝေခြင်း၊ အလုံးစုံသော သတ္တဝါတို့အား အမျှဝေခြင်းကို အနောဓိသအမျှဝေခြင်းဟု ခေါ်ဆိုကြောင်း ကျမ်းဂန်မှာ လာရှိပါတယ်။ (အဘိ၊ဋ္ဌ၊၁၊ ၂၀၂)
ထိုသို့ကုသိုလ်အမျှဝေရာတွင် ကုသိုလ်ရဲ့အကျိုးကိုပါ ဝေရာရောက်သွားသောကြောင့် ဆွမ်းအလှူဒါန အမျှဝေသောအခါ သာဓုခေါ်ဆိုသူဟာ ဆွမ်းဒါနကုသိုလ်ရသလို အလှူရှင်ရဲ့ ဆွမ်းအကျိုးငါးပါးကိုလည်း ရရှိသွားပါတယ်။ သူတစ်ပါးက အမျှဝေလိုက်သော ဒါနကုသိုလ်၊ သီလ၊ ဝေယျာဝစ္စ၊ ဓမ္မဿဝန၊ ဓမ္မဒေသနာကုသိုလ်စသည်တို့ကိုလည်း ဝမ်းမြောက်ဝမ်းစွာ သာဓုခေါ်ဆိုပါက ပတ္တာနုမောဒနကုသိုလ် ဖြစ်ပါတယ်။ သူတစ်ပါးက အမျှမဝေတဲ့ကောင်းမှုကိုလည်း မိမိက သာဓုခေါ်ဆိုပါက ပတ္တာနုမောဒနကုသိုလ်မရပေမဲ့ အနုမောဒနကုသိုလ်ရခြင်းကြောင့် သူတစ်ပါးကောင်းမှုကိုတွေ့မြင်ပါက ဝမ်းမြောက်ဝမ်းသာဖြစ်ပေးမယ်ဆိုရင် မုဒိတာဘာဝနာကုသိုလ်နဲ့နည်းတူ အနုမောဒနာအကျိုး ရရှိပါတယ်။ ထိုကုသိုလ်ကြောင့် မျက်မှောက်ဘဝတွင် လူချစ်လူခင်ပေါခြင်းအကျိုးရသလို တမလွန်တို့မှာလည်း ခံတွင်းမှ ကြာညိုနံ့သင်းခြင်း အကျိုးများ ရရှိပါပေတယ်။

ပတ္တိဒါန၊ ပတ္တာနုမောဒနကုသိုလ်သည် ဒါနကုသိုလ်တစ်ခုသာ အကျုံးဝင်သည်မဟုတ် သီလ၊ ဝေယျာဝစ္စ၊ ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ စာချ၊ စာသင်၊ ကျမ်းပြုကုသိုလ်များတွင်လည်း အကျုံးဝင်တာမို့ ထိုကုသိုလ်များကိုလည်း အမျှဝေ၊ သာဓုခေါ်၊ ဝမ်းမြောက်ခြင်း အနုမောဒနာများ ပြုလုပ်ပေးပါက အကျိုးများစွာ ရရှိပါတယ်။

သာဓကအနေနဲ့ဖော်ပြပေးရမယ်ဆိုရင် မင်းတုန်းမင်းလက်ထက် အလုံဂိုဏ်အုပ် ကျောက္ကာ တောင်ဖီလာဆရာတော်သည် ရွှေတိဂုံဘုရားသွားဖူးတဲ့အခါ လမ်းတွင် နတ်လူသာဓုခေါ်စေသော် ဆိုင်းဘုတ်တွေ့တိုင်း သာဓုခေါ်ဆိုသလို ဆိုင်းဘုတ်မရှိတဲ့ ကောင်းမှုလုပ်ထားတဲ့ အဆောက်အဦးများတွေ့ရင်လည်း သာဓုခေါ်ဝမ်းမြောက်ခြင်းများ ပြုလုပ်ခြင်းကြောင့် ပတ္တာနုမောဒန၊ အနုမောဒနာကုသိုလ်နှစ်မျိုးလုံး ဘုရားဖူးသွားရင်း ယူတော်မူလေ့ရှိပါတယ်။ ဒါကြောင့် မိမိဗုဒ္ဓဘာသာဝင်များ ဘုရားဖူးသွားရင်းဖြစ်စေ၊ လမ်းသွားရင်းဖြစ်စေ ကြုံတွေ့ရတဲ့ ကောင်းမှုများကို ယူတတ်မယ်ဆိုရင် ကုသိုလ်ချည်းပဲမို့ သတိထားယူတတ်ဖို့ရန် လေ့ကျင့်ပေးကြပါလေ။

ဒါပြင် လယ်တီဆရာတော်ဘုရားကြီး ကျမ်းစာရေးရင် ခဲတံချွန်ပေးရသော ဦးနန္ဒိယသည် ဆရာတော်ကြီးက သင်္ကန်းစတဲ့ ပစ္စည်းဝတ္ထုများစွန့်ကြဲပါက မယူဘဲ နေ့စဉ် ဆရာတော်ရေးသားသော ကျမ်းပြုရခြင်း ပတ္တိဒါနကိုပဲ ခံယူလိုပါတယ်လို့ လျှောက်ထားပါတယ်။ ထိုအခါ ဆရာတော်မှ နေ့စဉ်ကျမ်းပြုရသော ကောင်းမှုများကို ဦးနန္ဒိယအား အမျှဝေပေးပါသည်လို့ မိန့်ကြားလျှင် ဦးနန္ဒိယမှ သာဓုခေါ်ဆိုတော်မူပါတော့တယ်။ ဒါဟာလည်း မျက်မှောက်တခဏတာ အသုံးပြုရမဲ့ ပစ္စည်းဝတ္ထုများထက် သံသရာတစ်လျှောက်လုံးအတွက် အရေးကြီးသောကုသိုလ်ကိုသာ အဓိကထားယူဖို့ သင်ခန်းစာရရှိစေတာမို့ ကျင့်သုံးလိုက်နာကြရပါမယ်။

ပတ္တာနုမောဒန-သာဓုခေါ်ဆိုရကျိုးနဲ့ပတ်သတ်ပြီး မျက်မှောက်အကျိုး၊ တမလွန်အကျိုးပေးများကို ကျမ်းဂန်များမှ အနည်းငယ် ဖော်ပြပေးပါဦးမယ်။ သာဓုခေါ်ဆိုလိုက်သည်နဲ့ အကျိုးပေးများရရှိသွားရာ အကျိုးပေးစေတနာဇော(၇)ချက် ဇောသွားရာတွင် ထိုဇောများထဲမှ ပထမဇောသည် မျက်မှောက်ဘ၀တွင် အကျိုးပေးသည်။ သတ္တမဇောသည် ဒုတိယဘဝတွင် အကျိုးပေးသည်။ အလယ်ဇောငါးချက်သည် တတိယဘဝမှစ၍ နိဗ္ဗာန်ရောက်တဲ့ထိ အကျိုးပေးသည်။

ပထမဇောက မျက်မှောက်ဘဝ အကျိုးပေးအရာတွင် ခဏချက်ခြင်းအကျိုးပေးတာရှိသလို နှစ်၊ လကြာမှ အကျိုးပေးတာများလည်း ရှိပါတယ်။ လူနတ်ပြိတ္တာတို့တွင် ပရဒတ္တုပဇီဝိကပြိတ္တာလို့ခေါ်တဲ့ ရည်ညွှန်းပြီး နာမည်နဲ့အမျှဝေခံရတဲ့ ပြိတ္တာသာ အဲဒီပြိတ္တာက အမျှသာဓုခေါ်လိုက်တာနဲ့ ချက်ခြင်းအကျိုးပေးရရှိပါတယ်။ ကျန်တဲ့ လူ၊ နတ်၊ ဝေမာနိကပြိတ္တာ၊ ဝိနိပါတိက အသူရာကယ်တို့မှာ အကြောင်းတိုက်ဆိုင်မှ ခဏချက်ခြင်း အကျိုးပေးရကြပါတယ်။ များသောအားဖြင့် နောက်နောင်အချိန်ကြာမှသာ အကျိုးပေးတွေ ရကြတာပါ။

လူတွေသာဓုခေါ်လို့ အကျိုးပေးရရှိတာကို မိမိတို့ဗုဒ္ဓဘာသာဝင်တွေမှာ မသိရှိကြတဲ့အတွက် တချို့က သာဓုခေါ်တာ အကျိုးမရှိဘူးလို့ ထင်မြင်ယူဆနေကြတာတွေ ရှိနေကြတာမို့ လူ့ဘဝမှာပင် အမျှကုသိုလ်သာဓုခေါ်ဆိုမှုကြောင့် အကျိုးရရှိတာကို တင်ပြပေးပါဦးမယ်။
ဂေါတမဘုရားလောင်းတော်ဟာ တစ်ခုသောဘဝမှာ သင်္ခအမည်ရှိတဲ့ ကုန်သည်ကြီးတစ်ဦး ဖြစ်ခဲ့ပါတယ်။ တစ်နေ့ တပည့်များစွာနဲ့ ကုန်ကူးသွားဖို့ သင်္ဘောဆိပ်သွားရာ လမ်းတွင် ဖိနပ်၊ ထီးမပါသော ပစ္စေကဗုဒ္ဓါတစ်ပါးကိုမြင်တွေ့ရသဖြင့် ဖိနပ်ထီး လှူဒါန်းခဲ့ပြီး သမုဒ္ဒရာကို ရွက်သင်္ဘောစီးသွားကြလေသည်။ လမ်းတွင် မုန်းတိုင်းကြောင့် သင်္ဘောမြုပ်နစ်သွားရာ ဘုရားလောင်းနဲ့အနီးနေတပည့်တို့က သင်္ဘောတိုင်ထိပ်တတ်ပြီး သမုဒ္ဒရာထဲ ခုန်ချကြသည်။ ကျန်တပည့်များကတော့ သင်္ဘောနစ်ရင်း သေဆုံးသွားကြလေသည်။ ဘုရားလောင်းသည် သမုဒ္ဒရာထဲ မျောပါနေချိန်မှာ သီလစောင့်ထိန်းရင်း မျောလိုက်နေလေသည်။

အဲဒီချိန်မှာ မဏိမေခလာနတ်သမီးသည် ဘုရားလောင်းရဲ့ ပစ္စေကဗုဒ္ဓါအရှင်မြတ်ထံ ဖိနပ်ထီးလှူဒါန်းခဲ့တဲ့ ဒါနကြောင့် ကယ်တင်ရန်  ရတနာလှေကြီးဖန်ဆင်း ရောက်ရှိလာလေသည်။ နတ်သမီးက ဘုရားလောင်းကိုပဲ ကယ်တင်ပြီး တပည့်ဖြစ်သူကို မကယ်တယ်ဘဲထားလေရာ ဘာကြောင့် မကယ်တင်ရတာလဲလို့ နတ်သမီးကိုမေးရာ တပည့်ဖြစ်သူမှာ ကုသိုလ်မရှိလို့ မကယ်တင်ကြောင်းသိလိုက်တာနဲ့ ဘုရားလောင်းမှ သူ့ကုသိုလ်ကို အမျှဝေပေးလိုက်သည်။ ထိုအခါ တပည့်ဖြစ်သူမှ သာဓုခေါ်ဆိုလိုက်သည်နဲ့ နတ်သမီးလည်း ကယ်တင်ပေးလိုက်လေသည်။ ဒီဇာတ်ကြောင်းလေးကတော့ သာဓုခေါ်ဆိုခြင်းကြောင့် ခဏချက်ခြင်း အကျိုးပေးရရှိသော လူ့ဘုံအကြောင်းပါ။ (ဒသကနိပါတ်၊ သင်္ခဇာတ်)

တစ်ခါ နတ်တို့ သာဓုခေါ်ဆိုမှုကြောင့် အကျိုးပေးရရှိပုံကို အနည်းငယ်တင်ပြပေးပါဦးမယ်။ မစ္ဆုဒ္ဒါနဇာတ်တွင် ဘုရားလောင်းသည် မြစ်ထဲ၌ရှိသော ငါးတို့အား ထမင်းများကျွေးမွေးပြီး အမျှဝေသောအခါ မြစ်စောင့်နတ်သည် သာဓုခေါ်ဆိုလိုက်သဖြင့် ချက်ခြင်း စည်းစိမ်းချမ်းသာ တိုးပွားသွားသည်။ ယခု မြစ်စောင့်နတ်အကျိုးရရှိပုံကို ထောက်ဆကြည့်ပြီး ကျန်တဲ့ ဝေမာနိကပြိတ္တာ၊ ဝိနိပါတိက အသူရာတို့လည်း ထိုနည်းတူ အကျိုးရရှိသည်ဟု မှတ်သားနိုင်ပါပြီ။

ဒါနကောင်းမှုပြုတဲ့အခါ အလှူဝတ္ထုဟာ အလှူရှင်လက်ကနေ အလှူခံပုဂ္ဂိုလ်လက်သို့ရောက်ရင် အလှူအထမြောက်ပါတယ်။ ဒါပေမဲ့ နိဗ္ဗာန်ကိုဆုတောင်းပြီး ဒါနပြုမှသာ မိမိဒါနဟာ ပါရမီဒါနဖြစ်နိုင်သဖြင့် အနည်းဆုံး-ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတုလို့ ဆုတောင်းပြီးအမျှဝေမှသာ ပတ္တိဒါနဖြစ်ပါတယ်။ ဒါကြောင့် အနည်းဆုံး ဣဒံ မေ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမလို့ဆိုပြီး အမျှဝေကာ ဒါနအလှူကို အဆုံးသတ်ကြစမြဲ ဖြစ်ပါတယ်။ ဆုတောင်း ခြင်း၊ အမျှဝေခြင်းတို့မှာ ကိုယ်တိုင်ပြုလုပ်ရမှာမို့ တခြားတစ်ယောက်အား ကိုယ်စားပြုလုပ်ခိုင်းလို့ မရဘူးဆိုတာလည်း သိထားဖို့ လိုပါတယ်။ တချို့က ကိုယ်စားလှူခိုင်းပြီး အမျှဝေလို့မရဘူးလားဆိုပြီး မေးတတ်လို့ပါ။

ဆုတောင်းတဲ့အခါမှာလည်း ဤသို့လှူဒါန်းရသောအကျိုးအားကြောင့် နိဗ္ဗာန်မျက်မှောက်ပြုရပါလို၏လို့ ဆုတောင်းရမှာဖြစ်သလို အမျှဝေတဲ့အခါမှာလည်း ဤကောင်းမှု၏ အဖို့ဘာဂကို သတ္တဝါအားလုံး ရရှိကြပါစေဟု စိတ်စေတနာ လေးလေးနက်နက်နဲ့ပြုလုပ်မှသာ ဘုရားအလောင်း သူတော်ကောင်းတို့လို ဖြစ်မှာပါ။

မြတ်စွာဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီးဘ၀မှာ ဒါနပြုတိုင်း ရေစက်ချ၊ အမျှဝေလေ့ရှိပါတယ်။ အဲဒီလိုရေစက်ချ အမျှဝေပေးမှုကြောင့် မာရ်နတ်စစ်လာတိုက်ရာတွင် ဗောဓိပင်နှင့် ရွှေပလ္လင်ကိုရရေး (သဗ္ဗညုတဉာဏ် ကိုရရေး)အတွက် ဝေဿန္တရာဘဝတွင် လှူဒါန်းခဲ့ပြီး ရေစက်ချခဲ့သည်ကို ဤမဟာပထ၀ီမြေကြီး အသိသက်သေ ဖြစ်သည်ဟု သက်သေပြုတဲ့အတွက် ပထဝီမြေကြီးက သက်သေခံခဲ့တာပါ။ တကယ်လို့ ကောင်းမှုကုသိုလ်များများ လုပ်ထားသူဟာ သေခါနီးမှာ မကောင်းတဲ့အာရုံစွဲလမ်းမိလို့ ငရဲသို့ ရောက်သွားလျှင် ယမမင်းက သူ့အား အမျှဝေ ပေးဖူးသလားလို့ သတိပေးစကားပြောကြာတဲ့အခါ မိမိပြုလုပ်ခဲ့တဲ့ကုသိုလ်၊ အမျှဝေပေးခဲ့တဲ့ကုသိုလ်တို့ကို အမှတ်ရ ပါက ငရဲမှ လွတ်မြောက်ကြရပါတယ်။

အလှူတစ်ခုပြုလုပ်ရာတွင် ဆုတောင်းခြင်းမပြုဘဲ လှူဒါန်းခြင်းမှာ ပေးကမ်းခြင်းသက်သက်သာဖြစ်လို့ နိဗ္ဗာန်ကို ဆုတောင်းမှသာ ဒါနပါရမီ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဒါနပြုလုပ်ကြသူတိုင်း ဆုတောင်းခြင်း၊ ရေစက်ချခြင်းတို့ကို မဖြစ်မနေ ပြုလုပ်ကြတာပါ။

ရေစက်ချ အမျှဝေတယ်ဆိုတာ ဦးဇင်းတို့ ဗုဒ္ဓဘာသာမှာပဲ ရှိပါတယ်။ တခြားဘာသာတွေမှာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့မြတ်ဗုဒ္ဓရဲ့ ဝါဒဟာ အနတ္တ-ငါပိုင်ဆိုတာမထားဘူးဆိုတဲ့ ဝါဒဖြစ်လို့ပါ။ တခြားဘာသာ တွေမှာက အတ္တ-ငါပိုင်ပဲရှိတဲ့အတွက် အမျှဝေခြင်းများ မပြုလုပ်ကြပါဘူး။ ဦးဇင်းတို့ ဝါဒက အနတ္တဆိုတော့ ငါကုသိုလ်ရသလို၊ ငါကုသိုလ်ကြောင့် ကောင်းကျိုးခံစားသလို အားလုံးလည်း ငါလိုပဲ ခံစားကြရပါစေဆိုတဲ့ စေတနာနဲ့ အားလုံးအား တန်းတူပေးတဲ့ ရေစက်ချခြင်းပါ။ ဒါကြောင့် ဘာဖြစ်လို့ရေစက်ချရတာလဲ၊ အမျှဝေရတာလဲဆိုတော့ ငါတို့ဝါဒဟာ အနတ္တဝါဒ-ကိုယ်ပိုင်မထားဘဲ အားလုံးကို တန်းတူရစေချင်တဲ့ စေတနာရှိလို့ပါလို့ ဖြေရပါမယ်။

အဲဒီတော့ အမျှဝေတဲ့လူဟာ မိမိလုပ်တဲ့ ကောင်းမှုဟာ လျှော့မသွားဘဲ ပိုလို့သာ တိုးသွားတယ်ဆိုတာကို လူတိုင်းသိကြမယ်ထင်ပါတယ်။ ဒါပေမဲ့ ပိုမိုမှတ်မိအောင် ထပ်ဆင့်ပြောပြပေးပါဦးမယ်။ မိမိအိမ်မှာ ဖယောင်တိုင်း တစ်တိုင် မီးထွန်းထားတယ်ဆိုပါစို့။ အဲဒီဖယောင်တိုင်တစ်ခုတည်း ထွန်းထားတာဆိုတော့ ဖယောင်တိုင်းထွန်းတဲ့ အိမ်မှာပဲ အလင်းရောင်အနည်းငယ်ရှိပြီး ကျန်တဲ့အိမ်တွေမှာ အလင်းရောင်မရှိဘဲ တစ်ရွာလုံးဖြစ်စေ၊ တစ်မြို့လုံးဖြစ်စေ မှောင်မည်းနေမှာပါ။ အဲဒီတော့ မိမိက မိမိထွန်းထားတဲ့ ဖယောင်းတိုင်က မီးကို အားလုံး လာရောက်ထွန်းညှီယူကြပါလို့ အမျှဝေသလို အားလုံးကို ရှယ်ယာလိုက်ပေးလိုက်တဲ့အခါကျတော့ တစ်မြို့လုံးဖြစ်စေ၊ တစ်ရွာလုံးဖြစ်စေ အလင်း ရောင်တွေတောက်ပသွားပါတယ်။ အဲဒီလို မိမိက သူများအား မိမိဖယောင်းတိုင်မှ မီးကို ရှယ်ယာပေးလိုက်သော်လည်း မိမိပင်ရင်းဖယောင်းတိုင်မှာ အလင်းရောင် လျှော့နည်းမသွားတဲ့အပြင် မိမိရှယ်ယာလုပ်ပေးလို့ သူများတွေ အလင်း ရောင်းပါရရှိပြီး အလင်းရောင်များ ပိုမိုတိုးသွားသလို အမျှဝေတဲ့လူမှာလည်း အဲဒီလိုပဲ ကောင်းမှုလျှော့မသွားတဲ့အပြင် ကောင်းမှုတွေ ပိုမိုတိုးသွားပါတယ်။

မိမိပြုလုပ်တဲ့ကောင်းမှုကို ရေစက်ခွက်နဲ့ အမျှဝေရန် အခွင့်အခါမသင့်ပါက အပေါ်ကပြောခဲ့တဲ့အတိုင်း အာရုံပြုရမဲ့ အချက်အလက်တွေကို မိမိအာရုံပြုပြီး အမျှဝေပေးပါ။ မိမိအလှူဒါနပြုလုပ်ပြီး အမျှဝေတာကို အမျှဝေတာ မသိလိုက်သူတွေ၊ နတ်ဗြဟ္မာတွေကို နတ်တွေကနေတဆင့် ပြောကြားပေးပါတယ်။ ဗုဒ္ဓအပါဒါန်ပါဠိတော်နဲ့ အဋ္ဌကထာတို့မှာ ဘုရားလောင်းစကြာမင်းကြီး အလှူဒါနပြုလုပ်ပြီး အမျှဝေတာကို နတ်တွေကတဆင့် ပြောကြား ပေးတယ်လို့ ဖော်ပြထားတာကို ထောက်ဆကြည့်ရင် မိမိအမျှဝေတာကို နတ်တွေကတဆင့် သာဓုခေါ်နိုင်မဲ့ သတ္တဝါ အားလုံးကြားသိအောင် ပြောဆိုပေးကြပါလိမ့်မယ်။

တရားနာသောအခါ ရိုသေစွာနာယူပြီး သာဓုခေါ်ဆိုမယ်ဆိုရင် အဲဒီသူဟာ ဖြစ်လေရာဘ၀တို့မှာ အာခံတွင်းမှ ကြာညိုနံ့ထွက်ခြင်းအကျိုးကို ရရှိပါတယ်။ သာဓကအနေအားဖြင့် တင်ပြပေးရမယ်ဆိုရင် မြတ်ဗုဒ္ဓလက်ထက်က သာဝတ္ထိမြို့မှာနေထိုင်တဲ့ သူဌေးသမီးရဲ့ ခင်ပွန်းတစ်ယောက်ဟာ သူ့အာခံတွင်းကနေ ကြာညိုနံ့ထွက်ခြင်း အကျိုးပေး ပါရှိလာပါတယ်။ တစ်နေ့မှာ မြတ်ဗုဒ္ဓတရားကို နာကြားရတဲ့အခါ သဒ္ဓါတရားဖြစ် သံဝေဂရပြီး ဇနီးဆီမှာ ခွင့်ပြုချက် တောင်းကာ ရဟန်းပြုသွားခဲ့တယ်။

ဒီလိုနဲ့ တစ်နေ့သောအခါမှာ ကောသလမင်းက အဲဒီရဟန်းရဲ့ ဇနီးဟောင်းကိုမြင်ပြီး ခင်ပွန်းမရှိဘူးဆိုတာနဲ့ မိဖုရားမြှောက်လိုက်ပါတယ်။ ကောသလမင်းကြီးက မိဖုရားထံ ကြာပန်းများပေးတဲ့အခါ ပြုံးပြုံးရွှင်ရွှင်ဖြစ်ပြီး ကြာပန်းကို နမ်းရှိုက်ကြည့်တော့ သူ့ခင်ပွန်းဟောင်းရဲ့ အာခံတွင်းနံ့ကို သတိရကာ ငိုပါတော့တယ်။ ဒါနဲ့ ကောသလမင်းကြီးက ဘာလို့ငိုတာလဲမေးတဲ့အခါ သူ့ခင်ပွန်းဟောင်းရဲ့ အာခံတွင်းနံ့ဟာ ကြာပန်းရနံ့ထက် မွှေးကြိုင်တာကို သတိရလို့ ငိုမိတာပါလို့ ပြန်ပြောပါတယ်။ ကောသလမင်းဟာ မိဖုရားစကား မယုံတာနဲ့ အဲဒီရဟန်းထံမှ ကြာညိုနံ့ထွက်မထွက် စမ်းသပ်ကြည့်တဲ့အခါ အမှန်တကယ်ပဲလို့ သိသွားပြီးနောက် မြတ်ဗုဒ္ဓထံ မေးမြန်းလျှောက်ထားကြည့်တယ်။ မြတ်ဗုဒ္ဓက ဒကာတော်မင်းကြီး အဲဒီရဟန်းဟာ ရှေးအတိတ်ဘဝတုန်းက တရားနာသောအခါ ရိုသေစွာနာယူပြီး သာဓုခေါ်ဆိုခဲ့တဲ့ ကောင်းမှုကံကြောင့် ယခုဘဝမှာ အာခံတွင်းက ကြာညိုနံ့သင်းရခြင်းအကျိုး ရရှိတာပါလို့ မိန့်တော်မူခဲ့ပါတယ်။ (အံ၊ဋ္ဌ၊၁၊၂၁)

ဒါကြောင့် မိမိတို့ဟာ ကိုယ်ပြုလုပ်တဲ့ကုသိုလ်ကိုလည်း သတ္တဝါအားလုံးအား အမျှဝေပေးကြရမှာဖြစ်သလို သူတစ်ပါးပေးဝေတဲ့ အမျှကုသိုလ်ကို ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုကြရပါမယ်။ ဒါမှ မြတ်ဗုဒ္ဓရဲ့ အလိုတော်ကျဖြစ်ပြီး ဗုဒ္ဓသာသနာတွင်း လူဖြစ်ရကျိုးနပ်ကာ ဗုဒ္ဓပွင့်ရကျိုးလည်း နပ်မှာပါ။ ဦးဇင်းကတော့ ညစဉ်မေတ္တာပို့၊ ပရိတ်ရွတ်၊ ဂုဏ်တော်ပွား၊ တရားမှတ်ပြီးချိန်မှာ ကိုယ်ပြုတဲ့ ကောင်းမှုမှန်သမျှကိုလည်း သတ္တဝါအား လုံးအား အမျှဝေပေးတယ်။ ပြီးရင် ဘယ်သူက ဘယ်အချိန် အမျှဝေလည်းဆိုတာ သေချာမသိရတဲ့အတွက် တစ်နေ့တာရဲ့ အများကောင်းမှုတွေ အမျှဝေပေးထားတာကိုလည်း မှန်းဆသာဓုခေါ်ဆိုလေ့ရှိပါတယ်။ ဒါကတော့ ဦးဇင်းရဲ့ ကိုယ်ပိုင်အယူအဆပါ။ စာဖတ်သူအားလုံး အသိဉာဏ်ဗဟုသုတများ တိုးပွားပြီး လိုရာပန်းတိုင်ကို အမြန် လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလျက်……။


အရှင်ကောမလ ဆန်နီနေမင်း
သာသနတက္ကသီလ ဓမ္မာစရိယ
B.A (Buddhism), M.A (သီရိလင်္ကာ)
Ph.D, Thesis (သီရိလင်္ကာ)