HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်



လေးကျွန်း-တစ်မြင့်မိုရ် အကြောင်းပြည့်ပြည်စုံစုံ
(အကျယ်တဝင့်သိလိုသူများအတွက်)
***********************************
လူ

“လူ”ဟူသည် ပါဠိဝေါဟာရ“မနုဿ”ဟူသော ပုဒ်မှ ဆင်းသက်လာသည်။ အဋ္ဌကထာ(အဖွင့်)ဆရာက “လောဘ၊ အလောဘ အစရှိသည်တို့နှင့် တကွဖြစ်သော စိတ်၏ပြန့်ပြောများပြားသည်၏ အဖြစ်ကြောင့် လူ မည်၏။” ဟု ဖွင့်ဆို ရှင်းပြထားသည်။
အခြားဘုံသားများထက် ကုသိုလ်၊ အကုသိုလ်အရာတို့၌ ထက်မြက် ရဲရင့်၊ ခိုင်မြဲသော သတိရှိကြပြီး ဆန်းကြယ်သော စိတ်နှလုံးရှိသူကို “မနုဿ” (လူ)ဟုခေါ်သည်။
တစ်နည်း - ကမ္ဘာဦးက သမ္မတမင်းသည် “မနု” မည်၏။ ထို မနုမင်း၏ အဆုံးအမ၌ တည်ကြသဖြင့် မနုမင်း၏ သားသမီးများသဖွယ် ဖြစ်ရကာ “မနုဿ”ဟု အမည်ရသည်။
တလူလူမြင့်မားတက်ကြွနေသော အဓိပ္ပာယ် သက်ရောက်သော မြန်မာအခေါ် မြန်မာပညတ်(လူ)ဟူသည်နှင့် ထပ်တူလိုပင် ဖြစ်နေပါသည်။
လူ့ဘုံ
မနုဿဘုံသည် လူ့တို့နေထိုင်ရာဘုံဖြစ်သည်။ ဤလူ့ဘုံသည် မျက်မြင်ထင်ရှားဖြစ်သည်။ လူတို့၏ထူးခြားချက်မှာ နိဗ္ဗာန်ရောက်အောင် ကျင့်ကြံနိုင်ခြင်း ဖြစ်သည်။
လူ့ဘဝ ရဖို့ရာ လူ့ပြည်မှ အပ်တစ်စင်းနှင့် ဗြဟ္မာပြည်က အပ်တစ်စင်းတို့ အချင်းချင်းထိခိုက်မိနိုင်ဖို့ ခက်ခဲတာထက် အဆပေါင်းများစွာ ခက်ခဲလှပါသည် ဟုအဆိုရှိသည်။
မြတ်စွာဘုရားဟောကြားထားသော နခသိခသုတ်ကို ထောက်ရှုခြင်း အားဖြင့် လူ့ဘုံမှာစုတေ၍ သေလွန်ကြကုန်သော သူတို့တွင် လူဘုံသို့ ရောက်ရှိသော သူမှာ မြတ်စွာဘုရား၏ လက်သဲခွံပေါ်ရှိ မြေမှုန့်ပမာဏသာရှိ၍ အပါယ်လေးဘုံသို့ ကျရောက်သော သူတို့မှာ ဂင်္ဂါမြစ်လွင်ပြင်ရှိ မြေမှုန့်ပမာဏ ရှိသည်။ နှိုင်းဆလို့မရအောင် ကွာခြားလှသည်။
အမှန်စင်စစ် လူ့ဘဝသို့ ရောက်ရှိလာခြင်းသည် အမိအဘတို့ရဲ့ သွေးသားကြောင့် ရောက်ရှိလာရတာ မဟုတ်ပါ။ မိမိတို့ ရှေးကပြုခဲ့ဖူးသော ကောင်းမှုကုသိုလ် ကံအကျိုးပေး များစွာကြောင့် (တစ်နည်း) ဂတိသမ္ပတ္တိနဲ့ပြည့်စုံလာ သည့်အတွက်ကြောင့် ရန်ုင်ခဲလှသည့် လူ့ဘဝကို ရရှိခြင်း ဖြစ်သည်။ အမိအဘတို့၏ သွေးသားဆိုသည်မှာ အထောက်အပံ့မျှသာ ဖြစ်ကြသည်။
လူ့ဘဝရရှိကြသော်လည်း လူအချင်းချင်း တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ မိမိတို့ရှေးဘဝကပြုခဲ့ဖူးသော ကံတွေကြောင့် မတူညီကြဘဲ ကွဲပြား ခြားနားနေ ကြပါသည်။ ယောင်္ကျားဘဝ၊ မိန်းမဘဝ၊ ယောင်္ကျားမဟုတ် မိန်းမမဟုတ် (နပုန်းပဏ္ဍုက်)ဘဝ တို့ ဖြစ်ကြသည်။ ယောင်္ကျားဘဝသည် မိန်းမဘဝထက် သာ၍ မြင့်မြတ်ပေသည်။
ယောင်္ကျား ဘဝဖြစ်စဉ်မှာ ကာမေသုမိစ္ဆာစာရ အကုသိုလ်ကံကို ကျူးလွန်မိခဲ့ပါက သေလျှင် ငရဲကျမည်။ ငရဲမကျပဲ လူပြန်ဖြစ်လျှင် မိန်းမဘဝမှာ ဖြစ်ကြရသည်။ (အရှင်အာနန္ဒာ မထေရ်မြတ်ကြီးပင်လျှင် အတိတ်ဘဝတစ်ခုမှာ ကာမေသုမိစ္ဆာစာရ ကံကို ကျူးလွန် မိခဲ့သည့် အတွက် မိန်းမဘဝ ဖြစ်ခဲ့ရဖူးသည်။)
လူလေးမျိုး
လူဟုဆိုရာတွင် ဝိမာနအဋ္ဌကထာ၌ လူသည် သာမညအားဖြင့် တစ်မျိုးတစ်စားတည်းသာဖြစ်သော်လည်း အထူးပြုခွဲခြားလျှင် လေးမျိုးရှိကြောင်း တွေ့ရသည်။
• လူ့ငရဲသား
• လူ့ပြိတ္တာ
• လူ့တိရစ္ဆာန်
• လူသားစစ်စစ်
(၁)လူ့ငရဲသား
သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း စသော မပြုသင့်သည်ကိုပြုခဲ့လျှင် မင်းပြစ်ဒဏ်ကြောင့် လက်ခြေဖြတ်ခြင်း စသောအပြစ်ပေးခံရပြီး ဆင်းရဲဒုက္ခကြီးစွာ ခံစားနေရသူများ။
(၂)လူ့ပြိတ္တာ
ရှေးကပြုခဲ့ဖူးသော မကောင်းမှုကြောင့် (ရှေးက ကောင်းမှုကို မပြုခဲ့သောကြောင့်) အစားအစာ အဝတ်အထည်ကို မရရှိ၊ ဆာလောင်ခြင်းဖြင့်
နှိပ်စက်ခံနေရ၍ ဆင်းရဲကြီးစွာ ရပ်တည်ရာမရ ကတိမ်းကပါး ပြေးလွှားရှာဖွေနေ ရသူများ။
(၃)လူ့တိရစ္ဆာန်
သူတစ်ပါးနှင့် စပ်လျှင်း၍ အသက်မွေးရသဖြင့် သူတစ်ပါး၏ တာဝန်ဝတ္တရားများကို မနေမနားထမ်းဆောင်သွားလာနေရသူများ၊ လူ့လောက စည်းမျဉ်းဥပဒေကို ကျော်ဖျက်၍ မလိုအပ်သည်ကို လုပ်သဖြင့် အစိုးရမင်း စသော တစ်ပါးသူတို့ ခြိမ်းခြောက်မှုကြောင့် သေဘေးကိုကြောက်၍ တောတောင်ထဲသို့ ပြေးဝင်ရပြီး အိပ်လိုခြင်း၊ စားလိုခြင်း၊ ဆာလောင်ခြင်း ဆင်းရဲကို ပယ်ဖျောက်ရုံမှတစ်ပါး အခြားမည်သည့်အကျိုးအကြောင်း ဟုတ်သည် မဟုတ်သည်ကိုမျှ မစဉ်းစားနိုင်ဘဲ ဒုက္ခကြီးစွာ လှည့်လည်ထွက်ပြေး နေရသူများ။
(၄)လူသားစစ်စစ်
မိမိ၏ အကျိုးစီးပွားကိုသိ၍ ကံ ကံ၏အကျိုးကို ယုံကြည်ကာ မကောင်းမှုမှာ ရှက်ခြင်း၊ ကြောက်ခြင်းတို့နှင့် ပြည့်စုံပြီးလျှင် သတ္တဝါတို့အပေါ်၌ သနားခြင်းရှိသည့်အပြင် သံဝေဂတရားရှိသည့်အလျောက် အကုသိုလ်တရားတို့ကို ရှောင်ကြဉ်ကာ ကုသိုလ်တရား တို့ကို ကောင်းစွာကျင့်သုံးပြီး ဒါန၊ သီလ၊ ဘာဝနာ စသော ပုညကြိယာ ဝတ္ထုဆယ်ပါးနှင့် ပြည့်စုံသောသူများ။
ကျွန်းကြီး(၄)ကျွန်း၊ ကျွန်းငယ်(၂၀၀၀)
လူ့ဘုံ(မနုဿဘုံ)တွင် အရှေ့ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်း၊ တောင်ကျွန်း ဟူသော ကျွန်းကြီး(၄)ကျွန်းရှိသည်။
ကျွန်းကြီး(၄)ကျွန်းတွင် တစ်ကျွန်းစီ၌ ကျွန်းငယ်ပေါင်း(၅၀၀)စီ ရံထားလေသည်။ ထို့ကြောင့် ကျွန်းငယ်(၂၀၀၀)ရှိသည်။ ကျွန်းကြီး(၄)ကျွန်း၊ ကျွန်းငယ်(၂၀၀၀)ရှိသော လူ(မနုဿ)တို့၏ နေရာကို လူ့ဘုံဟု ခေါ်သည်။
ကျွန်းကြီး(၄)ကျွန်း
* ပုဗ္ဗ၀ိဒေဟ = အရှေ့ကျွန်း
* အပရဂေါယာန = အနောက်ကျွန်း
* ဥတ္တရကုရု = မြောက်ကျွန်း
* ဇမ္ဗုဒီပ = တောင်ကျွန်း
ပုဗ္ဗ၀ိဒေဟ ခေါ် အရှေ့ကျွန်း
အရှေ့ကျွန်း၏ အကျယ်အ၀န်းသည် ယူဇနာ (၇)ထောင် ရှိသည်။ အရှေ့ကျွန်း၏ ပုံသဏ္ဌာန်သည် လထက်ဝက်ခြမ်းနှင့် တူသည်။ ထိုကျွန်းနေ လူတို့၏ မျက်နှာ သဏ္ဌာန်မှာလည်း ကျွန်းသဏ္ဌာန်ကဲ့သို့ လထက်ဝက်ခြမ်းသဏ္ဌာန် ဖြစ်သည်။ အရှေ့ကျွန်း၏ ကျွန်းဦး၊ ကျွန်းထိပ်တွင် တစ်ယူဇနာ အမြင့်ရှိသော ကုက္ကိုပင်ရှိသည်။
အရှေ့ကျွန်းသူ/သားများသည် ကုန်ရောင်း၊ ကုန်ဝယ် စသော ပညာနှင့် အသက် မွေးလုပ်ကိုင်ရသည့် အလုပ်ကို လုပ်ကိုင်ကြသည်။ အသက်(၇၀၀) ရှည်ကြသည်။
အပရဂေါယာန ခေါ် အနောက်ကျွန်း
အနောက်ကျွန်း၏ အကျယ်အ၀န်းသည် ယူဇနာ (၇)ထောင် ရှိသည်။ အရှေ့ကျွန်း၏ ပုံသဏ္ဌာန်သည် လပြည့်ဝန်းနှင့် တူသည်။ ထိုကျွန်းနေလူတို့၏ မျက်နှာ သဏ္ဌာန် မှာလည်း ကျွန်းသဏ္ဌာန်ကဲ့သို့ လပြည့်ဝန်းသဏ္ဌာန် ဖြစ်သည်။
အနောက်ကျွန်း၏ ကျွန်းဦး၊ ကျွန်းထိပ်တွင် တစ်ယူဇနာ အမြင့်ရှိသော ထိန်ပင်ရှိသည်။ အနောက် ကျွန်းသူ/သားများသည် နွားယာဉ်ကို စီး၍ သွားလာနေထိုင် တတ်သည်။ အသက်(၅၀၀) ရှည်ကြသည်။
ဥတ္တရကုရု ခေါ် မြောက်ကျွန်း
မြောက်ကျွန်း၏ အကျယ်အ၀န်းသည် ယူဇနာ (၈)ထောင် ရှိသည်။ မြောက်ကျွန်း၏ ပုံသဏ္ဌာန်သည် အင်းပျဉ်မှန်နှင့် တူသည်။ ထိုကျွန်းနေ လူတို့၏ မျက်နှာသဏ္ဌာန်မှာလည်း ကျွန်းသဏ္ဌာန်ကဲ့သို့ အင်းပျဉ်မှန်နှင့် တူသည်။
မြောက်ကျွန်း ၏ ကျွန်းဦး၊ ကျွန်းထိပ်တွင် အမြင့် ယူဇနာတစ်ရာ ရှိသော ပဒေသာပင်ရှိသည်။ မြောက်ကျွန်းသူ/သားများသည် အလိုရှိရာကို ပဒေသာပင်မှ ဆွတ်ယူစားသောက်ပြီး ချမ်းချမ်းသာသာ နေထိုင်ကြရသည်။ အသက်(၁၀၀၀) ရှည်ကြသည်။
မြောက်ကျွန်း သူ/သားများသည် ဥပစ္ဆေဒကကံ နှင့် သေခြင်းမျိုးမရှိပေ။ အခက်အလက်စိတ်ပြီး ပြဿဒ်ကြီးများနှင့် တူသော သစ်ပင်ကြီးများ နေရာအနှံ့ ပေါက်ရောက်နေသည်။ ကျွန်းသူ/သားများသည် ထိုသစ်ပင်ကြီးများကို နေအိမ်အဖြစ် အသုံးပြု နေထိုင်ကြသည်။
အိပ်လိုသည့်အခါ အိပ်ယာများသည် အဆင်သင့် ဖြစ်နေ၏။ ကြာမျိုးငါးပါးနှင့် ဖုံးလွှမ်းနေသော အလွန်သာယာသည့် ရေကန်များလည်း ရှိသည်။
မြောက်ကျွန်းသူ/သားများသည် အရပ်မမြင့်လွန်း၊ မပုလွန်း ကြည့်ကောင်းရုံမျှ အချိုးအစားရှိသည်။ အိုမင်းခြင်း၊ ဆံဖြူခြင်း၊ ပါးရေတွန့်ခြင်း၊ အားအင်ဆုတ်ယုတ်ခြင်း မရှိ၊ အမြဲတင့်တယ်နေသည်။
မြောက်ကျွန်းတွင် အေးခြင်း၊ ပူခြင်း၊ မှက်၊ ခြင်၊ လေ၊ နေပူ၊ ကင်း၊ သန်း၊ သားရဲတိရစ္ဆာန် စသော အနှောက်အယှက် ဘေးရန်လုံးဝမရှိပေ။ အမြဲတန်း ရာသီဥတု မျှတ နေသည်။ မြောက်ကျွန်းသူ/သားများသည် လယ်ယာလုပ်ကိုင်ရခြင်း မရှိပေ။
မြေအလိုလို ပေါ်ပေါက်လာသည့် ဖွဲ အမြှေး ကင်းစင်သော သလေးဆန်ကို အိုးတွင်ထည့်၍ မီးကျီးအခိုးမထွက်သော ဇောတိပါသာဏ မီးကျောက်နှင့် ချက်ကာ စားသောက်ကြသည်။ (ဇောတိပါသာဏ မီးကျောက် သုံးခုကို ဖိုခနောက်လုပ်၍ သလေးဆန်ထည့်ထားသော ရွှေခွက်ကို တည်သည်။
မီးသည် သလေးဆန် မကျက်မချင်း ဖိုခနောက်မှ ထတောက်နေသည်။ သလေးဆန် ကျက်လျှင် မီးသည် အလိုလို ငြိမ်းသွားသည်။) တခြားဟင်းလျာများကို မစားကြပေ။ မိမိလိုလား တောင့်တသည့်အတိုင်း အရသာ ဖြစ်လာကြသည်။ ထို ဘောဇဉ်ကို စားသုံးကြသည့် အတွက် အနာရောဂါ လုံးဝကင်းရှင်းသည်။
မြောက်ကျွန်းသူ/သားများသည် ခါးကုန်းခြင်း၊ ခြေလက်ကောက်ခြင်း၊ ခွင်ခြင်း၊ ကိုယ်အင်္ဂါ ချို့တဲ့သည်များ လုံးဝမရှိပေ။
မြောက်ကျွန်းသူများသည် တင့်တယ်လျောက်ပတ်သော ရုပ်ဆင်းအင်္ဂါ ရှိကြသည်။ မြောက်ကျွန်းသူ မိန်းမများသည် လက်ချောင်းသွယ်သည်။ လက်သည်း နီသည်။ ရင်သားရှည်ပြီး ခါးသေးသည်။ လပြည့်ဝန်းနှင့် တူသောမျက်နှာ ရှိသည်။ မျက်လုံးကျယ်သည်။ နူးညံ့သည့် အသားအရေ ရှိသည်။ ပေါင်တံသွယ်သည်။ ဖြူစင်သော သွားများရှိသည်။ ချက်ကျ စောက်နက်သည်။ ဒူးဆစ် သေးသွယ်သည်။ ဆံပင်နက်သည်။ တင်ပါး ကျယ်သည်။ အမွှေးအမျှင် မထူမပါးရှိသည်။
စကားပြောလျှင် သိမ်သိမ်မွေ့မွေ့ ပြောဆို၏။ လက်ဝတ်တန်းဆာ အမျိုးမျိုး ၀တ်ဆင်တတ်သည်။ အသက်(၁၆)နှစ် အရွယ်ကဲ့သို့ အမြဲတင့်တယ်နေသည်။ ယောင်္ကျားများသည် အသက်(၂၅)နှစ် အရွယ်ကဲ့သို့ အမြဲတင့်တယ်နေသည်။
ယောင်္ကျားများသည် သားမယားအပေါ် စွဲစွဲလမ်းလမ်း ချစ်ချစ်ခင်ခင် မရှိကြ။ မြောက်ကျွန်းသူယောင်္ကျား၊ မိန်းမများသည် ကာမကိစ္စ တစ်သက်လုံးမှာ (၇)ရက်သာ ခံစား ကြသည်။ ကျန်ရက်များတွင် ရာဂကင်းစွာ နေထိုင်ကြသည်။ မြောက်ကျွန်းတွင် ကိုယ်ဝန်ဆောင်ခြင်း၊ သားဖွားခြင်း စသော ဒုက္ခများမရှိကြပေ။
သင်တိုင်းနီအတွင်းက ရွှေရုပ်ကလေးလို မိခင်၏ ၀မ်းပိုက်မှ ကလေးငယ်သည် အညစ်အကြေးမရှိ ထွက်လာကြသည်။ အမျိုးသမီးများ မွေးဖွားချိန်ကျသည့်အခါ ရောက်သည့်နေရာ၌ မွေးဖွားတတ်သည်။ မွေးဖွားသည့်အခါ ထိုင်၍မွေးဖွားသည်၊ အိပ်၍လဲ မွေးဖွား တတ်သည်။ မိခင်များသည် ဖွားမြင်ပြီင်္း သားသမီးများကို အငဲ့မကွက်မရှိဘဲ လူအများသွားသော လမ်းတွင် ထားပစ်ခဲ့ပြီး မိမိတို့သွားလိုရာကို သွားကြသည်။
ထိုကလေးငယ်များကို တွေ့သည့် ယောင်္ကျား၊ မိန်းမများက မိမိတို့၏ လက်ညှိုးကို ကလေးငယ်၏ ပါးစပ်ထဲသို့ ထည့်လိုက် လျှင် နို့ထွက်လာသည်။ လက်ညှိုးက ထွက်လာသည့် နို့ကိုသာ စို့ရပြီး အားအင်ဖြစ်လာကြရသည်။ မိန်းကလေးဖြစ်လျှင် မိန်းမကြီးများဆီ၊ ယောင်္ကျားကလေး ဖြစ်လျှင် ယောင်္ကျားကြီးများဆီ သွားရောက် နေထိုင်ကြရသည်။
မြောက်ကျွန်းတွင် သားက အမိကို မသိ၊ အမိက သားကို မသိ `သားနှင့် အမိ´သည် ယောင်္ကျား မိန်းမ သဘောအရ တပ်မက်ခြင်း မရှိကြ။ ထိုသို့ဖြစ်ခြင်းမှာ သူတို့တွင်ရှိသော တရားသဘောများ၏ ဓမ္မတာ အစွမ်းသတ္တိကြောင့် ဖြစ်သည်။
အမြင့် ယူဇနာ တစ်ရာရှိသော ပဒေသာပင်များသည် နေရာတိုင်းလိုလို ရှိနေကြသည်။ ပဒေသာပင်၌ သစ်သီး သီးသကဲ့သို့ မျိုးစုံသော အ၀တ်တန်ဆာများနှင့် တူရိယာများ ရှိကြသည်။ လိုချင်သော ပစ္စည်းကို အပင်ရင်းက ဖြစ်စေ၊ အကိုင်းကြားက ဖြစ်စေ လက်ဖြန့်ထားလျှင် အလိုအလျောက်ရသည်။
အသီးသီးသော သစ်ပင်များတွင် ရေအိုးမျှ အရွယ်ရှိ ချိုမြိန် ကောင်းမွန် သော အသီးများ သီးသည်။ ထိုအသီးများကို စားလျှင် (၇)ရက် အဆာပြေသည်။ မြစ်များတွင် အလွန်ကြည်လင် သော ရေများရှိသည်။ ရွံ့ညွှံ သဲ လုံးဝမရှိ။
ရနံ့မွှေးကြိုင်သော ပန်းများသည် အမြဲ တင့်တယ်လှပ နေသည်။ ဆူးရှိသောမြက်၊ ကြမ်းတမ်းသော ချုံပင်များ လုံးဝမရှိပေ။ မြောက်ကျွန်းတွင် စန္ဒကူး၊ ကံ့ကော်ပင်များသည် အလိုလို နံ့သာရည်များ ယိုထွက် နေကြသည်။
မြောက်ကျွန်းသူ/သားများသည် ကိုယ့်ဟာ၊ သူ့ဟာ ခွဲခြားမှု မရှိကြ။ ထို့ကြောင့် ငြင်းခုန်၊ ခိုက်ရန်ဖြစ်ခြင်း လုံးဝမရှိပေ။ မြောက်ကျွန်းသူ/သားများသည် လူသေကို တွေ့လျှင် မငိုကြ၊ သောက မဖြစ်ကြ။ လူသေကောင်ကို အ၀တ်တန်ဆာ ဆင်ယင်ပြီး စွန့်ပစ်လိုက်ကြသည်။
ငှက်များက လူသေကောင်ကို တစ်ခြားကျွန်းသို့ ယူဆောင် သွားကြသည်။ ထို့ကြောင့် မြောက်ကျွန်းတွင် သင်္ချိုင်း မရှိပေ။ မြောက်ကျွန်း သူ/သားများသည် သေသောအခါ အပါယ်လေးဘုံသို့ မရောက်၊ ငါးပါးသီလ မြဲသောကြောင့် နတ်ပြည်၌သာ စံရသည်။ အမြဲတမ်း အသက်(၁၀၀၀)ပြည့်အောင် နေကြရသည်။
* မြောက်ကျွန်းသူ/သားများသည် ဇမ္ဗုဒီပ တောင်ကျွန်းသားများထက် ပိုလွန်သော ဂုဏ်(၃)ပါးရှိသည်။
* မြောက်ကျွန်းသူ/သားများသည် ငါ့ရွှေ၊ ငါ့ငွေရယ်ဟု မြတ်နိုးမနေပေ။
* မြောက်ကျွန်းသူ/သားများသည် ငါ့လင်၊ ငါ့သား၊ ငါ့မယား ဟူ၍ သိမ်းဆည်း မနေပေ။
* မြောက်ကျွန်းသူ/သားများသည် အသက် တစ်ထောင် အမြဲနေကြရသည်။
ဇမ္ဗုဒီပ ခေါ် တောင်ကျွန်း
တောင်ကျွန်း၏ အကျယ်အ၀န်းသည် ယူဇနာ (၁)သောင်း ရှိသည်။ တောင်ကျွန်း၏ ပုံသဏ္ဌာန်သည် လှည်းဦးဆုံနှင့် တူသည်။
ထိုကျွန်းနေ လူတို့၏ မျက်နှာသဏ္ဌာန်မှာလည်း ကျွန်းသဏ္ဌာန်ကဲ့သို့ လှည်းဦးဆုံနှင့် တူသည်။ တောင်ကျွန်း၏ မြောက်ဘက် ကျွန်းဦးတွင် အမြင့် တစ်ဆယ့်ငါး ယူဇနာ ရှိသော သပြေပင်ရှိသည်။
တောင်ကျွန်းသူ/သားများ၏ သက်တမ်းသည် အမြဲမရှိပေ။ ဇမ္ဗုဒီပ ခေါ် တောင်ကျွန်းက လူသားများသည် ဘုရား၊ ပစ္စေကဗုဒ္ဓ၊ စကြာမင်းများ ဖြစ်တတ်ကြသည်။
ဇမ္ဗုဒီပ တောင်ကျွန်းသားများသည် မြောက်ကျွန်းသူ/သားများ ထက် လွန်မြတ်သော ဂုဏ်(၃)ပါးရှိသည်။
* ဒါန စသော ကုသိုလ်ကောင်းမှု ပြုလုပ်ရာမှာ ရဲရင့်သည်။
* အပ္ပမာဒ မမေ့မလျော့သော သတိတရားနှင့် ပြည့်စုံသည်။
* အရိယာ မဂ်၊ ဖိုလ် မျိုးစေ့ကို ဖြစ်စေနိုင်သည်။
တခြားကျွန်တို့ထက် တောင်ကျွန်း၏ထူးမြတ်ခြင်းကြီး ၅-ပါးရှိသည်၊
* ယူဇနာတစ်သောင်းကျယ်၍ အခြားကျွန်းတို့ထက် ကျယ်ဝန်းခြင်း၊
* မဟောဗောဓိပင်မင်းနှင့်အပရာဇိတ ပလ္လင်တော်ပေါက်ရာဖြစ်ခြင်း၊
* ဘုရားပစ္စေကဗုဒ္ဓါတို့၏ ပွင့်ထွန်းပေါ်ပေါက်ရာ ဖြစ်ခြင်း၊
* စကြာ မန္ဓာတ်မင်းမြတ်တို့၏ဖြစ်ပေါ်ရာဖြစ်ခြင်း၊
* နိဗ္ဗာန်သို့ ဖြောင့်တန်းစွာကူးနိုင်ရာကျွန်းမြတ် ဖြစ်ခြင်း။
မွေးဖွားပုံ(၄)မျိုး
`ဂဗ ၻေသယ်က ပဋိသေႏၶ´
လူတို့သည် ပုံမှန်အားဖြင့် `ဂဗ ၻေသယ်က ပဋိသေႏၶ´ တည်၍ မွေးဖွားကြသည်။ အမိဝမ်းတွင်း သန္ဓေတည်၍ မွေးဖွားသည်။
`ဥပပတ် ပဋိသန္ဓေ´
ကမ္ဘာဦးအခါက `ဥပပတ် ပဋိသန္ဓေ´နဲ့ လူလာဖြစ်ကြသည်။ သစ်ပင်၊ ကြာတိုက် စသော စိမ်းစိုသည့် အရာဝတ္တု တစ်ခုခုကို မှီပြီး လူဖြစ်သည်။ (လူဖြစ်သည့် အရွယ်မှာ ၁၆-နှစ်ဖြစ်၍ တဖြေးဖြေးကြီးပြင်းလာသည်။) ကမ္ဘာဦးအခါက လူသားများ နှင့် အမ္ဗပါလီ သည် ဥပပတ် ပဋိသန္ဓေနှင့် မွေးဖွားသူများ ဖြစ်သည်။
`သံသေဒဇ ပဋိသန္ဓေ´
သစ်ပင်၊ ကြာတိုက် စသော စိမ်းစိုသည့် အရာဝတ္တု တစ်ခုခုကို မှီပြီး လူဖြစ်သည်။ ( ကလေးဘ၀မှ စ၍ တဖြေးဖြေးကြီးပြင်းလာသည်။) လူ့ဘုံတွင် သံသေဒဇ ပဋိသန္ဓေ နှင့် မွေးဖွားသူ အတော်များများရှိသည်။ ပဒုမ၀တီ မိဖုရား၊ ပဒုမ၀တီ၏သား(၄၉၉)ယောက်၊ အာကင်္ခ မင်းသမီး၊ ပေါက္ခရသာတိ ပုဏ္ဏား တို့သည် သံသေဒဇ ပဋိသန္ဓေနှင့် မွေးဖွားသူများ ဖြစ်သည်။
`အဏ္ဍဇ ပဋိသန္ဓေ´
တိရစ္ဆာန်နှင့် လူသားတို့ အကြောင်းပါ၍ မွေးဖွားလာခြင်းဖြစ်သည်။ လူ့ဘုံတွင် အဏ္ဍဇ ပဋိသန္ဓေ တည်ခြင်း အလွန်ရှားသည်။
(ကလျာဏီကျောက်စာ အရ - တစ်ခါက နဂါးမနှင့် ၀ိဇ္ဖာဓိုရ် ပေါင်းသင်းခဲ့၍ နဂါးမတွင် ပဋိသန္ဓေ ရလာသည်။ သန္ဓေနှင့် နဂါးမသည် ဥနှစ်လုံးကို သဲပြင်၌ ဥခဲ့သည်။ ရသေ့တစ်ပါးတွေ့၍ ကောက်ယူသိမ်းထားလိုက်သည်။
အချိန်ကြာသောအခါ ဥ နှစ်လုံးမှ ယောင်္ကျားငယ် နှစ်ယောက် ဖွားမြင်လာသည်။ တစ်ယောက်က ဆယ်နှစ်အရွယ်တွင် ကျောက်ရောဂါနှင့် ဆုံးသွားသည်။ ကျန်တစ်ယောက်မှာ ကြီးပြင်းလာသောအခါ သုဝဏ္ဏဘူမ္မိ မြို့၌ သီဟရာဇာ အမည်ဖြင့် မင်းဖြစ်လာသည်။)
သေဆုံးပုံ(၄)မျိုး
မွေးလာပြီးလျှင် အကြောင်း (၄) ချက်နှင့် သေကြရသည်။
* အာယုက္ခယ = အသက်တမ်းကုန်၍ သေခြင်း။
(ဖယောင်းတိုင် ဖယောင်းသားကုန်၍ မီးငြိမ်းရခြင်း)
* ကမ္မက္ခယ = ကံကုန်၍သေခြင်း ၊(ဖယောင်းတိုင် မီးစာကြိုးကုန်၍ မီးငြိမ်းရခြင်း)
* ဥဘယက္ခယ = အသက်တမ်းနှင့် ကံကုန်၍သေခြင်း၊ (ဖယောင်းတိုင် မီးစာကြိုးရော ၊ ဖယောင်းသားပါကုန်၍ မီးငြိမ်းရခြင်း)
* ဥပစ္ဆေဒက = အသက်တမ်းနဲ့ ကံရှိသေးသော်လည်း အခြား ဥပစ္ဆေဒက ကံ က ဖြတ်သတ်၍ သေခြင်း (လေပြင်းတိုက်သောကြောင့် မီးငြိမ်းရခြင်း)
ကျမ်းကိုး
* န၀အင်္ဂုတ္တရအဌကထာ
* န၀ကအင်္ဂုတ္တိုရ် ပါဠိတော်
* မောင်ဝိဇ္ဖာ “ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာအကြောင်း”
* တက္ကသိုလ်သျှင်သီရိ“နတ်ပြည်ရောက်လူသားတို့၏ ဘဝအတွေ့အကြုံများ”
* ဦးနန္ဒ(ဝိဇ္ဇာဂုဏ်ထူး)“ဘုံဘဝ ပုံပြတရားတော်”
* ဦးမြတ်ကျော်(မြန်မာစာကော်မရှင်)`၃၁-ဘုံ ခရီးသည်
မှတဆင့်ဓမ္မဒါနတင်ပြအပ်ပါသည်ခင်ဗျာ
(ဗဟုသုတတိုးပွားနိုင်ကြပါစေခင်ဗျာ)
(ကျွန်တော့်၏Postများမှဓမ္မတရားတော်များကို အများသူငါဖတ်ရှုလေ့လာကုသိုလ်ပွားနိုင်ရန်အတွက်ထပ်ဆင့်၍ဝေမျှ Shareခြင်းဖြင့်ကုသိုလ်
ယူနိုင်ကြပါသည်ခင်ဗျာ)

(Facebook မှကူးယူဖော်ပြပါသည်...)

သံယောဇဉ်ဆိုတာကလည်း အခက်သား။ စွဲမိပြီဆိုရင် ဘာမဟုတ်တာလေး အပေါ်မှာလည်း စွဲလမ်းမိပြီး ဖြတ်ဖို့ခက်တတ်တဲ့ သဘောရှိပါတယ်။ ပစ္စည်းဥစ္စာ တစ်ခုခုကိုပဲ ဖြစ်ဖြစ်၊ နေရာဒေသ တစ်ခုခုကိုပဲ ဖြစ်ဖြစ်၊ အလုပ်အကိုင် တစ်ခုခုကိုပဲ ဖြစ်ဖြစ်၊ ပုဂ္ဂိုလ်တစ်ဦးဦးကိုပဲ ဖြစ်ဖြစ် နေ့စဉ် မြင်နေတွေ့နေ ရင်းနှီးနေတော့ မရှိရင်၊ မမြင်ရင်ကိုပဲ စိတ်ထဲမှာ တစ်ခုခု လိုနေသလို ဖြစ်နေတတ်ပါတယ်။ တစ်ခါတစ်လေ အဲဒီပစ္စည်းဝတ္ထုလေး တစ်ခုခုများ ဖြစ်သွားတဲ့အခါ ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲကို ဖြစ်တတ်တဲ့ သဘောလေးတွေ ရှိနေတတ်သလို တစ်ခါတစ်လေလည်း ကိုယ့်ပစ္စည်းလေး တစ်ခုခုကို တစ်ယောက်ယောက်ကို ပေးပြီးမှ နှမြောတသ ဖြစ်ကြရတာတွေလည်း ရှိတတ်ပါတယ်။ လူပုဂ္ဂိုလ်လည်း ဒီလိုပါပဲ။ နေ့စဉ်မြင်နေတွေ့နေကျ ဖြစ်တဲ့အခါ ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် တစ်နေရာရာရောက်ပြီး ကွဲကွာသွားကြတဲ့ အခါမှာတော့ မြင်ချင်တွေ့ချင် နေတတ်ပြန်ပါတယ်။ ဒါတွေဟာ တကယ်တော့ တွယ်တာမှု သံယောဇဉ်တွေကြောင့်ပဲ ဖြစ်ပါတယ်။

ဒီသံယောဇဉ်ဟာ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ အရာလေးတွေမှာကိုပဲ ဖြတ်မရအောင် စွဲလမ်းနေတတ်တာတွေ ရှိတတ်ပါတယ်။ တစ်ချို့လည်း ကြံဖန်ပြီး သံယောဇဉ် တွယ်နေတတ်ပါတယ်။ နေရာဒေသဆိုလည်း ငယ်ငယ်တည်းက နေ့ခဲ့တဲ့ နေရာလေးဖြစ်နေလို့၊ ပစ္စည်းဥစ္စာဆိုလည်း မိဘအမွေဖြစ်လို့၊ ဘယ်သူက ပေးထားတာဖြစ်လို့၊ ဘယ်လို ရှာထားရတာလေးဖြစ်လို့၊ လူပုဂ္ဂိုလ်ဆိုလည်း ဘယ်သူ့သားသမီး၊ ဘယ်သူနဲ့ ပတ်သက်နေသူ ဖြစ်လို့ စသဖြင့် အကြောင်းပြချက် အမျိုးမျိုးနဲ့ကို တွယ်တာနေတတ်ကြတာ ဖြစ်ပါတယ်။ တစ်ချို့လည်း သံယောဇဉ်တွယ်တာကို တခြားအရာလေးတွေနဲ့ ဖုံးကွယ်ပြီး ဒါတွေက ဒီအတိုင်းထားလို့ မရလို့၊ ဒီမှာက ဘယ်သူမရှိရင် မဖြစ်လို့၊ ဒီအလုပ်တွေက ဘယ်သူလုပ်မှ ဖြစ်မှာမို့ စသဖြင့် ပရိယာယ်တစ်မျိုး၊ အကြောင်းပြချက် တစ်မျိုးမျိုးနဲ့ ဖြတ်ဖို့မကြိုးစားဘဲ အဲဒီသံယောဇဉ် တောထဲမှာပဲ တိုးနေတာတွေ ရှိတတ်ပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ဘယ်လို အကြောင်းမျိုးပဲပြပြ နောက်ဆုံး ကောက်ချက်ချလိုက်တော့ သံယောဇဉ်ကြောင့်ပဲဆိုတာ ထင်ရှားလှပါတယ်။

တစ်လောကတောင် ဘုန်းဘုန်းရဲ့ ခမည်းတော်ကြီးနဲ့ စကားပြောဖြစ်တော့ ဘုန်းဘုန်းက “ဒကာကြီး… အသက်အရွယ်လည်း ရလာပြီ၊ ရိပ်သာသွားပြီး တရားလေးဘားလေး အားထုတ်ဦးမှနော်…”လို့ ပြောတော့ ဒကာကြီးက “ဟာ… အရှင်ဘုရားနယ်၊ အရှင်ဘုရားလည်း သိတဲ့အတိုင်းပဲ၊ အိမ်မှာက အရှင်ဘုရားအမေနဲ့၊ ညီမတွေရယ်ပဲ ရှိတာ၊ ပြီးတော့ ဆိုင်ကလည်း ရှိသေးတယ်၊ တပည့်တော် မရှိလို့ မဖြစ်ပါဘူး၊ တရားတော့ အားထုတ်ချင်ပါတယ်၊ ခက်တာက ဒီမှာကလည်း လွှတ်ထားလို့ မရဘူး၊ နောက်တော့ အားထုတ်ထာပေါ့ ဘုရား…” ဆိုပြီး သူ့အကြောင်းပြချက်နဲ့ သူ၊ သူ့တွယ်တာမှု သံယောဇဉ်တွေနဲ့ ရုန်းမထွက်နိုင်တာကိုပဲ ဘယ်သူကြောင့်၊ ဘာကြောင့်လို့ ကာကွယ်ပြောဆို နေတော့တာ ဖြစ်ပါတယ်။ ဒါတောင် ပြောတဲ့သူ့သားက ဘုန်းကြီးဖြစ်နေလို့။ လူသာဆိုရင် “မင်းက အဖေလား…၊ ငါက အဖေလား…”လို့ ပြန်မေးမှာ သေချာပါတယ်။ တစ်ခါတစ်လေ မိဘတွေမှာ မိဘဆိုတဲ့ မာနလေးတွေ ရှိနေပြန်တော့ သားသမီးတွေက ပြောလာရင် သိပ်လက်ခံချင်ကြတာ မဟုတ်ပါဘူး။ မှန်ပေမယ့် ငါဆိုတဲ့ မာနလေးတွေခံနေတော့ သိပ်လက်မခံချင်သလို ဖြစ်တတ်တာတွေလည်း ရှိတတ်ပါတယ်။

ထားပါတော့။ ပြောချင်တာက သံယောဇဉ်အကြောင်းပါ။ ပုထုဇဉ်တွေမှာက ဖြစ်ရာဘ၀၊ ရောက်ရာနေရာမှာ တွေ့ရာသူတွေနဲ့ ရှိရာပစ္စည်းတွေ အပေါ်မှာ ကြံဖန်ပြီး သံယောဇဉ်တွယ်တတ်တဲ့ သဘောတွေ ရှိနေတာဆိုတော့ ဒီသံယောဇဉ်တွေကို ဖြတ်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စပါ။ သာမန်လူတွေ မပြောနဲ့ ပါရမီရှင်ဖြစ်တဲ့ ဘုရားရှင်တောင်မှ ပါရမီဖြည့်စဉ် အတိတ်ဘ၀ တစ်ခုမှာ လယ်တစ်ကွက်၊ ပေါက်တူးတစ်လက်နဲ့၊ ကွမ်းစားဝက်လောက်ရှိတဲ့ ပြောင်းစေ့လေးတွေ အပေါ်မှာ သံယောဇဉ်တွယ်မိလို့ ရသေ့ရဟန်းဘ၀ကို (၇)ကြိမ်တိုင်တိုင် ၀င်လိုက်ထွက်လိုက် လုပ်ခဲ့ရဖူးတယ်လို့ မိန့်တော်မူပါတယ်။ လယ်တစ်ကွက်၊ ပေါက်တူးတစ်လက်နဲ့ ပြောင်းတစ်ဝက်ကြောင့် ရဟန်းလူထွက်ဘ၀ကို အကြိမ်ကြိမ် ကျင်လည်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီတုန်းက သာသနာပ ကာလဖြစ်တဲ့အတွက် ရဟန်းဆိုပေမယ့် ရသေ့ရဟန်းဘ၀ပေါ့။

လွန်ခဲ့ပြီးတဲ့ အတိတ်ဘ၀၊ ဗာရဏသီပြည်မှာ ဗြဟ္မဒတ်မင်း အုပ်ချုပ်နေချိန်က ဖြစ်ပါတယ်။ ဒီတုန်းက ဘုရားလောင်းဟာ ကုဒါလပဏ္ဍိတဆိုတဲ့ အမည်နဲ့ သာသနာပ ရသေ့ရဟန်းအဖြစ်နဲ့ ဟိမ၀န္တာမှာနေပြီး ကမ္မဋ္ဌာန်း တရားအားထုတ်သူ တစ်ယောက်ဖြစ်ပါတယ်။ ကုဒါလပဏ္ဍိတဟာ ရသေ့ရဟန်းဘ၀နဲ့ နေပေမယ့် ရာသီပြောင်းလို့ သီးနှံစိုက်ပျိုးချိန် ရောက်တဲ့အခါ လူ့ဘ၀မှာထားခဲ့တဲ့ အသွားတုံးး ပေါက်တူးတစ်လက်နဲ့ တစ်ကွမ်းစားဝက် (တစ်စလယ်ဝက်) လောက်ရှိတဲ့ ပြောင်းမျိုးစေ့ကို သတိရ တွယ်တာနေပြီး ပြောင်းမျိုးကို မပြတ်စေဖို့ လူထွက်ကာ လယ်တစ်ကွက်မှာ ပြန်စိုက်ပျိုးပါတယ်။ အဲဒီစိုက်ပျိုးထားတဲ့ ပြောင်းကိုအမျိုးမျိုး ပေါင်းသင်ထိန်းသိမ်းလို့ အချိန်တန် ရိတ်သိမ်းချိန်ကျတဲ့အခါ တစ်ကွမ်းစားဝက်လောက် မျိုးစေ့ကို ချန်ထားပြီး ကျန်တာတွေကို စားသုံးပါတယ်။ စိုက်ပျိုးရိတ်သိမ်းမှု ပြီးတော့ အလုပ်မရှိဘဲ ဖြစ်နေတဲ့အခါ ကုဒါလပဏ္ဍိတဟာ လူ့ဘ၀မှာနေလို့ ဘာအကျိုးမှမရှိ ရသေ့ရဟန်း ၀တ်တာကောင်းပါတယ်လို့ အကြံဖြစ်ပြီး တစ်ခါ တောထွက်ကာ ရသေ့ရဟန်းဝတ်ပြန်ပါတယ်။

ဒီလိုနဲ့ တစ်ကွမ်းစားဝက်ရှိတဲ့ ပြောင်းမျိုးစေ့နဲ့ အသွားတုံး ပေါက်တူးတစ်လက်ကြောင့် ကုဒါလပဏ္ဍိတဟာ ခြောက်ကြိမ်တိုင်တိုင် ရသေ့ရဟန်းဝတ်လိုက် လူထွက်လိုက် ဖြစ်နေခဲ့ပါတယ်။ ခုနှစ်ကြိမ်မြောက်တဲ့ အခါမှာတော့ ကုဒါလပဏ္ဍိတမှာ အကြံတစ်ခု ဖြစ်ပါတယ်။ ကုဒါလပဏ္ဍိတက “ငါဟာ ဒီပေါက်တူးတုံး တစ်လက်၊ ပြောင်းစေ့တစ်ဝက်ကို အကြောင်းပြုပြီး ရသေ့ရဟန်းဝတ်လိုက်၊ လူထွက်လိုက် ဖြစ်လာတာ ခြောက်ကြိမ်မြောက်လို့ ခုနှစ်ကြိမ်တောင် ရောက်လာခဲ့ပြီ၊ ဒီဘာမဟုတ်တဲ့ ပစ္စည်းဝတ္ထု အပေါ်မှာ တွယ်တာမိတဲ့ သံယောဇဉ်ကြောင့် တရားလည်း ကောင်းကောင်းအားမထုတ်ဖြစ်ဘဲ အချိန်တွေပဲ ကုန်လွန်စေခဲ့ရတယ်၊ ဒီပစ္စည်းတွေ မရှိမှပဲ အေးတော့မှာ ဖြစ်တယ်…”လို့ အကြံဖြစ်ပြီး အဲဒီပစ္စည်းတွေကို စွန့်ပစ်ဖို့ ဂင်္ဂါမြစ်ကမ်းနားသွားကာ စွန့်ပစ်ပါတယ်။ ဒါပေမယ့် စွန့်ပစ်တဲ့ နေရာကို မျက်စိနဲ့ မြင်တွေ့နေရတဲ့အတွက် ပစ္စည်းအပေါ် တွယ်တာတဲ့ သံယောဇဉ်ကြောင့် တစ်ခါပြန်ပြန်ပြီး ကောက်ယူနေခဲ့ပြန်ပါတယ်။ နောက်ဆုံး မဖြစ်တော့ဘူးလို့ စဉ်းစားပြီး ပြောင်းမျိုးကို ပုဆိုးပိုင်းနဲ့ထုတ်၊ ပေါက်တူးရိုးမှာချည်၊ မျက်စိကိုမှိတ်၊ ခေါင်းပေါ်မှာ သုံးကြိမ်လှည့်ယမ်းပြီး ဂင်္ဂါမြစ်ထဲကို ပစ်ချလိုက်ပါတယ်။ အဲဒီလို စွန့်ပစ်လိုက်တော့မှပဲ ကျသွားတဲ့ နေရာကို မတွေ့တော့တာ ဖြစ်ပါတယ်။ ဒီတော့မှ ကုဒါလပဏ္ဍိတဟာ “အောင်ပြီ၊ အောင်ပြီ”လို့ သုံးကြိမ်တိုင်တိုင် အသံပြု ဟစ်ကြွေးလိုက်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ရဲ့အောင်ပြီဆိုတဲ့ အသံကို စစ်အောင်ရာက ပြန်လာတဲ့ ဗာရဏသီမင်းက ကြားပြီး ရသေ့ထံသွားကာ “အရှင်ရသေ့… အကျွန်ုပ်ဟာ ရန်သူကို စစ်တိုက်ပြီး အောင်မြင်လာခဲ့ပါပြီ၊ အရှင်ရသေ့က ဘာကိုအောင်တာလဲ..”လို့ မေးတဲ့အခါ ကုဒါလပဏ္ဍိတက “အရှင်မင်းကြီး.. အရှင်မင်းကြီး အောင်တော်မူခဲ့တာဟာ သူခိုးဓားပြစတဲ့ ရန်သူတွေကို အောင်နိုင်ခဲ့တာ ဖြစ်ပါတယ်၊ ဒီလို သူခိုးဓားပြ စသူတွေကို အောင်နိုင်ခြင်းဟာ အစစ်အမှန် အောင်နိုင်ခြင်း မဟုတ်ပါဘူး၊ အချိန်တန်ရင် သူတို့က အရှင်မင်းကြီးကို တစ်ခါပြန်ပြီး အောင်နိုင်ရင်လည်း အောင်နိုင်ပါသေးတယ်၊ အကျွန်ုပ်ရဲ့ အောင်နိုင်ခြင်းကတော့ ကိုယ်တွင်းမှာ ဖြစ်နေတဲ့ လောဘဆိုတဲ့ ခိုးသူဓားပြ၊ တွယ်တာမှုဆိုတဲ့ သံယောဇဉ် ခိုးသူဓားပြကို အောင်နိုင်ခြင်း ဖြစ်တဲ့အတွက် အကောင်းဆုံး၊ အမြတ်ဆုံး အောင်နိုင်ခြင်းပဲ ဖြစ်ပါတယ်၊ ဒါကြောင့် အောင်ပြီအောင်ပြီလို့ ဟစ်ကြွေးခြင်း ဖြစ်ပါတယ်..” စသဖြင့် ပြောကြားကာ တရားစကား ဟောာကြားလိုက်ပါတယ်။ ဒီအခါမှာ ဗာရာဏသီမင်းလည်း သတိသံဝေဂရကာ ရသေ့ရဟန်းပြုသွားပါတယ်။ ဗာရဏသီမင်း ရသေ့ရဟန်းပြုသွားသံကို ကြားတဲ့အခါ ခုနှစ်ပြည်ထောင်မင်းတို့လည်း လိုက်ပြီးရသေ့ ရဟန်းပြု သွားကြပါတော့တယ်။ (ကုဒ္ဒါလဇာတက (သို့) ကုဒါလဇာတက) ဒါက ဘုရားရှင် ဟောကြားတော်မူတဲ့ ဘုရားလောင်း ကုဒါလပဏ္ဍိတ ရသေ့ရဲ့ အတိတ်ဇာတ်ကြောင်းပဲ ဖြစ်ပါတယ်။

ဒီဇာတ်တော်လာ ဘုရားလောင်း ကုဒါလပဏ္ဍိတရဲ့ အဖြစ်ကိုကြည့်ရင် တွယ်တာမှု သံယောဇဉ်ရဲ့ ဒုက္ခကြီးမားပုံကို ကောင်းကောင်းသဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။ သံယောဇဉ်ဟာ တန်ဘိုးရှိတဲ့ အရာမှာပဲ ဖြစ်ဖြစ်၊ တန်ဘိုးမရှိတဲ့ အရာမှာပဲ ဖြစ်ဖြစ်၊ ချမ်းသာတဲ့သူမှာပဲ ဖြစ်ဖြစ်၊ ဆင်းရဲတဲ့သူမှာပဲ ဖြစ်ဖြစ်၊ ရုပ်ရည်အဆင်း ရှိတဲ့သူမှာပဲ ဖြစ်ဖြစ်၊ မရှိတဲ့သူမှာပဲ ဖြစ်ဖြစ် မြင်နေတွေ့နေ၊ ကြားသိနေရင် ဖြစ်တတ်တဲ့ သဘောရှိတယ်ဆိုတာ ပေါက်တူးတစ်လက်နဲ့ ပြောင်းစေ့ဝက်ကြောင့် ဒုက္ခဖြစ်ခဲ့ရတဲ့ ဘုရားလောင်း ရသေ့ရဲ့အဖြစ်က သက်သေပြနေခဲ့ပါတယ်။ အဲဒီအတွင်း သံယောဇဉ်ကို အနိုင်မယူနိုင်ပါက အပြင်အရာတွေကို ဘယ်လောက်ပဲ အောင်နိုင်ပါစေ အစစ်အမှန် အောင်နိုင်မှု မဟုတ်ကြောင်းကို ဘုရားလောင်းရဲ့ တရားစကားက မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်ပါတယ်။ သေချာတာကတော့ အတွင်းတွယ်တာမှု သံယောဇဉ်ကို ပယ်သတ် အနိုင်ယူခြင်းကသာ အကောင်းအဆုံး ချမ်းသာတစ်ခုဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဒါကြောင့် သတ္တ၀ါတွေရဲ့ ဘ၀မှာ ဒုက္ခပေါင်းစုံနဲ့ ကြုံတွေ့နေကြရတာတွေဟာ တွယ်တာမှု သံယောဇဉ်ကြောင့်သာဖြစ်ပြီး ဒီတွယ်တာမှုကို မဖြတ်နိုင်သေးသမျှ ပေါက်တူးတစ်လက်၊ ပြောင်းစေ့ဝက်ကို အကြောင်းပြုပြီး ဒုက္ခအကြိမ်ကြိမ် ဖြစ်ခဲ့ရတဲ့ ဘုရားလောင်း ရသေ့ရဟန်းလို အဖြစ်မျိုးနဲ့ ကြုံတွေ့ကာ ဒုက္ခပင်လယ် ဝေနေကြရဦးမှာ ဖြစ်တဲ့အတွက် ဒီလို ဒုက္ခမျိုးကနေ ရုန်းထွက်နိုင်အောင် ကိုယ့်ရဲ့သတိ ပညာ ၀ီရိယတရားများ လက်ကိုင်ထားကာ “ကိုယ်တွင်းမှာ ရှိနေတဲ့ လောဘဆိုတဲ့ သူခိုးဓားပြ၊ တွယ်တာမှု သံယောဇဉ်ဆိုတဲ့ သူခိုးဓားပြများကို အောင်နိုင်ခြင်းဟာ အကောင်းအဆုံး အမြတ်ဆုံး အောင်နိုင်ခြင်းပဲ ဖြစ်တယ်…”ဆိုတဲ့ ကုဒါလပဏ္ဍိတရဲ့ တရားစကားအတိုင်း ကိုယ့်သန္တာန်မှာရှိတဲ့ တွယ်တာမှု သံယောဇဉ်ကို ကိုယ်ကိုယ်တိုင်ပဲ ဖြတ်နိုင်အောင် ကြိုးစားကြပါလို့ အလေးအနက် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။ သံယောဇဉ်ဟာ ရှိရင်ရှိသလို၊ များရင်များသလို အဲဒီသူကို အနိုင်ယူ လောင်မြိုက်ကာ ဒုက္ခဖြစ်စေတဲ့အတွက် ဘယ်အရာ၊ ဘယ်ပုဂ္ဂိုလ်အပေါ်မှ သံယောဇဉ်ထားတာ မကောင်းကြောင်း အသိပေးစကားပါးရင်း မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ စကားအတိုင်း “သံယောဇဉ် အမျှင်မတန်းစေဖို့ ရှင်ခန်းသာ ဖြတ်လိုက်ကြပါစို့…”လို့…။

အရှင်ဝိစိတ္တ(မနာပဒါယီ)



“မြန်မာကို ကမ္ဘာက လေးစားတာ သာသနာကြောင့်၊ ဒီသာသနာကို ကြည်ညိုလွန်းလို့ မြန်မာ ဦးဇင်းဖြစ်ချင်တဲ့ အရှင် သရဏ ကို သူပျော်သလောက်နေပါစေ” တဲ့၊ တိပဋိက ယောဆရာတော်က ပြောလိုက်တဲ့ စကားပါ။
ဒါဆို မြန်မာ ဦးဇင်းဖြစ်ချင်တဲ့ အရှင် သရဏဆိုတာ ဘယ်သူလဲ။

သူကတော့ ဟိုး အရှေ့ဥရောပက ကမ္ဘာကျော် ကတ္တီပါ တော်လှန်ရေးခေါင်းဆောင်ကြီး မစ္စတာ ဗားကလပ်ဗ် ဟာဗဲလ် ရဲ့ နိုင်ငံဖြစ်တဲ့ ချက်ရီပတ်ဗလစ် (Czech Republic) နိုင်ငံက ချက်လူမျိုး တဦးပါ။ ဗုဒ္ဓ ဘာသာကို ကြည်ညိုလွန်း လို့ ရှင် သာမဏေ အဖြစ်ခံယူခဲ့တယ်။ မြန်မာစာ မြန်မာယဉ်ကျေးမှုကိုလည်း အလွန် ချစ်မြတ်နိုး လို့ မြန်မာစာ၊ မြန်မာစကားကို လည်း တန်ဘိုးထား ပြောကြားတဲ့ သူပါ။

မကြာသေးခင် ရက်သတ္တပတ်ကမှ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဆရာတော် ဦးပညာဝံသကို ဥပဇ္ဈာယ် ဆရာ အဖြစ်ခံ ယူပြီး ဗုဒ္ဓဘာသာ ရှင်ရဟန်းဖြစ်လာတဲ့ အရှင် သရဏပါ။

သူဟာ မြန်မာ့မြေကို ခြေမခင်၊ ထေရ၀ါဒ ရဟန်းတပါးအဖြစ် မရခင်ကတည်းက မြန်မာစာ၊ မြန်မာစကား ကို ကောင်းမွန် ပိုင်နိုင်စွာ ပြောကြားနိုင်ရုံမကပါဘူး။ ချက်-မြန်မာ အဘိဓာန်စာအုပ်ကို လည်း ပြုစုထားနိုင် သူတဦးပါ။

အရှင် သရဏ ပြုစု ထားတဲ့ ချက်-မြန်မာ အဘိဓာန်စာအုပ်ဟာ ပထမဆုံးဖြစ်ပါလိမ့်မယ်။ ဒီအရင် ချက်-မြန်မာ အဘိဓာန်ဆိုတာ မကြားဖူးခဲ့ ပါဘူး။

သီရိလင်္ကာနိုင်ငံ..ကိုလံဘိုမြို့ မှာ နေထိုင်ပြီး ဗုဒ္ဓစာပေ၊ မြန်မာစာတွေ သူက လေ့လာခဲ့တယ်။ တခြား မြန်မာ အပါအ၀င် ဗုဒ္ဓဘာသာ ရှင်ရဟန်းတွေကို
သူက အင်္ဂလိပ်စာသင်ပေးတယ်။ သီရိလင်္ကာနိုင်ငံမှာ နေပြီး သီဟိုဠ် ဘာသာစာပေ၊ စကား လည်း သူက ကျွမ်းကျင်တယ်။ မြန်မာရဟန်းတော်တွေထံက မြန်မာစာ တတ်လာ ပြီး မြန်မာစာ မှာ တော်လွန်းလာတော့ နောက်ဆုံး သူဟာ ချက်-မြန်မာ အဘိဓာန်ကို ရေးသားပြုစုနိုင်ခဲ့ တာပါဘဲ။

အခုလို ချက်ရဟန်းတော် အရှင် သရဏဟာ မြန်မာနိုင်ငံကို ရောက်ပြီး သူ့ရင်ထဲက အဖြစ်ချင်ဆုံး ကို အခုလို ဖွင့်ဟ ထားပါ တယ်။

“လူ့ဘဝကို ရတာဟာ ဒုလဘ္ဘတရားဖြစ်တယ်။ ဦးဇင်း ငယ်ငယ်ကတည်းက သူများနားလည်ရင် ကိုယ် နားမလည်သေးဘူး။ခုလို ဗုဒ္ဓဘာသာဖြစ်လာဖို့ မြန်မာနိုင်ငံမှာ ရဟန်းဖြစ် ဖို့ အများကြီးကြိုးစား ခဲ့ရ တယ်။ မြတ်ဘုရား သာသနာမှာ လူဖြစ်ရတာ ဒီဘဝမှာတင် နိဗ္ဗာန်ရောက်အောင်ကြိုးစားရမယ်။ တန်အောင်ကြိုးစားရမယ်” လို့ အရှင်သရဏက ဆိုပါတယ်။

ဒါကြောင့် အရှင်သရဏက ၀ိပဿနာ တရား ဘာဝနာ ကျင့်ကြံပွားများ အားထုတ်ပုံကို အခု ရန်ကုန်မြို့မှာ စနစ်တကျ အနီးကပ် သင်ယူလေ့လာနေပါတယ်။ ၅ နှစ်ကြာရင်တော့ တောရပ်မှာသွားပြီး တရား ကျင့်ကြံ မှာ ဖြစ်ပါတယ်တဲ့။

ဖေ့ဘုတ်မှ ကူးယူဖော်ပြပါသည်...။


ဇော ၇-ချက်နှင့် ပါတ်သက်၍ ဇောဆိုသည်မှာ... ဇ၀နကိုခေါ်ပါတယ်...

ဇော= ဇ၀န(ပါဠိ)= လျှင်မြန်ခြင်း= အရှိန်အဟုန်။

သည်နေရာမှ အရှိန်အဟုန်ဆိုတဲ့ အဓိပ္ပါယ်ကို ယူပါတယ်... ဇောမှာက ကုသိုလ်ဇော
အကုသိုလ်ဇော ကြိယာဇော ဆိုပြီး ရှိတဲ့နေရာမှာ ကြိယာဇောကတော့
ဘုရားရဟန္တာတွေမှာ ဖြစ်ပြီး... ဒကာဒကာမတို့ ဘုန်းကြီးတို့မှာတော့ ကုသိုလ်ဇော
အကုသိုလ်ဇောတွေ အမြဲမပြတ် ဖြစ်နေပါတယ်...

ဇော ဘယ်နှစ်ခါဖြစ်သလဲ အရင်လေ့လာရအောင်...

ကာမဇောတို့သည် ပကတိအခါ ၇-ကြိမ်သော် လည်းကောင်း၊ ၆-ကြိမ်သော် လည်းကောင်း ဖြစ်ကုန်၏...
သေခါနီးအခါ... မေ့မျောသွားသောအခါ မှီရာ ဟဒယဝတ္ထုရုပ် အားနည်းလှသောကြောင့်
၅-ကြိမ်သာ ဖြစ်ကုန်၏လို့ အဆိုရှိတဲ့အတွက် လယ်တီဆရာတော်ဘုရားက __အရိုးသတ်+ဆ၊
အားနည်းလှ၊ ပဉ္စအကြိမ်သာ__ ဆိုပြီး သံခိပ်လေးရေးပြီး
မှတ်တမ်းတင်ထားပါတယ်... နောက် မြတ်ဗုဒ္ဓ ရေမီးအစုံစုံ တန်ခိုးပြာဋိဟာ
ပြတော်မူသောအခါတို့၌ ဝသီဘော် အထွတ်အထိပ်သို့ရောက်သော
ဈာန်ရှင်ဖြစ်တော်မူသောကြောင့် ပစ္စဝေက္ခဏာ ကာမဇော... အဓိဋ္ဌာန် ကာမဇောတို့သည်
၎-ကြိမ်၊ ၅-ကြိမ် ဖြစ်ကုန်၏... ((ဤ၌ မြတ်စွာဘုရားမှာ ၄-ကြိမ်၊
အရှင်မောဂ္ဂလာန်စသည်တို့မှာ ၅-ကြိမ် ဖြစ်ကုန်၏ဟု အထူးမှတ်ရာ၏)) လို့
ဆက်လက်ပြီး ဆရာတော်မှ __ဝသီခေါင်ဖျား၊ ဈာန်နှင့်ငြား၊ လေး+ငါး နှစ်ထွေလာ__
ဆိုပြီး လင်္ကာစီထားပြန်ပါတယ်... ဇောဆို အားလုံး ၇-ကြိမ်ချည့်
ထင်နေမစိုးလို့ ထည့်ရှင်းပေးလိုက်ပါတယ်...

ဇော ၇-ကြိမ်ဖြစ်ပုံနဲ့ ၀ီထိအစဉ်ကို ကြည့်ကြမယ်... (အတိမဟန္တာရုံဝီထိ) ရူပါရုံအဆင်းနဲ့ စက္ခုပသာဒတို့
တွေ့ဆုံပြီးနောက် မြင်သိစိတ်တစ်ခုတွင် စိတ်ဖြစ်ပုံ အစဉ်အတန်းမှာ...

တီ+န+ဒ+ပ+စ+သံ+ဏ+၀ု+ဇ ဇ ဇ ဇ ဇ ဇ ဇ+ရုံ+ရုံ+ဘွင်+ဘွင်

တီ= အတီတဘ၀င်= (အတီတ=လွန်ပြီး + ဘ၀င်= ဘ၀င်စိတ်) အာရုံသစ်မထင်မှီ ချုပ်ပျက်သွားသော ဘ၀င်စိတ်...

န= ဘ၀င်္ဂစလန= (စလန= လှုပ်သော + ဘ၀င်္ဂ= ဘ၀င်) အာရုံဟောင်းကို မလွတ်သေး အသစ်ကိုလည်း စွဲမြဲစွာ မယူနိုင်သေးလှုပ်နေသောသဘော...

ဒ= ဘ၀င်္ဂုပစ္ဆေဒ= (ဘ၀င်္ဂ= ဘ၀င် + ဥပစ္ဆေဒ= ပြတ်စဲသော) အာရုံသစ်ကိုယူရန် အာရုံဟောင်းကိုဖြတ်သော နောက်ဆုံး ဘ၀င်စိတ်...

ပ= ပဉ္စဒွါရာဝဇ္ဇာန်း= ထင်လာသောအာရုံကို ဘာပါလိမ့်လို့ တစ်ကြိမ် ဆင်ခြင်ပြီးချုပ်၏။

စ= စက္ခုပသာဒကိုမှီ၍ စက္ခုဝိညာဏ် အဆင်းကို မြင်သိစိတ်ဖြစ်...

သံ= သမ္ပဋိစ္ဆိုင်းစိတ်= ရူပါရုံအဆင်းကို ခံယူသောစိတ်... လက္ခံသောစိတ်...

ဏ= သန္တီရဏ= အာရုံကို စူးစမ်း ထောက်လှမ်းသောစိတ်...

ဝု= ၀ုဋ္ဌော= အာရုံကို ကောင်းမကောင်း ဆုံးဖြတ်သောစိတ်... (၀ုဋ္ဌောထိ အာရုံများ မထင်ရှားသေး ခံစားမှု ထိထိမိမိ မသိသေးသေး)

ဇော= ဇ၀န= အရသာပေါ်အောင် အရှိန်ကောင်းကောင်းနှင့် ကာမဇော ၂၉-ပါးမှ တစ်ပါးပါးသော
ဇောစိတ်သည် ၇-ကြိမ်တိုင်တိုင်စောသည်။ နှလုံးသွင်းကောင်းလျှင် ကုသိုလ်ဇော...
နှလုံးသွင်းမကောင်းလျှင် အကုသိုလ်ဇော... ရဟန္တာဖြစ်လျှင် ကြိယာဇော...
ဖြစ်သည်။

ရုံ= တဒါရုံ= ဇောနောက်လိုက်၍ အာရုံ၏အရသာကို ထပ်မံ ခံစားခြင်း...

ဘွင်= ဘ၀င်= ဥပပတ္တိဘ၀၏အကြောင်း... (အတိတ်ကံကြောင့် လူသေမသွားအောင် စိတ်ကလေး ဆက်ဖြစ်ပေးနေခြင်း ဖြစ်သည်)

မရှင်းသေးလျှင် သည်ဥပမာနဲ့ လေ့လာကြည့်ကြမယ်...

သရက်ပင်အောက်က လူတစ်ယောက် ခေါင်းမြီးခြုံ အိပ်နေသည်= ဘ၀င်ကျ...

သရက်သီးကြွေကျ= အာရုံနှင့် ဒွါရ တိုက်ဆိုင်သည်နှင့် တူပါသည်...

လူနိုးလာသည်= ပဉ္စဒွါရာဝဇ္ဇာန်း ဖြစ်ပုံနှင့် တူပါသည်...

ခေါင်းမြီးခြုံဖွင့်ကြည့်= စက္ခုဝိညာဏ်စိတ် ဖြစ်ပုံနှင့် တူပါသည်...

သရက်သီးလှမ်းယူ= သမ္ပဋိစ္ဆိုင်း ဖြစ်ပုံနှင့် တူပါသည်...

မှည့် မမှည့် နှိပ်ကြည့်= သန္တီရစဏ ဖြစ်ပုံနှင့် တူပါသည်...

မှည့်သည်ဟု ဆုံးဖြတ်= ၀ုဋ္ဌော ဖြစ်ပုံနှင့် တူပါသည်...

ကိုက်စား အရသာခံစား= ဇော ဖြစ်ပုံနှင့် တူပါသည်...

ခံတွင်းရှင်း၍ မျိုချ= တဒါရုံ ဖြစ်ပုံနှင့် တူပါသည်...

ခေါင်းမြီးခြုံ ပြန်အိပ်= ဘ၀င်ပြန် ဖြစ်ပုံနှင့် တူပါသည်...

အရှိန်အဟုန်ကောင်းကောင်းနှင့် ကုသိုလ်စိတ် အကုသိုလ်စိတ်များ ဖြစ်လာပြီဖြစ်၍ ဇော... ဇော ၇-ကြိမ်၏ အကျိုးတရားတို့မှာ...

(၁) ပထမဇောသည်... ပဋိသန္ဓေကျိုးကိုမပေး ယခုလက်ရှိ ပ၀တ္တိကျိုးကိုပေးနိုင်၏
ချက်ချင်းလက်ငင်း ထီပေါက်နိုင်သည် ကိုယ်လိုချင်တာရနိုင်မည်
ရွှေအိုးကြီးများရနိုင်သလို... ခြေကျိုး လက်ကျိုး သေချင်းဆိုးနှင့်
သေစေနိုင်သော စွမ်းအားများပါရှိသည်... သူက အကျိုးမပေးက ဘယ်သောအခါမှ
အကျိုးမပေးတော့ အဟောသိကံ... ပထမဇောကံအကျိုး ပျက်၏...

(၇) သတ္တမဇော(သို့)နောက်ဆုံးဇော... သူသည်ကား ဒုတိယ-လာမည့်ဘ၀ ပဋိသန္ဓေကျိုးကို
အကျိုးပေးနိုင်သည့်...ပြင်... ပ၀တ္တိကျိုးကိုလည်း ပေးနိုင်သည်...
ကုသိုလ်ဇောသည် လူ-နတ် ဖြစ်စေနိုင်သလို... အကုသိုလ်ဇောသည်ကား အပါယ
အပါယ်လေးဘုံသို့ ရောက်စေနိုင်ပေသည်...

(၂-မှ-၆) ဒုတိယဇောမှဆဋ္ဌမဇောထိ... အကျိုးပေးပုံကား... တတိယဘ၀မှ စတင်၍
ပဋိသန္ဓေအကျိုးနှင့် ပ၀တ္တိအကျိုးတို့ကို ဘ၀သံသရာ မပြတ်မခြင်း
အကျိုးပေးတော့မည် ဖြစ်ပေသည်...

သို့အတွက် သူတော်ကောင်းအပေါင်းတို့ ကုသိုလ်အကျိုးပေးနှင့် အကုသိုလ် အကျိုးပေးတို့သည်ကား ပြဒါးတစ်လမ်း
သံတစ်လမ်းဖြစ်ပေသည်... ကုသိုလ်၏ အကျိုးပေးကား ချိုမြိန်လှသော မချစ်စု
သရက်သီး စားရသလို... အကုသိုလ်၏ အကျိုးပေးသည်ကား... ခါးသီးလှပေသည်တကား...
ကျွန်ုပ်အတွက်တော့ အမေပေးသောအသည်း အစိမ်းသက်သက် အလှီးခံလိုက်ရပေပြီ...
အကုသိုလ် ပ၀တ္တိအကျိုးသည်ကား ခါးသီးလှပေ၏... အသိ သတိရှိကြပါကုန်...
သင်တို့မှာလည်း နောက်တွဲတွေ အများကြီး ရှိပေဦးမည်... ရှေ့ဆက်၍ ကောင်းမှု
ကုသိုလ်တွေ ကြိုးစားနိုင်ကြပါစေ... သူတော်ကောင်းတရားတွေ
လွမ်းခြုံနိုင်ကြပါစေ... သာသနာကို စောင့်ရှောက်နိုင်သော အမျိုးကောင်း
သားသမီးများ ဖြစ်ကြပါစေ...

အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတော်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ...

ဦးလောကနာထ




မေး။ ။ လူ့ပြည်နဲ့ ငရဲပြည်ဆို အချိန်ဘယ်လို တွက်ရပါသလဲဘုရား။ ဥပမာ လူ့ပြည် နှစ် ၁၀၀ ဆို ငရဲပြည်မှာ ဘယ်လောက်လဲဆိုတာ ဖြေပေးပါဦးဘုရား။

ဖြေ။ ။
၁။ သိဉ္ဇိုဝ်ငရဲ- ငရဲခန္ဓာကိုယ်ကြီး ပျက်စီးသွားလိုက် အသစ်ပြန်ဖြစ်လိုက်နဲ့ အဖန်ဖန်အသက်ရှင်ခံရသော ငရဲ။ ငရဲသက် နှစ် ၅၀၀။ လူ့သက် အနှစ်ကိုးသန်း။

၂။ ကာဠသုတ်ငရဲ- ခန္ဓာကိုယ်ကို ပဲခွပ်ဓါးမတို့ဖြင့် အစိတ်စိတ်အမြှောင်မြှောင် ရွေဖြတ်ခံရသော ငရဲ။ ငရဲသက် ၁၀၀၀။ လူ့သက် သုံးကုဋေခြောက်သန်း။

၃။ သင်္ဃာတငရဲ- အရပ်ရှစ်မျက်နှာမှ လာကုန်သော တောင်ကြီးတို့သည် ကြိတ်ချေသတ်ခံရသော ငရဲ။ ငရဲသက် ၂၀၀၀။ လူ့သက် ဆယ်လေးကုဋေလေးသန်း။

၎။ ရောရုဝငရဲ- နာကျင်ဆင်းရဲသောအသံဖြင့် အလွန်အကဲ အော်ဟစ်ငိုကြွေးခံရသောငရဲ။ ငရဲသက် ၄၀၀၀။ လူ့သက် ငါးဆယ်ခုနစ်ကုဋေ ခြောက်သန်း။

၅။ မဟာရောရုဝငရဲ- ရောရုဝငရဲထက် လွန်ကဲကြီးမားစွာ ခံရသောငရဲ။ ငရဲသက် ၈၀၀၀။ လူ့သက် နှစ်ရာသုံးဆယ်ကုဋေ လေးသန်း။

၆။ တာပနငရဲ- အလွန်ပူပြင်းစွာ လောင်ခံရသောငရဲ။ ငရဲသက် ၁၆၀၀၀။ လူ့သက် ကိုးရာနှစ်ဆယ်တစ်ကုဋေ ခြောက်သန်း။

၇။ မဟာတာပနငရဲ- တာပနငရဲထက် လွန်စွာပူလောင်ခြင်းခံရသောငရဲ။ ငရဲသက် အန္တရကပ်ထက်ဝက်။ လူ့သက်အားဖြင့် အသင်္ချေယျတန်းမှ ၁၀ နှစ်တန်းထိ။

၈။ အဝီစီငရဲ- ငရဲသားတို့ အကြားအလပ်မရှိ ပြည့်ကျပ်နေပြီး ဆင်းရဲဒုက္ခ အမြဲမပြတ် တရစပ်ခံရသောငရဲ။ ငရဲသက် အန္တရကပ်တစ်ကပ်။

အန္တရကပ်တစ်ကပ်ဆိုတာ လူတို့သက်တမ်း ၁၀ နှစ်တမ်းမှ အသင်္ချေယျတန်းထိ။ အသင်္ချေယျတမ်းမှ ၁၀ နှစ်တန်းထိ တက်ကပ်ဆုတ်ကပ်တစ်စုံကို ခေါ်ဆိုခြင်း ဖြစ်သည်။

အဝီစိငရဲမီးကို လူတစ်ယောက်သည် မိုင် (၈၀၀) မှ ကြည့်ရှု့ပါက မျက်လုံးပေါက်ထွက်သွားနိုင်သည်။

ကျမ်းညွှန်း။ သုတ္တ။ ဋ္ဌ။ ဒု။ ၂၀၀။ မဟာသုတဒီပနီကျမ်း။ ပ။ နှာ။ ၇၈။
ဤမျှလောက်ဆို ပြည့်စုံလုံလောက်ပြီမို့ စာဖတ်သူများအားလုံး ငရဲကျမည့် အလုပ်များမှ ရှောင်ကြဉ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်

(အရှင်ကောမလ ဆန်နီနေမင်း) ထံမှ ကူးယူဖော်ပြပါသည်...။


သြကာသ၊ သြကာသ၊ သြကာသ။


ကာယကံ၊ ၀စီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရား ငါးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား။

အဟံ ဘန္တေ တိသရဏေနသဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ။
( ဒုတိယမ္ပိ ) အဟံ ဘန္တေ တိသရဏေနသဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ။
(တတိယမ္ပိ) အဟံ ဘန္တေ တိသရဏေနသဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ။
(အာမဘန္တေပါ အရှင်ဘုရား။)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ( သုံးခေါက်ဆို)


ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဓမ္မံ သရဏံ ဂစ္ဆာမိ ။
သံဃံ သရဏံ ဂစ္ဆာမိ ။

ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။

တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။
(အာမဘန္တေပါ အရှင်ဘုရား။)


(၁) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ၂) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ၃) အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(၄) မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ၅) သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ၆) ၀ိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(၇) နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
( ၈) ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(အာမဘန္တေပါ အရှင်ဘုရား။)


အနက်။ ။

(၁) ပါဏာတိပါတာ- သူတစ်ပါးအသက်ကို သတ်ခြင်းမှ၊ ဝေရမဏိသိက္ခာ ပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက် တည်ပါ၏။

(၂) အဒိန္နာဒါနာ- မပေးအပ်သော သူ့ဥစ္စာကို ခိုးယူခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင် ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌ မြဲစွာဆောက်တည်ပါ၏။

(၃) အဗြဟ္မစရိယာ- ကာမဂုဏ်တို့၌ ကဲ့ရဲ့ထိုက်စွာ ယုတ်မာသောအကျင့်မှ၊ ဝေရ မဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌ မြဲစွာ ဆောက်တည်ပါ၏။

(၄) မုသာဝါဒါ- မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင် ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။

(၅) သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ- မေ့လျော့ ပေါ့ဆခြင်း၏ အကြောင်းစင်စစ် မူးရစ်စေ တတ်သည့် သေရည်အရက်ကို သောက်စားခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။

(၆) ၀ိကာလဘောဇနာ- နေ့လွဲညစာ စားခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။

(၇)ကခြင်း ၊ သီဆိုခြင်း ၊ တီးမှုတ်ခြင်း ၊ ပန်းပန်ခြင်း ၊ အမွှေးနံသာလိမ်းကျံ ရှူရှိုက်ခြင်း ၊ ပြင်ဆင်ချယ်သခြင်း တို့မှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ် သောသိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။

(၈) -မြင့်မြတ်သော ၊ အလွန်ကောင်းမွန်ခမ်းနားသော အိပ်ယာနေရာတို့တွင် နေထိုင်အိပ်စက်ခြင်းမှ၊ ဝေရမဏိ သိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။

(မှတ်သားဖွယ်ရာ။ အဗြဟ္မစရိယာ နှင့် ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ် တို့၏ ခြားနားချက်။

အဗြဟ္မစရိယာသိက္ခာပုဒ် ကိုစောင့်ထိန်းလျှင် မိမိပိုင်ဆိုင်သော ကာမကိစ္စနှင့် မိမိမပိုင် ဆိုင်သော ကာမကိစ္စနှစ်မျိုးလုံးမှ ရှောင်ကြဉ်ရ၏။


ကာမေသုမိစ္ဆာစာရသိက္ခာပုဒ် ကိုစောင့်ထိန်းလျှင် မိမိမပိုင်ဆိုင်သော ကာမကိစ္စ တို့ကို ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ရ၏။)



 မေး။ ။ ဘုရားအလိုကျ အမျှပေးဝေနည်းကိုလည်း တင်ပြပေးပါဘုရား။

ဖြေ။ ။ ပထမဦးဆုံးအနေနဲ့ ရေစက်ချခြင်းအကြောင်းကို ကျမ်းဂန်များတွင် လာရှိတာကို ဖော်ပြပေးပါမယ်။ ကျမ်းဂန်များတွင် အလှူရှင်မှ အလှူခံလက်ထဲသို့ ရေစက်သွန်းချလှူလိုက်ပြီး အလှူခံပုဂ္ဂိုလ်သည် အလှူရေစက်ကို လက်ဖြင့်ခံယူကာမျှဖြင့် အလှူဝတ္ထု သက်ရှိသက်မဲ့အရာအားလုံး အလှူခံပုဂ္ဂိုလ်ပိုင်ဆိုင်သွားပါတယ်။ (ဝိ၊ဋ္ဌ၊၃၊၄၁၆)

ဗိမ္ဗိသာရမင်း ဝေဠုဝန်ကျောင်းရေစက်ချပွဲပြုလုပ်စဉ်က
၁။ အလှူရေစက်ကို ရွှေကရားတွင်ထည့်ထားသည်။
၂။ မွှေးကြိုင်သောပန်းနံ့သာ ထုံမွှမ်းထားသည်။
၃။ အလှူရေစက်သည် မြအဆင်းကဲ့သို့ ကြည်လင်သန့်ရှင်းနေသည်။
၎။ အလှူရေစက်ကို ဗုဒ္ဓရဲ့လက်ထဲသို့ လောင်းချလှူဒါန်းသည်။ (ဗုဒ္ဓဝင်အဋ္ဌကထာ၊ ၂၅)

အထက်ပါရေစက်ချပုံကိုထောက်ဆ၍ သာမန်ပုဂ္ဂိုလ်များအား လှူဒါန်းမည်ဆိုပါက ရေစက် ကို ရေကောင်း ရေသန့်ဖြင့် စီမံပါ။ ဘုရားအစရှိသော သံဃာတော်များအား လှူဒါန်းရေစက်ချမည်ဆိုပါက သက္ကစ္စဒါန အထောက် အပံ့ဖြစ်အောင် ရေထဲ တွင် မွှေးကြိုင်သော နံ့သာထည့်ထားပါ။ တစ်ခါ ရေစက်ခွက်စီမံပုံနဲ့ပတ်သတ်ပြီး ကျမ်းဂန်များတွင် ဖော်ပြရာမှာ အနာထပိဏ်သူဌေး ဇေတ၀န် ကျောင်းလှူသော အခါ၊ ဒေဝါနံပိယတိဿမင်း မဟာမေဃဝန်ဥယျာဉ် လှူသောအခါတို့တွင်  အလှူရေစက်ကို ရွှေကရား၌ ထည့်ထားပြီး ရေစက်သွန်းချကြပါတယ်။ (ဇာ၊ဋ္ဌ၊၁၊ ၁ဝ၉။ ဝိ၊ဋ္ဌ၊၁၊၆ဝ)

ကျောင်းစသော ထာဝရ၀တ္ထုရေစက်ချရာတွင် ရေစက်ခွက်မထားဘဲ ဘုရားရဟန္တာ လက်ထဲ၌သာ ရေစက် သွန်းချကြောင်း မှတ်သားရပါတယ်။ ဆွမ်းကပ်လှူဒါန်းရာတွင် ရေစက်ချရာ၌ ဗုဒ္ဓရဲ့သပိတ်၊ ဗုဒ္ဓမပါက မထေရ်ကြီး များရဲ့သပိတ်ထဲသို့ အလှူရေစက်သွန်းချလှူဒါန်းကြပါတယ်။ (ဓမ္မ၊ဋ္ဌ၊ စူဠပန်ဝတ္ထု)

ဗုဒ္ဓ၏ရုပ်ပွားဆင်းတုတော်များပေါ်လာချိန်တွင် ရုပ်ပွားတော်နဲ့တကွ သံဃာတော်များဆွမ်းလှူဒါန်းသောအခါ ရုပ်ပွားတော်စေတီတော်ကို ရည်စူး၍ ရေစက်ခံသပိတ်တို့ကို ရှေ့၌ထားကြပါတယ်။ (ဝိ၊ဋ္ဌ၊၃၊၄၂၄။ ဝိ၊သင်္ဂဟ၊၂၅၅။ ကင်္ခါဋီကာသစ်၊၂၉၈)

တဖန် ရေစက်ချပုံအနေအထားနဲ့ပတ်သတ်ပြီး ဗိမ္ဗိသာရမင်း၊ အနာထပိဏ်သူဌေးတို့သည် ရွှေကရားဖြင့် ရေစက်ချသောအခါ တံစက်မြိတ်မှရေကျသလို ရေကိုတဖြည်းဖြည်းချင်း ယဉ်ယဉ်ကျေးကျေး ဗုဒ္ဓလက်တော်သို့ သွန်းလောင်းကြပါတယ်။

အလှူဒါနပြုလုပ်ရာတွင် ရေစက်ချရခြင်းအကြောင်းမှာ

၁။ အလှူဝတ္ထုကိုယ်စားပြု၍ အလှူခံလက်ထဲသို့ အပ်နှင်းရန်အကျိုးငှာ အလှူဒါနမြောက်ကြောင်းပြရန် ရေစက်ချတာပါ။
၂။ ရေစက်ချသောအခါ အလှူခံကလက်ဖြင့် ခံယူလိုက်သဖြင့် အလှူဝတ္ထုအားလုံး အလှူခံပိုင်ဆိုင်သွားသဖြင့် မည်သူမျှပြန်ယူသိမ်းပိုင်ခွင့် မရှိအောင် ရေစက်ချလှူဒါန်းရခြင်း ဖြစ်ပေတယ်။

သာဓကအားဖြင့် ဝေဿန္တရာမင်းသည် သားတော်သမီးတော်တို့ကို ရေစက်ချလှူဒါန်းလိုက်သောကြောင့် ဘိုးတော်မင်းသည် သူ့မြေးများကို ပုဏ္ဏားထံမှ အာဏာဖြင့် သိမ်းယူမရသလို မြေးဖြစ်သူများကလည်း ဘိုးတော်မင်း ခေါ်တိုင်း သွားလို့မရတော့ချေ။ ဒါကြောင့် အဘိုးဖြစ်သူမင်းက မြေးတော်များကို ပုဏ္ဏားထံမှ ခွင့်ပြုချက်ဖြင့် ရွှေပိဿာ (၁ဝဝဝ)နဲ့ ဝယ်ယူလိုက်ရပါတယ်။

ဒါကြောင့် အလှူဒါနပြုလုပ်တိုင်း အနည်းဆုံး စိတ်ထဲကနေ ဆုတောင်းခြင်း၊ ရေစက်ချအမျှဝေခြင်းများ ပြုလုပ်ကြဖို့ လိုအပ်ပါတယ်။
ဆက်လက်၍ ရေစက်ချအမျှဝေခြင်းနဲ့ပတ်သတ်ပြီး ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေ သေချာကျနစွာ မသိကြတာကြောင့် ဦးဇင်းဖတ်မှတ်လေ့လာဖူးသမျှ ရေးပေးပါဦးမယ်။

အမျှဝေခြင်းကို ပတ္တိဒါနလို့ခေါ်ပြီး သာဓုခေါ်ခြင်းကို ပတ္တာနုမောဒနလို့ ခေါ်ပါတယ်။ ပတ္တိဆိုတာ ကုသိုလ်ရှင်က မိမိပိုင်သောကုသိုလ်ကို သူတစ်ပါးအား ပေးဝေရာတွင် ခံယူရရှိမည့် သာဓုခေါ်ဆိုသူထံ ပေးဝေသောကုသိုလ်ကို ပြောတာပါ။ ထိုသို့ကုသိုလ်ပေးဝေရာတွင် တစ်စိတ်တစ်ပိုင်းကို ပေးတာမဟုတ် အညီအမျှရရှိအောင် ပေးပါတယ်။ ဥပမာ-ကုသိုလ်ရှင်က တစ်ပိဿာကုသိုလ်ရရင် သူရသလောက် တစ်ပိဿာလုံးကို ပေးဝေလိုက်တာပါ။ ဒါကြောင့် ပတ္တိ-ကုသိုလ်အမျှကို ဒါန-ပေးခြင်း၊ ဝေခြင်း။ ပတ္တိဒါန-အမျှဝေခြင်းလို့ ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။ ပတ္တာနုမောဒန-ပတ္တိ-အနုမောဒန၊ ပတ္တိ-ကုသိုလ်အမျှကို၊ အနုမောဒန-ဝမ်းမြောက်စွာသာဓုခေါ်ဆိုခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

ပတ္တိဒါန အမျှဝေရာတွင် မိဘဆရာသမား ဆွေမျိုးတို့အား အမျှဝေခြင်းကို သြဓိသအမျှဝေခြင်း၊ အလုံးစုံသော သတ္တဝါတို့အား အမျှဝေခြင်းကို အနောဓိသအမျှဝေခြင်းဟု ခေါ်ဆိုကြောင်း ကျမ်းဂန်မှာ လာရှိပါတယ်။ (အဘိ၊ဋ္ဌ၊၁၊ ၂၀၂)
ထိုသို့ကုသိုလ်အမျှဝေရာတွင် ကုသိုလ်ရဲ့အကျိုးကိုပါ ဝေရာရောက်သွားသောကြောင့် ဆွမ်းအလှူဒါန အမျှဝေသောအခါ သာဓုခေါ်ဆိုသူဟာ ဆွမ်းဒါနကုသိုလ်ရသလို အလှူရှင်ရဲ့ ဆွမ်းအကျိုးငါးပါးကိုလည်း ရရှိသွားပါတယ်။ သူတစ်ပါးက အမျှဝေလိုက်သော ဒါနကုသိုလ်၊ သီလ၊ ဝေယျာဝစ္စ၊ ဓမ္မဿဝန၊ ဓမ္မဒေသနာကုသိုလ်စသည်တို့ကိုလည်း ဝမ်းမြောက်ဝမ်းစွာ သာဓုခေါ်ဆိုပါက ပတ္တာနုမောဒနကုသိုလ် ဖြစ်ပါတယ်။ သူတစ်ပါးက အမျှမဝေတဲ့ကောင်းမှုကိုလည်း မိမိက သာဓုခေါ်ဆိုပါက ပတ္တာနုမောဒနကုသိုလ်မရပေမဲ့ အနုမောဒနကုသိုလ်ရခြင်းကြောင့် သူတစ်ပါးကောင်းမှုကိုတွေ့မြင်ပါက ဝမ်းမြောက်ဝမ်းသာဖြစ်ပေးမယ်ဆိုရင် မုဒိတာဘာဝနာကုသိုလ်နဲ့နည်းတူ အနုမောဒနာအကျိုး ရရှိပါတယ်။ ထိုကုသိုလ်ကြောင့် မျက်မှောက်ဘဝတွင် လူချစ်လူခင်ပေါခြင်းအကျိုးရသလို တမလွန်တို့မှာလည်း ခံတွင်းမှ ကြာညိုနံ့သင်းခြင်း အကျိုးများ ရရှိပါပေတယ်။

ပတ္တိဒါန၊ ပတ္တာနုမောဒနကုသိုလ်သည် ဒါနကုသိုလ်တစ်ခုသာ အကျုံးဝင်သည်မဟုတ် သီလ၊ ဝေယျာဝစ္စ၊ ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ စာချ၊ စာသင်၊ ကျမ်းပြုကုသိုလ်များတွင်လည်း အကျုံးဝင်တာမို့ ထိုကုသိုလ်များကိုလည်း အမျှဝေ၊ သာဓုခေါ်၊ ဝမ်းမြောက်ခြင်း အနုမောဒနာများ ပြုလုပ်ပေးပါက အကျိုးများစွာ ရရှိပါတယ်။

သာဓကအနေနဲ့ဖော်ပြပေးရမယ်ဆိုရင် မင်းတုန်းမင်းလက်ထက် အလုံဂိုဏ်အုပ် ကျောက္ကာ တောင်ဖီလာဆရာတော်သည် ရွှေတိဂုံဘုရားသွားဖူးတဲ့အခါ လမ်းတွင် နတ်လူသာဓုခေါ်စေသော် ဆိုင်းဘုတ်တွေ့တိုင်း သာဓုခေါ်ဆိုသလို ဆိုင်းဘုတ်မရှိတဲ့ ကောင်းမှုလုပ်ထားတဲ့ အဆောက်အဦးများတွေ့ရင်လည်း သာဓုခေါ်ဝမ်းမြောက်ခြင်းများ ပြုလုပ်ခြင်းကြောင့် ပတ္တာနုမောဒန၊ အနုမောဒနာကုသိုလ်နှစ်မျိုးလုံး ဘုရားဖူးသွားရင်း ယူတော်မူလေ့ရှိပါတယ်။ ဒါကြောင့် မိမိဗုဒ္ဓဘာသာဝင်များ ဘုရားဖူးသွားရင်းဖြစ်စေ၊ လမ်းသွားရင်းဖြစ်စေ ကြုံတွေ့ရတဲ့ ကောင်းမှုများကို ယူတတ်မယ်ဆိုရင် ကုသိုလ်ချည်းပဲမို့ သတိထားယူတတ်ဖို့ရန် လေ့ကျင့်ပေးကြပါလေ။

ဒါပြင် လယ်တီဆရာတော်ဘုရားကြီး ကျမ်းစာရေးရင် ခဲတံချွန်ပေးရသော ဦးနန္ဒိယသည် ဆရာတော်ကြီးက သင်္ကန်းစတဲ့ ပစ္စည်းဝတ္ထုများစွန့်ကြဲပါက မယူဘဲ နေ့စဉ် ဆရာတော်ရေးသားသော ကျမ်းပြုရခြင်း ပတ္တိဒါနကိုပဲ ခံယူလိုပါတယ်လို့ လျှောက်ထားပါတယ်။ ထိုအခါ ဆရာတော်မှ နေ့စဉ်ကျမ်းပြုရသော ကောင်းမှုများကို ဦးနန္ဒိယအား အမျှဝေပေးပါသည်လို့ မိန့်ကြားလျှင် ဦးနန္ဒိယမှ သာဓုခေါ်ဆိုတော်မူပါတော့တယ်။ ဒါဟာလည်း မျက်မှောက်တခဏတာ အသုံးပြုရမဲ့ ပစ္စည်းဝတ္ထုများထက် သံသရာတစ်လျှောက်လုံးအတွက် အရေးကြီးသောကုသိုလ်ကိုသာ အဓိကထားယူဖို့ သင်ခန်းစာရရှိစေတာမို့ ကျင့်သုံးလိုက်နာကြရပါမယ်။

ပတ္တာနုမောဒန-သာဓုခေါ်ဆိုရကျိုးနဲ့ပတ်သတ်ပြီး မျက်မှောက်အကျိုး၊ တမလွန်အကျိုးပေးများကို ကျမ်းဂန်များမှ အနည်းငယ် ဖော်ပြပေးပါဦးမယ်။ သာဓုခေါ်ဆိုလိုက်သည်နဲ့ အကျိုးပေးများရရှိသွားရာ အကျိုးပေးစေတနာဇော(၇)ချက် ဇောသွားရာတွင် ထိုဇောများထဲမှ ပထမဇောသည် မျက်မှောက်ဘ၀တွင် အကျိုးပေးသည်။ သတ္တမဇောသည် ဒုတိယဘဝတွင် အကျိုးပေးသည်။ အလယ်ဇောငါးချက်သည် တတိယဘဝမှစ၍ နိဗ္ဗာန်ရောက်တဲ့ထိ အကျိုးပေးသည်။

ပထမဇောက မျက်မှောက်ဘဝ အကျိုးပေးအရာတွင် ခဏချက်ခြင်းအကျိုးပေးတာရှိသလို နှစ်၊ လကြာမှ အကျိုးပေးတာများလည်း ရှိပါတယ်။ လူနတ်ပြိတ္တာတို့တွင် ပရဒတ္တုပဇီဝိကပြိတ္တာလို့ခေါ်တဲ့ ရည်ညွှန်းပြီး နာမည်နဲ့အမျှဝေခံရတဲ့ ပြိတ္တာသာ အဲဒီပြိတ္တာက အမျှသာဓုခေါ်လိုက်တာနဲ့ ချက်ခြင်းအကျိုးပေးရရှိပါတယ်။ ကျန်တဲ့ လူ၊ နတ်၊ ဝေမာနိကပြိတ္တာ၊ ဝိနိပါတိက အသူရာကယ်တို့မှာ အကြောင်းတိုက်ဆိုင်မှ ခဏချက်ခြင်း အကျိုးပေးရကြပါတယ်။ များသောအားဖြင့် နောက်နောင်အချိန်ကြာမှသာ အကျိုးပေးတွေ ရကြတာပါ။

လူတွေသာဓုခေါ်လို့ အကျိုးပေးရရှိတာကို မိမိတို့ဗုဒ္ဓဘာသာဝင်တွေမှာ မသိရှိကြတဲ့အတွက် တချို့က သာဓုခေါ်တာ အကျိုးမရှိဘူးလို့ ထင်မြင်ယူဆနေကြတာတွေ ရှိနေကြတာမို့ လူ့ဘဝမှာပင် အမျှကုသိုလ်သာဓုခေါ်ဆိုမှုကြောင့် အကျိုးရရှိတာကို တင်ပြပေးပါဦးမယ်။
ဂေါတမဘုရားလောင်းတော်ဟာ တစ်ခုသောဘဝမှာ သင်္ခအမည်ရှိတဲ့ ကုန်သည်ကြီးတစ်ဦး ဖြစ်ခဲ့ပါတယ်။ တစ်နေ့ တပည့်များစွာနဲ့ ကုန်ကူးသွားဖို့ သင်္ဘောဆိပ်သွားရာ လမ်းတွင် ဖိနပ်၊ ထီးမပါသော ပစ္စေကဗုဒ္ဓါတစ်ပါးကိုမြင်တွေ့ရသဖြင့် ဖိနပ်ထီး လှူဒါန်းခဲ့ပြီး သမုဒ္ဒရာကို ရွက်သင်္ဘောစီးသွားကြလေသည်။ လမ်းတွင် မုန်းတိုင်းကြောင့် သင်္ဘောမြုပ်နစ်သွားရာ ဘုရားလောင်းနဲ့အနီးနေတပည့်တို့က သင်္ဘောတိုင်ထိပ်တတ်ပြီး သမုဒ္ဒရာထဲ ခုန်ချကြသည်။ ကျန်တပည့်များကတော့ သင်္ဘောနစ်ရင်း သေဆုံးသွားကြလေသည်။ ဘုရားလောင်းသည် သမုဒ္ဒရာထဲ မျောပါနေချိန်မှာ သီလစောင့်ထိန်းရင်း မျောလိုက်နေလေသည်။

အဲဒီချိန်မှာ မဏိမေခလာနတ်သမီးသည် ဘုရားလောင်းရဲ့ ပစ္စေကဗုဒ္ဓါအရှင်မြတ်ထံ ဖိနပ်ထီးလှူဒါန်းခဲ့တဲ့ ဒါနကြောင့် ကယ်တင်ရန်  ရတနာလှေကြီးဖန်ဆင်း ရောက်ရှိလာလေသည်။ နတ်သမီးက ဘုရားလောင်းကိုပဲ ကယ်တင်ပြီး တပည့်ဖြစ်သူကို မကယ်တယ်ဘဲထားလေရာ ဘာကြောင့် မကယ်တင်ရတာလဲလို့ နတ်သမီးကိုမေးရာ တပည့်ဖြစ်သူမှာ ကုသိုလ်မရှိလို့ မကယ်တင်ကြောင်းသိလိုက်တာနဲ့ ဘုရားလောင်းမှ သူ့ကုသိုလ်ကို အမျှဝေပေးလိုက်သည်။ ထိုအခါ တပည့်ဖြစ်သူမှ သာဓုခေါ်ဆိုလိုက်သည်နဲ့ နတ်သမီးလည်း ကယ်တင်ပေးလိုက်လေသည်။ ဒီဇာတ်ကြောင်းလေးကတော့ သာဓုခေါ်ဆိုခြင်းကြောင့် ခဏချက်ခြင်း အကျိုးပေးရရှိသော လူ့ဘုံအကြောင်းပါ။ (ဒသကနိပါတ်၊ သင်္ခဇာတ်)

တစ်ခါ နတ်တို့ သာဓုခေါ်ဆိုမှုကြောင့် အကျိုးပေးရရှိပုံကို အနည်းငယ်တင်ပြပေးပါဦးမယ်။ မစ္ဆုဒ္ဒါနဇာတ်တွင် ဘုရားလောင်းသည် မြစ်ထဲ၌ရှိသော ငါးတို့အား ထမင်းများကျွေးမွေးပြီး အမျှဝေသောအခါ မြစ်စောင့်နတ်သည် သာဓုခေါ်ဆိုလိုက်သဖြင့် ချက်ခြင်း စည်းစိမ်းချမ်းသာ တိုးပွားသွားသည်။ ယခု မြစ်စောင့်နတ်အကျိုးရရှိပုံကို ထောက်ဆကြည့်ပြီး ကျန်တဲ့ ဝေမာနိကပြိတ္တာ၊ ဝိနိပါတိက အသူရာတို့လည်း ထိုနည်းတူ အကျိုးရရှိသည်ဟု မှတ်သားနိုင်ပါပြီ။

ဒါနကောင်းမှုပြုတဲ့အခါ အလှူဝတ္ထုဟာ အလှူရှင်လက်ကနေ အလှူခံပုဂ္ဂိုလ်လက်သို့ရောက်ရင် အလှူအထမြောက်ပါတယ်။ ဒါပေမဲ့ နိဗ္ဗာန်ကိုဆုတောင်းပြီး ဒါနပြုမှသာ မိမိဒါနဟာ ပါရမီဒါနဖြစ်နိုင်သဖြင့် အနည်းဆုံး-ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတုလို့ ဆုတောင်းပြီးအမျှဝေမှသာ ပတ္တိဒါနဖြစ်ပါတယ်။ ဒါကြောင့် အနည်းဆုံး ဣဒံ မေ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမလို့ဆိုပြီး အမျှဝေကာ ဒါနအလှူကို အဆုံးသတ်ကြစမြဲ ဖြစ်ပါတယ်။ ဆုတောင်း ခြင်း၊ အမျှဝေခြင်းတို့မှာ ကိုယ်တိုင်ပြုလုပ်ရမှာမို့ တခြားတစ်ယောက်အား ကိုယ်စားပြုလုပ်ခိုင်းလို့ မရဘူးဆိုတာလည်း သိထားဖို့ လိုပါတယ်။ တချို့က ကိုယ်စားလှူခိုင်းပြီး အမျှဝေလို့မရဘူးလားဆိုပြီး မေးတတ်လို့ပါ။

ဆုတောင်းတဲ့အခါမှာလည်း ဤသို့လှူဒါန်းရသောအကျိုးအားကြောင့် နိဗ္ဗာန်မျက်မှောက်ပြုရပါလို၏လို့ ဆုတောင်းရမှာဖြစ်သလို အမျှဝေတဲ့အခါမှာလည်း ဤကောင်းမှု၏ အဖို့ဘာဂကို သတ္တဝါအားလုံး ရရှိကြပါစေဟု စိတ်စေတနာ လေးလေးနက်နက်နဲ့ပြုလုပ်မှသာ ဘုရားအလောင်း သူတော်ကောင်းတို့လို ဖြစ်မှာပါ။

မြတ်စွာဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီးဘ၀မှာ ဒါနပြုတိုင်း ရေစက်ချ၊ အမျှဝေလေ့ရှိပါတယ်။ အဲဒီလိုရေစက်ချ အမျှဝေပေးမှုကြောင့် မာရ်နတ်စစ်လာတိုက်ရာတွင် ဗောဓိပင်နှင့် ရွှေပလ္လင်ကိုရရေး (သဗ္ဗညုတဉာဏ် ကိုရရေး)အတွက် ဝေဿန္တရာဘဝတွင် လှူဒါန်းခဲ့ပြီး ရေစက်ချခဲ့သည်ကို ဤမဟာပထ၀ီမြေကြီး အသိသက်သေ ဖြစ်သည်ဟု သက်သေပြုတဲ့အတွက် ပထဝီမြေကြီးက သက်သေခံခဲ့တာပါ။ တကယ်လို့ ကောင်းမှုကုသိုလ်များများ လုပ်ထားသူဟာ သေခါနီးမှာ မကောင်းတဲ့အာရုံစွဲလမ်းမိလို့ ငရဲသို့ ရောက်သွားလျှင် ယမမင်းက သူ့အား အမျှဝေ ပေးဖူးသလားလို့ သတိပေးစကားပြောကြာတဲ့အခါ မိမိပြုလုပ်ခဲ့တဲ့ကုသိုလ်၊ အမျှဝေပေးခဲ့တဲ့ကုသိုလ်တို့ကို အမှတ်ရ ပါက ငရဲမှ လွတ်မြောက်ကြရပါတယ်။

အလှူတစ်ခုပြုလုပ်ရာတွင် ဆုတောင်းခြင်းမပြုဘဲ လှူဒါန်းခြင်းမှာ ပေးကမ်းခြင်းသက်သက်သာဖြစ်လို့ နိဗ္ဗာန်ကို ဆုတောင်းမှသာ ဒါနပါရမီ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဒါနပြုလုပ်ကြသူတိုင်း ဆုတောင်းခြင်း၊ ရေစက်ချခြင်းတို့ကို မဖြစ်မနေ ပြုလုပ်ကြတာပါ။

ရေစက်ချ အမျှဝေတယ်ဆိုတာ ဦးဇင်းတို့ ဗုဒ္ဓဘာသာမှာပဲ ရှိပါတယ်။ တခြားဘာသာတွေမှာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့မြတ်ဗုဒ္ဓရဲ့ ဝါဒဟာ အနတ္တ-ငါပိုင်ဆိုတာမထားဘူးဆိုတဲ့ ဝါဒဖြစ်လို့ပါ။ တခြားဘာသာ တွေမှာက အတ္တ-ငါပိုင်ပဲရှိတဲ့အတွက် အမျှဝေခြင်းများ မပြုလုပ်ကြပါဘူး။ ဦးဇင်းတို့ ဝါဒက အနတ္တဆိုတော့ ငါကုသိုလ်ရသလို၊ ငါကုသိုလ်ကြောင့် ကောင်းကျိုးခံစားသလို အားလုံးလည်း ငါလိုပဲ ခံစားကြရပါစေဆိုတဲ့ စေတနာနဲ့ အားလုံးအား တန်းတူပေးတဲ့ ရေစက်ချခြင်းပါ။ ဒါကြောင့် ဘာဖြစ်လို့ရေစက်ချရတာလဲ၊ အမျှဝေရတာလဲဆိုတော့ ငါတို့ဝါဒဟာ အနတ္တဝါဒ-ကိုယ်ပိုင်မထားဘဲ အားလုံးကို တန်းတူရစေချင်တဲ့ စေတနာရှိလို့ပါလို့ ဖြေရပါမယ်။

အဲဒီတော့ အမျှဝေတဲ့လူဟာ မိမိလုပ်တဲ့ ကောင်းမှုဟာ လျှော့မသွားဘဲ ပိုလို့သာ တိုးသွားတယ်ဆိုတာကို လူတိုင်းသိကြမယ်ထင်ပါတယ်။ ဒါပေမဲ့ ပိုမိုမှတ်မိအောင် ထပ်ဆင့်ပြောပြပေးပါဦးမယ်။ မိမိအိမ်မှာ ဖယောင်တိုင်း တစ်တိုင် မီးထွန်းထားတယ်ဆိုပါစို့။ အဲဒီဖယောင်တိုင်တစ်ခုတည်း ထွန်းထားတာဆိုတော့ ဖယောင်တိုင်းထွန်းတဲ့ အိမ်မှာပဲ အလင်းရောင်အနည်းငယ်ရှိပြီး ကျန်တဲ့အိမ်တွေမှာ အလင်းရောင်မရှိဘဲ တစ်ရွာလုံးဖြစ်စေ၊ တစ်မြို့လုံးဖြစ်စေ မှောင်မည်းနေမှာပါ။ အဲဒီတော့ မိမိက မိမိထွန်းထားတဲ့ ဖယောင်းတိုင်က မီးကို အားလုံး လာရောက်ထွန်းညှီယူကြပါလို့ အမျှဝေသလို အားလုံးကို ရှယ်ယာလိုက်ပေးလိုက်တဲ့အခါကျတော့ တစ်မြို့လုံးဖြစ်စေ၊ တစ်ရွာလုံးဖြစ်စေ အလင်း ရောင်တွေတောက်ပသွားပါတယ်။ အဲဒီလို မိမိက သူများအား မိမိဖယောင်းတိုင်မှ မီးကို ရှယ်ယာပေးလိုက်သော်လည်း မိမိပင်ရင်းဖယောင်းတိုင်မှာ အလင်းရောင် လျှော့နည်းမသွားတဲ့အပြင် မိမိရှယ်ယာလုပ်ပေးလို့ သူများတွေ အလင်း ရောင်းပါရရှိပြီး အလင်းရောင်များ ပိုမိုတိုးသွားသလို အမျှဝေတဲ့လူမှာလည်း အဲဒီလိုပဲ ကောင်းမှုလျှော့မသွားတဲ့အပြင် ကောင်းမှုတွေ ပိုမိုတိုးသွားပါတယ်။

မိမိပြုလုပ်တဲ့ကောင်းမှုကို ရေစက်ခွက်နဲ့ အမျှဝေရန် အခွင့်အခါမသင့်ပါက အပေါ်ကပြောခဲ့တဲ့အတိုင်း အာရုံပြုရမဲ့ အချက်အလက်တွေကို မိမိအာရုံပြုပြီး အမျှဝေပေးပါ။ မိမိအလှူဒါနပြုလုပ်ပြီး အမျှဝေတာကို အမျှဝေတာ မသိလိုက်သူတွေ၊ နတ်ဗြဟ္မာတွေကို နတ်တွေကနေတဆင့် ပြောကြားပေးပါတယ်။ ဗုဒ္ဓအပါဒါန်ပါဠိတော်နဲ့ အဋ္ဌကထာတို့မှာ ဘုရားလောင်းစကြာမင်းကြီး အလှူဒါနပြုလုပ်ပြီး အမျှဝေတာကို နတ်တွေကတဆင့် ပြောကြား ပေးတယ်လို့ ဖော်ပြထားတာကို ထောက်ဆကြည့်ရင် မိမိအမျှဝေတာကို နတ်တွေကတဆင့် သာဓုခေါ်နိုင်မဲ့ သတ္တဝါ အားလုံးကြားသိအောင် ပြောဆိုပေးကြပါလိမ့်မယ်။

တရားနာသောအခါ ရိုသေစွာနာယူပြီး သာဓုခေါ်ဆိုမယ်ဆိုရင် အဲဒီသူဟာ ဖြစ်လေရာဘ၀တို့မှာ အာခံတွင်းမှ ကြာညိုနံ့ထွက်ခြင်းအကျိုးကို ရရှိပါတယ်။ သာဓကအနေအားဖြင့် တင်ပြပေးရမယ်ဆိုရင် မြတ်ဗုဒ္ဓလက်ထက်က သာဝတ္ထိမြို့မှာနေထိုင်တဲ့ သူဌေးသမီးရဲ့ ခင်ပွန်းတစ်ယောက်ဟာ သူ့အာခံတွင်းကနေ ကြာညိုနံ့ထွက်ခြင်း အကျိုးပေး ပါရှိလာပါတယ်။ တစ်နေ့မှာ မြတ်ဗုဒ္ဓတရားကို နာကြားရတဲ့အခါ သဒ္ဓါတရားဖြစ် သံဝေဂရပြီး ဇနီးဆီမှာ ခွင့်ပြုချက် တောင်းကာ ရဟန်းပြုသွားခဲ့တယ်။

ဒီလိုနဲ့ တစ်နေ့သောအခါမှာ ကောသလမင်းက အဲဒီရဟန်းရဲ့ ဇနီးဟောင်းကိုမြင်ပြီး ခင်ပွန်းမရှိဘူးဆိုတာနဲ့ မိဖုရားမြှောက်လိုက်ပါတယ်။ ကောသလမင်းကြီးက မိဖုရားထံ ကြာပန်းများပေးတဲ့အခါ ပြုံးပြုံးရွှင်ရွှင်ဖြစ်ပြီး ကြာပန်းကို နမ်းရှိုက်ကြည့်တော့ သူ့ခင်ပွန်းဟောင်းရဲ့ အာခံတွင်းနံ့ကို သတိရကာ ငိုပါတော့တယ်။ ဒါနဲ့ ကောသလမင်းကြီးက ဘာလို့ငိုတာလဲမေးတဲ့အခါ သူ့ခင်ပွန်းဟောင်းရဲ့ အာခံတွင်းနံ့ဟာ ကြာပန်းရနံ့ထက် မွှေးကြိုင်တာကို သတိရလို့ ငိုမိတာပါလို့ ပြန်ပြောပါတယ်။ ကောသလမင်းဟာ မိဖုရားစကား မယုံတာနဲ့ အဲဒီရဟန်းထံမှ ကြာညိုနံ့ထွက်မထွက် စမ်းသပ်ကြည့်တဲ့အခါ အမှန်တကယ်ပဲလို့ သိသွားပြီးနောက် မြတ်ဗုဒ္ဓထံ မေးမြန်းလျှောက်ထားကြည့်တယ်။ မြတ်ဗုဒ္ဓက ဒကာတော်မင်းကြီး အဲဒီရဟန်းဟာ ရှေးအတိတ်ဘဝတုန်းက တရားနာသောအခါ ရိုသေစွာနာယူပြီး သာဓုခေါ်ဆိုခဲ့တဲ့ ကောင်းမှုကံကြောင့် ယခုဘဝမှာ အာခံတွင်းက ကြာညိုနံ့သင်းရခြင်းအကျိုး ရရှိတာပါလို့ မိန့်တော်မူခဲ့ပါတယ်။ (အံ၊ဋ္ဌ၊၁၊၂၁)

ဒါကြောင့် မိမိတို့ဟာ ကိုယ်ပြုလုပ်တဲ့ကုသိုလ်ကိုလည်း သတ္တဝါအားလုံးအား အမျှဝေပေးကြရမှာဖြစ်သလို သူတစ်ပါးပေးဝေတဲ့ အမျှကုသိုလ်ကို ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုကြရပါမယ်။ ဒါမှ မြတ်ဗုဒ္ဓရဲ့ အလိုတော်ကျဖြစ်ပြီး ဗုဒ္ဓသာသနာတွင်း လူဖြစ်ရကျိုးနပ်ကာ ဗုဒ္ဓပွင့်ရကျိုးလည်း နပ်မှာပါ။ ဦးဇင်းကတော့ ညစဉ်မေတ္တာပို့၊ ပရိတ်ရွတ်၊ ဂုဏ်တော်ပွား၊ တရားမှတ်ပြီးချိန်မှာ ကိုယ်ပြုတဲ့ ကောင်းမှုမှန်သမျှကိုလည်း သတ္တဝါအား လုံးအား အမျှဝေပေးတယ်။ ပြီးရင် ဘယ်သူက ဘယ်အချိန် အမျှဝေလည်းဆိုတာ သေချာမသိရတဲ့အတွက် တစ်နေ့တာရဲ့ အများကောင်းမှုတွေ အမျှဝေပေးထားတာကိုလည်း မှန်းဆသာဓုခေါ်ဆိုလေ့ရှိပါတယ်။ ဒါကတော့ ဦးဇင်းရဲ့ ကိုယ်ပိုင်အယူအဆပါ။ စာဖတ်သူအားလုံး အသိဉာဏ်ဗဟုသုတများ တိုးပွားပြီး လိုရာပန်းတိုင်ကို အမြန် လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလျက်……။


အရှင်ကောမလ ဆန်နီနေမင်း
သာသနတက္ကသီလ ဓမ္မာစရိယ
B.A (Buddhism), M.A (သီရိလင်္ကာ)
Ph.D, Thesis (သီရိလင်္ကာ)


ဟိုလေ ..... မောင်လေးတစ်ယောက်ပါပဲ ...ဘာသာခြားးပေါ့ .... သူက သာသနာတော်နဲ့ အမျိုးသမီးတွေကိစ္စ အပြောတခြားအလုပ်တခြားဖြစ်နေသလိုဖြစ်တာဘ၀င်မကျဘူးလေ.... ဒါကြောင့်လာမေးတာနဲ့ .... ရှင်းပြထားတာလေး .... တင်ပေးလိုက်ပါတယ် ....
အမျိုးသမီးတွေကိစ္စဆိုတော့ အမျိုးသားတွေနဲ့မဆိုင်ဖူးပေါ့နော် ... ဒါကြောင့် အမျိုးသားတွေ မဖတ်ပါနဲ့လို့ ..... ( မှတ်ချက် ... ကောင်လေးများရန်လာမတွေ့ရ )

★ ★ ★ သာသနာတော်နှင့် ... အမျိုးသမီးများး ★ ★ ★ 

★ ခင်ဗျားတို့ ဗုဒ္ဓဘာသာမှာ မိန်းမတွေကို ယောက်ျားများနဲ့ တစ်တန်းထဲထားတယ် ဆိုတဲ့ သက်သေအထောက် အထားရှိရင်ပြပါ လားဗျ ။ ဘုရားက မိန်းခလေးမွေးတဲ့ မိခင်ကယောက်ျားလေးမွေးတဲ့ မိခင်ထက်နိမ့်ကျတယ်လို့ဟောခဲ့တယ်လို့ကြားဘူးပါတယ် ။
★ ★ ဟုတ်ကဲ့ ... သာဓကလေးတွေရှိပါတယ် .... အခါတပါးမှာ ပသေနဒီကောသလမင်းကြီး ဘုရားရှင်ထံရောက်နေချိန်မှာ ... မင်းချင်းတစ်ယောက်ရောက် ရှိလာပြီး မလ္လိကာမိဖုရားကြီး သမီးလေးမွေးကြောင်း သတင်းလာပို့ပါတယ် ...
ဒီသတင်းကိုကြားတဲ့အခါ ပသေနဒီကောသလမင်းကြီးဟာ ...ချက်ချင်းမျက်နှာပျက်သွားပြီး ... ရှက်စိတ်ကြောင့်ခေါင်းငိုက်စိုက်ချသွား ပါတယ် ....
ဒီအခါ ... ဘုရားရှင်က ... မင်းကြီးး သမီးကညာ ဖွားမြင်သည့်အတွက် ဘာကြောင့် စိတ်ပျက် ၀မ်းနဲသွား ရသနည်း အချို့သောယောက်ျားများသည် .... မိန်းမများထက်မြင့်မြတ်ကြသကဲ့သို့ ....
တစ်ချိ့သော မိန်းမများသည်လည်းးး ... ယောက်ျားများထက်မြင့်မြတ်ကြပေသည် .... ယောက်ျားရော မိန်းမပါ ... နှစ်ဦးစလုံးပင် လိုအပ်ပေသည် ...။
အကယ်၍ အိမ်တိုင်းအိမ်တိုင်း လူတွေဆန္ဒရှိတဲ့အတိုင်း သားကိုချည်း မွေးနေကြမည်ဆိုလျှင် လူ့အဆက် တစ်ဆက်နှစ်ဆက်မှာပင် လူတစ်ယောက်မျှကျန်တော့မည်မဟုတ်ပေ ...။
လူသားအမျိုးဇာတ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် သားမွေးဖို့ လိုအပ်ခြင်းထက် သမီးမွေးးဖို့လိုအပ်ခြင်းက ပိုသေးသည် ... သမီးမွေးခြင်းမရှိပါလျှင် အဘယ်သို့ယောက်ျားကောင်းယောက်ျားမြတ်ပေါ်လေမည်နည်း .... သမီးမွေးခြင်းမရှိပါလျှင် ..အဘယ်သို့ တထာဂတ ပေါ်မည်နည်း ... မင်းကြီး ။
သမီးကိုမွေးမြူစောင့်ရှောက်ခြင်းက သားကိုမွေးမြူစောင့်ရှောက်ခြင်းထက် ... ပိုပြီး ကမ္ဘာလောကကို အကျိုးပြုရာရောက်ပေသည် ...။
ယင်းသို့ အကျိုးပြုခွင့်ရသည်ဖြစ်၍ သင်မင်းကြီးသည် စိတ်ပျက်ခြင်း ၀မ်းနည်းခြင်း ရှက်ခြင်းမဖြစ်သင့်ပေ။ လို့ဟောကြားခဲ့ပါတယ် ....။
................................................................................................
★ ★ အခါတပါး ဗုဒ္ဓရဲ့လက်ရင်းတပည့် ရှင်အာနန္ဒာမထေရ်မြတ်ကြီးဟာ ရေခပ်နေတဲ့ မာတင်္ဂအမျိုးနွယ် (သူတောင်းစား) ဇာတ်ဝင် အမျိုးသမီးလေး တစ်ဦးရှိရာ ရေတွင်းနားကို ရောက်သွားခဲ့ပါတယ်။ ရှင်အာနန္ဒာက “သောက်ရေနည်းနည်းလောက် ပေးပါလား” လို့ တောင်းလိုက်ပါတယ်။
မိန်းကလေး ရုတ်တရက် မော့ကြည့်လိုက်မိရာ ဇာတ်မြင့်ရဟန်းတော်တစ်ပါး ဖြစ်နေတာကို တွေ့လိုက်ရတော့
“အရှင်မြတ်ဘုရား တပည့်တော်မလို မစင်ကြယ်တဲ့ ဇာတ် နိမ့်အမျိုးသမီးတစ်ဦး ဆီက ရေတောင်းပါသလား ဘုရား။ တပည့်တော်မ ကိုင်တဲ့ လက်ကရေခွက်ကို အရှင်မြတ်လက်နဲ့ထိခဲ့မိရင် အရှင်မြတ်ကိုယ်တိုင် မသန့်မရှင်းဖြစ်သွားမှာ စိုးရိမ်လို့ပါဘုရား”လို့ လျောက်တာပေါ့
ရှင်အာနန္ဒာက ကရုဏာအပြုံးနဲ့ လက်ကာပြပြီး “ငါ့နှမ ငါ သင့်ဆီက ဇာတ်ကိုတောင်းနေတာ မဟုတ်ပါဘူး ရေကိုသာတောင်းနေတာပါ။ ငါ့ရဲ့ဇာတ်မြင့်မှုက ရေတစ်ခွက်လို ရေဆာပြေအောင် မလုပ်နိုင်ပါဘူး လို့ဆိုပါတယ်။
” အရှင်မြတ်ရဲ့စကားကြောင့်ရဲတင်းစိတ်နဲ့အတူ အရှင်မြတ်ကို ရိုသေစွာ ရေကပ်လိုက် ပါတော့တယ်။မာတင်္ဂနွယ် အမျိုးနွယ် စဏ္ဍာလအမျိုးသမီးလေးဟာ ဗုဒ္ဓသာသနာအတွင်း ခိုလှုံဘို့ရောက်လာခဲ့ပါတယ်။ ဗုဒ္ဓအနေနဲ့ ရှင်အာနန္ဒာကို အကြောင်းပြုရောက်လာခဲ့တဲ့ စဏ္ဍာလအမျိုးသမီး လေးကို တပည့်မတစ်ဦး အ ဖြစ်လက်ခံပြီး အမှန်တရားကိုသိနိုင်တဲ့ ဓမ္မစက္ခု(တရားမျက်လုံး)ကို ဖွင့်ပေးလိုက် ပါတယ်။
ဒီလို ဇာတ်နိမ့်အမျိုးသမီးကို လက်ခံရမလားဆိုပြီး သာဝတ္တိဘုရင်ကြီးကောသလ ကိုယ်တိုင်နဲ့ ဗြဟ္မဏ တွေ ခတ္တိယတွေ အကြီးအကျယ် အကျေမနပ်ဖြစ်ကြလို့ ဗုဒ္ဓဆီ လာရောက်ကန့်ကွက်ပြောဆိုကြပါတယ်။ ဗုဒ္ဓက
“ပြာနဲ့ရွှေ ခြားနားတယ်ဆိုတာ ဂုဏ်လက္ခဏာ ကွဲပြားတာဖြစ်လို့ ခြားနားတာမှန်ပါတယ်။ ဒါပေမယ့် ဗြဟ္မဏနဲ့ စဏ္ဍာလကြားမှာ ဘာအမျိုးအစားမှ ကွဲပြားတာ မရှိပါဘူး။ ဗြဟ္မဏဆိုတာ သစ်ကိုင်းခြောက်နှစ်ခုပွတ်ရာက ပေါ်လာတဲ့မီးလိုအရာမျိုး မဟုတ်သလို၊ ကောင်းကင်က ဒါမှမဟုတ် လေထဲက ဆင်း သက်ကျရောက်လာတာမျိုးလဲ မဟုတ်ဘူး။
ပြီးတော့ မြေထဲက ဖေါက်ထွက်လာတာမျိုးလဲ မဟုတ်ဘူး။ စဏ္ဍာလတွေ မိခင်ဝမ်းကထွက်ရပုံမျိုး ဗြဟ္မဏတွေလည်း အတူတူဘဲ မိခင်ဝမ်းက လာရတာပါ။ လူသားအားလုံး လူ့ဘ၀ကို ရောက်လာရတဲ့ အခြေခံက အတူတူချည်းပါဘဲ။”
(လက်ရှမီ နရသူ၏ ဗုဒ္ဓ၀ါဒအနှစ်သာရ P.Lakshmi Narasu ''The Essence of Buddhism"စာအုပ်ကို အခြေပြုပါသည်။)
မိန်းမ ယောက်ျား စဏ္ဍာလကော ဗြဟ္မဏပါ လူ့လောကထဲ စ၀င်လာတဲ့ လမ်းကြောင်းခြင်းက အတူတူပါဘဲ ... ဆိုတဲ့ ဗုဒ္ဓ ရဲ့ စကားရပ်တွေက အမျိုးသမီးတွေကိုယ်တိုင်က သူတို့ကိုယ်သူတို့ အမျိုးသား တွေထက် နိမ့်ကျတယ်ဆိုတဲ့ အယူအဆနဲ့ ဥပဒေတစ်ရပ်လို အစဉ်အဆက်မပျက် ခံယူခဲ့ကြရတဲ့ ဇာတ်နိမ့်အယူတွေကို သုတ်သင်လိုက်တာဖြစ်ပါ တယ်။
ဒါ့အပြင် ရှင်အာနန္ဒာရဲ့စကားက ဇာတ်ဆိုတာ နိမ့်သည်ဖြစ်စေ မြင့်သည်ဖြစ်စေ အသွေးအသား (တစ်နည်း) သုံးဆယ့်နှစ်ကောဋ္ဌာသနဲ့ ဖွဲ့စည်းထားတဲ့ လူ့ခန္ဓာအတွက် ရေတစ်ခွက်လောက် တန်ဖိုးမရှိဘူးဆိုတာကို သွယ်ဝိုက်ပြီး သိစေခဲ့တာဖြစ်ပါတယ်။
ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန် စတဲ့ ဘိက္ခုတို့ရဲ့ သူတို့ ဆိုင်ရာ အမြင့်ဆုံးဂုဏ် အရည်အသွေးတွေ ကို ဧတဒဂ်ဘွဲ့နဲ့ အသိအမှတ်ပြုကြသလို၊
ခေမာ၊ ဓမ္မဒိန္နာ စတဲ့ ထေရီမယ် ဘိက္ခုနီတို့ရဲ့ ဂုဏ်တွေကို လည်း ဧတဒဂ်ဘွဲ့နှင်းကာ အသိအမှတ်ပြုခဲ့ကြတာ ဖြစ်ပါတယ်။ (ပါဠိလို ဧတဒဂ္ဂ = ပညာ၊ တရားဟော စသည်အမြင့်ဆုံး)
ဒါကိုကြည့်ခြင်းအားဖြင့် ဗုဒ္ဓဘာသာမှာ အမျိုးသမီးတွေကိုနှိမ့်ချမထားတာသိသာပါတယ် .....
★ ★ ကမ္ဘာမှာ ဗုဒ္ဓဘာသာတစ်ခုထဲ ကသာ အမျိုးသမီးများလက်ထပ်ပြီးတဲ့အချိန်မှာ .... နွားများတိရစ္ဆာန်များလို တံဆိပ်ရိုက် မခံရတာပါ ...ကျန်ဘာသာဝင်အားလုံးကတော့ .... ယောက်ျားနာမည်ရှေ့ မှာ ( Mrs. ) တပ်ခေါ်ရခြင်း .... လက်မှာလက်စွပ်ဝတ်ရခြင်းဆိုတဲ့ ...မည်သူ့မယားပါ ...မည်သူပိုင်ပစ္စည်းပါဆိုတာ တံဆိပ်ခတ်ခံကြရတာပါ... ( လူ့အခွင့်ရေးအော်နေ တဲ့ အမေရိကန်ကအစပေါ့ )
...........................................................................................................
★ မြန်မာနိုင်ငံမှာလဲ သိမ်ထဲကို မိန်းမ မ၀င်ရ ...ဘုရား ပေါ်ကန့်သတ်နယ်မြေတွေမှာ မိန်းမ မ၀င်ရ ရှိကြတာဘာကြောင့်လဲ ခင်ဗျားဘယ်လိုပြောပြော ... မြန်မာမှာ မိန်းမယောက်ျားကို ခွဲခြားကန့်သတ် တာ ရှိနေတယ်ဆိုတာ ခင်ဗျားသိပါတယ်..အမှန်အတိုင်းပြောပြပါ ...။
★ ★ ဗုဒ္ဓမတိုင်မီက မြန်မာနိုင်ငံမှာလဲ တစ်ခြားမျိုးနွယ်စုတွေနည်းတူ .... အမျိုးသမီးထုရဲ့ တာဝန်ဝတ္တရားတွေ ကို မီးဖိုချောင်မှာဘဲ ကန့်သတ်ခံထားခဲ့ရပါတယ်။
အမျိုးသမီးတွေမှာ တစ်စုံတစ်ခုသော ဘုရားကျောင်းအတွင်း ၀င်ခွင့်မရခဲ့သလို ဘာသာရေးဆိုင်ရာ စာအုပ်တွေကို ထိခွင့် ဖတ်ခွင့်မရခဲ့ကြပါဘူး။
ဗုဒ္ဓဘာသာထွန်းကားလာတော့လဲ ဒီလိုနိမ့်ကျတဲ့အယူအဆကြီးကိုပဲ တစ်ချို့ဆရာတော်တွေက အစ ဆုတ်ကိုင်ထားကြပါသေးတယ် .... မိန်းမဆိုတာယုတ်ညံ့တယ် ...ယောက်ျားသည် သာမြင့်မြတ်တယ် .... ဘုရားဆုပန်နိုင်တယ် ..... စသည်ဖြင့်ပေါ့ ....
★ ★ တစ်ကယ်တော့ ဘုရားဆိုတာယောက်ျားမှဖြစ်ပေမယ့် .... ယောက်ျားတွေအားလုံး ဟာ ဘုရားဖြစ်မယ့်သူတွေမဟုတ်ပါဘူး ရှင် ....
ယောက်ျားတွေဟာလဲ သူတို့ပြုခဲ့တဲ့ ကံ ကံ၏ အကျိုးကြောင့် နောင် လာမယ့်ဘ၀ါ ဘ၀တွေ မှာ ယောက်ျားသော် လဲပြန်ဖြစ်ကောင်းဖြစ်မယ် ... မိန်းမသော်လဲဖြစ်နိုင်တယ် .... အပါယ်လေးဘုံ မှာလဲ ကျရောက်နိုင်သလို ... နတ်ဘုံမှာလဲ ကျရောက်နိုင်တာပါပဲ
မိန်းမတွေကလဲဒီအတိုင်း ပါပဲ လာမယ့်ဘ၀ါ ဘ၀တွေမှာ .. .ယောက်ျားလဲဖြစ်နိုင်သလို .... ဘုရားဆုလဲပန်နိုင်တာပဲ .... နတ်ဘုံဌါနလဲရောက်နိုင်ပါတယ် ... အပါယ်လေးဘုံလဲကျနိုင်သလို .... မိန်းမလဲပြန်ဖြစ်နိုင်တာပါပဲ ....
တစ်ချို့ရဟန်းအများစုတောင်မှ ဒီသဘောအတိုင်းပါပဲ ...... ဗုဒ္ဓလက်ထက်တုန်းက လူ့အဖွဲ့အစည်းမှာဆိုရင် အမျိုးသမီးထုရဲ့ အခြေအနေဟာ အလွန်ပဲနိမ့်ကျခဲ့ပါတယ်။
★ ★ ★ ★ တစ်ခုတော့ရှိပါတယ် .... ယောက်ျားနဲ့မိန်းမဟာ ..သီလအားဖြင့် ယောက်ျားလေး ကပိုပါတယ် မြင့်မြတ်ပါတယ် ... ဒါကြောင့် ဘုရားဆုပန်ခွင့်ရတဲ့ယောက်ျားဖြစ်တာပေါ့ .... ဒါပေမယ့် ယုတ်ညံ့လို့မိန်းမဖြစ်ရတယ်ဆိုတာတော့မှားပါတယ် ... လွန်ခဲ့တဲ့ဘ၀တွေက ကုသိုလ် သီလ နဲလို့ပါ လို့ပဲပြောရမှာပါ ယုတ်ညံ့လို့မဟုတ်ရပါဘူး ...ဒါကြာင့် သီလပိုမြင့်တဲ့ယောက်ျား ကိုအိမ်ဦးနတ် လိုသဘောထားရှိခိုးရတာပါ...။
((( ဘုရားရှင်ဟောခဲ့တယ်လေ .... သံသရာမှာ မိခင်မတော်ဖူးတဲ့သူမရှိသလို ဖခင်မတော်ဖူးတဲ့ သူလဲမရှိဘူးတဲ့ ဒါဟာ အားလုံးဟာ မိန်းမလဲဖြစ်ခဲ့ကြတယ် ယောက်ျား လဲဖြစ်ခဲ့ကြတယ် လို့ပြောတာပေါ့ ... ဒါကိုယောက်ျားဖြစ်တုန်းလေး မြတ်လိုက်အုန်းမယ်ဆိုရင်တော့ သက်သက်အနိုင်ကျင့် တာပေါ့ရှင် ...။ )))
★ ★ တစ်ခြားကိုမကြည့်ပါနဲ့ .... နူးး ရဲ့ လက်ရှိမာလုဆိုတဲ့ အကောင့် အသစ်ကိုယူပြီးစာတွေ စရေးစဉ် အချိန်တုန်းကဆို .... နူးမှာ ..အကြီးမားဆုံးအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ် .... တစ်ချို့ တရားတော်တွေကို ပြန်လည်ကူးယူ တင်ပေးနေတဲ့ ယောက်ျားလေးတွေနဲ့ ရဟန်းတွေကိုယ်တိုင် ... မင်းလို ယုတ်ညံ့စာရင်းဝင် မိန်းမတစ်ယောက်က ... ဘုရားရှင် သမိုင်းတွေ တရားတော်တွေ ကိုယ်တိုင် ရေးတာ တန်လား ဖြစ်သင့်လားဆိုတဲ့ ... အမြင် အယူအဆလေးတွေ နဲ့တော်တော် တိုက်ခိုက် ခံရခဲ့ပါတယ် .... သီလရှင်တွေတောင် ..ရေးလေ့မရှိကြဘူးကိုး ....
နူးကိုယ်တိုင်ကလဲ .... ဗုဒ္ဓရဲ့တရားတော်တွေကို ... နူးဒီလိုရေးပေးနေတာကိုယ်တိုင်က ... မြင့်မြတ်တဲ့တရားတော်တွေ ... နူးကြောင့်နိမ့်ကျသွားမလားဆိုတာ ... ခံစားနေရတုန်းပါ .... အရိုးစွဲနေတဲ့ ဓလေ့ဖြစ်နေလို့ပါ ....
ဒါကြောင့် တရားတော်တွေကို တိုက်ရိုက် တင်ခြင်းကနေ အတတ်နိုင်ဆုံ ရှောင်ပါတယ် ... ဘုရားရှင်နှုတ်တော် ကဟောတဲ့တရားကို နူးကရေးပေးရင် ..တရားတော်တွေ ယုတ်ညံ့ သွားမှာကြောက်လို့ပါ...။
★ ★ ဒီတော့ သာသနာတော်က အမျိုးသမီးအမျိုးသားဆိုတာ တစ်တန်းထဲ ထားပေမယ့်လည်းး နူးတို့ မိန်းခလေးတွေကိုယ်တိုင်က .... ရှေးအယူစွဲကြီးကြောင့် နဲနဲ တွန့်နေကြတာပါ လို့ပဲပြောပါရစေ .... ဗုဒ္ဓနဲ့မဆိုင်ပါဘူး ...
((( ယောက်ျားတွေရဲ့ မိန်းမတွေကို နိုင်ချင်တဲ့ အတ္တကြောင့်လဲ အနိုင်ယူပြီးပြောတာ ခံရတာလဲ ပါတာပေါ့နော် )))
★ ★ အမျိုးသမီးးများနှင့်သိမ်
★ တချို့နယ်တွေမှာ သိမ်ထဲကို အမျိုးသမီးများ မ၀င်ရဟု ဆိုကြပါတယ် .... အမရပူရမြို့ မဟာ ဂန္ဓာရုံကျောင်းတိုက် အတွင်းက သိမ်ကြီးထဲမှာ ဒကာရော ဒကာမရော ကလေးရော ၀င်ခွင့်ပြု ပါတယ် ။
★ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဇောတိကာမဟာသိမ်တော်ကြီးအတွင်းမှာလဲ အမျိုးသမီးများ ၀င်ခွင့်ပြုပါတယ် ၂၀၀၈ ခုနှစ်က ထိုသိမ်တော်ကြီး အတွင်းမှာပဲ နိုင်ငံတကာ ထေရ၀ါဒ တက္ကသိုလ်များ အစည်းအဝေးကြီးကို ကျင်းပခဲ့ပါတယ် နိုင်ငံပေါင်း ၃၀ ကျော်က အမျိုးသား အမျိုးသမီးများစွာ တက်ရောက်ခဲ့ကြပါတယ်။
★ ဘုရားရှင် လက်ထက်တော်က ရာဇဂြိုဟ်မြို့ကြီးသည် လူဦး ၁၈ ကုဋေရှိပါတယ် ထိုမျှလောက် လူဦးရေ ထူထပ်သော ရာဇဂြိုဟ်မြို့ကြီး တစ်မြို့လုံးကို သိမ်သမုတ်ထားပြီး ထိုမြို့ကြီးသည်ပင် သိမ်မည်ပါတယ် ။ ထိုသိမ်ကြီးထဲမှာ အမျိုးသမီးတွေ အိပ်ကြသည်၊ နေကြသည်၊ ကျင့်ကြီးကျင်ငယ် အမှု ပြုကြသည်၊ ဇနီးခင်ပွန်းတို့ပြုကြသည့်အမှုတွေ ပြုကြသည်။
ထိုဘုရားလက်ထက်ကတောင် အမျိုးသမီးများ သိမ်ထဲမှ နေခွင့်ပြုသေးတယ်ဆိုရင် ဒီခေတ်မှာ သိမ်ထဲ အမျိုးသမီးများမ၀င်ရဟုသော တားမြစ်ချက်သည် ပုဂ္ဂိုလ်ရေးဆန်သော ဆက်ဆံမှုသာဖြစ်
ပါတယ်။
★ ★ ★ ★ တစ်ခုတော့ရှိပါတယ် .... သံဃာများ သိမ်အတွင်း အမှုကိစ္စဆောင် ရွက်နေချိန်မှာတော့ အမျိုးသမီး မဆိုထားနဲ့ ဘုရင်တို့ သမတတို့တောင် သိမ်နိမိတ်အတွင်း မ၀င်ရပါဘူး ။
★ ★ သို့သော် သိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲ ဖြစ်ဖြစ် ဘုရားမှာပဲဖြစ်ဖြစ် အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ ရဟန်းပဲဖြစ်စေ အကုသိုလ်စိတ်နှင့် ၀င်ရင် သွားရင်တော့ အပြစ်ရှိသလို ကောင်းတဲ့စိတ်နဲ့သွားရင်တော့ ကုသိုလ်တွေ ရမှာအမှန်ပင် ဖြစ်ပါသည်။
★ ★ ကဲ……ဒါဆိုရင် ဗုဒ္ဓ၀ါဒလွှမ်းခြုံတဲ့ မြန်မာ့လူမှုရေးဝန်းကျင်က အသိအမှတ်ပြုထားတဲ့ ကိုယ်ရနေတဲ့ လူ့အခွင့်အရေးတွေရဲ့ တန်ဖိုးကို သိကြပြီဆိုရင်တော့ ကမ္ဘာ့အမျိုး သမီးထုကြားမှာ ဗုဒ္ဓဘာသာ မြန်မာ အမျိုးသမီးဖြစ်ရတာကို ကျေနပ်ဂုဏ်ယူတဲ့ စိတ်တွေနဲ့ အတူ အမျိုး ဘာသာ သာသနာကို စောင့်ထိန်းနိုင်တဲ့ အမျိုးကောင်းသမီးများ ဖြစ်ကြလိမ့်မယ်လို့ ရည်ရွယ် မျှော်လင့် အပ်ပါတယ် ညီမလေးတို့ရယ် ....။
ချမ်းမြေ့ကြပါစေရှင်...

Facebook မှကူးယူဖော်ပြပါသည်...

 

“ပါဠိဘာသာ စကား”
••••••••••••••••••

ဘုရားရှင်လက်ထက်တော်က သာမန်လူများ ပြောဆိုကြသော
စကားရပ်သည် ပါဠိဘာသာစကားပင် ဖြစ်ပါသလား။
ယင်းဘာသာစကားကို ယခုခေတ် ဘယ်အရပ်ဒေသတွင် ပြောပါသလဲ၊
ယခုကာလ၌ ရွတ်ဖတ်နေသော ပရိတ်ပါဠိတော်များသည်
ဘုရားရှင်လက်ထက်တော်က အတိုင်းပင် ဖြစ်ပါသလား၊
ယင်းပရိတ်တော်များကို အခြားသော ထေရ၀ါဒ နိုင်ငံများက
ရဟန်းများ ရွတ်ဖတ်ပါက မြန်မာ ရဟန်းတော်များ
ရွတ်ဖတ်သည့်အတိုင်းပင် တူညီပါသလားဘုရား။
( ဦးဆွေ-အရှေ့ရန်ကင်း၊ ရန်ကုန် )

( ဖြေ )
မြတ်စွာဘုရားသည် မဇ္ဈိမဒေသ (ယခု-ဘီဟာနယ်၊
အိန္ဒိယ အရှေ့မြောက်ဒေသ) ၌
ပွင့်တော်မူသည်။ထိုအချိန်က အိန္ဒိယတပြည်လုံးတွင်
၁။ သက္ကတဘာသာ
၂။ ပြာကရိတ်ဘာသာ
၃။ မာဂဓဘာသာ တို့သည် အရပ်သုံး ဘာသာများ ဖြစ်ကြ၏။
(၁)-မှာ ထီးသုံး နန်းသုံး။
(၂)-မှာ အထက်တန်းလွှာသုံး ဖြစ်ပြီး
(၃) -မှာ လူတန်းစားအားလုံး သုံးသောဘာသာဖြစ်၍
မြတ်စွာဘုရားသည် ၄င်းအမှတ် ၃-(မာဂဓ) ဘာသာဖြင့်
အများ နားလည်အောင် ဟောပြောလေ့ရှိပါသည် ။
မြတ်စွာဘုရား၏ တရားတော်ကို စောင့်ရှောက်သော
ဝါ-တရားတော်နှင့် ကိုက်ညီသော ဘာသာဖြစ်၍
“မာဂဓဘာသာ”ကို “ပါဠိဘာသာ”-ဟု ခေါ်ပါသည်။
ထိုပါဠိဘာသာမှာ မည်သည့်အခါမှာမျှ ကွယ်ပျောက်မည်မဟုတ်
နတ်ပြည် ဗြဟ္မာ့ပြည်များမှာလည်း ထိုဘာသာကိုပင် သုံးစွဲပါသည်။
မြတ်စွာဘုရား၏ တရားဒေသနာများ ပရိတ်ပါဠိတော်ကဲ့သို့သော
သုတ်တော်များမှာ မာဂဓဘာသာ (ပါဠိဘာသာ)ဖြင့်သာ
မြတ်စွာဘုရား ဟောကြားတော်မူခဲ့၍ အခြားဘာသာဖြင့်
ပြန်ဆိုထားလျှင် ကြာရှည်လည်း မတည်နိုင်။
မြတ်စွာဘုရား၏ အလိုတော် ၀ါ-အနက်အဓိပ္ပါယ်ကိုလည်း
မထိမိနိုင်၊ ပါဠိဘာသာမှသာလျှင် အလိုတော်နှင့် ကိုက်ညီ ထိမိနိုင်သည်။
ထေရ၀ါဒနိုင်ငံတိုင်းပင် ဤပါဠိဘာသာကိုသာ သုံးပါသည်။
ပါဠိဘာသာတတ်လျှင် အတူတကွ ပြောဆိုနှီးနှောနိုင်သည်။
ဒေသသံမျှသာ ကွာခြား၍ အများအားဖြင့် တူညီပါသည်။

-【ဆရာတော်ရဝေထွန်း (အရှင်တိလောကသာရ)】

Dhamma Dãna Source ►

www.facebook.com/youngbuddhistassociation.mm