(၁)ဓာတ်ချောက်ချား၍ အိပ်မက်မက်ခြင်း။ ဓာတ်ချောက်ချားသည့်အတွက် အိပ်မက်မြင်မက်ရာ တွင် တောင်ပေါ်မှ လိမ့်ကျသယောင်ယောင်, ဆင်ကြမ်း,မြင်းကြမ်း,ခြင်္သေ့, သစ်ကျားစသော သားရဲများ၊ လူဆိုးသူခိုးစသူတို့ မိမိနောက် တကောက်ကောက်လိုက်နေသယောင်ယောင် ကြောက်မက်ဖွယ် အိပ်မက်တို့ကို မြင်မက်တတ်ကြတယ်။
(၂)ရှေးကလေ့ကျင့် ခံစားဖူးလို့ အိပ်မက်မြင်မက်ခြင်း။ မိမိရှေးကမြင်ဖူး သုံးဆောင်ခံစားဖူးသည့် အာရုံများကို မြင်ရကြားရ သုံးဆောင်ခံစားရသယောင်ယောင် မြင်မက်တတ်ကြပါတယ်။ (၃)နတ်များက လှည့်စားောကြောင့် အိပ်မက်မြင်မက်ခြင်း။ နတ်များက အကျိုးလိုလား၍ဖြစ်စေ၊ အကျိုးမဲ့ကို လိုလား၍ဖြစ်စေ၊ အကျိုးရစေရန်၊ အကျိုးမဲ့စေရန်စတဲ့ နတ်တို့ရဲ့ အာနုဘော်ကြောင့် အာရုံအမျိုးမျိုးကို မြင်မက်တတ်ကြပါတယ်။
(၄)ပုဗ္ဗနိမိတ်ကြောင့် မြင်မက်ခြင်း။ ကောင်းမှု၊ မကောင်းမှု (ကုသိုလ်,အကိုသိုလ်)အစွမ်းကြောင့် ကောင်းကျိုး မကောင်းကျိုးရဖို့ရန် ရှေ့ပြေးပုဗ္ဗနိမိတ်ဖြစ်သော အိပ်မက်တို့ကို မြင်မက်တတ်ကြပါတယ်။ မဟာမာယာဒေ၀ီ သားရဖို့ရန် အိပ်မက်မြင်မက်မှု၊ ယခုအခါ ဘုရားအလောင်းတော် အိပ်မက်ကြီး ငါးပါးကို မြင်မက်မှု စသည့် ကောင်းကျိုး၊ မကောင်းကျိုး ဖြစ်ပေါ်ဖို့ရန် မြင်မက်သည့် အိပ်မက်မျိုး ဖြစ်ပါတယ်။
ထိုအိပ်မက်(၄)မျိုးတွင် (၁)ဓာတ်ချောက်ချား၍ မြင်မက်ခြင်း။ (၂)ရှေးက လေ့ကျင့်ခံစားခဲ့ဖူးသည့် အတိုင်း မြင်မက်ခြင်း။ ထိုနှစ်မျိုးတို့သည် မက်သည့်အတိုင်း မမှန်တတ်သည်ကများပါသည်။ (၃) နတ်များ လှည့်စားသောကြောင့် မြင်မက်သည့် အိပ်မက်မှာ မှန်လည်းမှန်တတ်သကဲ့သို့ လွဲလည်းလွဲတတ်ပါတယ်။ နတ်များ ဒေါသထွက်လျှင် ပရိယာယ်ဖြင့် ပျက်စီးရာပျက်စီးကြောင်း အလွဲလွဲအမှားမှား အိပ်မက်ပေးတတ်ကြပါတယ်။
တစ်ခါက သီဟိုဠ်ကျွန်း ရောဟနအရပ် နာဂကျောင်းတိုက်ကြီးတွင် သံဃမထေရ်ကြီးတစ်ပါးဟာ ရဟန်းသံဃာများကို မပန်ကြားဘဲ ကံ့ကော်ပင်ကြီးတစ်ပင်ကို ခုတ်လှည်းစေ၏၊ ထိုကံ့ကော်ပင်တွင် နေထိုင်တဲ့ ရုက္ခစိုးနတ်ဟာ ပထမတွင်တော့ ထိုမထေရ်အား မှန်ကန်တဲ့ အိပ်မက်ကိုပဲ ပေးနေပါတယ်။ ယုံလောက်တဲ့အချိန်ရောက်သောအခါ “ဤနေ့မှ (၇)ရက်မြောက်နေ့၌ အရှင်ဘုရား၏ ဒါယကာ ပြည့်ရှင်မင်းကြီးဟာ နတ်ရွာစံလိမ့်မယ်”လို့ အိပ်မက်၌ ပြောကြားခဲ့ပါတယ်။ မထေရ်ဟာ ထိုအိပ်မက်မှစကားကို ယုံကြည်ကာ မင်းကြီးအား ပြောကြားစေပါတယ်။ မင်းကြီးလည်း ရက်ကိုရေတွက်ပြီး (၇)ရက်လွန်မြောက်သောအခါ နတ်ရွာမစံဘဲရှိနေသည့်အတွက် ထိုမထေရ်သည် မဟုတ်မတရား ပြောကြားပေတယ်ဆိုပြီး ထိုမထေရ်ရဲ့ လက်ခြေတို့ကို ဖြတ်စေခဲ့ပါတယ်။ (သာရတ္ထဒီပနီဋီကာ ဒု၊ နှာ ၃၁၂)။
(၄)ပုဗ္ဗနိမိတ်ကြောင့် မြင်မက်သော အိပ်မက်တို့ကား ဧကန်အမှန်ချည်းပင် ဖြစ်ပါတယ်။ အိပ်မက်မြင်မက်သောပုဂ္ဂိုလ်များမှာ ၀ိပလ္လာသတရား မပယ်ရှားသေးသည့် ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ပုဂ္ဂိုလ်တို့သာ မြင်မက်ကြပါတယ်။ ရဟန္တာများမှာ ၀ိပလ္လာသတရား ပယ်ရှားပြီးဖြစ်သောကြောင့် အိပ်မက်မမြင်မက်ကြတော့ပေ။ ထို့ပြင် အိပ်မက်မြင်တဲ့အခါ အချိန်နှင့်အကျိုးပေးကိုလည်း ဖေါ်ပြပါဦးမည်။ ညဦးယံ သန်းခေါင်ယံ မိုးသောက်ယံတို့၌ မြင်မက်သော အိပ်မက်တို့သည် မမှန်တတ်ပေ။ ဒါပေမယ့် မိုးသောက်အားကြီး လင်းခါနီး အာရုဏ်တက်အချိန်တွင် မြင်မက်သော အိပ်မက်တို့သည်ကား မှန်သည်က များတတ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အရုဏ်တက်အချိန်တွင် စားသောက်ထားသည့် အစာအာဟာရများ သည် ကြေကျက်၍ ခန္ဓာကိုယ်၌ အဆီအနှစ်သြဇာများ တည်နေသည့် အချိန်ဖြစ်သောကြောင့် ဖြစ်ပါတယ်။ ထိုအာရုဏ်တက်အချိန်တွင် ကောင်းသောအရာ များကို မြင်မက်လျှင် ကောင်းကျိုးရတတ်ပါတယ်။ မကောင်းသော အရာများကို မြင်မက်လျှင် မကောင်းကျိုးရတတ်ပါတယ်။ (အင်္ဂုတ္ထိုရ် အဋ္ဌကထာ တတိယအုပ် ပဉ္စကနိပါတ်အဖွင့်၊ စတုတ္ထပဏ္ဏာသက၊ ၅-ဗြာဟ္မဏ၀ဂ်၊ ၆-မဟာသုပိနသုတ်အဖွင့် နှာ ၇၁ – ၇၂)
ဦးကောဝိဒ(မြိတ်) http://venkawwida.com
Categories:
ဆရာတော်ဦးကောဝိဒ(မြိတ်),
အိပ်မက်