HAZY LIFE

အမေး။ ။ အရှင်ဘုရား ၂၀၁၀ ဇန်န၀ါရီလ (၁၅)ရက်နေ့မှ အကြာမြင့်ဆုံး နေကြတ်မှုဖြစ်ပေါ် မယ်။ နေကြတ်ခြင်းကြောင့် (၂၀၁၂)ခုနှစ်၊ဒီဇင်ဘာလအတွင်းမှာ ကမ္ဘာပျက်ကိန်း ဖြစ်နိုင်ချေရှိတယ် လို့ နိုင်ငံကျော်ဗေဒပညာရှင်တစ်ဦးက ဟောကိန်းထုတ်ထားပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အင်တာနက် စာမျက်နှာပေါ်မှာ သတင်းတွေပြန့်နေပါပြီဘုရား။ တပည့်တော်သိချင်တာက ဗေဒပညာရှင် များ ပြောဆိုယူဆနေသလို (၂၀၁၂)ခုနှစ်မှာ ကမ္ဘာပျက်မယ်ဆိုတာ မှန်/မမှန် သိချင်ပါတယ်ဘုရား။

မောင်ဇော်မျိုး
ရန်ကုန်


အဖြေ။ ။ ဒီပြဿနာနဲ့ပတ်သက်ပြီး ဖြေရမယ်ဆိုရင် သိစရာမှန်က မကျန်ရအောင် အလုံးစုံကို သိမြင်တော်မူပြီးဖြစ်တဲ့ သဗ္ဗညုတဉာဏ်ပိုင်ရှင် ဘုရားရှင်ရဲ့ စကားတော်အတိုင်း ဖြေကြားရမှာဖြစ်ပါတယ်။

ကမ္ဘာပျက်တာနဲ့ ပတ်သက်ပြီး တစ်ကမ္ဘာရဲ့သက်တမ်းကို နှစ်ပေါင်းဘယ်လောက်ကြာမယ် ဆိုတာ ဂဏန်းသင်္ချာနဲ့ မရေတွက်နိုင်ပါ။ ကြံဆပြီးသိရမယ့်အရာသာ ဖြစ်ပါတယ်။ ဘယ်လို ကြံဆရမလဲဆိုရင်….အလျား၊ အနံ၊ အမြင့် တစ်ယူဇနာရှိတဲ့ တိုက်ခန်း၊ ဂိုဒေါင်ကြီးအတွင်းမှာ အလွန်သေးငယ်တဲ့ မုန်ညင်းဖြူစေ့လေးတွေကို အပြည့်ထည့်ထားလိုက်ပါ။ နှစ်ပေါင်းတစ်ရာကြာရင် မုန်ညင်းဖြူစေ့ တစ်စေ့ယူထုတ်ပစ်ရပါမယ်။ ဒီလိုနည်းနဲ့ ယူထုတ်ပစ်လို့ ဂိုဒေါင်ကြီးအတွင်းက မုန်ညင်းစေ့သာ ကုန်သွားမယ်။ တစ်ကမ္ဘာရဲ့ သက်တမ်း မကုန်ဆုံးသေးပါဘူး၊လို့ ကြံဆပြီး သိရပါ့မယ်။

ဒီအမေးအတွက် ကမ္ဘာအမျိုးအစားကိုပြောမှ ပြည့်စုံမှာပါ။ ကမ္ဘာနဲ့ပတ်သက်ပြီး ဘုရားပွင့်တဲ့ကမ္ဘာကိုတော့ အသုညကမ္ဘာလို့ ခေါ်ပါတယ်။ ဘုရားမပွင့်တဲ့ ကမ္ဘာကိုတော့ သုညကမ္ဘာလို့ ခေါ်ပါတယ်။ ဘုရားပွင့်တဲ့ အသုညကမ္ဘာက (၅)မျိုး၊ ဘုရားမပွင့်တဲ့ သုညကမ္ဘာက (၁)မျိုးဆိုပြီး ပေါင်းလိုက်တော့ ကမ္ဘာအမျိုး(၆)မျိုး ရှိပါတယ်။ ဘုရားပွင့်တဲ့ ကမ္ဘာငါးမျိုးက ဘုရားတစ်ဆူသာပွင့်တဲ့ ကမ္ဘာကို သာရကမ္ဘာလို့ ခေါ်ပါတယ်။ နှစ်ဆူပွင့်တဲ့ကမ္ဘာက မဏ္ဍကမ္ဘာပါ။ သုံးဆူပွင့်တာက ၀ရကမ္ဘာဖြစ်တယ်။ လေးဆူပွင့်တာက သာရမဏ္ဍကမ္ဘာဖြစ်ပြီး၊ ငါးဆူပွင့်တာက ဘဒ္ဒကမ္ဘာဖြစ်ပါတယ်။

ယနေ့ လူသားများနေထိုင်ကြတဲ့ ကမ္ဘာကတော့ ဘဒ္ဒကမ္ဘာပါ။။ ဘဒ္ဒကမ္ဘာမှ ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ၊ အရိမေတ္တေယျ၊ ဘုရားငါးဆူ ပွင့်တော်မူပါမယ်။ ယခုအခါ လေးဆူမြောက် ပွင့်တော်မူပြီးတာက ဂေါတမမြတ်စွာဘုရားပါ။ နောင်ပွင့်မှာက အရိမေတ္တေယျ ဘုရားရှင်တစ်ဆူ ကျန်ပါသေးတယ်။ ထိုဘုရားရှင် ပွင့်တော်မူပြီးမှ ကမ္ဘာပျက်မှာပါ။ ဒီကြားထဲ အရိမေတ္တေယျ ဘုရားရှင်မပွင့်သေးသမျှ ကာလပတ်လုံး ကမ္ဘာမပျက်နိုင်သေးပါဘူး။

ဒါကြောင့် ဗေဒပညာရှင်များရဲ့ အဆိုအရ ယခုလာမဲ့ (၂၀၁၂)မှာ ကမ္ဘာပျက်ကိန်းရှိတယ်ဆိုတာ လုံးဝမဟုတ်ပါကြောင်း၊ ထိုသတင်းနဲ့ပတ်သက်ပြီး စိုးရိမ်စရာလုံးဝမရှိကြောင်း အဖြေပေးလိုက်ရပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/

Leave a Reply