နိဗ္ဗာန်ဆိုတာ ဘာလဲဟုမေးလျှင် အဖြေမရှိတတ်သော ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များအတွက် ရည်ရွယ်ပါသည်။ နိဗ္ဗာန်ကို တခြားသော ဘာသာများမှလည်း သူတို့၏ ကောင်းကင်ဘုံ နှင့် တူသယောင်ယောင် ရေးသားပြောဆိုချက်များလည်း ငြင်းခုန်ခဲ့ဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် အခု Post လေးနဲ့ပဲ အတော်များများ သိရှိသွားခဲ့မယ်ဆိုရင်ပဲ ကျေနပ်ပါပြီ...
နိဗ္ဗာန်ဟူသော တရားသည် တကယ်ပင် ရှိပါသလားဘုရား။ အကယ်၍ ရှိပါက ထိုတရားသည် အဘယ်မှာနည်း။ မည်သည့်တရားနှင့် တူပါသနည်း ဘုရား။
(လျှောက်ထား မေးမြန်းသူ- ဘုံပိုင်မြို့ ပွဲစားကြီး မစ္စတာ လက်(က်) ဒါဝါလား၊ ဖြေဆိုသူ ဆရာတော် အရှင် အရိယဓမ္မ)
အရှင်
အရိယဓမ္မ။ ဒကာကြီးရဲ့ အမေးပုစ္ဆာဟာ တစ်ချက်ခုတ် သုံးချက်ပြတ် မေးခွန်းပဲ
ဒကာကြီးရဲ့။ မေးခွန်းကို ဖြေရာမှာ ဦးပဉ္ဇင်းဟာ တာဝန်သုံးခုကို တခါတည်း
ထမ်းဆောင်ရလိမ့်မယ်။
ပထမတာဝန်က နိဗ္ဗာန်ဆိုတဲ့ တရားဟာ တကယ်ရှိကြောင်း ပြဖို့ ဖြစ်တယ်။
ဒုတိယ တာဝန်ကတော့ နိဗ္ဗာန်ဟာ ဘယ်နေရာမှာ ရှိတယ်ဆိုတာ ပြဖိုဖြစ်တယ်။
တတိယ တာဝန်ကတော့ နိဗ္ဗာန်ရဲ့ အသွင်အပြင် လက္ခဏာ ကို ဖော်ထုတ်ပြဖို့ဖြစ်တယ်။
ပထမဆုံး
တာဝန်ဖြစ်တဲ့ နိဗ္ဗာန်ဆိုတဲ့ တရားဟာ တကယ်ရှိကြောင်း ပြဖို့ရာ ဒကာကြီးကို
ဦးပဉ္ဇင်းက ပြန်ပြီး မေးရလိမ့်ဦးမယ်။ ကဲ ဒကာကြီးကလည်း ဖြေပါဦး။
ဆရာတော်။ ယနေ့ ကမ္ဘာပေါ်မှာ ရှိနေကြတဲ့ လူတွေ အားလုံးဟာ အသက် ၁၀၀ ထိအောင် နေကြရပါ့မလား။
ဝါးလား။ အသက် ၁၀၀ ထိအောင် နေကြရမှာ မဟုတ်ပါဘူး ဆရာတော်။
ဆရာတော်။ သူတို့ တတွေ ဘာဖြစ်ကုန်ကြပါမလဲ ဒကာကြီး
ဤတွင်
ဆရာတော်က သင်ပုန်းပေါ်တွင် တဖက်မှ နိဗ္ဗာန်ဟူသော တရား တကယ်တန်း
တည်ရှိနေပုံနှင့် အခြားတဖက်မှ စကြာဝဠာ ကြီးနှင့် တကွ ဤစကြာဝဠာ ကြီးပေါ်တွင်
ရှိရှိသမျှသော သတ္တ၀ါတို့၏ မတည်မမြဲ ဖောက်ပြန်တတ်သည့် သဘောတို့ကို
အောက်ပါအတိုင်း နှိုင်းယှဉ်ရေးသားပြပါသည်။
စကြာဝဠာကြီး
ဆန့်ကျင်ဘက်နိဗ္ဗာန်
သေခြင်းတရား ရှိ၏။
သေခြင်းတရား မရှိ။
အိုခြင်းတရား ရှိ၏။
အိုခြင်းတရား မရှိ။
နာခြင်းတရား ရှိ၏။
နာခြင်းတရား မရှိ။
ဒုက္ခနှင့် ဆင်းရဲခြင်း ရှိ၏။
ဒုက္ခနှင့် ဆင်းရဲခြင်း တို့မှ ကင်းငြိမ်းသည့် တကယ့်ချမ်းသာသုခ ရှိ၏။
မတည်မြဲ။
တည်မြဲ၏။
စိတ်နှင့် ကံတို့၏ ဖန်ဆင်းမှု။
စိတ်နှင့် ကံတို့က မဖန်ဆင်း။( အသင်္ခတဓာတ်)။
ပျက်စီး၏။(အနိစ္စ)
မပျက်စီးနိုင်။(နိစ္စ)
အစအဆုံး ရှိ၏။
(အာဒိအနန္တ)
အစအဆုံး မရှိ။
(အနာဒိအနန္တ)
မသန့်ရှင်းချေ။
သန့်ရှင်း၏။
မွေးဖွားကြရ၏။(ဇာတိ)
မွေးဖွားကြရခြင်း မရှိ။(အဇာတိ)
မသိမမြင်ခြင်၊
စွဲလမ်းခြင်း၊ လိုချင်တပ်မက်ခြင်း၊ စိတ်ဆိုးခြင်း၊ ကြမ်းတမ်းခြင်း၊
ရန်ငြိုးဖွဲ့ခြင်း စသည့် တရားများ ရှိ၏။(အ၀ိဇ္ဖာ၊ ဥပါဒါန်၊ လောဘ၊ ဒေါသ)
ဤ တရားများ အားလုံးမှ ကင်းစင်၏။
သံယောဇဉ်ကြိုး (၁၀) ချောင်းဖြင့် နှောင်ဖွဲ့ထား၏။
မည်သည့် သံယောဇဉ်ကြိုးမျှ မရှိ။
အနှောင်အဖွဲ့ရှိ၏။
လွတ်လပ်၏။
သံသရာ အတွင်း၌ရှိ၏။
သံသရာမှ လွတ်မြောက်၏။
အရသာများ ရှိ၏။
လွတ်မြောက်သည့် အရသာ တစ်ခုတည်းသာ ရှိ၏။
အာသာပြေမှု မရှိ။
အာသာပြေလျက်ရှိ၏။
ချိုးနှိမ်၍ ရ၏။(သံဝရ သဘောရှိ၏)
ချိုးနှိမ်၍ မရ။(အသံဝရ သဘောရှိ၏)
အကန့်အသတ်ရှိ၏။
အကန့်အသတ် မရှိ။
ခံစားခြင်း(ဝေဒနာ) နှင့် တပ်မက်ခြင်း (တဏှာ)တရားတို့ဖြင့် အီနေ၏။
ဝေဒနာနှင့် တဏှာတရားတို့မှ လွတ်မြောက်၏။
တကယ်မရှိ။( ပရမတ် မဟုတ်)၊ မမြဲ။
တကယ်ရှိ၏။(ပရမတ်)၊ မြဲ၏။
စကြာဝဠာသည် တကယ်မရှိ။
နိဗ္ဗာန်သည် တကယ်ရှိ၏။
ဆရာတော်။
(အထက်ပါအတိုင်း သင်ပုန်းကြီးပေါ် ၌ ရေးသားပြပြီးနောက်) ကဲဒကာကြီး ၊ အခု
ဦးပဉ္ဇင်း ရေးပြထားတဲ့ ဆန်းစစ်ချက်အရ နိဗ္ဗာန်ဆိုတဲ့ တရားဟာ တကယ်တမ်း
ရှိတယ်ဆိုတာကို လက်ခံနိုင်ရဲ့လား။
ဝါးလား။ နိဗ္ဗာန်ဆိုတဲ့
တရားဟာ တကယ်ရှိတယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ ဆရာတော် ရှင်းပြတဲ့
အချက်အားလုံးကို တပည့်တော် လက်ခံပါတယ်။ ဒါပေမယ့် သတ္တ၀ါတွေမှာ ဇာတိတရား
ချုပ်ငြိမ်းသွားရတယ် ဆိုတဲ့ အချက်ကိုတော့ တပည့်တော် ဦးခေါင်းထဲမှာ
မရှင်းသေးဘဲ ဖြစ်နေပါတယ် ဆရာတော်။
ဆရာတော်။ ဒါဖြင့် ဦးပဉ္ဇင်းက
ရှင်းပြရသေးတာပေါ့။ ဒကာကြီး၊ မွေးဖွားခြင်း(ဇာတိတရား) ဆိုတာဟာ သေခြင်းရဲ့
အကြောင်းတရားပဲ။ နိဗ္ဗာန်ရောက်ပြီးမှ သတ္တ၀ါ တစ်ဦးဦးဟာ ဖွားရဦးမယ်ဆိုရင်
ထိုသတ္တ၀ါဟာ သေရမှာ အမှန်ဖြစ်တယ်။ အဲဒီလို သေခြင်းတရား ရှိနေရင် နိဗ္ဗာန်ဟာ
မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ တရားတွေ ချုပ်ငြိမ်းရာ
တရားမဟုတ်တော့ဘူး။ မြစ်တစ်စင်းဟာ မြစ်ဖျားခံရာ ဒေသမှာ မွေးဖွားပြီးတော့
မြစ်ဝအထိဟာ ဒီမြစ်ရဲ့ တသက်တာ ဘ၀ပဲ။ ဒီနည်းတိုင်းပဲ သတ္တ၀ါ တစ်ဦးဦးရဲ့
ဘ၀တစ်သက်တာဟာ မွေးဖွားတဲ့ အခါက စပြီး သေတဲ့ အခါမှာ အဆုံးသတ်ရတယ်။ ဒါကြောင့်
နိဗ္ဗာန်ဆိုတဲ့ တရားထဲမှာ မွေးဖွားခြင်းဆိုတဲ့ တရားမရှိတော့ဘူး။
မွေးဖွားခြင်းနဲ့ သေခြင်းဟာ ကြိုးတချောင်းတည်းဘဲ။ အစတဖက်က
မွေးဖွားခြင်းဆိုတာဖြစ်ပြီး ကျန်အစ တဖက်က သေးခြင်းပဲ။ သည့်အပြင်
အချက်တချက်လည်း ရှိသေးတယ်။ အဲဒါက မွေးဖွားခြင်းနဲ့ သေခြင်းတို့ဟာ
ဒုက္ခတရားတွေလည်း ဖြစ်တယ်။ မြဲလည်း မြဲတဲ့ တရားတွေလည်း မဟုတ်ကြဘူး ဒကာကြီး။
ဝါလား။
ဆရာတော်ရဲ့ ရှင်းလင်းချက်ဖြင့် မွေးဖွားခြင်းနှင့် သေခြင်းတရားတို့
အကြောင်းကို တပည့်တော် ရှင်းရှင်းလင်းလင်း နားလည်ပါပြီ ဆရာတော်။
နိဗ္ဗာန်ဆိုတဲ့ တရားဟာလည်း မွေးဖွားခြင်း၊ သေခြင်းဆိုတဲ့ တရားတို့ရဲ့
ကင်းငြိမ်းရာ ဖြစ်တယ်ဆိုတာကိုလည်း သိမြင်နားလည်ပါပြီ ဆရာတော်။
ဆရာတော်။
အခု ဒကာကြီးက နိဗ္ဗာန်ဆိုတဲ့ တရားဟာ အဟုတ်အမှန် ရှိကြောင်းကို
ယုံယုံကြည်ကြည်နဲ့ လက်ခံပါပြီဆိုတော့ ဦးပဉ္ဇင်းက နိဗ္ဗာန်ဆိုတဲ့ တရားဟာ
ဘယ်နေရမှာ ရှိပါသလဲဆိုတဲ့ ဒုတိယ အဆင့်မေးခွန်းကို ဖြေကြားရဦးမယ်။
အထက်က
ဦးပဉ္ဇင်းရှင်းလင်းပြခဲ့တဲ့ အချက်အလက်များအရ နိဗ္ဗာန်ဆိုတဲ့ တရား
ကိန်းဝပ်ဘို့ရာ နေရာဌာနရှိလို့ မဖြစ်တော့ဘူး။ အကယ်၍ နေရာဌာန တစ်ခု
ရှိခဲ့လျှင် ထိုနေရာဌာနရဲ့ မူလ ဗီဇ တရားရှိရမယ်။ မူလဗီဇ တရားရှိတာနဲ့
တပြိုင်နက် ထိုတရားဟာ ပျက်စီး ချုပ်ငြိမ်းသွားရမယ်။ အမှန်ကတော့
နိဗ္ဗာန်ဆိုတဲ့ တရားဟာ ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော ဆိုတဲ့
မဟာဘုတ်ကြီးလေးပါးနဲ့ ဘာမျှ မပတ်သက်ဘူး။ ကင်းလွတ်တယ်။
ဒီမဟာဘုတ်ကြီးလေးပါနဲ့ ကင်းလွတ်လိုက်တာနဲ့ တပြိုင်နက် ဘာတရားမျှ မရှိဘူး။
ဘာရုပ်ဝတ္ထုမျှ မရှိဘူး။ ဘာအသွင်သဏ္ဌာန်မှလဲမရှိဘူး။ ဘယ်နေရာဌာနမှလဲမရှိဘူး။
ဒီမဟာဘုတ်ကြီးလေးပါး စုပေါင်းဖြစ်ပေါ်ရတဲ့ တရားဟူသမျှမှာ
ပျက်စီးချုပ်ငြိမ်းရတာကြီးဘဲ။ ဘာပြုလို့လည်းဆိုတော့
စတင်ဖြစ်ပေါ်ခြင်း(ဇာတိ)၊တိုးတက်ဖွံ့ဖြိုးခြင်း၊ပျက်စီးယိုယွင်းခြင်း၊ချုပ်ငြိမ်းခြင်း
ဆိုးတဲ့ တရားတွေဟာ ဒီမဟာဘုတ်ကြီးလေးပါးတို့ရဲ့ မူလဗီဇကပါလာတဲ့
သဘောတွေဖြစ်လို့ဘဲ။ ဒါကိုကြည့်ခြင်းအားဖြင့် နိဗ္ဗာန်ဆိုတဲ့တရားတည်ရှိ
ဘို့အတွက် နေရာဌာနဆိုတာ မလိုဘူးဆိုတဲ့ အချက်ဟာ ထင်ရှားသွားပြီ ဒကာကြီး။
ဝါးလား။ ဒီလိုနှိဗ္ဗာန်တရားကိန်းဝင်ဘို့ နေရာဌာနရယ်လို့ မရှိရင်
ဒီတရားဟာ ဘယ်လိုလုပ်ပြီးရှိနိုင်ပါ့မလဲဘုရား။
ဆရာတော်။ ကဲဒါဖြင့်ရင် ဒကာကြီးကို ဦးပဉ္ဇင်းက ပြန်မေးရဦးမယ်။
ဝါးလား။ မှန်ပါ့ ဆရာတော်။
ဆရာတော်။ လောကမှာ “ဥာဏ်ပညာ” ဆိုတဲ့ တရားရှိပါသလား ဒကာကြီး။
ဝါးလား။ ရှိပါတယ် ဆရာတော်။
ဆရာတော်။ ဒကာကြီး ဒီ “ဥာဏ်ပညာ” ဆိုတဲ့ တရားကို မြင်ဖူးသလား။
ဝါးလား။ မမြင်ဖူးပါဘူး ဆရာတော်။ ဒီတရားဟာ မမြင်နိုင် မမြင်အပ်တဲ့ တရားပါ ဆရာတော်။
ဆရာတော်။ ဒါဖြင့်ရင် ဒီ “ဥာဏ်ပညာ” ဆိုတဲ့ တရားဟာ ရှိတယ်လို့ ဒကာကြီး ဘယ်လိုလုပ်ပြီး သိပါသလဲ။
ဝါးလား။ “ဥာဏ်ပညာ” ဆိုတဲ့ တရားကို စိတ်အာရုံနဲ့ သညာသဘောနဲ့ သိပါတယ် ဆရာတော်။
ဆရာတော်။ “ဥာဏ်ပညာ” ဆိုတဲ့ တရားဟာ အဘယ်အရပ် အဘယ်ဒေသမှာ ကိန်းဝပ်ပါသလဲ ဒကာကြီး။
ဝါးလား။
“ဥာဏ်ပညာ” ဆိုတဲ့ တရားဟာ ဘယ်နေရာ ဘယ်ဌာနမှ မကိန်းဝတ်ပါဘူး ဘုရား။
ဒါပေမယ့် အဲဒီတရားဟာ ပေါ်ပေါက်လိုက်၊ ပျောက်ကွယ်လိုက်၊ တဖန်ပေါ်ပေါက်လိုက်နဲ့
အစဉ်တစိုက် ဖြစ်ပျက်နေပါတယ် ဘုရား။
ဆရာတော်။ “လေ” ဆိုတဲ့တရားဟာ ရှိသလား။
ဝါးလား။ လေ ဆိုတဲ တရားဟာ ရှိပါတယ်။ ဒီလေဆိုတဲ့ တရား မရှိဘဲနဲ့ တပည့်တော်တို့ဟာ အသက်ရှင်မနေနိုင်ပါဘူး ဆရာတော်။
ဆရာတော်။ ဒကာကြီး လေကို မြင်ရသလား။
ဝါးလား။ မမြင်ရပါဘူး ဆရာတော်။ လေဟာ မြင်နိုင်တဲ့ တရားမဟုတ်ပါဘူး။
ဆရာတော်။ လေဟာ ရှိတယ်ဆိုတာကို ဘယ်လိုလုပ်ပြီး သိအောင်လုပ်သလဲ ဒကာကြီး။
ဝါးလား။
လေကို တပည့်တော်ရဲ့ ခန္ဓာကိုယ်ရဲ့ အတွင်းမှာရော အပြင်မှာပါ လေရဲ့ အားကို
စမ်းသပ် တွေ့ထိခြင်းအားဖြင့် လေဆိုတဲ့ တရားဟာ တကယ်ရှိတယ်ဆိုတာ သိရပါတယ်
ဆရာတော်။
ဆရာတော်။ ဒါဖြင့် လေဟာ ဘယ်မှာ ကိန်းဝပ်နေသလဲ ဒကာကြီး။
ဝါးလား။ “ဥာဏ်ပညာ” ဆိုတဲ့ တရားလိုပါပဲ ဆရာတော်။ လေဟာလည်း အဆက်မပြက် ဖြစ်ပေါ်ကွယ်ပျောက်နေတဲ့ တရားပါပဲ ဘုရား။
ဆရာတော်။
“ဥာဏ်ပညာ” တို့ ၊ “လေ” တို့ ဆိုတဲ့ တရားတွေဟာ တကယ်တမ်း ရှိပါလျက်နဲ့
ဘယ်နေရာ ဘယ်ဒေသမှာ ကိန်းဝပ်လျက် ရှိတယ်လို့ မပြနိုင်သလိုဘဲ နိဗ္ဗာန်ဆိုတဲ့
တရားဟာလည်း တကယ်ရှိသော်လည်း ဘယ်နေရာ ဘယ်ဒေသမှာ ကိန်းဝပ်တယ်လို့ မပြနိုင်ဘူး
ဒကားကြီး။ “ဥာဏ်ပညာ” ဆိုတဲ့ တရားနဲ့ “လေ” ဆိုတဲ့ တရားတို့ တကယ်တမ်း
ရှိတယ်ဆိုတာကို အာရုံခံစားခြင်း၊ တွေထိခြင်း ဆိုတဲ့ သဘောတို့နဲ့သာ
သိနိုင်နားလည်နိုင်သလို နိဗ္ဗာန်ဆိုတဲ့ တရားဟာ တကယ်ရှိတယ်ဆိုတာကိုလည်း
အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရနေကြတဲ့ ပုဂ္ဂိုလ်များရဲ့ လောကုတ္တရာဥာဏ်၊
အာသ၀က္ခယဥာဏ်တို့ဖြင့်သာ သိမြင်နားလည်နိုင်တယ်။ ကဲ ဒကာကြီး ကြေနပ်ပြီလား။
ဝါးလား။
ကျေနပ်ပါပြီ ဆရာတော်။ “ဥာဏ်ပညာ” နဲ့ “လေ” ဆိုတဲ့ တရားတွေလိုပဲ
နိဗ္ဗာန်ဆိုတဲ့ တရားဟာ တကယ်ရှိသော်လည်း ဘယ်နေရာ ဘယ်ဌာနမှာ ကိန်းဝပ်တယ်လို့
ပြလို့ မဖြစ်နိုင်တာကိုလဲ သဘောပေါက်ပါပြီ ဆရာတော်။
ဆရာတော်။ ကဲ
ဒုတိယ ပြဿနာ ရှင်းသွားပြီ ဆိုရင် တတိယ ပြဿနာဖြစ်တဲ့ နိဗ္ဗာန်ဟာ
မည်သည့်တရားနဲ့ တူပါသလဲဆိုတဲ့ အချက်ကို ဆက်ရှင်း ကြရလိမ့်ဦးမယ်။
နိဗ္ဗာန်ဆိုတဲ့ တရားဟာ အထက်က ရှင်းပြခဲ့ သလိုပဲ ဒီလောကကြီးနဲ့ သတ္တိ၊
အရည်အချင်း၊ အသွင်အပြင်၊ ဂုဏ်လက္ခဏာတို့ မှစ၍ ဘယ်ဘက်ကမျှ မတူဘဲ လုံးလုံး
ဆန့်ကျင်နေတဲ့ တရား ဖြစ်နေလေတော့ နိဗ္ဗာန်ကို ယ္ခု တွေ့မြင်နေကြတဲ့
အရာဝတ္ထူတွေ ရုပ်ဝတ္ထူတွေနဲ့ ဘယ်လိုမှ နှိုင်းယှဉ်ပြလို့တော့ မဖြစ်ပေဘူး
ဒကာကြီးရဲ့။ ဒါပေမယ့် ဥပမာလေး တစ်ခုနဲ့ တော့ ရှင်းပြရလိမ့်မယ် ဒကာကြီး
နားထောင်ပေတော့။
ဝါးလား။ မှန်ပါ့ နာလျက်ပါ ဆရာတော်။
ဆရာတော်။
ရှေးက ဘုရင်ကြီးတပါးရှိသတဲ့။ ဒီဘုရင်ကြီးဟာ အခြားဘုရင် အဆူဆူ ကကြောက်ရွံ့
ရိုသေပြီး လက်ဆောင်ပဏ္ဏာတွေ ကြို့ရလောက်အောင် ဘုန်းတခိုး ကြီးသတဲ့။ ရွှေ ငွေ
ကျောက် သံ ပတ္တမြား တွေဆိုတာကလည်း ခန့်မှန်းရေတွက်လို့ မရနိုင်အောင်
ပေါသတဲ့။ စစ်သည်အင်အားကလည်း အလွန်ကြီးမားတောင့်တင်း သတဲ့။ သူ့ကို
လုပ်ကျွေးပြုစုကြတဲ့ မောင်းမ မိဿံကလည်း ထောင်သောင်းမကဘူးတဲ့။ အချက်အပြုတ်
အကျော်အမော်တွေကလည်း ရသာမျိုးစုံတဲ့ ခဲဘွယ်ဘောဇဉ် ချိုချဉ်ယမကာတွေကို
အမျိုးပေါင်း မရေမတွက်နိုင်အောင် စီမံပြီး ပွဲတော်များ ဆက်သကြရသတဲ့။ ဒီလို
အမျိုးမျိုးသော စည်းစိမ်ချမ်းသာတွေကို ခံစားစံစား နေရတဲ့ ဘုရင်ကြီးဟာ
တနေ့ကြတော့ ကုဋ္ဌနူနာရောဂါ စွဲကပ်လာသတဲ့။ ဒီရောဂါ စွဲကပ်လာတာနဲ့ တပြိုင်နက်
ဘုရင်ကြီးဟာ အထက်ကပြောခဲ့တဲ့ စည်းစိမ်တွေကိုလဲ မခံစားနိုင်တော့ဘူး။
မောင်းမမိဿံတွေနဲ့လဲ မပျော်ပါးနိုင်တော့ဘူး။ နောက်ဆုံး အာရုံငါးပါးမှာ
ဘယ်အာရုံမှ မခံစားနိုင်တော့ဘူး။ ဒီစက်ဆုတ်ရွံရှာဖွယ်ကောင်းလှတဲ့ ရောဂါအတွက်
အချိန်ရှိသ၍ရွေ့ စိတ်နှလုံး ဆင်းရဲနွမ်းရိနေရသတဲ့။ နောက်ဆုံးတော့
ဘုရင်ကြီးဟာ ကျန်းမာရေးနဲ့ ထီးနန်းစည်းစိမ်ကို လဲပစ်ရသည်အထိ ကျန်းမာအောင်
လုပ်မယ်ဆိုပြီး သံန္နိဋ္ဌာန်ချလိုက်သတဲ့။ အဲဒီလို သံန္နိဋ္ဌာန် ချပြီးတဲ့နောက်
“ဘယ်သူမဆို သူ၏ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်လိုရှိရင်
ထီးနန်းစည်းစိမ်နဲ့တကွ သူ့ရဲ့ ရတနာ ရွှေငွေတွေကိုပါ ဆုလာဘ်အဖြစ်နဲ့
ရလိမ့်မယ်” လို့ တိုင်းပြည်အတွင်း ကျေငြာလိုက်သတဲ့။ သူကိုယ်တိုင်ကတော့
ရောဂါဝေဒနာ ကင်းရှင်းသွားပြီး အရင်ကလို ကျန်းမာလာတာနဲ့ တပြိုင်နက်
ထီးန်းကို စွန့်ပြီး ရသေ့အသွင်နဲ့ တောရမှီနေတော့မယ်လို့ စိတ်ကို
ပိုင်းဖြတ်ထားသတဲ့။ ဒီလို ကျေငြာလိုက်တော့ တိုင်းပြည်အတွင်း အလွန်နာမည်
ထင်ရှားကျော်ကြားလှတဲ့ သမားတော်ကြီးတွေဟာ ဘုရင်ကြီးရဲ့ ရောဂါကို
လာရောက်ကုသကြသတဲ့။ ဒါပေမယ့် သမားတော်ကြီးများစွာဟာ ဘုရင်ကြီးရဲ့ ရောဂါကို
ပျောက်ကင်းအောင် မကုသနိုင်ကြရှာဘူးတဲ့။ နောက်ဆုံးသမားတော်ကြီး
တစ်ဆူရောက်လာပြီး ဘုရင်ကြီးရဲ့ရောဂါကို “သုံးလနဲ့ ပျောက်ကင်းအောင်
ကုသနိုင်ပါတယ်။ တကယ်လို့ သုံးလနဲ့ ပျောက်ကင်းရင်
အရှင်မင်းမြတ်ကတိထားတော်မူတဲ့ အတိုင်း ထီးနန်းကိုသာ ပေးပါ။ မပျောက်ကင်းရင်
ကျွန်တော်မျိုးရဲ့ ဦးခေါင်းကို ဖြတ်ပစ်ပါ ဘုရား ” လို့ လျှောက်ထားပြီး
ကုသတဲ့။
ဒီသမားတော်ကြီးဟာ တကယ့်ကို ကျွမ်းကျင်တတ်မြောက်တဲ့
သမားတော်ကြီးဆိုတော့ ပြောတဲ့အတိုင်းပဲ သုံးလလဲကြာရော ဘုရင်ကြီးဟာ
ပကတိအတိုင်း ကျန်းမာသွားသတဲ့။ ရောဂါနဲ့ ပတ်သတ်လို့ ဘာအငုတ်အရင်း မှ
မရှိတော့ဘူးတဲ့။ ဒါနဲ့ ဘုရင်ကြီးက သူ့ကတိအတိုင်း ထီးနန်းနှင့်တကွ ရတနာ ရွှေ
ငွေ တွေကို သမားတော်ကြီး လက်ထဲအပ်ပြီး တောထွက်ကာ ရသေ့ဘ၀နဲ့ သစ်တပင်ရင်း
ဝါးတပင်အောက်မှာ ကျောင်းသင်္ခမ်း ကလေး ဆောက်ပြီး တရားကျင့်နေသတဲ့။
သူ့ရဲ့စိတ်ဓာတ်ဟာလည်း ချမ်းသာသုခနဲ့ အလွန်ပြည့်စုံနေသတဲ့။ ဒီတော့
ဘုရင်ကြီးဟာ ထီနန်းစည်းစိမ်နဲ့တကွ ရတနာ ရွှေ ငွေ တွေထက် ကျန်းမာရေးဟာ
တကယ်ကြတော့ တယ်ပြီးအဖိုးတန်ပါကလားလို့ ကိုယ်တွေ သိမြင်နားလည်လာပြီး “ အော်
လောကတွင် ကျန်းမာခြင်းထက် အဖိုးတန်းတဲ့ ရတနာကား မရှိချေ တကား ” လို့
ဥဒါန်းကျူးလိုက်သတဲ့။
(ထို့နောက် ဆရာတော်က မစ္စတာ လက်ကဒါ ၀ါးလားအား)
ကဲဒကာကြီး
ကျန်းမာခြင်းဆိုတဲ့ တရားဟာ ဒီဘုရင်ကြီး ဥဒါန်းကျူးသလို လူတဦး တယောက်အား
စိတ်ဓာတ်အားဖြင့် ချမ်းသာသုခနဲ့ ပြည့်စုံအောင် ဖန်တီးနိုင်ရဲ့လား။ ဒီတရား
အမှန်ကော ရှိရဲ့လား။
ဝါးလား။ ဒီဘုရင်ကြီးပြောသလို တကယ်ဘဲ
လူတွေရဲ့ စိတ်ဓာတ်ကို ချမ်းသာသုခ ပေးနိုင်တဲ့ အဖိုးဖြတ်လို့ မရကောင်းတဲ့
ကျန်းမာခြင်းဆိုတဲ့ တရားရှိကြောင်းကို ကိုယ်တိုင်အတွေ့အကြုံနဲ့ ၀န်ခံပါတယ်
ဆရာတော်။
ဆရာတော်။ ကဲ ဒါဖြင့် ဒီကျန်းမာခြင်းဆိုတဲ့ တရားဟာ ဘယ်လိုပုံပန်း သဏ္ဌာန်ရှိတယ်ဆိုတာကို ပြောပြနိုင်ပါ့မလား။
ဝါးလား။
ဒီကျန်းမာခြင်းဆိုတဲ့ တရားမှာ အသွင်သဏ္ဌာန် ရုပ်ဒြပ် ရယ်လို့ မျက်စိနဲ့
ကြည့်လို့တော့ မမြင်ရပါဘူး ဘုရား။ ဒါပေမယ့် ဒီတရားရဲ့
အကျိုးကျေးဇူးကိုတော့ ဘယ်သူမျှ မငြင်းပယ်နိုင်ပါဘူး ဘုရား။
ဆရာတော်။
အဲ ဒကာကြီး ပြောတဲ့အတိုင်း ကျန်းမာခြင်းဆိုတဲ့ တရားဟာ တကယ်ရှိပြီး
ဒီတရားရဲ့ အကျိုးကျေးဇူးကို လူသားတွေဟာ ခံစာနေရသော်လဲ ဘယ်သူကမျှ
ကျန်းမာခြင်းဆိုတဲ့ တရားဟာ ဘာနဲ့ တူတယ်၊ ဘယ်လို ကိုင်တွယ်စမ်းသပ်လို့ ရတယ်၊
ဘယ်လို အဖိုးတန်တယ် ဆိုတာကို ကိုင်တွယ် ပြသလို့ မဖြစ်သလိုဘဲ
နိဗ္ဗာန်ဆိုတဲ့ တရားဟာလဲ စကြာဝဠာကြီးအတွင်းမှာ ရှိတဲ့ သတ္တ၀ါ အနန္တတို့
ခံစားနေကြရတဲ့ ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း ဆိုတဲ့
ဆင်းရဲ ဒုက္ခတွေနဲ့ တကွ အခြားဒုက္ခတွေကပါ လွတ်ငြိမ်းအောင် ဖန်တီးနိုင်တာကတော့
မှန်ပါတယ်။ ဒါပေမယ့် ဒီနိဗ္ဗာန်ဆိုတဲ့ တရားဟာ ဖြူတယ်၊ ၀ါတယ်၊ နီတယ်၊
ညိုတယ်လို့လည်း ပြောပြလို့ မဖြစ်နိုင်ဘူး။ လုံးတယ်၊ ပြားတယ်၊ ရှည်တယ်၊
တိုတယ်လို့လည်း ပြောပြလို့ မဖြစ်ဘူး။ ဒီတရားကို ရတဲ့လူမှဘဲ ကိုယ်တိုင်
တွေ့ကြုံခံစားစားပြီး သိအပ်တဲ့ တရားပဲ ဒကာကြီးရဲ့။ ကဲ နိဗ္ဗာန်ဟာ ဘယ်လို
အဆင်းသဏ္ဌာန်နဲ့ ပြည့်စုံသလဲဆိုတဲ့ ဒကာကြီးရဲ့ ပုစ္ဆာနဲ့ ပတ်သတ်ပြီး ဒကာကြီး
ရှင်းသွားပြီလား။
ဝါးလား။ မှန်ပါ့ ဆရာတော်။ ယ္ခု ပြလိုက်တဲ့ ဥပမာနဲ့ဘဲ ရှင်းသွားပါပြီ ဆရာတော်။
၁၉၇၄ ခုနှစ် ပုံနှိပ်ခဲ့သော ဘိက္ခူအရိယဓမ္မ (B.A) ၏ ဗုဒ္ဓ ၀ါဒပြဿနာများ စာအုပ်မှ ကူးယူဖော်ပြပါသည်။