မူရင်းစာရေးဆရာရဲ့ အာဘော်အတိုင်း ရေးဟန်အတိုင်း အားလုံးကူးချပြီးတင်ပေးထားတာပါ... အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်...
ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကယ် ဆိုတဲ့ အပါယ်လေးဘုံကို ဘာကြောင့် ကျရောက်ရသလဲ ဆိုတော့ မကောင်းမှု ဒုစရိုက် အကုသိုလ်တွေကို လုပ်မိလို့ပါပဲ ။ လူ့စိတ်ဟာ အင်မတန်မှ ကြောက်စရာကောင်းပါတယ်။ ကုသိုလ်စိတ်မဖြစ်တဲ့ အချိန်ဟာ အကုသိုလ်စိတ်ဖြစ်တဲ့ အချိန်ပါပဲတဲ့။ ဒါဆို ကျနော်တို့မှာ နေ့စဉ်နဲ့ အမျှ အပါယ်ကို သွားရဖို့ ကံအကြောင်းတရားတွေ တောင်လိုယာလို ပုံနေပြီပေါ့ဗျာ။ ကဲ အပါယ်သွားရတဲ့ အကုသိုလ်ကံတွေကို ကြည့်ရအောင် ....
၁ ။ ပါဏာတိပါတ ၊ သူတစ်ပါး အသက်အား သတ်ဖြတ်ခြင်း ။
၂ ။ အဒိန္နဒါန ၊ သူတစ်ပါး မပေးသော ပစ္စည်းကို မတရားယူခြင်း ။
၃ ။ ကာမေသု မိစ္ဆာစာရ ၊ ကာမဂုဏ်တို့ ၌ မှားယွင်းစွာ ပြုကျင့်ခြင်း ။
ကာယ ဒုစရိုက် သုံးပါး ဖြစ်ပါတယ် ။
၁ ။ မုသာဝါဒ ၊ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်း ။
၂ ။ ပိသုဏ၀ါစာ ၊ ကုန်းတိုက်စကား ပြောဆိုခြင်း ။
၃ ။ ဖရုသ၀ါစာ ၊ ကြမ်းတမ်း ရိုင်းစိုင်းသောစကားကို ပြောဆိုခြင်း ။
၎ ။ သမ္ဖပ္ပလာပ ၊ အကျိုးမရှိ သေးနုပ် သိမ်ဖျင်းသော စကားကို ပြောဆိုခြင်း ။
ဝစီ ဒုစရိုက် ( ၄ ) ပါး ဖြစ်ပါတယ် ။
၁ ။ အဘိဇ္ဈာ ၊ သူတစ်ပါး ပစ္စည်းအား ရလိုမှုနှင့် ကြံစည်သော ဒေါသစိတ် ၊ မနာလို ၀န်တိုစိတ် ။
၂ ။ ဗျာပါဒ ၊ သူတစ်ပါးအား ဖျက်ဆီးလိုသော ဒေါသစိတ် ( ဖျက်ဆီးလိုသော စိတ် )
၃ ။ မိစ္ဆာဒိဌိ ၊ မှန်သည်ကို မှားသည်ထင်၊ မှားသည်ကို မှန်သည်ထင် ၊ အယူလွဲမှား ဖောက်ပြားခြင်း ။
မနော ဒုစရိုက် ( ၃ ) ပါး ဖြစ်ပါတယ် ။ အားလုံးပေါင်း ဒုစရိုက် ( ၁၀ ) ပါးဖြစ်ပါတယ် ။
မိစ္ဆာဒိဌိဟာ ကြောက်စရာအကောင်းဆုံးပါပဲ ။ အမှန်ကို အမှားထင် အမှားကို အမှန်ထင် အယူလွဲမှားခြင်းကြောင့် ဒုစရိုက် ( ၁၀ ) လုံးကို ကျူးလွန်လိုက်ကြခြင်းပါပဲ ။ ဒါကြောင့် ဘုရားသခင်က ဦးခေါင်းမီးလောင် ရင်ဝ လှံစူးနေရင်တောင် ခဏ ထားပါဦးတဲ့ ၊ မိစ္ဆာဒိဌိကို အရင်ပျောက်အောင် ကျင့်ပါတဲ့ ၊ ဘာလို့လဲ ဆိုတော့ ဦးခေါင်းမီးလောင် ရင်ဝ လှံစူးတာဟာ တစ်ဘ၀ပဲ သေနိုင်ပြီး အယူမှားအမှတ်မှားရင်တော့ တစ်သံသရာလုံး သေလို့ မဆုံးတော့ပါဘူးတဲ့ ။
တစ်ခု ထပ်ပြီး သတိပြုရမှာက လူတွေ တော်တော်များများဟာ သတ်လိုက် ခိုးလိုက် လုလိုက် အဲ့လို လက်တွေ့ ဆိုးသွမ်းနေမှ အကုသိုလ်လုပ်နေတယ်လို့ ထင်ပါတယ် ။ တစ်ကယ်တမ်းတော့ ပါးစပ်က ပွစိပွစိ ဟိုပြော ဒီပြော စိတ်က တောင်တွေး မြောက်တွေးနဲ့ မသိလိုက် မသိဖာသာ နေ့စဉ်နေ့တိုင်း တိုးနေတဲ့ အကုသိုလ်တွေက တောင်လိုယာလို ပုံနေခဲ့ပြီးပါပြီဗျာ ။ ဒုစရိုက် ( ၁၀ ) ပါးထဲက ( ၇ )ပါးဟာ ပွစိ ပွစိ တောင်တွေးမြောက်တွေးကနေ ရလာတဲ့ အကုသိုလ်တွေပါပဲ ။
ရှေးကမ္ဘာတစ်ခုမှာ ဘုရားအလောင်းတော်ဟာ တံငါသည်မျိုးရိုးမှာ လူဖြစ်ပြီး တနေ့ လူတွေ ငါးကြီးတစ်ကောင်ကို ထုနှက်သတ်ဖြတ်နေတာကို ကြည့်ပြီး အားရကျေနပ်စိတ် ဖြစ်မိခဲ့ပါတယ်တဲ့ ။ အဲ့ဒီ အကုသိုလ်ကံ အကျိုးပေးကြောင့် ဘုရားအလောင်းတော်ဟာ အပါယ်ငရဲမှာ ကျခံခဲ့ရပြီး ဘ၀ဆက်တိုင်း ခေါင်းကိုက်ဝေဒနာစွဲကပ်ကာ နောက်ဆုံး ဘုရားဖြစ်တာတောင်မှ ရံဖန်ရံခါ ခေါင်းကိုက်ဝေဒနာကို ခံစားတော်မူရပါတယ် ။ အတွေးလေး တစ်ချက်ကြောင့် ခံလိုက်ရတာက မသက်သာလှပါဘူးဗျာ ။ ကြောက်စရာ ကောင်းလွန်းလှပါတယ် ။
အပါယ်သွားမယ့် အကုသိုလ်ကံ ဒါတင်ပဲလား ဆိုတော့ မပြီးသေးပါဘူးဗျာ ။
အထက်က ဒုစရိုက် ( ၁၀ ) ပါးကို
၁ ။ ကိုယ်တိုင်ပြုလုပ် ပြောဆို ကြံစည်ရင် အကုသိုလ်ကံ ဆယ်ပါး ။
၂ ။ သူတစ်ပါးကို ပြုလုပ် ကြံစည် ပြောဆိုအောင် တိုက်တွန်းရင် အကုသိုလ်ကံ ဆယ်ပါး ။
၃ ။ သူတစ်ပါး ပြုလုပ်နေတာကို ချီးမွန်းရင် အကုသိုလ်ကံ ဆယ်ပါး ။
၎ ။ သူတစ်ပါး ပြုလုပ်နေတာကို သဘောတူ သဘောကျနေရင် အကုသိုလ်ကံ ဆယ်ပါး ။
အားလုံးပေါင်း ဒုစရိုက် အပါး ( ၄၀ ) ရပါတယ် ။
ဆင်းရဲသားပဲ ဖြစ်ဖြစ် သူဌေးပဲဖြစ်ဖြစ် ဘုရင်ပဲဖြစ်ဖြစ် နတ် ဗြဟ္မာပဲ ဖြစ်ဖြစ် တိရစ္ဆာန်ပဲ ဖြစ်ဖြစ် မည်သည့် ပုဂ္ဂိုလ် သတ္တ၀ါ မဆို ဒုစရိုက် လေးဆယ်ကို ကျူးလွန်ရင်တော့ အပါယ်သို့ ကျမှာ ဖြစ်ပါတယ် ။
ဒီ ဒုစရိုက် အပါးလေးဆယ်လုံးဟာ ပြန်ချုပ်လိုက်ရင်တော့ ဒေါသ လောဘ မောဟ မာန်မာနကိုပဲ ခြေခံတာပါ ။
ဒါကြောင့် ဒေါသနဲ့ သေ ငရဲပြည် ၊
လောဘနဲ့ သေ ပြိတ္တာ ၊
မောဟနဲ့သေ တိရစ္ဆာန် ၊
မာန်မာနနဲ့ သေ အသူရကယ် လို့ ဟောခဲ့တာပါ ။ဒါကြောင့် ဒီလောဘ ဒေါသ မောဟ မာန်မာနတွေ ရှိနေသမျှ ကာလပတ်လုံး အပါယ်လေးပါးကို မလွဲမသေ ကျရောက်ရဦးမှာပါပဲ ။
ကဲ ကျနော်တို့မှာ အပါယ်သွားရမယ့် ကံတွေတော့ တောင်လိုယာလို ပုံနေပြီ ဒါတွေကို ဘယ်လို ချေဖျက်မတုန်းဆိုတော့ ဒါန သီလ သမထဘာဝနာလောက်နဲ့တော့ ဒီကံတွေကို ချေဖျက်လို့ မရပါဘူးတဲ့ဗျာ ။
ဒါန သီလ သမထဘာဝနာ ကို လုပ်နေသမျှသည် ကံအကျိုးပေးကိုသာ ရပြီး ကံလမ်းသာလျှင် ဖြစ်ပါတယ် ။
ဝိပဿနာဘာဝနာ သာလျှင် ဥာဏ်အကျိုးပေးဖြစ်ပြီး ဥာဏ်လမ်းဖြစ်ပါတယ် ။ ယနေ့ ဗုဒ္ဓဘာသာ အများစုဟာ ဒါနလည်း ပြုကြတယ် သီလလည်း စောင့်ကြတယ် သမထကိုလည်း တော်တော်ထိုင်ကြတယ် ။ ဒါပေမယ့် ၀ိပဿနာဘာဝနာကိုတော့ တော်တော်များများ အလှမ်းဝေးနေတာကို တွေ့ရပါတယ် ။
မိတ်ဆွေတို့ရေ ဒါန သီလ သမထ ကို ကြိုက်သလောက်လုပ် ၊ ဟောဒီမြေကြီးကနေ တာဝတိံသာထိ ရောက်အောင် ပစ္စည်းတွေပုံပြီး လှူ ၊ သီလ ကို ကြိုက်သလောက်စောင့် ၊ သမထကိုလည်း ကြိုက်သလောက်ကျင့် ၊ မြေလျိုးမိုးပျံ ကြိုက်တာ ဖြစ်မယ် ။ ဒါပေမယ့် အပါယ်က လွတ်ပါတယ်လို့ ပြောရင် မှားတယ်တဲ့ဗျာ ။ လွတ်ပါတယ်လို့ ဘယ်သူမှ အာမမခံနိုင်ပါဘူးတဲ့ဗျာ ။
သူ့အကျိုးပေးဟာ အပါယ်လွတ်ကြောင်းတော့ မဟုတ်ပါဘူးတဲ့ ။
ဒါန သီလ သမထ သုံးမျိုးတို့ဟာ ဘုရားမပွင့်ခင်တုန်းကလည်း ရှိပါတယ်။ ဘုရားမပွင့်တဲ့ သာသနာပမှာလည်း ရှိသလိုပဲ ဘာသာခြားများ အားလုံးတို့သည်လည်း ဒါန သီလ သမထဘာဝနာ ကို လုပ်နိုင်ပါတယ် ။ မလုပ်နိုင်တာကတော့ ၀ိပဿနာ ဘာဝနာ တစ်ခုပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ၀ိပဿနာ ကျင့်သူသာလျှင် ဘုရားသာသနာ နဲ့ မှီပါတယ်လို့ ပြောပါရစေဗျာ ။ ဒါန သီလ သမထ ကို မလုပ်ဖို့ ပြောခြင်း မဟုတ်ပါ ။
ဒီသုံးမျိုးကို အခြေခံပြီး ၀ိပဿနာဘာဝနာ ကို ကျင့်ကြံနိုင်မှသာ အပါယ်ကနေ လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ် ။
ကံအကျိုးဟာ အကျိုးပေးရှိသလောက် လူနတ်ချမ်းသာကိုရရှိပြီး အကျိုးပေးကုန်တာနဲ့ အပါယ်ကို ပြန်ဆင်းမှာ ဖြစ်ပါတယ် ။
ပြောရရင် ဒါန သီလ သမထဟာ ပိုက်ဆံတစ်ရွက်နဲ့ တူပါတယ် ။
အဲ့ ပိုက်ဆံကို ရအောင် ရှာနိုင်သလို သုံးလိုက်ရင်လည်း ပြန်ကုန်သွားပါတယ် ။
ဝိပဿနာကတော့ ဥာဏ်လမ်းကြောင်း ဖြစ်တဲ့ အတွက် ပညာနဲ့ တူပါတယ် ။
အဲ့ ပညာကို သုံးစွဲလေလေ ပိုပြီး ထက်မြက် တန်ဖိုးရှိလေလေပါပဲ ။
တစ်ဘ၀သာမက သံသရာတစ်လျှောက်လုံးပါ သုံးလို့ မကုန်အောင် အကျိုးပေးလှပြီး နောက်ဆုံးမှာ နိဗ္ဗာန်သို့တိုင် ပို့ဆောင်ပေးနိုင်ပါတယ် ။ ဒါကြောင့် ၀ိပဿနာ လုပ်မှသာလျှင် အပါယ်ဘေးမှ စိတ်ချရမယ် လို့ မြတ်စွာဘုရားဟောကြားတော်မူခဲ့ပါတယ် ။
ကဲ မိတ်ဆွေတို့ရေ မေ့လျော့မနေပါနဲ့တော့ဗျာ ။ ခင်ဗျားတို့ ကျနော်တို့မှာ အပါယ်သွားမယ့် ကံတွေ ပုံနေပြီဆိုတာ သတိကပ်လိုက်စမ်းပါ ။ အပါယ်မှ လွတ်မြောက်ရာလမ်းကလည်း ၀ိပဿနာ တစ်ခုပဲ ရှိတယ်ဆိုတာ သိလိုက်ပါတော့ဗျာ ။
မှတ်ချက် ။ ။ သန့် တည် ပွား ဆရာ ဦးမြင့်လွင်၏ အပါယ်ပိတ်တရားမှ ကောက်နုတ်ချက် ဖြစ်ပါတယ် ။
Categories:
ဘာသာရေး