Wednesday, April 02, 2025

HAZY LIFE


အရှင်ဘုရား မိမိထက် အသက်ကြီးသူများကို ဘာ့ကြောင့်ရှိခိုး ဦးချရိုသေရသလဲဆိုတာကို သိချင်ပါတယ်ဘုရား။ အရှင်ဘုရား အချိန်ရရင် ဖြေပေးစေချင်ပါတယ်ဘုရား။ တပည့်တော်တို့ နိုင်ငံခြားမှာ တစ်ခြား ဘာသာဝင်များမေးတော့ မဖြေနိုင်ဘူးဖြစ်နေတယ်ဘုရား။ အဲဒါလေးကို တပည့်တော်တို့အား သနားသောအားဖြင့်လည်းကောင်း၊ မိမိတို့ ဘာသာဝင်များ တက်သိနားလည်အောင်လည်းကောင်း ဖြေကြားပေးစေချင်ပါတယ်ဘုရား။

အင်း။ တကယ်တော့ စဉ်းစားကြည့်မယ်ဆိုရင် ဒါတွေဟာ သိနိုင်ပါတယ်။ ဦးဇင်း စဉ်းစားမိသလောက် စာပေမှတ်သားမိသလောက် ပြောပြရေးပြရမယ်ဆိုရင် မိမိတို့ထက် အသက်ကြီးသူများသည် မိမိတို့ထက် ကုသိုလ်ကံကောင်းလို့ သူတို့ကအရင် လူ့လောကကို ရောက်လာကြတာပါ။

နောက်ပြီး သူတို့ဟာ လူ့လောကကို မိမိထက်အရင် ရောက်လာကြတဲ့အတွက် မိမိတို့ထက် ဗဟုသုတကြွယ်ဝမှုလည်းရှိကြပါတယ်။ မိမိတို့ကိုလည်း ထိုက်သည်အားလျော်စွာ ပြောဆိုဆုံးမသွန်သင် လမ်းညွှန်ပေးကြပါတယ်။ အဲဒီလို ဂုဏ်ကျေးဇူးတွေနဲ့ ပြည့်စုံနေတဲ့အပြင် မိမိတို့ထက်လည်း သီလစောင့်ထိန်းတဲ့ပုဂ္ဂိုလ်ဆိုရင် မိမိတို့ထက် သီလပိုများပါတယ်။ ဒါနလုပ်တဲ့လူဆိုရင်လည်း ဒါနကုသိုလ်ပိုများပါတယ်။ တရားအားထုတ်တဲ့လူဆိုရင်လည်း မိမိတို့ထက် တရားသိတာ ပိုများပါတယ်။

အဲဒါကြောင့်လည်း လူ့လောကမှာသာ မဟုတ်ဘဲ ရဟန်းသံဃာလောကမှာပါ မြတ်စွာဘုရားရှင်က မိမိတို့ထက် သိက္ခာကြီးသူများကို ရိုသေလေးစား ရှိခိုးကြဖို့ မိန့်တော်မူခဲ့တာပါ။ ဒါ့ကြောင့် မိမိတို့က ကိုယ့်ထက်ကြီးသူများကို ရိုသေလေးစားရပါမယ်။ ထိုသို့ ရိုသေလေးစား ရှိခိုးတဲ့အခါမှာလည်း ထိုကျေးဇူးဂုဏ်များကို အာရုံပြုပေးမယ်ဆိုလျှင် မိမိမှာ တန်ဖိုးမဖြတ်နိုင်သော အကျိုးတရားများ ရရှိမည့်အပြင် လူကောင်းတစ်ယောက်လို့လည်း ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ခြင်းကို ခံရပါလိမ့်မယ်။

ဒီလောက်ဆို ရှင်းမယ်ထင်ပါတယ်နော်။ အားလုံး ဗဟုသုတအသိဉာဏ်များ တိုးပွား၍ လိုက်နာကျင့်သုံးပြုမှုနိုင်ကြပါစေလို့ ဆန္ဒပြုလျက်………………….။

အရှင်ကောမလ (ခ) ဆန်နီနေမင်း
သာသနတက္ကသီလဓမ္မာစရိယ
B.A (Buddhism)
M.A (Sri lanka)

Leave a Reply