HAZY LIFE



နီပေါနိုင်ငံသည် အိန္ဒိယပြည်၏ မြောက်ဘက်၌ နယ်နမိတ်ချင်း ဆက်စပ် တည်ရှိနေသော နိုင်ငံဖြစ်၏၊ ဗုဒ္ဓရှင်တော်မြတ်၏ ခမည်းတော် မယ်တော်တို့ တည်ရှိနေသော နိုင်ငံဖြစ်၏။ ဗုဒ္ဓရှင်တော်မြတ်၏ ခမည်းတော် မယ်တော်တို့ နေထိုင်ရာ ကပိလ၀တ်ပြည်နှင့် ဘုရားလောင်းဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်တို့သည် နီပေါနိုင်ငံအတွင်း၌ တည်ရှိကြ၏။ ဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်ရှိပြီးနောက် တစ်နှစ်မြောက်အချိန်တွင် ကပိလ၀တ်ပြည်သို့ကြွ၍ ခမည်းတော်ကြီးနှင့်တကွ ဆွေတော်မျိုးတော်တို့အား တရားရေအေး တိုက်ကျွေးတော်မူခဲ့သည်။ ထို့နောက်လည်း ကပိလ၀တ်ပြည် နိဂြောဓာရုံကျောင်းတော်၌ အခါအားလျော်စွာ သီတင်းသုံး နေတော်မူခဲ့လေသည်။

ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူသောအခါ ကပိလ၀တ်ပြည်မှ သာကီဝင်မင်းမျိုးတို့သည် ကုသိနာရုံပြည် မလ္လာမင်းတို့ထံမှ ဘုရားရှင်၏ ဓာတ်တော်ဝေစုကို တောင်းယူ၍ ကပိလ၀တ်ပြည်၌ စေတီတော်တစ်ဆူ တည်ထားကိုးကွယ်ခဲ့ကြသည်ဟု ဆိုသည်။ သို့သော် ကပိလ၀တ်ပြည်၌ ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်းမည်မျှကြာအောင် ဗုဒ္ဒသာသနာတော် စဉ်ဆက်မပြတ် တည်ရှိခဲ့ကြောင်းကိုမူ မသိရချေ။

ခရစ်မပေါ်မီ နှစ်ပေါင်း(၃၀၀)လောက်တွင် ပါဋလိပုတ်ပြည်မှ အသောက မင်းကြီးသည် လုမ္ဗိနီဒေသသို့ ကြွသွားပြီး ဘုရားလောင်းဖွားမြင်ခဲ့သောနေရာ၌ အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူခဲ့ကြောင်း၊ သမီးတော် စာရုမတီကိုလည်း အမတ်ကြီးတစ်ဦးနှင့် ထိမ်းမြားလက်ထပ်ပေးရာ ထိုမင်းသမီးသည် နီပေါနိုင်ငံ၌ ကျောင်းကန်ဘုရားများစွာတို့ကို တည်ဆောက်ခဲ့ကြောင်း သိရှိရပေသည်။

နီပေါနိုင်ငံသည် ဟိမ၀န္တာနှင့် နီး၍ အအေးဓာတ်လွန်ကဲသော ဒေသဖြစ်၏။ ထို့ကြောင့် ခရစ်နှစ် စောစောပိုင်းက ထိုနိုင်ငံ၌ နေထိုင်သော သဗ္ဗတ္ထိဝါဒ ဂိုဏ်းသားရဟန်းများသည် အအေးဒဏ်ကို ကာကွယ်ရန်အတွက် သင်္ကန်းနှင့် ပတ်သက်သော ၀ိနည်းဥပဒေများကို လျော့ပေါ့၍ ကျင့်သုံးခဲ့ရသည်ဟု ဆိုသည်။ ထို့ကြောင့် ထိုအချိန်တွင် နီပေါနိုင်ငံ၌ သဗ္ဗတ္ထိဝါဒသာသနာပြန့်ပွားနေပြီဟု ယူဆရသည်။ အဘိဓမ္မကောသကျမ်းပြု သဗ္ဗတ္ထိဝါဒ ဂိုဏ်းဆရာတစ်ဦးဖြစ်သော ၀သုဗန္ဓုသည်လည်း ၄-ရာစုနှစ်များအတွင်း နီပေါနိုင်ငံသို့ ကြွရောက်ခဲ့ကြောင်း သိရှိရပေသည်။

ခရစ်နှစ် ၇-ရာစုအတွင်းက နီပေါ၌ နန်းတက်သော အသုဝါမန်ဘုရင်သည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ခဲ့သည်။ ထိုဘုရင်သည် တိဘက်ဘုရင် စုန်စင်ဂမ်ပိုထံ သမီးတော်ကို ဆက်သ၍ နှစ်နိုင်ငံ ရွှေလမ်း ငွေလမ်း ဖောက်ခဲ့သည်။ ထိုအချိန်မှစ၍ နီပေါ၌
ဗုဒ္ဓသာသနာ နောက်တကြိမ် ပြန့်ပွားခဲ့ခြင်း ဖြစ်၏။

ခရစ်နှစ် ၁၁၉၈-ခုတွင် တူရကီနိုင်ငံမှ မူဆလင်တို့သည် အိန္ဒိယပြည် ဗီဟာနယ်နှင့် ဘင်္ဂေါနယ်များသို့ ၀င်ရောက်လာကြပြီး ဗုဒ္ဓဘာသာ အဆောက်အဦးများကို ဖျက်ဆီးခြင်း၊ ရဟန်းတော်များနှင့် ဗုဒ္ဓဘာသာဝင်များအား အစုလိုက် အပြုံလိုက် နှိပ်စက်သတ်ဖြတ်ခြင်း ပြုကြသည်။ ထိုအခါ အချို့သော ဗုဒ္ဓဘာသာဘုန်းကြီးများသည် တန္တရဗုဒ္ဓဘာသာကျမ်းစာများကို နိုင်သမျှသယ်ယူ၍ နီပေါနိုင်ငံသို့ ထွက်ပြေးကြသည်။ ထိုအချိန်မှစ၍ နီပေါနိုင်ငံ၌ တန္တရ ဗုဒ္ဓဘာသာ ထွန်းကားခဲ့လေသည်။

ဆီကင်နိုင်ငံ၊ ဘူတန်နိုင်ငံတို့၌လည်း၊ တိဘက်နိုင်ငံ၏ မဟာယာန ဗုဒ္ဓဘာသာ အရှိန်အ၀ါ လွှမ်းမိုးပြီး တန္တရဗုဒ္ဓဘာသာ ပြန့်ပွားခဲ့လေသည်။

ယခုခေတ်တွင်မူ နီပေါ၌ ဟိန္ဒူဘာသာဝင်တို့က ပိုမိုအားကောင်းလျက်ရှိ၏။ သို့သော် ၁၉၂၀-ပြည့်လွန်နှစ်များမှစ၍ ကုသိနာရုံဆရာတော်ကြီး ဦးစန္ဒြမုဏိစသော မြန်မာပြည်မှ ဆရာတော်များ၊ နောက်ပိုင်းတွင် သီဟိုဠ်နှင့် ထိုင်းမှ ပံ့ပိုးမူများနှင့် မဟာပရာဂယ(အရှင်မဟာပညာ)နှင့် ကုန်သည်ကြီး ဒသရထ(အရှင်ဓမ္မာလောက) စသော ဒေသခံ နီပေါအမျိုးသား၊ အမျိုးသမီးများ၏ သက်စွန့် ဆံဖျား ကြိုးစားမူကြောင့် ယခုအခါ ထေရ၀ါဒဗုဒ္ဓဘာသာလည်း အရှိန်အဟုန်နှင့် ပြန့်ပွားနေပေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Leave a Reply