HAZY LIFE



ဗုဒ္ဓဘာသာဝင်များ နေ့စဉ် ခါးဝတ်ပုဆိုးလို မြဲမြံ နေရမယ့် ငါးပါးသီလ ထဲမှာ ကာမေသု မိစ္ဆာစာရ သိက္ခာပုဒ်လည်း တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ ကာမဂုဏ် များမှာ ဖော်လွဲ ဖောက်ပြန် ပြုကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ ဒီသိက္ခာပုဒ်ဟာ တစ်လင် တစ်မယား စနစ်ကို အကောင်အထည် ဖော်ပေးထားတာ ဖြစ်ပါတယ်။ ကာမဂုဏ် မှီဝဲတာကို ရှောင်နိုင်ရင် ကောင်းပေမယ့် မရှောင် နိုင်ရင်တော့ ကိုယ့်အိမ်သူ သက်ထား၊ ကိုယ့်လင်ယောက်ျား နဲ့ပဲ မှီဝဲ နေထိုင် နိုင်ကြောင်း ခွင့်ပြု ထားခြင်း ဖြစ်ပါတယ်။ အိမ်ထောင်သည် မှန်သမျှ ကာမဂုဏ် ကိစ္စမှာ ကိုယ့်လင်ယောကျာ်း၊ ကိုယ့်ဇနီးမယားက လွဲပြီး ကျန်တဲ့ ဘယ်သူ့ အပေါ်မှာကိုမှ ဘယ်လို အကြောင်း ပြချက်နဲ့ပဲ ဖြစ်ဖြစ် မဖောက်ပြန် ရဘူးလို့ တားမြစ်ထားခြင်း ဖြစ်ပါတယ်။

ဒီကာမေသု မိစ္ဆာစာရ သိက္ခာပုဒ်ဟာ အိမ်ထောင်သည် များကို ရည်ညွန်းပါတယ်။ အထူးသဖြင့် အိမ်ထောင်သည် အမျိုးသား/ ယောက်ျားများ အတွက် ပိုပြီး တားမြစ် ခြင်း ဖြစ်ပါတယ်။ အမျိုးသား/ ယောက်ျားများ အတွက် ကာမေသုနဲ့ ပတ်သက်ပြီး မသွားလာအပ်တဲ့ မိန်းမ (၂၀)ရှိကြောင်း ပါရာဇိကဏ် အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်။ အဲဒီ ၂၀က



(၁) အမိ စောင့်ရှောက်တဲ့ မိန်းမ၊
(၂) အဘ စောင့်ရှောက်တဲ့ မိန်းမ၊
(၃) အမိ အဘ စောင့်ရှောက်တဲ့ မိန်းမ၊
(၄) မောင်ကြီး မောင်ငယ် စောင့်ရှောက်တဲ့ မိန်းမ၊
(၅) အစ်မ ညီမ စောင့်ရှောက်တဲ့ မိန်းမ၊
(၆) ဆွေမျိုး စောင့်ရှောက်တဲ့ မိန်းမ၊
(၇) အနွယ်တူ စောင့် ရှောက်တဲ့ မိန်းမ၊
(၈) တရား ကျင့်သုံးဖက် စောင့်ရှောက်တဲ့ မိန်းမ။

ဒီ မိန်းမ ရှစ်မျိုးက ကာမပိုင်မရှိတဲ့ အပျိုစင် မိန်းမများ ဖြစ်ကြပြီး

(၉) စေ့စပ် ကြောင်းလမ်းပြီး မိန်းမ၊
(၁၀) လက်မထပ်ရန် မင်းအမိန့်အာဏာဖြင့် တားမြစ်ထားတဲ့ မိန်းမ၊
(၁၁) ဥစ္စာဖြင့် ၀ယ်ထားတဲ့ မိန်းမ၊
(၁၂) ယောင်္ကျား တစ်ဦးဦးနဲ့ အလိုတူ၍ အတူနေတဲ့ မိန်းမ၊
(၁၃) စည်းစိမ် ပေးပြီး မယား ပြုလုပ်ထားတဲ့ မိန်းမ၊
(၁၄) အ၀တ် ပုဆိုးပေးပြီး မယားပြု ထားတဲ့ မိန်းမ၊
(၁၅) ရွှေခွက်မှာ လက်စုံချပြီး ယောင်္ကျားနဲ့ ထိမ်းမြား လက်ထပ်ထားတဲ့ မိန်းမ၊
(၁၆) ခေါင်းရွက် လုပ်ကိုင် စားသောက်ရတဲ့ မိန်းမကို ခေါင်းမရွက်စေဘဲ သိမ်းယူထားတဲ့ မိန်းမ၊
(၁၇) ကျွန်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊
(၁၈) အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊
(၁၉) စစ်မြေမှ ဆောင်ခဲ့တဲ့ သုံ့ပန်းမိန်းမ၊
(၂၀) တစ်ဦးဦးရဲ့ ခေတ္တမယား ဖြစ်နေတဲ့ မိန်းမ

ဒီမိန်းမ(၁၂)ဦးကတော့ ကာမပိုင် ယောင်္ကျားရှိတဲ့ မိန်းမ များဖြစ်ပါတယ်။

ကာမပိုင် မရှိတဲ့ ပထမ မိန်းမ ရှစ်ယောက် ကတော့ တစ်ခြား ယောင်္ကျားနဲ့ ဆက်ဆံမှု ပြုပေမယ့် သူ့ကာမကို သူသာ ပိုင်တဲ့အတွက် ကာမေသု မိစ္ဆာ မထိုက်ပါဘူး။
ဒါပေမဲ့ ယောင်္ကျားမှာတော့ ( မသွားလာ ထိုက်သော မိန်းမ) အဂမနီယ ဖြစ်တဲ့ မိန်းမကို ကျူးလွန်တဲ့ အတွက် ကာမေသု မိစ္ဆာရ ထိုက်ပါတယ်။

ကာမပိုင်ရှိတဲ့ မိန်းမ(၁၂)ယောက်က ကာမပိုင်မှ တစ်ပါး တစ်ခြား ယောင်္ကျားနဲ့ ကျူးလွန်မိရင် ကာမေသု ထိုက်သလို ကျူးလွန်တဲ့ ယောင်္ကျားမှာလည်း ထိုက်ပါတယ်။ ဒါပေမယ့် ဒီလို သွားလာရာမှာ ကာမေသု မိစ္ဆာစာရ ထိုက်တဲ့အင်္ဂါရပ် တွေနဲ့ပြည့်စုံမှ ထိုက်တယ် ဆိုတာကိုတော့ သတိပြုနိုင်ပါတယ်။

အဲဒီအင်္ဂါရပ်တွေက

(၁) မသွားလာ ထိုက်သော မိန်းမ ( အဂမနီယ) မိန်းမဖြစ်ခြင်း။
(၂) မှီဝဲ ပေါင်းသင်း ဆက်ဆံ လိုသည့် စိတ်ရှိခြင်း။
(၃) မှီဝဲမူ. ကို လုံလ ပြုခြင်း။
(၄) မဂ်အချင်းချင်း ထည့်သွင်းးတာကို သာယာခြင်း (မှီဝဲ ပေါင်းသင်း ဆက်ဆံရာ၌ သာယာခြင်း) တို့ပဲ ဖြစ်ပါတယ်။
ဒီအင်္ဂါလေးချက်နဲ့ ညီရင် ကာမေသု မိစ္ဆာစာရ ထိုက်ပြီး၊ လေးပါး အနက်က တစ်ပါးပါး ချွတ်ယွင်းနေတယ် ဆိုရင်တော့ မထိုက်ပါဘူး။ ဒါက စာပေမှာ လာတဲ့ ကာမေသု မိစ္ဆာစာရနဲ့ ပတ်သက်တဲ့ ဖွင့်ဆိုချက်တွေပဲ ဖြစ်ပါတယ်။

ကူးယူဖော်ပြပါသည်...။

2 Responses so far.

  1. mstint says:

    ကာမေသု မိစ္ဆာစာရနဲ့ ပတ်သက်တဲ့ ဖွင့်ဆိုချက်အသေးစိတ်လေးတွေ
    ဖတ်သွားတယ် မောင်ဇင်မျိုးရေ။ ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံစွာ
    စည်းနှောင်ထားခြင်းဖြင့် လူသားအားလုံး
    အကြောင်းကြောင့်အကျိုးဖြစ်ရခြင်းကို ကျင့်ကြံပွားများအားထုတ်နိုင်ကြပါစေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  2. Anonymous says:

    ကောင်းတယ်

Leave a Reply