HAZY LIFE

အမေး။ ။ ဘုရားသွားတဲ့အခါ ဘောင်းဘီစကပ်တွေဝတ်ပြီး သွားကြပါတယ်။ အ၀တ်အစားဟာ အဓိကမဟုတ်ဘူး စိတ်ပဲအရေးကြီးတယ်လို့ သူငယ်ချင်းများက ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး ခေတ်လူငယ်များအတွက် အမြင်ရှင်းအောင် ဖြေကြားပေးစေလိုပါတယ်ဘုရား။

ခင်ဖုန်းမြင့်
ကွန်ပျူတာတက္ကသိုလ်



အဖြေ။ ။ ကာလံဒေသံဆိုတာ ရှိတယ်။ မြန်မာပြည်မှာနေရင် မြန်မာပြည်ဓလေ့နဲ့အညီ နေထိုင်နိုင်ရင်တော့ အကောင်းဆုံးပေါ့၊ သို့သော်လည်း ခေတ်ရေစီးကြောင်း ပြောင်းလဲလာတဲ့အတွက် ၀တ်စားဆင်ရင်မှု ပြောင်းလဲလာတာကိုတော့ လက်ခံရမှာပေါ့။ ဘုရားရင်ပြင်တော်ပေါ်မှာ ခေတ်ဆန်တဲ့ အ၀တ်အစားများကို ၀တ်သွားတဲ့အခါ လုံခြုံနေရင်တော့ အပြစ်မရှိပါဘူး။ ဒါပေမဲ့ ဘုရားရှင်အား အဂါရ၀–မရိုသေရာ ရောက်နေပါတယ်။

စကပ်ဆိုတာမျိုးဟာ ခါးကုန်းလိုက်တာနဲ့ အဆင်မပြေတော့ဘူး။ ဒီလို အရှက်မလုံတဲ့ အ၀တ်အစားမျိုး ဘုရားအရှေ့ကိုသွားရင် ဘယ်လိုသင့်တော်ပါ့မလဲ။ တစ်ချို့ကတော့ ခေတ်နဲ့အညီ ၀တ်စားဆင်ယင်ကြတာကို ပိုမိုနှစ်သက်ကြတယ်။ ဘုရားပေါ်ကို ဒီလိုအ၀တ်အစားတွေနဲ့ သွားလာချင်ကြတယ်။ ပိတ်ပင်တာကို မကြိုက်ကြဘူး။ ဒါဟာ လူငယ်သဘာဝပါ။ ကိုယ်ကြိုက်တာထက် အများလက်ခံနိုင်ဖို့ လိုတယ်ဆိုတာ သိစေချင်ပါတယ်။

ဒါကြောင့် မြန်မာပြည်မှာမွေးပြီး မြန်မာပြည်သား စစ်စစ်ဖြစ်ကြတဲ့ အနာဂတ်မျိုးဆက်သစ် လူငယ်များအနေနဲ့ မြန်မာပြည်ရဲ့ဓလေဖြစ်တဲ့ ၀တ်စားဆင်မှုကို ထိန်းသိမ်းဖို့ အထူးလိုအပ်ပါတယ်။ နောင်အနာဂတ်မှာ မြန်မာယဉ်ကျေးမှုအမွေအနှစ်ကို မျိုးဆက်သစ်လူငယ်များ မထိန်းသိမ်းရင် ဘယ်သူလာပြီး ထိန်းသိမ်းအုံးမှာလဲ။ ရှင်းရှင်းပြောရရင် ဘုရားပေါ်မှာ မြန်မာ့ယဉ်ကျေးမှုနဲ့အညီ သွားလာနိုင်က ပိုမိုကောင်းမွန်ပါကြောင်း အဖြေပေးလိုက်ရပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com

Leave a Reply