HAZY LIFE

 
၁။ဘုရားအလောင်းတော် ယောင်္ကျားမြတ်ကို ဖွားမြင်သောခဏ၌ လောကဓာတ်တစ်သောင်း တုန်လှုပ်
၏။(ဤလောကဓာတ် စကြာဝဠာတိုက် တစ်သောင်း၌ တုန်လှုပ်ခြင်းသည်ကား အလောင်းတော်
ယောင်္ကျားမြတ်၏ သဗ္ဗညုတဥာဏ်တော်ကို ထိုးထွင်းမြင်သိ ရရှိအံ့သော ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်
ဖြစ်ပေ၏)။

၂။လောကဓာတ် စကြာဝဠာတိုက်တစ်သောင်း၌ နေကြကုန်သော နတ်ဗြဟ္မာတို့သည် ဤစကြဝဠာ
တစ်ခုတည်း၌ ပေါင်းဆုံစည်းဝေးကြကုန်၏။
(ဤလောကဓာတ် စကြဝဠာ တိုက်တစ်သောင်း၌ နေကြကုန်သော နတ်ဗြဟ္မာတို့ ဤစကြဝဠာ တစ်ခု
တည်း၌ ပေါင်းဆုံစည်းဝေးခြင်းသည်ကား ဓမ္မစကြာတရားတော်ကို ဟောတော်မူသောအခါ၌ ထိုနတ်
ဗြဟ္မာအပေါင်းတို့ တစ်ပြိုင်နက်စုဝေး၍ တရားတော်ကို နာယူရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၃။ဖွားမြင်လာသော အလောင်းတော်ယောင်္ကျားမြတ်ကို ရှေ့ဦးစွာ နတ်ဗြဟ္မာတို့က ခံယူကြကုန်၏။
(ထိုသို့ ရှေ့ဦးစွာ ဗြဟ္မာနတ်တို့ ခံယူကြခြင်းသည် ရူပါဝစရဈာန်တရား လေးပါးတို့ကို ရဖို့ရန် ရှေ့ပြေး
အကြောင်း ပုဗ္ဗနိမိတ်ကြီးဖြစ်ပေ၏။)
၎။ဖွားမြင်လာသော အလောင်းတော်ယောင်္ကျားမြတ်ကို ဗြဟ္မာနတ်တို့ခံယူပြီးနောက် လူတို့ခံယူကြကုန်
၏။(ထိုသို့ဗြဟ္မာနတ်တို့ ခံယူကြပြီးနောက် လူတို့ခံယူခြင်းသည် အရူပါဝစရဈာန်လေးပါးကို ရရှိဖို့ရန်
ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၅။ညှို့ကြိုးဖြင့်ဖွဲ့ယှက် စီရင်အပ်သော စောင်းညှင်းတို့သည် မတီးခတ်ရဘဲ အလိုအလျောက်မြည်ကုန်၏
(ထိုသို့ စောင်းညှင်းများ မတီးခတ်ရဘဲ အလိုအလျှောက် မြည်ကြခြင်းသည် အစဉ်အတိုင်း ဝင်စားအပ်
သည့် ရူပါဝစရသမာပါတ်(၄)ပါး၊အရူပါဝစရသမာပါတ်(၄)ပါး၊နိရောဓသမာပတ်အားဖြင့် ဤကိုးပါး
သော အနုပုဗ္ဗဝိဟာရ သမာပတ်တို့ကို ရရှိဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၆။သားရေဖြင့် ဖွဲ့ယှက်ကျက်အပ်သော စည်ကြီးစည်ငယ်(ဗုံကြီး ဗုံငယ်)တို့သည် မတီးမခတ်ရဘဲ အလို
အလျှောက် မြည်ကြကုန်၏။
(ထိုစည်ကြီး စည်ငယ်များ မတီးခတ်ရဘဲ အလိုအလျှောက်မြည်ကြခြင်းသည် အလွန်မြတ်သော တရား
စည်တော်ကြီး ရိုက်တီးယွမ်းဆော် လူနတ်တို့ကို ကြားလှုံ့ဆော်စေတော်မူမည့် ရှေ့ပြေးအကြောင်း
ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

၇။လူတို့အား သွင်းနှောင်တုတ်ချည်အပ်ကုန်သော နှောင်အိမ် နှောင်ကြိုးတို့သည် အပိုင်းပိုင်းပြတ်ကုန်ပါတယ်။
(ထိုသို့ပြတ်ခြင်းသည် ငါတည်းဟူသော မာန်မာနကို အကြွင်းမဲ့အမြစ်ပြတ် ပယ်သတ်နိုင်ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၈။ကြေးနီ၌ ငြိတွယ်တင်ကပ်သော အညစ်အကြေးကို အချဉ်ရေဖြင့် ဆေးကြောလိုက်သကဲ့သို့ ရောဂါ
ရှိနေသော ရောဂါသည်တို့၌ စွဲကပ်လျက်ရှိသော ရောဂါခပ်သိမ်းတို့ ပျောက်ငြိမ်းကြကုန်၏။
(ထိုသို့ ရောဂါခပ်သိမ်း ပျောက်ငြိမ်းကြခြင်းသည် လူများအပေါင်း၏ အလုံးစုံသော ဝဋ်ဒုက္ခ ရောဂါ၏
ကင်းငြိမ်းမှုဖြစ်သော သစ္စာလေးပါးတရားကို သိမြင်ဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၉။အမိဝမ်းတွင်းမှပင် မျက်စိကွယ်ခဲ့ကြသော သူတို့သည် အဆင်းရူပါရုံကို ပကတိလူကဲ့သို့ပင်မြင်ကြကုန်၏။
(ထိုသို့ မြင်ကြခြင်းသည် လူအများအပေါင်းတို့ ဒိဗ္ဗစက္ခုဥာဏ်ကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၀။အမိဝမ်းတွင်းမှပင် နားပင်းခဲ့ကြသော သူတို့သည် အသံ သဒ္ဒါရုံ ပကတိလူတို့ကဲ့သို့ပင် ကြားကြကုန်၏။
(ထိုသို့ ကြားခြင်းသည် လူများအပေါင်းတို့ ဒိဗ္ဗသောတဥာဏ်ကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၁။ခြေဆွံ့သဖြင့် မသွားနိုင်ကုန်သော သူတို့သည် ခြေကောင်းသန်စွမ်းလာကာ သွားနိုင်ကြကုန်၏။
(ထိုသို့သွားနိုင်ကြခြင်းသည် ဣဒ္ဓိပါဒ်လေးပါးကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၂။အမိဝမ်းတွင်းမှာပင် ဆွံ့အသဖြင့် စကားမပြောနိုင်သောသူတို့သည် သတိတရားဖြစ်ပွားလာကာ စကားပြောဆိုတတ်ကုန်၏။
(ထိုသို့ လူအများ စကားပြောတတ်လာခြင်းသည် သတိပဋ္ဌာန်လေးပါးတရားကို ရရှိဖို့ရန်၊ရှေ့ပြေး အကြောင်းပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၃။ကြောက်မက်ဖွယ်ရာ ဘေးကြမ်းထူပြောသော အရပ်တစ်ပါးသို့ ရောက်ရှိနေကြသော လှေ၊သဘောင်္
တို့သည် ဘေးရန်ကင်းကွာ မိမိတို့ဆိပ်ကမ်းသို့ ချမ်းသာစွာ ရောက်ကုန်၏။
(ထိုသို့ ရောက်ကြခြင်းမှာ ပဋိသမ္ဘိဒါဥာဏ်လေးပါးကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၄။ကောင်းကင်၌တည်သော ရတနာအမျိုးမျိုး၊မြေ၌တည်သော ရတနာအမျိုးမျိုးတို့သည် မိမိတို့၏..
အလွန်ထွန်လင်းသော အရောင်အဝါတို့ဖြင့် တောက်ပကုန်၏။
(ထိုသို့ ရတနာအမျိုးမျိုးတို့ မိမိတို့အရောင်ဖြင့် တောက်ပခြင်းသည် တရားတည်းဟူသော အရောင်..
တရားတည်းဟူသော အလင်းကို ရဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။တရားအလင်းရောင်ကို
ဝေနေယျတို့အား ပေး၍ ကိုယ်တော်မြတ်၏ ဘုန်းတန်ခိုးရောင်ဖြင့် တောက်ပြောင်းခြင်း၏ ရှေ့ပြေး
အကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၅။ရန်သူဖြစ်သော သတ္တဝါတို့ အချင်းချင်း ချစ်ခင်သည့် မေတ္တာစိတ်ကိုရကြကုန်၏။
(ထိုသို့ မေတ္တာစိတ်ကို ရကြခြင်းသည် ဗြဟ္မာ့ဝိဟာရတရားလေးပါး(ဗြဟ္မစိုရ်)တရားလေးပါးကို ရရှိဖို့ရန်
ရှေ့ပြေးအကြောင်း နိမိတ်ဖြစ်ပေ၏)။

၁၆။ငရဲမီး ငြိမ်းအေး၏။
(ထိုသို့ ငရဲမီးငြိမ်းအေးခြင်းသည် လောဘ ၊ ဒေါသ ၊စသော မီး(၁၁)မျိုးတို့ ငြိမ်းအေးဖို့ရန်၊ရှေ့ပြေး
အကြောင်းနိမိတ်ဖြစ်ပေ၏။)

၁၇။မှောင်အတိကျနေသော လောကန္တရက် ငရဲတို့၌ အရောင်အလင်းသည် ထင်လင်းစွာဖြစ်ပေါ်၏။
(ထိုသို့ဖြစ်ပေါ်ခြင်းသည် အဝိဇ္ဇာတည်းဟူသော အမိုက်အမှောင်ကို ပယ်ဖြိုခွင်း၍ အလင်းဥာဏ်ပညာ
ဝိဇ္ဇာကို ပြုနိုင်ပေးနိုင်ရေး၏ ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၈။စီးမြဲသော မြစ်ရေအယဉ်သည် မစီးတော့ဘဲ တန့်ရပ်၏။
(ထိုသို့တန့်ရပ်ခြင်းသည် စတုဝေသာရဇ္ဇဥာဏ်ကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၉။မဟာသမုဒ္ဒရာ၌ ရှိသမျှသောရေသည် ချိုမြိန်ကောင်းမွန်သော အရသာရှိ၏။
(ထိုသို့ မဟာသမုဒ္ဒရာ၌ရှိသမျှသော ရေ ချိုမြိန်ခြင်းသည် ကိလေသာတို့ ငြိမ်းအေးမှုတည်းဟူသော
ချိုမြိန်သော အရသာတစ်ခုတည်းကို ရရှိဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၂၀။ကြမ်းတမ်းသော လေပြင်းများမတိုက်ခတ်ဘဲ၊ဖြည်းညှင်းသာယာ အေးချမ်းစွာသောလေသာလျှင် တိုက်ခတ်၏။
(ထိုသို့ လေပြင်းလေကြမ်းများ မတိုက်ခတ်ခြင်းသည် ခြောက်ဆယ့်နှစ်မျိုးသော မိစ္ဆာဒိဋ္ဌိအယူဝါဒဆိုး
တို့ ပပျောက်ပြိုကွဲဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၂၁။မိုးရပ် ကောင်းကင် သစ်ပင် တောင်ထိပ် စသည်တို့၌ ရောက်ရှိကြကုန်သော ငှက်တို့သည် မြေပြင်သို့သက်ဆင်းကြကုန်၏။
(ထိုသို့သက်ဆင်းကြခြင်းသည် ကိုယ်တော်မြတ်၏ အဆုံးအမသြဝါဒကို နာယူရ၍ လူများအပေါင်းတို့ အသက်ထက်ဆုံး သရဏဂုံခံယူကြရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၂၂။လမင်းသည် ရှေးရှေးအခါများကထက် ထွန်းလင်းသာယာတင့်တယ်၏။
(ထိုသို့တင့်တယ်ခြင်းသည် လူအများအပေါင်းတို့နှင့် နှစ်သက်ခြင်းရှိကြမည့် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၂၃။နေမင်းသည် မပူမအေး၊အညစ်အကြေးကင်းဝေးသန့်ရှင်းသဖြင့် ကောင်းသော ဥတုနှင့် ပြည့်စုံ၏။
(ထိုသို့ပြည့်စုံခြင်းသည် ကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှု ဖြစ်ဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

၂၄။နတ်တို့သည် မိမိ မိမိတို့၏ ဗိမာန်ရှေ့မှောက် တံခါးပေါက်အဝ၌ ရပ်တည်ကြကုန်လျက် လက်ပန်း ပေါက်ဖတ်ခြင်း(လက်ခမောင်း ခတ်ခြင်း)၊လေချွန်ခြင်း၊ပုဆိုးအဝတ်တို့ကို ပစ်မြှောက်ခြင်း စသည်တို့ ဖြင့် ကြီးစွာသော ကစားပျော်မြူးကြခြင်းသည် ဘုရားဖြစ်တော်မူ၍ ဥဒါန်းရင့်ကျူးတော်မူဖို့ရန်၊ရှေ့ပြေး အကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၂၅။လေးကျွန်းအလုံးနှံ့စပ်သော မိုးကြီးသည်းထန်စွာရွာသွန်း၏။
(ထိုသို့ မိုးကြီး သည်းထန်စွာ ရွာသွန်းခြင်းသည် ကြီးမြတ်သော ဥာဏ်တော်အဟုန်ဖြင့် တရားတည်း ဟူသော အမြိုက်မိုးကို ရွာသွန်းဖြိုးချဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၂၆။လူများအပေါင်းတို့ ဆာလောင်ခြင်း ကင်းကြ၏။
(ထိုသို့ဆာလောင်မှုကင်းကြခြင်းသည် ကာယဂတာသတိတည်းဟူသော အမြိုက်တရားကိုရဖို့ရန်၊ တနည်းအားဖြင့် ကာယဂတာသတိတည်းဟူသော အမြိုက်ခဲဖွယ်ကို သုံးဆောင်ရ၍ ကိလေသာ ဆာလောင်ခြင်းကင်းဖို့ရန် ၊ ရှေ့ပြေးအကြောင်း နိမိတ် ဖြစ်ပေ၏။)

၂၇။လူအပေါင်းတို့ ရေငတ်ခြင်းကင်းကြကုန်၏။
(ထိုသို့ ရေသိပ်မှုကင်းကြခြင်းသည် (ရေငတ်ခြင်းကင်းကြခြင်းသည်) လူများအပေါင်းတို့ အရဟတ္တ ဖိုလ်ချမ်းသာဖြင့် ချမ်းသာကြဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၂၈။အပွင့်မျိုးသစ်ပင်၊အသီးမျိုးသစ်ပင်တို့သည် အပွင့်ရော အသီးပါ ပွင့်ကြ၊သီးကြကုန်၏။။
(ထိုသို့ ပွင့်ကြ သီးကြခြင်းသည် ဝိမုတ္တိတရားတည်းဟူသော ပန်းပွင့်တို့ဖြင့် လူအပေါင်းတို့ ပွင့်ကြဖို့ရန် လည်းကောင်း၊အရိယဖိုလ်လေးပါးတည်းဟူသော အသီးတို့ဖြင့် သီးကြဖို့ရန်လည်းကောင်း၊ရှေ့ပြေး အကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၂၉။ပိတ်ကွယ် ဖုံးကာလျက်ရှိသော တံခါးရွတ်တို့သည် အလိုအလျှောက် ပွင့်ကြ လပ်ကြ ကုန်၏။
(ထိုသို့ တံခါးရွတ်တို့ အလိုအလျှောက် ပွင့်လပ်ကြခြင်းသည် မဂ္ဂင် ရှစ်ပါးတည်းဟူသော နိဗ္ဗာန် တံခါးကြီး ပွင့်လပ်ဖို့ရန်၊ပုဗ္ဗနိမိတ်ကြီး ဖြစ်ပေ၏။)

၃၀။လောကဓာတ်၊စကြာဝဠာ တိုက်တစ်သောင်းလုံး၊ တံခွန်တည်းဟူသော တစ်ခုတည်းသော ပန်းဖြင့် ဖုံလျက်ရှိ၏။လောကဓာတ်စကြဝဠာတိုက်တစ်သောင်းလုံး တံခွန် အောင်လံအပြည့်ဖုံးလျက်ရှိ၏။
(ထိုသို့ တံခွန်တည်းဟူသော ပန်းဖြင့် ဖုံးလွှမ်းခြင်းသည် အရိယမဂ်တည်းဟူသော အောင်လံတံခွန်ပန်း အပြည့်ဖုံးလွှမ်းဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

ထိုမှတစ်ပါးလည်းဆန်းကြယ်သော ပန်းမိုး၊ အလွန်ရနံ့ကောင်းသည့် ပန်းမိုးတို့ရွာသွန်းခြင်း၊နေမင်း လင်းလျက်ရှိစဉ်ပင် နက္ခတ်ကြယ်တာရာတို့တောက်ပခြင်း၊မြေအပြင်မှ အလွန်ကြည်လင်သော ရေစိမ့် ၍ထွက်ခြင်း၊တွင်းအောင်းတိရိစ္ဆာန်တို့ မိမိနေရာမှ ထွက်ကြခြင်း၊လောဘ၊မောဟ၊ဒေါသ တို့ မဖြစ်ခြင်း မြေအပြင်၌ မြူမထခြင်း၊မကောင်းသော အနံ့တို့ကင်းခြင်း၊၊နတ်၌ဖြစ်သော နံ့သာနံ့ ကြိုင်လှိုင်ခြင်း၊ ရူပ ဗြဟ္မာတို့ကို လူတို့ပကတိမျက်စိဖြင့် လင်းလင်းထင်ထင်မြင်ရခြင်း၊သတ္တဝါတို့၏ စုတေမှု ပဋိသန္ဓေ တည်နေမှုတို့မရှိခြင်း၊ အစရှိသည့် ပုဗ္ဗနိမိတ်တို့လည်း ထင်ရှားဖြစ်ကုန်၏။
ထိုပုဗ္ဗနိမိတ်တို့ဖြစ်ခြင်းသည် လိုအင်ပြီးသည်မှ ကြွင်းသော မြတ်စွာဘုရား၏ ဂုဏ်တော် ကျေးဇူးတော် တို့ကို ရရှိဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်တို့ဖြစ်ကုန်၏။
 
အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)

One Response so far.

  1. mstint says:

    အံ့သြဖွယ်ရာ ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်တို့ကို ဖတ်ဖူးပေမယ့် နောက်တစ်ခေါက်ထပ်ဖတ်သွားတယ်
    မောင်ဇင်မျိုးရေ။ လောကီလူသားတို့ ကိလေသာပါးစေဘို့ ကြုံခွင့်ရတဲ့
    သာသာနာတော်နှစ်အတွင်းမှာ ကျင့်ကြံပွားများအားထုတ်ကြသင့်တယ်။
    ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

    မေတ္တာဖြင့်
    အန်တီတင့်

Leave a Reply