HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်

Showing posts with label မြတ်စွာဘုရားလုပ်ငန်းစဉ်. Show all posts
Showing posts with label မြတ်စွာဘုရားလုပ်ငန်းစဉ်. Show all posts



အရှင်အာနန္ဒာကား သာသနာ့သမိုင်းတွင် အထူးတလည် မော်ကွန်းတင်ရမည့် “တသာသနာတွင်မှ တယောက်” ဆိုလောက်သော မထေရ်မြတ်ဖြစ်သည်။ မြတ်စွာဘုရား ၄၅-၀ါကာလပတ်လုံး ဟောကြားတော်မူသော တရားဒေသနာ အားလုံးကို သူမတူ နာယူမှတ်သားနိုင်သော ဉာဏ် ၀ီရိယ သတိ သမာဓိတရား အားကောင်းသူဖြစ်သည်။ မျက်ကွယ်တွင် ဟောအပ်သော တရားတို့ကိုလည်း မြတ်စွာဘုရားက အကျဉ်းချုပ်ပြန်ဟောပြသဖြင့် တရားဓမ္မရေးရာ သူမသိတာမရှိ အပြည့်အစုံ စုဆောင်းထားသော ဓမ္မဘဏ္ဍာတိုက်ကြီးပင်ဖြစ်သည်၊ “ဓမ္မဘဏ္ဍာဂါရိက = တရားဘဏ္ဍာစိုးကြီး”ဟုပင် ဂုဏ်ပြုခံရသည်။

မြတ်စွာဘုရားရှင်ထံ အနယ်နယ်မှ ရောက်လာသော ဘုရားဖူးများကိုလည်း ကာလဒေသ ပုဂ္ဂိုလ်လိုက်၍ စနစ်တကျ ဖူးတွေ့ခွင့်
ရအောင် စီစဉ်တတ်သူလည်းဖြစ်သည်၊ အမျိုးသမီးတို့အတွက် နိဗ္ဗာန်လမ်းပွင့်စေမည့် ဘိက္ခုနီသာသနာတော်တစ်ရပ်ကို ထူထောင်ခွင့်ရအောင် အားပေးကူညီခဲ့သူ လည်းဖြစ်သည်။ နန်းတွင်းသူ နန်းတွင်းသားများကိုလည်း သာသနာနှင့်ယဉ်ပါးအောင် တရားဓမ္မသင်ပြဟောပြောပေးရသူလည်း ဖြစ်သည်၊ မြတ်စွာဘုရား၏ ကိစ္စအ၀၀ကို မငြီးမငြူ တလေးတစား အခါအားလျော်စွာ စီမံခန့်ခွဲတတ်သူလည်း ဖြစ်သည်၊ သာသနာတော်အရှည်တည်တံ့ရေး အတွက် ပထမသံဂါယနာပွဲကြီးတွင် သုတ္တန္တပိဋကနှင့် အဘိဓမ္မပိဋက ၀ိဿဇ္ဇက(အဖြေရှင်)အဖြစ် တာဝန်ယူတော်မူခဲ့သည်။

ဤသာသနာတော်ဝယ် ဧတဒဂ်ငါးတန် ရာထူးဋ္ဌာနန္တရ ငါးမျိုးပိုင်ရှင် ဖြစ်တော်မူ၏။ အရှင်မြတ်၏ ကျေးဇူးတော်ကြောင့် ထေရ၀ါဒ
ဗုဒ္ဓသာသနာတော်သည် ယနေ့တိုင် မတုဘက်နိုင်သည့် အယူဝါဒရေးရာ မီးရှူးတန်ဆောင်ကြီးတစ်ရပ်အဖြစ် တည်ရှိနေခြင်း ဖြစ်သည်။

လွန်ခဲ့သော ကမ္ဘာတစ်သိန်းထက်က "ပဒုမုတ္တရ မြတ်စွာဘုရား"ပွင့်တော်မူစဉ် အရှင်အာနန္ဒာအလောင်းလျာမှာ ပဒုမုတ္တရ မြတ်စွာဘုရား၏ ဖတူ မိကွဲ ညီငယ် "သုမနမင်းသား" ဖြစ်လေသည်။ သုမနမင်းသားသည် နယ်စွန်ရှိ သူပုန်ဘေးကို ငြိမ်းအေးအောင်ပြုသဖြင့် ခမည်းတော်က ဆုချရာ နောင်တော် မြတ်စွာဘုရားကို ၀ါတွင်းသုံးလ ပြုစုခွင့်ပြုရန် တောင်းဆိုခဲ့သည်။
“မြတ်စွာဘုရား၏ သဘောထားတော်ကို ရယူပါဦး”ဟု ခမည်းတော်က ဆိုသဖြင့် ဘုရားရှင်ထံလာခဲ့ရာ ဘုရားရှင်အားဖူး
တွေ့ခွင့်ရရန် အခြားရဟန်းတို့ မတတ်နိုင်၊ ဥပဋ္ဌာကအလုပ်အကျွေးသုမနထေရ်ကသာ ဆောင်ရွက်ပေးနိုင်သဖြင့် သုမနမထေရ်ကို အားကျကာ မြတ်စွာဘုရားနှင့် သံဃာတော်တစ်သိန်းကို တစ်ဝါတွင်းလုံး ပြုစုလုပ်ကျွေးပြီး ဥပဋ္ဌာကအလုပ်အကျွေးဆုကို ပန်ခဲ့လေသည်။

ပဒုမုတ္တရဘုရားရှင်ကလည်း “နောင်သောအခါ ဂေါတမမြတ်စွာဘုရား လက်ထက်တော်တွင် အာနန္ဒာအမည်ဖြင့် ဥပဋ္ဌာကဘုရားအလုပ်အကျွေး ဖြစ်လိမ့်မည်”ဟု ဗျာဒိတ်ပေးတော်မူခဲ့သည်။ ထို့နောက် သံသရာဝယ် ဘ၀မျိုးစုံ ကျင်လည်ခဲ့ရသည်။ အထူးအားဖြင့် ဖြစ်လေရာရာ ဘ၀တိုင်း ဘုရားအလောင်းတော်၏ ပါရမီ ကူညီ ဖြည့်သူ
အဖြစ်များလေသည်။

နောက်ဆုံးဘ၀၀ယ် ကပိလ၀တ်နေပြည်တော်၌ သုဒ္ဓေါဒနမင်းကြီး၏ ညီတော် အမိတောဒနသာကီဝင်မင်း၏သား ဖြစ်လာလေသည်။
အာနန္ဒာမင်းသားဟု မည့်ခေါ်ခဲ့ကြသည်။ မြတ်စွာဘုရား ကပိလ၀တ်နေပြည်တော်သို့ ပထမဆုံးအကြိမ် ကြွရောက်တော်မူသည့် မဟာသက္ကရာဇ် ၁၀၄-ခုနှစ်တွင် ဘဒ္ဒိယ၊ အနုရုဒ္ဓ၊ ဘဂု၊ ကိမိလ၊ ဒေ၀ဒတ်၊ ဥပါလိတို့နှင့်အတူ အနုပိယသရက်ဥယျာဉ်၌ အရှင်ဗေလဋ္ဌသီသကို ဥပဇ္ဈာယ်ပြု၍ ရဟန်းပြုခဲ့ကြသည်။ မန္တာဏီပုတ္တ အရှင်ပုဏ္ဏမထေရ်၏ တရားစကားကို ကြားနာရ၍ သောတာပန်ဖြစ်ခဲ့သည်။

ပဌမဗောဓိခေါ် မြတ်စွာဘုရားရှင် ၀ါတော်နှစ်ဆယ်အတွင်း၌ အမြဲတမ်း အလုပ်အကျွေးမထေရ် မရှိခဲ့ပေ၊ တခါတရံ အရှင်နာဂသမာလထေရ်၊ တခါတရံ နာဂိတထေရ်၊ တခါတရံ ဥပ၀ါနထေရ်၊ တခါတရံ လိစ္ဆ၀ီမင်းသား သုနက္ခတ္တရဟန်း၊ တခါတရံ အရှင်သာရိပုတ္တရာ၏ညီ စုန္ဒ၊ တခါတရံ သာဂတမထေရ်၊ ရာဓထေရ်၊ မေဃိယထေရ် စသူတို့ လုပ်ကျွေးပြုစုကြသည်။ ထိုသို့ အလုပ်အကျွေးထေရ်မမြဲသဖြင့် မြတ်စွာဘုရားအတွက် ရံခါ အခက်အခဲ တွေ့ရတတ်သည်။

တနေ့သော် မြတ်စွာဘုရားသည် ဇေတ၀န်ကျာင်းတော်၌ သံဃာတော်များကို စည်းဝေးစေပြီး “ယခုအခါ ငါဘုရားသက်တော် ၅၅-နှစ်ကျော်ခဲ့ပြီ၊ အမြဲတမ်း အလုပ်အကျွေးမထေရ်ရှိမှ သင့်တော်မည်”ဟု မိန့်တော်မူသည်ကို ကြားရသောအခါ ရဟန်းတော်တို့ သန္တာန်ဝယ် သံဝေဂကြီးစွာ ဖြစ်လေသည်။

အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လာန် စသော (အသီတိမဟာသာဝက) တပည့်ကြီး ရှစ်ကျိပ်တို့ အသီးသီး ထ၍ ထ၍ ပြုစုလုပ်ကျွေးခွင့်ပြုပါမည့်အကြောင်း တောင်းပန်ကြသော်လည်း မြတ်စွာဘုရားက မြစ်ပယ်တော်မူသည်။ ရဟန်းအချို့က အရှင်အာနန္ဒာကို အလုပ်အကျွေးအရာတောင်းဆိုရန် တိုက်တွန်းကြသည်။ မြတ်စွာဘုရားသည် တပည့်တော်ကို မြင်တော်မူပါသည်။ အကယ်၍ အလိုရှိတော်မူပါလျှင် “အာနန္ဒာ-ငါဘုရားကို လုပ်ကျွေးလော့ ဟု မိန့်တော်မူလိမ့်မည်၊ တောင်းမှရသော ရာထူးမျိုးကို မလိုချင်ပါ”ဟု ပြန်လည်ပြောဆိုလေသည်။ မြတ်စွာဘုရားကလည်း “ချစ်သားတို့-အာနန္ဒာကို မတိုက်တွန်းကြနှင့်၊ အာနန္ဒာသည် သူ့အလိုလိုပင် ပြုစုလုပ်ကျွေးပေလိမ့်မည်”ဟု မိန့်တော်မူ၏။ ထိုအခါ အရှင်အာနန္ဒာသည်
“ပယ်လေးတန် ပန်လေးပါး” ခေါ်ဆုရှစ်ပါးကို တောင်းခဲ့လေသည်။

“ပယ်လေးတန် ပန်လေးပါး”
--------*------------*----------
(၁) မြတ်စွာဘုရား - အရှင်မြတ်ဘုရား လက်ခံရရှိသည့် ကောင်းမြတ်သောသင်္ကန်းနှင့်
(၂) ဆွမ်းတို့ကို မချီးမြှောက်စေလိုပါ၊
(၃) မြတ်စွာဘုရားနှင့်အတူ ဂန္ဓကုဋီတတိုက်တည်းနေရန် ခွင့်မပြုစေလိုပါ၊
(၄) ဘုရားရှင်တစ်ပါးတည်းကိုသာ သီးခြားပင့်သော နေရာသို့ ဘုရားတပည့်တော်အား ခေါ်မသွားစေလိုပါ။

ဤပယ်လေးတန်ကို ခွင့်ပြုတော်မူရန် တောင်းခံလိုက်သည်၊ အကြောင်းမှာ “အာနန္ဒာပြုစုလုပ်ကျွေးသည်မျာ လာဘ်လာဘကို မျှော်ကိုး လုပ်ကျွေးခြင်းဖြစ်သည်”ဟု ပြောဆိုဖွယ် မရှိစေလိုသောကြောင့် ဖြစ်သည်။

တဖန် မထေရ်မြတ်တောင်းခံသည့် "ပန်လေးဆု"မှာ -

(၁) မြတ်စွာဘုရား - ရှင်တော်ဘုရားသည် ဘုရားတပည့်တော် လက်ခံထားသော ပင့်ဖိတ်ရာအရပ်ကို ကြွတော်မူစေချင်ပါသည်၊

(၂) ရပ်ဝေးဘုရားဖူးများအတွက် ဘုရားတပည့်တော် လျှောက်ထားသောအခါ ဖူးတွေ့ခွင့် ပေးတော်မူစေချင်ပါသည်၊

(၃) ဘုရားတပည့်တော် ယုံမှားသံသယရှိ၍ မေးလျှောက်လိုသောအခါ မေးလျှောက်ခွင့် ပြုတော်မူစေချင်ပါသည်၊

(၄) ဘုရားတပည့်တော်၏ မျက်ကွယ်တွင် ဟောသမျှတရားများကို ဘုရားတပည့်တော်အား ပြန်လည်ဟောပြ ပေးတော်မူစေချင်ပါသည်။

ထိုအခါမှစ၍ အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်အား အမြဲမပြတ် ပြုစုလုပ်ကျွေးရသူ ဖြစ်လာလေသည်။

မြတ်စွာဘုရားအား ရေပူရေချမ်း ကမ်းလှမ်းခြင်း၊ ဒန်ပူတို့ကို ဆက်ကပ်ခြင်း၊ ခြေဆုပ်လက်နယ် ပြုလုပ်ပေးခြင်း၊ ဂန္ဓကုဋီပရိဝုဏ်ကို တံမြက်လှည်းခြင်း စသည်တို့ကို ပြုစုပေးတော်မူရသည်။ တနေ့လုံး မြတ်ဘုရားအနီါးပါးဝယ်
ဝတ်ကြီးဝတ်ငယ်ပြုစုပြီး ညအခါ ဆီမီးတိုင် ဆွဲကိုင်လျက် ဘုရားသီတင်းသုံးရာ ဂန္ဓကုဋီကျောင်းတော်ကို လှည်လည်ကာ ပြုစုစောင့်ရှောက်တော်မူသည်။

မြတ်စွာဘုရားသည် သံဃာ့အစည်းအဝေးပွဲကြီးတွင် အရှင်အာနန္ဒာမထေရ်အား -

(၁) ဗဟုဿုတ ဧတဒဂ် = အကြားအမြင်အများဆုံး၊

(၂) သတိမန္တ ဧတဒဂ် = သတိအကောင်းဆုံး၊

(၃) ဂတိမန္တ ဧတဒဂ် = ဉာဏ်ပညာအကောင်းဆုံး၊

(၄) ဓိတိမန္တ ဧတဒဂ် = ၀ီရိယအကောင်းဆုံး၊

(၅) ဥပဋ္ဌာက ဧတဒဂ် = ပြုစုလုပ်ကျွေးသူတို့တွင် အတော်ဆုံး ဟူသော "ဧတဒဂ်ဘွဲ့ထူး ရာထူးဌာနန္တရငါးမျိုး" တို့ကို
ချီးမြှင့်တော်မူသည်။

အရှင်အာနန္ဒာသည် မြတ်စွာဘုရားအား အချိန်ပြည့် ပြုစုလုပ်ကျွေးနေရပြီး သာသနာတော်ရေးရာကိစ္စများကို ဦးစားပေး ဆောင်ရွက်နေရသဖြင့် ကိုယ်ရေးကိုယ်တာ ၀ိပဿနာရူပွားမူများကို အလေးမပေးနိုင်ခဲ့ပေ၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူပြီး သုံးလနှင့် ၄-ရက်အကြာ သံဂါယနာတင်ရန်အတွက် သံဃာ့အစည်းအဝေးကြီးတွင် သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်
အပါး ၅၀၀-ရွေးချယ်ကြရာ ဆဠဘိည၊ တေ၀ိဇ္ဇ၊ ပဋိသမ္ဘိဒါပတ္တ ရဟန္တာကြီး ၄၉၉-ပါးကို အရှင်မဟာကဿပက ရွေးချယ်ခဲ့သည်။ မြတ်စွာဘုရား၏ တရားဒေသနာအားလုံးကို အစအဆုံး အပြည့်အစုံသိသူမှာ အရှင်အာနန္ဒာသာဖြစ်၍ အရှင်အာနန္ဒာမပါသော သံဂါယနာပွဲသည် ပြည့်စုံမည့်ပွဲမဖြစ်နိုင်ပေ၊ သို့ဖြစ်၍ အရှင်မဟာကဿပသည် နောက်ဆုံးတစ်ပါးကို ရွေးချယ်ရန်အတွက်
သံဃာ့ပရိသတ်ကို တာဝန်ပေးတော်မူသည်၊ သံဃာ့ပရိသတ်ကလည်း အရှင်မဟာကဿပမထေရ်ကြီး လျာထားသည့်အတိုင်း အရှင်အာနန္ဒာကိုပင် မှန်ကန်စွာ ရွေးချယ်ပေးခဲ့ကြသည်။

အရှင်အာနန္ဒာသည် သောတာပန်သာဖြစ်သေးသဖြင့် ဘာကြောင့် ရွေးချယ်ရပါသနည်းဟု အရှင်မဟာကဿပက မေးတော်မူသောအခါ “အရှင်မြတ်ဘုရား-အရှင်အာနန္ဒာသည် မြတ်စွာဘုရားနှင့် အမြဲထာဝရ အနီးကပ်ပြုစု လုပ်ကျွေး
နေထိုင်သူဖြစ်ပါသည်။ မြတ်စွာဘုရားဟောကြားသမျှ မျက်မှောက် မျက်ကွယ် တရားအားလုံးကို တစ်ခုမကျန် ပြန်လည်နာကြားသင်ယူရသူဖြစ်ပါသည်။
မြတ်စွာဘုရား၏ တရားတော်တို့ကို စုစည်းရာ သံဂါယနာပွဲသဘင်သည် အရှင်အာနန္ဒာမပါလျှင် ပြီးပြည့်စုံသောပွဲသဘင် ဖြစ်မည်မထင်ပါ။ အရှင်အာနန္ဒာသည် သောတာပန်သာဖြစ်သော်လည်း အဂတိလေးပါး လိုက်စားမည့်သူ မဟုတ်ပါ၊ ထို့ကြောင့် သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် အဖြစ် ရွေးသင့်ပါသည်”ဟု လျှောက်ထားကြသည်။ အမှန်မှာမူ အရှင်မဟာကဿပ
ကိုယ်တော်တိုင်လည်း အရှင်အာနန္ဒာမပါက မဖြစ်နိုင်ကြောင်း သိတော်မူပြီး ဖြစ်ပါသည်၊ သို့သော် မိမိနှင့် ရင်းနှီးသူဖြစ်သဖြင့် မျက်နှာလိုက် ရွေးချယ်သည်ဟု သူတပါးတို့ အပြစ်တင်စကား ပြောကြားမူကင်းဝေးစေရန် သံဃာ့ပရိသတ်ကို တာဝန်ပေးတော်မူခြင်း ဖြစ်သည်။

သံဂါယနာတင်ရေးကိစ္စ ရဟန္တာအရှင်မြတ်ကြီးများ ကြောင့်ကြမူ များနေကြသလောက် အရှင်အာနန္ဒာကမူ လှည့်လည်၍ တရားဟောနေ၏၊

ဝဇ္ဇပုတ္တကမထေရ်ကြီးသည် တရားလှည့်လည်ဟောနေသော အရှင်အာနန္ဒာအား “ကိံ” တေ ဗိဠိဗိဠိကာ ကရိဿတိ-ငါ့ရှင် လှည့်လည်ပြီး တရားတွေ ဗလစ် ဗလစ် ဟောပြောနေဖို့ အချိန်မဟုတ်တော့ဘူး၊ ရဟန္တာဖြစ်အောင် အားသွန်ကြိုးပမ်းပါ တော့လား”ဟု သတိပေးခဲ့ဖူး၏၊ ထိုအခါ အရှင်အာနန္ဒာသည် သံဂါယနာတင်အမီ ရဟန္တာဖြစ်ရေးအတွက် ကြိုးစားအားထုတ်တော်မူသည်၊
ဤသံဃာပရိသတ်တွင် ကိလေသာညှီစောနံသူ တစ်ဦးရှိသေးသည်ဟု သီတင်းသုံးဖော် မထေရ်အချို့ကလည်း ပြောဆိုကြသည်။

“အာနန္ဒာ-သင်သည် ပါရမီဘုန်းကံကြီးသူဖြစ်သည်။ ရဟန်းတရားကိုသာ အားထုတ်ပါ၊ မကြာမီရဟန္တာဖြစ်ပါလိမ့်မည်”ဟု တချိန်က မိန့်တော်မူခဲ့ဖူးသော မြတ်စွာဘုရား၏ စကားတော်တို့ကို ကြားယောင်မိသည်။ ထိုအချက်များအားလုံးကို ဆင်ခြင်သုံးသပ်ပြီး “ငါသည် သေက္ခအဖြစ်ဖြင့် သံဃာ့အစည်းအဝေးသို့ ၀င်ရန်မသင့်လျော်ဟု” စိတ်ကူးက
အပြင်းအထန် တရားအလုပ် အားထုတ်တော်မူသည်။

သံဂါယနာမတင်မီ တစ်ရက်အလိုတွင် ကာယဂတာသတိတရားကို အပြင်းအထန် ရူပွားတော်မူရာ ၀ီရိယလွန်သဖြင့် တရားထူးမရဖြစ်နေ၏၊ အရုဏ်တက်ရန် နီးလာပြီဖြစ်သဖြင့် ခေတ္တမျှ အပန်းဖြေနားနေတော်မူရန် စင်္ကြံဦးမှ ဖယ်ခွာ၍ အိပ်ရာသို့ သတိပဋ္ဌာန်းတရားဖြင့် ကြွသွားတော်မူသည်။ အိပ်ရာပေါ်သို့ အရောက်တွင် အသာအယာ ခန္ဓာကိုယ်ကို လှဲချတော်မူစဉ် ကိလေသာအာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်တော်မူသည်။ လျောင်း ထိုင် ရပ် သွား ဣရိယာပုတ် လေးပါးတွင် မည်သည့် ဣရိယာပုတ်နှင့်နေ့စဉ် "ရဟန္တာ "ဖြစ်တော် မူသည်ဟု ပြော၍မရ၊ ဣရိယာပုတ်လေးပါးမှ လွတ်၍ "ရဟန္တာ" ဖြစ်တော်မူသည်။

ဘုရင်အဇာတသတ်သည် ဂိဇ္ဈကုဋ်တောင်ယံ စရည်းပင်ပေါက်ရာ သတ္တပဏ္ဏိလိုဏ်ဂူ၌ ကြီးကျယ်ဆန်းပြား ခမ်းနားစွာ မဏ္ဍပ်ကြီး
ငယ်တို့ကို ဆောက်ကာ ပစ္စည်းလေးပါးတာဝန်ယူ၍ ပထမသံဂါယနာပွဲကို ကူညီအားပေးခဲ့သည်။ သံဃာအားလုံး စုံညီချိန်၌
အရှင်အာနန္ဒာသည် တန်ခိုးဖြင့် မြေ၌ငုပ်လျှိုးလာကာ မိမိအတွက်ထားသောနေရာ၌ တက်သစ်စနေ၀န်းအလား ဘွားကနဲ ထွက်ပေါ် ထိုင်နေတော်မူလာသည်၊ အရှင်မဟာကဿပ မထေရ်ကြီးသည် ၀မ်းသာပီတိဖြစ်ကာ “အကယ်၍များ မြတ်စွာဘုရားသာ သက်တော်ထင်ရှားရှိပါမူ ယနေ့ ရဟန္တာအဖြစ် မြင်တွေ့ရသော အရှင်အာနန္ဒာကို ချီးကျူးတော်မူပေလိမ့်မည်၊ ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူသွားပြီးဖြစ်၍ ဘုရားရှင်ကိုယ်စား ငါကပင် ကောင်းချီးပေးတော့အံ့”ဟု
တွေးကြံတော်မူကာ အရှင်အာနန္ဒအား ချီးကျူးတော်မူသည်။

သာသနာတော်နှစ် ၁-နှစ်၊ ၀ါခေါင်လပြည့်ကျော် ၅-ရက်နေ့ ပထမသံဂါယနာသဘင်တွင် အရှင်မဟာကဿပမထေရ်ကြီး ဦးဆောင်သော ရဟန္တာမထေရ်ကြီး အပါး (၅၀၀) ကြွတော်မူကြသည်။ အရှင်မဟာကဿပ က သံဃနာယကထေရ်ကြီးအဖြစ် ဆောင်ရွက်တော်မူပြီး ပိဋကသုံးဖြာ၏ ပုစ္ဆကထေရ်တာဝန်ကို ယူတော်မူသည်။ ၀ိနယပိဋက၏ ၀ိဿဇ္ဇကခေါ် အဖြေရှင်တာဝန်ကို အရှင်ဥပါလိက ယူတော်မူသည်။
သုတ္တန္တပိဋက၊ အဘိဓမ္မပိဋက နှစ်ပုံ၏ အဖြေရှင်တာဝန်ကို အရှင်အာနန္ဒာကပင် ယူတော်မူသည်။
သံဃာ့မထေရ်ကြီးဖြစ်သော အရှင်မဟာကဿပက သုတ်တခု တခုကို မေးစစ်တော်မူတိုင်း “ဧ၀ံ မေ သုတံ - ဤသို့ ကြားနာ
မှတ်သားဆောင်ထားဖူးပါသည်”ဟု အစချီကာ အရှင်အာနန္ဒာ၏ ဖြေကြားချက်သည် ပိဋကစာပေများအပေါ် အကြောင်းထုပ္ပတ်
နှင့်တကွ မည်မျှခိုင်မာကြောင်း အာမခံချက်ပေးလိုက်ခြင်းပင် ဖြစ်သည်။

ပိဋကရေးရာ သုတ်ဒေသနာများကို စနစ်တကျမေးဖြေစိစစ်လျက် မှတ်တမ်းတင်တော်မူကြရာ သံဃာတော်အများက အတည်ပြုသောအားဖြင့် တညီတညာတည်း စုပေါင်းရွတ်ဆိုတော်မူကြသည်။ သံဂါယနာတင်ပွဲသည် ၇-လတိုင်တိုင် ကြာမြင့်ခဲ့၏၊ ဤသို့ အာဏာစက်နှင့် ဓမ္မစက် နှစ်ရပ် ပေါင်းစပ်ညီညာ သံဂါယနာတင်လိုက်ခြင်းဖြင့် အဓမ္မ၀ါဒီတို့ ပျောက်ကွယ်သွားလေတော့သည်။

အရှင်အာနန္ဒာမထေရ်သည် သက်တော် ၁၂၀-အထိ သာသနာတော်အကျိုးစီးပွားကို များပြားစွာ ဆောင်ရွက်တော်မူပြီး သာသနာတော်နှစ် ၄၀-ခုနှစ်တွင် ကပိလ၀တ်နှင့် ကောလိယအကြား ရောဟိဏီမြစ်အလယ်ထက်ကောင်းကင်၌ တေဇောဓာတ်လောင်၍ ပရိနိဗ္ဗာန် ပြုတော်မူလေသည်။ သရီရဓာတ်တော်များကို မြစ်နှစ်ဘက်ရှိ ပြည်သူများ ကိုးကွယ်ရန် အဓိဋ္ဌာန်ခဲ့၍ နှစ်ဖြာခွဲကာ ကျရောက်လာကြကုန်၏၊ တစ်သာသနာတွင်မှ တစ်ယောက်ဟု ဆိုစလောက်သော အရှင်အာနန္ဒာ၏
စွမ်းရည်နှင့် ဂုဏ်ကျေးဇူးကား ထေရ၀ါဒ သာသနာ့သမိုင်း၊ ပိဋကစာပေသမိုင်းတွင် အနိုင်းမဲ့ဖြစ်ပေတော့သည်။

အရှင်အာနန္ဒာမထေရ်မြတ်ကြီး ဟောကြားကျူးရင့်တော်မူလေ့ရှိသော သြ၀ါဒတရားတော် -

ဗဟုဿုတံ ဥပါသေယျ၊ သုတဉ္စ န ၀ိနာသယေ။
တံ မူလံ ဗြဟ္မစရိယဿ၊ တသ္မာ ဓမ္မဓရော သိယာ။

အကြားအမြင်များသူကို မှီဝဲဆည်းကပ်ရမည်၊ မှီဝဲဆည်းကပ်၍ ရအပ်သော အကြားအမြင်ကိုလည်း မပျောက်မပျက်အောင် မှတ်သားရမည်။ ထိုသို့ အကြားအမြင်များပြားခြင်းသည် မဂ်တည်းဟူသော မြတ်သောအကျင့်၏ အကြောင်းရင်းမူလဖြစ်သည်၊ ထို့ကြောင့် ရှေးဦးစွာ တရားစာပေကို သင်ယူမှတ်သား ဆောင်ထားထိုက်ပေ၏။

ဓမ္မာရာမော ဓမ္မရတော၊ ဓမ္မံ အနုဝိစိန္တ ယံ။
ဓမ္မံ အနုဿရံ ဘိက္ခု၊ သဒ္ဓမ္မာ န ပရိဟာယတိ။

တရားတော်လျှင် မွေ့လျော်ရာရှိသော၊ တရားတော်၌ မွေ့လျော်သော၊ တရားတော်ကို အဖန်ဖန် ဆင်ခြင်ရူမှတ်သော၊
တရားတော်ကို အဖန်ဖန် အောက်မေ့ပွားများသော ရဟန်းသည် သူတော်ကောင်းတို့၏ တရားမှ မဆုတ်ယုတ်နိုင်။

အဗ္ဘတီတသဟာယဿ၊ အတီတဂတသတ္ထုနော။
နတ္ထိ ဧတာဒိသံ မိတ္တံ၊ ယထာ ကာယဂတာသတိ။
 
မြတ်စွာဘုရားတည်းဟူသော ဆရာလွန်ခြင်းကြောင့် အဆွေခင်ပွန်းကောင်းမှ ကင်းကွာခဲ့ရသော ငါ့အား ကာယဂတာသတိ သည်ပင် ငါ၏ အကျိုးစီးပွားကို ဆောင်တတ်သော အဆွေခင်ပွန်းကောင်း အစစ် ဖြစ်ပေတော့၏။

(ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော်)
မှ ပြန်လည် မျှဝေပါသည်။ 
 
(စိမ့်စမ်းရေ ဘလောခ့်မှကူးယူတင်ပြသည်...)



"အရှင်သာရိပုတ္တရာမထေရ်"
••••••••••••••••••••••••••
အရှင်သာရိပုတ္တရာ မထေရ်မြတ်မှာ တပည့်သာဝကတို့တွင် "အမြတ်ဆုံး အဂ္ဂသာဝက မထေရ်ကြီး" နှစ်ပါးအနက်
လက်ယာတော်ရံ အဂ္ဂသာဝကကြီးဖြစ်သည်၊ မြတ်စွာဘုရားမှတပါး ပညာအရာတွင် ပြိုင်ဘက်ကင်းသော မထေရ်ကြီးဖြစ်သည်။

မြတ်စွာဘုရားသည် တရားမင်း(ဓမ္မရာဇ်) ဖြစ်တော်မူ၍ အရှင်သာရိပုတ္တရာကား တရားစစ်သူကြီး(ဓမ္မသေနာပတိ)
ဖြစ်တော်မူသည်၊ မြတ်စွာဘုရား၏ အားအထားရဆုံးသော တပည့်ကြီးဖြစ်သည်၊ လူဝတ်ကြောင် ဘ၀ကပင်
လောကီဝေဒကျမ်းများနှင့် ၀ါဒရေးရာကျမ်းများ၌ ပြိုင်ဘက်မရှိ ကျွမ်းကျင်သူဖြစ်သည်၊ သာသနာတော်သို့ ၀င်ရောက်လာသောအခါ လူမျိုးစုံတို့ကို အသိဉာဏ် အလင်းရောင် ပေးဝေခဲ့သည့် သာသနာ့အာဇာနည်ကြီးတို့ကို အသိဉာဏ် အလင်းရောင် ပေးဝေခဲ့သည့် သာသနာ့အာဇာနည်ကြီး ဖြစ်ပေသည်။ ထိုအရှင်မြတ်၏ ဘ၀ဖြစ်စဉ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

လွန်ခဲ့သော တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလက"အရှင်သာရိပုတ္တရာ" အလောင်းလျာသည် ပုဏ္ဏားသူဌေးမျိုး၌
ပုဏ္ဏားသူဌေးမျိုး၌ "သရဒ" ဟူသော အမည်ဖြင့်လည်းကောင်း၊ "အရှင်မဟာမောဂ္ဂလ္လာန်" အလောင်းလျာသည် သူကြွယ်မျိုး၌
"သီရိဝဍ္ဎန" ဟူသော အမည်ဖြင့်လည်းကောင်း ထင်ရှားခဲ့ကြသည်။

အတူတစ်ကွ ကစားဖော် ကစားဖက် သူငယ်ချင်းများ ဖြစ်ကြသည်၊ သီရိဝဍ္ဎနမှာ လူ့လောကတွင် ပျော်ရွှင်စွာ နေထိုင်ခဲ့ သော်လည်း သရဒလုလင်မှာမူ လောကကို ငြီးငွေ့ပြီး ရသေ့ဝတ်ခဲ့သည်။ ဟိမ၀န္တာတောအရပ်၌ သမထကမ္မဋ္ဌာန်း တရားအားထုတ်၍ ဈာန်အဘိညာဉ်ရလေသည်။ တပည့် ပရိသတ်ရသေ့ပေါင်း ၇၄၀၀၀-ရှိလေသည်၊ ထိုရသေ့တို့လည်း ဈာန်အဘိညာဉ်ရရှိကြပြီး ဈာန်ချမ်းသာဖြင့် ပျော်မွေ့နေကြသည်။

ထိုအချိန်ကား "အနောမဒဿီ မြတ်စွာဘုရား" လောက၌ ပွင့်တော်မူနေချိန်ဖြစ်သည်။ တစ်နေ့သ၌ မြတ်စွာဘုရားသည် မိုးသောက်ယံအခါ သတ္တလောကကို ဉာဏ်တော်ကွန်ယက်ဖြင့်ဖြန့်ကျက် ကြည့်ရူရာတွင် သရဒရသေ့နှင့် တပည့်ရသေ့တို့ကို
မြင်တော်မူ၍ တစ်ပါးတည်း ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူသည်။

သရဒရသေ့သည် မြတ်စွာဘုရားကို လေးစားစွာ ၀တ်ပြုပူဇော်နေခိုက် တပည့်ရသေ့များ သစ်သီးရှာရာမှ ပြန်ရောက်လာကြသည်။ ထိုအချိန်မှာပင် အနောမဒဿီမြတ်စွာဘုရား၏ အဂ္ဂသာဝကဖြစ်ကြသော "နိသဘထေရ်နှင့် အနောမ မထေရ်" တို့ ဦးဆောင်သော ရဟန္တာတစ်သိန်းတို့လည်း ကြွရောက်တော် မူလာကြသည်။
သရဒရသေ့ ဦးဆောင်သော တပည့်ရသေ့တို့သည် ဘုရားအမှူးရှိသော ရဟန္တာတစ်သိန်းတို့အား
ပန်းမျိုးစုံနေရာတော်များ ခင်းကျင်း၍ ပန်းထီးကြီးများ ဆောင်းမိုးကာ သစ်သီးမျိုးစုံ ဆက်ကပ်လှူဒါန်းလျက် ခမ်းနားစွာ ပူဇော်ကြသည်။

မြတ်စွာဘုရားနှင့် ရဟန္တာတစ်သိန်းတို့သည် ခုနှစ်ရက်တိုင်တိုင် ထိုအရပ်၌ နိရောဓသမာပတ် ၀င်စားတော်မူကြပြီး သမာပတ်မှ ထကြသောအခါ အဂ္ဂသာဝက နိသဘထေရ်က ဦးစွာ တရားဟောတော်မူသည်။ ထို့နောက် မြတ်စွာဘုရား ကိုယ်တော်တိုင် တရားဟောတော်မူရာ "သရဒ" ရသေ့မှတပါး ရသေ့အားလုံးတို့ ရဟန္တာဖြစ်တော်မူကြလေသည်၊

"သရဒ" ရသေ့မှာမူ တရားဟောသော"အဂ္ဂသာဝက လက်ယာတော်ရံ နိသဘထေရ်" ကို
အားကျနေသဖြင့် တရားထူးကို မရခဲ့ပေ။ သရဒရသေ့သည် နောင်ပွင့်လတ္တံ့သော ဘုရားတစ်ဆူ၏ထံ၌ နိသဘထေရ်ကဲ့သို့ အဂ္ဂသာဝကဖြစ်ရန် ဆုပန်ခဲ့လေသည်။
အနောမဒဿီမြတ်စွာဘုရားကလည်း နောင်ပွင့်လတ္တံ့သော ဂေါတမမြတ်စွာဘုရား လက်ထက်တွင် သာရိပုတ္တရာအမည်ဖြင့် အဂ္ဂသာဝကဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူခဲ့သည်။ ဘ၀များစွာ ပါရမီများကိုဖြည့်ကျင့်လျက် သံသရာဝယ်
ကျင်လည်ခဲ့ရာ နောက်ဆုံးဘ၀သို့ ရောက်လာသည်။

အရှင်သာရိပုတ္တရာ အလောင်းလျာသည် မဂဓတိုင်း ရာဇဂြိုလ်မြို့တော်အနီး ဥပတိဿမည်သော ရွာ၌၀င်္ဂန္တပုဏ္ဏားကြီး၏ဇနီး ရူပသာရီပုဏ္ဏေးမကြီး၏ ၀မ်းဝယ် ပဋိသန္ဓေယူပြီး မွေးဖွားသောအခါ ဥပတိဿရွာ အကြီးအကဲမျိုး၏ သားဖြစ်၍ ဥပတိဿဟု အမည်မှည့်လေသည်။
ဥပတိဿသည် မိသားစု ခုနှစ်ယောက်တွင် အကြီးဆုံးသားဖြစ်သည်။ "အရှင်မဟာမောဂ္ဂလ္လာန်အလောင်းလျာ ကောလိတ" နှင့်
အလွန်ခင်မင်သော သူငယ်ချင်းများ ဖြစ်ကြသည်။

ငယ်စဉ်မှာပင် ဝေဒသုံးပုံ ပညာစုံတတ်မြောက်ကြသည်။ရွှေထမ်းစင် ၅၀၀၊ လုလင်ပေါင်း ၅၀၀စီ အခြံအရံရှိသည်၊
ရာဇဂြိုဟ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော တောင်ထိပ်သဘင်ပွဲသို့ အခြံအရံများနှင့်အတူ အမြဲတမ်းသွားလာ ကြည့်ရူပျော်ရွှင်ခဲ့ကြသည်၊ တစ်နေ့၌မူ အခြံအရံများနှင့်အတူ အမြဲတမ်းသွားလာ ကြည့်ရူပျော်ရွှင်ခဲ့ကြသည်၊ တစ်နေ့၌မူ သူငယ်ချင်းနှစ်ဦးတို့ ပွဲကြည့်ရင်း ကြည့်ရင်း သံဝေဂစိတ်များ ၀င်လာကြသည်။

“ပွဲကြည့်သူ ပွဲကသူများ အားလုံးတို့သည် အနှစ်တစ်ရာမရောက်မီ သေကြရမည်၊ မသေမီကာလအတွင်း ရရှိသောအချိန်ကို ပျော်ရွှင်ခြင်း၌ အသုံးမပြုဘဲ သေခြင်းကင်းရာ(အမတ)ကိုရှာဖွေခြင်း၌ အသုံးပြုမှ သင့်တော်ပေမည်”ဟု ကြံစည်ကြကာ သံသရာလွတ်မြောက်ရေး ရှာဖွေရန် နှစ်ဦးသဘောတူ တိုင်ပင်၍ တောထွက်ခဲ့ကြသည်။

ထိုအချိန်က ရာဇဂြိုဟ်မြို့တော်တခွင်၌ ထင်ရှားသော ဆရာကြီးမှာ သိဉ္စည်း ပရိဗိုလ်ကြီး ဖြစ်သည်။" ကောလိတနှင့် ဥပတိဿ"
တို့သည် အခြံအရံတပည့် ၅၀၀ စီနှင့်အတူ သိဉ္စည်းဆရာကြီးထံ ပရိဗိုဇ်ဝတ်ကြလေသည်။ နှစ်ရက် သုံးရင်နှင့်ပင် သိဉ္စည်းဆရာကြီး၏ အယူဝါဒကို နားလည်သွားကြသည်။ သို့ရာတွင် သိဉ္စည်းဆရာကြီး၏ အယူဝါဒ၌ သူတို့လိုချင်နေသော သေခြင်းကင်းရာတရားကို မတွေ့ကြ။ ထို့ကြောင့် သိဉ္စည်းဆရာကြီးက မိမိဂိုဏ်းကြီးကို အတူတကွ လက်တွဲဦးဆောင်ရန် လွှဲအပ်သော်လည်း လက်မခံဘဲ ဆရာရှာရန် လမ်းခွဲ၍ ထွက်ခွာခဲ့ကြသည်။ တရားထူးတွေ့က တစ်ဦးကို တစ်ဦး အသိပေးကြစတမ်းဟုလည်း ကတိက၀တ် ထားကြသည်။ တွေ့သမျှဆရာတို့လည်း သေခြင်းကင်းရာတရားကို ညွှန်ပြနိုင်သူများ မဟုတ်ကြ။

မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပို့တွဲလဆန်း ၁-ရက်နေ့လောက်တွင် "ပဉ္စ၀ဂ္ဂီငါးဦး" တွင် တစ်ဦးဖြစ်သူ အရှင်အဿဇိ မထေရ်သည် ရာဇဂြိုဟ်သို့ ရောက်လာသည်။ ဥပတိဿသည် ဆွမ်းခံကြွလာသော အရှင်အဿဇိ မထေရ်၏ တည်ငြိမ်သော ဣနြေ္ဒ၊ အသားအရေကြည်လင်မူကို တွေ့မြင်သောအခါ တရားထူးရှိသူ ဧကန်ဖြစ်ရမည်ဟု ဆုံးဖြတ်ပြီး မထေရ်နောက် လိုက်ခဲ့သည်။ အရှင်အဿဇိနှင့် တွေ့၍ တရားဟောရန် တောင်းပန်ရာ အရှင်အဿဇိ မထေရ်က ဥပတိဿပရိဗိုဇ်အား သစ္စာလေးချက် အနက်အဓိပ္ပာယ်ပြည့်ဝသော အောက်ပါဂါထာ ဓမ္မဒေသနာကို ဟောကြားတော်မူသည် -

"ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ၊
တေသံ ဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယော နိရောဓော၊
ဧ၀ံ ၀ါဒီ မဟာသမဏော။"

“ဖြစ်ပေါ်လာသမျှ သဘောတရားတို့သည် အကြောင်းတရားလျှင် အမွန်အစ ရှိကြကုန်၏။ မြတ်စွာဘုရားသည် ဖြစ်ပေါ်လာ သမျှသော သဘောတရားတို့၏ အကြောင်းကို ဟောတော်မူ၏၊ ထိုဖြစ်ပေါ်လာသမျှသော သဘောတရားတို့၏
ချုပ်ငြိမ်းရာကိုလည်း ဟောတော်မူ၏။ ကြီးမြတ်သော မြတ်စွာဘုရားသည် ဤသို့ ဟောပြလေ့ရှိတော်မူ၏”။

"ဥပတိဿ" သည် ဂါထာထက်ဝက်ကို ကြားနာရုံမျှဖြင့်ပင် " သောတာပတ္တိဖိုလ်တည်၏။ အရှင်အဿဇိ မထေရ်လည်း
မြတ်စွာဘုရား သီတင်းသုံးရာ ဝေဠုဝန်ကျောင်းတော်သို့ ကြွတော်မူလေသည်။ ကောလိတပရိဗိုဇ်သည် တည်ငြိမ်သော
ဣနြေ္ဒဖြင့် ပြန်လာသော သူငယ်ချင်းဥပတိဿကို အဝေးမှမြင်ရလျှင်ပင် တရားထူးတွေ့ခဲ့ပြီဖြစ်ကြောင်း မှန်းဆသိရှိသွားသည်။
ဥပတိဿသည် သူငယ်ချင်း ကောလိတအား မိမိ နားကြားခဲ့ရသော သစ္စာလေးပါးတရားဂါထာကို ပြန်လည်ဟောပြောရာ ကောလိတလည်း သောတာပန်တည်လေသည်။

သူငယ်ချင်းနှစ်ဦးတို့သည် သိဉ္စည်းဆရာကြီးထံသွား၍ နူတ်ဆက်ကြ၏။ မသေရာတရားကို ဟောကြားတော်မူနိုင်သော ဘုရားရှင်ထံလိုက်ခဲ့ရန်လည်း အမျိုးမျိုးဖျောင်းဖျခေါ်ဆောင်ကြသည်။“ဆရာလုပ်ပြီးမှ တပည့်မခံလိုတော့”ဟု နောက်ဆုံးအဖြေပေးကာ“လောက၌ လူမိုက်နှင့်လူလိမ္မာ ဘယ်သူကများသလဲ”ဟု မေးရာ လူမိုက်ကများကြောင်း ဖြေကြရသည်။
“သင်တို့ မစိုးရိမ်ကြနှင့်၊ လူလိမ္မာတွေ ဂေါတမဆီသွား၊ လူမိုက်တွေ ငါ့ဆီလာကြလိမ့်မည်”ဟု စကားကုန်ပြောလိုက်သည်။
ဥပတိဿ၊ ကောလိတတို့သည် အခြံအရံ ငါးရာနှင့်အတူ ပရိဗိုဇ်အရံမှ ထွက်ခဲ့ကြသည်။
သိဉ္စည်းဆရာကြီးသည် ပရိဗိုလ်အရံကြီးတခုလုံး ပရိသတ်အခြွေအရံ ကင်းဆိတ်သွားသည်ကို မြင်တွေ့ရသဖြင့် ရုတ်တရက် စိတ်နှလုံးပူပန်ကာ သွေးအန်ခြင်းဝေဒနာ ခံစားရလေသည်။ ထိုအဖြစ်အပျက်ကို မရူရက်ကြသဖြင့် တပည့် ၂၅၀တို့သည်
ပြန်လှည့်၍ ပရိဗိုဇ်ကျောင်း၌ ကျန်ရစ်ခဲ့ကြသည်၊
ဥပတိဿနှင့် ကောလိတတို့သည် တပည့် ၂၅၀ တို့နှင့်အတူ ဝေဠုဝန်ကျောင်းတော်သို့ ရောက်ရှိကြပြီးလျှင်
မြတ်စွာဘုရားအထံတော်၌ ဧဟိဘိက္ခုရဟန်းအဖြစ် ရရှိကြသည်။ မြတ်စွာဘုရားတရားဟောတော်မူလျှင် တပည့် ၂၅၀တို့သာ
ဦးစွာ ရဟန္တာဖြစ်ကြသည်။ ခေါင်းဆောင်" ဥပတိဿနှင့် ကောလိတနှစ်ဦး" မှာမူ တရားထူးမရကြသေးပေ။

မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပို့တွဲလပြည့်နေ့တွင် ရာဇဂြိုဟ်မြို့၊ သူကရခတလိုဏ်၌ အရှင်သာရိပုတ္တရာ မထေရ်၏တူ"ဒီဃနခပရိဗိုဇ်" အား ဒီဃနခ(ဝေဒနာပရိဂ္ဂဟ) သုတ်တော်ကိုဟောရာ၌ ယပ်လေးခတ်ပေးနေသော အရှင်သာရိပုတ္တရာလည်း နာကြားရ၍ ရဟန္တာဖြစ်သွားသည်။

ဒီဃနခပရိဗိုဇ်မှာမူ သောတာပန်မျှသာဖြစ်လေသည်။ ထိုနေ့မှာပင် ရာဇဂြိုဟ်မြို့ ဝေဠုဝန် ကျောင်းတော်၌ ပထမသာဝက သန္နိပါတခေါ် ဘုရားရှင်၏ တပည့်သာဝက ရဟန်းတော်ပေါင်း တစ်ထောင့်နှစ်ရာငါးကျိပ်တို့ ဆုံစည်းစုဝေး မိကြသည်၊ ပထမသာဝကသန္နိပါတ-ပထမဆုံးအကြိမ် သံဃာ့အစည်းအဝေးပွဲကြီးဟု ခေါ်တွင်၏။

ထိုသံဃာ့အစည်းအဝေးကြီးကား ဤဘုရား သာသနာတော်၌ တစ်ကြိမ်သာလျှင် ဖြစ်သည်၊ ထိုအစည်းအဝေးကြီး၏ ထူးခြားချက်ကား -

(၁) တပို့တွဲလပြည့်နေ့ဖြစ်ခြင်း

(၂) သံဃာတော် ၁၂၅၀-တို့သည် မည်သူမျှ မပင့်ဖိတ်ရဘဲ
အလိုအလျောက် ကြွရောက်လာခြင်း၊

(၃) သံဃာတော် ၁၂၅၀ လုံး ဆဠဘိည ရဟန္တာချည်း ဖြစ်ကြခြင်း၊

(၄) အားလုံးသော သံဃာတို့ ဧဟိဘိက္ခုချည်း
ဖြစ်တော်မူခြင်းတို့ ဖြစ်ကြသည်။

အင်္ဂါလေးပါးနှင့် ပြည့်စုံသော သာဝကသန္နိပါတ သံဃာ့အစည်းအဝေးပွဲကြီးတွင် "အဂ္ဂသာဝကရာထူး"
အပ်နှင်းတော်မူပြီး ရဟန်းတို့အား မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဟောကြားဆုံးမ၍ သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။

မြတ်စွာဘုရားရှင်က ထိုအစည်းအဝေးကြီးတွင် ဥပတိဿအား အရှင်သာရိပုတ္တရာဟူသော အမည်ဖြင့်လည်းကောင်း၊
ကောလိတအား အရှင်မဟာမောဂ္ဂလ္လာန်ဟူသော အမည်ဖြင့်လည်းကောင်း၊ အဂ္ဂသာဝကအရာ အပ်နှင်းချီးမြှင့်တော်မူသည်။ နောင်အခါ သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းတော်၌ “ဉာဏ်ပညာကြီးမားကြသည့် ငါဘုရား၏ တပည့်သာဝကရဟန်းတို့တွင် သာရိပုတ္တရာသည် အတော်ဆုံး အသာလွန်ဆုံး အမြတ်ဆုံးဖြစ်ပေ၏”ဟု ပညာအရာ ဓတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူသည်။

မထေရ်မြတ်သည် ၄၄-၀ါ ကာလပတ်လုံး သတ္တ၀ါအကျိုးငှာ ကျင့်တော်မူခဲ့သည်။ မထေရ်မြတ်၏ တရားတော်တို့ကို
ပိဋကတ်စာပေတွင် များပြားစွာ မှတ်တမ်းတင်ခဲ့သည်။
ပဋိသမ္ဘိဒါမဂ်၊ မဟာနိဒ္ဒေသ၊ စူဠနိဒ္ဒေသပါဠိတော်တို့မှာ မထေရ်မြတ်ဟောကြားတော်မူသော တရားတော်များဖြစ်သည်၊

အဘိဓမ္မာဒေသနာတော် လူ့လောက၌ ထင်ရှားစွာ တည်ရှိခဲ့သည်မှာလည်း မထေရ်မြတ်၏ စွမ်းဆောင်မူကြောင့်ပင်ဖြစ်သည်၊ အဘိဓမ္မာဒေသနာတော်ကို မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်၌ ဟောကြားတော်မူခဲ့သည်၊ လူ့ပြည်၌မူ "ရှင်သာရိပုတ္တရာ" တစ်ပါးတည်းကိုသာ နည်းရရုံ အကျဉ်းအားဖြင့် ဟောကြားခဲ့သည်။

ယခုရှိနေသော အဘိဓမ္မာတရားတော်များသည်" ရှင်သာရိပုတ္တရာ" က ၎င်း၏တပည့်များအား သင်ကြားပို့ချပေးခဲ့သော အဘိဓမ္မာတရားတော်များဖြစ်သည်၊ ဘုရားရှင်အား သာသနာအဓွန့်ရှည်ရေးအတွက် ၀ိနည်းသိက္ခာပုဒ်များ ပညတ်ရန်နှင့် ဘုရားဖြစ်တော်စဉ် ဟောကြားတော်မူရန်လည်း မထေရ်မြတ်ကပင် တောင်းပန်ခဲ့သည်။

"ဂါရ၀ နိဝါတ" အရာတွင်လည်း မထေရ်မြတ်သည် စံတင်အတုယူလောက်သော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ တခါသော်
အရေးတကြီး ကိစ္စရှိသဖြင့် သင်္ကန်းကို မညီမညာဝတ်ရုံမိသော အရှင်သာရိပုတ္တရာအား သာမဏေတစ်ပါးက ညီညာစွာဝတ်ရုံသင့်ကြောင်း ပြောပြသဖြင့် သင်္ကန်းကို ညီညာစွာ ပြန်လည် ၀တ်ရုံပြီး ကိုရင်လေးရှေ့ရပ်ပြကာ သာမဏေငယ်၏ ဆုံးမမူကို ဦးထိပ်ပန်ဆင်၍ ပြုံးရွှင်ကျေနပ်စွာ လိုက်နာဖူးသည်။

အရှင်သာရိပုတ္တရာသည် တချိန်က ဟိမ၀န္တာလိုဏ်ဂူတခု၌ တံမြက်မလှည်းဘဲ သမာပတ်ဝင်စားနေမိသည့်အတွက် မြတ်စွာဘုရားဆုံးမဖူးသည်ကို တသက်လုံး စွဲမြဲစွာ နာယူခဲ့သည်။ ထိုအခါမှ စ၍ သံဃာတော်များ ဆွမ်းခံကြချိန်တွင် ကျောင်းတိုက်တခုလုံးသို့ လှည့်လည်၍ တံမြက်လှည်းခြင်း၊ ရေခပ်ဖြည့်ခြင်းစသော သေနာသန၀တ်တို့ကို ပြုတော်မူလေ့ရှိသည်။ ထိုသို့ သေနာသန၀တ်ကို ပြုပြီးမှ ဆွမ်းခံကြွတော်မူမြဲဖြစ်သည်။ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေတို့ ၀တ်ကြီးဝတ်ငယ်အသွယ်သွယ်ကို မပျင်းမရိ မခိုမကပ် လိုက်နာဆောင်ရွက်ရေးအတွက်လည်း ရှေ့ဆောင်လမ်းပြခဲ့သည့် ပုဂ္ဂိုလ်ကြီး ဖြစ်ပေသည်။

မထေရ်မြတ်သည် သာသနာ့ဘောင်တွင် အဂ္ဂသာဝကကြီးအဖြစ် အထင်ရှားဆုံး အရေးအပါဆုံး ပုဂ္ဂိုလ်ကြီးဖြစ်သည့်အားလျော်စွာ သူတပါးကျေးဇူးကို သိသည့်အရာတွင်လည်း ပြိုင်ဘက်ကင်းတော်မူ၏၊
မိမိကို ဆွမ်းတစ်ဇွန်းမျှ လောင်းလှူဖူးသော ရာဓပုဏ္ဏား၏ ကျေးဇူးကို အသိအမှတ်ပြု ကျေးဇူးတုံ့ဆပ်သောအနေဖြင့် ရာဓကို
ရဟန်းပြုပေးခဲ့သည်။ လွန်စွာဆင်းရဲနွမ်းပါး၍ ခိုကိုးရာမဲ့ ပုဏ္ဏားအိုကြီး ရာဓသည် အသက်အရွယ်ကြီးရင့်သဖြင့် ကျောင်းသို့လာကာ ရဟန်းပြုပေးပါမည့်အကြောင်း သံဃာတော်တို့အား လျှောက်ထားရာ သံဃာတော်တို့က ဥပေက္ခာပြု လျစ်လျူရူနေကြသည်။ ရှင်သာရိပုတ္တရာကျေးဇူးသိမူကြောင့် ပုဏ္ဏားအိုကြီးရာဓသည်
"ဆဠဘိည ပဋိသမ္ဘိဒါပတ္တ မဟာသာဝကကြီး" တပါး ဖြစ်ခဲ့သည်။

ထိုမှတပါး ဆရာ၏ကျေးဇူးကို သိရာ၌လည်း အရှင်သာရိပုတ္တရာမထေရ်ကြီးသည် စံတင်လောက်ပါပေသည်။
မိမိ မည်သည့်အရပ်ဒေသသို့ ရောက်နေသည်ဖြစ်စေ ရောက်ရာအရပ်၌ မိမိအား သရဏဂုံတည်အောင် အရိယာဘ၀သို့ရောက်ရှိအောင် ဟောပြခဲ့သည့် မိမိဆရာ "အရှင်အဿဇိမထေရ်" သီတင်းသုံးရာ အရပ်ဒေသဘက်သို့ ခေါင်းရင်းပြု၍ အိပ်စက်လေ့ရှိသည်။

အဂ္ဂသာဝကဧတဒဂ်ရ ပုဂ္ဂိုလ်ကြီးဖြစ်နေသော်လည်း ကျေးဇူးရှင် ငယ်ဆရာကို ဘယ်ခါမျှ မမေ့ပေ။

ဗုဒ္ဓမြတ်စွာသည် သက်တော် ၈၀၊ ၀ါတော် ၄၅-၀ါတွင် ပရိနိဗ္ဗာန် ပြုတော်မူရန် မာရ်နတ်ကို ကတိပေးပြီးနောက်
ဝါကျွတ်၍ ဇေတ၀န်ကျောင်းတော်သို့ ပြန်ကြွတော်မူသောအခါ အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားထံ ပရိနိဗ္ဗာန် ပြုခွင့်ပေးပါရန် လျှောက်ထားပြီး ရဟန်းတော်များအား နောက်ဆုံး ဟောကြားခြင်းအဖြစ် တန်ခိုးပြာဋိဟာပြ၍ တရားဟောတော်မူသည်၊ မြတ်စွာဘုရားရှင်အား တရားဖြင့် နောက်ဆုံး ပူဇော်ခြင်းဖြင့် ရှိခိုးပူဇော်ပြီး ပရိသတ်ခြံရံကာ ဇေတ၀န်ကျောင်းတော်မှ ထွက်ခွာတော်မူခဲ့သည်။

မထေရ်မြတ်သည် မိမိအပါအ၀င် ရဟန္တာ ၇-ပါး၏ မိခင်ဖြစ်သော်လည်း ယခုတိုင် မိစ္ဆာအယူရှိနေသေးသည့် မိခင်ကြီးကို ချေချွတ်ဖို့ရန် မိမိဇာတိ ဥပတိဿရွာခေါ် နာလကရွာ မွေးဖွားရာတိုက်ခန်းသို့ ကြွတော်မူသည်။ တိုက်ခန်းသို့ရောက်၍ မကြာမီမှာပင် သွေးသွန်ရောဂါပြင်းစွာခံစားတော်မူ၏။ မယ်တော် ရူပသာရီပုဏ္ဏေးမကြီးသည် တိုက်ခန်းတံခါးဝကိုမှီ၍ ညိုးငယ်စွာ ရပ်တည်နေခိုက် စတုမဟာရာဇ်နတ်မင်းကြီးလေးဦးတို့သည် ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာဖြင့် မထေရ်မြတ်အား နောက်ဆုံးဖူးမြော်ပြုစုရန် ရောက်ရှိလာကြကုန်၏။ သူနာပြုရဟန်းတို့ရှိနေသဖြင့် မထေရ်က ပြန်လွှတ်တော်မူသည်။ ထို့နောက် သိကြားမင်းသည်လည်းကောင်း၊ ထို့နောက် ဗြဟ္မာမင်းကြီးတို့သည်လည်းကောင်း အသီးသီးပြုစုရန် လာရောက်ကြလေသည်။

နတ်ဗြဟ္မာတို့ လာကြ ပြန်ကြသည်ကိုမြင်၍ မယ်တော်ပုဏ္ဏေးမကြီးသည် အံ့အားသင့်ကာ “သားဖြစ်သူပင် ဤမျှတန်ခိုးကြီး သေးလျှင် သား၏ဆရာဘုရားရှင်မှာ မည်မျှတန်ခိုးကြီးလေမည်မသိ”ဟု လည်းစဉ်းစားလျက် သားဖြစ်သူအား မေးလျှောက်လေသည်။ မထေရ်မြတ်က ဤနတ်သိကြား ဗြဟ္မာတို့သည် ငါတို့ဆရာမြတ်စွာဘုရား၏ အရံစောင့် သပိတ်ထမ်း
ထီးတော်မိုးကြသူများသာ ဖြစ်ကြောင်း ဘုရားရှင်၏ ဂုဏ်တော်ကို ထုတ်ဖော်ဟောပြလေရာ မယ်တော်ကြီးမှာ လွန်စွာအံသြကြည်နူးသွားလေသည်၊ သားမထေရ်၏ တန်ခိုးကြီးပုံ၊ မြတ်စွာဘုရား၏ ကျေးဇူးဂုဏ်တို့ကို အာရုံစိတ်မှန်းဖြင့် ၀မ်းမြောက်ကြည်ညိုနေချိန်တွင် မထေရ်မြတ်က ဗုဒ္ဓဂုဏ်ရည်တို့ကို ဆက်လက်ဟောပြသဖြင့် မယ်တော်ကြီး သောတာပန်ဖြစ်သွားသည်။

မယ်တော်ကြီးကို ချေချွတ်ပြီးနောက် သံဃာတော်တို့ကို စုဝေးကာ သြ၀ါဒပေးတော်မူပြီးလျှင် လက်ယာနံတောင်းဖြင့် လျောင်းတော်မူလျက် သမာပတ်ကိုးပါးကို ရင်ဖျားတုံ့လှည့် ၀င်စားတော်မူကာ ပရိနိဗ္ဗာန်ပြုတော်မူလေသည်။ ညီတော် "စုန္ဒ" သည် မထေရ်မြတ်၏ဓာတ်တော်များကို ရေစစ်တွင်ထည့်ကာ ဇေတ၀န်ကျောင်းတော်သို့ ပင့်ဆောင်သွားပြီး မြတ်စွာဘုရား
လက်တော်သို့ ဆက်ကပ်လေသည်။ မြတ်စွာဘုရားသည် မထေရ်မြတ်၏ ဂုဏ်ကျေးဇူးတို့ကို ဂါထာငါးရာဖြင့် ချီးကျူးတော်မူ၍ ဓာတ်တော်များကို ဋ္ဌာပနာကာ သာဝတ္ထိပြည်တွင် စေတီတော်တည်ထားစေတော်မူလေသည်။

အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး ဟောကြားကျူးရင့်တော်မူလေ့ရှိသော သြ၀ါဒတရားတော် -

မာ မေ ကဒါစိ ပါပိစ္ဆော၊ ကုသီတော ဟီန၀ီရိယော။
အပ္ပဿုတော အနာဒရော၊ ကေန လောကသ္မိ ကိံ သိယာ။

" ယုတ်မာသောအလိုရှိသော ပျင်းရိသော လုံ့လ၀ီရိယနည်းပါးသော အကြားအမြင်နည်းသော အဆုံးအမ သြ၀ါဒ၌ ရိုသေခြင်းကင်းသော ပုဂ္ဂိုလ်သည် ငါ၏အထံ၌ တရံတခါမျှ မရှိပါစေသတည်း၊ အကြောင်းကား လောက၌ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား ဆုံးမသြ၀ါဒပေးခြင်းဖြင့် အဘယ်သို့မျှ အကျိုးထူးလာနိုင်တော့မည် မဟုတ်သောကြောင့်တည်း။"

ဗဟုဿုတော စ မေဓာဝီ၊ သီလေသု သုသမာဟိတော။
စေတောသမထမနုယုတ္တော၊ အပိ မုဒ္ဓနိ တိဋ္ဌတု။

" အကြင်ပုဂ္ဂိုလ်သည် အကြားအမြင်များစွာရှိ၏၊ ပညာလည်းရှိ၏၊ စတုပါရိသုဒ္ဓိသီလတို့၌ ကောင်းစွာတည်၏၊ စိတ်ကိုကောင်းစွာထားခြင်းနှင့် စပ်ယှဉ်၏၊ ထိုသို့သောပုဂ္ဂိုလ်သည် ငါ၏ဦးထိပ်၌သောလည်း တည်ပါစေသတည်း။ "

ဂါမေ ၀ါ ယဒိ ၀ါ ရညေ၊ နိန္နေ ၀ါ ယဒိ ၀ါ ထလေ။
ယတၳ အရဟေႏၱာ ၀ိဟရႏၱိ၊ တံ ဘူမိ ရာမေဏယ်ကံ။

" ရွာ၌သော်လည်းကောင်း၊ တော၌သော်လည်းကောင်း၊ ချိုင့်ဝှမ်းရာအရပ်၌သော်လည်းကောင်း၊ မြင့်မောက်ရာအရပ်၌သော်လည်းကောင်း အကြင်အရပ်၌ ရဟန္တာအရှင်မြတ်တို့သည် သီတင်းသုံး နေထိုင်ကြကုန်၏၊ ထိုရဟန္တာအရှင်မြတ်တို့နေသော အရပ်သည် နှလုံးမွေ့လျော်ဖွယ် ရှိသည်သာလျှင်တည်း။ "
 
[ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ - ]


မှ ပြန်လည်မျှဝေပါသည်။
(စိမ့်စမ်းရေ ဆိုဒ်မှကူးယူဖော်ပြပါသည်...) 


“အရှင်မဟာမောဂ္ဂလ္လာန် မထေရ်”
•••••••••••••••••••••••••••••••••••••••••••
အရှင်မဟာမောဂ္ဂလ္လာန်သည် “လက်ဝဲတော်ရံ အဂ္ဂသာဝကမထေရ်မြတ်” ဖြစ်သည်။
မထေရ်မြတ်မှာ ဘုန်းတန်ခိုးအာနုဘော် ကြီးမားလှသဖြင့်မြတ်စွာဘုရား အားထားရသော ခေါင်းဆောင်မထေရ်ကြီး
တစ်ပါး ဖြစ်သည်။ နန္ဒောပနန္ဒာနဂါးကို မာန်စွယ်ကျိုးအောင် ဆုံးမတော်မူပြီး မြတ်စွာဘုရားထံ ခေါ်ဆောင်ခဲ့ကာ သရဏဂုံတည်စေခဲ့သည်။
နတ်ပြည်သို့ကြွ၍လည်း နတ်သားနတ်သမီးတို့၏ ဘ၀အကြောင်း လူ့ရွာ၊လူသား ဒကာ ဒကာမများအား အဖြစ်မှန်ကို ပြန်လည်ဟောပြ အားကျစေခဲ့သည်၊ ငရဲဘုံ ၊ ပြိတ္တာဘုံသို့ ကြွရောက်၍လည်း ဆင်းရဲဒုက္ခ ခံစားနေကြရသော ငရဲ ၊ပြိတ္တာတို့၏ ဘ၀ကို လူ့လောကမှ ဒကာ ဒကာမတို့အား အကုသိုလ်မူမပြုကြရန် ပြန်လည်ဟောပြတော်မူသည်။
အဂ္ဂသာဝကမထေရ်နှစ်ပါးသည်“နေနှင့်လ” ပမာ လွန်စွာ ထင်ရှားသည့် သာသနာကျက်သရေဆောင်ကြီးများ ဖြစ်ကြသည်။
အရှင်မဟာမောဂ္ဂလ္လာန်အလောင်းလျာသည် လွန်ခဲ့သော တစ်အသေင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလက “သီရိဝဍ္ဎ” ဟူသော အမည်ဖြင့် ဥစ္စာကြွယ်ဝသည့် သူကြွယ်မျိုး၌ ဖြစ်ခဲ့သည်။
အရှင်သာရိပုတ္တရာအလောင်း သရဒလုလင်နှင့် အတူတကွ ကစားဖော်ငယ်သူငယ်ချင်းများ ဖြစ်ခဲ့ကြသည်၊
“အနောမဒဿီ မြတ်စွာဘုရား” ထံတော်တွင် “သရဒရသေ့” သည် လက်ယာတော်ရံ အဂ္ဂသာဝကဆုပန်ဆင်ပြီးသော အခါ သရဒရသေ့၏ တိုက်တွန်းချက်အရ ဘုရားအမှူးရှိသော သံဃာတော်တစ်သိန်းတို့အား ၇-ရက်လုံးလုံး ဆွမ်းသင်္ကန်းများလှူဒါန်းကာ “လက်ဝဲတော်ရံ အဂ္ဂသာဝကဆု”ကို ပန်ဆင်ခဲ့လေသည်။
“အနောမဒဿီ မြတ်စွာဘုရား”က “နောင်အခါ ပွင့်လတ္တံ့သော ဂေါတမမည်သော ဘုရားရှင်လက်ထက်တော်၌ “မောဂ္ဂလ္လာန်”ဟူသောအမည်ဖြင့် အဂ္ဂသာဝကမထေရ်မြတ် ဖြစ်လိမ့်မည်”ဟု ဗျာဒိတ်ပေးတော်မူခဲ့ လေသည်။

အဂ္ဂသာဝက လောင်းလျာ နှစ်ဦးတို့သည် သံသရာဝယ် ပါရမီဖြည့်စဉ်ကလည်း များသောအားဖြင့် အတူတကွ
ဖြည့်ခဲ့ကြပြီး နောက်ဆုံးဘ၀၌လည်း အတူတကွ လက်တွဲခဲ့ကြသည်။
နောက်ဆုံးဘ၀၌ ရာဇဂြိုဟ်မြို့တော်အနီး ကောလိတရွာတွင် မောဂ္ဂလိအမည်ရှိသော ပုဏ္ဏေးမ၏၀မ်းဝယ် ပဋိသန္ဓေယူခဲ့သည်။
ကောလိတရွာတွင် အကြီးအကဲအမျိုး၏ သားဖြစ်သောကြောင့် “ကောလိတ” ဟု အမည်မှည့်ကြကုန်၏။ “အရှင်သာရိပုတ္တရာအလောင်း ဥပတိဿနှင့် အရှင်မဟာမောဂ္ဂလ္လာန်အလောင်း ကောလိတ” တို့သည် ဝေဒသုံးပုံ အတတ်ပညာမျိုးစုံ တို့ကို တတ်ကျွမ်းခဲ့ကြသည်။
ကောလိတလုလင်တွင် အာဇာနည်မြင်းကသော ရထားငါးရာ အဆောင်အယောင် ရှိသည်။ သူငယ်ချင်း နှစ်ယောက်တို့သည် တောင်ထိပ်ပွဲသဘင်ကို နှစ်စဉ် အတူတကွ ပျော်ရွှင်စွာကြည့်ခဲ့ကြပြီး နောက်ဆုံးနှစ်တွင် သံဝေဂတရားရရှိက သိဉ္စည်းပရိဗိုဇ် ဆရာကြီးထံ ရဟန်းပြုခဲ့ကြသည်။
နောင်အခါ အရှင်အဿဇိထံမှ နာယူခဲ့ရသော တရားဂါထာကို ဥပတိဿ ပြန်လည်ဟောပြ၍ ကောလိတလည်း သောတာပန်ဖြစ်လာသည်၊ ထို့နောက် ရာဇဂြိုဟ် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားထံ ရောက်ရှိလာကြကာ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပို့တွဲလဆန်း ၁-ရက်နေ့၌ ဧဟိ ဘိက္ခုရဟန်းဖြစ်လာသည်၊
တပို့တွဲလဆန်း ၈-ရက်နေ့တွင် မဂဓတိုင်း ကလ္လ၀ါလရွာကို အမှီပြု၍ ရဟန်းတရားအားထုတ်ကာ သာဝက ပါရမီဉာဏ်၏ အထွတ်အထိပ်သို့ ရောက်တော်မူပြီး ရဟန္တာဖြစ်တော်မူသည်။ တပို့တွဲလပြည့်၌ ကျင်းပသော
ပထမသာဝကသန္နိပါတ သံဃာ့အစည်းအဝေးကြီးတွင် “အရှင်မဟာမောဂ္ဂလ္လာန်”ဟူသော အမည်ဖြင့် လက်ဝဲတော်ရံ
အဂ္ဂသာဝကအရာ ရတော်မူသည်။
နောင်အခါ သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းတော် သံဃာ့အစည်းအဝေးပွဲကြီးတွင် “တန်ခိုးအရာ ပြိုင်ဘက်ကင်းသော ဣဒ္ဓိမန္တ ဧတဒဂ်ဘွဲ့”ချီးမြှင့်ခြင်းခံရသည်။
မြတ်စွာဘုရားသည် သံဃာတော်များနှင့်အတူ ဝေရဉ္ဇာမြို့၌ ၀ါဆိုတော်မူစဉ် မာရ်နတ်၏ နှောင့်ယှက်မူကြောင့်
သံဃာတော်တို့အား ဆွမ်းလောင်းလှူရန် မေ့လျော့နေကြသဖြင့် ဆွမ်းအခက်အခဲကြုံခဲ့ဖူးသည်၊ ထိုအခါ အရှင်မဟာ မောဂ္ဂလ္လာန်မထေရ်က “လက်တစ်ဖက်ကို ကမ္ဘာမြေအသွင် ဖန်ဆင်းကာ ကမ္ဘာမြေကြီးပေါ်ရှိ သတ္တ၀ါ ရေ မြေ တော ၊တောင် ၊ သမုဒ္ဒရာ မြို့ရွာ နယ်ပယ်တို့ကို ပြောင်းရွှေ့ထားပြီးမှ လက်တစ်ဖက်ဖြင့် မြေကြီး၏ အတွင်းပိုင်းကို လှန်လျောကာ မြေဆီသြဇာကိုဆောင်ယူ၍ သံဃာတော်တို့အား ဆက်ကပ်ပါမည်။” ဟု လျှောက်ထားရာ မြတ်စွာဘုရား ခွင့်ပြုတော်မမူချေ။
ဘုန်းတန်းခိုးနည်းသော ရဟန်းတို့လက်ထက်တွင် ဒကာ ၊ ဒကာမတို့ အပြစ်တင်ကာ အကုသိုလ်ဖြစ်ကြမည် စိုးသောကြောင့် ဖြစ်၏။
မြတ်စွာဘုရားသည် စာတုမမြို့ သျှိသျှားတောကျောင်း၌ သီတင်းသုံးနေစဉ် အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလ္လာန် တို့သည် စာတုမရွာသို့ ရဟန်းငါးရာနှင့် အတူ ဆိုက်ရောက်လာကြသည်။ အာဂန္တုရဟန်းများနှင့် အာဝါသိကရဟန်းတို့ ကျယ်လောင်ဆူညံစွာပြောဆိုနေကြသည်ကို မြတ်စွာဘုရားကြားတော်မူလျှင် “တံငါသည်တို့ ငါးလုသကဲ့သို့ ဆူညံစွာ ပြောဆိုနေကြဘိသည်” ဟု မိန့်တော်မူပြီး နှင်ထုတ်တော်မူခဲ့သည်။
စတုမမြို့သား သာကီဝင်မင်းသားများက “မြတ်စွာဘုရား - ဤရဟန်းတော်တို့သည် သာသနာတော်သို့
ဝင်ရောက်လာသည်မှာ မကြာသေးပါ၊ ရဟန်းသစ်များသာဖြစ်ကြပါသည်။
သာသနာတော်၏ အဆုံးအမကို ရရှိရန် မြတ်စွာဘုရားထံ လာရောက်ကြခြင်းဖြစ်ပါသည်။ ပေါက်သစ်စ ကောက်ပင်ငယ်သည်ရေကို မရလျှင် ပျက်စီးနိုင်သကဲ့သို့လည်းကောင်း၊နွားသားငယ်သည် ပျောက်နေသော မိခင်နွားမကြီးကို ရှာမတွေ့လျှင် အားကိုးမဲ့ကာ ပျက်စီးရာသကဲ့သို့လည်းကောင်း ၊မြတ်စွာဘုရားကို မဖူးတွေ့ကြရသည်ရှိသော် နစ်နာဆုံးရှုံး သွားနိုင်ကြပါသည်၊ သံဃာတော်များကို ပြန်လည် လက်ခံတော်မူပါ မြတ်စွာဘုရား”ဟု လျှောက်ထားကြသဖြင့်ပြန်လည် လက်ခံတော်မူသည်။
ထိုကိစ္စကို “သဟမ္ပတိဗြဟ္မာကြီး”ပင် ၀င်ရောက် တောင်းပန်ခဲ့ရလေသည်။ အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလ္လာန် တို့သည် ထိုရဟန်းသစ်သံဃာငါးရာကို ခေါ်ဆောင်ပြီး မြတ်စွာဘုရားထံတော်သို့ အဆုံးအမခံယူရန် ရောက်လာကြရာ မြတ်စွာဘုရားရှင်က -
“သံဃာများကို ငါဘုရားနှင်ထုတ်သောအခါ သင်သည် မည်သို့ သဘောထားသနည်း”ဟု အရှင်သာရိပုတ္တရာကို
မေးတော်မူသောအခါ မထေရ်ကြီးက “မြတ်စွာဘုရားသည် သံဃာတော်အပေါ်၌ တစုံတရာ ကြောင့်ကြ စိုက်တော် မမူတော့ဘဲ ဖလသမာပတ်ဖြင့် ချမ်းသာစွာနေတော်မူလိုသည် ဖြစ်မည်။
ငါလည်း မြတ်စွာဘုရားရှင် ကဲ့သို့ပင် ဖလသမာပတ်ဖြင့် ချမ်းသာစွာ နေတော့မည်။” ဟု အောက်မေ့ကြောင်း လျှောက်ထားသည်။
တဖန် အရှင်မောဂ္ဂလ္လာန်ကို မည်သို့သဘောထားကြောင့် မေးတော်မူရာ “မြတ်စွာဘုရားသည် သမာပတ်ချမ်းသာဖြင့်
ငြိမ်းအေးစွာစံနေတော်မူလိုဟန်ရှိသည်၊ ယခုအခါ ငါသည် အရှင်သာရိပုတ္တရာနှင့်အတူ သံဃာတော်တို့ကို
စောင့်ရှောက်ဦးဆောင်ရန် အချိန်တန်နေပြီ”ဟု သဘောထားကြောင်း လျှောက်ထားလေသည်။
မြတ်စွာဘုရားရှင်သည် အရာရာ၌ တာဝန်ကိုမရှောင်၊ဦးဆောင်သည့်စိတ်ဓာတ်များ ဖြစ်ပွားစေတော်မူလိုသဖြင့်
ဤကိစ္စ၌ အရှင်မဟာမောဂ္ဂလ္လာန် လျှောက်ထားသည်ကိုသာကောင်းချီးသာဓု ပေးတော်မူလေသည်။
တခါက “ဒေ၀ဒတ်”၏ သင်းခွဲ ဆွဲဆောင်မူနောက်သို့ လမ်းမှားစွာ လိုက်ပါသွားသော ရဟန်းတော်များကို
ပြန်လည်သိမ်းသွင်းရန် အဂ္ဂသာဝကနှစ်ပါး လိုက်ပါသွားခဲ့သည်။
အရှင်သာရိပုတ္တရာက ပညာဖြင့်စည်းရုံသကဲ့သို့ ၊ အရှင်မောဂ္ဂလ္လာန်က တန်ခိုးဖြင့်သိမ်းသွင်းကာ ညာလက်ရုံး အားထားရသူများ ပီပီ တာဝန်သိသိ လွဲမှားသူများကို ပြန်လည်သိမ်းသွင်းပြီး လမ်းမှန်ရောက်စေခဲ့သည်။
မြတ်စွာဘုရားထံသို့အရောက် ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြသည်။
“အရှင်မောဂ္ဂလ္လာန်မထေရ်မြတ်”၏ နတ်ပြည်ကိုယ်တွေ့ ၊ငရဲပြည်ကိုယ်တွေ့ တရားတော်များကြောင့် လူတို့သည်
အလှူဒါန ဥပုသ်သီလ သမထ၀ိပဿနာ ကုသိုလ်ကောင်းမှုပြုလုပ်ရန် ထက်သန်လာကြသည်။ ဗုဒ္ဓသာသနာတော်ကို
ပို၍ ကိုးကွယ်ဆည်းကပ်လာကြသည်။
သာသနာတော် စည်ပင်ပြန့်ပွား ထွန်းကားတိုးတက်လာသည်နှင့်အမျှ ဘုရားအမည်ခံထားကြသော တိတ္ထိဆရာကြီး များ အဖို့ ကိုးကွယ်သူနည်းပါး လာဘ်သပ္ပကာ ရှားလာပြီး နေမင်း၏ ရောင်ဝါအောက်ဝယ် ပိုးစုန်းကြူးပမာ
မှေးမှီန်ပျောက်ကွယ်စ ပြုလာကြသည်။
ထို့ထက် အရှင်မဟာမောဂ္ဂလ္လာန်မထေရ်သည် ဒကာ ၊ဒကာမတို့ အား ငရဲပြည်အကြောင်း ဟောပြတော်မူရာ၌
မိစ္ဆာဒိဋ္ဌိအယူရှိသူများသည် မည်သို့မည်ပုံ ငရဲ၌ ဆင်းရဲကြီးစွာခံနေကြရကြောင်း ဟောကြားတော်မူ၍
အရှင်မဟာမောဂ္ဂလ္လာန် အပေါ် “တတ္ထိ” တို့သည် အညှိုးထားလာကြသည်။
သာသနာပြင်ပ ဂိုဏ်းအသီးသီးမှ တတ္ထိတို့သည် “သုန္ဒရီ ပရိဗိုဇ်မ၊ စိဉ္စမာန၀ိကာ” စသော အသိဉာဏ်နည်းသည့်
မိန်းမသားများကိုပင် အသုံးပြု၍ ဘုရားရှင်၏ ဂုဏ်သရေကို ဖျက်ဆီးရုံမျှမက တန်ခိုးကြီးသည့်အရာတွင် နာမည်ကျော်လှသည့် အရှင်မောဂ္ဂလ္လာန်ကဲ့သို့သော ပုဂ္ဂိုလ်မြတ်ကြီးကိုပင်လျှင် လုပ်ကြံသတ်ဖြတ်ရန် ကြံစည်လာကြသည်။
ထိုအကြံအစည်ထမြောက်ရန် မထေရ်မြတ်၏ အတိတ်ကံကလည်း ဖန်လာခဲ့သည်။
အရှင်မောဂ္ဂလ္လာန်သည် သံသရာကျင်လည်စဉ် ဘ၀တစ်ခုကမယားမိုက်၏ စကားကို နားထောင်ကာ ကျေးဇူးကြီးလှ
မိနှင်ဘတို့ကို သူခိုးဓားပြယောင်ဆောင်၍ ရိုက်နှက်ခဲ့ဖူးသည်။ ထိုအကုသိုလ်ကံက အကျိုးပေးရန် အခွင့်ရောက်လာ၍
တန်ခိုးအရာ ပြိုင်ဘက်ကင်းသူဖြစ်သော်လည်း ရှေးကြမ္မာဝဋ်ကား မလွတ်သာခဲ့ချေ၊ “၀ဋ်မှာအမြဲ ငရဲမှာအပ” ဟူသော
ဆိုရိုးစကားအရ ငရဲကို အရိယာမဂ်ဖြင့် ပယ်ဖျောက်နိုင်သော်လည်း အတိတ်ဘ၀ ၀ဋ်ကြွေးကိုမူ ရှောင်လွဲ၍မရ၊ ပြန်လည်ပေးဆပ်ရသည်။
တိတ္ထိတို့၏ ငွေကြေးပေး ခိုင်းစေမူကြောင့် ခိုးသားငါးရာတို့သည် အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးကို
ရိုက်နှက်သတ်ဖြတ်ရန် ချောင်းမြောင်းနေကြသည်၊ ပထမအကြိမ် ၊ ဒုတိယအကြိမ် နှစ်ကြိမ်တိုင်တိုင် ဈာန်တန်ခိုးဖြင့်
ကောင်းကင်ပျံကာ ရှောင်တိမ်းနိုင်သော်လည်း ၊ တတိယအကြိမ်မှာမူ ၀ဋ်ကြွေးကြုံလာပြီဖြစ်သဖြင့် အတောင်ကျိုးသော ငှက်ငယ်ပမာ ဈာန်အစွမ်း မပြနိုင်တော့ဘဲ ကံတရား၏ စီမံမှုကို ခံရလေတော့သည်။
အရှင်မောဂ္ဂလ္လာန်မထေရ်မြတ်ကြီး၏ ဘ၀ဖြစ်စဉ်တော်က ကံတန်ခိုး ၊ ဈာန်တန်ခိုးနှင့် ဉာဏ်တန်ခိုးတို့ကို
ချိန်ထိုးညွှန်ပြတော်မူခဲ့လေပြီ။
ခိုးသားငါးရာတို့ စိတ်တိုင်းကျ ထောင်းထုသဖြင့် ဖွဲအိပ်ပမာ ညက်ညက်ကြေနေသော ခန္ဓာကိုယ်ကို မထေရ်မြတ်သည်
သမာပတ်တန်ခိုးဖြင့် ပြန်လည်ထိန်းပြီး မြတ်စွာဘုရားထံအရောက် ကြွတော်မူခဲ့သည်။ မြတ်စွာဘုရားအား ရှိခိုးပြီး ၊ပရိနိဗ္ဗာန်ပြုခွင့်တောင်းလေရာပရိနိဗ္ဗာန်မပြုမီ ဘုရားရှင်၏ တိုက်တွန်းတော်မူချက်အရ ရဟန်းသံဃာများကို တန်ခိုးအမျိုးမျိုးပြကာ တရားဟောတော်မူရသည်။
မြတ်စွာဘုရားကို နောက်ဆုံး ရှိခိုးခြင်းဖြင့် ရှိခိုးပြီး ဇေတ၀န်ကျောင်းတော်မှထွက်ကာ၊ရာဇဂြိုဟ်မြို့တော်
ဣသိဂိလိတောင်ယံ ကာဠသိလာကျောက်ဖျာထက်၌ မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့၌
ပရိနိဗ္ဗာန်ပြုတော်မူသွားလေသည်။
မြတ်စွာဘုရားနှင့် သံဃာတော်တို့သည် ရာဇဂြိုဟ်သို့ကြွလေတော်မူကြပြီး အရှင်မြတ်၏ ရုပ်ကလာပ်တော်ကို မီးသင်္ဂြိုဟ်တော်မူကာ ဓာတ်တော်များကို “ဝေဠုဝန်ကျောင်းတော် တံခါးမုခ်အနီး” ၌ ဓာတုစေတီ တည်ထားစေတော်မူလေသည်။
အရှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ်ကြီး ကျူးရင့် ဟောကြားတော်မူလေ့ရှိသော သြ၀ါဒတရားတော် -
ယေ စ ပဿန္တိ သင်္ခါရေ၊ ပရတော နော စ အတ္တတော။ပစ္စဗျာဓိံသု နိပုဏံ၊ ၀ါလဂ္ဂံ ဥသုနာ ယထာ။
ရုပ် ဝေဒနာ သညာ သင်္ခါရ ၀ိညာဏ်ဟူသော ခန္ဓာငါးပါးတို့ကို “အနှစ်သာရရှိ၏၊ အလိုသို့လိုက်ပါ၏၊ အစိုးရ၏(အတ္တ)”ဟု မရှုမြင်ဘဲ ထိုခန္ဓာငါးပါးတို့သည် အနှစ်သာရမရှိ၊ အလိုသို့မလိုက်၊ အစိုးမရ(အနတ္တ)ဟု ရူမြင်သော ပုဂ္ဂိုလ်သည် အစိတ်တစ်ရာစိတ်၍ ထားအပ်သော သာမြီးဖျား၏ တစ်စိတ်မျှကိုပင် မြားဖြင့် မှန်အောင် ပစ်နိုင်စွမ်းရှိသူကဲ့သို့ အလွန်သိမ်မွေ့သော အနက် အဓိပ္ပာယ် သဘောတရားကို ထိုးထွင်း၍ သိနိုင်ပေ၏။
နယိဒံ သိထိလမာရဗ္ဘ၊ နယိဒံ အပ္ပေန ထာမသာ။နိဗ္ဗာန မဓိဂန္တဗ္ဗံ၊ သဗ္ဗဂန္ထပမောစနံ။
အလုံးစုံသော ဂန္ထတရားတို့မှ လွတ်မြောက်ရာ နိဗ္ဗာန်ကို ပေါ့ပေါ့ လျော့လျော့ အားထုတ်ရုံမျှဖြင့်
မရရှိနိုင်၊ နိဗ္ဗာန်ကို အနည်းငယ်မျှသော ၀ီရိယအစွမ်းဖြင့် မရရှိနိုင်။
န ဝေ အဂ္ဂိ စေတယတိ၊ အဟံ ဗာလံ ဍဟာမီတိ။
ဗာလောဝ ဇလိတံ အဂ္ဂိံ၊ အာသဇ္ဇ နံ ပဍယှတိ။
မီးသည် “လူမိုက်ကို ပူလောင်စေအံ့”ဟု လုံ့လမပြုပေ။
အလျှံတပြောင်ပြောင် တောက်လောင်သော မီးကို
လူမိုက်ကိုယ်တိုင်က ကိုင်တွယ်ထိတွေ့ခြင်းကြောင့်သာ ပူလောင်စေ၏။

[ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန
ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ - ]




မှ ပြန်လည်မျှဝေပါသည်။


(စိမ့်စမ်းရေ ဆိုဒ်မှ ကူးယူဖော်ပြပါသည်...) 



မြန်မာလ (၁၂) လ ရှိသည့်အနက် ၀ါဆိုလသည် စတုတ္ထမြောက်လဖြစ်သည်။ ၀ါဆိုလသည် မြန်မာနိုင်ငံ၏ နွေရာသီနှင့်မုတ်သုံရာသီ ကာလအပိုင်းအခြားတွင်ဖြစ်ပြီး၊ အင်္ဂလိပ်လ ဇွန်၊ ဇူလိုင်လအတွင်းတွင် ကျရောက်လျှက်ရှိသည်။ (၁၂) လရာသီရှိသည့်အနက်မှ ၀ါဆိုလပြည့်နေ့သည် အရေးပါသောနေ့တစ်နေ့ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ အစိုးရရုံးပိတ်ရက်များတွင်လည်းပ
ါဝင်သည်။ ၀ါဆိုလ၏ဆိုလိုရင်းမှာ ၀ါ သည်နေထိုင်ခြင်း ၊ ဆိုသည် ရွတ်ဆိုခြင်းဟု အနက်ဖွင့်ဆိုကြသည်။ မိုးတွင်းသုံးလပတ်လုံး ရဟန်းတော်များသီတင်းသုံးရာကျောင်း၌ နေထိုင်ပါ မည်ဟုအဆိုပြုသောလကို ၀ါဆိုလဟုခေါ်ဆိုသည်။ တစ်နည်းအားဖြင့် ၀ါဆိုလကိုပုဂံခေတ်ဦးတွင် မယ်တာ ဟုရေးသားအသုံးပြုခဲ့ကြသည်။ ပုဂံခေတ်နှောင်းပိုင်းတွင် မယ်တာ မှ နွေတာဟု ပြောင်းလဲခေါ်ဆိုခဲ့ကြသည်။ မယ်တာဟူသောစကားလုံး၏အဓိပ္ပါယ်မှာ မယ် သည်လယ်ယာ ၊ မိုး ၊ မြေ ကိုကိုယ်စားပြုပြီး ၊ တာ ဆိုသည်မှာတိုင်းတာခြင်းဟု အနက်ဖွင့်ဆိုသည်။ ထို့ကြောင့် လယ်ယာမိုးမြေကိုတိုင်းတာသောလဟုလည်းဆိုနိုင်ပါသည်။ ၀ါဆို လ၏ ယေဘုယနေထွက် ချိန်မှာ နံနက် ၄ နာရီ ၄၈ မိနစ်ဖြစ်ပြီး၊ နေ၀င်ချိန်မှာ ညနေ ၇ နာရီ ၁၂ မိနစ်ဖြစ်သည်။ ၁၂ လရာသီအနက် ၀ါဆိုလသည် နေ့ တာအရှည်ဆုံးလဖြစ်သည်။ ၀ါဆိုလကိုကိုယ်စားပြုသောရာသီမှာ မြန်မာအခေါ် ကရကဋ် ၊ ပါဠိ အခေါ်အားဖြင့် ကက္ကဋ ဖြစ်သည်။ မြန်မာအခေါ်ဝါဆိုလကို ဥရောပတိုက်တွင်ရာသီအားဖြင့် ကင်ဆာ (Cancer) ဟုခေါ်သည်။ ကိုယ်စားပြုသောရုပ်ပုံမှာ ပုဇွန်လုံး သို့မဟုတ် ကဏာန်းကောင် ဖြစ်သည်။ ရုပ်ပုံအားဖြင့်ပုဇွန်လုံးနှင့် ရာသီအားဖြင့် Cancer ဟူသောအမည်သည် ဆက်စပ်နေသည်။ ပုဇွန်လုံးသည်ခြေထောက်များစွာဖြင့် နေရာမျိုးစုံသွားသကဲ့သို့ Cancer ခေါ်သည့်ရောဂါသည်လည်းဖြစ်သည့်နေရာတွင်မက အခြားနေရာများသို့


(ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး)

(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရြှိုခင်း။

(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။

(၃) တော်ထွက်တော်မူစဉ်က ပယ်ဖြတ်မူသောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။

(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။

(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နိုင်ခြင်း။

(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။

(၇) ဝေနေယျသတ္တ၀ါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)

(၈) ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။

(၉) အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။

(၁၀) လူနတ်တို့၏စိတ်ကို အသာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။

(၁၁) အသံတော်ရှစ်ပါးနှင့်တရားဟော်တော်မူရာ အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ဟောသကဲ့သို့ကြားရခြင်း။

(၁၂) ကျွတ်အံ့သော သတ္တ၀ါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း။

(၁၃) လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော အိနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။

(၁၄) အထက်ပါ(၁၃)ပါးနှင့် ဥေယျဓံတရား(၅)ပါးကို သိနိုင်ခြင်း။

(၁၅) အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။

(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးဖြာဋိကာပြနိုင်ခြင်း။

(၁၇) တာဝတိံသာသို့ အဘိဓမ္မာတရားဟော်တော်မူရန် ပကတိ သုံးဖ၀ါးနှစ်လှမ်းတည်းဖြင့် ကြွတော်မူနိုင်ခြင်း။

(၁၈)ဒေသစာရီကြွချီတော်မူလျှင်ခြေရာမတင်သည့်အပြင်မြေအညီအညွတ်ဖြစ်ရခြင်း။


(copy from facebook)


၁။ အ၀ိဇ္ဇာအဏ္ဍကောသမှိ ၊ သတ္တေ တဏှာဇလမ္ဗုဇေ ။
တမှာ ဌာနာ နိက္ခာမေသိ ၊ ဒေသနာဉာဏ တေဇသာ ။
ဧတေန သစ္စ၀ဇ္ဇေန ၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။
( မြတ်စွာဘုရားသည် ) အ၀ိဇ္ဇာဥခွံအတွင်း၌ ဖြစ်ကုန်သော သတ္တ၀ါများနှင့် တဏှာတံလျပ်၌ ဖြစ်ကုန်သော သတ္တ၀ါတို့ကို ဒေသနာဉာဏ်တန်ခိုးဖြင့် ထိုနေရာမှ ထွက်မြောက်စေတော်မူပြီ။ ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ မှတ်ချက်။ ။ တဏှာဇလာဗုဇေ-ဟုရှိခဲ့သော် တဏှာ-တည်းဟူသော သားအိမ်၌ ဖြစ်ကုန်သော-ဟု မြန်မာပြန်ပါ။

၂။ မဟာမောဟန္ဓကာရေန ၊ အဘိဘူတေ မဟာဇနေ ။
ပညာစက္ခုံ လဘာပေသိ ၊ ဉာဏာလောကေန သော ဇိနော ။
ဧတေန သစ္စ၀ဇ္ဇေန ၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။
( မြတ်စွာဘုရားသည် ) မောဟမှောင်ကြီး ဖိစီးနှိပ်စက်ခြင်း ခံနေရသော သတ္တ၀ါများကို ဉာဏ်တော်တည်းဟူသော အလင်းရောင်ဖြင့် ပညာမျက်လုံးကို ရစေတော်မူပြီ။ ဤမှန်ကန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၃။ ရာဂါဒိအဂ္ဂိဇာလေဟိ ၊ ဍဍ္ဎကာယံ မဟာဇနံ ။
နိဗ္ဗာပေသိ နရနာထော ၊ အဋ္ဌမဂ္ဂင်္ဂ၀ါရိနာ ။
ဧတေန သစ္စ၀ဇ္ဇေန ၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။
လူသုံးပါးတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ရာဂစသော မီးလျှံတို့ဖြင့် ပူလောင်သော ကိုယ်ရှိသော သတ္တ၀ါများကို မဂ္ဂင်ရှစ်ပါးတည်းဟူသော ရေစင်ဖြင့် ငြိမ်းစေတော်မူပြီ။ ဤမှန်ကန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၎။ စတုရောဂေဟိ ၀ုယှန္တေ ၊ ဂမ္ဘီရေ သံသာရဏ္ဏဝေ ။
ဥတ္တာရေသိ မဟာဝီရော ၊ ဓမ္မနာဝါယ နာယကော ။
ဧတေန သစ္စ၀ဇ္ဇေန ၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။
ကြီးမြတ်သော လုံ့လရှိတော်မူသော လူသုံးပါးတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူသော မြတ်စွာဘုရားသည် အလွန် နက်စောက်သော သံသရာတည်းဟူသော သမုဒ္ဒရာ၌ သြဃလေးပါးတည်းဟူသော ရေအလျဉ်တို့ဖြင့်

၁။ မာရ်နတ်သားကို အောင်တော်မူခြင်း


ဘုရားအလောင်းတော်သည် ‘အသားအသွေးတွေ ခန်းခြောက်ပြီး အရေ ကြော အရိုးချည်းသာ ကျန်ချင်ကျန်ပါ စေ၊ ဘုရား မဖြစ်သမျှ ငါမထ’ ဟု စိတ်ကို အခိုင်အမာ ဆုံးဖြတ်၍ အပရာဇိတ ပလ္လင်ထက်၌ ထိုင်တော်မူလေ သည်။ထိုစဉ်ဝသ၀တ္တီနတ်ဘုံမှ မာရ်နတ် သည် ‘သိဒ္ဓတ္ထမင်းသားသည်ငါ၏နယ်ပယ် ဘုံသုံးပါးမှလွတ်မြောက်ရန်ကြိုးပမ်းနေလေပြီး၊သူအားငါ၏နယ်ပယ်မှလွတ်မြောက်ခွင့်မပေး နိုင်’ဟုကြံစည်ကာ နတ်စစ်သည်တို့ကိုဦးဆောင်လျက်ဘုရားအလောင်းတော်အား တိုက်ခိုက်ရန်စစ် ချီလာသည်။ နတ်စစ်သည်တို့ကား စကြ၀ဠာ တံတိုင်း အထိပြည့်ကျပ်နေလေသည်။ရုပ်အဆင်း အမျိုးမျိုး မျက်နှာပုံအမျိုးမျိုးရှိ နတ်စစ် သည်များ သည်အမျိုးမျိုးသော လက်နက်များကိုစွဲကိုင်ချီတက်လာကြသည်။ မာရ်နတ် သည်ဂီရိမေခလာ ဆင်ကို တက်စီး ပြီးလက်ရုံး လက်နက် အသီးသီး စွဲကိုင်ထားသည်။မာရ်စစ်သည်တို့၏ စစ်ချီကြွေးကြော်သံကားသိမ့်သိမ့် ရိုက် ခတ်နေသည်။
ထိုအချိန်တွင် ဘုရားအလောင်းတော်အနီး၌ သိကြားမင်းသည် အတောင်နှစ်ရာရှိ ၀ိဇယုတ္တရ ခရုသင်းကို မှုတ်လျက် မဟာကာဠနဂါးမင်းသည် ဘုရားအလောင်းတော်၏ ဂုဏ်တော်ဖွဲ့များကို ရွတ်ဆိုသီကျူးလျက် သဟမ္ပတိဗြဟ္မာမင်းကမူ ထီးဖြူကြီးကို ဆောင်းမိုးပေးလျက် အသီးသီး ပူဇော်ကြခိုက်ဖြစ်၏ ။
မာရ်စစ်တပ်ကြီး ချီတက် ရောက်ရှိလာသောအခါ ယင်းတို့သုံးဦးသည် သင့်လျော်ရာ အရပ်သို့ ရှောင်ဖယ်သွား ကြသည်။ အပရာဇိတပလ္လင်ပေါ်တွင် ဘုရားအလောင်းတော် တစ်ပါး တည်းသာ ကျန်ရစ်ခဲ့လေသည်။
မာရ်နတ်က သူ၏စစ်သည်များအား ‘‘အမောင်တို့….သိဒ္ဓတ္ထမင်းသားသည် ပြိုင်ဘက်ကင်းသူဖြစ်၍ ငါတို့သည် သူ၏ရှေ့တည့်တည့်မှ မတိုက်ခိုက်ဝံ့ကြသော်လည်း သူ၏ နောက်ဘက်မှ တိုက်ခိုက်ကြစို့’’ ဟုဆိုလေသည်။
ဘုရားလောင်းတော်ကား ‘ဤမာရ်စစ်သည်များသည် ငါ့ကိုတိုက်ခိုက်ရန် လာကြခြင်း ဖြစ်သည်။ ဤအရပ်၌ ငါ၏ မိဘဆွေမျိုးလည်းမရှိ၊ ကာလကြာမြင့်စွာ ဖြည့်ကျင့်ခဲ့သော ပါရမီဆယ်ပါးသာရှိသည်။ ပါရမီအင်အားဖြင့်သာ ဤစစ်ပွဲကို ငါရင်ဆိုင်ရတော့မည်’ ဟုကြံစည်ကာ ပါရမီတော် ဆယ်ပါးကို ဆင်ခြင်လျက် နေလေသည်။
မာရ်နတ်သည် ဘုရားလောင်းတော် ပြေးစေရန် သစ်ပင်တောတောင် ရွာငယ် ရွာကြီးများပင် မှုန့်မှုန့်ညက်ညက် ကြေပျက်စေနိုင်သော လေမုန်တိုင်းကြီးကို ဘုရား အလောင်းတော်ထံသို့ လွှတ်လိုက်သည်။ ထိုမုန်တိုင်းသည် ဘုရားအလောင်းတော်၏ ပါရမီတန်ခိုးကြောင့် သင်္ကန်းစွန်းမျှကိုပင် မလှုပ်ခါစေနိုင်ပေ။
ထို့နောက် ဘုရားအလောင်းတော်ကို ရေဖြင့် ဖုံးလွှမ်းနှစ်သတ်မည်ဟု ကြံစည်၍ မိုးကြီး သည်းစွာ ရွာသွန်းစေပြန်သည်။ မိုးရေလှိုင်းကြီးသည် အလွန်ကြီးမား ပြင်းထန်သော်လည်း ဘုရားအလောင်းတော်၏ သင်္ကန်းစွန်းကို သော်မျှ မစိုစွတ်စေနိုင်။ ထို့ပြင် ကျောက်တုံးမိုး၊ ဓားလက်နက်မိုး၊ မီးကျီးမိုး၊ ပြာပူမိုး၊ သဲမိုး ရွှံ့ညွန် မိုးကြီးတို့ကို တစ်ခုပြီးတစ်ခု ဆက်တိုက်ရွာချ၏ ။ သို့သော်လည်း မာရ်နတ်သည် ဘုရားလောင်းတော် အား ထိခိုက်ကြောက်ရွံအောင် မစွမ်းဆောင်နိုင်ချေ။ ထို့နောက် ဘုရားအလောင်းတော် ကြောက်ရွံ ထွက်ပြေးစေရန် အလွန်ကြီးမားသော အမိုက်မှောင်ထုကြီးချလိုက်ပြန်၏။ ထိုအမိုက်မှောင်ထုကြီးသည်လည်း ဘုရားအလောင်း တော်ကို မလွှမ်းမိုးနိုင်ပြန်ချေ။
ထိုသို့ အမျိုးမျိုးတိုက်ခိုက်၍ မအောင်မြင်နိုင်သောအခါ မာရ်နတ်သည် သူ၏စစ်သည်များအား ‘သိဒ္ဓတ္ထကို ဖမ်းကြ၊သတ်ကြ ၊ပြေးအောင်လုပ်ကြ’ ဟုအော်ဟစ်အမိန့်ပေးပြန်သည်။ သူကိုယ်တိုင်လည်း ဂီရိမေခလာဆင်ကို တက်စီးကာ စက်ယန္တရားလက်နက်ကို စွဲကိုင်ပြီး-
‘‘ဟယ် သိဒ္ဓတ္ထ……ဤပလ္လင်မှထလော့၊ ဤပလ္လင်သည် သင့်ပလ္လင်မဟုတ်၊ ငါ့ပလ္လင်သာဖြစ်သည်’’ ဟုဆိုသည်။
ဘုရားအလောင်းတော်က‘‘ဟယ်မာရ်နတ်….သင်သည် ပါရမီဆယ်ပါးအပြားသုံးဆယ် တို့ကို မဖြည့်ကျင့်၊ စွန့်ခြင်း ကြီးငါးပါးကိုလည်းမဖြည့်၊ စရိယာသုံးပါးကိုလည်းမကျင့်။ ငါသည်သာ ထိုအရာအားလုံးတို့ကို ဖြည့်ကျင့်ခဲ့သူ ဖြစ်၍ ဤပလ္လင်သည် သင့်ပလ္လင်မဟုတ်၊ ငါ့ပလ္လင်သာဖြစ်သည်’’ ဟုမိန့်ဆိုသည်။
ထိုစကားကိုကြားလျှင် မာရ်နတ်သည် ဒေါသကို မချုပ်တည်းနိုင်ဘဲ ဘုရားအလောင်းတော်ကို စက်လက်နက်ဖြင့် ပစ်ခတ်သည်။ မာရ်စစ်သည် တို့ကလည်း မိမိတို့ဆိုင်ရာ လက်နက်များဖြင့် ပစ်ခတ်ကြသည်။ ဘုရားအလောင်း တော်ကား ဖြည့်ကျင့်တော်မူခဲ့သော ပါရမီတော်တို့ကိုသာ ဆင်ခြင်တော်မူနေ၏။ ထိုပါရမီစွမ်းရည်တန်ခိုး ကြောင့် မာရ်စစ်သည်တို့ ပစ်ခတ်သမျှ လက်နက်များ အချည်းနှီးသာဖြစ်သွားသည်။ နောက်ဆုံးတွင် ဘုရားအလောင်းတော် ‘‘ဤပလ္လင်သည် သင်ပြုခဲ့သောဒါနကြောင့် ဖြစ်ပေါ်လာသော ပလ္လင်မဟုတ်၊ သင့်ဒါန ကြောင့် ပေါ်ပေါက်လာသော ပလ္လင်ဖြစ်ကြောင်း သင့်မှာပြသစရာ သက်သေမရှိ’’ ဟုမာရ်နတ်အား မိန့်ဆိုသည်။ မာရ်နတ်က သူ၏စစ်သည်များအား သက်သေညွှန်ပြရာ စစ်သည်များက မာရ်နတ်၏ ပလ္လင်ဖြစ်ကြောင်း သက် သေခံကြသည်။ ထိုအခါ ဘုရားအလောင်းတော်က သင်္ကန်းအကြားမှ လက်ယာ လက်ကိုထုတ်ကာမဟာ ပထ၀ီ မြေကြီး အား လက်ညှိုးညွှန်ပြီး-
‘‘ဤပလ္လင်သည် ငါပြုခဲ့သော ပါရမီကြောင့် ပေါ်ပေါက်လာသော ပလ္လင်ဖြစ်သည်။ အခြားသော ဘ၀များစွာက ပြုခဲ့သော ပါရမီများကို ထားဘိဦး၊ ဝေဿန္တရာမင်းဘ၀က ခုနစ်ကြိမ်တိုင်တိုင် အလှူကြီးပေးလှူစဉ် မဟာပထ၀ီမြေကြီးသည် ခုနစ်ကြိမ်တိုင်အောင် လှူပ်ခဲ့ဖူးလေပြီ၊ ဤမဟာပထ၀ီမြေကြီးသည် ငါ၏ သက်သေဖြစ်ပေ၏’’ ဟုမဟာပထ၀ီမြေကြီးကို သက်သေထူသည်။ မဟာပထ၀ီမြေကြီးသည် ဘုရားအလောင်းတော်၏ ပါရမီစွမ်း အားကို သက်သေခံသောအားဖြင့်ပြင်းထန်စွာ လှုပ်ခါမြည်ဟီးလေ၏။ မာရ်နတ်နှင့် စစ်သည်များသည်လည်း ကြောက်ရွံထိတ်လန့်ကာ ခြေဦးတည့်ရာသို့ထွက်ပြေးကြလေသည်။
ထို့သို့ ဘုရားအလောင်းတော်က မာရ်စစ်တပ်ကို အပြီးသတ် အောင်မြင်လိုက်သောအခါ နင်္ဂါး၊ ဂဠုန်


ဂေါတမဘုရား ဗုဒ္ဓဝင်ဖြစ်စဉ်အကျဉ်းချုပ်...

၁။ ဗျာဒိတ်ခံယူသောဘဝ - သုမေဓာရသေ့ဘဝ

၂။ ဗျာဒိတ်ပေးသောဘုရား - ဒီပင်္ကရာဘုရားမှ အစပြု၍ ကဿပ ဘုရားရှင်အထိ ၂၄-ဆူ

၃။ ပါရမီဖြည့်ဖကိ(ဗျာဒိတ်ခံစဉ်) - သုမိတ္တာအမျိုးသမီး (ယသောဓရာအလောင်း)

၎။ ပါရမီဖြည့်ရာကာလ - လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း သုမေဓာဘဝမှ ဝေသန္တရာမင်းအထိ

၅။ ပါရမီဖြည့်ရခြင်း ရည်ရွယ်ချက် - သတ္တဝါများ အကျိုးဆောင်ရန်

၆။ ပဋိသန္ဓေမယူမီဘဝ - သေတကေတုအမည်ရှိ နတ်သားဘဝ

၇။ ဘုရားဖြစ်ရန် ပဋိသန္ဓေယူရန် တောင်းပန်လျှောက်ထားသူ - စကြာဝဠာတိုက်တစ်သောင်းမှနတ်ဗြဟ္မာများ

၈။ ကြည့်ခြင်း၅ပါး - (၁)အခါကာလ (၂)ကျွန်း (၃)အရပ် (၄)အမျိုး (၅)မယ်တော်၏အသက်       (ဖွားမြင်ပြီး ၇-ရက်သာနေသူ)

၉။ နေပြည်တော် - ကပိလဝတ် (သက္ကလတိုင်း မဇ္စိုမဒေသ)

၁၀။ မိဘအမည် - သုဒ္ဓေါဓနမင်း၊ မာယာဒေဝီမိဖုရား

၁၁။ မိထွေတော် - ပဇာပတိဂေါတမီ

၁၂။ သန္ဓေယူသောနေ့ - မဟာသက္ကရာဇ် ၆၇-ခု၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့

၁၃။ ဖွားမြင်သောနေ့ - မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်၊ သောကြာနေ့

၁၄။ ဖွားမြင်ရာဌာန - လုမ္ဗိနီဥယျာဉ် ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည်အကြား

၁၅။ ဖွားဖက်တော်၇-ပါး - (၁)ညီတော်အာနန္ဒာ (၂) ဗောဓိပင် (၃)ကာဠုဒါယီအမတ်

 
၁။ဘုရားအလောင်းတော် ယောင်္ကျားမြတ်ကို ဖွားမြင်သောခဏ၌ လောကဓာတ်တစ်သောင်း တုန်လှုပ်
၏။(ဤလောကဓာတ် စကြာဝဠာတိုက် တစ်သောင်း၌ တုန်လှုပ်ခြင်းသည်ကား အလောင်းတော်
ယောင်္ကျားမြတ်၏ သဗ္ဗညုတဥာဏ်တော်ကို ထိုးထွင်းမြင်သိ ရရှိအံ့သော ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်
ဖြစ်ပေ၏)။

၂။လောကဓာတ် စကြာဝဠာတိုက်တစ်သောင်း၌ နေကြကုန်သော နတ်ဗြဟ္မာတို့သည် ဤစကြဝဠာ
တစ်ခုတည်း၌ ပေါင်းဆုံစည်းဝေးကြကုန်၏။
(ဤလောကဓာတ် စကြဝဠာ တိုက်တစ်သောင်း၌ နေကြကုန်သော နတ်ဗြဟ္မာတို့ ဤစကြဝဠာ တစ်ခု
တည်း၌ ပေါင်းဆုံစည်းဝေးခြင်းသည်ကား ဓမ္မစကြာတရားတော်ကို ဟောတော်မူသောအခါ၌ ထိုနတ်
ဗြဟ္မာအပေါင်းတို့ တစ်ပြိုင်နက်စုဝေး၍ တရားတော်ကို နာယူရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၃။ဖွားမြင်လာသော အလောင်းတော်ယောင်္ကျားမြတ်ကို ရှေ့ဦးစွာ နတ်ဗြဟ္မာတို့က ခံယူကြကုန်၏။
(ထိုသို့ ရှေ့ဦးစွာ ဗြဟ္မာနတ်တို့ ခံယူကြခြင်းသည် ရူပါဝစရဈာန်တရား လေးပါးတို့ကို ရဖို့ရန် ရှေ့ပြေး
အကြောင်း ပုဗ္ဗနိမိတ်ကြီးဖြစ်ပေ၏။)
၎။ဖွားမြင်လာသော အလောင်းတော်ယောင်္ကျားမြတ်ကို ဗြဟ္မာနတ်တို့ခံယူပြီးနောက် လူတို့ခံယူကြကုန်
၏။(ထိုသို့ဗြဟ္မာနတ်တို့ ခံယူကြပြီးနောက် လူတို့ခံယူခြင်းသည် အရူပါဝစရဈာန်လေးပါးကို ရရှိဖို့ရန်
ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၅။ညှို့ကြိုးဖြင့်ဖွဲ့ယှက် စီရင်အပ်သော စောင်းညှင်းတို့သည် မတီးခတ်ရဘဲ အလိုအလျောက်မြည်ကုန်၏
(ထိုသို့ စောင်းညှင်းများ မတီးခတ်ရဘဲ အလိုအလျှောက် မြည်ကြခြင်းသည် အစဉ်အတိုင်း ဝင်စားအပ်
သည့် ရူပါဝစရသမာပါတ်(၄)ပါး၊အရူပါဝစရသမာပါတ်(၄)ပါး၊နိရောဓသမာပတ်အားဖြင့် ဤကိုးပါး
သော အနုပုဗ္ဗဝိဟာရ သမာပတ်တို့ကို ရရှိဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၆။သားရေဖြင့် ဖွဲ့ယှက်ကျက်အပ်သော စည်ကြီးစည်ငယ်(ဗုံကြီး ဗုံငယ်)တို့သည် မတီးမခတ်ရဘဲ အလို
အလျှောက် မြည်ကြကုန်၏။
(ထိုစည်ကြီး စည်ငယ်များ မတီးခတ်ရဘဲ အလိုအလျှောက်မြည်ကြခြင်းသည် အလွန်မြတ်သော တရား
စည်တော်ကြီး ရိုက်တီးယွမ်းဆော် လူနတ်တို့ကို ကြားလှုံ့ဆော်စေတော်မူမည့် ရှေ့ပြေးအကြောင်း
ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

၇။လူတို့အား သွင်းနှောင်တုတ်ချည်အပ်ကုန်သော နှောင်အိမ် နှောင်ကြိုးတို့သည် အပိုင်းပိုင်းပြတ်ကုန်ပါတယ်။
(ထိုသို့ပြတ်ခြင်းသည် ငါတည်းဟူသော မာန်မာနကို အကြွင်းမဲ့အမြစ်ပြတ် ပယ်သတ်နိုင်ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၈။ကြေးနီ၌ ငြိတွယ်တင်ကပ်သော အညစ်အကြေးကို အချဉ်ရေဖြင့် ဆေးကြောလိုက်သကဲ့သို့ ရောဂါ
ရှိနေသော ရောဂါသည်တို့၌ စွဲကပ်လျက်ရှိသော ရောဂါခပ်သိမ်းတို့ ပျောက်ငြိမ်းကြကုန်၏။
(ထိုသို့ ရောဂါခပ်သိမ်း ပျောက်ငြိမ်းကြခြင်းသည် လူများအပေါင်း၏ အလုံးစုံသော ဝဋ်ဒုက္ခ ရောဂါ၏
ကင်းငြိမ်းမှုဖြစ်သော သစ္စာလေးပါးတရားကို သိမြင်ဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၉။အမိဝမ်းတွင်းမှပင် မျက်စိကွယ်ခဲ့ကြသော သူတို့သည် အဆင်းရူပါရုံကို ပကတိလူကဲ့သို့ပင်မြင်ကြကုန်၏။
(ထိုသို့ မြင်ကြခြင်းသည် လူအများအပေါင်းတို့ ဒိဗ္ဗစက္ခုဥာဏ်ကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၀။အမိဝမ်းတွင်းမှပင် နားပင်းခဲ့ကြသော သူတို့သည် အသံ သဒ္ဒါရုံ ပကတိလူတို့ကဲ့သို့ပင် ကြားကြကုန်၏။
(ထိုသို့ ကြားခြင်းသည် လူများအပေါင်းတို့ ဒိဗ္ဗသောတဥာဏ်ကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၁။ခြေဆွံ့သဖြင့် မသွားနိုင်ကုန်သော သူတို့သည် ခြေကောင်းသန်စွမ်းလာကာ သွားနိုင်ကြကုန်၏။
(ထိုသို့သွားနိုင်ကြခြင်းသည် ဣဒ္ဓိပါဒ်လေးပါးကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၂။အမိဝမ်းတွင်းမှာပင် ဆွံ့အသဖြင့် စကားမပြောနိုင်သောသူတို့သည် သတိတရားဖြစ်ပွားလာကာ စကားပြောဆိုတတ်ကုန်၏။
(ထိုသို့ လူအများ စကားပြောတတ်လာခြင်းသည် သတိပဋ္ဌာန်လေးပါးတရားကို ရရှိဖို့ရန်၊ရှေ့ပြေး အကြောင်းပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၃။ကြောက်မက်ဖွယ်ရာ ဘေးကြမ်းထူပြောသော အရပ်တစ်ပါးသို့ ရောက်ရှိနေကြသော လှေ၊သဘောင်္
တို့သည် ဘေးရန်ကင်းကွာ မိမိတို့ဆိပ်ကမ်းသို့ ချမ်းသာစွာ ရောက်ကုန်၏။
(ထိုသို့ ရောက်ကြခြင်းမှာ ပဋိသမ္ဘိဒါဥာဏ်လေးပါးကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၄။ကောင်းကင်၌တည်သော ရတနာအမျိုးမျိုး၊မြေ၌တည်သော ရတနာအမျိုးမျိုးတို့သည် မိမိတို့၏..
အလွန်ထွန်လင်းသော အရောင်အဝါတို့ဖြင့် တောက်ပကုန်၏။
(ထိုသို့ ရတနာအမျိုးမျိုးတို့ မိမိတို့အရောင်ဖြင့် တောက်ပခြင်းသည် တရားတည်းဟူသော အရောင်..
တရားတည်းဟူသော အလင်းကို ရဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။တရားအလင်းရောင်ကို
ဝေနေယျတို့အား ပေး၍ ကိုယ်တော်မြတ်၏ ဘုန်းတန်ခိုးရောင်ဖြင့် တောက်ပြောင်းခြင်း၏ ရှေ့ပြေး
အကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၅။ရန်သူဖြစ်သော သတ္တဝါတို့ အချင်းချင်း ချစ်ခင်သည့် မေတ္တာစိတ်ကိုရကြကုန်၏။
(ထိုသို့ မေတ္တာစိတ်ကို ရကြခြင်းသည် ဗြဟ္မာ့ဝိဟာရတရားလေးပါး(ဗြဟ္မစိုရ်)တရားလေးပါးကို ရရှိဖို့ရန်
ရှေ့ပြေးအကြောင်း နိမိတ်ဖြစ်ပေ၏)။

၁၆။ငရဲမီး ငြိမ်းအေး၏။
(ထိုသို့ ငရဲမီးငြိမ်းအေးခြင်းသည် လောဘ ၊ ဒေါသ ၊စသော မီး(၁၁)မျိုးတို့ ငြိမ်းအေးဖို့ရန်၊ရှေ့ပြေး
အကြောင်းနိမိတ်ဖြစ်ပေ၏။)

၁၇။မှောင်အတိကျနေသော လောကန္တရက် ငရဲတို့၌ အရောင်အလင်းသည် ထင်လင်းစွာဖြစ်ပေါ်၏။
(ထိုသို့ဖြစ်ပေါ်ခြင်းသည် အဝိဇ္ဇာတည်းဟူသော အမိုက်အမှောင်ကို ပယ်ဖြိုခွင်း၍ အလင်းဥာဏ်ပညာ
ဝိဇ္ဇာကို ပြုနိုင်ပေးနိုင်ရေး၏ ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၈။စီးမြဲသော မြစ်ရေအယဉ်သည် မစီးတော့ဘဲ တန့်ရပ်၏။
(ထိုသို့တန့်ရပ်ခြင်းသည် စတုဝေသာရဇ္ဇဥာဏ်ကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၉။မဟာသမုဒ္ဒရာ၌ ရှိသမျှသောရေသည် ချိုမြိန်ကောင်းမွန်သော အရသာရှိ၏။
(ထိုသို့ မဟာသမုဒ္ဒရာ၌ရှိသမျှသော ရေ ချိုမြိန်ခြင်းသည် ကိလေသာတို့ ငြိမ်းအေးမှုတည်းဟူသော

အမေး။ ။ ဆရာတော်ဘုရား…. တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါတယ်ဘုရား။ မြတ်စွာဘုရားရှင်က မာဂဓဘာသာစကားနှင့် သတ္တ၀ါများကို တရားရေအေး တိုက်ကျွေးခဲ့တယ်ဆိုတာ သိရပါတယ်ဘုရား။ တပည့်တော်သိချင်တာက မာဂဓဘာသာစကားနှင့် ဟောကြားတော်မူခဲ့တဲ့ ဘုရားရှင်ရဲ့ တရားတော်များကို ပါဠိဘာသာစကားသို့ အဘယ်အချိန်က ပြောင်းလဲခဲ့ပါသလဲဆိုတာ အဖြေပေးတော်မူပါဘုရား။

လင်းလင်း။ ထိုင်ဝမ်




အဖြေ။ ။ ဘုရားရှင်ဟာ မာဂဓဘာသာစကားနှင့် တရားဟောတယ်ဆိုတာ မှန်ပါတယ်။ မေးခွန်းရှင်စိတ်ထဲမှာ မာဂဓဘာသာကနေ ပါဠိဘာသာကို ပြောင်းလဲခဲ့တယ်လို့ ထင်နေတယ်။ အမှန်က ပါဠိဘာသာစကားဆိုတာလည်း မာဂဓဘာသာစကားပါပဲ။ ဆက်ပြောဦးမယ်၊ ဘုရားရှင်ပွင့်တော်မူခဲ့တဲ့ အိန္ဒိယပြည် အရှေ့မြောက်ပိုင်းအပါအ၀င် ထိုအချိန်က အိန္ဒိယတစ်ပြည်လုံးမှာ သက္ကတဘာသာ။ ပြာကရိုက် ဘာသာ၊ မာဂဓဘာသာစကားသုံးမျိုးကို အရပ်သုံးဘာသာစကားအနေနဲ့ သုံးစွဲပြောဆိုကြပါတယ်။ အဲဒီမှာ ထီးသုံးနန်းသုံးစကားအဖြင့် သက္ကတဘာသာကို သုံးစွဲကြတယ်၊ ပြာကရိုက်ဘာသာစကားကိုတော့ အထက်တန်းလွှာက သုံးကြတယ်။ လူတန်းစားအားလုံး သုံးကြတာက မာဂဓဘာသာစကားဖြစ်တယ်။ မာဂဓဘာသာစကား (ပါဠိဘာသာစကား)ဟာ အက္ခရာအနေနဲ့ မရှိပါဘူး၊ ဒါကြောင့် မာဓဂ (ပါဠိ)ဘာသာစကားကို ဟိန္ဒူဗြဟ္မဏအက္ခရာနဲ့ ရေးထားတာရှိသလို ရောမအက္ခရာ၊ ဂျာမန်အက္ခရာ၊ အင်္ဂလိပ်အက္ခရာနဲ့လည်း ရေးလို့လည်း ရပါဘယ်။ အဘယ်လူမျိုး အဘယ်အက္ခရာမဆို ရေးလို့ရပါတယ်။ မာဂဓဘာသာ(ပါဠိ)ဘာသာစကားကို မြန်မာအက္ခရာနဲ့ ရေးလို့ရတဲ့အတွက် ပိဋကတ်သုံးပုံကို မြန်မာ အက္ခရာဖြင့်ရေးထားတဲ့ ပါဠိတော်တွေလည်း ယခုအချိန်မှာ တွေ့မြင်နေရတာပါပဲ။ ရှင်းရှင်းပြောရရင် ပါဠိဘာသာစကားကို ပါဠိအသံထွက်အတိုင်း အဘယ်အက္ခရာနဲ့ပဲဖြစ်စေ ရေးထားတဲ့ ပိဋကတ်တော်တွေ ရှိတယ်ဆိုတာကိုလည်း ဗဟုသုတအဖြစ် ဖေါ်ပြပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com


ဝဋ်မှာအမြဲ ငရဲမှာအပ ဆိုသလို ဝဋ်ဆိုတဲ့အရာက ဘယ်လိုပုဂ္ဂိုလ်ကိုမှ မျက်နှာသာမပေးသလို ဘယ်သို့သောပုဂ္ဂိုလ်ကမှာလည်း လွတ်ကင်းကြတယ်ဆိုတာမရှိပါဘူး။ဦးဇင်းတို့ကိုးကွယ်ဆည်းကပ်နေတဲ့ မြတ်စွာဘုရားသည်ပင်လျှင် ဝဋ်တော်နှင့်မကင်းတဲ့အတွက် ကျန်သော ပုဂ္ဂိုလ်များမှာ ဆိုဖွယ်ရာပင်မရှိပါ။ငယ်ငယ်ကလေးလေးတွေက ပုဇဉ်းလေးတွေကိုဖမ်း၊ပြီးတော့ အရှင်လတ်လတ် အတောင်ချိုး၊စာကလေးတွေကိုဖမ်းပြီး မပျံနိုင်အောင်အတောင်ကိုဓါးနဲ့ဖြတ်။စတာတွေကိုလုပ်တော့ လူကြီးတွေကပြောတယ်။ ကလေးတွေ တိရိစ္ဆာန်လေးတွေကို သတ်ချင်ရင်သေအောင်သတ်။ မသေမရှင်လုပ်ရင်ဝဋ်လိုက်တတ်တယ် ဆိုတဲ့ဆုံးမစကားလေးများကိုကြားဖူးပါတယ်။မှန်ပါတယ်။ သတ္တဝါတစ်ကောင်ကိုသတ်လိုက်ရင် ပါဏာတိပါတကံထိုက်ပြီး ငရဲကြီးပါတယ်။သို့သော်မသေမရှင်အတောင်ချိုးလိုက်တာ၊မျက်စေ့ကိုဖောက်လိုက်တာ။ခြေထောက်ကိုဖြတ်တာကျတော့ ငရဲလည်းကြီးသလို ဝဋ်လည်းလိုက်တတ်ပါတယ်။မသေမရှင် ခြေထောက်ကိုဖြတ်လိုက်မယ်ဆိုရင် အဲဒီဝဋ်က ပြန်အကျိုးပေးရင် ရောဂါတစ်ခုခုကြောင့်ခြေထောက်ဖြတ်ပစ်ရခြင်းစတဲ့ သူတွေကိုမြင်ဖူးကြမှာပါ။အဲဒါတွေက အကြောင်းမဲ့သက်သက်ဖြစ်လာတာမဟုတ်ပဲ မိမိကျူးလွန်ခဲ့တဲ့ ကံကြောင့်ဝဋ်လိုက်ခြင်းဖြစ်တယ်ဆိုတာ ပြောပြချင်တာပါ။ဒါထက် များတာတွေလည်းရှိပါသေးတယ်။ဒီနေရာမှာ ဒီတစ်ခုလောက်ကိုပဲဥပမာထားပြီးပြောလိုက်ပါတယ်။ငရဲဆိုတာမျိုးကတော့ ကောင်းမှုကုသိုလ်များများပြုလုပ်ပြီး အကျိုးပေးခွင့်မရအောင်၊စွမ်းဆောင်နိုင်သော်လည်း၊ဝဋ်ဆိုသည့်အရာကိုတော့ ဘယ်လိုကုသိုလ်မျိုးနဲ့မှာ အစားထိုးပြုလုပ်လို့မရပါဘူး။

အတုမရှိတဲ့ မြတ်စွာဘုရားသည်ပင်လျှင်ဝဋ်တော်နှင့်မကင်းကြောင်းကို မြတ်စွာဘုရားကိုယ်တိုင်ဟောတော်မူခဲ့တာတွေရှိပါတယ်။ မြတ်စွာဘုရားဖြစ်နေတာတောင်ရှောင်လို့မရခဲ့ပါဘူး။ခံစားရတာပါပဲ။ခံစားရတာတောင်တစ်ပါးတည်းမဟုတ် (၁၂)ပါးတောင်ဖြစ်ပါတယ်။အဲဒီဝဋ်တော်(၁၂)ပါးအကြောင်းကို မသိသေးသောသူများကိုရည်ရွယ်ပြီးရေးသားလိုက်ခြင်းဖြစ်သလို၊သိပြီးသူများလည်း သိသည်ထက်သိအောင် အသိပေးလိုခြင်းဖြစ်ပါတယ်။မြတ်စွာဘုရားရှင်၏ဝဋ်တော်(၁၂)ပါးကအောက်ပါအတိုင်းဖြစ်ပါတယ်။

(၁)။ပထမဝဋ်တော်။ ။မြတ်စွာဘုရားရှင် အလောင်းတော်ဖြစ်စဉ်တစ်ခုသောဘဝက မုနာဠိမည်တဲ့ သေသောက်ကြူးဖြစ်ခဲ့ဖူးပါတယ်။အဲဒီဘဝမှာ (သုရဘိ)အမည်တော်ရတဲ့ ပစ္စေကဗုဒ္ဓတစ်ပါးကို ဤသူကား လူသူလေးပါး ဆိတ်ကွယ်ရာအရပ်၌ ကာမလိုက်စားမွေ့လျော်ပျော်ပါး၍ တရားမရှိ သီလမရှိတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ စွပ်စွဲစကားပြောမှားတော်မူခဲ့ပါတယ်။အဲဒီမကောင်းမှု အကုသိုလ်ကံကြောင်း ငရဲမှာ နှစ်ပေါင်းများစွာ ခံရပြီး ယခုမြတ်စွာဘုရားဖြစ်တော်မူတဲ့အခါ

မြတ်စွာဘုရားသည် ကေသမုတ္တိနိဂုံးရှိ ကာလာမအနွယ် အမျိုးသားတို့ နေရာသို့ ဒေသစာရီ လှည့်လည်
တော်မူစဉ် ရောက်ရှိခဲ့ပါသည်... ကာလာမ အမျိုးအနွယ်တို့ကလည်း မြတ်စွာဘုရားကို ဖူးမြော်ကြည်ညို
၍၀မ်းမြောက်ဖွယ်စကားများကို ပြောဆိုပြီးနောက် ယခုကဲ့သို့ လျှောက်ထားကြလေသည်...

"အရှင်မြတ်ဘုရားကျွန်တော်မျိုးတို့ နေထိုင်ရာကို ရောက်လာသမျှသော ဘာသာရေးခေါင်းဆောင် ဟူသမျှ
ကာလာမအနွယ်တို့ရဲ့ အယူဝါဒဟူသမျှတွင် ငါတို့၏အယူဝါဒသည် အကောင်းဆုံး အမြတ်ဆုံး အမှန်ဆုံး 
ဖြစ်သည်ဟာပြောဆိုဟောကြားလေ့ ရှိကြပါသည်... သို့ပါ၍ ကျွန်တော်မျိုးတို့မှာ အဘယ်အယူဝါဒဟာ အကောင်းဆုံးဖြစ်ကောင်းကို မဆုံးဖြတ်နိုင်ဖြစ်နေကြပါသည်ဘုရား..." ဟုလျှောက်ထားကြလေရာ မြတ်စွာ
ဘုရားရှင်က အောက်တွင်ဖော်ပြထားသော ၀ိဘဇ္ဇ - ဝေဖန်ပိုင်းခြားပြီးမှ ယုံကြည်ရသောဝါဒကို ဟောကြား
တော်မူခဲ့ပါသည်...
Ma anussavena.
Do not believe something just because it has been passed along and retold for many generations. [Simpler: Do not be led by what you are told.]

မျိုးရိုးစဉ်ဆက်ကတည်းကပြောခဲ့ပါသည်၊ လက်ခံခဲ့ကြပါသည်ဟုကြားခါမျှဖြင့် တစ်ပါးသောသူတို့ပြောသော အရာကိုမယုံလေနှင့်။ (တစ်ဆင့်ကြားဖြစ်လို့ မှန်တယ်လို့ မယူဆကြနဲ့...)


Ma paramparaya.
Do not believe something merely because it has become a traditional practice. [Do not be led by whatever has been handed down from past generations.]
နှောင်းလူတို့လက်ဆင့်ကမ်းခဲ့သော အလေ့အကျင့်၊ အထုံဓလေ့ဖြစ်ကာမျှဖြင့် မယုံလေနှင့်။
(ရှေးအစဉ်အလာ ဆိုရုံမျှနဲ့လည်း အမှန်လို့ မယူကြနဲ့...)


Ma itikiraya.
Do not believe something simply because it is well-known everywhere. [Do not be led by hearsay or common opinion.]

အလွန်တရာပြန့်နှံ့ကျော်ကြား၊ လူသိများကာ လက်ခံကြသည်ဟု သိယုံမျှဖြင့်မယုံလေနှင့်။



Ma Pitakasampadanena.
Do not believe something just because it is cited in a text. [Do not be led by what the scriptures say]

စာအုပ်စာပေတို့တွင် ရေးသားဖော်ပြထားသည်မျှဖြင့်ပင် မယုံလေနှင့်။
(စာအုပ်စာပေတွေဆိုရာမှာ ဘုရားဟောပိဋကတ်တွေမပါပါဘူး... အဲလိုပြောရင်လည်း တစ်ဖက်သတ် ဆန်တယ်ပြောဦးမယ်... ရှင်းပြပါ့မယ်... ဘုရားလက်ထက်မှာ ပိဋကတ်သုံးပုံဆိုတာမပေါ်သေးဘူး... ပိဋကတ်သုံးပုံဆိုတာ စတုတ္ထ သင်္ဂါယနာမှ ပေထပ်အက္ခရာတင်တာ... အဲဒီအရှေ့ပိုင်းအားလုံး စုပေါင်းရွတ်ဆို အာဂုံဆောင်ပြီး သင်္ဂါယနာ တင်ခဲ့ကြတာကြီးပဲ... အဲလောက်ဆိုရှင်းပြီထင်တယ်နော်... ဘယ်စာအုပ်တွေကို မယုံနဲ့  ပြောတာလဲဆိုတာ နောက်ကြုံရင်ရေးပါဦးမယ်... မြတ်စွာဘုရားက သူပြောတဲ့ တရားတွေကို မယုံနဲ့လို့ ဘယ်တော့မှမပြောဘူး... လာလှည့်ရှူ့လှည့် စမ်းစစ်လှည့်ဆိုပြီး အမြဲတမ်းဖိတ်ခေါ်ပြီးသားပါ...)


Ma takkahetu.
Do not believe something solely on the grounds of logical reasoning. [Do not be led by mere logic.]

ယုတ္တိတန်သည်ဆိုယုံမျှဖြင့် မယုံလေနှင့်။
(နည်းမှီ၍ ယူခြင်းမျိုးဖြင့်လည်း အမှန်လို့ မယူကြနဲ့...)



Ma nayahetu.
Do not believe something merely because it accords with your philosophy. [Do not be led by mere deduction or inference.]

သင့်လက်ခံထားသော အတွေးအမြင်ဖြစ်ယုံ၊ တိုက်ဆိုင်ယုံမျှဖြင့်မယုံလေနှင့်။
(မိမိတို့ ကြံစည် နှစ်သက် လက်ခံထားသော အယူနှင့် ကိုက်ညီသည်ဆိုရုံနှင့်
အမှန်လို့ မယူကြနဲ့...)



Ma akaraparivitakkena.
Do not believe something because it appeals to "common sense". [Do not be led by considering only outward appearance.]

အပေါ်ယံ၊ အမြင်ခံစားမှုမျှနှင့်ပင် မယုံလေနှင့်။


Ma ditthinijjhanakkhantiya.
Do not believe something just because you like the idea. [Do not be led by preconceived notions (and the theory reflected as an approval)]

သင်စိတ်ကြိုက်တွေ့မိသော အတွေးအမြင်အယူအစတစ်ခုဖြစ်သည်ဆိုယုံမျှဖြင့်ပင်မယုံလေနှင့်။



Ma bhabbarupataya.
Do not believe something because the speaker seems trustworthy. [Do not be led by what seems acceptable; do not be led by what some seeming believable one says.]

ပြောသူပုဂ္ဂိုလ်ကိုယုံကြည်စိတ်ချယုံမျှနှင့်ပင် မယုံလေနှင့်။
(လက်ခံထိုက်သော ပုဂ္ဂိုလ်၏စကား ဖြစ်ရုံဖြင့် အမှန်လို့ မယူကြနဲ့...)



Ma samano no garu ti.
Do not believe something thinking, "This is what our teacher says". [Do not be led by what your teacher tells you is so.]

ဆရာစကားဆိုယုံမျှဖြင့် မယုံလေနှင့်။
(မိမိတို့ လေးစားအပ်သော ဆရာ၏ စကားဖြစ်ရုံဖြင့် အမှန်လို့ မယူကြနဲ့...)

သင်တို့သည် မိမိကိုယ်တိုင် ဤတရားတို့သည် အကုသိုလ်တရားတို့တည်း... ဤတရားတို့သည်
အပြစ်ရှိသော တရားတို့တည်း... ဤတရားတို့သည် ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း... ဤတရားတို့နှင့် ပြည့်စုံလျှင် ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးမဲ့ခြင်း... ဆင်းရဲခြင်းငှာ ဖြစ်ကုန်၏... ဟုသိကြသောအခါ ထိုတရားတို့ကို ပယ်ကြကုန်လော့...

ဤတရားတို့သည် ကုသိုလ်တရားတို့တည်း... ဤတရားတို့သည် အပြစ်မရှိသော တရားတို့တည်း... ဤတရားတို့သည် ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း... ဤတရားတို့နှင့်
ပြည့်စုံလျှင်... ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးရှိခြင်းငှာ... ချမ်းသာခြင်းငှာ
ဖြစ်၏... ဟုသိကြသောအခါ ထိုတရားတို့ကို ဆောက်တည် ကျင့်သုံးကြကုန်လော့ ဟူ၍
ဟောကြားတော်မူခဲ့ပါသည်။

ကိုးကား...

http://oaks.nvg.org/kalama.html#wobud (from/translate ယဉ်မင်း)
အရှင်ဇ၀န-မေတ္တာရှင်ရွှေပြည်သာ (မျက်ရည်မကျခင်သိစေချင်)

ဘုရားရှင်သည် သဗ္ဗညုတဥာဏ်ကို ရရှိသည့် သက်တော် (၃၅) နှစ်အရွယ်မှ သက်တော် (၈၀)

အရွယ်တိုင်အောင် (၄၅) ၀ါ ပတ်လုံး လောကအကျိုးကို သယ်ပိုးဆောင်ရွက်တော်မူခဲ့ပါသည်။

နေ့စဉ်ပင် မနေမနားကြိုးစားဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဘုရားရှင်နေ့စဉ် ပြုလုပ်နေကျ

လုပ်ငန်းစဉ် ငါးရပ်ရှိပါသည်။


(၁) နံနက်ပိုင်း လုပ်ငန်းစဉ်


နေ့စဉ် ဆွမ်းဘုန်းမပေးမီ ဗုဒ္ဓပြုတော်မူသော လုပ်ငန်းကို “ ပုရေဘတ္တကိစ္စ” ဟု ခေါ်သည်။

နံနက်ပိုင်းတွင် ဗုဒ္ဓသည် ဆွမ်းခံကြွလေ့ရှိသည်။ ရံခါ၌ ဆွမ်းခံမကြွဖြစ်သော် ကျောင်းစဉ်

စစ်ဆေးလေ့ရှိသည်။ ဆွမ်းခံရာမှ ပြန်ရောက်လတ်သော် ခြေဆေးခုံ၌ ခြေဆေးနေစဉ်မှာပင်

ဒုလ္လဘတရား ငါးပါး ကို ဟောကြားလေ့ရှိသည်။


(၂) နေ့လည်ပိုင်း လုပ်ငန်းစဉ်


ဆွမ်းဘုန်းပေးပြီးနောက် ဗုဒ္ဓဆောင်ရွက်သော လုပ်ငန်းစဉ်ကို “ပစ္ဆာဘတ္တကိစ္စ” ဟု ခေါ်သည်။

ဆွမ်းဘုန်းပေးပြီးနောက် လိုအပ်လျှင် ခေတ္တမျှ တပါးတည်းနေထိုင်ကာ အနားယူသည်။

ထို့နောက် ရောက်ရှိလာသော လူ၊ ရှင်၊ ရဟန်း ပရိသတ်အား တရားရေအေး အမြိုက်ဆေးကို

နေ့စဉ် တိုက်ကျွေးလေ့ ရှိသည်။


(၃) ဥာဉ့်ဦးယံ လုပ်ငန်းစဉ်


ဥာဉ့်ဦးယံ၌ ဗုဒ္ဓဆောင်ရွက်သော လုပ်ငန်းစဉ်ကို “ပုရိမယာမကိစ္စ” ဟု ခေါ်သည်။

လူဒါယကာ၊ ဒါယိကာမနှင့် ဘိက္ခုနီပရိသတ်တို့ ပြန်လည်ထွက်ခွါသွားပြီးနောက် ဥာဉ့်ဦးယံ အချိန်တွင်

ရဟန်းတော်များအား ဆုံးမသွန်သင်တော်မူသည်။

ရဟန်းတော်များမေးသော ပြဿနာများကို ဖြေကြားရှင်းလင်းတော်မူသည်။


(၄) သန်းခေါင်ယံ လုပ်ငန်းစဉ်


ရဟန်းတော်များအား တရားဟောကြာပြီးနောက် သန်းခေါင်ယံတွင် ဗုဒ္ဓဆောင်ရွက်တော်မူသော

လုပ်ငန်းစဉ်ကို “ မဇ္ဈိမယာမကိစ္စ” ဟု ခေါ်သည်။


ရဟန်းတော်များအား တရားဟောကြားပြီးနောက် သန်းခေါင်ယံတွင် ရောက်ရှိလာသော

နတ်၊ ဗြဟ္မာတို့အား တရားဟောပြ ဆုံးမတော်မူသည်။

မေးလာသော ပြဿနာတို့ကို ဖြေကြားရှင်းလင်းတော်မူသည်။


(၅) မိုးသောက်ယံ လုပ်ငန်းစဉ်


နတ်၊ ဗြဟ္မာများအား တရားဟောကြားတော်မူပြီးနောက် ဘုရားရှင်သည် မိုးမသောက်မီ ကျန်သည့်အချိန်ကို

သုံးပိုင်းပိုင်း၍ ပထမပိုင်းတွင် ခန္ဓာကိုယ်ကြံ့ခိုင်မျှတရေးအတွက် စင်္ကြန်ကြွတော်မူသည်။

ဒုတိယပိုင်းတွင် သတိနှင့် ယှဉ်လျက် တစ်ခဏတာမျှ ကျိန်းစက် အနားယူတော်မူသည်။

အနားယူပြီးနောက် အာရုံတက်ချိန်တွက် ကျိန်းစက်ရာမှ ထတော်မူကာ၊ မည်သူတို့အား

ဆုံးမချေချွတ်ရအံ့နည်းဟု တစ်နေ့တာ လုပ်ငန်းကို စတင်ရန် မျှော်ခေါ်ဆင်ခြင်ကြည့်ရှူ့တော်မူသည်။

ဤ ဆောင်ရွက်ချက်ကိုပင် မိုးသောက်ယံ လုပ်ငန်းစဉ် “ပစ္ဆိမယာမကိစ္စ” ဟုခေါ်သည်။

ဗုဒ္ဓ၏ တနေ့တာဘ၀၊ တနေ့တာ လုပ်ငန်းများကို လေ့လာကြည့်ပါက မိမိအကျိုးအတွက် ဆောင်ရွက်ခြင်း၊

နားနေခြင်း မရှိ၊ လောကအကျိုးအတွက် မနေမနားဆောင်ရွက်ကြောင်း ထင်ရှားသည်။

ဤသို့ဆောင်ရွက်သည်မှာ တနေ့တရက်မျှသာ မဟုတ်ဘဲ (၄၅) ၀ါ ပတ်လုံး ဖြစ်လေသည်။

ဤသို့ဗုဒ္ဓကိုယ်တော်တိုင် ဦးဆောင်ကာ မနေမနား ကြိုးစားဆောင်ရွက်ခဲ့ခြင်းကြောင့်ပင် ထိုခေတ်

မဇ္ဈိမဒေသ နယ်နိမိတ်ကို ကျော်လွန်ကာ ဗုဒ္ဓသာသနာသည် စည်ပင်ထွန်းကားလာခဲ့ခြင်း ဖြစ်လေသည်။

ထေရ၀ါဒတို့တိုင်းပြည်ဘလော့ခ်မှ ကူးယူဖော်ပြပါသည်...။