HAZY LIFE



"အရှင်သာရိပုတ္တရာမထေရ်"
••••••••••••••••••••••••••
အရှင်သာရိပုတ္တရာ မထေရ်မြတ်မှာ တပည့်သာဝကတို့တွင် "အမြတ်ဆုံး အဂ္ဂသာဝက မထေရ်ကြီး" နှစ်ပါးအနက်
လက်ယာတော်ရံ အဂ္ဂသာဝကကြီးဖြစ်သည်၊ မြတ်စွာဘုရားမှတပါး ပညာအရာတွင် ပြိုင်ဘက်ကင်းသော မထေရ်ကြီးဖြစ်သည်။

မြတ်စွာဘုရားသည် တရားမင်း(ဓမ္မရာဇ်) ဖြစ်တော်မူ၍ အရှင်သာရိပုတ္တရာကား တရားစစ်သူကြီး(ဓမ္မသေနာပတိ)
ဖြစ်တော်မူသည်၊ မြတ်စွာဘုရား၏ အားအထားရဆုံးသော တပည့်ကြီးဖြစ်သည်၊ လူဝတ်ကြောင် ဘ၀ကပင်
လောကီဝေဒကျမ်းများနှင့် ၀ါဒရေးရာကျမ်းများ၌ ပြိုင်ဘက်မရှိ ကျွမ်းကျင်သူဖြစ်သည်၊ သာသနာတော်သို့ ၀င်ရောက်လာသောအခါ လူမျိုးစုံတို့ကို အသိဉာဏ် အလင်းရောင် ပေးဝေခဲ့သည့် သာသနာ့အာဇာနည်ကြီးတို့ကို အသိဉာဏ် အလင်းရောင် ပေးဝေခဲ့သည့် သာသနာ့အာဇာနည်ကြီး ဖြစ်ပေသည်။ ထိုအရှင်မြတ်၏ ဘ၀ဖြစ်စဉ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

လွန်ခဲ့သော တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလက"အရှင်သာရိပုတ္တရာ" အလောင်းလျာသည် ပုဏ္ဏားသူဌေးမျိုး၌
ပုဏ္ဏားသူဌေးမျိုး၌ "သရဒ" ဟူသော အမည်ဖြင့်လည်းကောင်း၊ "အရှင်မဟာမောဂ္ဂလ္လာန်" အလောင်းလျာသည် သူကြွယ်မျိုး၌
"သီရိဝဍ္ဎန" ဟူသော အမည်ဖြင့်လည်းကောင်း ထင်ရှားခဲ့ကြသည်။

အတူတစ်ကွ ကစားဖော် ကစားဖက် သူငယ်ချင်းများ ဖြစ်ကြသည်၊ သီရိဝဍ္ဎနမှာ လူ့လောကတွင် ပျော်ရွှင်စွာ နေထိုင်ခဲ့ သော်လည်း သရဒလုလင်မှာမူ လောကကို ငြီးငွေ့ပြီး ရသေ့ဝတ်ခဲ့သည်။ ဟိမ၀န္တာတောအရပ်၌ သမထကမ္မဋ္ဌာန်း တရားအားထုတ်၍ ဈာန်အဘိညာဉ်ရလေသည်။ တပည့် ပရိသတ်ရသေ့ပေါင်း ၇၄၀၀၀-ရှိလေသည်၊ ထိုရသေ့တို့လည်း ဈာန်အဘိညာဉ်ရရှိကြပြီး ဈာန်ချမ်းသာဖြင့် ပျော်မွေ့နေကြသည်။

ထိုအချိန်ကား "အနောမဒဿီ မြတ်စွာဘုရား" လောက၌ ပွင့်တော်မူနေချိန်ဖြစ်သည်။ တစ်နေ့သ၌ မြတ်စွာဘုရားသည် မိုးသောက်ယံအခါ သတ္တလောကကို ဉာဏ်တော်ကွန်ယက်ဖြင့်ဖြန့်ကျက် ကြည့်ရူရာတွင် သရဒရသေ့နှင့် တပည့်ရသေ့တို့ကို
မြင်တော်မူ၍ တစ်ပါးတည်း ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူသည်။

သရဒရသေ့သည် မြတ်စွာဘုရားကို လေးစားစွာ ၀တ်ပြုပူဇော်နေခိုက် တပည့်ရသေ့များ သစ်သီးရှာရာမှ ပြန်ရောက်လာကြသည်။ ထိုအချိန်မှာပင် အနောမဒဿီမြတ်စွာဘုရား၏ အဂ္ဂသာဝကဖြစ်ကြသော "နိသဘထေရ်နှင့် အနောမ မထေရ်" တို့ ဦးဆောင်သော ရဟန္တာတစ်သိန်းတို့လည်း ကြွရောက်တော် မူလာကြသည်။
သရဒရသေ့ ဦးဆောင်သော တပည့်ရသေ့တို့သည် ဘုရားအမှူးရှိသော ရဟန္တာတစ်သိန်းတို့အား
ပန်းမျိုးစုံနေရာတော်များ ခင်းကျင်း၍ ပန်းထီးကြီးများ ဆောင်းမိုးကာ သစ်သီးမျိုးစုံ ဆက်ကပ်လှူဒါန်းလျက် ခမ်းနားစွာ ပူဇော်ကြသည်။

မြတ်စွာဘုရားနှင့် ရဟန္တာတစ်သိန်းတို့သည် ခုနှစ်ရက်တိုင်တိုင် ထိုအရပ်၌ နိရောဓသမာပတ် ၀င်စားတော်မူကြပြီး သမာပတ်မှ ထကြသောအခါ အဂ္ဂသာဝက နိသဘထေရ်က ဦးစွာ တရားဟောတော်မူသည်။ ထို့နောက် မြတ်စွာဘုရား ကိုယ်တော်တိုင် တရားဟောတော်မူရာ "သရဒ" ရသေ့မှတပါး ရသေ့အားလုံးတို့ ရဟန္တာဖြစ်တော်မူကြလေသည်၊

"သရဒ" ရသေ့မှာမူ တရားဟောသော"အဂ္ဂသာဝက လက်ယာတော်ရံ နိသဘထေရ်" ကို
အားကျနေသဖြင့် တရားထူးကို မရခဲ့ပေ။ သရဒရသေ့သည် နောင်ပွင့်လတ္တံ့သော ဘုရားတစ်ဆူ၏ထံ၌ နိသဘထေရ်ကဲ့သို့ အဂ္ဂသာဝကဖြစ်ရန် ဆုပန်ခဲ့လေသည်။
အနောမဒဿီမြတ်စွာဘုရားကလည်း နောင်ပွင့်လတ္တံ့သော ဂေါတမမြတ်စွာဘုရား လက်ထက်တွင် သာရိပုတ္တရာအမည်ဖြင့် အဂ္ဂသာဝကဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူခဲ့သည်။ ဘ၀များစွာ ပါရမီများကိုဖြည့်ကျင့်လျက် သံသရာဝယ်
ကျင်လည်ခဲ့ရာ နောက်ဆုံးဘ၀သို့ ရောက်လာသည်။

အရှင်သာရိပုတ္တရာ အလောင်းလျာသည် မဂဓတိုင်း ရာဇဂြိုလ်မြို့တော်အနီး ဥပတိဿမည်သော ရွာ၌၀င်္ဂန္တပုဏ္ဏားကြီး၏ဇနီး ရူပသာရီပုဏ္ဏေးမကြီး၏ ၀မ်းဝယ် ပဋိသန္ဓေယူပြီး မွေးဖွားသောအခါ ဥပတိဿရွာ အကြီးအကဲမျိုး၏ သားဖြစ်၍ ဥပတိဿဟု အမည်မှည့်လေသည်။
ဥပတိဿသည် မိသားစု ခုနှစ်ယောက်တွင် အကြီးဆုံးသားဖြစ်သည်။ "အရှင်မဟာမောဂ္ဂလ္လာန်အလောင်းလျာ ကောလိတ" နှင့်
အလွန်ခင်မင်သော သူငယ်ချင်းများ ဖြစ်ကြသည်။

ငယ်စဉ်မှာပင် ဝေဒသုံးပုံ ပညာစုံတတ်မြောက်ကြသည်။ရွှေထမ်းစင် ၅၀၀၊ လုလင်ပေါင်း ၅၀၀စီ အခြံအရံရှိသည်၊
ရာဇဂြိုဟ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော တောင်ထိပ်သဘင်ပွဲသို့ အခြံအရံများနှင့်အတူ အမြဲတမ်းသွားလာ ကြည့်ရူပျော်ရွှင်ခဲ့ကြသည်၊ တစ်နေ့၌မူ အခြံအရံများနှင့်အတူ အမြဲတမ်းသွားလာ ကြည့်ရူပျော်ရွှင်ခဲ့ကြသည်၊ တစ်နေ့၌မူ သူငယ်ချင်းနှစ်ဦးတို့ ပွဲကြည့်ရင်း ကြည့်ရင်း သံဝေဂစိတ်များ ၀င်လာကြသည်။

“ပွဲကြည့်သူ ပွဲကသူများ အားလုံးတို့သည် အနှစ်တစ်ရာမရောက်မီ သေကြရမည်၊ မသေမီကာလအတွင်း ရရှိသောအချိန်ကို ပျော်ရွှင်ခြင်း၌ အသုံးမပြုဘဲ သေခြင်းကင်းရာ(အမတ)ကိုရှာဖွေခြင်း၌ အသုံးပြုမှ သင့်တော်ပေမည်”ဟု ကြံစည်ကြကာ သံသရာလွတ်မြောက်ရေး ရှာဖွေရန် နှစ်ဦးသဘောတူ တိုင်ပင်၍ တောထွက်ခဲ့ကြသည်။

ထိုအချိန်က ရာဇဂြိုဟ်မြို့တော်တခွင်၌ ထင်ရှားသော ဆရာကြီးမှာ သိဉ္စည်း ပရိဗိုလ်ကြီး ဖြစ်သည်။" ကောလိတနှင့် ဥပတိဿ"
တို့သည် အခြံအရံတပည့် ၅၀၀ စီနှင့်အတူ သိဉ္စည်းဆရာကြီးထံ ပရိဗိုဇ်ဝတ်ကြလေသည်။ နှစ်ရက် သုံးရင်နှင့်ပင် သိဉ္စည်းဆရာကြီး၏ အယူဝါဒကို နားလည်သွားကြသည်။ သို့ရာတွင် သိဉ္စည်းဆရာကြီး၏ အယူဝါဒ၌ သူတို့လိုချင်နေသော သေခြင်းကင်းရာတရားကို မတွေ့ကြ။ ထို့ကြောင့် သိဉ္စည်းဆရာကြီးက မိမိဂိုဏ်းကြီးကို အတူတကွ လက်တွဲဦးဆောင်ရန် လွှဲအပ်သော်လည်း လက်မခံဘဲ ဆရာရှာရန် လမ်းခွဲ၍ ထွက်ခွာခဲ့ကြသည်။ တရားထူးတွေ့က တစ်ဦးကို တစ်ဦး အသိပေးကြစတမ်းဟုလည်း ကတိက၀တ် ထားကြသည်။ တွေ့သမျှဆရာတို့လည်း သေခြင်းကင်းရာတရားကို ညွှန်ပြနိုင်သူများ မဟုတ်ကြ။

မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပို့တွဲလဆန်း ၁-ရက်နေ့လောက်တွင် "ပဉ္စ၀ဂ္ဂီငါးဦး" တွင် တစ်ဦးဖြစ်သူ အရှင်အဿဇိ မထေရ်သည် ရာဇဂြိုဟ်သို့ ရောက်လာသည်။ ဥပတိဿသည် ဆွမ်းခံကြွလာသော အရှင်အဿဇိ မထေရ်၏ တည်ငြိမ်သော ဣနြေ္ဒ၊ အသားအရေကြည်လင်မူကို တွေ့မြင်သောအခါ တရားထူးရှိသူ ဧကန်ဖြစ်ရမည်ဟု ဆုံးဖြတ်ပြီး မထေရ်နောက် လိုက်ခဲ့သည်။ အရှင်အဿဇိနှင့် တွေ့၍ တရားဟောရန် တောင်းပန်ရာ အရှင်အဿဇိ မထေရ်က ဥပတိဿပရိဗိုဇ်အား သစ္စာလေးချက် အနက်အဓိပ္ပာယ်ပြည့်ဝသော အောက်ပါဂါထာ ဓမ္မဒေသနာကို ဟောကြားတော်မူသည် -

"ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ၊
တေသံ ဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယော နိရောဓော၊
ဧ၀ံ ၀ါဒီ မဟာသမဏော။"

“ဖြစ်ပေါ်လာသမျှ သဘောတရားတို့သည် အကြောင်းတရားလျှင် အမွန်အစ ရှိကြကုန်၏။ မြတ်စွာဘုရားသည် ဖြစ်ပေါ်လာ သမျှသော သဘောတရားတို့၏ အကြောင်းကို ဟောတော်မူ၏၊ ထိုဖြစ်ပေါ်လာသမျှသော သဘောတရားတို့၏
ချုပ်ငြိမ်းရာကိုလည်း ဟောတော်မူ၏။ ကြီးမြတ်သော မြတ်စွာဘုရားသည် ဤသို့ ဟောပြလေ့ရှိတော်မူ၏”။

"ဥပတိဿ" သည် ဂါထာထက်ဝက်ကို ကြားနာရုံမျှဖြင့်ပင် " သောတာပတ္တိဖိုလ်တည်၏။ အရှင်အဿဇိ မထေရ်လည်း
မြတ်စွာဘုရား သီတင်းသုံးရာ ဝေဠုဝန်ကျောင်းတော်သို့ ကြွတော်မူလေသည်။ ကောလိတပရိဗိုဇ်သည် တည်ငြိမ်သော
ဣနြေ္ဒဖြင့် ပြန်လာသော သူငယ်ချင်းဥပတိဿကို အဝေးမှမြင်ရလျှင်ပင် တရားထူးတွေ့ခဲ့ပြီဖြစ်ကြောင်း မှန်းဆသိရှိသွားသည်။
ဥပတိဿသည် သူငယ်ချင်း ကောလိတအား မိမိ နားကြားခဲ့ရသော သစ္စာလေးပါးတရားဂါထာကို ပြန်လည်ဟောပြောရာ ကောလိတလည်း သောတာပန်တည်လေသည်။

သူငယ်ချင်းနှစ်ဦးတို့သည် သိဉ္စည်းဆရာကြီးထံသွား၍ နူတ်ဆက်ကြ၏။ မသေရာတရားကို ဟောကြားတော်မူနိုင်သော ဘုရားရှင်ထံလိုက်ခဲ့ရန်လည်း အမျိုးမျိုးဖျောင်းဖျခေါ်ဆောင်ကြသည်။“ဆရာလုပ်ပြီးမှ တပည့်မခံလိုတော့”ဟု နောက်ဆုံးအဖြေပေးကာ“လောက၌ လူမိုက်နှင့်လူလိမ္မာ ဘယ်သူကများသလဲ”ဟု မေးရာ လူမိုက်ကများကြောင်း ဖြေကြရသည်။
“သင်တို့ မစိုးရိမ်ကြနှင့်၊ လူလိမ္မာတွေ ဂေါတမဆီသွား၊ လူမိုက်တွေ ငါ့ဆီလာကြလိမ့်မည်”ဟု စကားကုန်ပြောလိုက်သည်။
ဥပတိဿ၊ ကောလိတတို့သည် အခြံအရံ ငါးရာနှင့်အတူ ပရိဗိုဇ်အရံမှ ထွက်ခဲ့ကြသည်။
သိဉ္စည်းဆရာကြီးသည် ပရိဗိုလ်အရံကြီးတခုလုံး ပရိသတ်အခြွေအရံ ကင်းဆိတ်သွားသည်ကို မြင်တွေ့ရသဖြင့် ရုတ်တရက် စိတ်နှလုံးပူပန်ကာ သွေးအန်ခြင်းဝေဒနာ ခံစားရလေသည်။ ထိုအဖြစ်အပျက်ကို မရူရက်ကြသဖြင့် တပည့် ၂၅၀တို့သည်
ပြန်လှည့်၍ ပရိဗိုဇ်ကျောင်း၌ ကျန်ရစ်ခဲ့ကြသည်၊
ဥပတိဿနှင့် ကောလိတတို့သည် တပည့် ၂၅၀ တို့နှင့်အတူ ဝေဠုဝန်ကျောင်းတော်သို့ ရောက်ရှိကြပြီးလျှင်
မြတ်စွာဘုရားအထံတော်၌ ဧဟိဘိက္ခုရဟန်းအဖြစ် ရရှိကြသည်။ မြတ်စွာဘုရားတရားဟောတော်မူလျှင် တပည့် ၂၅၀တို့သာ
ဦးစွာ ရဟန္တာဖြစ်ကြသည်။ ခေါင်းဆောင်" ဥပတိဿနှင့် ကောလိတနှစ်ဦး" မှာမူ တရားထူးမရကြသေးပေ။

မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပို့တွဲလပြည့်နေ့တွင် ရာဇဂြိုဟ်မြို့၊ သူကရခတလိုဏ်၌ အရှင်သာရိပုတ္တရာ မထေရ်၏တူ"ဒီဃနခပရိဗိုဇ်" အား ဒီဃနခ(ဝေဒနာပရိဂ္ဂဟ) သုတ်တော်ကိုဟောရာ၌ ယပ်လေးခတ်ပေးနေသော အရှင်သာရိပုတ္တရာလည်း နာကြားရ၍ ရဟန္တာဖြစ်သွားသည်။

ဒီဃနခပရိဗိုဇ်မှာမူ သောတာပန်မျှသာဖြစ်လေသည်။ ထိုနေ့မှာပင် ရာဇဂြိုဟ်မြို့ ဝေဠုဝန် ကျောင်းတော်၌ ပထမသာဝက သန္နိပါတခေါ် ဘုရားရှင်၏ တပည့်သာဝက ရဟန်းတော်ပေါင်း တစ်ထောင့်နှစ်ရာငါးကျိပ်တို့ ဆုံစည်းစုဝေး မိကြသည်၊ ပထမသာဝကသန္နိပါတ-ပထမဆုံးအကြိမ် သံဃာ့အစည်းအဝေးပွဲကြီးဟု ခေါ်တွင်၏။

ထိုသံဃာ့အစည်းအဝေးကြီးကား ဤဘုရား သာသနာတော်၌ တစ်ကြိမ်သာလျှင် ဖြစ်သည်၊ ထိုအစည်းအဝေးကြီး၏ ထူးခြားချက်ကား -

(၁) တပို့တွဲလပြည့်နေ့ဖြစ်ခြင်း

(၂) သံဃာတော် ၁၂၅၀-တို့သည် မည်သူမျှ မပင့်ဖိတ်ရဘဲ
အလိုအလျောက် ကြွရောက်လာခြင်း၊

(၃) သံဃာတော် ၁၂၅၀ လုံး ဆဠဘိည ရဟန္တာချည်း ဖြစ်ကြခြင်း၊

(၄) အားလုံးသော သံဃာတို့ ဧဟိဘိက္ခုချည်း
ဖြစ်တော်မူခြင်းတို့ ဖြစ်ကြသည်။

အင်္ဂါလေးပါးနှင့် ပြည့်စုံသော သာဝကသန္နိပါတ သံဃာ့အစည်းအဝေးပွဲကြီးတွင် "အဂ္ဂသာဝကရာထူး"
အပ်နှင်းတော်မူပြီး ရဟန်းတို့အား မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဟောကြားဆုံးမ၍ သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။

မြတ်စွာဘုရားရှင်က ထိုအစည်းအဝေးကြီးတွင် ဥပတိဿအား အရှင်သာရိပုတ္တရာဟူသော အမည်ဖြင့်လည်းကောင်း၊
ကောလိတအား အရှင်မဟာမောဂ္ဂလ္လာန်ဟူသော အမည်ဖြင့်လည်းကောင်း၊ အဂ္ဂသာဝကအရာ အပ်နှင်းချီးမြှင့်တော်မူသည်။ နောင်အခါ သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းတော်၌ “ဉာဏ်ပညာကြီးမားကြသည့် ငါဘုရား၏ တပည့်သာဝကရဟန်းတို့တွင် သာရိပုတ္တရာသည် အတော်ဆုံး အသာလွန်ဆုံး အမြတ်ဆုံးဖြစ်ပေ၏”ဟု ပညာအရာ ဓတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူသည်။

မထေရ်မြတ်သည် ၄၄-၀ါ ကာလပတ်လုံး သတ္တ၀ါအကျိုးငှာ ကျင့်တော်မူခဲ့သည်။ မထေရ်မြတ်၏ တရားတော်တို့ကို
ပိဋကတ်စာပေတွင် များပြားစွာ မှတ်တမ်းတင်ခဲ့သည်။
ပဋိသမ္ဘိဒါမဂ်၊ မဟာနိဒ္ဒေသ၊ စူဠနိဒ္ဒေသပါဠိတော်တို့မှာ မထေရ်မြတ်ဟောကြားတော်မူသော တရားတော်များဖြစ်သည်၊

အဘိဓမ္မာဒေသနာတော် လူ့လောက၌ ထင်ရှားစွာ တည်ရှိခဲ့သည်မှာလည်း မထေရ်မြတ်၏ စွမ်းဆောင်မူကြောင့်ပင်ဖြစ်သည်၊ အဘိဓမ္မာဒေသနာတော်ကို မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်၌ ဟောကြားတော်မူခဲ့သည်၊ လူ့ပြည်၌မူ "ရှင်သာရိပုတ္တရာ" တစ်ပါးတည်းကိုသာ နည်းရရုံ အကျဉ်းအားဖြင့် ဟောကြားခဲ့သည်။

ယခုရှိနေသော အဘိဓမ္မာတရားတော်များသည်" ရှင်သာရိပုတ္တရာ" က ၎င်း၏တပည့်များအား သင်ကြားပို့ချပေးခဲ့သော အဘိဓမ္မာတရားတော်များဖြစ်သည်၊ ဘုရားရှင်အား သာသနာအဓွန့်ရှည်ရေးအတွက် ၀ိနည်းသိက္ခာပုဒ်များ ပညတ်ရန်နှင့် ဘုရားဖြစ်တော်စဉ် ဟောကြားတော်မူရန်လည်း မထေရ်မြတ်ကပင် တောင်းပန်ခဲ့သည်။

"ဂါရ၀ နိဝါတ" အရာတွင်လည်း မထေရ်မြတ်သည် စံတင်အတုယူလောက်သော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ တခါသော်
အရေးတကြီး ကိစ္စရှိသဖြင့် သင်္ကန်းကို မညီမညာဝတ်ရုံမိသော အရှင်သာရိပုတ္တရာအား သာမဏေတစ်ပါးက ညီညာစွာဝတ်ရုံသင့်ကြောင်း ပြောပြသဖြင့် သင်္ကန်းကို ညီညာစွာ ပြန်လည် ၀တ်ရုံပြီး ကိုရင်လေးရှေ့ရပ်ပြကာ သာမဏေငယ်၏ ဆုံးမမူကို ဦးထိပ်ပန်ဆင်၍ ပြုံးရွှင်ကျေနပ်စွာ လိုက်နာဖူးသည်။

အရှင်သာရိပုတ္တရာသည် တချိန်က ဟိမ၀န္တာလိုဏ်ဂူတခု၌ တံမြက်မလှည်းဘဲ သမာပတ်ဝင်စားနေမိသည့်အတွက် မြတ်စွာဘုရားဆုံးမဖူးသည်ကို တသက်လုံး စွဲမြဲစွာ နာယူခဲ့သည်။ ထိုအခါမှ စ၍ သံဃာတော်များ ဆွမ်းခံကြချိန်တွင် ကျောင်းတိုက်တခုလုံးသို့ လှည့်လည်၍ တံမြက်လှည်းခြင်း၊ ရေခပ်ဖြည့်ခြင်းစသော သေနာသန၀တ်တို့ကို ပြုတော်မူလေ့ရှိသည်။ ထိုသို့ သေနာသန၀တ်ကို ပြုပြီးမှ ဆွမ်းခံကြွတော်မူမြဲဖြစ်သည်။ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေတို့ ၀တ်ကြီးဝတ်ငယ်အသွယ်သွယ်ကို မပျင်းမရိ မခိုမကပ် လိုက်နာဆောင်ရွက်ရေးအတွက်လည်း ရှေ့ဆောင်လမ်းပြခဲ့သည့် ပုဂ္ဂိုလ်ကြီး ဖြစ်ပေသည်။

မထေရ်မြတ်သည် သာသနာ့ဘောင်တွင် အဂ္ဂသာဝကကြီးအဖြစ် အထင်ရှားဆုံး အရေးအပါဆုံး ပုဂ္ဂိုလ်ကြီးဖြစ်သည့်အားလျော်စွာ သူတပါးကျေးဇူးကို သိသည့်အရာတွင်လည်း ပြိုင်ဘက်ကင်းတော်မူ၏၊
မိမိကို ဆွမ်းတစ်ဇွန်းမျှ လောင်းလှူဖူးသော ရာဓပုဏ္ဏား၏ ကျေးဇူးကို အသိအမှတ်ပြု ကျေးဇူးတုံ့ဆပ်သောအနေဖြင့် ရာဓကို
ရဟန်းပြုပေးခဲ့သည်။ လွန်စွာဆင်းရဲနွမ်းပါး၍ ခိုကိုးရာမဲ့ ပုဏ္ဏားအိုကြီး ရာဓသည် အသက်အရွယ်ကြီးရင့်သဖြင့် ကျောင်းသို့လာကာ ရဟန်းပြုပေးပါမည့်အကြောင်း သံဃာတော်တို့အား လျှောက်ထားရာ သံဃာတော်တို့က ဥပေက္ခာပြု လျစ်လျူရူနေကြသည်။ ရှင်သာရိပုတ္တရာကျေးဇူးသိမူကြောင့် ပုဏ္ဏားအိုကြီးရာဓသည်
"ဆဠဘိည ပဋိသမ္ဘိဒါပတ္တ မဟာသာဝကကြီး" တပါး ဖြစ်ခဲ့သည်။

ထိုမှတပါး ဆရာ၏ကျေးဇူးကို သိရာ၌လည်း အရှင်သာရိပုတ္တရာမထေရ်ကြီးသည် စံတင်လောက်ပါပေသည်။
မိမိ မည်သည့်အရပ်ဒေသသို့ ရောက်နေသည်ဖြစ်စေ ရောက်ရာအရပ်၌ မိမိအား သရဏဂုံတည်အောင် အရိယာဘ၀သို့ရောက်ရှိအောင် ဟောပြခဲ့သည့် မိမိဆရာ "အရှင်အဿဇိမထေရ်" သီတင်းသုံးရာ အရပ်ဒေသဘက်သို့ ခေါင်းရင်းပြု၍ အိပ်စက်လေ့ရှိသည်။

အဂ္ဂသာဝကဧတဒဂ်ရ ပုဂ္ဂိုလ်ကြီးဖြစ်နေသော်လည်း ကျေးဇူးရှင် ငယ်ဆရာကို ဘယ်ခါမျှ မမေ့ပေ။

ဗုဒ္ဓမြတ်စွာသည် သက်တော် ၈၀၊ ၀ါတော် ၄၅-၀ါတွင် ပရိနိဗ္ဗာန် ပြုတော်မူရန် မာရ်နတ်ကို ကတိပေးပြီးနောက်
ဝါကျွတ်၍ ဇေတ၀န်ကျောင်းတော်သို့ ပြန်ကြွတော်မူသောအခါ အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားထံ ပရိနိဗ္ဗာန် ပြုခွင့်ပေးပါရန် လျှောက်ထားပြီး ရဟန်းတော်များအား နောက်ဆုံး ဟောကြားခြင်းအဖြစ် တန်ခိုးပြာဋိဟာပြ၍ တရားဟောတော်မူသည်၊ မြတ်စွာဘုရားရှင်အား တရားဖြင့် နောက်ဆုံး ပူဇော်ခြင်းဖြင့် ရှိခိုးပူဇော်ပြီး ပရိသတ်ခြံရံကာ ဇေတ၀န်ကျောင်းတော်မှ ထွက်ခွာတော်မူခဲ့သည်။

မထေရ်မြတ်သည် မိမိအပါအ၀င် ရဟန္တာ ၇-ပါး၏ မိခင်ဖြစ်သော်လည်း ယခုတိုင် မိစ္ဆာအယူရှိနေသေးသည့် မိခင်ကြီးကို ချေချွတ်ဖို့ရန် မိမိဇာတိ ဥပတိဿရွာခေါ် နာလကရွာ မွေးဖွားရာတိုက်ခန်းသို့ ကြွတော်မူသည်။ တိုက်ခန်းသို့ရောက်၍ မကြာမီမှာပင် သွေးသွန်ရောဂါပြင်းစွာခံစားတော်မူ၏။ မယ်တော် ရူပသာရီပုဏ္ဏေးမကြီးသည် တိုက်ခန်းတံခါးဝကိုမှီ၍ ညိုးငယ်စွာ ရပ်တည်နေခိုက် စတုမဟာရာဇ်နတ်မင်းကြီးလေးဦးတို့သည် ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာဖြင့် မထေရ်မြတ်အား နောက်ဆုံးဖူးမြော်ပြုစုရန် ရောက်ရှိလာကြကုန်၏။ သူနာပြုရဟန်းတို့ရှိနေသဖြင့် မထေရ်က ပြန်လွှတ်တော်မူသည်။ ထို့နောက် သိကြားမင်းသည်လည်းကောင်း၊ ထို့နောက် ဗြဟ္မာမင်းကြီးတို့သည်လည်းကောင်း အသီးသီးပြုစုရန် လာရောက်ကြလေသည်။

နတ်ဗြဟ္မာတို့ လာကြ ပြန်ကြသည်ကိုမြင်၍ မယ်တော်ပုဏ္ဏေးမကြီးသည် အံ့အားသင့်ကာ “သားဖြစ်သူပင် ဤမျှတန်ခိုးကြီး သေးလျှင် သား၏ဆရာဘုရားရှင်မှာ မည်မျှတန်ခိုးကြီးလေမည်မသိ”ဟု လည်းစဉ်းစားလျက် သားဖြစ်သူအား မေးလျှောက်လေသည်။ မထေရ်မြတ်က ဤနတ်သိကြား ဗြဟ္မာတို့သည် ငါတို့ဆရာမြတ်စွာဘုရား၏ အရံစောင့် သပိတ်ထမ်း
ထီးတော်မိုးကြသူများသာ ဖြစ်ကြောင်း ဘုရားရှင်၏ ဂုဏ်တော်ကို ထုတ်ဖော်ဟောပြလေရာ မယ်တော်ကြီးမှာ လွန်စွာအံသြကြည်နူးသွားလေသည်၊ သားမထေရ်၏ တန်ခိုးကြီးပုံ၊ မြတ်စွာဘုရား၏ ကျေးဇူးဂုဏ်တို့ကို အာရုံစိတ်မှန်းဖြင့် ၀မ်းမြောက်ကြည်ညိုနေချိန်တွင် မထေရ်မြတ်က ဗုဒ္ဓဂုဏ်ရည်တို့ကို ဆက်လက်ဟောပြသဖြင့် မယ်တော်ကြီး သောတာပန်ဖြစ်သွားသည်။

မယ်တော်ကြီးကို ချေချွတ်ပြီးနောက် သံဃာတော်တို့ကို စုဝေးကာ သြ၀ါဒပေးတော်မူပြီးလျှင် လက်ယာနံတောင်းဖြင့် လျောင်းတော်မူလျက် သမာပတ်ကိုးပါးကို ရင်ဖျားတုံ့လှည့် ၀င်စားတော်မူကာ ပရိနိဗ္ဗာန်ပြုတော်မူလေသည်။ ညီတော် "စုန္ဒ" သည် မထေရ်မြတ်၏ဓာတ်တော်များကို ရေစစ်တွင်ထည့်ကာ ဇေတ၀န်ကျောင်းတော်သို့ ပင့်ဆောင်သွားပြီး မြတ်စွာဘုရား
လက်တော်သို့ ဆက်ကပ်လေသည်။ မြတ်စွာဘုရားသည် မထေရ်မြတ်၏ ဂုဏ်ကျေးဇူးတို့ကို ဂါထာငါးရာဖြင့် ချီးကျူးတော်မူ၍ ဓာတ်တော်များကို ဋ္ဌာပနာကာ သာဝတ္ထိပြည်တွင် စေတီတော်တည်ထားစေတော်မူလေသည်။

အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး ဟောကြားကျူးရင့်တော်မူလေ့ရှိသော သြ၀ါဒတရားတော် -

မာ မေ ကဒါစိ ပါပိစ္ဆော၊ ကုသီတော ဟီန၀ီရိယော။
အပ္ပဿုတော အနာဒရော၊ ကေန လောကသ္မိ ကိံ သိယာ။

" ယုတ်မာသောအလိုရှိသော ပျင်းရိသော လုံ့လ၀ီရိယနည်းပါးသော အကြားအမြင်နည်းသော အဆုံးအမ သြ၀ါဒ၌ ရိုသေခြင်းကင်းသော ပုဂ္ဂိုလ်သည် ငါ၏အထံ၌ တရံတခါမျှ မရှိပါစေသတည်း၊ အကြောင်းကား လောက၌ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား ဆုံးမသြ၀ါဒပေးခြင်းဖြင့် အဘယ်သို့မျှ အကျိုးထူးလာနိုင်တော့မည် မဟုတ်သောကြောင့်တည်း။"

ဗဟုဿုတော စ မေဓာဝီ၊ သီလေသု သုသမာဟိတော။
စေတောသမထမနုယုတ္တော၊ အပိ မုဒ္ဓနိ တိဋ္ဌတု။

" အကြင်ပုဂ္ဂိုလ်သည် အကြားအမြင်များစွာရှိ၏၊ ပညာလည်းရှိ၏၊ စတုပါရိသုဒ္ဓိသီလတို့၌ ကောင်းစွာတည်၏၊ စိတ်ကိုကောင်းစွာထားခြင်းနှင့် စပ်ယှဉ်၏၊ ထိုသို့သောပုဂ္ဂိုလ်သည် ငါ၏ဦးထိပ်၌သောလည်း တည်ပါစေသတည်း။ "

ဂါမေ ၀ါ ယဒိ ၀ါ ရညေ၊ နိန္နေ ၀ါ ယဒိ ၀ါ ထလေ။
ယတၳ အရဟေႏၱာ ၀ိဟရႏၱိ၊ တံ ဘူမိ ရာမေဏယ်ကံ။

" ရွာ၌သော်လည်းကောင်း၊ တော၌သော်လည်းကောင်း၊ ချိုင့်ဝှမ်းရာအရပ်၌သော်လည်းကောင်း၊ မြင့်မောက်ရာအရပ်၌သော်လည်းကောင်း အကြင်အရပ်၌ ရဟန္တာအရှင်မြတ်တို့သည် သီတင်းသုံး နေထိုင်ကြကုန်၏၊ ထိုရဟန္တာအရှင်မြတ်တို့နေသော အရပ်သည် နှလုံးမွေ့လျော်ဖွယ် ရှိသည်သာလျှင်တည်း။ "
 
[ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ - ]


မှ ပြန်လည်မျှဝေပါသည်။
(စိမ့်စမ်းရေ ဆိုဒ်မှကူးယူဖော်ပြပါသည်...) 

Leave a Reply