HAZY LIFE




အစအဆုံးကို ဒီ http://www.dhammaflavour.net ဆိုဒ်လေးကနေ ကူးလာတာဖြစ်ပါတယ်...
စာတွေအားလုံးက ဗွီဒီယိုထဲမှာ ပြောထားတဲ့စကားတွေကို မှတ်တမ်းတင်ထားတာဖြစ်တဲ့အတွက်...
အကယ်၍ ဗီဒီယိုကြည့်ရဘူးဆိုရင်လည်း စာဖတ်ပြိး ဘာတွေပြောသွားလဲဆိုတာချင့်ချိန်နိုင်ကြပါစေ...

အဖွင့်အမှာစကား.. ဆရာဦးဇော်မင်း

ဒီကနေ့နှုတ်ကပါတ်တော်သွားဖို့ရန်အတွက် ကျွန်တော်နှုတ်ကပတ်တော်မဝေငှဘူးဆိုတဲ့အကြောင်း ကြိုတင်ပြီးတော့ပြောပါရစေ။ ဒီနေ့ နေ့ခင်းတုန်းက လာတဲ့ဆရာဂွန်အောင် S.Gum Aung၊ ဆရာကအရင်က နယ်မှာနေတယ်။ ပြီးတောမှ မိဘမဲ့ဖြစ်သွားတယ်၊ ကိုယ့်ဘ၀ကိုလမ်းကြောင်းတယ်၊ ပညာဆုံးသွာတဲ့အခါမှာ ဘုန်းကြီးဝတ်တယ်။ ပြီးတဲ့အခါမှာ အိန္နိယမှာပညာသင်ခွင့်ရတယ်။ ဒေါက်တာဘွဲ့ရတယ်။ ပီအိပ်ခ်ျဒီအောင်တယ်။ ဘုန်းကြီးအနေနဲ့ပါ။ ပီအိပ်ခ်ျဒီအောင်ပြီးတော့ မြန်မာပြည်ပြန်လာပြီး နှလုံးသားမှာဟာတဲ့အတွက်ကြောင့် ဘုရားကိုရှာတဲ့အခါမှာ ဆရာကြီးဦးတင်မောင်ထွန်းရဲ့ တရားဟောချက်ကိုကြားပြီးတော့ ဘုရားကိုစိမ်ခေါ်တဲ့ ဆရာတပါးဖြစ်တယ်။ စိမ်ခေါ်ပြီးတော့မှ လူဝတ်လဲပြီး အလုပ်ပြန်လုပ်တယ်။ ဘွဲ့ရတဲ့အလုပ်နဲ့ ပြန်ပြီးအလုပ်လုပ်ပြီးတော့ ဘုရားရှင်က ကြီးမားစွာအသုံးချနေတဲ့ ဆရာတပါးဖြစ်တယ်။ မြောက်များစွာသောအတွေ့အကြုံတွေရှိတယ်။ ဒါကြောင့်မို့ ဒီနေ့ကျွန်တော်တို့ ဘုရားရှင်ဘာလုပ်နေသလဲ ဆိုတဲ့ အံ့သြစရာကောင်းတဲ့အရာကို စဉ်းစားဖို့ဖြစ်တယ်။

ညီမတယောက်ရှိတယ်။ ၈၈နောက်ပိုင်းမှာ ညီမလေးက ပြည်ပထွက်သွားတယ်။ ဘုရားကိုမသိသေးတဲ့ကာလဖြစ်တယ်။ သို့သော် ဒီဆရာလည်း ဘုရားကိုသိသွားတဲ့ကာလသော်လည်းကောင်း၊ ညီမငယ်လေးကလည်း ဘုရားကိုသိပြီး၊ မျက်ရည်နဲ့ဘုရားကိုဒူးထောက်ပြီးတော့ ဆစ်ဒနီအသင်းတော်မှ ဆုတောင်းတဲ့အခါ ပြန်သတင်းကြားတော့ နှစ်ယောက်စလုံး ယုံကြည်သူဖြစ်နေပြီတဲ့ ..ဟာလေလုယ။

ဆရာ့အတွေ့အကြုံများ၊ မြောက်များစွာရှိတယ်။ အဲဒီအထဲမှာ နှုတ်ကပတ်တော်ရဲ့ အောင်မြင်ခြင်းတွေကို တွေ့မှာဖြစ်တယ်။ နှုတ်ကပါတ်တော်ဝေငှခြင်းဆိုပေမဲ့လည်း ဆရာက သက်သေခံခြင်းကို များများသွားမယ်၊ ပြီးတော့ နှုတ်ကပတ်တော်လေး နည်းနည်းနဲ့ ပိတ်မှာဖြစ်ပါတယ်။

ဆရာကိုယေရှုနာမနဲ့ ဖိတ်ခေါ်ပါတယ်။ ဘုရားရှင်ကောင်းကြီးပေးပါစေ။ ကျွန်တော်တို့အားလုံး နှလုံးသားများကို ဖွင့်ပေးပါ၊ ဘုရားသခင်ကောင်းမြတ်ခြင်းများကို နားထောင်ရအောင်...။



သက်သေခံခြင်းနှင့်တရားဒေသနာ
Rev.T.Peter/S.GumAung(လဇွန်ခွန်အောင်) (Professor)

ဟာလေလုယ၊ အာမင်..။
အမြင့်ဆုံးသောဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်အားဖြင့် ကျွန်တော် မနေ့ကပဲ ဒီအသင်းတော်ကို ရောက်ရှိလာပါတယ်။ လာတဲ့အကြောင်းကတော့ ကျွန်တော်တို့ နယ်စပ်ဒေသ အသင်းတော်အတွက် ဆရာကြီးနဲ့လာပြီး မိတ်သဟာရဖွဲ့၊ ဆွေးနွေးခြင်းလည်းဖြစ်ပါတယ်။ ရောက်ရှိရင်းနဲ့ ကျွန်တော် အသင်းတော်ကဏ္ဍ ပြောခွင့်လည်းရခဲ့ပါတယ်။ ဒါလည်း ဘုရားသခင်ရဲ့ ကျေးဇူးတော်ဖြစ်ပါတယ်။ ကျွန်တော့နာမည် ဆရာ အက်စ်ဂွန်အောင်ဖြစ်ပါတယ်။ ကျွန်တော့်မွေးစားဖေက ဦးစိုင်ဝါး၊ အမေကဒေါ်လော်ဝယ် ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ အဖေရင်း၊အမေရင်းကတော့ ကျွန်တော် ၇နှစ်သားကတည်းက သေသွားပါပြီ။ လွန်ခဲ့တဲ့ ၁၉၆၇ခုနှစ်လောက်ကတည်းက အဖေရော၊အမေရော .သူများသတ်လို့သေသွားပြီ။ သေပြီးတဲ့နောက် ကျွန်တော်တို့မောင်နှမနှစ်ယောက် လမ်းဘေးမှာ ပလပ်စတစ်ကောက်တယ်။ ရေထမ်းရောင်းရင်းနဲ့ပဲ ကျွန်တော်ကျောင်းတက်လာခဲ့ပါတယ်။ ကျွန်တော်တို့မိဘတွေ သေသွားနဲ့နေရာကတော့ မွန်ပြည်နယ်။ကျိုက်မရောနားလေးမှာ ဖြစ်တယ်။ ဒါကြောင့်မို့ ကျွန်တော် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေကို အရမ်းစိတ်ဝင်စားတယ်။ ဘုရားသခင်ထံမှာ အကြီးအကျယ်ဆုတောင်းခဲ့ဖူးတယ်။ ဆုတောင်းတဲ့အခါမှာ ကျွန်တော်တို့မြန်မာနိုင်ငံမြေပုံထဲမှာ အ၀ါရောင်တွေချယ်ထားတဲ့နေရာ၊ ဒီနေရာတွေကို မင်း သာသနာလုပ်ရမယ်လို့ ဗီးရှင်းပေးခဲ့တဲ့အခါမှာ ကျွန်တော် ပုဂံညောင်ဥိးဒေသမှအစပြီးတော မြန်မာနိုင်ငံအနှံ သာသနာဝင်ခဲ့ဖူးပါတယ်။ ကျွန်တော် ၁၉၆၇ခု ကတည်းက မိဘမရှိခဲ့ဖူး၊ မရှိခဲ့ပဲနဲ့ ဘုရားသခင်ရဲ့ကျေးဇူးတော်ကို အဲဒီအချိန် နားမလည်ခဲ့ပေမဲ့လည်း ဘုရားသခင်က ကျွန်တော့ကို လမ်းပြပို့ဆောင်ခဲ့ပါတယ်။
ရှေးဦးစွာနှုတ်ကပါတ်တော်
သမ္မာကျမ်းစာတော်မြတ်ကို ဖတ်ပါရစေ။ ဓမ္မရာဇ၀င်ပထမစာစောင် အခန်းကြီး(၂) အပိုဒ်ငယ် ၆ကနေစပြီး အောက်ကိုအနည်းငယ် ဖတ်ပါမယ်။
ထာဝရဘုရားသည် သေစေသောအခွင့်၊ အသက်ရှင်စေသောအခွင့်၊ မရဏနိုင်ငံသို့ နှိမ့်ချသောအခွင့်၊ ထမြောက်စေသော အခွင့်ရှိတော်မူ၏။ ဆင်းရဲစေ ခြင်းငှါ၎င်း၊ ရတတ်စေခြင်းငှါ၎င်း၊ ထာဝရဘုရားပြု၍နှိမ့်ချသော အခွင့်၊ ချီးမြောက်သောအခွင့် ရှိတော်မူ၏၊ ဆင်းရဲသောသူကို မြေမှုန့် ထဲက၄င်း၊ ငတ်မွတ်သောသူကို နောက်ချေးပုံထဲက ၄င်း၊ မြှောက်၍၊ မင်းသားတို့ နှင့်ထိုင်ရ သောအခွင့်၊ ဘုန်းကြီးသော ပလ္လင်ကို အမွေခံ ရသောအခွင့်ကိုပေး တော်မူ၏။ အကြောင်းမူကား၊ မြေကြီးတိုင်ကို့ ထာဝရဘုရားပိုင်၏၊ ထိုတိုင်တို့ အပေါ်မှာ လောက ဓါတ်ကိုတည်တော်မူပြီ။

ဖတ်သွားတဲ့ အသက်ရှင်တော်မူသော နှုတ်ကပတ်တော်ပေါ်မှာသော်၎င်း၊ ကြားနာသောသူအပေါင်းတို့အပေါ်မျာ၎င်း၊ ဘုရားသခင်သာ၍ကောင်းကြီးမင်္ဂလာပေးပါစေ။ အာမင်..။
ကျေးဇူးတော်ချီးမွမ်းခြင်း
ကျွန်တော်အသက်တာမှာ ဒီနှုတ်ကပါတ်တော်က ကျွန်တော်ကိုအကြိမ်ကြိမ်စကားပြောပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ခရစ်တော်ကို ရလာပြီးတဲ့အချိန်မှာ၊ ကျွန်တော်လုံးဝမမျှော်မှန်းတဲ့ ဘ၀အသက်တာတွေကို ရရလာခဲ့တယ်။ ရတဲ့အချိန်တိုင်း ကျွန်တော်အများကြီးမျက်ရည်ကျတယ်။ ဘာလို့လဲဆိုတော့ ကိုယ်တော်ဘာလို့ ကျွန်တော့ကိုကောင်းကြီးပေးသလဲ၊ ကျွန်တော်မထိုက်တန်ပါဘူး..လို့၊ ဘာလို့လဲဆိုတော့ ကျွန်တော်ငယ်ငယ်တုန်းက ပြားငါးဆယ်သုံးဖို့တောင်မှ ကျွန်တော် ခုနှစ်ရက် စဉ်းစားဖူးတယ်။ အဲဒီလို ခုနှစ်ရက်စဉ်းစားပြီးနေတဲ့ ကျွန်တော့မှာ ဒီနေ့ဆိုရင် ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် ဥယျာဉ်တွေလည်း အများကြီးပိုင်တယ်။ ကျွန်တော်မလိုချင်လဲ ဘုရားရှင်ပေးတယ်။ နောက် ..ကျွန်တော် ခရစ်တော်ကို စရတဲ့အချိန်မှာ ပိုက်ဆံတစ်ပြားမှမယူပဲ ခရစ်တော်နောက်လိုက်ခဲ့တယ်။ ကျောက်တူးရင်းနဲ့ ဧ၀ံဂေလိလုပ်တယ်။ ဧ၀ံဂေလိလုပ်ရင်း ကျောက်တူးတယ်။ ဒိလိုနဲ့ ဘုရားသခင်က ကျွန်တော့်ကို ကောင်းကြီးပေးတယ်။ ကိုယ်ပိုင်ကားတစီးရရှိခဲ့တယ်။ အမှုတော်ဆောင်တယ်။ ဒီလိုနဲ့ ကျမ်းစာကျောင်းတက်တယ်။ အမှုတော်ဆောင်ပါတယ်။ ဒီကနေ့အထိ အစေခံသက်သက်ပဲ အမှုတော်ဆောင်တယ်။ လုံးဝ လစာမစားဘူး။ ဒါဆိုဘာနဲစားသလဲ .. ဘုရားအမြဲတမ်းကျွေးတယ်..ပိုလျှံနေတယ်။ ကျွန်တော်ဘယ်နေရာပဲသွားသွား ကျွန်တော်မျက်နှာမငယ်ဘူး။ မနေ့က ကျွန်တော်တို့၅ယောက် ထွက်လာကြတယ်။ တစ်ယောက်က အမည်ခံခရစ်ယာန်၊ သူ့အတွက်တော့ ကျွန်တော်နှမျောတယ်။ မကျွေးချင်ဘူး။ ဒါပေမဲ့ခရစ်တော်ကိုဆပ်ကပ်တဲ့ညီအစ်ကိုများအတွက်တော့ ကျွန်တော့မှာပါသမျှအကုန်ပေးရတာ ကျွန်တော်မနှမျောဘူး၊ ဘာကြောင့်လဲဆိုတော့ ဘုရားက ကျွန်တော့ကိုပေးတာ အမှုတော်အတွက်ပေးတယ်။ စာတန်အတွက်မပေးဘူး၊ ဟာလေလုယ၊ အာမင်..။

ဒီတော့ ဘယ်နေရာမှလဲ၊ ဘယ်လိုပဲပြောပြော ဘုရားသခင်လမ်းပြတဲ့နေရာတိုင်းကို ကျွန်တော်သွားပါတယ်။ ကျွန်တော့ရဲ့ ညီအစ်ကိုမောင်နှမတွေ၊ အသင်းတော်ကို ပြောတဲ့စကားတခွန်းပဲရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့၊ ဘုရားသခင်မလွှတ်လို့ရှိရင် ခြေလှမ်းတစ်လှမ်း၊ လှမ်းလို့မရဘူး၊ ဘုရားသခင်ပို့လို့ရှိရင် ဘယ်လောက်ပဲ ပိတ်ထားတဲ့တံခါးတွေဖြစ်ဖြစ်၊ ဘုရားသခင်ရိုက်ချိုးသွားတယ်။ ဒါကြောင့် ဒီကနေ့ကျွန်တော် အနည်းငယ်သက်သေခံပါရစေ။ ကျွန်တော် ဆရာတော်ကိုလည်း ခွင့်တောင်းထားတယ်။ ကျွန်တော်ဒေသနာဟောတာထက် သက်သေပဲခံပါရစေ။


အသက်၇နှစ်အရွယ်၊မိဘမဲ့ဖြစ်ရခြင်း
ဘာလို့လဲဆိုတော့ ကျွန်တော်ခရစ်တော်နောက်လိုက်နေတာ ၁၈နှစ်ပဲရှိပါသေးတယ်။ ဒါပေမဲ့ ခရစ်တော်နဲ့တကယ်ပဲလျှောက်လှမ်းလာတာက ၁၅နှစ်ကျော်၊ ၁၆နှစ်အတွင်းထဲမှာပဲ ရှိပါသေးတယ်..လို့။ ဒါကြောင့် ဒီလိုအချိန်အတွင်းထဲမှာပဲ ဘုရားသခင်ကျွန်တော်ကို အများကြီးချီးမြျှောက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၉၆၇ခုနှစ်မှာ မိဘနှစ်ပါးစလုံး အသတ်ခံပြီးတဲ့နောက်၊ မောင်နှမနှစ်ယောက်ထဲ ဘ၀မှာ ဘုရားဆိုတာနားမလည်ခဲ့ဘူး။ နေ့စဉ်စားနိုင်ဖို့အတွက် ပလပ်စတစ်ကောက်တယ်၊ ရေထမ်းရောင်းတယ်။ ဒီဘ၀နဲ့အသက်ရှင်လာတော့ လူတွေရှေ့မှာ အရမ်းမျက်နှာငယ်တယ်။ အဖေရဲ့အမျိုးအနွယ်၊ဘာမှန်းမသိဘူး။ အမေရဲ့အမျိုးအနွယ် ဘာမှန်းမသိဘူး၊ မိဘတွေနဲ့အတူ ခရီးထွက်လာတယ်။လမ်းမှာလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အမေကိုမုဒိမ်းကျင့်သွားတယ်။ အဖေကိုလည်း ဘက်နက်နဲ့ထိုးသတ်သွားတယ်။ မျက်စိအောက်မှာ အဖေနဲ့အမေက နှစ်ယောက်လုံး၊ အလောင်းကို ကားဓါတ်ဆီဖေါက်ပြီး၊ ကားရောမီးရှို့ပြီး ထားထားခဲ့တဲ့အခါ၊ လမ်းဘေးကခြုံပုတ်ထဲမှာ မောင်နှမနှစ်ယောက် ဘယ်သွားရမှန်းမသိခဲ့ဘူး။ ဒီလိုနဲ့ ရမ်းသမ်းပြီးတော့ လမ်းလျှောက်လာတော့ ကရင်တောင်သူ တဲတစ်တဲရောက်တယ်။ ကရင်တောင်သူတဲက ညီမလေးကိုတော့ ကျောင်းထားပေးမယ်၊ ကျွန်တော်တော့ အလုပ်လုပ်ရမယ်ဆိုတော့ ကျွန်တော်အရမ်းဝမ်းနဲတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် စာအရမ်းတတ်ချင်တယ်။ ပညာတတ်မှဘဲ ကျွန်တော်ဘ၀ကို မားမားမတ်မတ်ရပ်တည်နိုင်လိမ့်မယ်၊ ကျွန်တော်တို့မောင်နှမနှစ်ယောက် အဲဒီမှာ ၁၀ရက်လောက် ကပ်နေပြီးတော့ ကြိုးစားပြီးလမ်းဆက်သွားကြတယ်။ မော်လမြိုင်ရောက်လာတော့ မော်လမြိုင်မှာ ခဏနေတယ်။ အဲဒီကဆရာကြီးက ကျွန်တော်တို့ကိုပညာသင်ပေးခဲ့တဲ့ ဆရာကြီးက ပြန်တွေ့တော့ ပဲခူးမြို့ကိုပို့ပေးတယ်။ ဒါနဲ့ ပဲခူးမြို့၊ဆန်တော်တွင်း(၄)လမ်းမှာရှိ မိတ်ဆွေတဦးရဲ့အိမ်အောက်မှာ မောင်နှမနှစ်ယောက် ကပ်နေပြီးတော့ မောင်နှမနှစ်ယောက် အ.ထ.က(၆)မှာ ကျောင်းတက်ခဲ့ကြတယ်။ ပဲခူး အ.ထ.က (၆)ကနေ ကျွန်တော် ၁၀တန်းကို ဂုဏ်ထူး (၄)ဘာသာနဲ့ အောင်ခဲ့တယ်။ ညီမလေးကလည်း ဂုဏ်ထူး (၅)ဘာသာနဲ့ အောင်ခဲ့ကြတယ်။ အဲဒီတော့ မောင်နှမနှစ်ယောက် ဒီလိုဂုဏ်ထူးတွေရဘို့အတွက်ကတော့ ရေထမ်းခဲ့ရတယ်၊ ပလပ်စတစ်ကောက်နဲ့ သူများတွေရဲ့နှိပ်စက်ခြင်းကို အများကြီးခံခဲ့ရပါတယ်။ သို့သော် အဲဒီအချိန်က ဘုရားကိုမသိပေမဲ့ ကိုယ်တော်က ကျွန်တော့ကိုသိနေခဲ့ပါတယ်။ ဟာလေလုယ...အာမင်..(ပြုံးရွှင်လျှက်)။ ဘာကြောင့်လဲဆိုတော့ နောက်ပိုင်းမှာ ကိုယ်တော်ရဲ့အကြောင်းကို ပိုပြီးသိလာခဲ့တယ်။ အဲဒါနဲ့ ၁၉၈၂ခုနှစ်မှာ ကျွန်တော် ရန်ကုန် အာအိုင်တီ RIT ကနေပြီးတော့ ကျွန်တော်ကျောင်းပြီးပါတယ်။ ညီမလေးကလည်း ကျွန်တော်ပြီးတဲ့နောက်မှာ ဆေးတက္ကသိုလ်ကနေ ကျောင်းပြီးခဲ့ကြတယ်။ ကျွန်တော်က အစိုးရအလုပ်လုပ်မလား၊ မိဘတွေကိုသတ်သွားတဲ့လူကို လိုက်ရှာမလား..လို့၊ ကျွန်တော်အများကြီးတွေးတယ်။ မောင်နှမနှစ်ယောက်စလုံး ငယ်ငယ်လေးကတည်းက အခက်အခဲ၊ဒုက္ခကြုံတွေ့တိုင်း မိဘသတ်တဲ့လူကို ပြန်ပြီးသတ်ချင်တဲ့ စိတ်ပဲရှိခဲ့တယ်။ အမြဲတမ်းနှလုံးသားက လူသတ်ချင်တဲ့စိတ် အချိန်ပြည့်ဖုံးလွှမ်းပြီးတော့ အာယာတနဲ့ပဲ အသက်ရှင်ခဲ့တဲ့ မောင်နှစ်မနှစ်ယောက်ဖြစ်ပါတယ်။


အရွယ်ရောက်ချိန်သံယာတော်ဘဝ
ဒါနဲ့ ကျွန်တော် လက်နက်ကိုင်အဖွဲ့အစည်းတခုကို ၀င်မယ်ဆိုပြီးသွားတဲ့အခါ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေက မ၀င်ဘို့ တားခဲ့တယ်။ ပဲခူးသာသနာ့မဏ္ဍိုင်၊ ပါဠိတက္ကသိုလ်ကျောင်းတိုက်ဆရာတော်ကြီး၊ ဘန္ဒဓပညာဇောတ..ပေါ့။ သူကလိုက်တားပြီး သူခေါ်တဲ့အခါ ကျွန်တော်ဘုန်းတော်ကြီးကျောင်းမှာ လိုက်သွားတယ်။ အဲဒီဘုန်းကြီးကျောင်းရောက်တော့ ဘုန်းကြီးက အတင်းချော့ပြီးတော့ ကတုန်းတုံးခိုင်းပြီး သင်္ကန်းဝတ်ခိုင်းတော့ ကျွန်တော်လည်း ၀တ်လိုက်တယ်။ အဲဒီမှာ သင်္ကန်းဝတ်ပြီးတော့ စာသင်တိုက်ကြီး၊ ပါဠိတက္ကသိုလ်ကြီးဖြစ်နေတော့ သူများတွေ၊ ဗုဒ္ဓစာတွေ လေ့လာကြတယ်၊ ကျွန်တော် ငယ်ငယ်လေးကတည်းက အတွေးတခုရှိတာက ဘယ်နေရာမှာပဲရောက်ရောက် ကျွန်တော် ကိုယ်လုပ်မဲ့အလုပ်ကို ဆုံးခမ်းတိုင်လုပ်မယ်ဆိုတဲ့ စိတ်က ငယ်ငယ်လေးကတည်းက ရှိခဲ့တဲ့အခါ ဗုဒ္ဓစာပေကို စလေ့လာပြီးတော့ ၁၉၈၆ခုနှစ်မှာ သာသနာ့ ဓမ္မစရိယဘွဲ့၊ စင်္ကြာဘုန်းကြီးဘွဲ့ကိုအောင်မြင်ခဲ့တယ်။ အဲဒီကနေ အောင်မြင်ပြီးတော့ ၁၉၈၈ခုနှစ်မှာ မြန်မာနိုင်ငံ၊ အားလုံးသိပြီးသားဖြစ်ပါတယ်။ အရေးအခင်းဖြစ်တယ်။ အရေးအခင်းမှာ ဘုန်းကြီးတွေလည်း တော်တော်များများပါသွားတယ်။ ကျောင်းသားကျောင်းသူတွေ ပါပြီး၊ ပျက်စီးသွားကြတယ်။ အဲဒီတော့ နိုင်ငံတော်အစိုးရကို လူထုက မကြေမနပ်ဖြစ်နေတဲ့အချိန်၊ အဲဒီမှာ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှုးကြီးဦးစောမောင်ကနေပြီး၊ ကျွန်တော့ကို အိန္နိယနိုင်ငံ ဗီဟာပြည်နယ်၊ နလန္တာတက္ကသိုလ်ပေါ့။ အဲဒီမှာ ဗုဒ္ဓဘာသာတက္ကသိုလ်ကို တက်ဖို့ (၉)ယောက်ရွေးချယ်တဲ့အထဲ နံပါတ်(၁)အနေနဲ့ ရွေးချယ်ပြီး၊ ပို့ဆောင်ခဲ့တယ်။ ပို့ဆောင်ခဲ့တဲ့အတွက် အိန္နိယနိုင်ငံ၊ ဗီဟာပြည်နယ်၊ နလန္တာတက္ကသိုလ်မှာ ကျွန်တော် MA Buddhism ပြီးတဲ့အထိ ကျောင်းတက်ခွင့်ရရှိခဲ့တယ်။ အဲဒီကနေပြီး သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ ဗုဒ္ဒသိဓသန် တက္ကသိုလ်မှာ ကျွန်တော် ပီအိပ်ခ်ျဒီ Ph.D ဆက်လက်ရလာခဲ့တယ်။ ဒါနဲ့ ၁၉၉၃ခု ဇန္န၀ါရီလ (၃)ရက်နေ့မှာ မြန်မာနိုင်ငံပြန်ရောက်ပြီး၊ ဇန္န၀ါရီလ (၄)ရက်နေ့ မြန်မာနိုင်ငံလွတ်လပ်ရေးနေ့မှာ ကျွန်တော့ကို နိုင်ငံတော်အကြီးအကဲက ၀ိသံသက ပဏ္ဍိတဘွဲ့၊ ဦးဆွတ်အောင်ပန်းလို့ခေါ်တာပေါ့၊ သံယာတွေထဲမှာ အသက်အငယ်ဆုံး၊ ၀ါအနုဆုံးနဲ့ Ph.D ရလာတယ်ဆိုပြီး ဦးဆွတ်အောင်ပန်းဘွဲ့ကို ပေးတယ်။ ကျွန်တော့်ဘုန်းကြီးနာမည်က ဘနဓ္ဒသမနာလင်္ကရ၊ ပါဠိပါရဂူရ၊ ဂိုရိတ္တ၊မဟာပဏ္ဍိတထေ (စာလုံးပေါင်းမမှန်၍ခွင့်လွှတ်ပါရန်) အားလုံး ဗုဒ္ဓဘာသာဘွဲ့(၉)ဘွဲ့ ရရှိခဲ့ပါတယ်။ အဲဒဗုဒ္ဓဘာသာဘွဲ့(၉)ဘွဲ့ ရရှိပြီးတဲ့နောက်မှာ ကျွန်တော် နိုင်ငံတော်အကြီးအကဲ့ ဦးစောမောင်သွားတဲ့နောက်ကို ကျွန်တော်အမြဲတမ်း လိုက်ခဲ့တယ်။ လိုက်ခဲ့တဲ့အခါ ခုနပြောခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ နောက် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ တရုပ်နိုင်ငံ ရှန်ဟိုင်း ယူနီဗာစတီအထိ ကျွန်တော် လေ့လာခွင့် ရရှိခဲ့တယ်။ ရရှိပြီးတော့ အိန္နိယနိုင်ငံ၊ နိပေါနိုင်ငံ နဲ့ ဘူတန်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံတွေကို သာသနာရေး သွားခဲ့တယ်။
သွေးအန်၊နှလုံးကင်ဆာရောဂါကျွမ်းပြီ
သွားရင်းသွားရင်းနဲ့ ၁၉၉၃ခုနှစ် သြဂုတ်လမှာ ကျွန်တော်၊ ချင်းပြည်နယ် တွန်းဇံမြို့ပေါ့၊ အဲဒီတုန်းက တွန်းဇံက မြို့နယ်ခွဲမဖြစ်သေးဘူး၊ တွန်းဇံမှာ အရင်တုန်းက ခရစ်ယာန်ဆုတောင်းတောင်ရှိတယ်။ ခရစ်ယာန်ဆုတောင်းတောင်ကို လက်ဝါးကားတိုင်ဖယ်ပြီး အဲဒီမှာ စေတီတည်ထားတဲ့၊ စေတီမှာ ထီးတင်ပွဲ တရားဟောဖို့ဖိတ်တဲ့အခါ ကျွန်တော် ၁၉၉၃ခု သြဂုတ်လမှာ တွန်ဇံမြို့ကိုရောက်တယ်။ ရောက်တဲ့အခါ အဲဒီစေတီရဲ့ထီးတင်ပွဲ၊ လောကမာဇရိန်ဆုတောင်းပြည့်စေတီ၊ ထီးတင်ပွဲမှာ ကျွန်တော်တရားဟောတယ်။ တရားဟောပြီးတဲ့အခါ သူတို့ ဆွမ်းကပ်တယ်။ ထမင်းကြွေးတာပေါ့။ ဆွမ်းကပ်တဲ့အခါ ကျွန်တော်ထမင်းစားလို့မရလိုက်ဘူး။ ရင်ဘတ်ကအောင့်ပြီးတော့ ပျို့တက်လာပြီး၊ အန်တဲ့အခါမှာ သွေးနဲ့၊ပြည်တွေ ဖြစ်နေတယ်။ သွေးနဲ့ပြည်တွေ ဖြစ်နေပြီး လူကလည်း တုံပြီးမောလာတဲ့အခါမှာ ကျွန်တော် ဟယ်လီကော်ပတာနဲ့ပဲ မန္တလေးကိုဆင်းတယ်။ မန္တလေး ကုတင်၃၀၀ ဆေးရုံအုပ်၊ မန္တလေးဆေးတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဖြစ်တဲ့ သမားတော် ဒေါက်တာဖေ၀င်း၊ သူကနေ အလတြာဆောင်း Ultra Sound ရိုက်တယ်။ အဲဒီ အလတြာဆောင်း ရိုက်တဲ့အခါ တီဗီမှာ ကျွန်တော့်နှလုံးပုံပေါ်လာတယ်။ အဲဒီမှာ အနာတွေနဲ့၊ ပြည်တွေတည်နေတယ်။ ရောဂါလက္ခဏာ ရှာလို့မရတော့ နံဘေးကနေဖေါက်ပြီးတော့ နှလုံးကနေ သွေးကိုထုတ်ယူတယ်။ ရောဂါစစ်ဆေးတယ်။ စစ်ဆေးတဲ့အခါမှာ ကင်ဆာ...။ အဲဒီတော့ လူပေါင်း တစ်သောင်းမှာတောင် တစ်ယောက် မကြုံဖူးတဲ့ ကင်ဆာရောဂါ နှလုံးမှာဖြစ်နေတယ်။ ကင်ဆာဆို သေပြီးပေါ့။ ကိုယ့်ကိုယ်ကိုလဲ သေလူလို့ သတ်မှတ်လိုက်တယ်။ ဆရာဝန်ကလည်း ကုလို့မရတောဘူး။ ကင်ဆာရောဂါလက္ခဏာ ပေါ်လာပြီ၊ သိလာပြီ၊ ကင်ဆာဆိုတာ သတ်မှတ်လို့ရပြီးဆိုရင် ကင်ဆာရောဂါရဲ့သက်တမ်းက အနည်းဆုံး ခုနှစ်နှစ်ရှိနေပြီလို့ သူပြောမှ ကျွန်တော်လည်း တအားစိတ်ဓါတ်ကျသွားတယ်။ အဲဒီတော့ နိုင်ငံတော်အကြီးအကဲက ကုလို့ရတဲ့နိုင်ငံတွေမှာ လိုက်ကုမယ်။ ဒါနဲ့ ဂျပန်နိုင်ငံ .. ဂျပန်နိုင်ငံတိုကျိုမှာ ကျွန်တော်မနေနိုင်ဘူး၊ အဲဒီမှာ ဟိုကိုင်းဒိုး .. ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုလို့ရှိရင် ချင်းတောင်လိုလို၊ ရှမ်းပြည်နယ်လိုလို အင်မတန်လှတယ်။ နေလို့ကောင်းတယ်။ နှင်းတွေလည်း တအားကျတယ်။ အဲဒီ ဟိုကိုင်းဒိုးကို ပို့တယ်။ ဘယ်လောက်ပဲ ရှုခင်းလှလှ၊ ဘယ်လောက်ပဲ နေလို့ကောင်းကောင်း၊ ကျွန်တော်က သေလူအဖြစ် ကိုယ့်ကိုယ်ကို သတ်မှတ်ထားတော့ ပတ်ဝန်းကျင်အလှက ကျွန်တော့အတွက် ဘာမှမထူးခြားဘူး။

ဒါနဲ့ တောင်ကိုးရီးယားနိုင်ငံ ဆိုးလ် ကင်ဆာအထူးကုဆေးရုံ၊ ရောက်ရှိတယ်။ မြန်မာနိုင်ငံမှ ပြန်သေပါရစေ..လို့၊ နိုင်ငံတော်အကြီးအကဲကို အခွင့်တောင်းတဲ့အခါ နိုင်ငံတော်အကြီးအကဲက ကိုးရီးယားမှာကျန်နေခဲ့တဲ့ ကျွန်တော့ကို မြန်မာနိုင်ငံပြန်ရောက်ခွင့်ရရှိခဲ့တယ်။ မြန်မာနိုင်ငံကို ၁၉၉၃ နိုဝင်ဘာလ ၂၈ရက်မှာ ပြန်ရောက်တယ်။ အဲဒီမှာ သေဖို့စောင့်နေတယ်။ ပဲခူးမြို့ သာသနာမဏ္ဍိုင် ပါဠိတက္ကသိုလ် ကျောင်းဆောင်ပေါ့၊ အဲဒီကျောင်းဆောင် အပေါ်ထပ်မှာ ကျွန်တော့အတွက် နေရာထားပေးတယ်။


ခေါ်သံကိုကြားရပြီ
သေဖို့စောင့်နေရင်းနဲ့ ၁၉၉၄ခု ဇန္န၀ါရီလ (၁၅)ရက်နေ့မှာ မထင်မှတ်ပဲနဲ့ ရေဒီယိုတလုံးက ဒီ..သီချင်းသံထွက်နေတယ်။ သီချင်းသံထွက်နေတော့ ကျွန်တော်တို့က ရွှေကျင်ကျောင်းတိုက်ဆိုတော့ ရဟန်းသံယာတွေ ရေဒီယိုသံ၊ ကက်ဆက်သံ နားထောင်ခွင့်မရှိဘူး။ ဒီနေ့အထိ အဲဒီကျောင်းရဲ့ စည်းကမ်းကလဲ အခွင့်မရှိပါဘူး။ အဲဒီမရှိတဲ့ ကျောင်းတိုက်ကြီးမှာ ထူးထူးဆန်းဆန်း ဒီအသံကြားတော့ သွားပြီးတော့ ခေါ်တယ်။ ခေါ်တော့ သူတို့ဖွင့်ထားတဲ့ဟာကို မပိတ်ရဲဘူး။ ကိုယ်ရင်ပေါက်စလေးတပါး..။ အဲဒါ ထားပစ်ခဲ့လိုက်၊ အဲဒီ ရေဒီယိုကို နောက်မကိုင်နဲ့တော့။ မင်းဝယ်ထားတဲ့ ငွေကြေးရှိတယ်ဆိုရင် အိပ်ယာအောက်ကနေယူပြီး ဆင်းသွားလိုက် ..ဆိုတော့ သူဆင်းသွားတယ်။ ကလေးက မပိတ်တော့ပဲနဲ့ ထားခဲ့တော့ သီချင်းသံအပြီးမှာ တရားဟောချက်ထွက်လာတယ်။ အဲဒီတုန်းက မှတ်မှတ်ရရသီချင်းက အဆိပ်မဲ့ပန်းပါမေမေ ဆိုတဲ့ ပိုးဒါလီသိန်းတန်ဆိုတဲ့သီချင်းလေး၊ ကိုယ်ဝန်ဖျက်ချတဲ့ဟာ အပြစ်ဖြစ်တယ်..ဆိုတဲ့ သီချင်းလေးကို အဲဒီမှာ ကျွန်တော် အဲ့သြပြီးနားထောင်နေတုန်းမှာပဲ သီချင်းအပြီးမှာ သိင်္ခါရမှအစဉ်ထာဝရသို့ ဆိုတဲ့ တရားဟောချက်ကိုကြားတော့ ဟော..ခရစ်ယာန်တွေ သင်္ခါရကနေ အစဉ်ထာဝရ ဘယ်လို ရှိသလဲ။ နဲနဲလဲ လေ့လာချင်တယ်။ အိပ်ယာထဲကနေ မပိတ်တော့ပဲ နားထောင်တော့ အဲဒီညမှာ ဆရာကြီးကနေပြီး ဟောတဲ့ဒေသနာက အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ လက္ခဏာကြီး (၃)ပါးကို အခြေခံပြီး ဟောသွားတယ်။ လူတွေက ခန္တာကိုယ်တွေကို လှဘို့၊ ပဘို့ ..မွေးတယ်။ ကောင်းတာတွေနဲ့ စားကြတယ်။ လှတာတွေ တန်ဘိုးရှိတာတွေနဲ့ ဘယ်လောက်ပဲ ပြုပြင်ပြီး။ ဖုံးလွှမ်းနေ..သေလို့ရှိရင်တော့ မြေကိုကြွေးဖို့ပဲ။ ဘာမှတန်ဖိုးမရှိဘူး။ အဲဒီလိုပဲ ..ဥစ္စာတွေကိုလည်း စုကြတယ်။ ဘယ်လောက်ပဲစုစု နောက်ဆုံးသေသွားလို့ရှိရင် ယူသွားလို့မရဘူး။ ဥစ္စာတွေစုတာ ထိုက်တဲ့သူအတွက်ပဲ။ နောက် ကိုယ့်ရဲ့ ဆံပင်တချောင်းတောင်မှ မဖြူအောင် မတတ်နိုင်ကြဘူး၊ မတတ်နိုင်ပဲနဲ့ ငါ့ဟာ၊ ငါ့မိသားစု၊ ငါ့မယား၊ ငါ့ဥစ္စာ၊ ငါ့မိသားစု၊ ငါ့နိုင်ငံ ဆိုပြီး ငါဆိုတဲ့ အတ္တတွေနဲ့ စွဲလမ်းနေကြတယ်။ တကယ်တော့ ဒီအရာတွေ ဘာယူသွားလို့ရသလဲ..။ လောကမှာ ခရစ်တော်မရှိဘူးဆိုရင် ပူလောင်မှုတွေ၊ ဒုက္ခနဲ့ပဲတွေ့ပြီး နောက်ဆုံး မီးငရဲထဲပဲ ကျဖို့ရှိတယ်။ အဲဒီတော့ ဒီဘ၀ထဲကနေ လွတ်မြောက်စေသောအရာကတော့ ယေရှုခရစ်တော်ရှိတယ်..ဆိုပြီး အဲဒီည ၁၅မိနစ်အတွင်း ဟောသွားတဲ့ တရားဟောချက်ကို ကျွန်တော် အံ့သြတယ်။ အဲဒီမှာ သင်္ခါရနယ်ပယ်ကနေ အစဉ်ထာဝရနယ်ပယ်၊ ဗုဒ္ဓဘာသာမှာလည်း ရှိပါတယ်။ အဲဒီတော့ ၃၁ဘုံ...၊ ဒီ ၃၁ဘုံထဲမှာ ဘယ်မှာပဲဖြစ်ဖြစ် သေကျေပျက်စီးခြင်း၊ နောက်ဆုံး ငရဲဘဲ ရောက်လိမ့်မယ်။ ၃၁ဘုံကနေလွန်မြောက်စေတဲ့ အသင်္ဂတဓါတ် နိဗာန်ဆိုတဲ့အရာမှာ၊ အဲဒီတော့ ဒီ..နိဗာန် နဲ့ ဆရာတင်မောင်ထွန်းပြောတဲ့၊ ဒီ..ထာဝရနိုင်ငံ တူသလား..ဆိုပြီးတော့ တညလုံးတွေးမိတယ်။

နောက်နေ့ရောက်တော့ အဲဒီအချိန်ကလေးမှာ တအားကြားချင်လာတယ်။ ကြားချင်လာတော့ ဇန္န၀ါရီ (၁၆)ရက် ည၉နာရီ ၄၅ကနေစပြီး နားထောင်ဖြစ်တယ်။ အဲဒီမှာ နားထောင်တဲ့အခါမှာ ညတိုင်းညတိုင်း ၁၅မိနစ်၊ ၁၅မိနစ် နားထောင်ပုံမှန် နားထောင်လာတယ်။ နားထောင်ရင်းနဲ့ ၁၉၉၇ခုနှစ် မေလ (၁၃)ရက်နေ့ မနက်ခင်း အစောကြီး ၃နာရီလောက်မှာ သွေးက ထအန်တယ်။ လူကမောပြီး မနေနိုင်တော့ ၀ရံဒါဘက် ထွက်တယ်။ ၀ရံဒါထွက်ပြီးတော့ အပေါ်ကို မော့ကြည့်တဲ့အခါ ကြယ်ကလေးတလုံး၊ ကြွေကျလာတယ်။ ကြယ်တလုံးကြွေကျလာတော့...ဒီကြယ်ကို ကျွန်တော်ကြည့်တယ်။ အောက်ထိမရောက်ဘူး၊ ပျောက်သွားတယ်။ ငယ်ငယ်လေးတုံးကလဲ ကြယ်ကြွေတာတွေ ခဏခဏ မြင်ဘူးတယ်။ ဒါပေမဲ့ မတွေးဖူးဘူး။ ဒါပေမဲ့ အခုတော့ ကျွန်တော်တွေးမိတယ်။ လောကမှာ လူတွေထိန်းချုပ်မောင်းနေတဲ့ မော်တော်ကားတွေ၊ မော်တော်ဆိုင်ကယ်တွေ၊ ပင်လယ်ထဲမှာရှိနေတဲ့ သင်္ဘောတွေ၊ နောက်ပြီးတော့ Station တခုနဲ့တခု၊ တိတိကျကျ လွှတ်ပေးနေတဲ့ သံလမ်းပေါ်မှာ ပြေးနေတဲ့ မီးရထားတွေ၊ နောက် ကောင်းကင်မှာ ကျယ်ပြန့်တဲ့နေရာမှာ သူလေကြောင်းနဲ့သူ သွားနေတဲ့ လေယဉ်တွေ၊ မကြာမကြာ တိုက်ခိုက်မိကြတယ်။ ပျက်စီးကြရတယ်။ လူတွေ ထိန်းချုပ်မောင်းနှင်နေတဲ့ အရာတွေက တိုက်ခိုက်ပျက်စီးနေတယ်။ ဒါဆိုလို့ရှိရင် နေကိုဗဟိုပြုပြီးတော့ . ဘဲဥပုံသဏ္ဍန်နဲ့ တစက္ကန့်ကို မိုင်၇၀၀နှုံးနဲ့ ပြေးနေတဲ့ ကျွန်တော်တို့ ကမ္ဘာကြီး၊ အဲဒီလိုပဲ သူ့လမ်းကြောင်းနဲ သူသွားနေကြတဲ့၊ ဂြိုလ်တွေ၊ နက္ခတ်တာရာတွေ ဘာကြောင့်မတိုက်သလဲ၊ သူတို့ရဲ့ Systematic ဘာဖြစ်လို့ ဖြစ်နေသလဲ..။ ဒါဆိုရင် သူတို့ကို ဘယ်သူက ထိန်းချုပ်မောင်းနှင်နေတာလဲ။ ဒါဆိုရင် သူတို့ကို ထိန်းချုပ်မောင်းနှင်နေတာက ဆရာတင်မောင်ထွန်းပြောတဲ့ ယေရှုဘုရားလား... ကျွန်တော်စိတ်ထဲမှာ ဖြစ်လာတယ်။ ဖြစ်လာတဲ့အချိန် နားထဲမှာ အသံတခု ပြန်ကြားလာတယ်။


စိန်ခေါ်ခြင်း
ဆရာတော်ကြီးက ညတိုင်းညတိုင်း သူပြောတယ်။ မြည်းစမ်းကြည့်ပါ၊ ခေါ်ကြည့်ပါ၊ အဖြေတွေ့ရမယ် ..ဆိုတဲ့စကားကို ပြန်ကြားလာတော့ ကျွန်တော် စိန်ခေါ်ချင်တယ်။ ဒီတော့ ကောင်းကင်ကို လက်ညိုးထိုးပြီး ခင်ဗျား၊ တကယ်တော့ ဘုရားအစစ်လား..၊ ဘုရားအစစ်ဆိုရင် ဘုန်းကြီးကိုပြပါ။ ပြနိုင်ရင်ယုံမယ်၊ မပြနိုင်ရင် မယုံဘူး။

သေတော့သေခါနီးပြီ၊ မာနတော့ရှိသေးတယ်..။ ကိုယ့်ကိုယ်ကို ဘုန်းကြီးကတော့ တပြားမှမလျော့သေးဘူး၊ ဒါနဲ့ အဲဒီနေ့တနေကုန် ကုန်သွားတယ်။ မနက်လင်းလာရာကနေ တနေကုန်သွားတယ်။ ကျွန်တော် မသေခင် အကောင်းဆုံးနေမယ် ..လို့ တွေးထားတာဆိုတော့ တတ်နိုင်သလောက် အားလေးနဲ့၊ မိုက်ကရိုဖုန်းနဲ့ စါဝါ ပို့ချတယ်။ ကျွန်တော် နောက်ဆုံးပို့ချခဲ့တဲ့ စာအုပ်ကို ထုတ်ထားပါတယ်။ အထသာဠိဒီ ..
ဒိကာပေါ့။ စာမျက်နှာ ၄၇၅မျက်နှာရှိတယ်။ ပါဠိလိုဖြစ်တယ်။ ဒီစာအုပ်ကို နောက်ဆုံး ဘုန်းကြီးဘ၀မှာ ထုတ်ခဲ့တာဖြစ်ပါတယ်။ နောက် လောကစာပေ တော်တော်များများ ရေးခဲ့ဖူးတယ်။ ၁၉၇၈ခုနှစ်ကတည်းက လောကစာပေရေးခဲ့တယ်။ ကလောင်နာမည် တက္ကသိုလ်ငြိမ်းနွယ်ခေါ်ပါတယ်။ အဲဒီတော့ ကျွန်တော် ဗုဒ္ဓစာပေ ကျမ်းဂန်ကို ပြုစုရင်းနဲ့ နောက်ဆုံးတော့ အဲဒီကျမ်းကိုလည်း ပြီးခါနီးပြီ၊ စာဝါပို့ချတဲ့ ညတိုင်းညတိုင်း၊ အဲဒီ မရှိမဲ့၊ ရှိမဲ့ အားလေးနဲ့ ကြိုးစားပြီး ပို့ချခဲ့တယ်။


စိန်ခေါ်မှုရဲ့အဖြေ - အံ့သြဖွယ်အလင်း၊
ဒီလိုနဲ့ အဲဒီညမှာ ၁၉၉၄ခု မေလ(၃)ရက်နေ့ ည (၆)နာရီခွဲတော့ ပဲခူးမှာ၊ အဲဒီနှစ်ကတော့ အစောဆုံးမိုးရွာတာပေါ့၊ အကြီးအကျယ် မိုးက တ၀ုန်းဝုန်းနဲ့ ရွာတယ်။ မိုးတွေ မိုးဦးရွာတော့ မိုးကြိုးတွေကလည်း ပစ်တယ်။ အကြီးအကျယ် မိုးကြိုးတွေပစ်တယ်။ မိုးကြိုးတွေပစ်ရင်းနဲ့ ၇၇တပ်မဌာနချုပ်က အဲဒီအချိန်တုန်းက ဘယ်မှာလဲဆိုတော့ ပဲခုးမှာပဲရှိသေးတယ်။ အခုမှ ရန်ကုန်ပြောင်းသွားတယ်။ အဲဒီတော့ ၇၇တပ်မဌာနချုပ်ရဲ့ တပ်ဦးမှာရှိနေတဲ့ တပ်ဦးကျောင်ကို
မိုးကြိုးကပစ်ပြီး တိုက်ကြီးကကွဲပြီးတော့ အတွင်းထဲမှာရှိနေတဲ့ ကိုယ်ရင်နဲ့ဦးဇင်းတွေ သေသွားတယ်။ အဲဒိတော့ စဉ်းစားတယ်။ ကိုယ့်ကိုယ်ကို သေတော့မယ်လို့ မျှော်နေတဲ့အချိန်၊ သန်သန်မာမာနဲ့ ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေက သေသွားတယ်။ ဟုတ်ပြီး.. သေခြင်းဆိုတာ ခြေတလှမ်းပဲ...။ ဘယ်လောက်မှ မဝေးပါလား..လို့ တွေးမိတယ်။ တွေးမိပြီးတော့ ဖြစ်နေတဲ့အချိန် အဲဒီတုန်းက ပဲခူးမှာ ရပ်ကွက်ပေါင်း (၇)ခုက မီးလုံးက ပျက်သွားတယ်။ ထရန်စဖွန်မာက စက်ကွင်းမိပြီး အားလုံးကပျက်သွားတယ်။ ပျက်သွားတဲ့အခါမှာ တခါတည်း ဘယ်လိုပြောမလဲဆိုရင် မီးမရှိတော့ ဖယောင်းတိုင်နဲ့နေရင်းနဲ့ ည ၁၂နာရီလောက်မှာ သွေးက သွေးအန်တယ်။ သွေးအန်တော့ လူကမောပြီးတော့ ဒေါက်တာဇိဝကရယ်၊ ဒေါက်တာအေးကျော်၊ ဒေါက်တာကျော်ကျော်လွင်ဆိုတာ အခု ပဲခူးမှာ နာမည်ကြီး ဆရာဝန်ကြီးတွေရှိတယ်။ သူတို့တတွေ အလှည့်ကျ ဆေးလာလာကုပေးတယ်။ ကျွန်တော့ဘေးမှာ အမြဲတမ်း လာလာ ပြုစုတာကတော့ ယခု လက်ရှိ ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရေး ဦးစီးဌာနမှာ၊ ဒုတိယညွန်ကြားရေးမှုးလုပ်နေတဲ့ စာရေးဆရာလည်းဖြစ်တယ်။ မနုသကျော်ဝင်းဆိုတာ၊ သူက အမြဲတမ်းပြုစုတယ်။ အဲဒီ မှာဘယ်လိုပြောမလဲဆိုတော့ သူတို့တတွေလည်း လာလာပြီး ပြုစုတော့ ဒိုင်ကော်စင်လို့ခေါ်တယ်။ နှလုံးငြိမ်ဆေး၊ ဂျပန်ကနေ ယူထားတယ်။

ဒီဆေးကို ကျွန်တော် ၁၅လုံး သောက်တယ်။ ဘာလို့လဲဆိုတော့ သေရင်လဲ သေပစေတော့၊ လောကကြီးနေရတာ အရမ်းပင်ပမ်းတယ်။ ခန္တာကိုယ်ကလည်း မသယ်နိုင်တော့ဘူး၊ လူက ရောဂါကြွမ်းနေပြီဆိုတော့ မလှုပ်ချင်တော့ဘူး၊ အဲဒီတော့ သက်သာအောင် ဒီဆေးပဲ သောက်နေရတယ်။ အမြဲတမ်းလဲ မသက်သာဘူး၊ ခဏခဏ သောက်နေရတယ်။ ဒီဆေးသောက်ပြီး အိပ်ယာပေါ်မှ ခဏလှဲတယ်။ မနက်အစော တနာရီလောက်မှာ အိပ်ပျော်သွားတယ်။ အိပ်ပျော်သွားတော့ သိပ်မကြာဘူး၊ မျက်စေ့ကို အင်မတန်မှစူးသျှတဲ့ ဆလိုက်မီးတခုလိုဟာမျိုးက လာထိုးထားတယ်။ မျက်စိဘယ်လောက်ပဲပိတ်ထားပိတ်ထား၊ အပေါ်မှာ အလင်းရှိရင် အိပ်မရတော့ဘူး။ ဒီတော့ မီးပြန်လာတယ်ထင်ပြီး မီးခလုပ်ကိုပိတ်တယ်။ ကျွန်တော့အခန်းက ရှင်းရှင်းလေးပါ။ ပေ၂၀ ပတ်လည်ပဲ ကျယ်တယ်။ အဲယားကွန်း တပ်ထားတယ်။ ကုတင်တလုံးရှိတယ်။ စာအုပ်တွေထည့်တဲ့ ဘီရိုတလုံးရှိတယ်။ နောက်ပြီးတော့ စားပွဲတလုံးနဲ့ ထိုင်ခုံ ၂လုံးပဲရှိတယ်။ ဘာမှမရှိဘူး။

ဒီအခန်းထဲမှာ မျက်စိဖွင့်လိုက်တော့ အခန်းတခန်းလုံးက လင်းနေတယ်။ အရိပ်မပေါ်ဘူး။ အဲဒီတော့ မီးပြန်လာတဲ့ အလင်းမဟုတ်ပဲ၊ အရိပ်မပေါ်တဲ့ အလင်းဖြစ်နေတော့ ကျွန်တော်.. ထူးဆန်းတယ်။ ဒါ..ဘာလဲ..၊ ကုတင်ပေါ်မှာ ထထိုင်တယ်။ စဉ်းစာနေတဲ့အချိန်ကျမှ သြော်..ငါ မနက်ခင်းအစောကြိး ယေရှုကို စိန်ခေါ်ထားတာ၊ ဒါဆိုရင် ယေရှုဘုရားလား...။ အဲဒီမှာ အလိုလိုနေရင်း နှလုံးက ဒုတ်ဒုတ်ဒုတ်နဲ့ ပိုခုန်လာတော့ ယေရှုဘုရား၊ တပည့်တော်ယုံပြီ...။ အဲဒီအချိန်မှာ ကျွန်တော် ကုတင်အောက်မှာ ဒူးထောက်ပြီးသားဖြစ်နေတယ်။ မထင်မှတ်ဘူး။ ကုတင်ပေါ်က ဘယ်လိုဆင်းမိမှန်းမသိဘူး။ ယေရှုဘုရား..တပည့်တော်ယုံပြီ...လို့ နှုတ်ကနေ ၀န်ခံတဲ့အခါကျမှ ၀န်လေး၍ပင်ပန်းသောသူအပေါင်းတို့..ငါ့ထံသို့လာကြလော့၊ ငါသည်ချမ်းသာပေးမည်။ သင့်ကိုလူမျိုးတကာအတွက် ငါခွဲခန့်ထားမည်။ ... ဒီအသံကို အံ့သြဘွယ်ကြားရတယ်။ တခါမှမကြားဖူးတဲ့အသံဖြစ်နေတော့ ကျွန်တော်ပတ်ကြည့်တယ်။ မတွေ့ဘူး.. ။ အဲဒီမှာ စိတ်ကနှိုးဆော်လာတယ်။ အဲဒီမှာ ဘာပြောချင်သလဲဆိုတော့ ကျွန်တော့မှာ နှလုံးကင်ဆာရှိတယ်။ ဘယ်လိုလုပ် လူမျိုးတကာအတွက်ဖြစ်မလဲ..ဒါပေမဲ့ အံ့သြစရာကောင်းတာက အဲဒိအချိန်ကစပြီး ကျွန်တော်အသက်ရှုလို့ကောင်းတယ်။ ၀လာတယ်။ အသက်ရှုဝလာတယ်။ နေရတာသက်သာတယ်။ ပေါ့ပါးတယ်။ အဲဒီမှာ တဖြေးဖြေးနဲ့ အလင်းက မှိန်လာတဲ့အချိန် တခါးကလည်း အပြင်ကခေါက်လာတယ်။

တခါးခေါက်လာတဲ့အချိန်ကျတော့ အလင်းက တဖြေးဖြေးပျောက်သွားတယ်။ အဲဒီတော့မှ ကျွန်တော် ထပြီးတော့ တံခါးသွားဖွင့်တယ်။ ဘာလို့တံခါးခေါက်နေတာလဲ..မင်းတို့ဝင်လို့ရတာပဲ၊ ၀င်လိုက်ပါလား..တံခါးကပိတ်မှမပိတ်ပဲ၊ ဆွဲစိထားရုံပဲကိုး။ ဘုန်းကြီးအခန်းဆိုတော့ သူတို့က မခေါက်ပဲ မ၀င်ရဲ၊ အဲဒီတော့ ဘယ်လိုပြောသလဲဆိုတော့ အောက်ကနေ မှန်ပြူတင်းကနေ အလင်းရောင်တွေ တအားထွက်နေတယ်။ ထွက်နေတဲ့အတွက် ဘာလဲဆိုပြီးပြေးလာတာတဲ့...အဲဒီတော့ ဘာမှမဟုတ်ဘူး။ ဆင်းပါ ..ဆိုတော့ သူတို့ဆင်းသွားတယ်။


ပါဠိစာအုပ်တအုပ်
(ပါဠိ-စာလုံးမှန်ပြင်ရန်လိုသည်။ ခွင့်လွှတ်ဖတ်ရှုပါရန်)
အဲဒီအချိန်ကစပြီး ကျွန်တော်ညမအိပ်ဘူး၊ ဖယောင်းတိုင်တတိုင်းထွန်းပြီးတော့ စဉ်းစားရင်းနဲ့ စာအုပ် ပါဠိစာအုပ်တအုပ်ကို ကောက်ကြည့်တယ်။ ကောက်ကြည့်တာက ဒီစာအုပ်ကို ကျွန်တော် တခါမှမကိုင်ဖြစ်ဘူး။ မကိုင်ဖြစ်ဘူးဆိုတာ မလိုလဲ မလိုအပ်ဘူး။ လွန်ခဲ့တဲ့ ပဉ္စမသင်္ဂါယနာ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာဆို သင်္ဂါယနာ (၆)ကြိမ်တင်ခဲ့တယ်။ ပဉ္စမသင်္ဂါယနာ မင်းတုန်းမင်းလက်ထက်ကတည်းက ဒီစာအုပ်ကို ပယ်ထားတယ်။ ဟောတာကတော့ ဗုဒ္ဓဟောတယ်။ ဒါပေမဲ့ ..ဒီစာအုပ်ကို ဘာကြောင့်ပယ်သလဲဆိုတာ ကျွန်တော်နောက်မှ လေ့လာခဲ့တယ်။ အဲဒီတော့ ဒီပယ်ထားတဲ့စာအုပ်ဖြစ်တယ်။ ဆဌသင်္ဂါယနာမှာတော့ လုံးဝမပါတဲ့ စာအုပ်။ ဒီ ပါဠိမူရင်းရှိနေတယ်ဆိုတော့ ဒီစာအုပ်ကိုကျွန်တော်လေ့လာဖို့ ဆိုပြီး ယူထားတာပဲရှိတယ်။ မဖတ်ဖြစ်ဖူး။ ဒါနဲ့ စာအုပ်တွေ ဘီရိုထဲကဟာတွေက အားလုံး အလွတ်ရပြီးသားတွေဖြစ်နေတော့ ဒီစာအုပ်ကလေးတအုပ်ကို ကျွန်တော်မီးရောင်အောက်မှာ ဖတ်တယ်။ နေရထိုင်ရတာ သက်သာပြီး၊ မောလဲမမောဘူးဆိုတော့ ဒီစာအုပ်ကိုကျွန်တော် လှန်ဖတ်တယ်။ ဖတ်တဲ့အခါ စာမျက်နှာ ၁၂၀ပဲရှိပါတယ်။ အဲဒီတော့ ပါဠိလို စာမျက်နှာ၁၂၀ပဲရှိတယ်ဆိုတော့ ဒီစာအုပ်ကိုဖတ်ရတဲ့အချိန်က အားလုံးမှ ၅၇မိနစ်ပဲကြာတယ်။ တနာရီမကြာဘူး။ ဒါနဲ့ ဖတ်တော့ စာမျက်နှာ ၁၂၀လောက်ရောက်တော့မှ အဲဒီမှာထူးထူးဆန်းဆန်း ပါဠိတော်ကို သွားတွေ့တယ်။ ပါဠိလိုဆိုရင်တော့ သဘောပေါက်မှာမဟုတ်ဘူး။ အဲဒီမှာ အချက်(၃)ချက်ကို သွားတွေ့တယ်။ ဘာအချက်(၃)ချက်လဲဆိုတော့ ..

အာနန္တာက ဗုဒ္ဓကိုမေးတယ်။ ဗုဒ္ဓက ပရိန္တိဗာန်စံတော့မယ်။ မြောက်အရပ်ကို ခေါင်းပြုပြီး အနောက်အရပ်ကိုမျက်နှာလှည့်ပြီးတော့ စောင်းပြီးတော့ လှဲနေတဲ့အချိန် အာနန္တာက အရှင်ဘုရား ... အရှင်ဘုရားမရှိတော့ရင် တပည့်တော်တို့ကို ဘယ်သူအုပ်ချုပ်မလဲ..။ ဘယ်သူသွန်သင်မလဲ၊ အရှင်ဘုရားဟာ စစ်မှန်တဲ့ဘုရားလား၊ ဒါမှမဟုတ် စစ်မှန်တဲ့ဘုရားဆိုတာ ရှိသလား..ဗုဒ္ဒကိုမေးတဲ့အခါ ဗုဒ္ဓက ဘာပြောလဲဆိုတော့.....

ဟံဥတမာမောဓိတော် ငါသည် ယောင်္ကျားတကာတို့ထက် မြင့်မြတ်သောလူသားသာလျှင်ဖြစ်တယ်။ ဧဂုဘုတောအဒီထိ တဆူတည်းသော ဘုရားကရှိတယ်။ ဇိနံပရဒါန်နဘ၀ိတ်ထိ ဘုရားစစ်ဘုရားမှန်ဟာ သေခြင်းမရှိဘူး...တဲ့။ အဲဒီတော့ သင်ဂရန်ဏာ ဧဂုဘုတော်အဒီထိ.. ဘယ်မှာလဲ တဆူတည်းသောဘုရားဆိုတာ..။ အာနန္တာ ပြန်မေးတဲ့အခါကျတော့မှ ဗုဒ္ဓက အချက်(၃)ချက်ကိုပြောတယ်။

အဲဒီအချက်(၃)ချက်မှာ ချစ်သားတို့ ငါ တပါးသောအရှင်မှာ တခုတည်းသော တရားအဖြစ် ရှုမှတ်ပွားများ၊ဆင်ချင်အောက်မေ့၊ နှလုံးသွင်းတဲ့အခါ တဆူတည်းသော ဘုရားကို ငါတွေ့တယ်။ ထိုဘုရားဟာ မယ်တော်ဖြစ်တဲ့ မာရိအမည်ရှိသော သတိုးသမီး အပျိုကညာက မွေးသောသားဖြစ်တယ်။ သူဟာ ပရိနိဗာန်စံပြီးမှ ပြန်ရှင်တဲ့ဘုရားဖြစ်တယ်...တဲ့။ သူပြောတယ်။ ပါဠိလိုတော့ ပိုရှင်းတယ်။ မြန်မာလိုပြန်တဲ့အခါမှာ နည်းနည်းလေး လိုအပ်ချက်တွေရှိမယ်။ အဲဒီမှာ မာတာမာရိယာမာ မာရိရာပုဒ်တော်လို့ သုံးတယ်။ မယ်တော်ဖြစ်တဲ့ မာရိအမည်ရှိ သတိုးသမီးကညာက မွေးမယ်။ သတ္တသာနေဘပရိတ်နုဘေ တဲ့။ အသက်ဇိဝိန်ချုပ်ပြီးရင် ပြန်ရှင်တဲ့ဘုရားဖြစ်တယ်...တဲ့။ ဒီအချက်ကိုကြည့်လိုက်တော့ ဆရာကြီးတင်မောင်ထွန်းပြောနေတဲ့ ယေရှုခရစ်တော်အကြောင်းနဲ့ (၃)ချက်ကိုက်ညီနေတယ်။ အပျိုစင်မာရိမှမွေးဖွားမယ်။ အသေခံမယ်။
သူဟာသေခြင်းတရားကိုနိုင်ပြီး ၃ရက်မြောက်သောနေ့မှာ ရှင်ပြန်ထမြောက်တယ်။ အဲဒီမှမှ ကျွန်တော်ပိုပြီးနှိုင်းယှဉ်ပြီး ရှင်းရှင်းလင်းလင်းနဲ့ အလင်းရတယ်။

နှလုံးကင်ဆာပျောက်ပြီ
ဒါနဲ့ နာရီကြည့်လိုက်တော့ မနက်၆နာရီ၊၁၅မိနစ်ဖြစ်နေတယ်။ ဒါနဲ့ကျောင်းပေါ်ကနေဆင်းတယ်။ ခါတိုင်းက တွဲပို့မှ အောက်ကိုဆင်းတယ်။ အပေါ်လောက် နည်းနည်းပါးပါးလောက်ဆိုရင် ကိုယ်ဖာသာ ပေပြီးလမ်းလျှောက်လို့ရပေမဲ့ ကျောင်းပေါ်ကနေအောက်ဆင်းတယ်ဆိုရင် အတွဲရှိမှ၊ ဒါပေမဲ့ အဲဒီနေ့က ဒိုင်းဒိုင်း၊ ဒိုင်းဒိုင်းနဲ့ ကျွန်တော်ဆင်းလာတယ်။ ကျွန်တော့်ကို သင်္ကန်းဝတ်ပေးခဲ့တဲ့ ဆရာတော်ကြီး ဘန္ဒဓပညာဇောတ အဲဒီတုန်းက ရှိသေးတယ်။ မသေသေးဘူး။ သူ့ဆီကိုတိုက်ရိုက်သွားတယ်။ ကျွန်တော်ထွက်ပါရစေ။ တပည့်တော် ထွက်ပါရစေလို့ သွားပြောတော့ ..သူကနေပြီး၊ တပ်မမှုးကိုခေါ်တယ်။ တိုင်းမှုးကိုခေါ်တယ်။ ထွက်ခွင့်မရခဲ့ဘူး။ ထွက်ရင်ဖမ်းမယ်..။ ထွက်ရင်ဖမ်းမယ်ဆိုတော့ ကျွန်တော်စဉ်းစားတယ်။ အချီးနှီးအဖမ်းခံမလား..ဆိုတော့...နဲနဲကြောက်တာပေါ့။ အဲဒီတုန်းက တခါမှအဖမ်းမခံဖူးဘူး။ ပြီးတော့ ဘုန်းကြီးဘ၀နဲ့ဆိုတော့ ဒါနဲ့ တနှစ်ကြာသွားတယ်။ ၁၉၉၅ခု မေလ၂၁ရက် ရောက်သွားတယ်။ မေလ၂၀ရက်နေ့ညမှာ ဆရာကြီးတင်မောင်ထွန်းက ဘာဟောသလဲဆိုတော့ ခန္တာကိုယ်ကို သတ်နိုင်ပြီးတော့ စိတ်ဝိညာဉ်ကို မသတ်နိုင်တဲ့ပုဂ္ဂိုလ်ကို မကြောက်နဲ့..။ ခန္တာကိုယ်ကိုလဲ သတ်နိုင်တယ်။ စိတ်ဝိညာဉ်ကိုလည်း ငရဲချနိုင်တဲ့ပုဂ္ဂိုလ်ကို ကြောက်ပါ...။ သင်တို့ရဲ့ခေါင်းက ဆံပင်တချောင်းခြင်းကိုပင် ဘုရားသခင်ရေထားတယ်...ဆိုတဲ့ တရားဟောချက်က ကျွန်တော့ကိုအားပေးတယ်။ အဲဒီမှာ ကျွန်တော်ထိုင်ပြီးစဉ်းစာတယ်..။ ဘာစဉ်းစားသလဲဆိုတော့ ကျွန်တော့နှလုံးကင်ဆာပျောက်နေပြီ။ ပြန်ဝနေပြီ။ လူတွေက ကျွန်တော့ကို သေတွင်းထွက်ဆိုပြီးတော့ လူတိုင်းအံ့သြကြတယ်။
မနုသကျော်ဝင်းထုတ်တဲ့စာအုပ် တအုပ်ရှိတယ်။ ခန္တီမြတ်သောဘုန်း ဆိုတဲ့ ကျွန်တော့ဓါတ်ပုံတွေနဲ့ထုတ်ထားတဲ့ ကင်ဆာရောဂါ ခံစားနေရတဲ့ အရှင်၊ ကိုးရီးယားဆေးရုံကြီးမှာ ပက်လက်လှန်ပြီးနေတဲ့အချိန်၊ နောက်ပြီးတော့ သူတို့ဆေးကုသနေတဲ့ပုံတွေ၊ အဲဒီကနေပြီး နောက်ဆုံး ကျွန်တော် ၀၀ဖြိုးဖြိုးနဲ့ ပြန်ပြီးတော့ ကျန်းမာလာတဲ့ ပုံအထိ ..ပါတယ်။ အဲဒီစာအုပ်ကလဲ သူတို့ ထုတ်ထားပြီ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကျွန်တော် ခန္ခီ၊ သည်းခံနိုင်ခြင်းတရားတွေနဲ့ ကျွန်တော်နေထိုင်နိုင်ခဲ့တယ်။ ပြီးတော့ တရားအားထုတ်လို့ တရားပေါက်သွားပြီး ကျန်းမာသွားပြီ..လို့ သူတို့က ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အခန်းထဲက အလင်းရောင်ကို အပြင်ကမြင်ထားတယ်။ ကျွန်တော်လည်း မပြောရဲဘူး။ အဲ..ဒါနဲ့ .. သူတို့ကမေးတယ်..ဘုန်းကြီးအကျွတ်တရားရသွားပြီလား..တဲ့။ ကျွန်တော်က ရပြီး....။ ဘာလို့လဲဆိုတော့ ကြိုးစားလို့ရတာမဟုတ်ဘူး။ ခရစ်တော်လာပေးသွားတာ..။ ဒါပေမဲ့ ကျွန်တော်မပြောရဲခဲ့သေးဘူး။ အဲဒီတုန်းက ကျွန်တော်ကြောက်တယ်။ ဒါကိုနောင်တရတယ်။ ဒါနဲ့ ၁၉၉၅ခု မေလ ၂၀ရက်နေ့၊ ညမှာ ၁၀နာရီလောက်ကစပြီး မအိပ်တော့ဘူး။ ထိုင်ပြီးစဉ်းစားတယ်။ အသေခံမလား၊ အဖမ်းခံမလား။ ကျွန်တော့အတွက် ခရစ်တော်က အသေခံပေးပြီးသွားပြီ။ ကျွန်တော့အတွက် အသွေးသွင်းလောင်းပေးသွားပြီးပြီ။ အဲဒီမျာ ကျွန်တော်ဘာကြားရသလဲဆိုတော့ ..မင်းအတွက်ငါအသွေးသွန်းလောင်းပေးပြီးသွားပြီ။ မင်းငါ့အတွက် ဘာလုပ်ပေးပြီးပြီလဲ..။

ဘုန်ကြီးလူထွက်ပြီ
မင်းအတွက်ငါအသက်ပေးပြီးသွားပြီး..မင်းဘာလို့ကြောက်နေသေးသလဲ..။ ခံစားလာရတယ်။ ခံစားလာရပြီးတော့ ..တော်ပြီ၊ ဖမ်းရင်လည်း ဖမ်းတော့.။ သတ်ချင်လည်း သတ်တော့၊ သေစရာမလိုတော့ဘူး။ ခန္တာကိုယ်ကို သူတို့သတ်မှာပဲ၊ ငါ့စိတ်ဝိညာဉ်က ခရစ်တော်နဲ့ရှိပြီ။ ရဲရဲဝံ့ဝံ့နဲ့ မေလ ၂၁ရက်နေ့မှာ ကျွန်တော် ဘယ်သူမှခွင့်မပေးဘူး။ မန္တလေးကိုထွက်သွားတယ်။ မန္တလေးရောက်တော့ မိတ်ဆွေ ဘုန်းကြီးတွေနဲ့ တွေ့ပြီးတော့ ဘုန်းကြီးကထွက်တယ်။ ပြီးတော့ ဘာလုပ်စားမလဲ..စဉ်းစားတယ်။ သူများလှုထားတဲ့ပစ္စည်း တပြားမှယူမသွားဘူး။ ထားပစ်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ဗုဒ္ဓဘာသာတို့ အတွေးအခေါ်ရှိတယ်။ သူများလှုထားတဲ့ပစ္စည်းကို အပြင်မှာစားရင် သူများတွေကလည်း အပြစ်မြင်တယ်။ ကျွန်တော်လည်း မစားဖူး။ ထားပစ်ခဲ့တယ်။ အဲဒီတော့ ... ဘုန်းကြီးတုန်းကတော့ ပူစရာမလိုဘူး။ လှုမဲ့လူတွေ အများကြီးရှိတယ်။ ခရစ်တော်နောက်ကို စလိုက်တဲ့အချိန်မှာ ကျွန်တော့ကို ဘယ်သူမှမယုံဘူး။ အဲဒီမှာ ကျွန်တော် အလုပ်လုပ်မှဖြစ်မယ်ဆိုပြီးတော့ အဲဒါနဲ့ ဆည်မြောင်းမှာ အင်ဂျင်နီယာပြန်လုပ်ပါတယ်။ ဘယ်မှာလဲဆိုတော့ မန္တလေးတိုင်း၊ မိတ္တီလာခရိုင်၊ သာစည်မြို့နယ်၊ စမုံဆည် စီမံကိန်းမှာ ကျွန်တော် ကိုးပေါက်တာဝန်ကို သွားယူပါတယ်။ ယူပြီးတော့ အဲဒီမှာပဲ ဗိုလ်ချုပ်ခင်ညွန့်တို့ ရောက်လာတယ်။ ဗိုလ်ချုပ်ခင်ညွန့်က နောက်ဆုံးအားပေးစကားပြောပြီး ပြန်သွားတယ်။
ဒါနဲ့ ကျွန်တော် အဲဒီမှာ အေအီးရာထူးအထိ ကျွန်တော်လုပ်ပြီးတော့ ကျွန်တော်က တဖက်ခန်း၊ ကျွန်တော်နဲ့အတူတူ ဘေးမှာလာပြီးတော့ တပ်ကနေလာပြီးအုပ်ချုပ်နေတဲ့ ဗိုလ်မှုးကြီးဘသာက တဖက်ခန်း၊ သူကလည်း ညဆိုလို့ရှိရင် ဘီယာသောက်တယ်။ အကုန်လုံး၊ မနက်ခင်းဆိုရင် သူကအစောကြီးထတယ်။ အဲဒီကြရင် သူက ဘုရားရှိခိုးပြီ။ သူက တဖက်ခန်းကနေ အကျယ်ကြီး ဘုရားရှိခိုးပြီး၊ ကျွန်တော်ကလည်း တဖက်ခန်းကနေ ဘာလုပ်လဲဆိုတော့ ကျမ်းစာရွတ်တယ်။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော့မှာ ကျမ်းစာအုပ်မရှိသေးဘူး။ ဆရာကြီးတင်မောင်ထွန်းဟောတဲ့ တရားဟောချက်အတိုင်း၊ နောက်ပြီးတော့ ဆရာဦးဇော်ဝင်းထွန်း..သူကရေဒီယိုကနေ ကျမ်းစာဖတ်တဲ့ဟာတိုင်းကို ကျွန်တော်နောက်ကနေ လိုက်ဆိုပြီးတော့ ကျမ်းပိုဒ်ပေါင်း အလွတ် ၆၀၀ကျော်လောက်ရပြီ။ အဲဒါနဲ့ ကျွန်တော်က ဒီဘက်ကနေပြီး ဘုန်းကြီးအသံက မပျောက်သေးဘူး။ ကျမ်းစာကို ဒီဘက်က ဘုန်းကြီးသံနဲ့ရွတ်၊ သူကတဖက်က ဘုရားရှိခိုး၊ ကျွန်တော်တို့၂ယောက် ပြသနာခဏခဏတက်တယ်။ (ရယ်သံများ)၊ ဘာဖြစ်လို့လဲဆိုတော့ သူက အစောကြီးထတဲ့အကျင့်ရှိတယ်။ ကျွန်တော်ကလည်း ဘုန်းကြီးကတည်းက အစောကြီးထတဲ့အကျင့်က ရှိနေတော့ ၂ယောက်စလုံး အကျင့်တူနေတယ်။ အစောထတဲ့အကျင့်။ သူကလည်း ထပြီဆိုရင် ကျွန်တော်ကတွေးတယ်။ အရင်က အဲဒီအချိန်ဆိုကျွန်တော်လည်း ဘုရားရှိခိုးတာပဲ။ အခုကျွန်တော်ဘယ်သူ့ကိုရှိခိုးမလဲ။ ခရစ်တော်ရှိခိုးမယ်။ ဘယ်လိုဆုတောင်းမှန်းလဲတော့ ကျွန်တော်မသိဘူး။ မသိတော့ ဘာလုပ်လဲဆိုတော့ အလွတ်ရတဲ့ကျမ်းစာကို အစကနေစပြီးတော့ ဘုန်းကြီးအသံနဲ့ ထိုင်ရွတ်တယ်။ အဲဒီမှာ သူကလဲဒုက္ခရောက်၊ ကျွန်တော်ကလည်း ဒုက္ခရောက်၊ ၂ယောက်စလုံးဖြစ်တော့ တနေ့ရောက်တော့ သူကဘာပြောလဲဆိုတော့...ခဏလာပါဦး၊ ..ဟုတ်ကဲ့ပြောပါ..။ သူနဲ့ကျွန်တော်နဲ့ကတော့ အကိုကြီး၊ညီလေးပဲ ခေါ်ကြတာကိုး။ ပြောပါ ဆိုတော့..သူက၊ ခင်ဗျားဒီမှာဒီလိုနေရင်တော့ မဖြစ်ဘူး၊ ခရစ်ယာန်လည်းမဟုတ်၊ ဘာမဟုတ်နဲ့၊ ခရစ်ယာန်ဆိုရင် ရေထဲမှာငုတ်တယ်။ ခင်ဗျားက ငုတ်လည်းမငုတ်ဘူး။ ..ဘာလုပ်မလဲ.. ဆိုတော့။ ကချင်ပြည်နယ်သွားပါ။ ကချင်ပြည်နယ်မှာ ခရစ်ယာန်တွေအများ..ကြီး..(ရယ်သံများ)။

ခရစ်ယန်အများကြီးရှိတဲ့ကချင်ပြည်
ဒါနဲ့ကျွန်တော်လည်း ကချင်ပြည်နယ်ထွက်ချသွားတယ်။ အဲဒီလိုထွက်လို့မရဘူး...အလုပ်ပြောင်းပါ..တဲ့။ မပြောင်းတော့ဘူး။.ကျွန်တော်ကချင်ပြည်နယ်သွားမယ်။ ထွက်ခွင့်မပေးလဲ ထွက်စာတင်တယ်။ ထွက်စာတင်ပြီးတော့ ကချင်ပြည်နယ်သွားတော့ ဖားကန့်၊ ဆိုင်းတောင်မှာ မှော်တွေမှာ ကျောက်တူးရင်းနဲ့ ကျွန်တော်သက်သေခံတယ်။ သက်သေခံရင်းကျောက်တူးတယ်။ ကျမ်းစာအုပ်တအုပ် ၄၅၀နဲ့ဝယ်ပြီးဖတ်တယ်။ ကချင်တွေက ကျွန်တော့ကို မြန်..ဆိုပြီး .. လက်မခံဘူး။ ချင်းအသင်းတော်ကိုသွားတယ် ..ကျွန်တော့်ကို ကော်သဲလို့ပြောပြီး ဘယ်သူမှလက်မခံဘူး။ ဒါနဲ့ ကျွန်တော်တယောက်ထဲဖြစ်နေတယ်။ ဒါနဲ့ကျွန်တော် ဆုတောင်းရင်းနဲ့၊ အသင်းတော်တပါးမှာသွားတယ်။ ကျွန်တော်တို့နောက်က အစွန်းခုံလေးမှာထိုင်တယ်။ ကျွန်တော်တို့က အ၀တ်က ခပ်စုတ်စုတ်၊ ကျောက်တူးသမားဆိုတော့ ..နေရာကနောက်ဆုံး၊ သင်းထောက်ကြီးတွေကလာပြီးတော့ ဒီနားမှာ ဧည့်သည်တွေလာမှာမို့ ခဏဖယ်ပေးပါ။ အဲဒါနဲ့ ကျွန်တော်တို့ကွန်ကရစ်ခင်းလေးမှာ ထိုင်တယ်။ ဖားကန့်ဒေသဆိုတော့ လူတွေက ဖိနပ်နဲ့ဘုရားကျောင်းတက်တာ၊ ရွံ့တွေရော၊ ဘာတွေရော ..ပါလာတယ်။ အဲဒီကွန်ကရစ်ခင်းလေးမှာ တရားနာချင်လို့ ထိုင်တယ်။ ခဏခဏ ကျွန်တော်တို့ကိုကြည့်တယ်။ ဖိုးသမားတွေလား၊ ဖိနပ်ခိုးလို့တော့မရပါဘူး..ဆိုပြီးတော့ ..ကျွန်တော်က ကျေးဇူးတင်တယ်၊ ကိုယ်တော်ကျေးဇူးတင်တယ်... နဲ့ ..နောက်ဆုံးရောက်တော့၊ အတူတူသွားတဲ့ ဗမာ၂ယောက်က ဆရာပြန်ကြစို့ ဆိုတော့မှ၊ ပြန်သွားရင်းနဲ့ ချင်းဘုရားကျောင်းကလေးမှာ သွားတက်တယ်။ ချင်းဘုရားကျောင်းကလေးက မောင်းတော့မထုတ်ဘူး။ မြေကြီးပေါ်မှာ ကျွန်တော်တို့ ၃ယောက် တရားနာသွားတယ်။ နာပြီး ပြန်တဲ့အခါ လောပန့်ကလည်း ကျွန်တော်တို့ကို အလုပ်ဖြုတ်လိုက်ပြီ။ အလုပ်ဖြုတ်တဲ့အခါ ကဲ...ကျေးဇူးတော်ပဲ၊ ၃ယောက်သား သူများတိုင်လေးမှာ လက်ချင်းယှက်ပြီး ဆုတောင်းကြတယ်။ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် အဲဒီကနေ ကျွန်တော်တို့ ဆယ်ဖို့တစ်ဖို့ ပေးပြီးသား ငွေ သုံးဆယ့်ခုနှစ်သိန်းစီရလိုက်တယ်။
၁၉၉၆ခုနှစ် သြဂုတ်လမှာ ..။ ၃၇သိန်းဆိုတော့ အဲဒီခေတ် ၉က စူပါရူးဗင်မှ ၁၁သိန်းခွဲပဲရှိတယ်။ ဒါနဲ့ကျွန်တော်ကားတစ်စီးဝယ်တယ်။ ကျွန်တော့သူငယ်ချင်းတွေနဲ့ကျွန်တော်နှင်ထုတ်ခံရတဲ့ ဘုရားကျောင်းကို အရင်ဆုံးရောက်တယ်။ သွားတယ်။ ကြိုကြပါတယ်။ ရှေ့ဆုံးမှာ ကျွန်တော်နေရာရပါတယ် (ရယ်သံများ)။ သြော်..ဒါကျွန်တော့ကို နေရာပေးတာတော့မဟုတ်ဘူး ..လို့တွေးတယ်။ ဒါနဲ့ ကျွန်တော့်ကို မိတ်ဆက်ခိုင်းတယ်။ ခင်ဗျားတို့ ..လောပန်တို့ ဘယ်ကုမ္ပဏီကလဲ ..လို့။ ကုမ္ပဏီနာမည်လေးနဲ့ လောပန်နာမည်ပြောပါဦး..ဆိုတော့၊ ကျွန်တော် လောပန်လည်းမဟုတ်ဘူး၊ ကုမ္ပဏီတခုမှလည်း မပိုင်ဘူး။ ကျွန်တော်ကလည်း ဘုန်းကြီးထွက်၊ စကားပြောရင် တုတ်ထိုးအိုးပေါက် ဆိုတော့ ရှေ့ဆုံးကထွက်ပြီး ဘာပြောလဲဆိုတော့ ကျွန်တော်တို့ လွန်ခဲ့တဲ့ ၂ပါတ်ကျော်လောက်က ဟိုးနောက်ဆုံးခုံမှာထိုင်တော့ ဟိုအန်ကယ်ကြီးတွေ ကျွန်တော်တို့ကို မောင်းထုတ်လို့ ပြန်သွားတဲ့လူတွေပါ....။ ကျွန်တော် ဒီလိုပဲပြောတယ်။.. အဲဒီကနေ ချင်းဘုရားကျောင်းကိုသွားပြီး ကျွန်တော်ဆယ်ဖို့တစ်ဖို့ လှုတယ်။ အဲဒီချင်းဘုရားကျောင်းမှာ ပါဝင်ကြတယ်။ ဒါပေမဲ့ နောက်တော့ ကချင်နှစ်ခြင်းအသင်းတော်က ကျွန်တော့မွေးစားဖခင် ဦးချောလမွန်နဲ့ တွေ့ပြီးတော့ ကျွန်တော်တို့ကို ဖိတ်ခေါ်တဲ့အတွက်၊ သူ့အသင်းတော်မှာ ကျွန်တော်တို့ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ ဒီလိုနဲ့ ဒီကနေ့အထိ အမှုတော်မှာ ဆောင်ရွက်ခဲ့ကြတယ်။


မိတ်ဆွေဟောင်းများထံသို့ (၁၉၉၉)
ဒီနေ့ ကျွန်တော်တို့ ..ကျွန်တော့အသက်တာမှာ ဘုရားသခင်ရဲ့လမ်းပြမှုကြောင့် အမှုတော်မှာပါဝင်ခဲ့တယ်။ ဗုဒ္ဓဘာသာကြားမှာ ကျွန်တော်ခံစားရတာ ဗုဒ္ဓဘာသာဘုန်တော်ကြီးများအတွက် ကျွန်တော့ကိုရွေးထားတယ်။ ပြီးတော့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများအတွက် ရွေးတယ်ဆိုပြီးတော့ ဘုန်းကြီးတွေနဲ့လည်း တရားသွားဆွေးနွေးတယ်။ ပြီးတော့ ဗုဒ္ဓဘာသာတွေနဲ့လည်း ဆွေးနွေးတယ်။ ဆွေးနွေးရင်းနဲ့ လွန်ခဲ့တဲ့ ၁၉၉၉ခုနှစ် မန္တလေးမြို့၊ သမားတော်ကြီး ဒေါက်တာဖေ၀င်း၊ သူ့ဆီကိုသွားတွေ့တော့ သူကလည်း အငြိမ်းစာယူတဲ့နှစ်၊ သူ့ဆီမှာ မန္တလေးအောင်တော်မူဆရာတော် ၇၂နှစ်ရှိပြီ၊ သူကလည်းလာပြီး ဆေးကုနေတဲ့အချိန် ကျွန်တော်ရောက်သွားတယ်။ ကျွန်တော့ဆေးမှတ်တမ်းတွေ သွားပေးတယ်။ အန်ကယ်..ခင်ဗျားသေမယ်ပြောတယ်။ ကျွန်တော်မသေဘူး။ သူကအံ့သြပြီးကြည့်တယ်။ ဆေးမှတ်တမ်းကြည့်လိုက်၊ ကျွန်တော့ကိုကြည့်လိုက်။ သူကောင်းကောင်းမှတ်မိတယ်။ ဘုန်းကြီးမဟုတ်တော့ပေမဲ့လို့ လူဝတ်နဲ့လည်း သူကောင်းကောင်းမှတ်မိနေတော့၊ သူကအကျီ င်္ချွတ်ခိုင်းတယ်။ ကျွန်တော်ချွတ်ပေးလိုက်တယ်။ ခွဲစိတ်ရာလဲမရှိ၊ ဘာမှမရှိပဲပျောက်တော့၊ သူက တခါတည်းခေါ်တယ်။ လာပါဦး..။ အာလတြာဆောင်း Ultra Sound ရိုက်တယ်။ ကျွန်တော့နှလုံးကို ဒုတိယအကြိမ် ကျွန်တော်ပြန်မြင်ခွင့်ရတယ်။ နှလုံးကအသစ်ပဲ၊ အကောင်း။ ... ဟာလေလုယ...။ အဲဒီမှာ တခါတည်း ကျွန်တော့ကိုဘာမေးလဲဆိုတော့ ဘယ်သူက ဘယ်သူကုပေးသလဲ...တဲ့။ ကျွန်တော့ကိုကုပေးတဲ့ သမားတော်ကြီးက အန်ကယ်နဲ့မတူဘူး..။ အန်ကယ့်ထက် အရမ်းတော်တယ်။ သမားတော်ထဲမှာ အတော်ဆုံးပဲ..လို့၊ သူ့ရဲ့ဆေးညွှန်း ကျွန်တော့်မှာပါတယ်။ ကုပုံကုနည်း..ဆိုတော့ ... ဟ..ပေးခဲ့..တဲ့။ ကျွန်တော် ကျမ်းစာအုပ်ကို သူကိုပေးခဲ့တယ်။ ပေးတော့ သူကဘယ်လိုပြောသလဲဆိုတော့ ..ဗမာလိုဖတ်ရတာ အားမသန်ဘူး..တဲ့။ ရတယ်...ကျွန်တော် King James KJV ပေါ့။ အဲဒီတအုပ် ပေးတယ်။ ပေးတဲ့အခါမှာ ကျွန်တော်ဘာကို မျဉ်းကြောင်းလေး ထည့်ပေးထားသလဲ ဆိုတော့၊ ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး၁၄၊ အပိုဒ်ငယ်၆ နဲ့ သုတ္တံအခန်းကြီး၎၊ အပိုဒ်ငယ် ၂၂ကို ကျွန်တော်ပေးလိုက်တယ်။ အဲဒါ၂ခုကို အရင်ဖတ်ခိုင်းပြီး စာအုပ်ကိုပေးလိုက်တော့ ..တရားစကားကို နှလုံးသွင်းလျှင် တကိုယ်လုံး၊ကျန်းမာခြင်း၊ အသက်ရှင်ခြင်းကိုဖြစ်မယ် .. ဟာလေလုယ...။ အာမင်..။ နောက်ပြီးတော့ ယေရှုက ငါသည် လမ်းခရီးဖြစ်သည်၊ သမ္မာတရားဖြစ်သည်။ အသက်လည်းဖြစ်သည် ..ဆိုတဲ့ အဲဒီ၂ခုနဲ့ ကျမ်းစာအုပ်ကို ပေးလိုက်တယ်။
အဲဒီမှာထားခဲ့ပြီး ၂၀၀၀ခုနှစ် သူ့ဆီလာတဲ့အခါ သူကျမ်းစာအုပ်ကို ၃၈ခေါက် ဖတ်ပြီးသွားပြီ။ ... အာမင်..။ အဲဒီမှာ သူ ..ဗတ္တိဇံယူတယ်။ မန္တလေးအောင်တော်မူဆရာတော်ကြီးကိုလည်း သူကနေ သက်သေခံတယ်။ ကျွန်တော်နဲ့လည်းတွေ့တယ်။ ဘုန်းကြီးက ဆေးကုနေတဲ့အချိန်၊ ကျွန်တော်က မေးတယ်။ ဒီဆေးကုရင်ကော ခင်ဗျားအသက်ရှင်မလား..၊ မရှင်ဘူး.. ကျွန်တော့်ကိုသိသလား...ဆိုတော့ .. ဟ..သိတာပေါ့....။ ဘာကြောင့်လဲဆိုတော့ ဒီလောက်နာမည်ကြီးတဲ့ဘုန်းကြီးဘဲ။ ဒါဆိုရင်..ဘုန်းကြီး..ဒီဆေးကုရင်လည်း သေမှာပဲ၊ ဘာကြောင့်သေလဲဆိုတော့ ...အပြစ်တရားကြောင့် သေတယ်...ဆိုပြီး၊ သူ့ကို ကယ်တင်ခြင်းထိုင်ဟောတယ်။ အဲဒီနေ့မှာပဲ အောင်တော်မူဘုန်းကြီးက လူထွက်လိုက်တယ်။ အသက်ကြီးပြီ။ လူထွက်ပြီးတော့ အခုတော့ နာဂစ်ဒေသပေါ့။ ပန်းတနော်မြို့နယ်၊ ကပိုင်ရွာမှာ သမားတော်ကြီး ဒေါက်တာဖေ၀င်းနဲ့အတူ သူက လက်တွဲပြီးတော့ သာသနာပြုနေပါတယ်။ အဲဒီတော့ ..သမားတော်ကြီးရဲ့အနီးကပ် သူ့ရဲ့ လက်ထောက်ဆရာဝန်မကလည်း ခရစ်တော်ကိုရသွားခဲ့တယ်။
အဲဒိလိုပဲ ကျွန်တော့ နှလုံးကင်ဆာမှာ အနီးကပ်ပြုစုခဲ့တဲ့၊ ဆရာဝန်တွေ တော်တော်များများကို လိုက်သက်သေခံတယ်။ သူတို့တတွေလည်း ကျေးဇူးတော်ကြောင့် ဘုရားသခင်ရဲ့နမိတ်လက္ခဏာတွေ့ပြီး၊ ပြောင်းလဲလာခဲ့ကြတယ်။ အဲဒီတော့ ...မြန်မာနိုင်ငံမှာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် ဟိုး..နာဂတောင်တန်း၊ ခန္တီးဒေသ၊ နောက်ပြီးတော့ ကချင်ပြည်နယ်၊ အောင်ဘာလေ ..ဟိုး..အခု KIA တပ်ရင်း ၆၊ လုံးခင်းကနေပြီး မိုင်၆၀နီးပါးတက်သွားရမယ်လို့ ထင်တယ်။ ကန်ဆီးဒေသပေါ့။ ဖားကန့်နဲ့ မိုင်၆၀လောက် ဝေးမယ်။ အဲဒိဒေသတွေမှာ အောင်ဘာလေရွာ စတဲ့ရွာတွေမှာလဲ၊ သာသနာဝင်ခဲ့တယ်။ နောက်ပြီးတော့..မြန်မာနိုင်ငံ ဗုဒ္ဓဘာသာအများဆုံးဒေသတွေမှာ ကျွန်တော် သာသနာသွားခဲ့တယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ကျွန်တော် အသင်းတော် ၉ပါး ရပါပြီ။ အားလုံး ကျွန်တော့ လက်နဲ့ ဗတ္တိဇံပေးတာ လူ တထောင့်ရှစ်ရာရှိသွားပါပြီ။ ဒီတစ်ထောင့်ရှစ်ရာက ဗုဒ္ဓဘာသာကပြောင်းလဲတဲ့လူတွေ ချည်းပါပဲ။

ထိုင်းနိုင်ငံသို့ (၂၀၁၂)
မိရိုးဖလာခရစ်ယာန်၊ သင်တန်းတက်လို့တော့ရတယ်။ ကျွန်တော် အသင်းတော်မှာ မထားဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက သူ့အတွေးအခေါ်တွေယူလာပြီး လာလာပြီး ငြင်းလွန်းလို့..။ ...ပြန်.. ပြန်လွှတ်တယ်။ (ရယ်သံများ)။ ကျွန်တော်က ဗုဒ္ဓဘာသာက ဗုဒ္ဓဘာသာက ပြောင်းလဲတဲ့လူတွေနဲ့ပဲ ရပ်တည်တယ်။ ဒီနေ့အထိ..ဘုရားသခင်က လမ်းပြခဲ့တယ်..။ အခုလက်ရှိ ကျွန်တော် အိန္နိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမှာ အလုပ်လုပ်နေတဲ့ ဗမာတွေနဲ့ အသင်းတော်တပါး တည်ထောင်တယ်။ နောက်ပြီးတော့ အိုက်ဇောမြို့မှာရှိနေတဲ့ ဘူတန်၊ မိုရီယန်ဘိုင်ဘယ်စကူးမှာ ပရော်ဖက်ဆာ အနေနဲ့၊ အချိန်ပိုင်းတာဝန်ယူတယ်။ နောက် မြန်မာနိုင်ငံမှာ .. သာသနာလုပ်တယ်။ လုပ်ရင်းကနေ ဘုရားသခင်ပို့ဆောင်လို့ ထိုင်းနိုင်ငံ နယ်စပ်ဒေသမှာ ဧ၀ံဂေလိလာရင်းနဲ့၊ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ရက်နဲ့ ၃၁ရက်နေ့၊ နယ်စပ်ဒေသ ၂ဖက်ခေါင်းဆောင်တွေရဲ့၊ ဆွေးနွေးတဲ့ပွဲမှာ ကျွန်တော်ကောင်းကြီးလာပေးတယ်။ ခရစ်စမတ်ရယ်၊ နယူရီးယားရယ်၊ ကရင်နှစ်သစ်ကူးပွဲတော်တွေမှာ တရားဟောတယ်။ ကောင်းကြီးပေးတယ်။ အဲဒီမျာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် အခက်အခဲမရှိဘူး။ ရောက်လာတယ်။ ရောက်ပြီး တရားဟောရင်းနဲ့ တဂိုးလမ်း ...ဆိုတဲ့ ရွာကလေးမှာ၊ ဒုက္ခသည်နဲ့မဆိုင်ဘူးပေါ့...အပြင်ဖက်မှာ မှာ ဧ၀ံဂေလိတရားဟောဖို့
လုပ်ဖေါ်ကိုင်ဖက် ညီအစ်ကို သားခူး ..ပေါ့။ သူကခေါ်လို့ သွားတယ်။
အဲဒီမှာ ဗုဒ္ဓဘာသာတွေကို တရားဟောတယ်။ နောက် ..လာပြီးလေ့လာတဲ့ပုဂ္ဂိုလ် တော်တော်များများရှိတယ်။ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် အဲဒီမှာကျွန်တော်တို့ အသင်းသား ၃၀ လောက်ရပါပြီ။ အဲဒီမှာ သီးသန့် မိတ်သဟာရ လုပ်နေတယ်။ အခက်အခဲတွေတော့ အများကြီးရှိတယ်။ ဒီဖက်က ကျွန်တော် ထိုင်းစကား တလုံးမှမတတ်ဘူး။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ဒီကနေ့အထိတော့ အခက်အခဲ၊ အနှောက်အယှက်မရှိဘူး။ ကျွန်တော်က ဆရာသာခူးကို ပြောတယ်။ ခင်ဗျားက ဒီမှာနေမဲ့လူ၊ ကျွန်တော်က မြန်မာပြည်ပြန်မဲ့လူ..။ ခင်ဗျားတို့တတွေ ဒီမှာက အသင်းတော်ကဏ္ဍ လုပ်ပြီဆိုလို့ရှိရင်..ဘုရားနဲ့ဆိုင်တာတော့ လုပ်ပြီး။ အစိုးရနဲ့ဆိုင်တဲ့ဟာတွေအတွက် ခင်ဗျားလည်းမတတ်နိုင်ဘူး၊ ကျွန်တော်လည်း မတတ်နိုင်ဘူး။
အဲဒီတော့ ဆရာဦးဇော်မင်း ..အမ်စီအေဆီ ကျွန်တော်သွားချင်တယ်။ အဲဒီမှာ အသင်းတော်ကဏ္ဍ.. လက်တွဲလို့ရမလား..ဆိုတော့၊ သူကလဲ ကျွန်တော့ကို တချိန်လုံးမေးနေတယ်ဆိုတော့ ကျွန်တော်လည်း ဒီဖက်ကိုထွက်ဖို့ သူနဲ့တိုင်ပင်ပြီး ဘန်ကောက်ကိုလာခဲ့တယ်။ ရဲနဲ့တွေ့တဲ့အခါ ..ရဲက ကျွန်တော့ကိုမေးတယ်။ ဘယ်သွားမလဲ၊ ဘယ်ကလာသလဲ..တဲ့။ ကျွန်တော်လည်း ခပ်တည်တည်ပဲပြောတယ်၊ ကျွန်တော်က အိန္နိယနိုင်ငံကလာတယ်..ဆိုတော့၊ သူက ရေတံခွန်ကြီးတက်ကြည့်ရအောင်...တဲ့။ ကျွန်တော်က ခေါင်းမူးတယ်..လို့၊ မတက်ချင်ဘူး..လို့၊ စကားတခွန်း၊ နှစ်ခွန်းပြောပြီး ကျွန်တော်က ယေရှုခင်ဗျားကိုချစ်တယ် ..ပြောတယ်။ သူက ထိုင်းစကား ဘယ်နှစ်လုံးတတ်သလဲ..မေးတော့၊ ကျွန်တော်က ၃လုံးတတ်တယ်..လို့။ ဘာလဲဆိုတော့ ဖကျောက်ဝေမော် ..ဆိုတာတတ်တယ်။ နောက်ပြီးတော့ မတ်ခင်ကောက် ..တတ်တယ်။ အဲဒီကနေပြီးတော့ ကျွန်တော်သူ့ကိုပြောတယ်။ ဆာဝရီခပ် ..မင်္ဂလာပါ ..ဆိုတာ၊ ..တတ်တယ် ဆိုတော့၊ သူက ကျွန်တော့ကို သဘောကျပြီးတော့ အလှုငွေပေးပစ်ခဲ့တယ်။ ကျွန်တော်ထင်တာ ..သူ၊ ကျွန်တော့ကို ဘယ်အချိန်ဖမ်းခေါ်မလဲ ကြည့်နေတာ၊ အိပ်ကပ်ထဲကို အလှုငွေထည့်ပြီး သူက ပြန်သွားတယ်။ ကျွန်တော်လည်း ကျေးဇူးတင်တယ်..လို့။ တကယ်တော့.ကိုယ်တော်..ကွယ်ကာလိုက်တယ်။ အဲဒီကနေ..ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် အမြဲတမ်းတော့ ...ကိုယ်တော်၊ ဒီလိုမတွေ့ချင်ဘူး..လို့။ ဘန်ကောက်ကိုလာခဲ့တဲ့ခရီးမှာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် အခက်အခဲကြီးကြီမားမား မတွေ့ခဲ့ရပါဘူး..။

ဒီမှာ သာသနာပြီးရင် ကျွန်တော်တို့ ပြန်ဖို့ဖြစ်ပါတယ်။

ဒီနေ့ ဒီမှာရှိတဲ့ ဓမ္မမိတ်ဆွေတွေကို အားပေးချင်ပါတယ်။ မိက္ခာအနာဂတ္တိကျမ်း အခန်းကြီး၇၊ အပိုဒ်ငယ် ၇ မှာ၊ ဘာတွေ့ရသလဲဆိုတော့ .. ငါမူကား ထာဝရဘုရားကိုမျှော်လင့်မည်၊ ငါ့ကိုကယ်တင်သောဘုရားသခင်၌ ငါခိုလှုံမည်၊ ထာဝရဘုရားသခင်သည် ငါ့စကားကိုနားထောင်တော်မူလိမ့်မည်..။ ဟာလေလုယ... အာမင်...။


အကျဉ်းထောင်သားဘဝ
ဒီတော့ ကျွန်တော်တို့တတွေက မျှော်လင့်ကြတယ်။ ပြည်ပနိုင်ငံကိုလာပြီးတော့ အလုပ်လုပ်တဲ့ လူတွေကလည်း..စီးပွားရေးကို မျှော်လင့်ပြီးလာကြတယ်။ မကျန်းမာတဲ့လူက ကျန်းမာဖို့မျှော်လင့်ကြတယ်။ ကျွန်တော်အကျဉ်းထောင်ထဲတုန်းကလည်း ကျွန်တော် ဘာမျှော်လင့်လဲဆိုတော့ လွတ်မဲ့ရက်ကို မျှော်လင့်သလို ထောင်တွင်းထဲမှာ ရှိတဲ့သူတွေ ပြောင်းလဲဖို့ မျှော်လင့်တယ်။ ဒီနေ့ ဆရာဦးခင်မောင်တင့် ဝေငှတယ်။ အကျဉ်းထောင်တွေမှာ အခုတော့ တရားဟောလို့ အရမ်းအဆင်ပြေ၊ လွယ်သွားတယ်။ ကျွန်တော့တုံးက ထောင်ထဲမှာ ကျွန်တော်တို့ ကျတဲ့အချိန် ဘုရားရှိခိုးခွင့်ပိတ်တယ်။ ကျွန်တော် မုံရွာထောင်မှာ တနှစ်တိတိ နေရတယ်။ မုံရွာ ထောင်တွင်းထဲမှာ တရားဟောလွန်းလို့ ကျွန်တော့ကို ခန္တီးထောင်ကိုပို့တယ်။ ခန္တီးထောင်က လူအသေဆုံးထောင်ပဲ။ ခန္တီးထောင်မှာလည်း ကျွန်တော် တရားဟောလွန်းလို့ ထောင်ပိုင်ကြီးက မေးတယ်။ ခင်ဗျား တရားမဟောနဲ့။ ကျတဲ့အမှုက ဘာသာရေးအမှု၊ ထောင်ထဲမှာလည်း တရားဟောလို့ လျှော့ရက်တွေ ဖြက်ပြီးတော့ လတိုးပြီး ခန္တီးထောင် ပို့ပြီးပြီ၊ အခု ဒီမှာတရားမဟောရင် အဆောင်မှာ ခင်ဗျားကို အေးအေး ဆေးဆေး ထားမယ်။ ကျွန်တော်က မေးတယ်။ တရားဟောရင်ကော..၊ တရားဟောရင် ကျောက်ထုစခန်း ပို့မယ်တဲ့။ အဲ..ဒါဆိုရင်၊ ကျောက်ထုစခန်း ပို့ပေးပါ။ ကျွန်တော်ဟောချင်တယ်...ဒါနဲ့၊ လဟယ် ရဲဖက်စခန်း ပို့လိုက်တယ်။ သေလူပဲ။ ဘယ်သူမှ အဆက်အသွယ် မရှိတဲ့နေရာကို ပို့မလို့..။ ဘုရားသခင်က ကျွန်တော် ခန္တီးဒေသမှာ အသင်းတော် အောင်မြင်ခဲ့ဖူးတဲ့ အတွက် တပည့်တွေက ကြားပြီးတော့ လာပြီး၊ ကျွန်တော့ကို ပြုစုကြတယ်။ အဲဒီမှာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် သူကလဲ ဟောခွင့် ပေးလိုက်တဲ့အတွက် ကျွန်တော် အကြီး..အကျယ် ..ဟောတယ်။ ဟောတဲ့အခါ နောက်ဆုံး နန်ဆလိမ်ချောင်းပေါ့။ ချင်းတွင်းမြစ်ဖျား နန်ဆလိမ် ချောင်းထဲမှာ အေးကလည်းအေး၊ ချောင်ကလည်း ရေခဲတောင်က ပျော်ကျတဲ့ချောင်း ဆိုတော့ အရမ်းအေးတယ်။ လူပေါင်း ၈၇ယောက်ကို ဗတ္တိဇံ ပေးတယ်။ ပေးလဲပေးပြီးရော ကျွန်တော် အပေါ်မှာ ၂နာရီလောက် ငိုတယ်။ ဘာလို့ငိုလဲ ဆိုတော့ မုံရွာထောင်တုန်းက ကျွန်တော် တရား ဟောတယ်။ ပြောင်းလဲတဲ့ လူတွေက ရဲဘက်လဲ ပါတော့မယ်။ စစ်ပေါ်တာ ပါတော့မယ်။ သူတို့က တောင်းဆိုတယ်။ ဆရာ..ကျွန်တော်တို့ ခရစ်တော်လည်း ရပြီ။ ကျွန်တော် တို့လည်း ယုံကြည်ပြီးပြီ။ ခရစ်ယာန် ဘာသာဆိုတာ ကျွန်တော်တို့ကို သွင်းပေးပါ .ဆိုတော့။ သွင်းစရာ မလိုဘူး။ ခရစ်တော်နဲ့ လျှောက်လှမ်းရင ရပြီ ..ဆိုတော့ မဟုတ်ဘူး၊ ဗုဒ္ဓဘာသာတွေက မေးလို့ရှိရင် ..ထောင်ထဲမှာ လူက ၅၀၀ကျော်ရှိတယ်။ မေးရင် ကျွန်တော်တို့ ဘယ်လိုဖြေမလဲ.. ဒါနဲ့ ဗတ္တိဇံပေးပါဆိုတော့၊ ထောင်ထဲမှာ ကျွန်တော်တို့ ရေတခါချိုးရင် မုံရွာထောင်မှာ ငါးခွက်ပဲချိုးရတယ်။ ရေကများများမရှိဘူး။ ဒါနဲ့ ကျွန်တော်နဲ့ အဲဒီက ခရစ်ယာန် တစ်ယောက် တိုင်ပင်ပြီး၊ ရေတခွက်သွားခိုးတာ။ ကျွန်တော်ခိုးတာမဟုတ်ဘူး။ ကျွန်တော့ တပည့်က သွားခိုးတာ။ အဲဒီရေနဲ့ ခေါင်းကိုဖြန်းဖြန်းပြီး ဗတ္တိဇံပေးတာ မိသွားတယ်။ ကျွန်တော်တို့ ၂ယောက်စလုံး ရိုက်နှက် ခံရပြီး၊ တိုက်ပိတ် ခံရဖူးတယ်။

အဲဒီတော့ အဲဒီတုန်းက သွား၂ချောင်း ပါသွားတယ်။ နောက် အင်းစိန် ထောင်ထဲမှာလဲ သွား၂ချောင်း ပါသွားတယ် ဆိုတော့ တဖက် ၂ချောင်း နဲ့ ၄ချောင်းမရှိတော့ဘူး။ အဲဒီတော့ ..ဘုရားရဲ့ကျေးဇူးတော်ပဲ၊ ပထမ ၂ချက်ရိုက်လိုက်ကတည်းက ကျွန်တော်လည်း အသည်း ငယ်တာလားတော့ မသိဘူး။ မေ့သွားတယ်။ ၀မ်းလျား မှောက်ပေးထားတော့ မေ့သွားတာ..နောက်ထပ် ဘယ်လောက် ရိုက်ရိုက် မသိတော့ဘူး။ ဒါလည်း ကိုယ်တော့် ကျေးဇူးတော်ပဲ။ နောက်ဆုံးကျွန်တော် သတိရနေတာ ကတော့ တိုက်ထဲမှာ၊ အဲဒီတော့ တိုက်ထဲမှာ ခုနှစ်ရက်ကြာတယ်။ အစာက လာလာပေးတယ်။ ထမင်းပေါ့။ ဒါပေမဲ့..ကျွန်တော် မစားပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် စဉ်းစားတယ်။ တိုက်ခန်းက ကျဉ်းကျဉ်းလေး၊ တဖက်မှာရေအိုး၊ ဟိုဖက်မှာ လည်းရေအိုး၊ တစ်အိုးက ရေသောက်ဖို့၊ တစ်အိုးက အပေါ့စွန့်၊ အိမ်သာတတ်ဖို့။ အဲဒီတော့ ဒီထဲမှာ အစာစားရင် ဒီထဲမှာပဲ အိမ်သာတက်မယ်။ အိမ်သာတက်မယ်..အပေါ့စွန့်မယ် ဆိုတော့ အနံ့က ဒုက္ခရောက်မယ်။ ဘယ်နှစ်ရက်နေရမလဲ ကျွန်တော်မသိဘူး။ ...ဒါနဲ့ ကျွန်တော် အစာမစားဘူး။ ကျေးဇူးတော်ချီးမွမ်းတယ်။ ရေသောက်တယ်။ ရေသောက်ပြီး ပုံမှန်လမ်းလျှောက်တယ်။ အခင်းမရှိဘူး။ တိုက်ထဲမှာ လှဲအိပ်မယ်ဆိုရင်တော့ ရောဂါဖြစ်နိုင်တယ်။ ဒီတော့ နံရံထောင့်လေးမှာမှီပြီးတော့ ကျေးဇူးတော်ချီးမွမ်းရင်း ကျမ်းစာအလွတ်ရွတ်တယ်။ ကျမ်စာအလွတ်ရွတ်တဲ့အခါ ကမ္ဘာဦးကျမ်း၊ အခန်း(၁)ကနေ စပြီးတော့ အလွတ်ရွတ်လာခဲ့တယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ဆာလံမှာ ကျွန်တော် ၇ရက်ပြည့်သွားတယ်။ ဆာလံ ၁၅၀၊ အပိုဒ်ငယ် ၆မှာ အသက်ရှင်သော သူအပေါင်းသည်၊ ထာဝရဘုရားကို ချီးမွမ်းကြစေ... ဟာလေလုယ...ဆိုပြီးတော့ ..ရှိသေးတယ်။ တံခါးက ပွင့်သွားတယ်။ မနက်ခင်း ထမင်းပန်ကန် ပေးတယ်။ ညနေ ထမင်းပန်ကန်တောင်းရင် ကျွန်တော် ထုတ်ပေးလိုက်တယ်။ တခါမှ ထမင်းက မလျော့ဘူး။ ထောင်ပိုင်က ကြည့်လိုက်တော့ ကျွန်တော်က နဂိုအတိုင်းပဲ။ ၀၀ဖြိုးဖြိုးပဲ ထွက်သွားတယ်။ အဲဒီမှာ သူကမေးတယ်။ ခင်ဗျား..တိုက်ထဲမှာ ထမင်းမစားဘူး..ပြောတယ်။ ခင်ဗျား..ဘာစားသလဲ..၊ ကျွန်တော်က ..ကျွန်တော်စားပါတယ်။ မဟုတ်ဘူးလေ..ပေးတဲ့ထမင်းမစားပဲ ..ခင်ဗျား..ဘာစားသလဲ..လို့ဆိုတော့၊ ..ကျွန်တော်ကိုးကွယ်တဲ့ဘုရားက ကောင်းကင်တမန်အားဖြင့် ကျွန်တော့အား အစာကြွေးတယ်... အာမင်..။ အဲဒီမှာ သူက လန့်သွားတယ်။ အဲဒီနောက် ကျွန်တော့ကို နောက်ထပ်မရိုက်တော့ဘူး။ ဒါနဲ့ ထောင်ပြောင်းရတယ်။

အဲဒီတော့ ထောင်ထဲမှာတုံးက ကျွန်တော် အမျှော်လင့်ဆုံး ကတော့ ဗုဒ္ဒဘာသာတွေကို တရား ဟောရဖို့ရယ်။ ထောင်ထဲက လွတ်ရက်ကို ကျွန်တော် မျှော်လင့်ခဲ့ ဖူးတယ်။ အဲဒီလိုပဲ ..လူတိုင်း လူတိုင်းမှာ မျှော်လင့်ချက် ကိုယ်စီ ရှိကြတယ်။ တကယ်တော့ လောကရဲ့ မျှော်လင့်ချက်တက် ကျွန်တော်တို့ မျှော်လင့် ရမှာက ထာဝရဘုရား ဖြစ်တယ်။ ...အာမင်..။

အလင်းနှင့်အရိပ်
ထာဝရ ဘုရားကို မျှော်လင့် လိုက်လို့ရှိရင်လေ..ဘုရားသခင်က မျှော်လင့်ခြင်းရဲ့ အချုပ်အချာ ဖြစ်တယ်ဆိုတာ အလုံးစုံ ပါသွားတယ်။ သည်းခံပါ...ကျွန်တော် နည်းနည်းလေး ဖြည့်ပြောချင်တာက ဘာလဲဆိုတော့ ကျွန်တော်တို့ အလင်းရှိတယ်။ မီးတိုင်ကြီးတခုမှာ အလင်းရှိတယ်ဆိုရင်၊ အဲဒီအလင်းမှာ တဖက်က အရိပ်ထွက်မယ်။ အရိပ်ရဲ့ခေါင်းကို နင်းပြီး အရိပ်ခေါင်းနောက်ကိုလိုက်သွားမယ်။ မှီပါ့မလား.. မမှီနိုင်ဘူး။ အရိပ်ကလည်း ကြာလေ ဝေးလေ၊ ဝေးသွားမယ်။ အရိပ်က ကြာလေဝေးလေ ပျောက်သွားပြီး နောက်ဆုံး မမှီတော့ဘူး။ အလင်းလဲပျောက်သွားမယ်။

ဒါပေမဲ့ အလင်းရှိတဲ့နေရာ တည့်တည့်ဖြက်လာလို့ရှိရင်..နောက်ကအရိပ်က လိုက်လာတယ်။ ဖြေးဖြေးလေးသွားရင် ဖြေးဖြေးလေးလိုက်လာတယ်။ မြန်မြန်သွားရင် မြန်မြန်လိုက်လာတယ်။ အလင်းရဲ့အောက်တည့်တည်ကိုလည်းရောက်ရော အရိပ်က ခြေဖ၀ါးအောက်ရောက်သွားတယ်။ .. အာမင်..။

ကျွန်တော်ငယ်ငယ်တုန်းက စီးပွားရေးနောက်လိုက်ခဲ့တယ်။ ပညာရေးနောက် ..ဘယ်အရာမှ ကျွန်တော်မမှီခဲ့ဘူး။ ဒီနေ့ကိုယ်တော့နောက်ကိုလိုက်တော့ အလင်းဖြစ်တဲ့ကိုယ်တော်အောက်ကိုပဲ ကျွန်တော် အတိအကျရောက်လာတဲ့အခါ ကျန်တဲ့စီးပွားရေးနဲ့၊ ရွှေငွေစည်းစိမ်အားလုံးဟာ ကျွန်တော့ခြေဖ၀ါးအောက်ရောက်သွားတယ်။ ...အာမင်..။

တကယ်ပါပဲ..။ ဒီနေ့..ဒီဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် ဘယ်နေရာကိုပဲ သွားသွား ကျွန်တော် ဘုရားသခင်က ကျွန်တော်လိုအပ်သမျှကို ပြင်ဆင်ပေးတယ်။ ကျွန်တော်လစာမယူဘူး. ဘယ်နေရာမှာမှ ကျွန်တော်ခက်ခဲလို့..ကျွန်တော်ဘာဖြစ်လို့ ..အလှုမခံဖူးဘူး။ အမှုတော်ဆောင်လာတဲ့ ၁၉၉၆ခုနှစ်ကနေစပြီးတော့ ဒီနေ့အထိ ဘယ်နေရာမှာမှ ကျွန်တော့ကိုအကူအညီပေးပါဦး တခွန်းမပြောခဲ့ဖူးပါဘူး။ ဘုရားကို အရမ်းရှက်တယ်။ ကိုယ်တော်ပေးတဲ့ကောင်းကြီးများကိုလည်း ကျွန်တော်အများကြီးရတယ်။ ကိုယ်တော်..ကျွန်တော် အရမ်းအားနာတယ်။ အခု တဂိုးလမ်းအသင်းတော်ကို ကျွန်တော်တို့ စပြီးဖွင့်လိုက်တာ အရင်တုန်းကတော့ ဧ၀ံဂေလိနဲ့လုပ်နေတယ်။ အခုတော့ အသင်းတော်အနေနဲ့ ပြီးခဲ့တဲ့ တလပိုင်း ၂၅ရက်နေ့ကစပြီး ရပ်တည်တယ်။ ရပ်တည်ပြီးတော့ ၂၆ရက်နေ့ကစပြီး တချိန်လုံး အသင်းတော်အတွက်ဆိုပြီး ပစ္စည်းတွေ လာလှုတယ်။ အမှုတော်ဆောင်တွေအတွက် ကျွန်တော်တို့၂ယောက် ငိုတယ်။ ဘာလို့လဲ... ကိုယ်တော်၊ ကျွန်တော်တို့ အားနာတယ်..။ ကိုယ်တော်ကို ရှက်တယ်။ ကျွန်တော်လုပ်တာ နဲနဲလေးပါ။ ကိုယ်တော် ကျွန်တော်တို့ကိုပေးလိုက်တာ လိုလေသေးမရှိ၊ ထိုင်းနိုင်ငံထဲမှာ ကျွန်တော်တို့ လာနေတယ်။ ကျွန်တော်တို့ အိပ်လေးမှာပြည့်နေတယ်။ ဘာပဲကြည့်လိုက်ကြည်လိုက်...ဟို..မြို့ပေါ်မှာရှိတဲ့ သူဌေးအိမ်မှာရှိတဲ့ပစ္စည်း ကျွန်တော်တို့ဆီမှာရှိတယ်။ အခု ကျွန်တော် ကားဂိုထောင်ဆောက်ခိုင်းထားတယ်။ ဒီကနေပြန်သွားရင် ကျွန်တော်တို့ ကားတစင်းရပြီ။ ...အာမင်..။ အလှုရှင်က လာပြောသွားတယ်။ ဆရာ..ကား ဘယ်နားထားမလဲ..။ ကျွန်တော်က အံ့သြတယ်။ ဘယ်အရာမှ ကျွန်တော် နှုတ်က မရွတ်ခဲ့ဘူး။ အသေးစိတ်ကနေ အကုန်လုံး ကျွန်တော်တို့ဆီမှာ လာဆုံတော့ ဘုရားကို အားနာတယ်။


နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်း
ပြောချင်တာက အလင်းရဲ့ အောက်ဆီတည့်တည့် လျှောက်ဖို့ အားပေးချင်တယ်။ ခရစ်တော်ကလည်း ကျွန်တော်တို့ကို ပြောပါတယ်။ အားလုံးအလွတ်ရတဲ့ ကျမ်းချက်ကလေးပါ။ ရှင်မသဲခရစ်ဝင် အခန်းကြီး ၆၊ အပိုဒ်ငယ်၃၃မှာ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းကို ဦးစွာရှာကြ၊ နောက်မှ ထိုအရာတို့ကို ထပ်၍ပေးမည်...။ ..အာမင်..။

ကိုယ်တော်ရှာခိုင်းတာ နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းပါ။ ကျွန်တော်တို့က ဘာကိုရှာနေတာလဲ။ ထိုအရာဆိုတဲ့နောက်ကို လိုက်နေကြတယ်။ ထိုအရာက အရိပ်ဖြစ်နေတာလေ..။ အရိပ်နောက်ကို မလိုက်ပဲနဲ့ အလင်းဖြစ်တဲ့ နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကို ရှာကြည့်လိုက်ပါ။ ထိုအရာ ခြေဖ၀ါးအောက်ကို ရောက်လာပါလိမ့်မယ်။ ..အာမင်..။

နာမတော် ဘုန်းကြီးပါစေ...။ ..အာမင်...။
ထာဝရဘုရားကိုသာမြော်လင့်ခြင်း
ကျွန်တော် ဒီနေ့ သက်သေခံတာ၊ ကိုယ်တော် ကောင်းမြတ်တဲ့အရာပါ။ ကျွန်တော့အတွက် သေခြင်းကို ခြေတလှမ်းပဲ လိုတော့တယ်။ ဒါပေမဲ့ ကိုယ်တော်ဟာ ကျွန်တော့ကို ရွေးနှုတ်ခဲ့တယ်။ ကိုယ်တော်ပဲ ရွေးနှုတ်ပြီးကယ်တင်ထားတယ်။ ကိုယ်တော်ပဲ သူ့အမှုတော်အတွက် ပြင်ဆင်ပေးခဲ့တယ်။ ဒီနေ့ ကိုယ်တော့အတွက် ကျွန်တော် ပေးဆပ်ခဲ့ရတယ်။ ...အာမင်...။

ကျွန်တော်အမှုတော်မဆောင်ပဲနဲ့၊ တရားမဟောပဲနဲ့ မနေရဲခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့နှလုံးကို အသစ်ပေးထားတာက ခရစ်တော်။ သူ့အကြောင်းကို ပြောဖို့၊ သူ့အမှုကိုဆောင်ဖို့ ..ကျွန်တော့ကို ကိုယ်တော်ကပေးထားတယ်။ ကျွန်တော်အမြဲတမ်းယုံကြည်တယ်။ စိတ်ဝိညာဉ်ကို ငရဲက ကယ်တင်နိုင်ရုံတင်မဟုတ်ဘူး...ကျွန်တော့ရဲ့နှလုံး၊ ...ခန္တာကိုယ်ကိုလဲ တခုလုံးကိုယ်တော်က ကယ်တင်ထားတယ်။ ဒါဆိုလို့ရှိရင် ဒီနေ့.. အရာအားလုံးကို တတ်နိုင်သောဘုရား၊ ဘာ့ကြောင့် လောကကြီးထဲမှာ သွားနေမလဲ..။ ကျွန်တော် ၁၉၉၆ခုနှစ်ကတည်းက ယနေ့အတိ ကျွန်တော်ဖျားပါတယ်။ လူပဲ..နာတတ်ပါတယ်။ သို့သော်လည် ဘယ်အရာပဲဖြစ်ဖြစ် ကျွန်တော် ကိုယ်တော်နဲ့ပဲ ဒူးထောက်တယ်။ ကျွန်တော့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေ ရှေ့မှာလည်း ကျွန်တော် သူတို့ကို အားပေးတယ်။ ကျွန်တော် မြွေကိုက်ခံရတယ်။ လူက မျက်စိပြာသွားပြီ။ သို့သော် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ချီးမွမ်းရင်းနဲ့ အဆိပ်တွေပြန်ပြီးထွက်လာတယ်။ အခု ကျွန်တော်ကောင်းကောင်းရပ်လို့ ရနေတယ်။ မြွေကိုက်တာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ရက်နေ့က၊ ဒါပေမဲ့ ဆေးရုံမသွားဘူး၊ ဆေးခန်းမသွားဘူး။ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်..အခုထိထိ ခြေထောက်တဖက်က ယောင်တော့ယောင်တယ်။ တခါတခါ လမ်းသွားများရင် ယောင်တယ်။ လှုပ်ရှားများရင် ယောင်တယ်။ ၁၉၉၆ခုနှစ်ကတည်းက အခုထိ တဖက်စွန်းရောက်သွားတာ မဟုတ်ဘူး။ ကိုယ်တော့်ကို အလုံးစုံ ပုံအပ်လိုက်တယ်။ ဘာလို့လဲဆိုတော့..

နောက်ဆုံးကျွန်တော်အားပေးချင်တဲ့အချက်က ဖိလိပ္ပိ အခန်းကြီး၂၊ အပိုဒ်ငယ် ၂၁မှာ ငါအသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား သာ၍အကျိုးရှိ၏။

အဲဒီတော့ ဒီနေ့ကျွန်တော်တို့ တယောက်စီတိုင်း အသက်တာမှာ ကျွန်တော်တို့ မျှော်လင့်ရမှာက ဘုရားသခင်ဖြစ်တယ်။ မျှော်လင့်ခြင်းအချုပ်အချာ ဖြစ်တဲ့ ကိုယ်တော့်ကို မျှော်လင့်ရင်၊ မျှော်လင့်ခြင်းမှန်သွားရင်..ကျွန်တော်တို့ရဲ့ ခိုလှုံခြင်းဟာလည်း မှန်သွားမှာပဲ။ ကျွန်တော်တို့ စီးပွားရေးကို မျှော်လင့်နေရင်၊ ရွှေငွေကို မျှော်လင့်နေရင်..စီးပွားပေးနိုင်တဲ့သူဆီမှာ ခိုလှုံနေကြလိမ့်မယ်။

မနေ့က ကျွန်တော်ဝမ်းနည်းတယ်။ ခရစ်ယန်သင်းအုပ်ဆရာတွေလည်း ပါကောင်းပါလိမ့်မယ်။ ရိုးရာဝတ်စုံတွေ၊ ကရင်ဝတ်စုံတွေ၊ ဗမာဝတ်စုံတွေလည်း တွေ့ရတယ်။ ကျွန်တော်တို့ ဟို ..ဆူယေနာ.. အဲဒီမှာ လူပေါင်း ၄သောင်းလောက်ရှိမယ်။ လူအုပ်ကြီး၊ ဘယ်သူ့ကိုပဲ အားကိုးနေသလဲဆိုတော့ သူဌေးကို အားကိုးနေကြတယ်။ အဲဒီတော့ သူတို့ စီးပွားရေး မျှော်လင့်ကြတော့ သူတို့တတွေ အဲဒီလူ စီးပွားပေးနိုင်တယ်ဆိုတဲ့လူဆီ ခိုလှုံသွားကြတယ်။ မျှော်လင့်ခြင်းမှားတဲ့အတွက် ခိုလှုံခြင်းမှားပြီးတော့ လူအုပ်ကြီးလမ်းလွဲနေတာကို တွေ့တော့ ကျွန်တော်ဝမ်းနည်းတယ်။ ဘုရားဆီမှာ ကျွန်တော် ဆုတောင်းတယ်။ ကျွန်တော်တို့က မျှော်လင့်ခြင်းမှန်လို့ရှိရင် ခိုလှုံခြင်းကလည်း မှန်လာမှာပဲ။ ခိုလှုံခြင်းမှန်လာရင် ကျွန်တော်တို့ရဲ့ စကားကို ကိုယ်တော်နားထောင်လာမယ်။ ...အာမင်..။ ကျွန်တော်တို့ မျှော်လင့်ခြင်းမမှန်ဘူးဆိုရင် ..ခိုလှုံခြင်းကလည်း မှားမယ်..။ ခိုလှုံခြင်းမှားနေရာကနေ ကျွန်တော်တို့ရဲ့ တောင်းလျှောက်တဲ့အသံဆိုရင်တော့ စဉ်းစားစရာရှိမယ်ဖြစ်တယ်။

ဒါကြောင့် ....
ငါမူကား၊ ထာဝရဘုရားကိုမြော်လင့်မည်။ ငါ့ကိုကယ်တင်တော်မူသော ဘုရားသခင်ကို ငါခိုလှုံမည်။ ငါ၏ ဘုရားသခင်သည် ငါ့စကားကို နားထောင်တော်မူမည်။

ကြားနာသူအပေါင်း ဘုရားသခင်ကောင်းကြီးပေးပါစေ။...အာမင်..။
အဆုံးသပ် ..စကားချပ်

ကျွန်တော့်အဖေ၊အမေကို သတ်သွားသူကို ပုလဲမြို့သစ်၊၃ရပ်ကွက်၊စပယ်လမ်းတွင် တွေ့လိုက်ရသည်။ ထိုသူသည် အသက်၈၀ကျော်ပြီ။ မိဘကိုသတ်သွားသူမှန်းသိသော်လည်း ၁၉၆၇ခုနှစ်က ပုံပြင်တခုကို အရင်ပြောပြသည်။ အမျိုးသမီးနှင့်အမျိုးသား၊ ကလေး၂ယောက် ကားနဲ့လာချိန် ကလေးများရှေ့တွင်ပင် အမျိုးသမီးကို မုဒိမ်းကျင့်ပြီး၊ အမျိုးသားကို လှံစွတ်နှင့်ထိုးသတ်သွားသူ၊ ကလေး၂ယောက်ကို ခြုံပုတ်ထဲထိုးပစ်ခဲ့ခံရခြင်း၊ ကားနှင့်အလောင်းများကိုပါ ဓါတ်ဆီလောင်းမီးရှို့ သွားခြင်းကို အန်ကယ်တို့စစ်တပ်ကများဖြစ်နေမလား .. ဟု ပြောပြခဲ့သည်။ ထို ခြုံထဲပစ်ခံရသော ကလေးတဦးမှာ ကျွန်တော်ပင်ဖြစ်ကြောင်း ပြောပြသောအခါ ..ထိုသူသည် မျက်ရည်ကျပြီး၊ ဒူးထောက်ကာ လုပ်ချင်သလို၊လုပ်ပါ။ ထိုသို့လုပ်သွားသူသည် ကျွန်တော်ဖြစ်ပါတယ် ..ဟုဆိုပါသည်။ သူလည်းပြောင်းလဲပြီး ကျွန်တော့်ကိုလာတွေ့တိုင်း ၀မ်းနည်းခံစားမိသည်။ သူ့အပေါ်မည်သို့မှစိတ်မရှိသော်လည်း.. ..မိမိဘခင်၊မိခင်တို့ ခရစ်တော်ကိုမသိလိုက်ရပဲသေဆုံးသွားခဲခြင်းကို ပြန်အမှတ်ရမိသောကြောင့် ၀မ်းနည်းခြင်းဖြစ်သည်။


ဆရာပီတာ


Rev.T.Peter @ S.Gum Aung (Professor)

ပေးပို့သူ၏အမှာ

Hello fellow co workers of Christ,

This is just for your praises and not for making that we win but pray for more hunger people to get to know Jesus is living and answer of our needs.

Watch and share to our brothers.

Ck (MCA Senior Pastor)

Check out this video on YouTube:
http://www.youtube.com/watch?v=lKjvKEdZqwM&feature=youtube_gdata_play


Website:
http://murann.com/monk2.htm
----------------------------------------------------------------------------------------------------------------
----------------------------------------------------------------------------------------------------------------

ဆရာတော်လင်္ကာအရှင်ရဲ့ ပြန်လည်ရှင်းလင်းချက်...
ကျွန်ုပ်မွေးနေ့နှင့်တိုက်တိုက်ဆိုင်ဆိုင် ကိုးဘွဲ့ရ ၀ဋံသကာ ခရစ်ယာန်ဓမ္မဆရာကြီး၏ ဖွင့်ဟ၀န်ခံချက်ဆိုတာတွေ ဖေ့ဘုတ်မှာပလူပျံလာခဲံပါတယ် ဗုဒ္ဓဘာသာဝင်တွေရင်ထဲမှာကလည်း စိတ်မကောင်းဖြစ်ကြရတယ် မသိနားမလည်တဲ့ မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေ ယောင်ကုန်မှဖြင့် နောက်ခရစ်ယာန်အဖွဲ့သားများကိုယ်တိုင်ကလည်း မစူးမစမ်း ပြောသမျှယုံပြိး ပွပေါက်ပဲ ဆိုကာ လက်ခံပြီး


"မိတ်ဆွေတို့..ဗုဒွဘာသာ မှာ PHD အထိပညာသင်ကြားခဲ့တဲ့..ဆရာကြီးတပါး.....နိင်ငံတော် အကြီးအကဲ များက ကိုယ်ကွယ်ခဲ့တဲ့ ဆရာကြီးတပါး....ဘယ်လိုနည်း နဲ့ ခရစ်တော်ယေရူကို လက်ခံ ခဲ့သလည် ဆိုတာနာထောင်ကြည့်ပါ....ဘယ်လို သက်သေရခဲ့သလည် ဆိုတာ နာထောင်ကြည့်ပါ..." လို့ ၀ါဒဖြန့်လာကြပါတယ် ။မိမိကလည်း မွေးနေ့ဆွမ်းကပ်အတွက်အလုပ်ရှုပ်နေချိန်ဖြစ်လို့ အသာကြည့်နေခဲ့ရတာပါ ။ ယ္ခု အသေချာ analysis လုပ်လည်းပြိးရော ဖိုင်ကိုတော့ပြန်ဖြုတ်သွားပါပြိ ဒါပေမယ့် ရေးလက်စလေး အပြီးသတ်ပြိး နောင်ယုံထင်ကြောင်ထင်မဖြစ်ကြစေဖို့တင်ပေးလိုက်ပါတယ် ။ ယင်းကိစ္စကိုလည်း အဖြူအမည်းကွဲအောင် စုံစမ်းကြဖို့လိုပါလိမ့်မယ်

.......................................................................

ပြသနာရဲ့ဇစ်မြစ်က သီရိလင်္ကာ ကိုလံ ဗုဒ္ဓတိသရဏ ယူနီဗာစတီက PhD ရသွားတာဆိုတာကနေ စတော့တာပဲ


သီရိလင်္ကာပညာတော်သင်တွေထဲက ဒေါက်တာဘွဲ့ရတာက ယခုတိုင်သုံးပါးသာရှိသေးတာ ယင်းသုံးပါးထဲလည်း သူ့နာမည်မပါဘူးလို့ သတင်းတွေကထွက်လာတယ်လေ -ဘာလို့လည်းဆိုတော့ သီရိလင်္ကာမှာ အမ်အေတက်ပြီး နောက်နိုင်ငံဗဟုသုတလည်းရ အချိန်တိုတွင်းလည်း ဒေါက်တာဘွဲ့ပြီးကြအောင် အိန္ဒိယကိုကြွရောက် ပညာသင်ကြားကြလို့ သီရိလင်္ကာဒေါက်တာသုံးပါးသာပေါ်ထွက်ခဲ့ရခြင်းဖြစ်ပါါတယ် ။ ယင်း ဒေါက်တာသုံးပါးကတော့

၁။(၂၀၀၈)ခုနှစ်မတိုင်ခင်က ကေလနိယတက္ကသိုလ်မှ ဦးပညာဝံသ၊

၂။ပေရာဒနိယတက္ကသိုလ်မှ ဦးနရိန္ဒ

၃။ ယခုနှစ်မှ ဒေါက်တာဘွဲ့ပြီးခဲ့တဲ့ ဆရာတော်ဦးဝဏ္ဏသီရိ ဆိုတဲ့ အရှင်သုံးပါးသာ လင်္ကာကနေ ဒေါက်တာဘွဲ့ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။ဒါပြင် ဒေါက်တာဘွဲ့ထိ ဆက်မတက်ဘဲ M.phil ဘွဲ့(၄)ပါး ရရှိခဲ့တာလည်း ရှိခဲ့ပါတယ်။

ဒါ့ကြောင့် မြန်မာပြည်မှ သီရိလင်္ကာဒေါက်တာ(၃)ပါးရရှိသွားပြီး M.phil ဘွဲ့(၄)ပါး ရရှိသွားကြတယ်လို့ ကြားသိရပါတယ်’

အထက်ပါ အကြောင်းအရာကတော့ မဏ္ဍိုင်ကျောင်းတိုက်ကနေ အစိုးရက အိန္ဒိယပညာတော်သင်လွှတ်လို့ အိန္ဒိယ နာလန္ဒာတက္ကသိုလ်ကနေ M.A ဘွဲ့ရရှိခဲ့ပြီး သီရိလင်္ကာသို့ပြောင်းရွှေ့ပညာသင်ကြားကာ ကိုလံဘိုမြို့ ဗုဒ္ဓတိသရဏ ယူနီဗာစတီကနေ PhD ဒေါက်တာဘွဲ့ရရှိခဲ့ပြီး မြန်မာနိုင်ငံတော် အစိုးရကနေ ၀ဋံသကာဘွဲ့ပင် ချီးမြင့်ခြင်းခံခဲ့ရတယ်လို့ပြောဆိုလိုက်တဲ့ ခရစ်ယာန်ဓမ္မဆရာလုပ်နေသူ ဘုန်းကြီးလူထွက်ရဲ့ စကားအရ ဟုတ်မဟုတ်မှန်မမှန် လိုက်လံသုတေသနပြုကြည့်ခြင်းဖြစ်ပါတယ်။


ဒီလောက်အဖြေကရှင်းနေတာတောင်မှ မိမိအရမ်းကာရော မဆုံးဖြတ်ချင်သေးပါဘူး ယင်းဓမ္မဆရာကိုယ်တိုင် ယင်း၏ဂုဏ်သိက္ခာအတွက် မည်သည့်ခုနှစ်မှာမည်သည့်ကျမ်းစာကိုပြုစုရေးသားပြီး မည်သို့ဘွဲ့ရခဲ့ကြောင်း ရှင်းလင်းပေးဖို့လိုပါလိမ့်မယ်

ဗုဒ္ဓတိသရဏတက္ကသိုလ်က PhD ပြီးခဲ့တယ်ဆိုတော့ ဟုတ်ပါပြီး ဘယ်ခုနှစ်မှာပြီးခဲ့တာလဲ နောက် ယင်းတက္ကသိုလ်ကဘယ်နေရာမှာတည်ရှိတာလဲ ဆိုတာလေ ။ သူတို့လိပ်စာတိကျပေးနိုင်ရင် သူရေးတဲ့ကျမ်းကိုပါ သွားစုံစမ်းမှာပါ ။ ကိုလံဘိုဆိုတာ ကျဉ်းကျဉ်းလေးပါ သူ့ ပညာရေးသမိုင်းကို ဦးဇင်းကိုယ် တိုင်သွားစုံစမ်းမှာဖြစ်ပါတယ် ဒီမှာအခု စုံစမ်းနေကြတာ ဒီတက္ကသိုလ်က ကြားမကြားဖူးဘူးဆိုပဲ၊ဘွဲ့ရခဲ့တယ်ဆိုရင်တောင်မှ အဲဒီက ပရောဖက်ဆာတွေသွားမေးဦးမှာ သူဘယ်နှစ်နှစ်တက်ခဲ့သလဲ ဘာsubject လဲဆိုတာလေ ။ကိုလံဘိုနေခဲ့တယ်ဆိုရင် ဘာလို့ မကုဋာရာမကိုသူမသိရမှာလဲ ။

စာရေးဆရာ တက္ကသိုလ် ငြိမ်းလွင် ၊ ဒေါက်တာဇီဝက ၊ ဒေါက်တာအေးကျော် ဒေါက်တာကျော်ကျော်လွင် ဆိုတဲ့ ပဲခူးမြို့က အထင်ကရဆေးဆရာဝန်ကြီးများက သူ့ရောဂါကိုကုပေးခဲ့ကြတယ်လို့ပြောပါတယ် ။ ဟုတ်ပြီ ဒီတော့ ယင်းသမားတော်ကြီးများထဲမှ ဗုဒ္ဓဘာသာကို နှစ်နှစ်ကာကာကိုးကွယ်သူ ဆရာဝန်ကြီးများထံ နီးစပ်ရာဗုဒ္ဓဘာသာတကာတကာမများက သွားရောက်တွေ့ဆုံပြီး ယင်းလူထွက်ဆရာတော်၏ Biography ကို စုံစမ်းကြစေလိုပါတယ်

၊ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရေးဌာနမှာ ဒုတိယညွှန်ကြားရေးမှုလုပ်နေတဲ့ စာရေးဆရာ မနုဿကျော်ဝင်း ကလည်း သူ့ဆီအမြဲတမ်းလာပြီး ရောဂါအခြေနေကိုကြည့်ပေးခဲ့တယ်လို့ဆိုပါတယ် အင်တာနက်မှာ မနုဿကျော်ဝင်းအကြောင်း ရှာကြည့်ရာမှာတော့ သူဟာ ကချင်ပြည်နယ် မြစ်ကြီးနားဇာတိလို့သိရပါတယ် ။ ဒါဆိုသူကရော ခရစ်ယာန်လား ။ မိရိုးဖလာဗုဒ္ဓဘာသာလား ဟန်ဆောင်ကောင်းပြီး ယင်းဓမ္မဆရာနဲ့ လက်ဝါးရိုက်ထားသူတစ်ယောက်လား စုံစမ်းကြဖို့လိုပါလိမ့်မယ်။ ။

အရိပ်မထွက်တဲ့ အလင်းမြင်တာနဲ့ ထာဝရဘုရားကိုယုံသွားတယ်ဆိုတာလည်း တော်တော်လေးစိတ်ဝင်စားမိတယ် ။ဘာ့ကြောင့်လည်း ဘုရားရှင်လက်ထက်တော်က အနာထပိဏ် သူဋ္ဌေးကြီး စီးပွားကျတဲ့အခွင့်ကောင်းကိုစောင့်ပြိး တိုက်ခန်းတစ်ခန်းလုံးလင်းထိန်ကာ ကိုယ်ထင်ပြလာတယ် အလင်းတင်မဟုတ်ဘူး မြင်ကိုမြင်ရတယ် ။ သူဋ္ဌေးကြီးက မေးလိုက်တယ် မင်းဘယ်သူတုန်း ။ ကျွန်ုပ် တံစားစောင့်နတ်ပါ ။ဟုတ်ပြီလေ မင်းဘာပြောချင်လို့လဲ သူဋ္ဌေးကိုသတိပေးချင်လို့ပါ ။ အင်းဆိုပါဦး ။ သူဋ္ဌေးက ရှင်ကြီးဂေါတမနဲ့ ရဟန်းတွေကိုနေ့စဉ်ဆွးမ်းကျွေးတယ် မရှိဆင်းရဲသားတွေကိုကျွေးတယ် မွေးတယ် စည်းပွားရေးလည်းမလုပ်ဘူး ခုတော့မွဲပြီ ကြာရင်မလွယ်ဘူး ဒီတော့ ဒီအချိန်ကစပြီး ဆွမ်းဝတ်ဖြတ်ပြီး စည်းပွားပြန်လုပ်ပါ သူဋ္ဌေးကြီး ။ အော် မင်းပေးတဲ့သြ၀ါဒက ဒါလား ။ ငါတို့လို အရိယာသူတော်ကောင်းတွေက ရတနာသုံးပါးနဲ့ကင်းပြီးမနေနိုင်ဘူး ဒီတော့ လှုတာတန်းတာကိုမနှစ်သက်တဲ့ အသင်နတ်သာ ငါ့အိမ်ခြံဝင်းကထွက်သွားပါ ။ အနာထပိဏ်ဆိုတာ အရိယာသောတာပန်ကြီးမလား ကိုယ်ရောင်ကိုယ်ဝါ ကမ္မဇိဒ္ဓိလေးရရုံမဟုတ်လား ဒီတော့မှ အရိယာစကားကိုမပယ်ရှားရဲတော့ အိမ်ကထွှက်သွားရရှာတယ် ဆိုလိုတာက အနာထပိဏ်တို့လည်း အလင်းတင်မကဘူး ပုံပါမြင်ရပါသဗျာ ။ နောက် သုပ္ပဗုဒ္ဓလူနူကြီးတို့ သိကြားမင်းကိုယ်တိုင် မင်းရတနာသုံးပါးကို ရတနာမဟုတ်ပါဘူးပြောကွာ တစ်သက်စားမကုန်အောင်ရွှေတွေငွေတွေပေးမယ်ဆိုတော့ မင်းဘယ်သူလဲ ငါသိကြားမင်းပါ သွားစမ်းသိကြားယုတ် ငါ့လိုအရိယာသာဝကတစ်ယောက်ကို လူမွဲပြောရလား ငါ့မှာ သူတော်ကောင်းဥစ္စာ(၇)နှစ်ဖြာရှိတယ်ကွ မင်းလို သဒ္ဓါဆိုတဲ့ဥစ္စာချို့နေတဲ့ သိကြားမွဲမဟုတ်ဘူးတဲ့ သိကြားမင်းလည်း ဆက်မစုံစမ်းရဲတော့ဘူး ။

ဘုရားရှင်ကိုအသက်ပေးကြည်ညိုတဲ့ အစလသဒ္ဓါသမားများဆိုတာ အဲလိုဖြစ်သွားတာပါ ခုဟာက ထာဝရဘုရားဖြူသလား မည်းသလားတောင်မသိရပဲ အရိပ်မထွက်တဲ့အလင်းမြင်တာနဲ့ ခရစ်တော်ကိုယုံပါပြီလို့ ဒူးထောက်နေမိတယ်ဆိုတဲ့ စကားဟာ မဟာအံ့စရာပဲ ။

“၀င်လေး၍ ပင်ပန်းသူအပေါင်းတို့ ငါ့ထံသို့လာကြလော့ ငါသည်ချမ်းသာပေးမည် သင့်ကိုလူမျိုးတစ်ကာအတွက် ငါခွဲခန့်ထားမည်” လို့ ရေရှုပြောသံသူကြားရတယ်ဆိုပဲ ပရောဖက်တစ်ယောက်များဖြစ်နေလေရော့သလား ဘာ့ကြောင့်လည်း အသံကြားရတယ်ဆိုပဲ ယေရှုခရစ်တော်က ပါဠိနဲ့ပြောလိုက်သလား မြန်မာနဲ့ပြောလိုက်လေသလား ပြန်မေးလိုက်ဖို့သင့်ပါတယ် ၊

နောက်ပြီး ပဉ္စမသံဃာယနာတင်စဉ်က တောင်မပါဝင်ခဲ့တဲ့ အပယ်ခံထားရတဲ့စာအုပ် ကို ဘုရားဟောတယ်လို့ ပြောရအောင် ဘယ်လိုသက်သေပြနိုင်ပါသလဲ၊ ဦးဇင်းတို့ထေရပါဠိတွေက ခိုင်လုံပြိးသားပါ ဘယ်သူကပြောပြော နှီးနှောတိုက်ဆိုင်ကြည့်ဖို့ သုတ်အဋ္ဌကထာဋီကာ တွေရှိပါတယ် များလို့များ တစ်အုပ်နဲ့တစ်အုပ်အဆိုမတူပါဘူး မထင်လိုက်ပါနဲ့မှားသွားမယ် ။ ဘုရားရှင်တို့မည်သည် စကးနှစ်ခွနှစ်မျိုးပြောရိုးထုံးစံမရှိဘူးလို့မှတ်ထားပါ ။ ယင်းစာအုပ်က ဘုရားဟောတော်မူတဲ့ကျမ်းစာအုပ်ဆိုလျှင် ပါဠိတော်ဆိုရင် ကျမ်းနာမည်မည်သို့ခေါ်ပါသလဲ ။မည်သည့်နိကာယထဲပါပါသလဲ ဒီဃနိကာယ်လား မဇ္ဈိမထဲသွင်းရမှာလား လက်တွေ့ပြနိုင်မှ လက်ဖြစ်မဟုတ်တဲ့ဘုရားဟောလို့ ပြောရမှာဖြစ်ပါတယ် ။

ဗီရိုထဲက စာအုပ်တွေအကုန်လုံးလည်းအလွတ်ရနေတယ် ဆိုတာကလည်း တိပိဋက အာဇာနည်တစ်ပါးလို့ပဲ သတ်မှတ်ရမလိုပဲ ဘုန်းကြိးကျောင်းတွေစာသင်တိုက်တွေမှာက ပိဋကတ်သုံးပုံနှင့် အဋ္ဌထကာတွေကိုပူဇော်ထားကြတာမလား အလွတ်ရနေတယ်ဆိုတော့ အစိုးရက ဘာလို့တိပိဋကမပေးခဲ့ပါလိမ့်လို့ပဲ တွေးလိုက်မိတယ်။

ပဉ္စမသံဃာယနာအရင် သီဟိုဠ်မှာရှိနေတဲ့ ထေရ၀ါဒပိဋကတ်တွေကိုခွင့်တောင်းပြီး ရှာဖွေကြည့်ရှုတိုက်ဆိုင်ကြည့်လို့ရပါတယ် ။

စာမျက်နှာတစ်ရာ့နှစ်ဆယ်ရှိသောစာအုပ်။ ငါးဆယ်ခုနစ်မိနစ် ပဲကြာတယ် တဲ့ ဒါပေမယ့်ခက်တာက ဒီဆရာက သူ့ကိုသူ ဘဒ္ဒန္တ သုမနာလင်္ကာရ ပါဠိပါရဂူ ကောဝိဒ ၀ဋံသကာ မဟာပဏ္ဍိတထေရ်လို့ ပြောသွားပါတယ်

ကျွန်ုပ်တို့သာသနာမှာ လင်္ကာရဘွဲ့ကိုမိမိဖာသာတပ်လို့မရပဲ သာမဏေကျော်ဘွဲ့ရမှသာ အသင်းကဆက်ကပ်လှုဒါန်းပြီး သုမနကို သုမနာလင်္ကာရလို့မှည့်ခေါ်ရတာဖြစ်ပါတယ် ရဟန်းတော်များအတွက် အဘိဝံသ ဘွဲ့အောင်တဲ့ရဟန်းတော်တွေထဲမှာမှ အမှတ်အများဆုံးမန္တလေးအသင်းမှာဆို နှစ်မခြားပဲအောင်မှသာ ဆက်ကပ်လို့ရတဲ့ဘွဲ့တံဆိပ်မျိုးပါ

ဟုတ်ပြိလေ ပညာချွန်လို့အစိုးရကဆက်ကပ်ထားသည်ပေါ့

ဒါဆိုသူ့ပရိယတ္တိအရည်အချင်းအစစ်အမှန်က ဘယ်လောက်ရှိသလဲလေ့လာကြည့်ရအောင်

ဦးစောမောင်နိုင်ငံတကာသွားတဲ့ခရီးစဉ်မှာ သူပါခဲ့တယ်ဆိုတာ သင်္ကန်းးဝတ်နဲ့လား ဟုတ်မဟုတ်ကို လက်လှမ်းမှီသူများလည်း ၀ိုင်းးဝန်းပြိး သုတေသနပြုပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် ။ PA ဆန်ဆန် ဘော်ဒီကပ်ဆန်ဆန် သူလျှိုဆန်ဆန်ရဟန်းတစ်ပါး အဲဒီတုန်းကတကယ်ရှိခဲ့ပါသလား သမ္မတကြီးဘေးမှာလေ ?

ဘုရားကပရိနိဗ္ဗာန်စံတော့မယ် အာနန္ဒာကမေးတယ် အရှင်ဘုရားမရှိတော့ရင် တပည့်တော်တို့ ဘယ်သူအုပ်ချုပ်မလဲ ၊ သွင်သင်မလဲ အရှင်ဘုရားက စစ်မှန်တဲ့ဘုရားလား ဒါမှမဟုတ် စစ်မှန်တဲ့ဘုရားဆိုတာ ရှိသလားတဲ့လေ ။….

ဗုဒ္ဓဘာသာဝင် အို သူတော်စဉ်အပေါင်းတို့ အရှင်အာနန္ဒာဟာ အရိယာ သောတာပန်တပည့်ကြီးတစ်ဦးပါ ပထမသံဃာယနာမှာတော့ ရဟန္တာမထေရ်ကြီးအဖြစ်နဲ့ သုတ်အဘိဓမ္မာတို့ကို သံဃာယနာတင်ခဲ့တဲ့ မဟာပညာကျော်ကြီးပါ အစလသဒ္ဓါ မတုန်လှုပ်တဲ့ ယုံကြည်မှုခိုင်မြဲပြိးသူက ဒီလိုမေးသတဲ့လား ဒါ့ကြောင့်အဲဒီကျမ်းကို အလိမ်အညာထည့်သွင်းလုပ်ဇာတ်ခင်းတယ်ဆိုပြိး ပယ်ထားတာပါ ရှိခဲ့ရင်တောင်မှလေ ရှိမှာလည်းမဟုတ်ပါဘူး

အဟံ ဥတ္တမံ ပုရိသောလို့ ပါဠိကို အမှားမှားအယွင်းယွင်းရွတ်လိုက်တယ်ဆိုကတဲက သူဘယ်လောက်အဆင့်တန်းရှိတယ်ဆိုတာ သပေါက်ပေါက်လို့ရပါတယ် ။

ယင်းအမှားအယွင်းမျိုးက ရွံ့စရာကောင်းလှတဲ့ အမှားမျိုးဖြစ်နေပါတယ်။

ယော စ သီလ၀တံ ဂန္ဓော၊ ၀ါတိ ဒေဝေသု ဥတ္တမော။ ဆိုတဲ့ဂါထာကိုကြည့်လိုက်ပါ ဥတ္တမော ။မြတ်သော ဂန္ဓော ၊ရနံ့ အဲဒီလို ၀ိသေသန ၀ိသေသျပုဒ်တွေမှာ လိင် ဂိုဏ်း ကာရံတူရပါတယ် ။

ဒါ့ကြောင့် ဥတ္တမော ပုရိသော ယောက်ျားမြတ်ဆိုက မှန်တဲ့ပါဠိပါ အဟံ ဥတ္တမံ ပုရိသော ဆိုပြိး ရှေ့ဆုံး နပုံလိင် အံ ကာရန်နဲ့အညီနောက် က ပုရိသောရဲ့ ၀ိသေသန ဥတ္တမော ကိုဥတ္တမံ လို့ရွတ်ဆိုနေတာကတော့ ဓီဓီ-စက်ဆုပ်ရွံရှာဖွယ်ကောင်းလေစွ တကာ(ကြီး) လို့ပဲ ကောင်းချီးပေးရမလိုဖြစ်နေတယ်။ အဟံ ဥတ္တမံ ပုရိသော ငါဟာ ယောက်ျားတကာတို့ထက် မြင့်မြတ်သော လူသားပင်ဖြစ်တယ် ၊

ဧကော ဗုဒ္ဓေါ အတ္ထီတိ တစ်ဆူတည်းသော ဘုရားသာရှိတယ်၊ လို့ဆိုရာမှာလဲ

အတ္ထီတိ (အတ္ထိ+ဣတိ)လို့ဖြစ်နေပါတယ် ။ ဣတိသဒ္ဓါ ဘာအနက်ထွက်လဲတောင် သိရဲ့လားမသိပါဘူး ။ ဣတိ-ဤသို့ /ထို့ကြောင့်လို့ အနက်ပေးပြန်ရင်လည်း ဘုရားစကားတော်ကို တစ်စုံတစ်ယောက်ကပြန်ပြောပြနေသယောင်ဖြစ်သွားပါလိမ့်မယ် ။

ပစ္စေကာနဉ္စ ယော ဇိနော လို့ ပုလ္လိင်သြကာရန္တနဲ့ရှိပြိး ဆဋ္ဌီတပ္ပုရိတ်နဲ့ ဇိနဿမရဏံ ဘုရားရှင်၏ မရဏံ သေခြင်းသည်-လို့ပဲပါဠိအမှန်ရှိရမှာပါ စက်ဆုပ်ဖွယ်ကောင်းလှပေစွ

ကိံကရဏံ ဧကော ဗုဒ္ဓေါ အတ္ထီတိ ဘယ်မှလလည်း တစ်ဆူတည်းသောဘုရားလို့ အရှင်အာနန္ဒာပြန်မေးတယ်ဆိုတာလည်း တပည့်တစ်ယောက်သာဆို ပါးပိတ်ရိုက်ဖို့ကောင်းတယ် တပည့်မကောင်းဆရာ့ခေါင်းလေ ကိံကာရဏာ ၊ အဘယ်အကြောင်းကြောင့်ပါနည်းဟုသာ အနက်ပြန်ရမှာပါ ၊ ဒါပေမယ့် ဒီနေရာက ကသ္မိံကာလေ ။ဘယ်အခါမှာပါလည်းဘုရား ကော ဘယ်သူပါလည်း စသည်ဆိုတော်သေးတယ်။

“ချစ်သားတို့ တစ်ပါးသောအချိန်အခါမှာ တစ်ခုတည်းသော တရားဖြင့် ရှုမှတ်ပွားများ ဆင်ခြင်အောက်မေ့ နှလုံးသွင်းတဲ့အခါ တစ်ဆူတည်းသော ဘုရားကိုငါတွေ့တယ် ထိုဘုရားဟာ မယ်တော်ဖြစ်တဲ့ မာရိအမည်ရှိတဲ့ အပျိုကညာကမွေးသောသားဖြစ်တယ် သူဟာ ဓားလှံလက်နက်နဲ့ ပရိနိဗ္ဗာန်စံမယ် ပရိနိဗ္ဗာန်စံပြီး မှ ပြန်ရှင်တဲ့ဘုရားဖြစ်တယ်”တဲ့လေ ဖြစ်နိုင်ပါသလား သာမန်မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေတောင် စဉ်းစားရင် အမှားကြီးမှန်းသိနိုင်ပါတယ် ။

ဘာလို့လဲ -

(၃) အဋ္ဌာနမေတံ ဘိက္ခဝေ အန၀ကာသော၊ ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ၊
အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ။

(၃) မြတ်စွာဘုရားတို့သည် သူတပါးတို့၏ လုံ့လပယောဂဖြင့် ပရိနိဗ္ဗာန်စံရိုးမရှိ။
သူတပါးတို့၏ လုံ့လပယောဂ လုံးဝမရှိဘဲလျက်သာလျှင် ပရိနိဗ္ဗာန်စံတော်မူကြကုန်၏။

စသည်ဖြင့် ဘုရားရှင်ကိုယ်တောင်တိုင်ဟောထားပြီးသားပါ ဒါဆိုရင် ဓားလက်နက်နဲ့သေဆုံးပြိး ပြန်လည်ရှင်သန်ထမြောက်၏ဆိုလျှင် ဘုရားမဟုတ်တာ အသေချာပါပဲ ။ ရှင်းပါတယ်။

မာတာ မာရိနာမ ကညာယ ပုတ္တော လို့ရွတ်သွားတာကလည်း အမြှီးအမောက်မတည့်လိုက်လေခြင်းလို့ စက်ဆုပ်မိပြန်ပါတယ် မာရိနာမ ကညာယ မာတုယာ ပုတ္တောလို့ ပါဠိစကားရှိသင့်တာပါ မိခင်၏သားလို့ အနက်ပေးရမယ် ခုဟာက မာတာ ဆိုတာလည်း ပထမာဝိဘတ် ပုတ္တောကလည်းပဌမာဝိဘက် ဘယ်လိုမှ အနက်ထွက်လို့မရပါဘူး ။

အင်း အစိုးရက ပဋံသကာ ဦးဆောက်ပန်းကပ်လှုခဲ့တဲ့ဘုန်းကြီးလှုထွှက်ကြီးရယ် သာသနာတော့ ဒီဦးဆောက်ပန်းနဲ့ကြမှ ခါးတောင်းတခြား ဟ၀ှါတစ်ခြားဖြစ်ကုန်တော့မှာပဲလို့ တွေးလိုက်မိတယ် ၊

သတ္ထဒဏ္ဍန လို့ ဆိုမှမှန်ပါတယ်( ဓား+ဒုတ်လို့ဘာသာပြန်ရမှာလေ )

ပရိနိဗ္ဗုတေလို့လည်း အမှားမှား အယွင်းယွင်းလုပ်လိုက်ပြန်ပါတယ် .. တေမဟုတ်ရပါဘူး ပ၇ိနိဗ္ဗုတော ဆိုမှ မှန်မှာလေ ပုံလိင်သြကာရန္တရှိရမှာ အံမလေး ခရစ်ယာန်ဓမ္မဆရာဖျက်မှ ပါဠိစာပေတွေ အကုန်ပျက်ရချည်ရဲ့ ၊

ဇီဝိတာဝေါရောပေယျ ဇီဝကီရိတော တဲ့ ရွတ်ချလိုက်ပြန်တယ်ဗျို့ ။ ဇီဝိတာ ဝေါရောပေယျ ဆိုရင် သတ်ရာ၏လို့ အဓိပ္ပါယ်ထွက်ကုန်မှာပေါ့ အမှတ်တကယ်က မရဏံ ကရိတွာ ပုန ဇီဝိဿတိ သေဆုံးခြင်းကိုပြုပြိး၍ တဖန်ပြန်လည်းအသက်ရှင်၏လို့ ပါဠိစီလိုကစီရမှာလေ ။

သတ္တမီဝိဘက်ကို မရေရာမှု(Supposition)

သံသယ(Doubt)

ဖြစ်နိုင်ချေ(Possibility)

နုညံ့တဲ့ခိုင်းစေမှု(Mild Command)

တောင်းဆိုမှု(Request)

ဖိတ်ခေါ်မှု(Invitation)

ယဉ်ကျေးတဲ့မေးခွန်း( Courteous Question)နဲ့

ဝတ်ပြုဆုတောင်းခြင်း( Prayer) ဆိုတဲ့ အဓိပ္ပါယ်တွေနဲ့ ဒီကြိယာတွေကို သုံးစွဲရပါတယ်..။ သေပြီး ပြန်ရှင်တယ်လို့ ပါဠိစီချင်ရင်တော့ မရိတွာ ပုန ဇီဝိဿတိလို့စာစီရမှာပါ ဒါတောင်မှ ယုတ္တိယုတ္တာမရှိလို့ အဓိပ္ပါယ်မဲ့နေမယ်လေ သေပြီးပြနှ်ရှင်သန်ထမြောက်တယ်ဆိုတော့ ပြိတ္တာတို့ နတ်တို့ တစ္ဆေ သရဲတို့လို သြပပါတိက နွယ်ဝင်နောက်ဘ၀လို့ပဲ ထေရဗျုးကသတ်မှတ်ပါတယ် ဇီဝိတာ ဝေါရောပေယျ ဆိုတာက အသက်မှ ခွင်းမူလည်းခွင်းရာ၏လို့ ဖြစ်နိုင်ချေကို တင်ပြတဲ့ ပါဠိနောက် သေ၏ဆိုတဲ့ ပါဠိအစား ဇီဝိတာ ဝေါရောပေယျ သတ်မူလည်းသတ်ရာ၏လို့ မှားယွင်းရွတ်ဆိုနေတာ ရှက်ဖွယ်လိလိကောင်းလေစွ ။

ပါဠိစာပေက သတ္တမီဝိဘတ်အကြောင်းလေး နည်းနည်းအမြည်းဖတ်ကြည့်ကြဦးပေါ့ဗျာ ဒါဆို ဇီဝိတာဝေါရောပေယျဆိုတာကို

“ အဋ္ဌာနမေတံ ဘိက္ခဝေ အန၀ကာသော

ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ။

အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ”

လို့ဆိုတဲ့ ဘုရားရှင်မိန့်ခဲ့တဲ့စကားတော်တစ်စွန်းတစ်စကြားဖူးတာနဲ့ ကောက်ရွတ်လိုက်ဟန်တူရဲ့ တကယ်ကတော့ နကန်းတစ်လုံးမှမသိတာ သေချာတယ် ။

မနုဿကျော်ဝင်းဆိုသူ စာရေးဆရာကြီးက သူ့အကြောင်းကို *ခန္တီလက်သုံး မြတ်သောဘုန်း *ဆိုပြီး သူ့အကြောင်း စာအုပ်ထုတ်ထားပါသေးသတဲ့ အဲဒီစာအုပ်လည်း တကယ်ဖတ်ချင်ပါတယ်ဗျာ ကျော်ဝင်းကို အင်တာနက်မှာရှာကြည့်တော့ သူက ကချင်ပြည်နယ် မြစ်ကြီးနားဇာတိဆိုတာကိုတွေ့ရတယ် ။ သူကခရစ်ယာန်လား ဆိုတာကိုပါ ထည့်သွင်းလေ့လာရမယ်ထင်တယ် ။

၉၅ မေလ၂၀ ရက်မှာ “ မင်းအတွက်ငါ အသွေးသွင်းပေးပြိးပြီ မင်းငါ့အတွက်ဘာလုပ်ပေးသလဲ”လို့ ခရစ်တော်က အကြွေးလာတောင်းသကဲ့သို့ သူ့ကိုဆက်သွယ်လာတယ်လို့လည်း ဆိုထားပြန်ပါတယ် အံ့သြဖွယ်ကောင်းလေစွ အခြား ခရစ်ယာန်ဓမ္မဆရာတွေတောင် သူလိုကြားဖူးချင်မှကြးဖူးကြမှာပါ ။

လူထွက်ပြီးနောက်မှာလည်း လေဒီယိုကလွှင့်တဲ့တရားတွေကို ကျမ်းပိုက်ပေါင်း ခြောက်ရာကျော်လောက်ရတယ်ဆိုပဲ တော်တော့တကယ်တော်ပါတယ်ဗျာ မှတ်ညာဏ်ကောင်းလေစွ ။ဟုတ်၏မဟုတ်၏ကတော့ သူ့အပိုင်းသာဖြစ်ပါတယ်။

၁၉၉၉ခုနှစ်မှာ မန္တလေးမြို့က ဒေါက်တာဖေ၀င်းဆီသွားတွေ့တယ် သူမသေကြောင်းသွားပြောတော့ အံ့သြသွားတယ် နောက်သူကခရစ်ယာန်သမ္မာကျမ်းစာအုပ်ကိုပေးတော့ ဗမာလိုဖတ်ရတာ အားမသန်ဘူးဆိုလို့ KGV ဘာသာနဲ့ စာအုပ်ကိုပေးခဲ့တယ်ဆိုပဲ ။ ယင်းဒေါက်တာဖေ၀င်းဆိုတာကရော ခရစ်ယာန်တစ်ယောက်ဖြစ်သွားတယ်ဆိုပဲ သူမဟောကြားမသိမ်းသွင်းခင်ထဲက ခရစ်ယာန်ဖြစ်နေခြင်းလော သူဟောကြားမှဖြစ်သွားခြင်းလောဆိုတာကိုတော့ စဉ်းစားရမယ် ဘာ့ကြောင့်လည်း သူက ဗမာလိုဖတ်ရတာအားမသန်ဘူးပြောတော့ kgv ဘာသာနဲ့ရေးထားတဲ့စာအုပ်ပေးခဲ့တယ်ဆိုပဲ ။

အောင်တော်မူဆိုတာ နန်းရှေ့အောင်တော်မူက ဘုန်းကြီးကိုယ်တိုင် လူထွက်ပြီးခရစ်ယာန်ဝင်သွားသည် ဆိုသည်မှာ ဟုတ်ပါသလား ?သူလည်း ကင်ဆာပျောက်သွားတာပဲလား သုတေသနပြုချင်သူများ နီးစပ်ရာသူများ စုံစမ်းပေးဖို့ မေတ္တာရပ်ခံလိုက်ပါတယ် သူကိုယ်တိုင် လူပေါင်း ၁၈၀၀ ဘုန်းကြီး ၉ ပါးကိုခရစ်ယာန်ထဲသွင်းပေးခဲ့တယ်ဆိုပဲ အာဂ ဆရာတစ်ယောက်လို့ဆိုလိုက်ပါရစေ လမ်းမှားကလမ်းမှန်ရောက်သွားကြရင်တော့ သူတို့အတွက်ကောင်းမွန်တဲ့အခွင့်လမ်းပါပဲ /လမ်းမှန်က လမ်းမှားလျှောက်မိကြရင်တော့ စိတ်မကောင်းစရာပဲ ဒါကတော့ သူတို့ရွေးချယ်မှုကို သူတို့အနာဂတ်ကပဲ ဆုံးဖြတ်သွားပါလိမ့်မယ် ။

နောက်စိတ်ဝင်စားဖွယ်ကောင်းတာက “ မုံရွာထောင်မှ တစ်နှစ်တိတိကျခံရတယ် ၊နောက်ခန္တီးထောင်ပို့တယ် တရားဟောလွန်းလို့တဲ့ တရားဟောမှုက အဲလောက်အပြစ်ကြီးသလား ၊ လဟယ် ရဲဘက်စခန်းပို့လိုက်တယ် ၊ ခန္တီးနန်စလိန်ချောင်းမှာ နှစ်နာရီလောက်ငိုတယ် (အငိုကလည်းသန်ပါ့နော် ဘယ်လိုလူပါလိမ့် :)

ရေခိုးလို့တိုက်ပိတ်ခံရတယ် အင်းစိန်ထောင်မှာသွားနှစ်ချောင်းကျွတ်တဲ့အထိ ရိုက်နှက်ခံခဲ့ရပါသတဲ့ ကျန်ုပ်သံသယဖြစ်သွားပါပြီ ဒီလူ ဘယ်လိုလူလဲ ထောင်တကာကျနေခဲ့တာလား ရန်ကုန်အင်းစိန်မှာရော မုံရွာထောင် ခန္တီးထောင်တွေရော ရဲဘက်တွေရော နောက်ထွက်ပြေးလွတ်မြောက်လာတာလားမသိဘူး ။ ဘာအမှုတွေနဲ့ကျခဲ့ပါလိမ့် ။

ခုနှစ်ရက်တိုက်ပိတ်ခံရစဉ် ရေသောက်ပြီး လမ်းလျှောက်နေတယ် ဘာမှမစားဘူး ဆိုပဲဗျို့ ဘုရားလက်ထက်က ဇမ္ဗုကဆိုတဲ့ တက္ကတွန်းတိတ္ထိကြီး တစ်ယောက်သွားသတိရလိုက်မိတယ် သူကအဲလိုပဲ ။အံ့သြဖွယ်တွေကျင့်ပြတယ် ဘာမှမစားဘူး လေပဲစားသတဲ့ ဒါပေမယ့် ညကျမှ လူတွေရဲ့မစင်တွင်းထဲက ဟာတွေ ယူစားတာဆိုပဲ ။ သူကတော့ တကယ့်ဘုရားတန်ခိုးတော်ကြောင့် နေနိုင်တာဖြစ်မှာပါ ဒါပေမယ့် ခရစ်ယာန်လည်းဂုဏ်ရှိ မိမိတို့လည်းသံသယရှင်းအောင် ထမင်းမစားပဲ ခုနှစ်ရက်နေပြခိုင်းဖို့သင့်တယ် လှောင်ချိုင့်ထဲထည့်ထားစောင့်ကြည့်ပြီးလေ ။ဟုတ်ရင် နှစ်ပြန်ပူဇော်ကြရုံပေါ့ J

နှစ်ထောင့်သုံးခုနှစ် ပုလဲမြို့သစ်သုံးရပ်ကွက်မှာရှိနေတဲ့ ပုလဲမြီု့သစ်သုံးရပ်ကွက်စပါယ်လမ်းထဲမှာ သူ့အဖေသတ်သွားတဲ့သူကို ပြန်တွေ့ရတယ်တဲ့ ပါးမှာဒဏ်ရာကြီးနဲ့ တဲ့။ ဒီတော့ ဟုတ်ပြီ ရန်ကုန်မှာရှိတဲ့ တကာတကာမတွေ အားလုံး ယင်းလိပ်စာအတိုင်း သွားရောက်စုံစမ်းကြပြီး ယင်းဓမ္မဆရာပြောသွားသော ဇာတ်လမ်းသည် တကယ့်အစစ်အမှန်လား လံကြုပ်ဇာတ်လမ်းတစ်ပုဒ်လားဆိုတာကို သေချာသိရအောင် ။ပတ်ဝန်းကျင်တွေရော သေချာစုံစမ်းရမှာပါ ယင်းလူကြီးရှိခဲ့သည်မှာ ဟုတ်မဟုတ် မည်သည့်ဘာသာဝင်နည်း ခရစ်ယာန်တစ်ယောက်ဆိုက မည်သည့်အချိန်မှာ ခရစ်ယာန်ဖြစ်သွားခဲ့သလဲ ။ မြန်မာလား ချင်း ကချင်စတဲ့ ခရစ်ယာန်များပေါတဲ့ ဒေသကလူတစ်ယောက်လားဆိုတာကိုလည်း စုံစမ်းကြည့်ကြဖို့လိုပါလိမ့်မယ်လို့ပဲ တင်ပြလိုက်ရပါတယ် ။

ဗုဒ္ဓဘာသာကို ခုတုံးလုပ်ပြီး လိမ်လည်နေသော လဇွန်ခွန်အောင်..

လင်္ကာအရှင် (မုံရွာ) (၁၂.၂.၁၂)

(ဆရာတော် လင်္ကာအရှင်၏ Facebook စာမျက်နှာ (http://www.facebook.com/notes/%E1%80%9C%E1%80%80%E1%81%A4%E1%80%AC-%E1%80%A1%E1%80%9B%E1%80%BD%E1%80%84%E1%80%B9/murann-ezine-%E1%80%99%E1%80%AF%E1%80%9B%E1%80%94%E1%80%B9%E1%80%99%E1%80%BD%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%95%E1%80%94%E1%80%B9%E1%80%81%E1%80%BA%E1%80%80%E1%80%B9-sgum-aung/233939153359245?notif_t=like) မှ ၁၅၊ ၂၊ ၂၀၁၂ နေ့တွင် ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ မည်သည့် စာလုံးကိုမှ ပြင်ဆင်ပြုပြင်ထားခြင်းမရှိပဲ မူရင်းအတိုင်း ဖော်ပြထားပါသည်။ ၄င်းဖြေရှင်းချက်အပေါ် စာဖတ်သူများ၏ ကွန်မန့်များကို ၄င်းစာမျက်နှာတွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။ )
ဒီနေရာလေးကနေကူးလာတာပါ... တခြားသတင်းတွေလည်း အပြည့်အစုံ ဖော်ပြထားတဲ့အတွက် သွားရောက်ဖတ်ရှုကြဖို့ တိုက်တွန်းပါတယ်...

Leave a Reply