HAZY LIFE

 
ဆရာတော်ကြီးသည် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ အနောက်ဖျား၊ လှေ့စင်ရွာတွင် ခမည်းတော် ဦးနောက်တိုး၊ မယ်တော် ဒေါ်ပုံတုတ်တို့မှ (၁၂၅၇) ခုနှစ်၊ ပြာသိုလဆန်း၊ (၆)ရက်၊ သောကြာနေ့တွင် ဖွားမြင်သော စတုတ္ထမြောက် သားဖြစ်ပြီး ငယ်မည်မှာ မောင်သာဟန် ဖြစ်သည်။ ဇင်ပြွန်းရွာသာမက ပေလေးငါး ထောင်အထိ တက်ရသော ချင်းရွာများသို့ ပါတက်၍ သာသနာပြုခဲ့သည်။ ဇင်ပြွန်းရွာမှ စေတီဟောင်းများကို ပြုပြင်၍ သာသနိကအဆောက်အအုံသစ်များကို ဦးစီး ပြုပြင်တော်မူခဲ့သည်။ စာသင်ကျောင်းနှင့် မြောင်းကူးတံတား ပါမကျန် သက်ရွယ်တော် နှင့် မလိုက်။ အပင်ပန်းခံ၍ ဆောင်ရွက်တော်မူခဲ့သည်။
တောရဆောက်တည်မှုကို ဝါသနာ ပါရမီရှိသည့် ပုဂ္ဂိုလ် ဖြစ်သည့် အလျောက်စမ်းလယ်ဥယျာဉ်၊ ကွမ်းလင်ကြော၊ နောင်ရွာ၊ ဂုတ်ကြီးရွာ၊ ခုတ်ကြီးဂူ၊ ယက်ကြီးကွေ့၊ ဗောဓိကုန်း၊ ဆန်နီတောင်စသော တောတောင်များ၊ ဂူများတွင် ဝါဆို၍ တရားအလုပ်ကို အားထုတ်တော်မူခဲ့သည်။ ထိုသို့ တရားအားထုတ်စဉ် အချိန်များတွင် ခေတ်ပျက်နှင့် ကြုံ၍ ဗုံး၊ သေနတ်၊ ကျည်ဆန်များ ကျရောက်သောလည်း ထိမှန်ခြင်း မရှိ။ ကျား၊ ကျားသစ်၊ ဝက်ဝံ နှင့် တောဝက်များက အန္တရာယ် မပြုကြပေ။ ဆန်နီတောင်တောရတွင် ဝက်ဝံကြီး တစ်ကောင်က ပျားဖွပ်ပြီး ပျားစွဲကို လာရောက်လှူဒါန်းရာ ဆရာတော်က လက်မခံသဖြင့် ဝက်ဝံကြီးက ပျားကောင်ငယ်များကို ဖယ်ရှားပြီး မှ ပြန်လည်လှူဒါန်းခဲ့သည်။ ဆရာတော်ကြီး ပျံလွန်တော်မမူမီကပင် ပျံလွန်တော်မူတော့မည် ဟူသောသတင်းများ၊ ကောလဟလများ မကြာခဏ ထွက်ပေါ်တော်မူခဲ့သည်။ အသည်းကင်ဆာရောဂါ ဝေဒနာ သည်းလာ၍ ဒကာ၊ ဒကာမများက ကြိုးစားကုသကြသော်လည်း ၁၀-၁-၉၃ နေ့တွင် တရားရှုမှတ်မပျက်ဘဲ ပျံလွန်တော်မူရှာသည်။ မပျံလွန်မီ ငါးနှစ်ခန့်က ဘုန်းကြီးတွေ ပျံလွန်တော်မူလျှင် မီးရှို့ကြတယ်။ တို့များတော့ မီးရှို့တာ မကြိုက်ဟု အလိုလို ထူးခြားစွာ မိန့်တော်မူခဲ့သည့်
စကားအရ မီးရှို့ပူဇော်ခြင်း မပြုကြရပေ။ ပျံလွန်တော်မူပြီး နောက်တစ်နေ့တွင် ရေသပ္ပါယ်ကြရာ၌ အသားမာအစိုင်အခဲ မရှိတော့လဲ ပကဓိ ဝမ်းဗိုက်တော်အတိုင်း ဖြစ်သွားခြင်း၊ အသားအရေမှာ မပျက်မစီး ဝါဝင်းပျော့ပျောင်းနေခြင်း၊ အပုပ်နံ့ လုံးဝမထွက်ခြင်း၊ ခြေလက်အဆစ်များ ပျော့ပျောင်းနေခြင်း၊ လက်ချောင်းတော်များတွင် သွေးရောင်ရဲနေခြင်း စသော ထူးခြားချက်များကို အံ့မခန်း ဖူးတွေ့ကြရသည်။ ဆရာတော် ကိုယ်တိုင်ရေး ထေရုပ္ပတ္တိ တစ်နေရာတွင် ‘၁၃၄၃ ခု၊ ဥတုဂိံမှ၊ ရောက်ပြန်ကြုံက၊ နယုန်လပြည့်ကျော်သည့် အချက်(တစ်ရက်မှာ ဒု-နှစ်ရက်မှာ တ- ၁၁ရက်မှာ စ အဆုံး၊ နှလုံးသာယာ၊ ရှိသည့်တာကြောင့်၊ သုံးဖြာစခန်း၊ မပင်ပန်းဘဲ၊ လန်းလန်းဆတ်ဆတ်၊ ပွင့်ချပ်အစုံ၊ နေအရုဏ်လင့်၊ ပွင့်သည့် ပမာ၊ ရွှင်လန်းသာ၍၊ လေးဖြာရကြောင်း၊ မကောင်းဟူသမျှ၊ အကုသလနှင့် ကုသလပါ၊ သင်္ခါရတို့၊ စွန့်ကာပယ်ချ၊ ဘုရားသားတော်၊ အစစ်ဖော်သည်၊ ရဟန်း ကိစ္စ အပြီးတည်း’ ဟု ရေးသားထားတော်မူခဲ့သည်။ သက်တော် (၉၈) နှစ်၊ ဝါတော် (၇၈) ဝါ၌ ပျံလွန်တော်မူခဲ့သော ဇင်ပြွန်း ဗောဓိရိပ်သာ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို ငဖဲမြို့ နှင့် ခြောက်မိုင်ခန့်အကွာ မင်းဘူး-အမ်းလမ်းဘေးရှိ ဇင်ပြွန်းရွာ ဗောဓိရိပ်သာကျောင်းတွင် ယခုတိုင် ဖူးမြော်နိုင်ကြပါသေးသည်။

(မောင်ပန်းမွှေး၊ မြန်မာနိုင်ငံ ရဟန္တာ နှင့် ရဟန်းထူးများ၊ ပထမတွဲ၊ တော်ဝင်မြို့မ စာအုပ်တိုက်၊ စာ-၅၇၁ ကိုကြည့်)

အားလုံးရဲ့သူငယ်ချင်း...

ဇင်မျိုး...

Leave a Reply