HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်



“မြန်မာကို ကမ္ဘာက လေးစားတာ သာသနာကြောင့်၊ ဒီသာသနာကို ကြည်ညိုလွန်းလို့ မြန်မာ ဦးဇင်းဖြစ်ချင်တဲ့ အရှင် သရဏ ကို သူပျော်သလောက်နေပါစေ” တဲ့၊ တိပဋိက ယောဆရာတော်က ပြောလိုက်တဲ့ စကားပါ။
ဒါဆို မြန်မာ ဦးဇင်းဖြစ်ချင်တဲ့ အရှင် သရဏဆိုတာ ဘယ်သူလဲ။

သူကတော့ ဟိုး အရှေ့ဥရောပက ကမ္ဘာကျော် ကတ္တီပါ တော်လှန်ရေးခေါင်းဆောင်ကြီး မစ္စတာ ဗားကလပ်ဗ် ဟာဗဲလ် ရဲ့ နိုင်ငံဖြစ်တဲ့ ချက်ရီပတ်ဗလစ် (Czech Republic) နိုင်ငံက ချက်လူမျိုး တဦးပါ။ ဗုဒ္ဓ ဘာသာကို ကြည်ညိုလွန်း လို့ ရှင် သာမဏေ အဖြစ်ခံယူခဲ့တယ်။ မြန်မာစာ မြန်မာယဉ်ကျေးမှုကိုလည်း အလွန် ချစ်မြတ်နိုး လို့ မြန်မာစာ၊ မြန်မာစကားကို လည်း တန်ဘိုးထား ပြောကြားတဲ့ သူပါ။

မကြာသေးခင် ရက်သတ္တပတ်ကမှ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဆရာတော် ဦးပညာဝံသကို ဥပဇ္ဈာယ် ဆရာ အဖြစ်ခံ ယူပြီး ဗုဒ္ဓဘာသာ ရှင်ရဟန်းဖြစ်လာတဲ့ အရှင် သရဏပါ။

သူဟာ မြန်မာ့မြေကို ခြေမခင်၊ ထေရ၀ါဒ ရဟန်းတပါးအဖြစ် မရခင်ကတည်းက မြန်မာစာ၊ မြန်မာစကား ကို ကောင်းမွန် ပိုင်နိုင်စွာ ပြောကြားနိုင်ရုံမကပါဘူး။ ချက်-မြန်မာ အဘိဓာန်စာအုပ်ကို လည်း ပြုစုထားနိုင် သူတဦးပါ။

အရှင် သရဏ ပြုစု ထားတဲ့ ချက်-မြန်မာ အဘိဓာန်စာအုပ်ဟာ ပထမဆုံးဖြစ်ပါလိမ့်မယ်။ ဒီအရင် ချက်-မြန်မာ အဘိဓာန်ဆိုတာ မကြားဖူးခဲ့ ပါဘူး။

သီရိလင်္ကာနိုင်ငံ..ကိုလံဘိုမြို့ မှာ နေထိုင်ပြီး ဗုဒ္ဓစာပေ၊ မြန်မာစာတွေ သူက လေ့လာခဲ့တယ်။ တခြား မြန်မာ အပါအ၀င် ဗုဒ္ဓဘာသာ ရှင်ရဟန်းတွေကို
သူက အင်္ဂလိပ်စာသင်ပေးတယ်။ သီရိလင်္ကာနိုင်ငံမှာ နေပြီး သီဟိုဠ် ဘာသာစာပေ၊ စကား လည်း သူက ကျွမ်းကျင်တယ်။ မြန်မာရဟန်းတော်တွေထံက မြန်မာစာ တတ်လာ ပြီး မြန်မာစာ မှာ တော်လွန်းလာတော့ နောက်ဆုံး သူဟာ ချက်-မြန်မာ အဘိဓာန်ကို ရေးသားပြုစုနိုင်ခဲ့ တာပါဘဲ။

အခုလို ချက်ရဟန်းတော် အရှင် သရဏဟာ မြန်မာနိုင်ငံကို ရောက်ပြီး သူ့ရင်ထဲက အဖြစ်ချင်ဆုံး ကို အခုလို ဖွင့်ဟ ထားပါ တယ်။

“လူ့ဘဝကို ရတာဟာ ဒုလဘ္ဘတရားဖြစ်တယ်။ ဦးဇင်း ငယ်ငယ်ကတည်းက သူများနားလည်ရင် ကိုယ် နားမလည်သေးဘူး။ခုလို ဗုဒ္ဓဘာသာဖြစ်လာဖို့ မြန်မာနိုင်ငံမှာ ရဟန်းဖြစ် ဖို့ အများကြီးကြိုးစား ခဲ့ရ တယ်။ မြတ်ဘုရား သာသနာမှာ လူဖြစ်ရတာ ဒီဘဝမှာတင် နိဗ္ဗာန်ရောက်အောင်ကြိုးစားရမယ်။ တန်အောင်ကြိုးစားရမယ်” လို့ အရှင်သရဏက ဆိုပါတယ်။

ဒါကြောင့် အရှင်သရဏက ၀ိပဿနာ တရား ဘာဝနာ ကျင့်ကြံပွားများ အားထုတ်ပုံကို အခု ရန်ကုန်မြို့မှာ စနစ်တကျ အနီးကပ် သင်ယူလေ့လာနေပါတယ်။ ၅ နှစ်ကြာရင်တော့ တောရပ်မှာသွားပြီး တရား ကျင့်ကြံ မှာ ဖြစ်ပါတယ်တဲ့။

ဖေ့ဘုတ်မှ ကူးယူဖော်ပြပါသည်...။


ဇော ၇-ချက်နှင့် ပါတ်သက်၍ ဇောဆိုသည်မှာ... ဇ၀နကိုခေါ်ပါတယ်...

ဇော= ဇ၀န(ပါဠိ)= လျှင်မြန်ခြင်း= အရှိန်အဟုန်။

သည်နေရာမှ အရှိန်အဟုန်ဆိုတဲ့ အဓိပ္ပါယ်ကို ယူပါတယ်... ဇောမှာက ကုသိုလ်ဇော
အကုသိုလ်ဇော ကြိယာဇော ဆိုပြီး ရှိတဲ့နေရာမှာ ကြိယာဇောကတော့
ဘုရားရဟန္တာတွေမှာ ဖြစ်ပြီး... ဒကာဒကာမတို့ ဘုန်းကြီးတို့မှာတော့ ကုသိုလ်ဇော
အကုသိုလ်ဇောတွေ အမြဲမပြတ် ဖြစ်နေပါတယ်...

ဇော ဘယ်နှစ်ခါဖြစ်သလဲ အရင်လေ့လာရအောင်...

ကာမဇောတို့သည် ပကတိအခါ ၇-ကြိမ်သော် လည်းကောင်း၊ ၆-ကြိမ်သော် လည်းကောင်း ဖြစ်ကုန်၏...
သေခါနီးအခါ... မေ့မျောသွားသောအခါ မှီရာ ဟဒယဝတ္ထုရုပ် အားနည်းလှသောကြောင့်
၅-ကြိမ်သာ ဖြစ်ကုန်၏လို့ အဆိုရှိတဲ့အတွက် လယ်တီဆရာတော်ဘုရားက __အရိုးသတ်+ဆ၊
အားနည်းလှ၊ ပဉ္စအကြိမ်သာ__ ဆိုပြီး သံခိပ်လေးရေးပြီး
မှတ်တမ်းတင်ထားပါတယ်... နောက် မြတ်ဗုဒ္ဓ ရေမီးအစုံစုံ တန်ခိုးပြာဋိဟာ
ပြတော်မူသောအခါတို့၌ ဝသီဘော် အထွတ်အထိပ်သို့ရောက်သော
ဈာန်ရှင်ဖြစ်တော်မူသောကြောင့် ပစ္စဝေက္ခဏာ ကာမဇော... အဓိဋ္ဌာန် ကာမဇောတို့သည်
၎-ကြိမ်၊ ၅-ကြိမ် ဖြစ်ကုန်၏... ((ဤ၌ မြတ်စွာဘုရားမှာ ၄-ကြိမ်၊
အရှင်မောဂ္ဂလာန်စသည်တို့မှာ ၅-ကြိမ် ဖြစ်ကုန်၏ဟု အထူးမှတ်ရာ၏)) လို့
ဆက်လက်ပြီး ဆရာတော်မှ __ဝသီခေါင်ဖျား၊ ဈာန်နှင့်ငြား၊ လေး+ငါး နှစ်ထွေလာ__
ဆိုပြီး လင်္ကာစီထားပြန်ပါတယ်... ဇောဆို အားလုံး ၇-ကြိမ်ချည့်
ထင်နေမစိုးလို့ ထည့်ရှင်းပေးလိုက်ပါတယ်...

ဇော ၇-ကြိမ်ဖြစ်ပုံနဲ့ ၀ီထိအစဉ်ကို ကြည့်ကြမယ်... (အတိမဟန္တာရုံဝီထိ) ရူပါရုံအဆင်းနဲ့ စက္ခုပသာဒတို့
တွေ့ဆုံပြီးနောက် မြင်သိစိတ်တစ်ခုတွင် စိတ်ဖြစ်ပုံ အစဉ်အတန်းမှာ...

တီ+န+ဒ+ပ+စ+သံ+ဏ+၀ု+ဇ ဇ ဇ ဇ ဇ ဇ ဇ+ရုံ+ရုံ+ဘွင်+ဘွင်

တီ= အတီတဘ၀င်= (အတီတ=လွန်ပြီး + ဘ၀င်= ဘ၀င်စိတ်) အာရုံသစ်မထင်မှီ ချုပ်ပျက်သွားသော ဘ၀င်စိတ်...

န= ဘ၀င်္ဂစလန= (စလန= လှုပ်သော + ဘ၀င်္ဂ= ဘ၀င်) အာရုံဟောင်းကို မလွတ်သေး အသစ်ကိုလည်း စွဲမြဲစွာ မယူနိုင်သေးလှုပ်နေသောသဘော...

ဒ= ဘ၀င်္ဂုပစ္ဆေဒ= (ဘ၀င်္ဂ= ဘ၀င် + ဥပစ္ဆေဒ= ပြတ်စဲသော) အာရုံသစ်ကိုယူရန် အာရုံဟောင်းကိုဖြတ်သော နောက်ဆုံး ဘ၀င်စိတ်...

ပ= ပဉ္စဒွါရာဝဇ္ဇာန်း= ထင်လာသောအာရုံကို ဘာပါလိမ့်လို့ တစ်ကြိမ် ဆင်ခြင်ပြီးချုပ်၏။

စ= စက္ခုပသာဒကိုမှီ၍ စက္ခုဝိညာဏ် အဆင်းကို မြင်သိစိတ်ဖြစ်...

သံ= သမ္ပဋိစ္ဆိုင်းစိတ်= ရူပါရုံအဆင်းကို ခံယူသောစိတ်... လက္ခံသောစိတ်...

ဏ= သန္တီရဏ= အာရုံကို စူးစမ်း ထောက်လှမ်းသောစိတ်...

ဝု= ၀ုဋ္ဌော= အာရုံကို ကောင်းမကောင်း ဆုံးဖြတ်သောစိတ်... (၀ုဋ္ဌောထိ အာရုံများ မထင်ရှားသေး ခံစားမှု ထိထိမိမိ မသိသေးသေး)

ဇော= ဇ၀န= အရသာပေါ်အောင် အရှိန်ကောင်းကောင်းနှင့် ကာမဇော ၂၉-ပါးမှ တစ်ပါးပါးသော
ဇောစိတ်သည် ၇-ကြိမ်တိုင်တိုင်စောသည်။ နှလုံးသွင်းကောင်းလျှင် ကုသိုလ်ဇော...
နှလုံးသွင်းမကောင်းလျှင် အကုသိုလ်ဇော... ရဟန္တာဖြစ်လျှင် ကြိယာဇော...
ဖြစ်သည်။

ရုံ= တဒါရုံ= ဇောနောက်လိုက်၍ အာရုံ၏အရသာကို ထပ်မံ ခံစားခြင်း...

ဘွင်= ဘ၀င်= ဥပပတ္တိဘ၀၏အကြောင်း... (အတိတ်ကံကြောင့် လူသေမသွားအောင် စိတ်ကလေး ဆက်ဖြစ်ပေးနေခြင်း ဖြစ်သည်)

မရှင်းသေးလျှင် သည်ဥပမာနဲ့ လေ့လာကြည့်ကြမယ်...

သရက်ပင်အောက်က လူတစ်ယောက် ခေါင်းမြီးခြုံ အိပ်နေသည်= ဘ၀င်ကျ...

သရက်သီးကြွေကျ= အာရုံနှင့် ဒွါရ တိုက်ဆိုင်သည်နှင့် တူပါသည်...

လူနိုးလာသည်= ပဉ္စဒွါရာဝဇ္ဇာန်း ဖြစ်ပုံနှင့် တူပါသည်...

ခေါင်းမြီးခြုံဖွင့်ကြည့်= စက္ခုဝိညာဏ်စိတ် ဖြစ်ပုံနှင့် တူပါသည်...

သရက်သီးလှမ်းယူ= သမ္ပဋိစ္ဆိုင်း ဖြစ်ပုံနှင့် တူပါသည်...

မှည့် မမှည့် နှိပ်ကြည့်= သန္တီရစဏ ဖြစ်ပုံနှင့် တူပါသည်...

မှည့်သည်ဟု ဆုံးဖြတ်= ၀ုဋ္ဌော ဖြစ်ပုံနှင့် တူပါသည်...

ကိုက်စား အရသာခံစား= ဇော ဖြစ်ပုံနှင့် တူပါသည်...

ခံတွင်းရှင်း၍ မျိုချ= တဒါရုံ ဖြစ်ပုံနှင့် တူပါသည်...

ခေါင်းမြီးခြုံ ပြန်အိပ်= ဘ၀င်ပြန် ဖြစ်ပုံနှင့် တူပါသည်...

အရှိန်အဟုန်ကောင်းကောင်းနှင့် ကုသိုလ်စိတ် အကုသိုလ်စိတ်များ ဖြစ်လာပြီဖြစ်၍ ဇော... ဇော ၇-ကြိမ်၏ အကျိုးတရားတို့မှာ...

(၁) ပထမဇောသည်... ပဋိသန္ဓေကျိုးကိုမပေး ယခုလက်ရှိ ပ၀တ္တိကျိုးကိုပေးနိုင်၏
ချက်ချင်းလက်ငင်း ထီပေါက်နိုင်သည် ကိုယ်လိုချင်တာရနိုင်မည်
ရွှေအိုးကြီးများရနိုင်သလို... ခြေကျိုး လက်ကျိုး သေချင်းဆိုးနှင့်
သေစေနိုင်သော စွမ်းအားများပါရှိသည်... သူက အကျိုးမပေးက ဘယ်သောအခါမှ
အကျိုးမပေးတော့ အဟောသိကံ... ပထမဇောကံအကျိုး ပျက်၏...

(၇) သတ္တမဇော(သို့)နောက်ဆုံးဇော... သူသည်ကား ဒုတိယ-လာမည့်ဘ၀ ပဋိသန္ဓေကျိုးကို
အကျိုးပေးနိုင်သည့်...ပြင်... ပ၀တ္တိကျိုးကိုလည်း ပေးနိုင်သည်...
ကုသိုလ်ဇောသည် လူ-နတ် ဖြစ်စေနိုင်သလို... အကုသိုလ်ဇောသည်ကား အပါယ
အပါယ်လေးဘုံသို့ ရောက်စေနိုင်ပေသည်...

(၂-မှ-၆) ဒုတိယဇောမှဆဋ္ဌမဇောထိ... အကျိုးပေးပုံကား... တတိယဘ၀မှ စတင်၍
ပဋိသန္ဓေအကျိုးနှင့် ပ၀တ္တိအကျိုးတို့ကို ဘ၀သံသရာ မပြတ်မခြင်း
အကျိုးပေးတော့မည် ဖြစ်ပေသည်...

သို့အတွက် သူတော်ကောင်းအပေါင်းတို့ ကုသိုလ်အကျိုးပေးနှင့် အကုသိုလ် အကျိုးပေးတို့သည်ကား ပြဒါးတစ်လမ်း
သံတစ်လမ်းဖြစ်ပေသည်... ကုသိုလ်၏ အကျိုးပေးကား ချိုမြိန်လှသော မချစ်စု
သရက်သီး စားရသလို... အကုသိုလ်၏ အကျိုးပေးသည်ကား... ခါးသီးလှပေသည်တကား...
ကျွန်ုပ်အတွက်တော့ အမေပေးသောအသည်း အစိမ်းသက်သက် အလှီးခံလိုက်ရပေပြီ...
အကုသိုလ် ပ၀တ္တိအကျိုးသည်ကား ခါးသီးလှပေ၏... အသိ သတိရှိကြပါကုန်...
သင်တို့မှာလည်း နောက်တွဲတွေ အများကြီး ရှိပေဦးမည်... ရှေ့ဆက်၍ ကောင်းမှု
ကုသိုလ်တွေ ကြိုးစားနိုင်ကြပါစေ... သူတော်ကောင်းတရားတွေ
လွမ်းခြုံနိုင်ကြပါစေ... သာသနာကို စောင့်ရှောက်နိုင်သော အမျိုးကောင်း
သားသမီးများ ဖြစ်ကြပါစေ...

အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတော်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ...

ဦးလောကနာထ




မေး။ ။ လူ့ပြည်နဲ့ ငရဲပြည်ဆို အချိန်ဘယ်လို တွက်ရပါသလဲဘုရား။ ဥပမာ လူ့ပြည် နှစ် ၁၀၀ ဆို ငရဲပြည်မှာ ဘယ်လောက်လဲဆိုတာ ဖြေပေးပါဦးဘုရား။

ဖြေ။ ။
၁။ သိဉ္ဇိုဝ်ငရဲ- ငရဲခန္ဓာကိုယ်ကြီး ပျက်စီးသွားလိုက် အသစ်ပြန်ဖြစ်လိုက်နဲ့ အဖန်ဖန်အသက်ရှင်ခံရသော ငရဲ။ ငရဲသက် နှစ် ၅၀၀။ လူ့သက် အနှစ်ကိုးသန်း။

၂။ ကာဠသုတ်ငရဲ- ခန္ဓာကိုယ်ကို ပဲခွပ်ဓါးမတို့ဖြင့် အစိတ်စိတ်အမြှောင်မြှောင် ရွေဖြတ်ခံရသော ငရဲ။ ငရဲသက် ၁၀၀၀။ လူ့သက် သုံးကုဋေခြောက်သန်း။

၃။ သင်္ဃာတငရဲ- အရပ်ရှစ်မျက်နှာမှ လာကုန်သော တောင်ကြီးတို့သည် ကြိတ်ချေသတ်ခံရသော ငရဲ။ ငရဲသက် ၂၀၀၀။ လူ့သက် ဆယ်လေးကုဋေလေးသန်း။

၎။ ရောရုဝငရဲ- နာကျင်ဆင်းရဲသောအသံဖြင့် အလွန်အကဲ အော်ဟစ်ငိုကြွေးခံရသောငရဲ။ ငရဲသက် ၄၀၀၀။ လူ့သက် ငါးဆယ်ခုနစ်ကုဋေ ခြောက်သန်း။

၅။ မဟာရောရုဝငရဲ- ရောရုဝငရဲထက် လွန်ကဲကြီးမားစွာ ခံရသောငရဲ။ ငရဲသက် ၈၀၀၀။ လူ့သက် နှစ်ရာသုံးဆယ်ကုဋေ လေးသန်း။

၆။ တာပနငရဲ- အလွန်ပူပြင်းစွာ လောင်ခံရသောငရဲ။ ငရဲသက် ၁၆၀၀၀။ လူ့သက် ကိုးရာနှစ်ဆယ်တစ်ကုဋေ ခြောက်သန်း။

၇။ မဟာတာပနငရဲ- တာပနငရဲထက် လွန်စွာပူလောင်ခြင်းခံရသောငရဲ။ ငရဲသက် အန္တရကပ်ထက်ဝက်။ လူ့သက်အားဖြင့် အသင်္ချေယျတန်းမှ ၁၀ နှစ်တန်းထိ။

၈။ အဝီစီငရဲ- ငရဲသားတို့ အကြားအလပ်မရှိ ပြည့်ကျပ်နေပြီး ဆင်းရဲဒုက္ခ အမြဲမပြတ် တရစပ်ခံရသောငရဲ။ ငရဲသက် အန္တရကပ်တစ်ကပ်။

အန္တရကပ်တစ်ကပ်ဆိုတာ လူတို့သက်တမ်း ၁၀ နှစ်တမ်းမှ အသင်္ချေယျတန်းထိ။ အသင်္ချေယျတမ်းမှ ၁၀ နှစ်တန်းထိ တက်ကပ်ဆုတ်ကပ်တစ်စုံကို ခေါ်ဆိုခြင်း ဖြစ်သည်။

အဝီစိငရဲမီးကို လူတစ်ယောက်သည် မိုင် (၈၀၀) မှ ကြည့်ရှု့ပါက မျက်လုံးပေါက်ထွက်သွားနိုင်သည်။

ကျမ်းညွှန်း။ သုတ္တ။ ဋ္ဌ။ ဒု။ ၂၀၀။ မဟာသုတဒီပနီကျမ်း။ ပ။ နှာ။ ၇၈။
ဤမျှလောက်ဆို ပြည့်စုံလုံလောက်ပြီမို့ စာဖတ်သူများအားလုံး ငရဲကျမည့် အလုပ်များမှ ရှောင်ကြဉ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်

(အရှင်ကောမလ ဆန်နီနေမင်း) ထံမှ ကူးယူဖော်ပြပါသည်...။


သြကာသ၊ သြကာသ၊ သြကာသ။


ကာယကံ၊ ၀စီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရား ငါးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား။

အဟံ ဘန္တေ တိသရဏေနသဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ။
( ဒုတိယမ္ပိ ) အဟံ ဘန္တေ တိသရဏေနသဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ။
(တတိယမ္ပိ) အဟံ ဘန္တေ တိသရဏေနသဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ။
(အာမဘန္တေပါ အရှင်ဘုရား။)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ( သုံးခေါက်ဆို)


ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဓမ္မံ သရဏံ ဂစ္ဆာမိ ။
သံဃံ သရဏံ ဂစ္ဆာမိ ။

ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။

တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။
(အာမဘန္တေပါ အရှင်ဘုရား။)


(၁) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ၂) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ၃) အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(၄) မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ၅) သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ၆) ၀ိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(၇) နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
( ၈) ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(အာမဘန္တေပါ အရှင်ဘုရား။)


အနက်။ ။

(၁) ပါဏာတိပါတာ- သူတစ်ပါးအသက်ကို သတ်ခြင်းမှ၊ ဝေရမဏိသိက္ခာ ပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက် တည်ပါ၏။

(၂) အဒိန္နာဒါနာ- မပေးအပ်သော သူ့ဥစ္စာကို ခိုးယူခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင် ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌ မြဲစွာဆောက်တည်ပါ၏။

(၃) အဗြဟ္မစရိယာ- ကာမဂုဏ်တို့၌ ကဲ့ရဲ့ထိုက်စွာ ယုတ်မာသောအကျင့်မှ၊ ဝေရ မဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌ မြဲစွာ ဆောက်တည်ပါ၏။

(၄) မုသာဝါဒါ- မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင် ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။

(၅) သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ- မေ့လျော့ ပေါ့ဆခြင်း၏ အကြောင်းစင်စစ် မူးရစ်စေ တတ်သည့် သေရည်အရက်ကို သောက်စားခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။

(၆) ၀ိကာလဘောဇနာ- နေ့လွဲညစာ စားခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။

(၇)ကခြင်း ၊ သီဆိုခြင်း ၊ တီးမှုတ်ခြင်း ၊ ပန်းပန်ခြင်း ၊ အမွှေးနံသာလိမ်းကျံ ရှူရှိုက်ခြင်း ၊ ပြင်ဆင်ချယ်သခြင်း တို့မှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ် သောသိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။

(၈) -မြင့်မြတ်သော ၊ အလွန်ကောင်းမွန်ခမ်းနားသော အိပ်ယာနေရာတို့တွင် နေထိုင်အိပ်စက်ခြင်းမှ၊ ဝေရမဏိ သိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။

(မှတ်သားဖွယ်ရာ။ အဗြဟ္မစရိယာ နှင့် ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ် တို့၏ ခြားနားချက်။

အဗြဟ္မစရိယာသိက္ခာပုဒ် ကိုစောင့်ထိန်းလျှင် မိမိပိုင်ဆိုင်သော ကာမကိစ္စနှင့် မိမိမပိုင် ဆိုင်သော ကာမကိစ္စနှစ်မျိုးလုံးမှ ရှောင်ကြဉ်ရ၏။


ကာမေသုမိစ္ဆာစာရသိက္ခာပုဒ် ကိုစောင့်ထိန်းလျှင် မိမိမပိုင်ဆိုင်သော ကာမကိစ္စ တို့ကို ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ရ၏။)



 မေး။ ။ ဘုရားအလိုကျ အမျှပေးဝေနည်းကိုလည်း တင်ပြပေးပါဘုရား။

ဖြေ။ ။ ပထမဦးဆုံးအနေနဲ့ ရေစက်ချခြင်းအကြောင်းကို ကျမ်းဂန်များတွင် လာရှိတာကို ဖော်ပြပေးပါမယ်။ ကျမ်းဂန်များတွင် အလှူရှင်မှ အလှူခံလက်ထဲသို့ ရေစက်သွန်းချလှူလိုက်ပြီး အလှူခံပုဂ္ဂိုလ်သည် အလှူရေစက်ကို လက်ဖြင့်ခံယူကာမျှဖြင့် အလှူဝတ္ထု သက်ရှိသက်မဲ့အရာအားလုံး အလှူခံပုဂ္ဂိုလ်ပိုင်ဆိုင်သွားပါတယ်။ (ဝိ၊ဋ္ဌ၊၃၊၄၁၆)

ဗိမ္ဗိသာရမင်း ဝေဠုဝန်ကျောင်းရေစက်ချပွဲပြုလုပ်စဉ်က
၁။ အလှူရေစက်ကို ရွှေကရားတွင်ထည့်ထားသည်။
၂။ မွှေးကြိုင်သောပန်းနံ့သာ ထုံမွှမ်းထားသည်။
၃။ အလှူရေစက်သည် မြအဆင်းကဲ့သို့ ကြည်လင်သန့်ရှင်းနေသည်။
၎။ အလှူရေစက်ကို ဗုဒ္ဓရဲ့လက်ထဲသို့ လောင်းချလှူဒါန်းသည်။ (ဗုဒ္ဓဝင်အဋ္ဌကထာ၊ ၂၅)

အထက်ပါရေစက်ချပုံကိုထောက်ဆ၍ သာမန်ပုဂ္ဂိုလ်များအား လှူဒါန်းမည်ဆိုပါက ရေစက် ကို ရေကောင်း ရေသန့်ဖြင့် စီမံပါ။ ဘုရားအစရှိသော သံဃာတော်များအား လှူဒါန်းရေစက်ချမည်ဆိုပါက သက္ကစ္စဒါန အထောက် အပံ့ဖြစ်အောင် ရေထဲ တွင် မွှေးကြိုင်သော နံ့သာထည့်ထားပါ။ တစ်ခါ ရေစက်ခွက်စီမံပုံနဲ့ပတ်သတ်ပြီး ကျမ်းဂန်များတွင် ဖော်ပြရာမှာ အနာထပိဏ်သူဌေး ဇေတ၀န် ကျောင်းလှူသော အခါ၊ ဒေဝါနံပိယတိဿမင်း မဟာမေဃဝန်ဥယျာဉ် လှူသောအခါတို့တွင်  အလှူရေစက်ကို ရွှေကရား၌ ထည့်ထားပြီး ရေစက်သွန်းချကြပါတယ်။ (ဇာ၊ဋ္ဌ၊၁၊ ၁ဝ၉။ ဝိ၊ဋ္ဌ၊၁၊၆ဝ)

ကျောင်းစသော ထာဝရ၀တ္ထုရေစက်ချရာတွင် ရေစက်ခွက်မထားဘဲ ဘုရားရဟန္တာ လက်ထဲ၌သာ ရေစက် သွန်းချကြောင်း မှတ်သားရပါတယ်။ ဆွမ်းကပ်လှူဒါန်းရာတွင် ရေစက်ချရာ၌ ဗုဒ္ဓရဲ့သပိတ်၊ ဗုဒ္ဓမပါက မထေရ်ကြီး များရဲ့သပိတ်ထဲသို့ အလှူရေစက်သွန်းချလှူဒါန်းကြပါတယ်။ (ဓမ္မ၊ဋ္ဌ၊ စူဠပန်ဝတ္ထု)

ဗုဒ္ဓ၏ရုပ်ပွားဆင်းတုတော်များပေါ်လာချိန်တွင် ရုပ်ပွားတော်နဲ့တကွ သံဃာတော်များဆွမ်းလှူဒါန်းသောအခါ ရုပ်ပွားတော်စေတီတော်ကို ရည်စူး၍ ရေစက်ခံသပိတ်တို့ကို ရှေ့၌ထားကြပါတယ်။ (ဝိ၊ဋ္ဌ၊၃၊၄၂၄။ ဝိ၊သင်္ဂဟ၊၂၅၅။ ကင်္ခါဋီကာသစ်၊၂၉၈)

တဖန် ရေစက်ချပုံအနေအထားနဲ့ပတ်သတ်ပြီး ဗိမ္ဗိသာရမင်း၊ အနာထပိဏ်သူဌေးတို့သည် ရွှေကရားဖြင့် ရေစက်ချသောအခါ တံစက်မြိတ်မှရေကျသလို ရေကိုတဖြည်းဖြည်းချင်း ယဉ်ယဉ်ကျေးကျေး ဗုဒ္ဓလက်တော်သို့ သွန်းလောင်းကြပါတယ်။

အလှူဒါနပြုလုပ်ရာတွင် ရေစက်ချရခြင်းအကြောင်းမှာ

၁။ အလှူဝတ္ထုကိုယ်စားပြု၍ အလှူခံလက်ထဲသို့ အပ်နှင်းရန်အကျိုးငှာ အလှူဒါနမြောက်ကြောင်းပြရန် ရေစက်ချတာပါ။
၂။ ရေစက်ချသောအခါ အလှူခံကလက်ဖြင့် ခံယူလိုက်သဖြင့် အလှူဝတ္ထုအားလုံး အလှူခံပိုင်ဆိုင်သွားသဖြင့် မည်သူမျှပြန်ယူသိမ်းပိုင်ခွင့် မရှိအောင် ရေစက်ချလှူဒါန်းရခြင်း ဖြစ်ပေတယ်။

သာဓကအားဖြင့် ဝေဿန္တရာမင်းသည် သားတော်သမီးတော်တို့ကို ရေစက်ချလှူဒါန်းလိုက်သောကြောင့် ဘိုးတော်မင်းသည် သူ့မြေးများကို ပုဏ္ဏားထံမှ အာဏာဖြင့် သိမ်းယူမရသလို မြေးဖြစ်သူများကလည်း ဘိုးတော်မင်း ခေါ်တိုင်း သွားလို့မရတော့ချေ။ ဒါကြောင့် အဘိုးဖြစ်သူမင်းက မြေးတော်များကို ပုဏ္ဏားထံမှ ခွင့်ပြုချက်ဖြင့် ရွှေပိဿာ (၁ဝဝဝ)နဲ့ ဝယ်ယူလိုက်ရပါတယ်။

ဒါကြောင့် အလှူဒါနပြုလုပ်တိုင်း အနည်းဆုံး စိတ်ထဲကနေ ဆုတောင်းခြင်း၊ ရေစက်ချအမျှဝေခြင်းများ ပြုလုပ်ကြဖို့ လိုအပ်ပါတယ်။
ဆက်လက်၍ ရေစက်ချအမျှဝေခြင်းနဲ့ပတ်သတ်ပြီး ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေ သေချာကျနစွာ မသိကြတာကြောင့် ဦးဇင်းဖတ်မှတ်လေ့လာဖူးသမျှ ရေးပေးပါဦးမယ်။

အမျှဝေခြင်းကို ပတ္တိဒါနလို့ခေါ်ပြီး သာဓုခေါ်ခြင်းကို ပတ္တာနုမောဒနလို့ ခေါ်ပါတယ်။ ပတ္တိဆိုတာ ကုသိုလ်ရှင်က မိမိပိုင်သောကုသိုလ်ကို သူတစ်ပါးအား ပေးဝေရာတွင် ခံယူရရှိမည့် သာဓုခေါ်ဆိုသူထံ ပေးဝေသောကုသိုလ်ကို ပြောတာပါ။ ထိုသို့ကုသိုလ်ပေးဝေရာတွင် တစ်စိတ်တစ်ပိုင်းကို ပေးတာမဟုတ် အညီအမျှရရှိအောင် ပေးပါတယ်။ ဥပမာ-ကုသိုလ်ရှင်က တစ်ပိဿာကုသိုလ်ရရင် သူရသလောက် တစ်ပိဿာလုံးကို ပေးဝေလိုက်တာပါ။ ဒါကြောင့် ပတ္တိ-ကုသိုလ်အမျှကို ဒါန-ပေးခြင်း၊ ဝေခြင်း။ ပတ္တိဒါန-အမျှဝေခြင်းလို့ ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။ ပတ္တာနုမောဒန-ပတ္တိ-အနုမောဒန၊ ပတ္တိ-ကုသိုလ်အမျှကို၊ အနုမောဒန-ဝမ်းမြောက်စွာသာဓုခေါ်ဆိုခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

ပတ္တိဒါန အမျှဝေရာတွင် မိဘဆရာသမား ဆွေမျိုးတို့အား အမျှဝေခြင်းကို သြဓိသအမျှဝေခြင်း၊ အလုံးစုံသော သတ္တဝါတို့အား အမျှဝေခြင်းကို အနောဓိသအမျှဝေခြင်းဟု ခေါ်ဆိုကြောင်း ကျမ်းဂန်မှာ လာရှိပါတယ်။ (အဘိ၊ဋ္ဌ၊၁၊ ၂၀၂)
ထိုသို့ကုသိုလ်အမျှဝေရာတွင် ကုသိုလ်ရဲ့အကျိုးကိုပါ ဝေရာရောက်သွားသောကြောင့် ဆွမ်းအလှူဒါန အမျှဝေသောအခါ သာဓုခေါ်ဆိုသူဟာ ဆွမ်းဒါနကုသိုလ်ရသလို အလှူရှင်ရဲ့ ဆွမ်းအကျိုးငါးပါးကိုလည်း ရရှိသွားပါတယ်။ သူတစ်ပါးက အမျှဝေလိုက်သော ဒါနကုသိုလ်၊ သီလ၊ ဝေယျာဝစ္စ၊ ဓမ္မဿဝန၊ ဓမ္မဒေသနာကုသိုလ်စသည်တို့ကိုလည်း ဝမ်းမြောက်ဝမ်းစွာ သာဓုခေါ်ဆိုပါက ပတ္တာနုမောဒနကုသိုလ် ဖြစ်ပါတယ်။ သူတစ်ပါးက အမျှမဝေတဲ့ကောင်းမှုကိုလည်း မိမိက သာဓုခေါ်ဆိုပါက ပတ္တာနုမောဒနကုသိုလ်မရပေမဲ့ အနုမောဒနကုသိုလ်ရခြင်းကြောင့် သူတစ်ပါးကောင်းမှုကိုတွေ့မြင်ပါက ဝမ်းမြောက်ဝမ်းသာဖြစ်ပေးမယ်ဆိုရင် မုဒိတာဘာဝနာကုသိုလ်နဲ့နည်းတူ အနုမောဒနာအကျိုး ရရှိပါတယ်။ ထိုကုသိုလ်ကြောင့် မျက်မှောက်ဘဝတွင် လူချစ်လူခင်ပေါခြင်းအကျိုးရသလို တမလွန်တို့မှာလည်း ခံတွင်းမှ ကြာညိုနံ့သင်းခြင်း အကျိုးများ ရရှိပါပေတယ်။

ပတ္တိဒါန၊ ပတ္တာနုမောဒနကုသိုလ်သည် ဒါနကုသိုလ်တစ်ခုသာ အကျုံးဝင်သည်မဟုတ် သီလ၊ ဝေယျာဝစ္စ၊ ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ စာချ၊ စာသင်၊ ကျမ်းပြုကုသိုလ်များတွင်လည်း အကျုံးဝင်တာမို့ ထိုကုသိုလ်များကိုလည်း အမျှဝေ၊ သာဓုခေါ်၊ ဝမ်းမြောက်ခြင်း အနုမောဒနာများ ပြုလုပ်ပေးပါက အကျိုးများစွာ ရရှိပါတယ်။

သာဓကအနေနဲ့ဖော်ပြပေးရမယ်ဆိုရင် မင်းတုန်းမင်းလက်ထက် အလုံဂိုဏ်အုပ် ကျောက္ကာ တောင်ဖီလာဆရာတော်သည် ရွှေတိဂုံဘုရားသွားဖူးတဲ့အခါ လမ်းတွင် နတ်လူသာဓုခေါ်စေသော် ဆိုင်းဘုတ်တွေ့တိုင်း သာဓုခေါ်ဆိုသလို ဆိုင်းဘုတ်မရှိတဲ့ ကောင်းမှုလုပ်ထားတဲ့ အဆောက်အဦးများတွေ့ရင်လည်း သာဓုခေါ်ဝမ်းမြောက်ခြင်းများ ပြုလုပ်ခြင်းကြောင့် ပတ္တာနုမောဒန၊ အနုမောဒနာကုသိုလ်နှစ်မျိုးလုံး ဘုရားဖူးသွားရင်း ယူတော်မူလေ့ရှိပါတယ်။ ဒါကြောင့် မိမိဗုဒ္ဓဘာသာဝင်များ ဘုရားဖူးသွားရင်းဖြစ်စေ၊ လမ်းသွားရင်းဖြစ်စေ ကြုံတွေ့ရတဲ့ ကောင်းမှုများကို ယူတတ်မယ်ဆိုရင် ကုသိုလ်ချည်းပဲမို့ သတိထားယူတတ်ဖို့ရန် လေ့ကျင့်ပေးကြပါလေ။

ဒါပြင် လယ်တီဆရာတော်ဘုရားကြီး ကျမ်းစာရေးရင် ခဲတံချွန်ပေးရသော ဦးနန္ဒိယသည် ဆရာတော်ကြီးက သင်္ကန်းစတဲ့ ပစ္စည်းဝတ္ထုများစွန့်ကြဲပါက မယူဘဲ နေ့စဉ် ဆရာတော်ရေးသားသော ကျမ်းပြုရခြင်း ပတ္တိဒါနကိုပဲ ခံယူလိုပါတယ်လို့ လျှောက်ထားပါတယ်။ ထိုအခါ ဆရာတော်မှ နေ့စဉ်ကျမ်းပြုရသော ကောင်းမှုများကို ဦးနန္ဒိယအား အမျှဝေပေးပါသည်လို့ မိန့်ကြားလျှင် ဦးနန္ဒိယမှ သာဓုခေါ်ဆိုတော်မူပါတော့တယ်။ ဒါဟာလည်း မျက်မှောက်တခဏတာ အသုံးပြုရမဲ့ ပစ္စည်းဝတ္ထုများထက် သံသရာတစ်လျှောက်လုံးအတွက် အရေးကြီးသောကုသိုလ်ကိုသာ အဓိကထားယူဖို့ သင်ခန်းစာရရှိစေတာမို့ ကျင့်သုံးလိုက်နာကြရပါမယ်။

ပတ္တာနုမောဒန-သာဓုခေါ်ဆိုရကျိုးနဲ့ပတ်သတ်ပြီး မျက်မှောက်အကျိုး၊ တမလွန်အကျိုးပေးများကို ကျမ်းဂန်များမှ အနည်းငယ် ဖော်ပြပေးပါဦးမယ်။ သာဓုခေါ်ဆိုလိုက်သည်နဲ့ အကျိုးပေးများရရှိသွားရာ အကျိုးပေးစေတနာဇော(၇)ချက် ဇောသွားရာတွင် ထိုဇောများထဲမှ ပထမဇောသည် မျက်မှောက်ဘ၀တွင် အကျိုးပေးသည်။ သတ္တမဇောသည် ဒုတိယဘဝတွင် အကျိုးပေးသည်။ အလယ်ဇောငါးချက်သည် တတိယဘဝမှစ၍ နိဗ္ဗာန်ရောက်တဲ့ထိ အကျိုးပေးသည်။

ပထမဇောက မျက်မှောက်ဘဝ အကျိုးပေးအရာတွင် ခဏချက်ခြင်းအကျိုးပေးတာရှိသလို နှစ်၊ လကြာမှ အကျိုးပေးတာများလည်း ရှိပါတယ်။ လူနတ်ပြိတ္တာတို့တွင် ပရဒတ္တုပဇီဝိကပြိတ္တာလို့ခေါ်တဲ့ ရည်ညွှန်းပြီး နာမည်နဲ့အမျှဝေခံရတဲ့ ပြိတ္တာသာ အဲဒီပြိတ္တာက အမျှသာဓုခေါ်လိုက်တာနဲ့ ချက်ခြင်းအကျိုးပေးရရှိပါတယ်။ ကျန်တဲ့ လူ၊ နတ်၊ ဝေမာနိကပြိတ္တာ၊ ဝိနိပါတိက အသူရာကယ်တို့မှာ အကြောင်းတိုက်ဆိုင်မှ ခဏချက်ခြင်း အကျိုးပေးရကြပါတယ်။ များသောအားဖြင့် နောက်နောင်အချိန်ကြာမှသာ အကျိုးပေးတွေ ရကြတာပါ။

လူတွေသာဓုခေါ်လို့ အကျိုးပေးရရှိတာကို မိမိတို့ဗုဒ္ဓဘာသာဝင်တွေမှာ မသိရှိကြတဲ့အတွက် တချို့က သာဓုခေါ်တာ အကျိုးမရှိဘူးလို့ ထင်မြင်ယူဆနေကြတာတွေ ရှိနေကြတာမို့ လူ့ဘဝမှာပင် အမျှကုသိုလ်သာဓုခေါ်ဆိုမှုကြောင့် အကျိုးရရှိတာကို တင်ပြပေးပါဦးမယ်။
ဂေါတမဘုရားလောင်းတော်ဟာ တစ်ခုသောဘဝမှာ သင်္ခအမည်ရှိတဲ့ ကုန်သည်ကြီးတစ်ဦး ဖြစ်ခဲ့ပါတယ်။ တစ်နေ့ တပည့်များစွာနဲ့ ကုန်ကူးသွားဖို့ သင်္ဘောဆိပ်သွားရာ လမ်းတွင် ဖိနပ်၊ ထီးမပါသော ပစ္စေကဗုဒ္ဓါတစ်ပါးကိုမြင်တွေ့ရသဖြင့် ဖိနပ်ထီး လှူဒါန်းခဲ့ပြီး သမုဒ္ဒရာကို ရွက်သင်္ဘောစီးသွားကြလေသည်။ လမ်းတွင် မုန်းတိုင်းကြောင့် သင်္ဘောမြုပ်နစ်သွားရာ ဘုရားလောင်းနဲ့အနီးနေတပည့်တို့က သင်္ဘောတိုင်ထိပ်တတ်ပြီး သမုဒ္ဒရာထဲ ခုန်ချကြသည်။ ကျန်တပည့်များကတော့ သင်္ဘောနစ်ရင်း သေဆုံးသွားကြလေသည်။ ဘုရားလောင်းသည် သမုဒ္ဒရာထဲ မျောပါနေချိန်မှာ သီလစောင့်ထိန်းရင်း မျောလိုက်နေလေသည်။

အဲဒီချိန်မှာ မဏိမေခလာနတ်သမီးသည် ဘုရားလောင်းရဲ့ ပစ္စေကဗုဒ္ဓါအရှင်မြတ်ထံ ဖိနပ်ထီးလှူဒါန်းခဲ့တဲ့ ဒါနကြောင့် ကယ်တင်ရန်  ရတနာလှေကြီးဖန်ဆင်း ရောက်ရှိလာလေသည်။ နတ်သမီးက ဘုရားလောင်းကိုပဲ ကယ်တင်ပြီး တပည့်ဖြစ်သူကို မကယ်တယ်ဘဲထားလေရာ ဘာကြောင့် မကယ်တင်ရတာလဲလို့ နတ်သမီးကိုမေးရာ တပည့်ဖြစ်သူမှာ ကုသိုလ်မရှိလို့ မကယ်တင်ကြောင်းသိလိုက်တာနဲ့ ဘုရားလောင်းမှ သူ့ကုသိုလ်ကို အမျှဝေပေးလိုက်သည်။ ထိုအခါ တပည့်ဖြစ်သူမှ သာဓုခေါ်ဆိုလိုက်သည်နဲ့ နတ်သမီးလည်း ကယ်တင်ပေးလိုက်လေသည်။ ဒီဇာတ်ကြောင်းလေးကတော့ သာဓုခေါ်ဆိုခြင်းကြောင့် ခဏချက်ခြင်း အကျိုးပေးရရှိသော လူ့ဘုံအကြောင်းပါ။ (ဒသကနိပါတ်၊ သင်္ခဇာတ်)

တစ်ခါ နတ်တို့ သာဓုခေါ်ဆိုမှုကြောင့် အကျိုးပေးရရှိပုံကို အနည်းငယ်တင်ပြပေးပါဦးမယ်။ မစ္ဆုဒ္ဒါနဇာတ်တွင် ဘုရားလောင်းသည် မြစ်ထဲ၌ရှိသော ငါးတို့အား ထမင်းများကျွေးမွေးပြီး အမျှဝေသောအခါ မြစ်စောင့်နတ်သည် သာဓုခေါ်ဆိုလိုက်သဖြင့် ချက်ခြင်း စည်းစိမ်းချမ်းသာ တိုးပွားသွားသည်။ ယခု မြစ်စောင့်နတ်အကျိုးရရှိပုံကို ထောက်ဆကြည့်ပြီး ကျန်တဲ့ ဝေမာနိကပြိတ္တာ၊ ဝိနိပါတိက အသူရာတို့လည်း ထိုနည်းတူ အကျိုးရရှိသည်ဟု မှတ်သားနိုင်ပါပြီ။

ဒါနကောင်းမှုပြုတဲ့အခါ အလှူဝတ္ထုဟာ အလှူရှင်လက်ကနေ အလှူခံပုဂ္ဂိုလ်လက်သို့ရောက်ရင် အလှူအထမြောက်ပါတယ်။ ဒါပေမဲ့ နိဗ္ဗာန်ကိုဆုတောင်းပြီး ဒါနပြုမှသာ မိမိဒါနဟာ ပါရမီဒါနဖြစ်နိုင်သဖြင့် အနည်းဆုံး-ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတုလို့ ဆုတောင်းပြီးအမျှဝေမှသာ ပတ္တိဒါနဖြစ်ပါတယ်။ ဒါကြောင့် အနည်းဆုံး ဣဒံ မေ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမလို့ဆိုပြီး အမျှဝေကာ ဒါနအလှူကို အဆုံးသတ်ကြစမြဲ ဖြစ်ပါတယ်။ ဆုတောင်း ခြင်း၊ အမျှဝေခြင်းတို့မှာ ကိုယ်တိုင်ပြုလုပ်ရမှာမို့ တခြားတစ်ယောက်အား ကိုယ်စားပြုလုပ်ခိုင်းလို့ မရဘူးဆိုတာလည်း သိထားဖို့ လိုပါတယ်။ တချို့က ကိုယ်စားလှူခိုင်းပြီး အမျှဝေလို့မရဘူးလားဆိုပြီး မေးတတ်လို့ပါ။

ဆုတောင်းတဲ့အခါမှာလည်း ဤသို့လှူဒါန်းရသောအကျိုးအားကြောင့် နိဗ္ဗာန်မျက်မှောက်ပြုရပါလို၏လို့ ဆုတောင်းရမှာဖြစ်သလို အမျှဝေတဲ့အခါမှာလည်း ဤကောင်းမှု၏ အဖို့ဘာဂကို သတ္တဝါအားလုံး ရရှိကြပါစေဟု စိတ်စေတနာ လေးလေးနက်နက်နဲ့ပြုလုပ်မှသာ ဘုရားအလောင်း သူတော်ကောင်းတို့လို ဖြစ်မှာပါ။

မြတ်စွာဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီးဘ၀မှာ ဒါနပြုတိုင်း ရေစက်ချ၊ အမျှဝေလေ့ရှိပါတယ်။ အဲဒီလိုရေစက်ချ အမျှဝေပေးမှုကြောင့် မာရ်နတ်စစ်လာတိုက်ရာတွင် ဗောဓိပင်နှင့် ရွှေပလ္လင်ကိုရရေး (သဗ္ဗညုတဉာဏ် ကိုရရေး)အတွက် ဝေဿန္တရာဘဝတွင် လှူဒါန်းခဲ့ပြီး ရေစက်ချခဲ့သည်ကို ဤမဟာပထ၀ီမြေကြီး အသိသက်သေ ဖြစ်သည်ဟု သက်သေပြုတဲ့အတွက် ပထဝီမြေကြီးက သက်သေခံခဲ့တာပါ။ တကယ်လို့ ကောင်းမှုကုသိုလ်များများ လုပ်ထားသူဟာ သေခါနီးမှာ မကောင်းတဲ့အာရုံစွဲလမ်းမိလို့ ငရဲသို့ ရောက်သွားလျှင် ယမမင်းက သူ့အား အမျှဝေ ပေးဖူးသလားလို့ သတိပေးစကားပြောကြာတဲ့အခါ မိမိပြုလုပ်ခဲ့တဲ့ကုသိုလ်၊ အမျှဝေပေးခဲ့တဲ့ကုသိုလ်တို့ကို အမှတ်ရ ပါက ငရဲမှ လွတ်မြောက်ကြရပါတယ်။

အလှူတစ်ခုပြုလုပ်ရာတွင် ဆုတောင်းခြင်းမပြုဘဲ လှူဒါန်းခြင်းမှာ ပေးကမ်းခြင်းသက်သက်သာဖြစ်လို့ နိဗ္ဗာန်ကို ဆုတောင်းမှသာ ဒါနပါရမီ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဒါနပြုလုပ်ကြသူတိုင်း ဆုတောင်းခြင်း၊ ရေစက်ချခြင်းတို့ကို မဖြစ်မနေ ပြုလုပ်ကြတာပါ။

ရေစက်ချ အမျှဝေတယ်ဆိုတာ ဦးဇင်းတို့ ဗုဒ္ဓဘာသာမှာပဲ ရှိပါတယ်။ တခြားဘာသာတွေမှာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့မြတ်ဗုဒ္ဓရဲ့ ဝါဒဟာ အနတ္တ-ငါပိုင်ဆိုတာမထားဘူးဆိုတဲ့ ဝါဒဖြစ်လို့ပါ။ တခြားဘာသာ တွေမှာက အတ္တ-ငါပိုင်ပဲရှိတဲ့အတွက် အမျှဝေခြင်းများ မပြုလုပ်ကြပါဘူး။ ဦးဇင်းတို့ ဝါဒက အနတ္တဆိုတော့ ငါကုသိုလ်ရသလို၊ ငါကုသိုလ်ကြောင့် ကောင်းကျိုးခံစားသလို အားလုံးလည်း ငါလိုပဲ ခံစားကြရပါစေဆိုတဲ့ စေတနာနဲ့ အားလုံးအား တန်းတူပေးတဲ့ ရေစက်ချခြင်းပါ။ ဒါကြောင့် ဘာဖြစ်လို့ရေစက်ချရတာလဲ၊ အမျှဝေရတာလဲဆိုတော့ ငါတို့ဝါဒဟာ အနတ္တဝါဒ-ကိုယ်ပိုင်မထားဘဲ အားလုံးကို တန်းတူရစေချင်တဲ့ စေတနာရှိလို့ပါလို့ ဖြေရပါမယ်။

အဲဒီတော့ အမျှဝေတဲ့လူဟာ မိမိလုပ်တဲ့ ကောင်းမှုဟာ လျှော့မသွားဘဲ ပိုလို့သာ တိုးသွားတယ်ဆိုတာကို လူတိုင်းသိကြမယ်ထင်ပါတယ်။ ဒါပေမဲ့ ပိုမိုမှတ်မိအောင် ထပ်ဆင့်ပြောပြပေးပါဦးမယ်။ မိမိအိမ်မှာ ဖယောင်တိုင်း တစ်တိုင် မီးထွန်းထားတယ်ဆိုပါစို့။ အဲဒီဖယောင်တိုင်တစ်ခုတည်း ထွန်းထားတာဆိုတော့ ဖယောင်တိုင်းထွန်းတဲ့ အိမ်မှာပဲ အလင်းရောင်အနည်းငယ်ရှိပြီး ကျန်တဲ့အိမ်တွေမှာ အလင်းရောင်မရှိဘဲ တစ်ရွာလုံးဖြစ်စေ၊ တစ်မြို့လုံးဖြစ်စေ မှောင်မည်းနေမှာပါ။ အဲဒီတော့ မိမိက မိမိထွန်းထားတဲ့ ဖယောင်းတိုင်က မီးကို အားလုံး လာရောက်ထွန်းညှီယူကြပါလို့ အမျှဝေသလို အားလုံးကို ရှယ်ယာလိုက်ပေးလိုက်တဲ့အခါကျတော့ တစ်မြို့လုံးဖြစ်စေ၊ တစ်ရွာလုံးဖြစ်စေ အလင်း ရောင်တွေတောက်ပသွားပါတယ်။ အဲဒီလို မိမိက သူများအား မိမိဖယောင်းတိုင်မှ မီးကို ရှယ်ယာပေးလိုက်သော်လည်း မိမိပင်ရင်းဖယောင်းတိုင်မှာ အလင်းရောင် လျှော့နည်းမသွားတဲ့အပြင် မိမိရှယ်ယာလုပ်ပေးလို့ သူများတွေ အလင်း ရောင်းပါရရှိပြီး အလင်းရောင်များ ပိုမိုတိုးသွားသလို အမျှဝေတဲ့လူမှာလည်း အဲဒီလိုပဲ ကောင်းမှုလျှော့မသွားတဲ့အပြင် ကောင်းမှုတွေ ပိုမိုတိုးသွားပါတယ်။

မိမိပြုလုပ်တဲ့ကောင်းမှုကို ရေစက်ခွက်နဲ့ အမျှဝေရန် အခွင့်အခါမသင့်ပါက အပေါ်ကပြောခဲ့တဲ့အတိုင်း အာရုံပြုရမဲ့ အချက်အလက်တွေကို မိမိအာရုံပြုပြီး အမျှဝေပေးပါ။ မိမိအလှူဒါနပြုလုပ်ပြီး အမျှဝေတာကို အမျှဝေတာ မသိလိုက်သူတွေ၊ နတ်ဗြဟ္မာတွေကို နတ်တွေကနေတဆင့် ပြောကြားပေးပါတယ်။ ဗုဒ္ဓအပါဒါန်ပါဠိတော်နဲ့ အဋ္ဌကထာတို့မှာ ဘုရားလောင်းစကြာမင်းကြီး အလှူဒါနပြုလုပ်ပြီး အမျှဝေတာကို နတ်တွေကတဆင့် ပြောကြား ပေးတယ်လို့ ဖော်ပြထားတာကို ထောက်ဆကြည့်ရင် မိမိအမျှဝေတာကို နတ်တွေကတဆင့် သာဓုခေါ်နိုင်မဲ့ သတ္တဝါ အားလုံးကြားသိအောင် ပြောဆိုပေးကြပါလိမ့်မယ်။

တရားနာသောအခါ ရိုသေစွာနာယူပြီး သာဓုခေါ်ဆိုမယ်ဆိုရင် အဲဒီသူဟာ ဖြစ်လေရာဘ၀တို့မှာ အာခံတွင်းမှ ကြာညိုနံ့ထွက်ခြင်းအကျိုးကို ရရှိပါတယ်။ သာဓကအနေအားဖြင့် တင်ပြပေးရမယ်ဆိုရင် မြတ်ဗုဒ္ဓလက်ထက်က သာဝတ္ထိမြို့မှာနေထိုင်တဲ့ သူဌေးသမီးရဲ့ ခင်ပွန်းတစ်ယောက်ဟာ သူ့အာခံတွင်းကနေ ကြာညိုနံ့ထွက်ခြင်း အကျိုးပေး ပါရှိလာပါတယ်။ တစ်နေ့မှာ မြတ်ဗုဒ္ဓတရားကို နာကြားရတဲ့အခါ သဒ္ဓါတရားဖြစ် သံဝေဂရပြီး ဇနီးဆီမှာ ခွင့်ပြုချက် တောင်းကာ ရဟန်းပြုသွားခဲ့တယ်။

ဒီလိုနဲ့ တစ်နေ့သောအခါမှာ ကောသလမင်းက အဲဒီရဟန်းရဲ့ ဇနီးဟောင်းကိုမြင်ပြီး ခင်ပွန်းမရှိဘူးဆိုတာနဲ့ မိဖုရားမြှောက်လိုက်ပါတယ်။ ကောသလမင်းကြီးက မိဖုရားထံ ကြာပန်းများပေးတဲ့အခါ ပြုံးပြုံးရွှင်ရွှင်ဖြစ်ပြီး ကြာပန်းကို နမ်းရှိုက်ကြည့်တော့ သူ့ခင်ပွန်းဟောင်းရဲ့ အာခံတွင်းနံ့ကို သတိရကာ ငိုပါတော့တယ်။ ဒါနဲ့ ကောသလမင်းကြီးက ဘာလို့ငိုတာလဲမေးတဲ့အခါ သူ့ခင်ပွန်းဟောင်းရဲ့ အာခံတွင်းနံ့ဟာ ကြာပန်းရနံ့ထက် မွှေးကြိုင်တာကို သတိရလို့ ငိုမိတာပါလို့ ပြန်ပြောပါတယ်။ ကောသလမင်းဟာ မိဖုရားစကား မယုံတာနဲ့ အဲဒီရဟန်းထံမှ ကြာညိုနံ့ထွက်မထွက် စမ်းသပ်ကြည့်တဲ့အခါ အမှန်တကယ်ပဲလို့ သိသွားပြီးနောက် မြတ်ဗုဒ္ဓထံ မေးမြန်းလျှောက်ထားကြည့်တယ်။ မြတ်ဗုဒ္ဓက ဒကာတော်မင်းကြီး အဲဒီရဟန်းဟာ ရှေးအတိတ်ဘဝတုန်းက တရားနာသောအခါ ရိုသေစွာနာယူပြီး သာဓုခေါ်ဆိုခဲ့တဲ့ ကောင်းမှုကံကြောင့် ယခုဘဝမှာ အာခံတွင်းက ကြာညိုနံ့သင်းရခြင်းအကျိုး ရရှိတာပါလို့ မိန့်တော်မူခဲ့ပါတယ်။ (အံ၊ဋ္ဌ၊၁၊၂၁)

ဒါကြောင့် မိမိတို့ဟာ ကိုယ်ပြုလုပ်တဲ့ကုသိုလ်ကိုလည်း သတ္တဝါအားလုံးအား အမျှဝေပေးကြရမှာဖြစ်သလို သူတစ်ပါးပေးဝေတဲ့ အမျှကုသိုလ်ကို ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုကြရပါမယ်။ ဒါမှ မြတ်ဗုဒ္ဓရဲ့ အလိုတော်ကျဖြစ်ပြီး ဗုဒ္ဓသာသနာတွင်း လူဖြစ်ရကျိုးနပ်ကာ ဗုဒ္ဓပွင့်ရကျိုးလည်း နပ်မှာပါ။ ဦးဇင်းကတော့ ညစဉ်မေတ္တာပို့၊ ပရိတ်ရွတ်၊ ဂုဏ်တော်ပွား၊ တရားမှတ်ပြီးချိန်မှာ ကိုယ်ပြုတဲ့ ကောင်းမှုမှန်သမျှကိုလည်း သတ္တဝါအား လုံးအား အမျှဝေပေးတယ်။ ပြီးရင် ဘယ်သူက ဘယ်အချိန် အမျှဝေလည်းဆိုတာ သေချာမသိရတဲ့အတွက် တစ်နေ့တာရဲ့ အများကောင်းမှုတွေ အမျှဝေပေးထားတာကိုလည်း မှန်းဆသာဓုခေါ်ဆိုလေ့ရှိပါတယ်။ ဒါကတော့ ဦးဇင်းရဲ့ ကိုယ်ပိုင်အယူအဆပါ။ စာဖတ်သူအားလုံး အသိဉာဏ်ဗဟုသုတများ တိုးပွားပြီး လိုရာပန်းတိုင်ကို အမြန် လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလျက်……။


အရှင်ကောမလ ဆန်နီနေမင်း
သာသနတက္ကသီလ ဓမ္မာစရိယ
B.A (Buddhism), M.A (သီရိလင်္ကာ)
Ph.D, Thesis (သီရိလင်္ကာ)


ဟိုလေ ..... မောင်လေးတစ်ယောက်ပါပဲ ...ဘာသာခြားးပေါ့ .... သူက သာသနာတော်နဲ့ အမျိုးသမီးတွေကိစ္စ အပြောတခြားအလုပ်တခြားဖြစ်နေသလိုဖြစ်တာဘ၀င်မကျဘူးလေ.... ဒါကြောင့်လာမေးတာနဲ့ .... ရှင်းပြထားတာလေး .... တင်ပေးလိုက်ပါတယ် ....
အမျိုးသမီးတွေကိစ္စဆိုတော့ အမျိုးသားတွေနဲ့မဆိုင်ဖူးပေါ့နော် ... ဒါကြောင့် အမျိုးသားတွေ မဖတ်ပါနဲ့လို့ ..... ( မှတ်ချက် ... ကောင်လေးများရန်လာမတွေ့ရ )

★ ★ ★ သာသနာတော်နှင့် ... အမျိုးသမီးများး ★ ★ ★ 

★ ခင်ဗျားတို့ ဗုဒ္ဓဘာသာမှာ မိန်းမတွေကို ယောက်ျားများနဲ့ တစ်တန်းထဲထားတယ် ဆိုတဲ့ သက်သေအထောက် အထားရှိရင်ပြပါ လားဗျ ။ ဘုရားက မိန်းခလေးမွေးတဲ့ မိခင်ကယောက်ျားလေးမွေးတဲ့ မိခင်ထက်နိမ့်ကျတယ်လို့ဟောခဲ့တယ်လို့ကြားဘူးပါတယ် ။
★ ★ ဟုတ်ကဲ့ ... သာဓကလေးတွေရှိပါတယ် .... အခါတပါးမှာ ပသေနဒီကောသလမင်းကြီး ဘုရားရှင်ထံရောက်နေချိန်မှာ ... မင်းချင်းတစ်ယောက်ရောက် ရှိလာပြီး မလ္လိကာမိဖုရားကြီး သမီးလေးမွေးကြောင်း သတင်းလာပို့ပါတယ် ...
ဒီသတင်းကိုကြားတဲ့အခါ ပသေနဒီကောသလမင်းကြီးဟာ ...ချက်ချင်းမျက်နှာပျက်သွားပြီး ... ရှက်စိတ်ကြောင့်ခေါင်းငိုက်စိုက်ချသွား ပါတယ် ....
ဒီအခါ ... ဘုရားရှင်က ... မင်းကြီးး သမီးကညာ ဖွားမြင်သည့်အတွက် ဘာကြောင့် စိတ်ပျက် ၀မ်းနဲသွား ရသနည်း အချို့သောယောက်ျားများသည် .... မိန်းမများထက်မြင့်မြတ်ကြသကဲ့သို့ ....
တစ်ချိ့သော မိန်းမများသည်လည်းးး ... ယောက်ျားများထက်မြင့်မြတ်ကြပေသည် .... ယောက်ျားရော မိန်းမပါ ... နှစ်ဦးစလုံးပင် လိုအပ်ပေသည် ...။
အကယ်၍ အိမ်တိုင်းအိမ်တိုင်း လူတွေဆန္ဒရှိတဲ့အတိုင်း သားကိုချည်း မွေးနေကြမည်ဆိုလျှင် လူ့အဆက် တစ်ဆက်နှစ်ဆက်မှာပင် လူတစ်ယောက်မျှကျန်တော့မည်မဟုတ်ပေ ...။
လူသားအမျိုးဇာတ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် သားမွေးဖို့ လိုအပ်ခြင်းထက် သမီးမွေးးဖို့လိုအပ်ခြင်းက ပိုသေးသည် ... သမီးမွေးခြင်းမရှိပါလျှင် အဘယ်သို့ယောက်ျားကောင်းယောက်ျားမြတ်ပေါ်လေမည်နည်း .... သမီးမွေးခြင်းမရှိပါလျှင် ..အဘယ်သို့ တထာဂတ ပေါ်မည်နည်း ... မင်းကြီး ။
သမီးကိုမွေးမြူစောင့်ရှောက်ခြင်းက သားကိုမွေးမြူစောင့်ရှောက်ခြင်းထက် ... ပိုပြီး ကမ္ဘာလောကကို အကျိုးပြုရာရောက်ပေသည် ...။
ယင်းသို့ အကျိုးပြုခွင့်ရသည်ဖြစ်၍ သင်မင်းကြီးသည် စိတ်ပျက်ခြင်း ၀မ်းနည်းခြင်း ရှက်ခြင်းမဖြစ်သင့်ပေ။ လို့ဟောကြားခဲ့ပါတယ် ....။
................................................................................................
★ ★ အခါတပါး ဗုဒ္ဓရဲ့လက်ရင်းတပည့် ရှင်အာနန္ဒာမထေရ်မြတ်ကြီးဟာ ရေခပ်နေတဲ့ မာတင်္ဂအမျိုးနွယ် (သူတောင်းစား) ဇာတ်ဝင် အမျိုးသမီးလေး တစ်ဦးရှိရာ ရေတွင်းနားကို ရောက်သွားခဲ့ပါတယ်။ ရှင်အာနန္ဒာက “သောက်ရေနည်းနည်းလောက် ပေးပါလား” လို့ တောင်းလိုက်ပါတယ်။
မိန်းကလေး ရုတ်တရက် မော့ကြည့်လိုက်မိရာ ဇာတ်မြင့်ရဟန်းတော်တစ်ပါး ဖြစ်နေတာကို တွေ့လိုက်ရတော့
“အရှင်မြတ်ဘုရား တပည့်တော်မလို မစင်ကြယ်တဲ့ ဇာတ် နိမ့်အမျိုးသမီးတစ်ဦး ဆီက ရေတောင်းပါသလား ဘုရား။ တပည့်တော်မ ကိုင်တဲ့ လက်ကရေခွက်ကို အရှင်မြတ်လက်နဲ့ထိခဲ့မိရင် အရှင်မြတ်ကိုယ်တိုင် မသန့်မရှင်းဖြစ်သွားမှာ စိုးရိမ်လို့ပါဘုရား”လို့ လျောက်တာပေါ့
ရှင်အာနန္ဒာက ကရုဏာအပြုံးနဲ့ လက်ကာပြပြီး “ငါ့နှမ ငါ သင့်ဆီက ဇာတ်ကိုတောင်းနေတာ မဟုတ်ပါဘူး ရေကိုသာတောင်းနေတာပါ။ ငါ့ရဲ့ဇာတ်မြင့်မှုက ရေတစ်ခွက်လို ရေဆာပြေအောင် မလုပ်နိုင်ပါဘူး လို့ဆိုပါတယ်။
” အရှင်မြတ်ရဲ့စကားကြောင့်ရဲတင်းစိတ်နဲ့အတူ အရှင်မြတ်ကို ရိုသေစွာ ရေကပ်လိုက် ပါတော့တယ်။မာတင်္ဂနွယ် အမျိုးနွယ် စဏ္ဍာလအမျိုးသမီးလေးဟာ ဗုဒ္ဓသာသနာအတွင်း ခိုလှုံဘို့ရောက်လာခဲ့ပါတယ်။ ဗုဒ္ဓအနေနဲ့ ရှင်အာနန္ဒာကို အကြောင်းပြုရောက်လာခဲ့တဲ့ စဏ္ဍာလအမျိုးသမီး လေးကို တပည့်မတစ်ဦး အ ဖြစ်လက်ခံပြီး အမှန်တရားကိုသိနိုင်တဲ့ ဓမ္မစက္ခု(တရားမျက်လုံး)ကို ဖွင့်ပေးလိုက် ပါတယ်။
ဒီလို ဇာတ်နိမ့်အမျိုးသမီးကို လက်ခံရမလားဆိုပြီး သာဝတ္တိဘုရင်ကြီးကောသလ ကိုယ်တိုင်နဲ့ ဗြဟ္မဏ တွေ ခတ္တိယတွေ အကြီးအကျယ် အကျေမနပ်ဖြစ်ကြလို့ ဗုဒ္ဓဆီ လာရောက်ကန့်ကွက်ပြောဆိုကြပါတယ်။ ဗုဒ္ဓက
“ပြာနဲ့ရွှေ ခြားနားတယ်ဆိုတာ ဂုဏ်လက္ခဏာ ကွဲပြားတာဖြစ်လို့ ခြားနားတာမှန်ပါတယ်။ ဒါပေမယ့် ဗြဟ္မဏနဲ့ စဏ္ဍာလကြားမှာ ဘာအမျိုးအစားမှ ကွဲပြားတာ မရှိပါဘူး။ ဗြဟ္မဏဆိုတာ သစ်ကိုင်းခြောက်နှစ်ခုပွတ်ရာက ပေါ်လာတဲ့မီးလိုအရာမျိုး မဟုတ်သလို၊ ကောင်းကင်က ဒါမှမဟုတ် လေထဲက ဆင်း သက်ကျရောက်လာတာမျိုးလဲ မဟုတ်ဘူး။
ပြီးတော့ မြေထဲက ဖေါက်ထွက်လာတာမျိုးလဲ မဟုတ်ဘူး။ စဏ္ဍာလတွေ မိခင်ဝမ်းကထွက်ရပုံမျိုး ဗြဟ္မဏတွေလည်း အတူတူဘဲ မိခင်ဝမ်းက လာရတာပါ။ လူသားအားလုံး လူ့ဘ၀ကို ရောက်လာရတဲ့ အခြေခံက အတူတူချည်းပါဘဲ။”
(လက်ရှမီ နရသူ၏ ဗုဒ္ဓ၀ါဒအနှစ်သာရ P.Lakshmi Narasu ''The Essence of Buddhism"စာအုပ်ကို အခြေပြုပါသည်။)
မိန်းမ ယောက်ျား စဏ္ဍာလကော ဗြဟ္မဏပါ လူ့လောကထဲ စ၀င်လာတဲ့ လမ်းကြောင်းခြင်းက အတူတူပါဘဲ ... ဆိုတဲ့ ဗုဒ္ဓ ရဲ့ စကားရပ်တွေက အမျိုးသမီးတွေကိုယ်တိုင်က သူတို့ကိုယ်သူတို့ အမျိုးသား တွေထက် နိမ့်ကျတယ်ဆိုတဲ့ အယူအဆနဲ့ ဥပဒေတစ်ရပ်လို အစဉ်အဆက်မပျက် ခံယူခဲ့ကြရတဲ့ ဇာတ်နိမ့်အယူတွေကို သုတ်သင်လိုက်တာဖြစ်ပါ တယ်။
ဒါ့အပြင် ရှင်အာနန္ဒာရဲ့စကားက ဇာတ်ဆိုတာ နိမ့်သည်ဖြစ်စေ မြင့်သည်ဖြစ်စေ အသွေးအသား (တစ်နည်း) သုံးဆယ့်နှစ်ကောဋ္ဌာသနဲ့ ဖွဲ့စည်းထားတဲ့ လူ့ခန္ဓာအတွက် ရေတစ်ခွက်လောက် တန်ဖိုးမရှိဘူးဆိုတာကို သွယ်ဝိုက်ပြီး သိစေခဲ့တာဖြစ်ပါတယ်။
ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန် စတဲ့ ဘိက္ခုတို့ရဲ့ သူတို့ ဆိုင်ရာ အမြင့်ဆုံးဂုဏ် အရည်အသွေးတွေ ကို ဧတဒဂ်ဘွဲ့နဲ့ အသိအမှတ်ပြုကြသလို၊
ခေမာ၊ ဓမ္မဒိန္နာ စတဲ့ ထေရီမယ် ဘိက္ခုနီတို့ရဲ့ ဂုဏ်တွေကို လည်း ဧတဒဂ်ဘွဲ့နှင်းကာ အသိအမှတ်ပြုခဲ့ကြတာ ဖြစ်ပါတယ်။ (ပါဠိလို ဧတဒဂ္ဂ = ပညာ၊ တရားဟော စသည်အမြင့်ဆုံး)
ဒါကိုကြည့်ခြင်းအားဖြင့် ဗုဒ္ဓဘာသာမှာ အမျိုးသမီးတွေကိုနှိမ့်ချမထားတာသိသာပါတယ် .....
★ ★ ကမ္ဘာမှာ ဗုဒ္ဓဘာသာတစ်ခုထဲ ကသာ အမျိုးသမီးများလက်ထပ်ပြီးတဲ့အချိန်မှာ .... နွားများတိရစ္ဆာန်များလို တံဆိပ်ရိုက် မခံရတာပါ ...ကျန်ဘာသာဝင်အားလုံးကတော့ .... ယောက်ျားနာမည်ရှေ့ မှာ ( Mrs. ) တပ်ခေါ်ရခြင်း .... လက်မှာလက်စွပ်ဝတ်ရခြင်းဆိုတဲ့ ...မည်သူ့မယားပါ ...မည်သူပိုင်ပစ္စည်းပါဆိုတာ တံဆိပ်ခတ်ခံကြရတာပါ... ( လူ့အခွင့်ရေးအော်နေ တဲ့ အမေရိကန်ကအစပေါ့ )
...........................................................................................................
★ မြန်မာနိုင်ငံမှာလဲ သိမ်ထဲကို မိန်းမ မ၀င်ရ ...ဘုရား ပေါ်ကန့်သတ်နယ်မြေတွေမှာ မိန်းမ မ၀င်ရ ရှိကြတာဘာကြောင့်လဲ ခင်ဗျားဘယ်လိုပြောပြော ... မြန်မာမှာ မိန်းမယောက်ျားကို ခွဲခြားကန့်သတ် တာ ရှိနေတယ်ဆိုတာ ခင်ဗျားသိပါတယ်..အမှန်အတိုင်းပြောပြပါ ...။
★ ★ ဗုဒ္ဓမတိုင်မီက မြန်မာနိုင်ငံမှာလဲ တစ်ခြားမျိုးနွယ်စုတွေနည်းတူ .... အမျိုးသမီးထုရဲ့ တာဝန်ဝတ္တရားတွေ ကို မီးဖိုချောင်မှာဘဲ ကန့်သတ်ခံထားခဲ့ရပါတယ်။
အမျိုးသမီးတွေမှာ တစ်စုံတစ်ခုသော ဘုရားကျောင်းအတွင်း ၀င်ခွင့်မရခဲ့သလို ဘာသာရေးဆိုင်ရာ စာအုပ်တွေကို ထိခွင့် ဖတ်ခွင့်မရခဲ့ကြပါဘူး။
ဗုဒ္ဓဘာသာထွန်းကားလာတော့လဲ ဒီလိုနိမ့်ကျတဲ့အယူအဆကြီးကိုပဲ တစ်ချို့ဆရာတော်တွေက အစ ဆုတ်ကိုင်ထားကြပါသေးတယ် .... မိန်းမဆိုတာယုတ်ညံ့တယ် ...ယောက်ျားသည် သာမြင့်မြတ်တယ် .... ဘုရားဆုပန်နိုင်တယ် ..... စသည်ဖြင့်ပေါ့ ....
★ ★ တစ်ကယ်တော့ ဘုရားဆိုတာယောက်ျားမှဖြစ်ပေမယ့် .... ယောက်ျားတွေအားလုံး ဟာ ဘုရားဖြစ်မယ့်သူတွေမဟုတ်ပါဘူး ရှင် ....
ယောက်ျားတွေဟာလဲ သူတို့ပြုခဲ့တဲ့ ကံ ကံ၏ အကျိုးကြောင့် နောင် လာမယ့်ဘ၀ါ ဘ၀တွေ မှာ ယောက်ျားသော် လဲပြန်ဖြစ်ကောင်းဖြစ်မယ် ... မိန်းမသော်လဲဖြစ်နိုင်တယ် .... အပါယ်လေးဘုံ မှာလဲ ကျရောက်နိုင်သလို ... နတ်ဘုံမှာလဲ ကျရောက်နိုင်တာပါပဲ
မိန်းမတွေကလဲဒီအတိုင်း ပါပဲ လာမယ့်ဘ၀ါ ဘ၀တွေမှာ .. .ယောက်ျားလဲဖြစ်နိုင်သလို .... ဘုရားဆုလဲပန်နိုင်တာပဲ .... နတ်ဘုံဌါနလဲရောက်နိုင်ပါတယ် ... အပါယ်လေးဘုံလဲကျနိုင်သလို .... မိန်းမလဲပြန်ဖြစ်နိုင်တာပါပဲ ....
တစ်ချို့ရဟန်းအများစုတောင်မှ ဒီသဘောအတိုင်းပါပဲ ...... ဗုဒ္ဓလက်ထက်တုန်းက လူ့အဖွဲ့အစည်းမှာဆိုရင် အမျိုးသမီးထုရဲ့ အခြေအနေဟာ အလွန်ပဲနိမ့်ကျခဲ့ပါတယ်။
★ ★ ★ ★ တစ်ခုတော့ရှိပါတယ် .... ယောက်ျားနဲ့မိန်းမဟာ ..သီလအားဖြင့် ယောက်ျားလေး ကပိုပါတယ် မြင့်မြတ်ပါတယ် ... ဒါကြောင့် ဘုရားဆုပန်ခွင့်ရတဲ့ယောက်ျားဖြစ်တာပေါ့ .... ဒါပေမယ့် ယုတ်ညံ့လို့မိန်းမဖြစ်ရတယ်ဆိုတာတော့မှားပါတယ် ... လွန်ခဲ့တဲ့ဘ၀တွေက ကုသိုလ် သီလ နဲလို့ပါ လို့ပဲပြောရမှာပါ ယုတ်ညံ့လို့မဟုတ်ရပါဘူး ...ဒါကြာင့် သီလပိုမြင့်တဲ့ယောက်ျား ကိုအိမ်ဦးနတ် လိုသဘောထားရှိခိုးရတာပါ...။
((( ဘုရားရှင်ဟောခဲ့တယ်လေ .... သံသရာမှာ မိခင်မတော်ဖူးတဲ့သူမရှိသလို ဖခင်မတော်ဖူးတဲ့ သူလဲမရှိဘူးတဲ့ ဒါဟာ အားလုံးဟာ မိန်းမလဲဖြစ်ခဲ့ကြတယ် ယောက်ျား လဲဖြစ်ခဲ့ကြတယ် လို့ပြောတာပေါ့ ... ဒါကိုယောက်ျားဖြစ်တုန်းလေး မြတ်လိုက်အုန်းမယ်ဆိုရင်တော့ သက်သက်အနိုင်ကျင့် တာပေါ့ရှင် ...။ )))
★ ★ တစ်ခြားကိုမကြည့်ပါနဲ့ .... နူးး ရဲ့ လက်ရှိမာလုဆိုတဲ့ အကောင့် အသစ်ကိုယူပြီးစာတွေ စရေးစဉ် အချိန်တုန်းကဆို .... နူးမှာ ..အကြီးမားဆုံးအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ် .... တစ်ချို့ တရားတော်တွေကို ပြန်လည်ကူးယူ တင်ပေးနေတဲ့ ယောက်ျားလေးတွေနဲ့ ရဟန်းတွေကိုယ်တိုင် ... မင်းလို ယုတ်ညံ့စာရင်းဝင် မိန်းမတစ်ယောက်က ... ဘုရားရှင် သမိုင်းတွေ တရားတော်တွေ ကိုယ်တိုင် ရေးတာ တန်လား ဖြစ်သင့်လားဆိုတဲ့ ... အမြင် အယူအဆလေးတွေ နဲ့တော်တော် တိုက်ခိုက် ခံရခဲ့ပါတယ် .... သီလရှင်တွေတောင် ..ရေးလေ့မရှိကြဘူးကိုး ....
နူးကိုယ်တိုင်ကလဲ .... ဗုဒ္ဓရဲ့တရားတော်တွေကို ... နူးဒီလိုရေးပေးနေတာကိုယ်တိုင်က ... မြင့်မြတ်တဲ့တရားတော်တွေ ... နူးကြောင့်နိမ့်ကျသွားမလားဆိုတာ ... ခံစားနေရတုန်းပါ .... အရိုးစွဲနေတဲ့ ဓလေ့ဖြစ်နေလို့ပါ ....
ဒါကြောင့် တရားတော်တွေကို တိုက်ရိုက် တင်ခြင်းကနေ အတတ်နိုင်ဆုံ ရှောင်ပါတယ် ... ဘုရားရှင်နှုတ်တော် ကဟောတဲ့တရားကို နူးကရေးပေးရင် ..တရားတော်တွေ ယုတ်ညံ့ သွားမှာကြောက်လို့ပါ...။
★ ★ ဒီတော့ သာသနာတော်က အမျိုးသမီးအမျိုးသားဆိုတာ တစ်တန်းထဲ ထားပေမယ့်လည်းး နူးတို့ မိန်းခလေးတွေကိုယ်တိုင်က .... ရှေးအယူစွဲကြီးကြောင့် နဲနဲ တွန့်နေကြတာပါ လို့ပဲပြောပါရစေ .... ဗုဒ္ဓနဲ့မဆိုင်ပါဘူး ...
((( ယောက်ျားတွေရဲ့ မိန်းမတွေကို နိုင်ချင်တဲ့ အတ္တကြောင့်လဲ အနိုင်ယူပြီးပြောတာ ခံရတာလဲ ပါတာပေါ့နော် )))
★ ★ အမျိုးသမီးးများနှင့်သိမ်
★ တချို့နယ်တွေမှာ သိမ်ထဲကို အမျိုးသမီးများ မ၀င်ရဟု ဆိုကြပါတယ် .... အမရပူရမြို့ မဟာ ဂန္ဓာရုံကျောင်းတိုက် အတွင်းက သိမ်ကြီးထဲမှာ ဒကာရော ဒကာမရော ကလေးရော ၀င်ခွင့်ပြု ပါတယ် ။
★ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဇောတိကာမဟာသိမ်တော်ကြီးအတွင်းမှာလဲ အမျိုးသမီးများ ၀င်ခွင့်ပြုပါတယ် ၂၀၀၈ ခုနှစ်က ထိုသိမ်တော်ကြီး အတွင်းမှာပဲ နိုင်ငံတကာ ထေရ၀ါဒ တက္ကသိုလ်များ အစည်းအဝေးကြီးကို ကျင်းပခဲ့ပါတယ် နိုင်ငံပေါင်း ၃၀ ကျော်က အမျိုးသား အမျိုးသမီးများစွာ တက်ရောက်ခဲ့ကြပါတယ်။
★ ဘုရားရှင် လက်ထက်တော်က ရာဇဂြိုဟ်မြို့ကြီးသည် လူဦး ၁၈ ကုဋေရှိပါတယ် ထိုမျှလောက် လူဦးရေ ထူထပ်သော ရာဇဂြိုဟ်မြို့ကြီး တစ်မြို့လုံးကို သိမ်သမုတ်ထားပြီး ထိုမြို့ကြီးသည်ပင် သိမ်မည်ပါတယ် ။ ထိုသိမ်ကြီးထဲမှာ အမျိုးသမီးတွေ အိပ်ကြသည်၊ နေကြသည်၊ ကျင့်ကြီးကျင်ငယ် အမှု ပြုကြသည်၊ ဇနီးခင်ပွန်းတို့ပြုကြသည့်အမှုတွေ ပြုကြသည်။
ထိုဘုရားလက်ထက်ကတောင် အမျိုးသမီးများ သိမ်ထဲမှ နေခွင့်ပြုသေးတယ်ဆိုရင် ဒီခေတ်မှာ သိမ်ထဲ အမျိုးသမီးများမ၀င်ရဟုသော တားမြစ်ချက်သည် ပုဂ္ဂိုလ်ရေးဆန်သော ဆက်ဆံမှုသာဖြစ်
ပါတယ်။
★ ★ ★ ★ တစ်ခုတော့ရှိပါတယ် .... သံဃာများ သိမ်အတွင်း အမှုကိစ္စဆောင် ရွက်နေချိန်မှာတော့ အမျိုးသမီး မဆိုထားနဲ့ ဘုရင်တို့ သမတတို့တောင် သိမ်နိမိတ်အတွင်း မ၀င်ရပါဘူး ။
★ ★ သို့သော် သိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲ ဖြစ်ဖြစ် ဘုရားမှာပဲဖြစ်ဖြစ် အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ ရဟန်းပဲဖြစ်စေ အကုသိုလ်စိတ်နှင့် ၀င်ရင် သွားရင်တော့ အပြစ်ရှိသလို ကောင်းတဲ့စိတ်နဲ့သွားရင်တော့ ကုသိုလ်တွေ ရမှာအမှန်ပင် ဖြစ်ပါသည်။
★ ★ ကဲ……ဒါဆိုရင် ဗုဒ္ဓ၀ါဒလွှမ်းခြုံတဲ့ မြန်မာ့လူမှုရေးဝန်းကျင်က အသိအမှတ်ပြုထားတဲ့ ကိုယ်ရနေတဲ့ လူ့အခွင့်အရေးတွေရဲ့ တန်ဖိုးကို သိကြပြီဆိုရင်တော့ ကမ္ဘာ့အမျိုး သမီးထုကြားမှာ ဗုဒ္ဓဘာသာ မြန်မာ အမျိုးသမီးဖြစ်ရတာကို ကျေနပ်ဂုဏ်ယူတဲ့ စိတ်တွေနဲ့ အတူ အမျိုး ဘာသာ သာသနာကို စောင့်ထိန်းနိုင်တဲ့ အမျိုးကောင်းသမီးများ ဖြစ်ကြလိမ့်မယ်လို့ ရည်ရွယ် မျှော်လင့် အပ်ပါတယ် ညီမလေးတို့ရယ် ....။
ချမ်းမြေ့ကြပါစေရှင်...

Facebook မှကူးယူဖော်ပြပါသည်...

 

“ပါဠိဘာသာ စကား”
••••••••••••••••••

ဘုရားရှင်လက်ထက်တော်က သာမန်လူများ ပြောဆိုကြသော
စကားရပ်သည် ပါဠိဘာသာစကားပင် ဖြစ်ပါသလား။
ယင်းဘာသာစကားကို ယခုခေတ် ဘယ်အရပ်ဒေသတွင် ပြောပါသလဲ၊
ယခုကာလ၌ ရွတ်ဖတ်နေသော ပရိတ်ပါဠိတော်များသည်
ဘုရားရှင်လက်ထက်တော်က အတိုင်းပင် ဖြစ်ပါသလား၊
ယင်းပရိတ်တော်များကို အခြားသော ထေရ၀ါဒ နိုင်ငံများက
ရဟန်းများ ရွတ်ဖတ်ပါက မြန်မာ ရဟန်းတော်များ
ရွတ်ဖတ်သည့်အတိုင်းပင် တူညီပါသလားဘုရား။
( ဦးဆွေ-အရှေ့ရန်ကင်း၊ ရန်ကုန် )

( ဖြေ )
မြတ်စွာဘုရားသည် မဇ္ဈိမဒေသ (ယခု-ဘီဟာနယ်၊
အိန္ဒိယ အရှေ့မြောက်ဒေသ) ၌
ပွင့်တော်မူသည်။ထိုအချိန်က အိန္ဒိယတပြည်လုံးတွင်
၁။ သက္ကတဘာသာ
၂။ ပြာကရိတ်ဘာသာ
၃။ မာဂဓဘာသာ တို့သည် အရပ်သုံး ဘာသာများ ဖြစ်ကြ၏။
(၁)-မှာ ထီးသုံး နန်းသုံး။
(၂)-မှာ အထက်တန်းလွှာသုံး ဖြစ်ပြီး
(၃) -မှာ လူတန်းစားအားလုံး သုံးသောဘာသာဖြစ်၍
မြတ်စွာဘုရားသည် ၄င်းအမှတ် ၃-(မာဂဓ) ဘာသာဖြင့်
အများ နားလည်အောင် ဟောပြောလေ့ရှိပါသည် ။
မြတ်စွာဘုရား၏ တရားတော်ကို စောင့်ရှောက်သော
ဝါ-တရားတော်နှင့် ကိုက်ညီသော ဘာသာဖြစ်၍
“မာဂဓဘာသာ”ကို “ပါဠိဘာသာ”-ဟု ခေါ်ပါသည်။
ထိုပါဠိဘာသာမှာ မည်သည့်အခါမှာမျှ ကွယ်ပျောက်မည်မဟုတ်
နတ်ပြည် ဗြဟ္မာ့ပြည်များမှာလည်း ထိုဘာသာကိုပင် သုံးစွဲပါသည်။
မြတ်စွာဘုရား၏ တရားဒေသနာများ ပရိတ်ပါဠိတော်ကဲ့သို့သော
သုတ်တော်များမှာ မာဂဓဘာသာ (ပါဠိဘာသာ)ဖြင့်သာ
မြတ်စွာဘုရား ဟောကြားတော်မူခဲ့၍ အခြားဘာသာဖြင့်
ပြန်ဆိုထားလျှင် ကြာရှည်လည်း မတည်နိုင်။
မြတ်စွာဘုရား၏ အလိုတော် ၀ါ-အနက်အဓိပ္ပါယ်ကိုလည်း
မထိမိနိုင်၊ ပါဠိဘာသာမှသာလျှင် အလိုတော်နှင့် ကိုက်ညီ ထိမိနိုင်သည်။
ထေရ၀ါဒနိုင်ငံတိုင်းပင် ဤပါဠိဘာသာကိုသာ သုံးပါသည်။
ပါဠိဘာသာတတ်လျှင် အတူတကွ ပြောဆိုနှီးနှောနိုင်သည်။
ဒေသသံမျှသာ ကွာခြား၍ အများအားဖြင့် တူညီပါသည်။

-【ဆရာတော်ရဝေထွန်း (အရှင်တိလောကသာရ)】

Dhamma Dãna Source ►

www.facebook.com/youngbuddhistassociation.mm



မိဘ ၀တ္တရား ၅ ပါး

မကောင်းမြစ်တာ
ကောင်းရာညွှန်လတ်
အတတ်သင်စေ
ပေးဝေနှီးရင်း
ထိမ်းမြားခြင်းလျှင်
ဝတ်ငါးအင် ဖခင်မယ်တို့တာ။


(၁) မကောင်းမှုမှတားမြစ်ခြင်း၊
(၂) ကောင်းမှု၌ သက်ဝင်စေခြင်း၊
(၃) အတတ်ပညာကို သင်စေခြင်း၊
(၄) လျှောက်ပတ်သော သူနှင့်ထိန်းများလက်ထပ်ပေးခြင်း၊
(၅) လျှောက်ပတ်သော အချိန်၌ အမွေဥစ္စာကို အပ်နှင်းပေးခြင်း။

သားသမီး ၀တ္တရား ၅ ပါး

ကျွေးမွေးမပျက်
ဆောင်ရွက်စီမံ
မွေခံထိုက်စေ
လှူမျှဝေ၍
စောင့်လေမျိုး နွယ်
ဝတ်ငါးသွယ်
ကျင့်ဖွယ်သား/သမီး တို့တာ

ဖ၀ါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ် လူဖြစ်အောင် ကျွေးမွေးပြုစုခဲ့တဲ့ အမေ အဖေတို့ အိုမင်းမစွမ်း ရှိလာရင် တုန့်လှည့်တစ်ဖန် ကျွေးမွေးစောင့် ရှောက်ရမယ့်တာဝန်က သားသမီးတွေအပေါ်မှာ ရှိပါတယ်။မိဘရဲ့ လက်ငုတ် လက်ရင်းလုပ်ငန်းတွေ လုပ်ကိုင်ဖို့၊ မိဘတွေရဲ့ လုပ်ငန်းတွေကို စီမံခန့်ခွဲ လုပ်ကိုင်ဖို့ ၀တ္တရားအပြင်၊ မွေခံထိုက်စေဆိုတာက ကောင်းမွေ ဆိုးမွေ နှစ်ခု စလုံးကို တာဝန်ယူကြရမှာ ဓမ္မတာပါ။ အထူးသဖြင့် ဥစ္စာဓနအမွေထက် ကိုယ်ကျင့်တရားအမွေ၊ ဘာသာတရားအမွေတို့ကိုပါ ဆက်လက် တာဝန်ယူ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။


လင် ကျင့်ဝတ် ၅ ပါး

မထီမဲ့ကင်း
အပ်နှင်းဥစ္စာ
မိစ္ဆာမမှား
ဝတ်စားဆင်ယင်
မြတ်နိုးကြင်
ငါးအင် လင်ကျင့်ရာ။

(၁) ဇနီးမယားအား မထီလေးစား မပြုခြင်း၊
(၂) ဇနီးမယားအား ရှာဖွေရသမျှ ဥစ္စာများကို အပ်နှံခြင်၊
(၃) မိမိ ဇနီးမယားမှ တစ်ပါး အခြားမိန်းမများနှင့် ဖောက်ပြား ကျူးလွန်မှု မရှိခြင်း၊
(၄) ဇနီးမယားအား အခါအားလျော်စွာ အ၀တ်အစားအသစ်အဆန်းများ ဆင်ယင်ပေးခြင်း၊
(၅) ဇနီးမယားအား မြတ်နိုးကြင်နာစွာ ဆက်ဆံခြင်း။


မယား ကျင့်ဝတ် ၅ ပါး

အိမ်တွင်းမှုလုပ်
သိမ်းထုပ်သေချာ
မိစ္ဆာကြဉ်ရှောင်
လျော်အောင်ဖြန့်ချိ
ပျင်းရိမမူ
ဝတ်ငါးဆူ အိမ်သူ ကျင့်အပ်စွာ။

(၁) အိမ်မှုကိစ္စများကို အဆင်ပြေစေရန် စီမံခန့် ခွဲ ပြုလုပ်ခြင်း၊
(၂) မိမိလင်ယောက်ျား အပ်နှံလာသော ဥစ္စာများကို စနစ်တကျ သိမ်းဆည်း ထိန်းသိမ်းခြင်း၊
(၃) မိမိယောက်ျားမှ တစ်ပါး အခြားသော ယောက်ျားတို့နှင့် ကာမအမှု ကိစ္စတွင် ဖောက်ပြန်မှု မရှိခြင်း၊
(၄) မိမိဘက်မှဆွေမျိုး ၊ လင်သားဘက်မှ ဆွေမျိုးတို့၌ မျှမျှ တတ ပေးကမ်းရခြင်း၊
(၅) လုပ်ငန်းကိစ္စ အ၀၀၌ ပျင်းရိခြင်းကင်း၍ ကျွမ်းကျင်ရခြင်း။


ဆရာ ၀တ္တရား ၅ ပါး

အတတ်လည်း သင်
ပဲ့ပြင်ဆုံးမ
သိပ္ပမချန်
ဘေးရန်ဆီးကာ
သင့်ရာအပ်ဖို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ


ဆရာကလည်း တပည့်အပေါ် ဆုံးမစရာရှိတာ ဆုံးမပဲ့ပြင်သလို၊ လိုအပ် တဲ့ခရီးရောက်ဖို့ ခြောက်တစ်ခါ ချော့တစ်ဖုံ၊ ထန်သင့်ရင် ထန်၊ မာန်သင့်ရင် မာန်၊ အပျော့ဆွဲသင့်ရင် အပျော့ဆွဲပြီး လိုရာပန်းတိုင်ရောက်အောင် ကျွမ်းကျင် လိမ္မာစွာ ပဲ့ပြင်တတ်ဖို့ လိုပါတယ်။ အဆွေခင်ပွန်းကောင်းထံမှာ အပ်နှံပေးရမှာ ဖြစ်သလို၊ သင်ကြားစရာမှန်သမျှ ဆရာစားမချန် လိုအပ်သလောက် သင်ကြား ပေးရမှာပါ။
နောက်ဆုံးအရွယ်ရောက်လာရင်လည်း အလုပ်အကိုင် ရှာဖွေပေး တာ၊ စားဝတ်နေရေး သမ္မာအာဇီဝနဲ့ ရပ်တည်နိုင်အောင် ဘ၀တစ်သက်တာ စိတ်ချယုံကြည်ရသည်အထိ စောင့်ရှောက်ပေးရမယ့် တာဝန်ဝတ္တရားရှိပါတယ်။



တပည့် ၀တ္တရား ၅ ပါး

လာမူကြိုဆီး
ထံနှီလုပ်ကျွေး
သင်ထွေးအံရွတ်
တပည့်ဝတ် မချွတ်ငါးခု သာ


တပည့်ဖြစ်သူက ဆရာ၏စကားကို မြေ၀ယ်မကျ မှတ်သား၊ နားထောင် ရိုသေလေးစားပြီး၊ ဆရာ၏ အမှုကိစ္စ မှန်သမျှ လိုအပ်သလို ပြုစုစောင့်ရှောက် ပေးရမှာဖြစ်သလို၊ အတတ်ပညာကိုလည်း ရိုသေလေးစားစွာ သင်ကြား လေ့ကျက်ကြရပါမယ်။



အင်္ဂုလိမာလသုတ် ရွတ်ဖတ်ရခြင်း အကျိုးတရား

မီးအဖွားရခက်နေသော ကိုယ်ဝန်ဆောင် မိခင်လောင်းတို့အား သားဖွားရလွယ် ကူစေသည်။ ဤပရိတ်ရေကို တိုက်ပေးနိုင်သည်။ ဖွားခါနီးမှ ရွတ်ဖတ်သည်ထက် နေ့စေ့ လစေ့ ဖွားခါနီးလာလျှင် မပြတ် ရွတ်ဖတ်ပေးသင့်သည်။ တိရစ္ဆာန်မများ မွေးဖွားရလွယ်အောင်လည်း ဤပရိတ်ဖြင့်ပင် ကူညီနိုင်ပေသည်။

၁။ ပရိတ္တံ ယံ ဘဏန္တဿ၊ နိသိန္နဋ္ဌာနဓောဝနံ။
ဥဒကမ္ပိ ဝိနာသေတိ၊ သဗ္ဗမေဝ ပရိဿယံ။


၁။ ဤအင်္ဂုလိမာလ ပရိတ်တော်ကို ရွတ်ဖတ်သော မထေရ်မြတ်တို့၏ ထိုင်သည့် နေရာကို ဆေးကြောသည့်ရေသည်ပင်လျှင် ဘေးရန်ဟူသမျှကို ပြောက်ကင်း စေတတ်၏။

၂။ သောတ္ထိနာ ဂဗ္ဘဝုဋ္ဌာနံ၊ ယဉ္စ သာဓေတိ တင်္ခဏေ။
ထေရဿ'င်္ဂုလိမာလဿ၊ လောကနာထေန ဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၂။ အင်္ဂုလိမာလ ပရိတ်တော်သည် ကိုယ်ဝန်သားကို ချမ်းသာလွယ်ကူစွာ ချက်ချင်း ဖွားစေနိုင်သောအစွမ်းရှိ၏၊ အင်္ဂုလိမာလအမည်ရှိသော မထေရ် အတွက် မြတ်စွာဘုရား ဟောကြားတော်မူသော ပရိတ်တော်ဖြစ်၏၊ အာယုကပ် ပတ်လုံးတည်၏၊ တန်ခိုးလည်း အလွန်ကြီး၏၊ ထိုပရိတ်တော်ကို ယခုအခါ ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါစို့။

၃။ ယတော'ဟံ ဘဂိနိ အရိယာယ ဇာတိယာ ဇာတော။
နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ။
တေန သစ္စေန သောတ္ထိ တေ ဟောတု သောတ္ထိ ဂဗ္ဘဿ။


၃။ ''အို-နှမ ငါသည် အရိယာဇာတ် ရဟန်းမြတ်ဖြစ်သောအခါမှစ၍ သေစေလို သော စေတနာဖြင့် သတ္တဝါ တစ်ကောင်ကောင်ကို သတ်ဖူးသည်ဟုငါမသိပေ'' ထိုသို့မှန်သော သစ္စာစကားကြောင့် သင့်အားချမ်းသာပါစေ၊ ကိုယ်ဝန်သား လည်း ချမ်းသာပါစေ။

အဂုၤလိမာလသုတံၱ နိ
႒ိတံ ။ အဂုင်္လိမာလသုတ် မြန်မာပြန် ပြီး၏။


သီတင်းကျွတ်လသည် မြန်မာလ ၁၂ လတွင် သတ္တမ မြောက် လဖြစ်ပြီး ရဟန်းသံဃာတော်တို့ မိုးရာသီခိုအောင်းရာ ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည်။  ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီ နက္ခတ်နှင့် လမင်းတို့ စန်းယှဉ်ကာ မွန်းတည့်ကြသည်။ ဤရာသီ၏ ပန်းမှာ ကြာဖြူပန်း (Nymphaea  Lotus) ဖြစ်ပါသည်။

          သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သံတူလ´ ဟု ရေးထိုးကြသည်။  ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသော မိုးကာလဟုလည်းကောင်း၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသော စပါးပင်များ သန်စွမ်းစွ ထောင်မတ်သော လဟုလည်းကောင်း  ဖွင့်ဆိုကြပါသည်။ မြန်မာတို့၏ ၁၂ လ ရာသီပွဲတော်များတွင် သီတင်းကျွတ်လတွင် မီးထွန်းပွဲ ခေါ် ဆီမီးမြင်းမိုရ်ပွဲကို ကျင်းပကြပါသည်။

          ဆီမီးမြင်းမိုရ်ပွဲကို ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကတည်းက ကျင်းပခဲ့သည်ဟု ဆိုလျှင် ဆိုနိုင်ပါသည်။ မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ကဏ္ဍမ္ဗသရက်ဖြူပင်အနီး၌ ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာကို ပြတော်မူပြီးနောက် သတ္တမမြောက်ဝါတွင်း သီတင်းသုံးရန်အတွက် တာဝတိံသာ နတ်ပြည်သို့ နှစ်လှမ်း သုံးဖ၀ါးဖြင့် ကြွတော်မူပါသည်။ နှစ်လှမ်းသုံးဖ၀ါးဖြစ်ပုံမှာ လူ့ပြည်တွင် ဖ၀ါးတစ်ဖက်ကို နင်းလျက် ယုဂန္ဓိုရ်တောင်ထိပ်သို့ နောက်ဖ၀ါးတစ်ဖက်ကို လှမ်းချလိုက်ပါသည်။ ယုဂန္ဓိုရ်တောင်ထိပ်တွင် ထိုဖ၀ါးကို ချနင်းလျက် နောက်ခြေတော်တစ်ဖက်ဖြင့် တာဝတိံသာ နတ်ပြည်သို့ လှမ်းကြွချနင်းလိုက်ပါသည်။ ဤသို့လျှင် ဖ၀ါးချတော်မူရာ သုံးနေရာနှင့် ခြေတော်နှစ်လှမ်း လှမ်းသည်ကို နှစ်လှမ်းသုံးဖ၀ါး ကြွတော်မူသည်ဟု ဆိုပါသည်။

          တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက် ၀ယ် နေမင်းကဲ့သို့ တင့်တယ်စွာ စံနေတော်မူလျက်မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သား အမှုးထား၍ စကြ၀ဠာတိုက် တစ်သောင်းမှ တရားနာလာရောက်ကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မ တရားတော်မြတ်ကို ဟောကြားတော်မူပါသည်။ ဤသည်ကို ရည်၍ -

``မယ်တော်မိနတ်၊ ကျေးဇူးဆပ်၊ ဟောလတ်ဘိဓမ္မာ´´
ဟု ရှေးဆရာမြတ်တို့ ပြောဆို ရေးသားကြပါသည်။ ၀ါတွင်းသုံးလတိုင် ဟောကြားတော်မူပြီးနောက် သီတင်းကျွတ် လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာအပေါင်းခြံရံလျက် သိကြားမင်းဖန်ဆင်း ပူဇော်သော ရွှေစောင်းတန်း၊ ပတ္တမြားစောင်းတန်း၊ ငွေစောင်းတန်းသုံးသွယ်တွင် သိကြားလက်ယာ ဗြဟ္မာလက်ဝဲ ထားလျက် အလယ် ပတ္တမြားစောင်းတန်းဖြင့် သင်္ကဿနဂိုရ်ပြည်သို့  ပြန်လည်ဆင်းသက်တော်မူသည်ဟု ဗုဒ္ဓဘာသာအဋ္ဌကထာစာပေများတွင် ဆိုကြပါသည်။
 
          ထိုနေ့ညတွင် ဘုရားရှင်နှင့် သုံးလတိုင် ခွဲနေကြရသော ဒကာဒကာမတို့မှာ ဘုရားရှင် တာဝတိံသာ နတ်ပြည်မှ ပြန်လည်ကြွရောက်တော်မူလာခြင်းကို မီးရှူး မီးတိုင်များ၊ မီးပန်းများ၊ ဆီမီးများဖြင့် ပူဇော်ကြိုဆိုကြပါ သည်။ ဤဖြစ်စဉ်ကို အကြောင်းပြုလျက် သီတင်းကျွတ် မီးထွန်းပွဲတော် စတင်ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။
 
          အဘိဓမ္မတရား ဟောကြားတော်မူခြင်းနှင့် စပ်၍  မှတ်သားရပြန်သည်မှာ -
ဝါဆိုလပြည့်ကျော် (၁) ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ အထိ ရက်ပေါင်း (၉၀)၊ ၀ါတွင်း (၃) လ - အတွင်း

၁။ ဓမ္မသင်္ဂဏီကျမ်း ကို (၁၂) ရက်
၂။ ၀ိဘင်းကျမ်းကို (၁၂) ရက်
၃။ ဓာတုကထာကျမ်းကို (၆) ရက်
၎။ ပုဂ္ဂလပညတ်ကျမ်းကို (၇) ရက်
၅။ ကထာဝတ္ထုကျမ်းကို (၈) ရက်
၆။ ယမိုက်ကျမ်းကို (၂၀) ရက်
၇။ ပဋ္ဌာန်းကျမ်းကို (၂၅) ရက် ဟောတော်မူခဲ့ကြောင်း သိရှိရပါသည်။

          ထိုအဘိဓမ္မာတရား ဒေသနာတော်ကို အတိဝိတ္ထာရ၊ အတိသင်္ခေပ၊ နာတိဝိတ္ထာရ နာတိသင်္ခေပဟူ၍ နည်း (၃) နည်း ဖြင့် ဟောကြားခဲ့ပါသည်။


(၁) အတိဝိတ္ထာရ ဒေသနာ (အကျယ်နည်း)

          ဤနည်းဖြင့် တာဝတိံသာနတ်ပြည်တွင် နတ်ဗြဟ္မာတို့အား ဟောကြားတော်မူပါသည်။ မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တစ်ထိုင်တည်း ဟောကြားလိုခြင်း၊ အစ အဆုံး တစ်ထိုင်တည်းဟောမှသာ တရားနာသူတို့ အကျိုးထူးရနိုင်ခြင်း၊ အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့်အတွက် လူတို့၏ ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်းတို့ကြောင့် ဤအဘိဓမ္မာအကျယ်နည်းကို တာဝတိံ သာနတ်ပြည်၌ ဟောရခြင်းဖြစ်ပါသည်။


(၂) အတိသင်္ခေပဒေသနာ (အကျဉ်းနည်း)

          ဤနည်းဖြင့် ပညာအရာတွင် ဘုရားရှင်မှလွဲ၍ အသာလွန်ဆုံး ဧတဒဂ်ဘွဲ့ထူး ရတော်မူသည့် အရှင်သာရိပုတ္တရာကို ဟောတော်မူပါသည်။ မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုးသန့်စင်ခြင်း စသည် ပြုလုပ်ရပါသည်။ ဤကိစ္စများ ဆောင်ရွက်ရန်အတွက် နိမ္မိတ ရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး တာဝတိံသာတွင် အဘိဓမ္မတရားကို ဆက်လက်ဟောကြားစေလျက် ဘုရားရှင်ကမူ လူ့ပြည်သို့ ကြွတော်မူကာ မြောက်ကျွန်းတွင် ဆွမ်းခံဘုဉ်းပေး၍ ဟိမ၀န္တာစန္ဒကူးတော ၌ နေ့အခါ နေတော်မူပါသည်။ အရှင်သာရိပုတ္တရာက မြတ်စွာဘုရားအား ထိုနေရာတွင် လာရောက် တွေ့ဆုံ ဖူးမြော်လျက် ၀တ်ကြီးဝတ်ငယ် ပြုသည့်အခါ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား အဘိဓမ္မာ တရားကို အကျဉ်းချုပ်နည်းဖြင့် ဟောတော်မူပါသည်။


(၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ (မကျဉ်းမကျယ်နည်း)
 
          မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ်နည်းဖြင့် ပြန်လည် ဟောတော်မူပါသည်။ နောက်တနေ့တွင် အရှင်သာရိပုတ္တရာက တပည့်ရဟန်း ငါးရာကို ဟောကြားသော အဘိဓမ္မာ ဒေသနာတော်အား မြတ်စွာဘုရားထံမှောက်၌ ပြန်လည်လျှောက်ထား အစစ်ဆေးခံရာ မြတ်စွာဘုရားက လက်ခံအတည်ပြုတော်မူခဲ့ပါသည်။

          ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် ဘုရားဖြစ်ပြီးနောက် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု ၀ါဆိုလပြည့်ကျော် (၁)ရက် မှ သီတင်းကျွတ်လပြည့်နေ့အထိ (၃)လအတွင်း နည်း(၃)နည်းဖြင့် လူ့ပြည်၊ နတ်ပြည် တပြိုင်တည်း ပေါ်ထွန်းခဲ့ပါသည်။
          အခြားသော သုတ္တန် ၀ိနည်း တရားတော်များထက် သာလွန် ထူးမြတ်သည့် တရားဖြစ်သောကြောင့် အဘိဓမ္မတရားဟု ခေါ်သည်။ သာမန်ဥာဏ်ရှိသူများအတွက် အဘိဓမ္မာတရားသည် သမုဒ္ဒရာရေကို ခြင်ကောင်၏ နှုတ်သီးဖြင့် ထောက်သကဲ့သို့ မမီနိုင်အောင် နက်နဲလှသည်။ ဘုရားဖြစ်ခါစက ရတနာဃရ ရွှေအိမ်တော်ဝယ် အခြားသော တရားတော်များကို ဆင်ခြင်သည့်အခါ ထူးခြားမှုတစုံတရာ မဖြစ်ခဲ့ပေ။ အကောင်ကြီးသည့် ငါးကြီးများ ရေတိမ်တွင် ကူးခတ်ရသည့်အခါ မလွတ်မလပ်ဖြင့် ကျဉ်းကြပ်နေရာမှ သမုဒ္ဒရာ ရေနက်ရာသို့ ရောက်သည့်အခါ စိတ်တိုင်းကျ လွတ်လပ်စွာ ကူးလူးပျော်မြူးရသကဲ့သို့ အဘိဓမ္မာတရားကို ဆင်ခြင်သည့်အခါ နက်ရှိုင်းလှသည့် သဗ္ဗညုတ ဥာဏ်တော်ဖြင့် နက်နဲလှသည့် တရားကို စိတ်တိုင်းကျ ဆင်ခြင်လိုက်ရသည့်အတွက် စိတ်တော်မှာ ကြည်လင် ရွှင်လန်းတော်မူခဲ့ရသည်။ စိတ်တော်ကြည်သဖြင့် ကိုယ်ရေအဆင်းလဲ ကြည်လင်လာသည်။ ကိုယ်ရေအဆင်း ကြည်လင်လာရာမှ ကိုယ်တော်၏ နေရာစုံမှ ရောင်ခြည်တော်များ ကွန့်မြူးလာတော်မူခဲ့ရပါသည်။


          ဤကဲ့သို့ ထူးမြတ်သည့် တရားတော်ကြီးကို တာဝတိံသာနတ်ပြည်တွင် ဟောတော်မူပြီးသည့်အဆုံး၌ လူ့ပြည်သို့ ပြန်လည်ကြွဆင်းတော်မူသည့်နေ့ကို အကြောင်းပြု၍ အဘိဓမ္မအခါတော်နေ့အဖြစ် သတ်မှတ်ခြင်းဖြစ်ပြီး ဘုရားရှင်နှင့် အထူးမြတ်ဆုံး တရားကို ပူဇော်သည့်အနေဖြင့် ဆီမီးမြင်းမိုရ်ပွဲများ ကျင်းပပူဇော်ခဲ့ကြခြင်း ဖြစ်ပါသည်။

ကိုးကား…


ရနောင်းဘလောခ့်

ဓါတ်ပုံ - ဒီဇိုင်နာ နဂါး

ဗုဒ္ဓက ဘာလို့ ရှေးဘဝ နောက်ဘဝ ယုံခိုင်းသလဲ

ေေ

အောင်ခမ်း (ရိုးရာလေး)

စာရေးသူမှာ ဥရောပသား မိတ်ဆွေ ရှိပါတယ်။ သူတို့လည်း လူငယ်တွေ ဖြစ်ကြပြီး ဘာသာရေး အကြောင်း ပြောဖြစ်တဲ့ အခါ သူတို့ဟာ ဘယ်ဘာသာကိုမှ မကိုးကွယ်ကြောင်း သိရတော့ အင်မတန် အံ့သြ မိပါတယ်။ ဒါက သက်သက်ပါ။ ဗုဒ္ဓ ဘာသာနဲ့ ပက်သက်ပြီး ပြောဆိုမိတာ ကတော့ ရှေးဘဝ နောက်ဘဝ အကြောင်း ဖြစ်ပါတယ်။ သူ့ အနေနဲ့ ရှေး ဘဝ (Past Existence of life) နဲ့ နောင်လာမယ့် ဘဝ (Future Life) အပေါ်မှာ အယုံအကြည် မရှိပါဘူးတဲ့။ လက်ရှိ ဆင်းရဲနေသူတွေ အင်မတန် ဆင်းရဲပြီး ဒါဟာ ရှေးဘဝ အကုသိုလ်ကြောင့်၊ ချမ်းသာတဲ့ သူတွေ ကျပြန်တော့လဲ ဒါက ရှေးဘဝ ကုသိုလ် ကောင်းမှုကြောင့်လို့ ပြောနေကြတာ လုံးဝ မတရား ပါဘူးတဲ့။ သူဒါကို လုံးဝ လက်မခံ ပါဘူးတဲ့။ ဒါနဲ့ စာရေးသူလည်း တတ်နိုင်သလောက် ရှင်းပြ ပေးတော့ သူလည်း လက်ခံ သွား ပါတယ်။ စာဖတ်သူ တို့ကို ပြန်လည် မျှဝေ ပေးရမယ် ဆိုရင်တော့ …

ရှေးဘဝ ဘာကြောင့် ယုံသင့်သလဲ

ကျနော်တို့ မွေးဖွားလာတယ်။ ကြီးပြင်းလာတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့ အခါ ချမ်းသာတွေ၊ ကြွယ်ဝ သူတွေ လုပ်ငန်း ကိုင်ငန်း အဆင်ပြေသူတွေ များစွာ ရှိတာကို မြင်တွေ့ ရမှာပါ။ တစ်ဖက်မှာလည်း ဆင်းရဲ သူတွေ၊ အနာရောဂါ ထူပြားသူတွေ များစွာ ရှိပါတယ်။ ကိုယ်တိုင် ကို ပြန်ကြည့်ကျတော့လဲ အဖြေက တစ်မျိုးပေါ့။ ဒီတော့ ဆင်းရဲသူတွေက ချမ်းသာသူတွေကို ကြည့်ပြီးတော့ မုဒိတာ မပွားနိုင်ပဲ မနာလို အူတို ဖြစ်ရင်ဖြစ်မယ် မဖြစ်ရင် မဖြစ်ဘူး။ သို့ပေမယ့် ကြိမ်းသေ ဖြစ်မှာက မိမိကိုယ်ကို ပြန်လည် နှိပ်စက် ညဉ်းဆဲတဲ့ (Self Insulting) ကတော့ ကြိမ်းသေ ဖြစ်ပါတယ်။ သူဟာ ဒေါသ (Anger) စိတ်၊ အမုန်းစိတ် (Hatred) မွေးဖွား စေပြီး နောက်ဆက်တွဲ အနေနဲ့ ကိုယ်တိုင် ထိခိုက်တာတင် မကပဲတော့ ပတ်ဝန်းကျင်က အခြား သူတစ်ပါး တွေအပေါ် သက်ရောက် ပါတော့တယ်။ အလွယ် အားဖြင့် ကြည့်ရင် ခိုးမယ်။ သတ်မယ်။ လုယက်မယ်၊ နောက်ဆုံး ဖြစ်လာ မှာ ကတော့ ကမ္ဘာ ပျက်တဲ့ အချိန်ပါပဲ။

ဒီတော့ မြတ်စွာ ဘုရားက ဟောပါတယ်။ ဒါဟာ ရှေးဘဝ အကုသိုလ် ကံတွေ အကျိုးပေးနေခြင်း ကြောင့်ပါတဲ့။ ယင်း အကုသိုလ်က သံသရာ တစ်လျှောက် (Cycle of Rebirth) မှာ ကျင်လည် (repeat) ဖြစ်နေသေး သရွေ့ ကတော့ ခံနေရမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ကောင်းမှုတွေနဲ့ ပြန် အစားထိုး ကြိုးစားရင်၊ တရား ဓမ္မ ကျင့်ကြံရင် လွတ်မြောက်မယ်လို့ ဆိုခဲ့ ပါတယ်။ ဒီတော့ ဘုရားဟော တရားကို လက်ခံပြီး ကျင့်ကြံ သူတို့ဟာ လက်ရှိမှာ ဘယ်လောက်ပဲ ဆင်းရဲ ဆင်းရဲ၊ ဒုက္ခ ဘယ်လောက်ပဲ ရောက်ရောက်၊ အဆိုးဆုံး အနေနဲ့ ပတ်ဝန်းကျင်က ဖယ်ခွာ ခံရရင်တောင် ဒါဟာ ငါပြုတဲ့ ရှေးဘဝ အကုသိုလ် ကံကြောင့် ပါလားလို့ သံဝေဂဥာဏ်ကို တည်စေ ပါတယ်။ တစ်နည်းအားဖြင့် ယောနိသော မနသိ ကာယ လို့ခေါ်တဲ့ Positive Point of View and Thinking ( အကောင်းဘက်မှ ရှုခြင်း၊ မြင်ခြင်း) ဆိုတဲ့ စိတ်ကို ပေါ်ပေါက် စေပါတယ်။ ဒီတော့ ဒေါသ ဖြစ်မယ့် အစား ဒေါသ ကို ဖြေမယ့် စိတ်တွေ ဖြစ်လာ တာကြောင့် ကောင်းမှု မပြု ရင်တောင် သေချာတာကတော့ သူ မကောင်းမှု မပြုတော့ဘူး။ ပြုရင်တောင်မှ သတိ လက်လွတ်မှပဲ ပြုလုပ်လိမ့်မယ်။ သတိ တစ်ခု ပြန်ယှဉ်တဲ့ အခါ သူ သတိထား သွားလိမ့်မယ်။ အားလုံးသာ ရှေးဘဝကို ယုံပြီး Positive Point of View and Thinking ကို အမြဲတော့ remind လုပ်နိုင်မယ် ဆိုရင် ကမ္ဘာက အမြဲအေးချမ်းမှာပါပဲ။ ဒီအချက်က ရှေးဘဝကို ယုံသင့်ကြောင်း ထဲမှာ အသေးစိတ် မျှသော တစ်ချက်သာ ဖြစ်ပါတယ်။ ဒီထက် နက်နဲတာ ကတော့ စာဖတ်သူတို့ ကိုယ်တိုင် နောက်မှ လေ့လာ နိုင်ပါတယ်။

နောင်ဘဝ ယုံသင့်ကြောင်း

လူသေလူဖြစ် ထက် လူသေ ဘာမှ မဖြစ် (End of life) ကို ယုံကြည်သူ များစွာ ရှိပါတယ်။ ယင်းသို့ ယုံကြည်သူ အများစုမှာ တွေ့ရှိရတဲ့ ပြသနာက Action and Reaction အပေါ် လက်ခံမှု နည်းပါး သွားခြင်း ဖြစ်ပါ တယ်။ ပြုလုပ် လိုက်တဲ့ ကောင်းတဲ့ အလုပ်၊ မကောင်းတဲ့ အလုပ် တိုင်းမှာ တူညီတဲ့ သက်ရောက်မှု ကို ပြန်လည် ခံစား (Suffer) ရမယ် လို့ မြတ်စွာ ဘုရားက ဟောကြားခဲ့ ပါတယ်။ ဒါကတော့ ငြင်းစရာ မလိုလောက်အောင် သွေးထွက် လောက်အောင် မှန်တာကို အများစု လက်ခံ ကြပါတယ်။ ကိုယ့်မျက်စိ ရှေ့မှာ ကောင်းမှု လုပ်သူတွေကို မြင်တွေ့ ရပြီး သူတို့လေးတွေ ဆက်ပြီးတော့ ကောင်းတဲ့ ကံတွေ၊ အခြေအနေတွေ ကြုံတွေ့ နေရတာကို အားလုံး မြင်ကြ မှာပါ။ ကိုယ်တိုင်လည်း ကြုံပါလိမ့်မယ်။ ဒါဆို မကောင်းတဲ့ အမှုကိစ္စ ဘက်ကို လှည့်ရအောင်။ ကိုယ်ကိုယ်တိုင် ကနေ စကြည့်မယ်။ မကောင်းမှု တစ်ခု ပြုလုပ်ခဲ့တယ် ဆိုပါစို့။ ပြုသူ ကျန်ုပ်တို့ရဲ့ စိတ်အသွင် သဏ္ဍာန် ထဲမှာ ကိန်းအောင်း နေတတ်ပြီး မရှုတတ်ရင် မသေမချင်း အချိန်အထိ စိတ်ကို နှိပ်စက် နေပါလိမ့်မယ်။ ဒါက အလွယ်ဆုံး ရှင်းပြ မူပါ။ မကောင်းမှုတွေ ကြီးကြီး မားမား လုပ်လို့ မကောင်းတဲ့ အပြစ်ကို ချက်ချင်း လက်ငင်း ပြန်ခံ ရတာတွေကလည်း သာဓကတွေ မနည်း ပါဘူး။

သို့ပေမယ့် အချို့ကျတော့လည်း အဆန်း။ အခု အပြစ်လုပ်တယ်။ စိတ်ကောင်း မထားဘူး။ မဟုတ်တာ လုပ်တယ်။ ပတ်ဝန်းကျင် နဲ့ သူတစ်ပါးကို နှိပ်စက် ညဉ်းဆဲတယ်။ ဘာမှ ဆိုးကျိုး မခံးစားရတဲ့ အပြင်၊ လက်ရှိမှာ ဆက်ပြီးတော့တောင် ကောင်းစား နေပါသေးတယ်။ အဲ့လို လူတွေလည်း အများကြီးပါ။ ဒါဟာ ရှေးဘဝ ကောင်းမှုတွေရဲ့ အကျိုးကို ခံစားဖို့ အခါ အခွင့် သင့်နေသေးလို့ ဖြစ်ပြီးအဲဒီ မကောင်းမှု ကံကို ကြုံဖို့ အခါအခွင့် မသင့် သေးလို့ ဖြစ်ကြောင်း မြတ်စွာ ဘုရားက အဘိဓမ္မာမှာ တိတိ ကျကျ ဟောကြားခဲ့ ပါတယ်။ ဒီတော့ ဒီတစ် ဘဝ မကြုံရင်နောင် နောင် ဘဝ သံသရာ အဆက်ဆက်မှာ ဒီအတွက် အကြွေး ဆပ်ရမယ်.။ ဝဋ်လည် ရမယ်လို့ ကြိမ်းသေ ဟောခဲ့ ပြန်ပါတယ်။ ဒါကို သိပြီး ဥာဏ်ဖြင့် ရှုမြင်တဲ့ သူတွေရဲ့ စိတ်သဏ္ဍာန် ထဲမှာ ယောနိသော မနသိကာရ လို့ခေါ်တဲ့ Positive thinking and viewing ကပဲ ပြန်လည် ကိန်းအောင်း အုံးမယ် ဆိုရင် ဒါဟာ အတော်လေး ကောင်းသွား ပြီ။ သူ မကောင်းတာတွေ လက်ရှိမှာ မလုပ်ရဲတော့ဘူး။ ဒါဟာ အနာဂတ်မှာ ကြိမ်းသေ ခံစားရမယ် အကြွေးဆပ်ရမယ် ဆိုတာကို သိသွားတယ်။ နောင်ဘဝမှာ ဆပ်ရမယ် ဆိုတာကို သိသွား တယ်။ အကယ်၍ ကောင်းတာတွေ လုပ်ရင်လည်း ဒီဘဝ မခံစား ရရင်တောင် နောင်ဘဝ ခံစားရမယ် ဆိုတာ ကိုလည်း သိသွားတယ်။ ဒီတော့ ကောင်းတာတွေပဲ ဆက်တိုက် လုပ်တော့မှာ ဖြစ်ပါတယ်။

အနှစ်ချုပ်

အနှစ်ချုပ် အားဖြင့် ဆိုရရင် ဒီဘဝ ကောင်းနေတာတွေ၊ ဆိုးနေတာတွေဟာ အကြောင်းမဲ့ မဟုတ်ပဲ ရှေးဘဝ အဆက်ဆက်က ကုသိုလ် အကုသိုလ် အမှု ကိစ္စ (Wholesome and Unwholesome deeds) ကြောင့် ဖြစ်ပြီး ခု ကောင်းတာတွေ လုပ်နေတာ၊ မကောင်းတာတွေ လုပ်နေရတာဟာ Cycle of Rebirth ဖြစ်နေတဲ့ ၃၁ ဘုံ (31 Planes of Existence) မှာ ပြန်လည် ဝဋ်ကြွေး ဆပ်ရမှာ ဖြစ်ပါတယ်။ ဒါတွေဟာ မြတ်စွာဘုရားက ကြောက်ဖို့ အတွက် ခြောက်လန့်ခဲ့တာ မဟုတ် ပါဘူး။ ဥာဏ်နဲ့ သိပြီး သတိ (Mindful) အမြဲ ယှဉ်လို့ ကောင်းတာတွေသာ လုပ်ဆောင် သွားဖို့ ဖြစ်ပါတယ်။ ဒီလောက် ဆိုရင် မြတ်စွာ ဘုရားက ရှေးဘဝ၊ နောင်ဘဝ ကို ဘာကြောင့် ယုံခိုင်း သလဲ ဆိုတာ အကြမ်းအားဖြင့် သိရှိပြီလို့ မျော်လင့် ပါတယ်။ 


https://www.facebook.com/yoyarlaydotcom

 
 
အမေး။    ။အရှင်ဘုရား..ကမ္ဘာတည်သမျှကာလပတ်လုံး တည်မြဲနေမယ့် အရာငါးခု ရှိပါတယ်လို့ ကြားဖူးပါတယ်ဘုရား၊ အဲဒီ ငါးမျိုးက ဘာတွေလဲ၊ ဘာကြောင့်တည်မြဲနေတာလဲ ဆိုတာ သိချင်ပါတယ်ဘုရား။
ကိုပေါက်
Portland Oregon State. USA
 
အဖြေ။    ။ ကမ္ဘာတည်သ၍ တည်မြဲနေမယ့်အရာတွေ ကမ္ဘာပတ်လုံးတည်မယ့်အရာတွေကို ပါဠိလို ကပ္ပဌိတိ လို့ခေါ်ပါတယ်။ အဲဒါက ငါးမျိုးတော့ မကြားမိပါဘူး။ လေးမျိုးပဲ ကြားဖူးပါတယ်။အဲဒါတွေက ငုံး+အိမ်+ကျု+လ တို့ပါပဲ။
(၁)  ငုံး။  ။အလောင်းတော်ငုံးမင်း သစ္စာပြုတဲ့နေရာမှာ တကမ္ဘာပတ်လုံး မီးကွင်းရှောင်တယ်။
            ရှေးအခါက မဂဓတိုင်းအတွင်းမှာ ဘုရားအလောင်းတော်ဟာ ငုံးမျိုး ဖြစ်ခဲ့ဖူးပါတယ်။ အမိဝမ်းမှ မွေးဖွားပြီး ဥခွံကွဲကာ လောကအလယ်သို့ ရောက်ခဲ့ပါတယ်။ မိဘများက အသိုက်မှာပဲနေစေကာ သူတို့ရဲ့နုတ်သီးနဲ့အစာတွေ ဆောင်ယူလာပြီး ကျွေးမွေး ပါတယ်။ အဲဒီအချိန်တုန်းက အရွယ်ငယ်လွန်းတဲ့အတွက် ဘုရားအလောင်း ငုံးမင်းဟာ အတောင်ကိုဖြန့်ပြီး ကောင်းကင်ကိုလဲ မပြန်နိုင်ပါ။ ခြေကိုကြွပြီး မြေကြီးပေါ်မှာလဲ မသွားလာနိုင်ပါ။ အဲဒီအရပ်ကြီးမှာလဲ နှစ်တိုင်းဆိုသလို တောမီးလောင်ပါတယ်။ တစ်နေ့ တောမီးကြီးလောင်တဲ့အခါ ငှက်တွေဟာ သေဘေးကို ကြောက် ကြတဲ့အတွက် အော်ဟစ်ပြီး အသိုက်ကနေ မီးလွတ်ရာကို ထွက်ပြေး ကြပါတယ်။ ထို့အတူ ငုံးမင်းရဲ့ မိဘများက သားကိုပစ်ပြီး မီးလွတ်ရာကို ထွက်ပြေး ကြတယ်။အသိုက်ထဲမှာ တစ်ကောင်ထဲ ကျန်ရစ်ရှာတဲ့ ဘုရားအလောင်းငုံးမင်းဟာ “ငါ့မှာ ပျံနိုင်တဲ့အစွမ်း၊ ခြေနဲ့သွားနိုင်တဲ့အစွမ်းရှိရင်တော့ ဒီကနေ ထွက်ပြေးလို့ရပါရဲ့ အခုတော့ ငါ့မှာ ပျံလဲမပျံနိုင်၊ သွားလဲမသွားနိုင်၊ ငါ့မိဘတွေကတော့ သေဘေးကို ကြောက်ပြီး ထွက်ပြေးသွားကြပြီ၊ အခုအခါမှာ ငါ့အတွက် အားကိုးစရာဆိုလို့ ဘာမှမရှိတော့၊ ငါဘာလုပ်ရမှာလဲ ” လို့တွေးပါတယ်။
            အဲဒီအခါက ဘုရားအလောင်းငုံးမင်းက “ငါ့မှာ ပျံစရာအတောငှ်ရှိနေပါရက်နဲ့ ငယ်သေးလို့ မပျံနိုင်ခဲ့။ သွားစရာခြေ ရှိပါရက်နဲ့ မသွားနိုင်ခဲ့၊ မိဘတို့ကလဲ သေဘေးကို ကြောက်လို့ ငါ့ကို စွန့်ခွါ ထွက်ပြေးသွားကြပြီ ၊ ထိုသစ္စာစကား မှန်ကန်ရင် အခုလောင်နေ တဲ့ တောမီးကြီး ငြိမ်းပျောက် ပါစေသတည်း” လို့ သစ္စာပြုလိုက်ရာ လူစကားနားလည်တဲ့အတိုင်း တောမီးကြီးဟာ တစ်ဆယ့်ခြောက်ပယ်စာ ပတ်လည် ငြိမ်းပျောက်သွားပါတော့တယ်။
            အဲဒီအချိန်ကစလို့ တောမီးတွေဘယ်လောက်ပဲ လောင်နေပါစေ၊ ဘုရားလောင်းငုံးမင်းရဲ့ သစ္စာအစွမ်းကြောင့် တစ်ဆယ့်ခြောက် ပယ်စာ အရပ်ဟာ တကမ္ဘာပတ်လုံး မီးမလောင်ဘူးလို့ ဆိုပါတယ်။(ဇာ၊ဋ္ဌ၊၁၊၂၂၉။)
 
(၂) အိမ်။             ။ကဿပဘုရားရှင်လက်ထက်က ဃဋိကာရအိုးထိန်းသည်ဟာ သာသနာနဲ့အလွန်ရင်းနှီးကျွမ်းဝင်သူဖြစ်ခဲ့ပါတယ်။ တစ်နေ့မှာ ကဿပဘုရားရှင်ဟာ သူသီတင်းသုံးတော်မူတဲ့ ဂန္ဓကုဋိတိုက် မိုးမလုံဖြစ်နေတာကြောင့် ဃဋိကာရအိမ်ကိုသွားပြီး မြက်သက်ငယ် ရှိ မရှိ စုံစမ်းခိုင်းတယ်။ ရဟန်းတော်များက ဃဋိကာရအိမ်မှာတော့ မြက်သက်ငယ် မရှိပါ။ ဒါပေမယ့် သူအလုပ်လုပ်နေတဲ့ တဲအိမ်ရဲ့အမိုးမှာတော့ သက်ငယ်မိုး ရှိပါတယ် လို့ ဘုရားရှင်အားလျှောက်ထားကြတယ်။ ဘုရားရှင် ဒီလိုဆိုရင် ဃဋိကာရအိမ်ရဲ့အမိုး မြက်သက်ငယ်များကို သွားဖြုတ်ခိုင်းပါတယ်။ ရဟန်းများလဲ ဃဋိကာရအိမ်က မြက်သက်ငယ်မိုးတွေကို သွားဖြုတ်ကြတယ်။ အဲဒီအခါမှာ အိမ်မှာရှိတဲ့ မျက်မမြင် မိဘနှစ်ပါးက “ဟဲ့ အခုအမိုးလာဖြုတ်နေတာ ဘယ်သူတွေတုန်း”လို့မေးတော့ ရဟန်းတော်များကလဲ မြတ်စွာဘုရားကျောင်းတော်က ရဟန်းတွေ လို့ပြန်ပြောတယ်။ ဒါဆိုရင်တော့ လိုသလောက်သာ ဖြုတ်ယူကြပေတော့ လို့ ကြည်ကြည်ဖြူဖြူ ပေးရှာတဲ့အတွက် ရဟန်းတော်များ အမိုးကို ဖြုတ် ယူသွားကြပါတယ်။
တစ်နေရာကပြန်လာတဲ့ ဃဋိကာရက အမိုးတွေ ဘယ်သူများ ဖြုတ်တာလဲ ဆိုပြီး အမေအိုကြီးကို မေးတော့ ရဟန်းတော် များ ဖြုတ်ယူသွား တယ်ဆိုတဲ့အကြောင်း အမေကြီးက ပြန်ပြောတယ်။ ဒီစကားကြားရတဲ့ ဃဋိကာရဟာ “အော်…ငါ့အတွက် အရတော်လိုက် တာ ..ငါ့ကို မြတ်စွာဘုရားက အလွန်ရင်းနှီးကျွမ်းဝင်တာပဲ” ဆိုပြီး  အမိုးဖြုတ်တာနဲ့စပ်လို့ ၀မ်းမြောက်ဝမ်းသာ ပီတိသောမနဿတွေဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့ မိုးဘယ်လောက်ပဲ ရွာရွာ ဃဋိကာရဲ့နေအိမ်တ၀ိုက် မိုးလုံးဝမစိုတော့ပါ။ ဒါဟာ တကမ္ဘာပတ်လုံး တည်သွားမယ့်အရာ တစ်ခုပါ။
(တိပိဋကဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ၏ ဟောစဉ်တရား တတွဲ၊နှာ၊၃၄။မဇ္ဈိမပဏာသပါဠိတော်၊နှာ၂၄၃)
ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုရင် ဃဋိကာရ မိသားစုရဲ ထက်သန်တဲ့စေတနာကြောင့် အခုလို ဖြစ်ရတာပါ။
(၃)ကျု။   ။ရှေးအခါက ရေကန်ကြီးတစ်ခုရှိခဲ့ဖူးတယ်။အဲဒီမှာ ဘီလူးတစ်ကောင်လဲ စောင့်နေတယ်။ အဲဒီရေကန်ရဲ့ပတ်လည်မှာ ကျုပင်တွေ ပေါက်ရောက်နေပါတယ်။ ဒီရေကန်ထဲကိုဆင်းပြီး ရေသောက်သုံးကြတဲ့သူမှန်သမျှကို ဘီလူးကြီးက အလစ်မပေး၊ ၀ါးမျိုစားသောက် လိုက်ပါတယ်။
            တောအုပ်တစ်ခုမှာလဲ ဘုရားအလောင်းတော် မျောက်မင်း နေထိုင်ပါတယ်။ ထိုမျောက်မင်းဟာ မျောက်ပေါင်း ရှစ်သောင်းလေးထောင် အခြံအရံ ရှိသူဖြစ်တယ်။ တစ်နေ့မှာ ဘုရားလောင်းမျောက်မင်းက “အမောင်တို့…ဒီတောထဲမှာ အဆိပ်ပင်တွေလဲ  ရှိတတ်တယ်။ ဘီလူးစောင့်တဲ့ရေကန် တွေလဲ ရှိကြတယ်။ ဒါကြောင့် ဘယ်ကိုပဲသွားသွား အသီးကိုတွေ့ရင် ချက်ခြင်း မစားပါနဲ့၊ ရေကန်တွေ့တိုင်း ရေမသောက်ကြပါနဲ့၊ တကယ်လို စာချင်တယ်သောက်ချင်တယ်ဆိုရင် ငါ့ကိုပြောပါ ” လို့ မျောက်များကို သြ၀ါဒပေး ပါတယ်။ ဒီလိုနဲ့ မျောက်များဟာ တောထဲသွားလာရာကနေ ရေကန်တစ်ခုကိုတွေ့တဲ့အခါ ရေသောက်ချင်ကြတယ်။ ဒါပေမယ့် ဘုရားအလောင်းတော်အလာကို စောင့်ဆိုင်းနေကြတယ်။ ဘုရားအလောင်းရောက် လာတဲ့အခါ မျောက်များက သူတို့ဖြစ်ချင်တာ ကိုပြောကြတယ်။ ဘုရားအလောင်းက ရေကန်ကို စူးစမ်းကြည့်တဲ့အခါ ရေကန်ထဲကို ဆင်းတဲ့ခြေရာသာ မြင်ရပြီး ပြန်တက်လာတဲ့ခြေရာ မမြင်ရတဲ့အတွက် ဒီရေကန်ဟာ ဘီလူးစောင့်တဲ့ရေကန်သာဖြစ်မယ်။ ဒါကြောင့် မသောက်ကြနဲ့လို့ ပြောပါတယ်။
  အဲဒီအခါမှာ ရေကန်ထဲ ဆင်းတဲ့သူကို စားဖို့စောင့်နေတဲ့ ဘီလူးကြီးက မျောက်တွေ ရေကန်ထဲမဆင်းတာကို သိတဲ့အတွက် ဒေါသ ထွက်ပြီး ရေပေါ်တက်လာပါတယ်။ ဘာကြောင့် ရေကန်ထဲမဆင်းတာလဲလို့ ဘီလူးကြီးကမေးတဲ့အခါ ဘုရားအလောင်းမျောက်မင်းက တကယ်လို့ ရေကန်ထဲဆင်းရင် သင်ရဲ့အစာဖြစ်သွားမှာပေါ့၊ ဒါကြောင့် မဆင်းကြတာပါ။ ရေကန်ထဲမဆင်းရဘဲနဲ့ ရေကို သောက်နိုင်အောင် လုပ်မယ်ဆိုပြီး ရေကန်နံဘေးမှာ ပေါက်နေတဲ့ ကျုပင်ကို နုတ်ပြီး  ကျုပင်ရဲ့အခေါင်းထဲမှာ အဆင့်မရှိဘဲ ဟိုဘက်ဒီဘက် ဟင်းလင်းပေါက် ဖြစ်စေသတည်းလို့ သစ္စာအဓိဋ္ဌာန်ပြီး ပါးစပ်နဲ့မှုတ်လိုက်တာ ကျုပင်များဟာ အဆစ်မရှိတော့ ဘဲ ခေါင်းပေါက်ကြီး ဖြစ်သွားပါတော့တယ်။ အဲဒီအခါကျမှ မျောက်အပေါင်းလဲ  အခေါင်းကြီး ဖြစ်နေတဲ့ ကျုတွေကို ရေကန်ထဲ ထိုးချကာ ရေကို စုတ်ယူပြီး သောက်ကြရပါတယ်။  (ဇာ၊ဋ္ဌ၊၁၊၁၈၆)
အဲဒီအချိန်ကစလို့ အများအကျိုးစီးပွားကို လိုလားတဲ့ ဘုရားအလောင်းမျောက်မင်းရဲ့ သစ္စာအဓိဋ္ဌာန်ကြောင့် ကမ္ဘာတည်သမျှကာလပတ်လုံး ထိုရေကန်နံဘေးမှာ ပေါက်ရောက်နေတဲ့ ကျုရိုးတွေဟာ အခေါင်းကြီးဖြစ်နေပါတော့တယ်။
(၄) လ။     ။လ၀န်းမှာ ယုန်အရုပ်ရေးထားတာကို ပြောတာပါ။ ဒါနဲ့စပ်လို့ နားလည်သဘောပေါက်အောင် ပြည့်ပြည့်စုံစုံ တင်ပြပါ့မယ့်၊ စာချစ်သူများက သီးခံပြီး ဖတ်ပေးစေလိုပါတယ်။
              ရှေးအခါက ဘုရားအလောင်းဟာ ယုန်မျိုးဘ၀မှာ ဖြစ်ခဲ့တယ်။ ထိုယုန်ဘ၀မှာ မျောက်၊ မြေခွေး၊ဖျံ မိတ်ဆွေသုံးဦးရှိတယ်။ ယုန်မင်းဟာ အလှူကိုလဲ ပေးလှူတတ်သလို သီလစောင့်ထိမ်းပြီး ဥပုသ်ဆောက်တည်တာတွေ ပြုလုပ်ခဲ့တယ်။ မိတ်ဆွေသုံးဦးကိုလဲ အခါအားလျော်စွာ ဟောပြောဆုံးမလေ့ရှိတယ်။ နက်ဖြန်ဆိုရင် ဥပုသ်နေ့ဖြစ်တယ်။ ဥပုသ်စောင့်ကြဖို့နဲ့ အလှူခံလာရင်လဲ ကိုယ်ရထားတဲ့ အစာကို ခွဲဝေလှူပြီး ကျန်တာကို စားသုံးကြဖို့ ယုန်မင်းက သြ၀ါဒစကားပြောကြားတယ်။  မိတ်ဆွေသုံးဦးကလဲ ကောင်းပါပြီ ဆိုပြီး ၀န်ခံကတိထားခဲ့ကြတယ်။
          နောက်တစ်နေ့ရောက်တဲ့အခါ  မိတ်ဆွေဖြစ်တဲ့ ဖျံဟာ အစာရှာထွက်လာပါတယ်။ တစ်နေရာရောက်တော့ ငါးကြင်း ခုနှစ်ကောင်ကို ကြိုးနဲ့သီပြီး သဲပြင်အောက်မှာ ဖုံးအုပ်ထားပါတယ်။ ဖျံက ပိုင်ရှင်ရှိ/မရှိဆိုတာကို စုံစမ်းတဲ့အနေနဲ့ အသံ သုံးကြိမ်ပြုလိုက်တယ်။ ဒါပေမယ့် ပိုင်ရှင် မပေါ်လာတဲ့ အတွက် ငါးခုနှစ်ကောင်ကို ယူပြီး ချုံတစ်ခုထဲမှာ ထားကာ“ နေမွန်းမတည့်မီ အချိန်မှာ စားတော့မယ်” ဆိုကာ မိမိရဲ့သီလကို ဆင်ခြင်နေပါတယ်။
         မြေခွေးကလဲ အစာရှာထွက်လာရာ လယ်တဲတစ်ခုအတွင်း အမဲစို့နှစ်ခု၊ ဖွတ်ကင်တစ်ခု၊ နို့ဓမ်းတစ်အိုးကို မြင်တာနဲ့ အရှင်ရှိမရှိဆိုတာ သိရအောင် သုံးကြိမ်တိတိ အသံပြုပြီးနေပါတယ်။ ပိုင်ရှင်မရှိမှန်း သိတဲ့အခါ  အမဲစို့နှစ်ခု၊ ဖွတ်ကင်တစ်ကောင်နဲ့အတူ နို့ဓမ်းအိုးကိုပါ မိမိနေရာ လုံခြုံတဲ့နေရာမှာ ထားလိုက်ပြီး သီလကို ဆင်ခြင်နေပါတယ်။
         မျောက်ကလဲ တောအုပ်ကို ၀င်ကာ သရက်ခိုင်ကို ခူးယူပြီး မိမိနေရာ ချုံထဲမှာ သိမ်းထားလိုက်ပါတယ်။ နေမွန်းမတည့်မီ စားမယ်လို့ဆိုကာ ကိုယ့်သီလကို ကိုယ် ဆင်ခြင်နေပါတယ်။
          ဘုရားအလောင်းတော် ယုန်မင်းဟာ အချိန်ရောက်မှ နေရာကထွက်လာပြီး  “နေဇာမြက်ကို စားတော့မယ်” လို့ဆိုကာ မိမိသီလကို ဆင်ခြင်နေပါတယ်။ ယုန်မင်းက “ငါ့ထံရောက်လာတဲ့ အလှူခံတွေကို ငါစားတဲ့ မြက်ပင်များကို လှူရင် ကောင်းမှာမဟုတ်ဘူး။ နှမ်း ဆန်စတဲ့ပစ္စည်းတွေလဲ ငါ့မှာ မရှိ၊ တကယ်လို့ အလှူခံ လာမယ်ဆိုရင် ငါ့ အသားကို လှူဒါန်းမယ်” လို့ ရဲဝံ့စွာ ဆုံးဖြတ်လိုက်တယ်။ ယုန်မင်းရဲ့သီလကြောင့် သကြားမင်းရဲ့ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာကြီးလဲ ပူလာပါတော့တယ်။ သကြာမင်းက အကျိုးအကြောင်းဆင်ခြင်ပြီး သိတဲ့အခါ ယုန်မင်းကို စုံစမ်းမယ် ဖို့အတွက် လူ့ပြည်ကို ပုဏားအသွင် နဲ့ ရောက်လာပါတယ်။
        ရှေးဦးစွာ ဖျံရဲ့နေရာကိုသွားတယ်။ ဖျံက “ဘာအတွက်လာတာလဲ”မေးတော့ သကြားမင်းက “အဟာရတစ်ခုခုကို ရလို့ရှိရင် ဥပုသ်စောင့်ပြီး နေချင်တယ်” လို့ပြောတယ်။ ဖျံက “ကောင်းပါပြီ….ငါ အာဟာရ တစ်ခုခုကို ပေးပါ့မယ်” လို့ပြောတော့ သကြားမင်းက “ ခဏနေပါဦး ၊ စောသေးတယ်၊ နောက်မှပဲ စားကြတာပေါ့”လို့ပြောပါတယ်။ တခါ မြေခွေးရဲ့နေရာ ကိုသွားပြန်တယ် ။ ရှေးနည်းအတိုင်းပဲ မြေခွေးဆီမှာ အလှူခံတယ်။  မြေခွေးက သူ့မှာရထားတဲ့ ငါးကြင်းကင်နဲ့နို့ဓမ်းကိုပေးလှူပါတယ်။ သကြားမင်းက ခဏနေပါဦး ၊စောသေးတယ်၊ နောက်မှစားမယ် လို့ပြောပြီး မျောက်ရှိတဲ့နေရာကို တခါသွားပြန်တယ်။ ရှေးနည်းအတိုင်း သကြားမင်းက အလှူခံတဲ့အခါ မျောက်က သူ့မှာ ရှိတဲ့ သရက်ခိုင်ကို လှူတယ်။ သကြားမင်းက ခဏနေပါဦး စောပါသေးတယ်၊ နောက်မှလာစားမယ် လို့ဆိုကာ ဘုရားအလောင်းတော် ယုန်မင်းထံကို သွားပြန်တယ်။ သကြားမင်းက  ယုန်မင်းဆီမှာ အာဟာရတစ်ခုခု လိုချင်တယ်၊ပြီးရင် ဥပုသ်စောင့်နေချင်တယ် လို့ ပြောတော့ ယုန်မင်းက “သင်ဟာ သီလရှိတဲ့သူပဲ၊ ဒီနေ့ ငါမလှူဖူးတဲ့ အလှူကို လှူမယ်၊ ဒါကြောင့် အသင်ပုဏား…မီးပုံကြီးတစ်ပုံကို မီးမွှေးပေးပါ၊ ပီးရင် ငါ့ရဲ့ခန္ဓာကိုယ်ကို မီးထဲခုန်ချလိုက်လို့ ကျက်ရင် ငါ့ရဲ့အသားကို စားပြီး သင် ရဟန်းတရားကို ကျင့်ပါ” လို့ဆိုတယ်။ သကြားမင်းက မိမိဘာနုဘောနဲ့ မီးတစ်ပုံ ချက်ခြင်းဆိုသလို မွှေးပေးပါတယ်။ ယုန်မင်းဟာ သူ့ခန္ဓာကိုယ်ရဲ့ အမွှေးတွေထဲမှာ ၀င်ခိုနေကြတဲ့ ပိုးမွှားလေးတွေ သေကုန်မှာစိုးလို့  ကိုယ်ကို သုံးလေးကြိမ် ခုန်လိုက်ပြီးမှ မီးပုံထဲကို စိတ်လက်ပျော်ရွှင်စွာနဲ့ ခုန်ချလိုက်ပါတယ်။ အဲဒီအခါမှာ မီးလျံတွေ ယုန်မင်းရဲ့ခန္ဓာကိုယ်နဲ့ထိတွေတဲ့အခါ နှင်းတွေနဲ့ ထိရသလို အေးမြနေတယ်။ ယုန်မင်းက “သင်မွှေးတဲ့မီးက မပူဘဲ အေးနေတာပဲ ဘာကြောင့်ဒီလိုဖြစ်တာလဲမသိ” လို့ သကြားမင်းကိုပြောတော့ “ငါဟာ ပုဏားမဟုတ်၊ သကြားမင်းပါ၊ သင့်ကို စုံစမ်းချင်လို့ လာတာဖြစ်တယ်” လို့ သကြားမင်းပြောပါတယ်။
      သကြားမင်းက “ ယုန်ပညာရှိ….သင်ရဲ့ ဂုဏ်ကျေးဇူးတွေ တကမ္ဘာပတ်လုံး ထင်ရှားပြီး တည်နေစေရမယ်” လို့ဆိုကာ တောင်ကိုညစ်ပြီး တောင်ဆီကိုယူကာ လမှာ ယုန်အရုပ်ကို ရေးပါတယ်။ အဲဒိအချိန်ကစလို့ လမှာ ယုန်အရုပ်ဟာ ခုချိန်ထိတည်ရှိနေတဲ့အပြင် တကမ္ဘာပတ်လုံး တည်သွားမယ့်အရာဖြစ်တယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုရင် ဘုရားအလောင်းယုန်မင်းရဲ့ မိမိအသက်နဲ့ခန္ဓာကို အခြားသူအား ရဲဝံ့စွာ ပေးလှူရဲတဲ့ ဒါနပါရမီအစွမ်းကြောင့် ဖြစ်တယ်လို့ ပြောရမှာပါ။
 
http://www.venkawwida.net/2014/09/blog-post.html <<< မှ ကူးယူဖော်ပြပါသည်...။