မေး။ ။ အရှင်ဘုရား တပည့်တော်တို့စိတ်မှာ မရှင်းလင်းတဲ့ကိစ္စတစ်ခု မေးလျှောက်ခွင့် ပြုတော်မူပါဘုရား။
လူတွေက
အတိတ်ကံ၊ ၀ဋ်ကြွေးကို မလွန်ဆန်နိုင်ကြဖူးလို့ တပည့်တော်သိထားပါတယ်။
ဥပမာ-မောင်ဖြူဆိုတဲ့လူတစ်ယောက်ဟာ သူများအသတ်ကိုသတ်ခဲ့ဖူးတဲ့
အကုသိုလ်ကံကြောင့် သူ့ကိုလည်း သူများကသတ်ခဲ့ရင်
သူဟာသူ့ကံကြောင့်သေရတာဖြစ်ပေမဲ့ မောင်နီဆိုတဲ့ သတ်တဲ့သူကလည်း
မောင်ဖြူရဲ့ကံအကြောင်းတရားကြောင့် သတ်ဖို့ဖြစ်လာခဲ့တာ မဟုတ်လား။
အဲဒီလိုသတ်ဖို့ဖြစ်လာတဲ့ မောင်ဖြူမှာသတ်ခြင်းကြောင့် အကုသိုလ်ဖြစ်ရတာကို
စိတ်ထဲမှာ ဘ၀င်မကျဖြစ်နေမိပါတယ်။ တကယ်တော့ မောင်ဖြူက သူအကုသိုလ်နဲ့သူ
သေရတာပဲမဟုတ်လား ဘုရား။ မောင်နီကလည်း မောင်ဖြူရဲ့အကုသိုလ်ကံကြောင့်
သတ်ဖြစ်သွားတာမဟုတ်ဘူးလားဘုရား။ ဘယ်သူ့မှာ ဘယ်လိုအကုသိုလ်ပါတယ်ဆိုတာ ဘယ်သူက
ကြိုသိနိုင်မှာလဲဘုရား။ တပည့်တော်အနေနဲ့ သူများအသတ်ကိုသတ်တာ
ငရဲကြီးတယ်ဆိုတာသိပေမဲ့ ဒီလိုကိစ္စမျိုးမှာ ဘယ်သူကမှားတယ်ဆိုတာ
မပြောတတ်အောင်ပါဘဲ။
တပည့်တော်
ဒီမေးခွန်းကို မေးဖြစ်သွားတာ သူငယ်ချင်းတစ်ယောက်ကြောင့်ပါ။ သူငယ်ချင်းက
သူအလိုမတူပဲ ကိုယ်ဝန်ရခဲ့တဲ့အတွက် ကလေးကို သိပ်မုန်းပါတယ်။ ကလေးကို
သူ့ကလေးလို့လက်မခံနိုင်သလို လူယုတ်မာကိုလည်း သူမယူနိုင်ပါဘူး။
ဒီကိုယ်ဝန်ကြောင့်
လူယုတ်မာကိုယူရရင် သူ့ဘ၀တစ်ခုလုံးပျက်စီးမှာဖြစ်ပြီး မိဘတွေလည်း
အရှက်ကွဲကြရပါမယ်။ ကလေးကိုလဲ မွေးခဲ့သည့်တိုင်အောင် လူ့လောကထဲမှာ
သူ့သားသမီးအဖြစ် အသိအမှတ်ပြုနိုင်မှာ မဟုတ်ပါဘူးတဲ့။ မွေးပြီးမှ
ပြစ်ထားတာထက်စာရင် မမွေးတာဟာ ကလေးအတွက်ရော သူ့အတွက်ရော
ကောင်းမယ်လို့ယူဆပြီး ကလေးကို တစ်လသားကိုယ်ဝန်မှာ ဖျက်ချခဲ့ပါတယ်။
တစ်လသားဆိုတာ အသက်လဲမ၀င်သေးတော့ ငရဲမကြီးပါဘူးလို့ ပြောတဲ့လူကလဲ
ပြောခဲ့လို့ပါတဲ့။ နိုင်ငံခြားမှာလဲ မလိုချင်တဲ့ကလေးကို
တရားဝင်ဖျက်ချခွင့်တွေရှိနေတော့ ဒါကို သူလဲ အဲဒီတုန်းကတော့အပြစ်လို့
မယူဆခဲ့ဖူးထင်ပါတယ်။
အခု
သူအသက်ရလာလို့ဘာသာရေးတွေကို လေ့လာတဲ့အခါမှာ သူအကုသိုလ်တရားကို
ထိတ်လန့်လာပါတယ်။ သူကလေးဖျက်ခဲ့တဲ့အတွက် သူဘယ်လိုအကုသိုလ်ကံတွေ ခံရမလဲပေါ့။
သူဘယ်လိုလုပ်ရင် အကုသိုလ်တွေကနေ သက်သာရာရမလဲပေါ့။ တပည့်တော်ကို
မေးလာခဲ့ပါတယ်။ တပည့်တော်လဲ ရေများရေနိုင် မီးများမီးနိုင်ဆိုသလို လူ့ဘ၀မှာ
အကုသိုလ်နဲ့တော့ လူတိုင်းမကင်းဘူး။ အကုသိုလ်ကို အမြဲတမ်းတွေးနေရင်
အကုသိုလ်ဖြစ်တယ်။ နင်လဲ မလွှဲမရှောင်သာလို့လုပ်ခဲ့ရတာပဲ။ ကလေးမှာလဲ
သူ့အကုသိုလ်ပါလို့ အသက်ရှင်ခွင့်မရတာပေါ့။ ဘယ်လိုကုသိုလ်ကောင်းမှုဖြစ်ဖြစ်
လုပ်သာလုပ်ပါ။ ကုသိုလ်လုပ်တာများရင် အကုသိုလ်တွေ
အကျိုးမသက်ရောက်နိုင်တော့ပါဘူးလို့ တပည့်တော် ဖြေမိပါတယ်။ ဒါပေမဲ့
တပည့်တော်အဖြေက မှန်မမှန် တပည့်တော် သံသယ၀င်လို့ အရှင်ဘုရားကို
မေးလျှောက်တာပါဘုရား။ သူ့အနေနဲ့ ဖြစ်ပြီးသားကို မပြင်နိုင်တော့ပေမဲ့
သူပြုခဲ့တဲ့ အကုသိုလ်အကျိုးပေးကို သက်သာစေမဲ့ မှန်ကန်တဲ့
ကုသိုလ်ပြုနည်းရှိရင် တပည့်တော်ကို ဖြေကြားပေးပါဘုရား။
တပည့်တော်သူငယ်ချင်းက
သူ့အကုသိုလ်ကြောင့် နောက်ဘ၀မှာ မိဘတွေက စွန့်ပစ်တာခံခဲ့ရရင်
သူဆင်းဆင်းရဲရဲနဲ့ ဒုက္ခမရောက်ရအောင်ဆိုပြီး မိဘမဲ့ကလေးတွေကို
အမြဲအလှူဒါနပြုပါတယ်။ သူမသိနားမလည်ဘဲလုပ်ခဲ့မိတဲ့အပြစ်အတွက်
ကြေရာကြေကြောင်းအနေနဲ့ ဆေးဖိုးဝါးခမတတ်နိုင်တဲ့ ရောဂါသည်ကလေးတွေကိုလည်း
အကူညီပေးပါတယ်။ ဆေးမကုနိုင်လို့ အသေခံရတော့မဲ့ ကလေးလူနာတွေကိုလဲ
သူအသက်ကယ်ပါတယ်။ သူကုသိုလ်ကောင်းမှုလုပ်ပြီးတိုင်း ဒီကောင်းမှုကြောင့်
သူ့အပြစ်တွေကျေပါစေလို့ သူဆုတောင်းပါတယ်တဲ့။ သူလုပ်နည်း မှန်ပါသလားဘုရား။
တပည့်တော် သူငယ်ချင်းအတွက် သနားသဖြင့် ဖြေကြားပေးတော်မူပါဘုရား။
ရိုသေစွာဖြင့်
ဟန်ထွန်း
ဖြေ။
။ အင်း ဒကာမေးထားတဲ့ မေးခွန်းတွေက များတယ်လို့ထင်ရပေမဲ့
အပိုင်း(၃)ပိုင်းပဲ ရှိမယ်ထင်ပါတယ်။ အဲဒီတော့ နံပါတ်(၁)အနေနဲ့ ပထမဦးဆုံး
သတ္တ၀ါတွေဟာ သေခြင်း(၄)မျိုးရှိတာထဲက တစ်မျိုးမျိုးနဲ့ သေကြရတာဆိုတာကို
ရှင်းပြပါမယ်။ (၁)-သက်တမ်းကုန်လို့ သေတယ်။ (၂)-ကံကုန်လို့ သေတယ်။
(၃)-သက်တမ်းရော၊ သေရမဲ့ကံရောကုန်လို့ သေတယ်။ (၄)-သက်တမ်းရော၊ ကံတရားရော
ရှိနေသေးမဲ့ ရုတ်တရက်ဝဋ်ကြွေးကြောင့် သေရတယ်ဆိုတဲ့
သေခြင်း(၄)မျိုးရှိပါတယ်။
အဲဒီတော့ တစ်စုံတစ်ယောက်ဟာ
သူ့ပါလာတဲ့ကံကြောင့် တစ်နည်းနည်းနဲ့သေရမှာ မုချဧကန်ဖြစ်နေတာကို
မိမိကကြားခံဝင်လိုက်ပြီး သတ်လိုက်တဲ့အတွက် အပြစ်ဖြစ်သွားရတာပါ။
ဥပမာ-မောင်ဖြူက မောင်ညိုကို ဓါးနဲ့ထိုးတယ်။ ဒါပေမဲ့ ကြားကနေ မောင်နီက
ဝင်ခံလိုက်တဲ့အတွက် မောင်နီသေသွားတယ်။ အဲဒီအခါ မောင်ဖြူက ပြောမှာပေါ့။
ငါသတ်တာ မောင်ညို၊ သေသွားတာက မောင်နီ၊ ဒါကြောင့် ငါ့မှာအပြစ်မရှိဘူးလို့။
အဲဒီလိုပြောလို့ လောကီတရားဥပဒေက မောင်ဖြူကို အပြစ်မှလွတ်ခွင့်ပေးပါသလား။
အဲဒီလိုပါပဲ သူ့ဘာသာ ဘယ်နည်းနဲ့သေသေ၊ ကိုယ့်အလုပ်မဟုတ်တာကို မိမိက
အငြိမ်မနေဘဲ သွားသတ်လိုက်မယ်ဆိုရင် မိမိကြောင့် သူသေသွားတာဖြစ်တဲ့အတွက်
မိမိအပြစ်ဖြစ်ရတာပါ။
ဥပမာ-ငါးရာငါးဆယ်ဇာတ်တော်ထဲတွင် ဆိတ်တစ်ကောင်ဟာ
သူများအသတ်ကိုသတ်ပြီး ယဇ်ပူဇော်ခဲ့တာကြောင့် ဘ၀ငါးရာတိုင်တိုင်
သူများသတ်ခြင်းကို ခံခဲ့ရပါတယ်။ အဲဒီလိုခံခဲ့ရတာဟာ ယခုဆိတ်ဘ၀ကနေသေရင်
ငါးရာပြည့်ပါပြီတဲ့။ အဲဒီငါးရာပြည့်မဲ့အချိန်မှာ ဆိတ်ကိုသတ်ပြီး
တစ်ခြားလူများက ယဇ်ပူဇော်ဖို့ လုပ်ကြပါတယ်။ အဲဒီအခါမှာ ဆိတ်က ပြောပြပါတယ်။
မင့်တို့ငါ့ကိုသတ်ရင် မင့်တို့လည်း ငါလို့ပဲ ၀ဋ်ကြွေးတွေ ဆပ်ရလိမ့်မယ်။
ငါ့ဟာ မင့်တို့မသတ်လဲ သေရမှာပါတဲ့။ အဲဒီလိုဆိတ်ကပြောလို့
လူတွေကမသတ်ဖြစ်ပေမဲ့ ဆိတ်ဟာသေရမဲ့ကံကြောင့် မိုးကြိုးပစ်ခံရပြီး
သေသွားပါတယ်။
အဲဒီတော့ မိမိတို့က သူ့အလိုလိုသေရမဲ့ကံပါတဲ့
တစ်စုံတစ်ယောက်ကို သတ်ရင်လည်း






