HAZY LIFE



ယောဂီတို့ကထူးချင်တာလား၊ ရူးချင်တာလား။ ထူးချင်တာနော်။ ထူးချင်တယ်ဆိုရင် ဘာလုပ်ရမလဲ။ ထူးအောင်လုပ်ရမယ်။ ထူးမှထူးတဲ့။ ရှင်းရှင်းလေးပဲနော်။ ထူးတဲ့စိတ်ဓါတ်မွေးရမယ်။ ထူးတဲ့စိတ်ထား ထားရမယ်။ ထူးတဲ့အတွေး တွေးရမယ်။ ထူးတဲ့အပြော ပြောရမယ်။ ထူးတဲ့အလုပ် လုပ်ရမယ်။ ထူးတဲ့အကျင့် ကျင့်ရမယ်။ ဒါဆိုရင် ထူးပြီပေါ့။ ထူးချင်ရင်ဘာမှမခက်ပါဘူး။ ထူးလိုက်ရုံပဲပေါ့။

ကောင်းမှကောင်း ဆိုတဲ့စကားကလည်း အရပ်ထဲမှာပြောနေကြတာပဲနော်။ အရသာကောင်း ကောင်း လေးခံစားရတဲ့အခါမျိုးမှာပြောကြတာပေါ့။ အလုပ်ကောင်းကောင်းလုပ်တဲ့အခါမျိုးမှာပြောရင် ပိုကောင်း မယ်။ ခေါက်ဆွဲခြောက်ကြော်ငြာလည်းရှိတယ်။ ကောင်းမှကောင်းဆိုပြီးတော့ပေါ့လေ။

ကောင်းမှကောင်းဆိုတဲ့စကားကလည်း အရမ်းကောင်း သိပ်ကောင်း ဆိုတဲ့ အဓိပ္ပါယ်လည်းယူလို့ရ သလို အကြောင်းကောင်းမှ အကျိုးကောင်း ဆိုတဲ့ အဓိပ္ပါယ်လည်း ယူလို့ရပါတယ်။

ပြီးတော့ ကိုယ်ကောင်းမှသူကောင်းပါတယ်၊ သူကောင်းမှကိုယ်ကောင်းပါတယ် ဆိုတဲ့ အဓိပ္ပါယ်လည်း ယူလို့ရတယ်နော်။ လောကကြီးမှာ ကိုယ်ကမကောင်းပဲနဲ့သူကကောင်းဖို့ဆိုတာ မလွယ်ပါဘူး။ ကိုယ် ကောင်းမှပဲသူကကောင်းတာပါ။ ကိုယ်မကောင်းရင် သူမကောင်းနိုင်တော့ပါဘူး။ကိုယ်ကောင်းမှ ဆိုတာက ကိုယ်က သူ့အပေါ်ကောင်းမှလို့လည်း အဓိပ္ပါယ်ရသလိုကိုယ့်စိတ်ဓါတ်ကောင်းမှ ကိုယ့် လုပ်ရပ်ကောင်းမှ လို့လည်းအဓိပ္ပါယ်ရပါတယ်။

ကောင်းမှကောင်း = ကိုယ်က သူ့အပေါ်ကောင်းမှကိုယ့်အပေါ် သူကပြန်ကောင်းပါတယ်။
ကောင်းမှကောင်း = ကိုယ့်စိတ်ဓါတ်ကောင်းနေမှ ကိုယ့်လုပ်ရပ်ကောင်းနေမှ ကိုယ့်အပေါ် သူက (သူတစ်ပါး) ကောင်းပါတယ်။ သဘောပေါက်ပါတယ်နော်။

ကိုယ်ကသူ့အပေါ်ကောင်းမှ သူက ကိုယ့်အပေါ်ကောင်းသလို သူက ကိုယ့်အပေါ်ကောင်းမှလည်း ကိုယ်က သူ့အပေါ်ကောင်းတာပါ။ လူအများစုရဲ့ သဘာဝပေါ့လေ။ ယေဘုယျအားဖြင့်ပေါ့။
ကိုယ်က သူ့အပေါ်ကောင်းပါလျှက် သူက ကိုယ့်အပေါ်မကောင်းတာမျိုး၊ သူက ကိုယ့်အပေါ်ကောင်းပါ လျှက် ကိုယ်က သူ့အပေါ်မကောင်းတာမျိုးလည်း ရှိတော့ရှိတာပါပဲ။ အဲဒါတွေတော့ ခြွင်းချက်ထား
လိုက်ပေါ့။

သူတော်မှကိုယ်ကောင်းလို့ သူတော်ကောင်းဆိုပြီးတော့ သူတော်ကောင်းကိုအဓိပ္ပါယ်ဖွင့်တဲ့သူတွေ လည်းရှိတယ်နော်။ အမှန်ကတော့မဟုတ်ဖူး။ သူတော်တော် မတော်တော် ကိုယ်ကောင်းမှ သူတော် ကောင်းလို့ခေါ်တာ။ သူကောင်းမှ ကိုယ်ကောင်းမယ် ကောင်းမှကောင်းဆိုရင် သူတော်ကောင်း စိတ်ထားမဟုတ်ဖူး။ သူကောင်းကောင်း၊ မကောင်းကောင်း ကိုယ်ကောင်းမယ်ဆိုမှသူတော်ကောင်း စိတ်ထားပါ။ ဒါပေမယ့် အများစုအနေနဲ့ကတော့ သူကောင်းမှပဲကိုယ်ကောင်းတယ်၊ ကိုယ်ကောင်းမှပဲ သူကောင်းတာမို့ ကောင်းမှကောင်း။ ဒီသဘောလေးနားလည်ထားရင်ကိုယ်ကောင်းမှပဲ သူတို့ကောင်း တာပါ။ ကိုယ့်ကိုကိုယ်ကောင်းအောင်လုပ်မယ်ဆိုတဲ့စိတ်မျိုးလေး မွေးပြီး ကိုယ့်ကိုယ်ကို ကောင်း အောင်လုပ်ရမှာပေါ့။

ထူးတယ်ထူးတယ်ဆိုတာ သူများနဲ့တူလို့ထူးတာလား၊ သူများနဲ့မတူလို့ထူးတာလား။ သူများနဲ့မတူလို့ ထူးတာ၊ သူများနဲ့တူရင် ဘယ်ထူးပါတော့မလဲ။ သူများက ဟိုလိုစိတ်ထားတယ်ဆိုရင် ကိုယ်က ဟိုလို စိတ်မထားပဲ ဒီလိုစိတ်ထားရမယ်။ သူများက ဒီလိုစိတ်ထားတယ်ဆိုရင် ကိုယ်က ဒီလိုစိတ်မထားပဲ ဟိုလိုစိတ်ထားရမယ်။ သူများက ဟိုလိုလုပ်တယ်ဆိုရင် ကိုယ်က ဟိုလိုမလုပ်ပဲ ဒီလိုလုပ်ရမယ်။ သူများက ဒီလိုလုပ်တယ်ဆိုရင်ကိုယ်က ဒီလိုမလုပ်ပဲ ဟိုလိုလုပ်ရမယ်။


သူများနဲ့ဆန့်ကျင်ဖက်လုပ်မှထူးတယ်လို့ပြောနိုင်ပါတယ်။ ဆန့်ကျင်ဖက်ဆိုပေမယ့် ကောင်းသောဆန့် ကျင်ဖက်တော့ဖြစ်ရမှာပေါ့။ အဆိုးရဲ့ဆန့်ကျင်ဖက် အကောင်းဖြစ်ရမယ်။ အဆိုးတွေကိုမလုပ်ပဲ ဆန့် ကျင်ပြီ်းအကောင်းတွေကို လုပ်ရမယ်။

ကောင်းသောထူးခြားခြင်းနဲ့ ထူးချင်တဲ့ပုဂ္ဂိုလ်ဟာ သူများကဆိုးရင် ဆန့်ကျင်ဖက်အနေနဲ့ ကိုယ်က ကောင်းရမှာပေါ့။ သူများကဆိုးတဲ့သဘောတရားကိုဆောင်တဲ့ စိတ်ထားမျိုး၊ အပြောအဆိုမျိုး၊ လုပ် ရပ်မျိုးရှိတယ်ဆိုရင် ကိုယ်က အဲဒီလိုစိတ်ထား၊ အပြောအဆို၊ လုပ်ရပ်မျိုးကိုတူအောင်မတုပဲ သူ့ထက် ထူးတဲ့ဆန့်ကျင်ဖက် ကောင်းတဲ့သဘောတရားကိုဆောင်တဲ့ စိတ်ထားမျိုး၊ အပြောအဆိုမျိုး၊ လုပ်ရပ်မျိုး ကိုကျင့်သုံးရမှာပေါ့။ အဲဒီလိုထူးမှလည်း ထူးတာပါနော်။

သူများနဲ့ ဆန့်ကျင်ဖက်လုပ်မှ၊ သူများနဲ့မတူအောင်လုပ်မှ ထူးမယ်ဆိုပြီးတော့ သူများက ကောင်းတဲ့စိတ် ထားမွေးတာ ကိုယ်က သူများနဲ့ဆန့်ကျင်ဖက် မကောင်းတဲ့စိတ်ထား မွေးမယ်ဆိုရင်တော့ ထူးပါဦး မလား။ ထူးတော့ထူးတယ်။ ဒါပေမယ့် မကောင်းသော ထူးခြင်းနဲ့ထူးတာပေါ့။

မှတ်ချက်။

ဆရာတော်အရှင်ဆန္ဒာဓိက၏ ထူးမှထူး စာအုပ်ကို ကိုယ်တိုင်ဖတ်ရှုမှတ်သားကာ ကျွှန်တော်၏မိတ်ဆွေများ မှတ်သားနာယူကျင့်ကြံစေခြင်းအလို့ ဌာ ကုသိုလ်ဖြစ် ပြန်လည်မျှဝေဖော်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ။

Htoo Tint Naing
1:02 am
10-11-2011

Leave a Reply