HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်



ပြိုလဲမသွားနိုင်တဲ့…
ကျောက်သားကျောက်တိုင်...။
စီးဆင်းမှု ရပ်ဆိုင်းမသွားနိုင်တဲ့…
မြစ်နဒီပြာ...။
ထာဝစဉ် အုပ်မိုးပေးထားတဲ့…
ကောင်းကင်တစ်ခု...။
ပျောက်ဆုံးမသွားနိုင်တဲ့…
မဟာစကြ၀ဠာ...။
အဲဒါ … မိခင်နဲ့ ဖခင်ပဲ...။

ဦးဘုန်း(ဓာတု)

မိသားစု... အဓိပ္ပါယ်လေးက အရမ်းလှပါတယ်... မိဘ၊ သားသမီး၊ စုစုစည်းစည်း ပျော်ပျော်ရွှင်ရွှင် နေထိုင်းသွားခြင်းတဲ့...

လူတစ်ယောက်ဟာ ဘယ်လောက်ပဲ တော်ပါတယ် တတ်ပါတယ် အဆင်ပြေပါတယ် ပျော်ရွှင်ပါတယ်
နေကောင်းကျန်းမာပါတယ် ငွေချမ်းသာပါတယ် စသဖြင့် ဘယ်လောက်ပဲ အရာရာအဆင်ပြေချောမွေ့နေပါစေ... နွေးထွေးစွာ ကြိုဆိုမဲ့မိသားစု နွေးထွေးစွာ ဆက်ဆံမဲ့အသိုင်းအ၀ိုင်း မရှိရင်ဖြင့်တော့ အဲ့ဒီလူတစ်ယောက်ရဲ့ဘ၀ဟာ ပြီးပြည့်စုံမှာမဟုတ်ပါဘူး... တခြားသူတွေတော့ မပြောတတ်ဘူး ကျွန်တော်ကတော့ ကျွန်တော့်စိတ်ချမ်းသာမှုကို ကျွန်တော်ချစ်တဲ့ မိသားစုနဲ့ပဲ အဓိကတိုင်းတာတယ်... မိသားစုပျော်ရင် ကျွန်တော်ပျော်နေတယ် မိသားစု စိတ်ညစ်စရာရှိရင် ကျွန်တော်စိတ်ညစ်တယ်... မိသားစု ဆိုတာ ခွဲထွက်လို့မရ စကောင်းတဲ့လူ့အဖွဲ့အစည်းတွေထဲက နံပါတ်တစ်အရေးအကြီးဆုံး အဖွဲ့လေးပဲ... ကျွန်တော်လူမှန်းသိစကတည်းက ကြုံဆုံလာခဲ့တဲ့ ဘ၀တွေမနည်းလှပါဘူး... ကိုယ့်အောက်ကြည့်ရင် ကိုယ့်ထက် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတဲ့လူ... ကိုယ့်အထက်ကြည့်ရင် ကိုယ့်ထက် စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်နေတဲ့လူတွေ အများကြီးတွေ့ဖူးတယ် တွေ့နေတယ်... အဲ့ဒီထဲကမှ ကျွန်တော်ဟာ ငွေမချမ်းသာပေမယ့် စိတ်ချမ်းသာတဲ့ဘ၀ကို ရနေတယ်... အဲဒါကြောင့်ကိုယ့်အပေါ်ကလူတွေကို သိပ်မကြည့်ဖြစ်တော့ ဘူး... ဘာလို့လဲဆိုတော့ သူတို့တွေလို နေရထိုင်ရမယ် ကိုယ်စိတ်နှစ်ပါးချမ်းသာမယ် နေမလားဆိုပြီး မေးလာခဲ့သည် ရှိရင်တောင်မှ အဖြေက လုံးဝမနေဘူးပဲ ဖြေမိမှာပါ... ဘာလို့လဲဆို ကျွန်တော်အပေါ်မှာပြောထားတယ်လေ... ကျွန်တော့်စိတ်ချမ်းသာမှုကို ကျွန်တော်ချစ်တဲ့ မိသားစုနဲ့ပဲ အဓိကတိုင်းတာတယ်ဆိုတာ...

အမေ... အထူးသဖြင့် ကျွန်တော့်အမေ... စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိနေဖို့ အမြဲဂရုစိုက်တယ်... ကျွန်တော် အခုရေးတဲ့ မိသားစုဆိုတဲ့ အခန်းကဏ္ဍမှာ ကျွန်တော့်အမေ (၁၀၀) ရာခိုင်နှုန်းပါတယ်... အဲဒါကြောင့် ကျွန်တော့်ကို ကျွေးမွေးပြုစု စောင့်ရှောက်လာခဲ့တာ အခုဆို ၂၈ နှစ်ပြည့်ပြီ... လူမှန်းသူမှန်းမသိ ဘာဆိုဘာမှနားမလည်တဲ့အရွယ်ကတည်းက ဆိုးချင်တိုင်းဆိုးခဲ့တဲ့ ကျွန်တော့်ဘ၀အချိန်ကာလ နည်းတာမဟုတ်ဘူး... ကိုယ့်အပေါ် မိခင်မေတ္တာအပြည်နဲ့စောင့်ရှောက် ခဲ့တာ ၂၈ နှစ်... ကိုယ့်ဘက်က သိတတ်တာမှ ၅ နှစ်လောက်ရှိသေးတယ်... ဒါကို မာန်တက်ချင်လို့ရမလား... မိဘအပေါ် သိတတ်ပါတယ်လို့ လက်မထောင်ချင်လို့ရနိုင်ပါ့မလား... ကိုယ်စိတ်ချမ်းသာဖို့ ၂၈ နှစ်လုံး အမေက လုပ်ပေးခဲ့ပြီးပြီး ကိုယ့်အမေအတွက် ၅ နှစ်တာ ကာလလေးလောက် ပြန်ကြည့်ပေးနိုင်သေးတာကိုပဲ ကိုယ့်ဖာသာ အားမရနိုင်သေးဘူး...

တစ်ချို့က တကယ်ကိုမေးကြတယ် သူငယ်ချင်းတွေရော သိပ်မရင်းနှီးသေးတဲ့လူတွေရောပေါ့... မင်းအဲလောက်တောင်ပဲလားတဲ့... မင်းအမေကို အဲ့လောက်ကြောက်သလား... ဒါမှမဟုတ် အဲလောက်ချစ်သလားပေါ့... စဉ်းစားကြည့်ကြပေါ့... မိဘဆိုတာ လက်ဦးဆရာပါ... ကျောင်းတက်ချိန်တုန်းက ကျောင်းက ဆရာဆရာမတွေတောင် တုန်နေအောင် ကြောက်ခဲ့ဖူးပြီးမှ မိဘကိုကြောက်သလား မေးတာဟာ မမေးသင့်တဲ့ မေးခွန်းလို့ပဲ ဖြေပါရစေ... တစ်ချို့ကလည်း မိဘဆိုတာ ကြောက်စရာမဟုတ်ဘူး ချစ်စရာပါတဲ့... မှန်ပါတယ်... အကြောက်တရားကြောင့် ရိုသေချစ်ခင်စိတ်ဖြစ်လာရတာပါလို့ပဲ ရိုးရှင်းစွာတွေးကြည့်ပါလို့ တိုက်တွန်းပါတယ်... အဲလောက်တောင် ချစ်သလားဆိုတဲ့မေးခွန်းကို မဖြေပါဘူး... ကျွန်တော် အဲ့လောက်မအားလို့ပါ...

အပေါ်က ကဗျာလေးကိုလည်း သေချာဖတ်ကြည့်စေချင်ပါတယ်ဗျာ... ကျွန်တော်လည်း အဲ့ဒီကဗျာလေးဖတ်ပြီး တော်တော်ကို သဘောကျလို့အလွှတ်ကိုကျက်ထားပါတယ်... ဦးဘုန်း(ဓါတု) ကိုလည်း Credit ပေးပါတယ်... ဘယ်အရာမျှ မမြဲပါဘူး... မမြဲသောလောကကို အံတုပြီးရေးထားတဲ့ မိဘမေတ္တာ ကဗျာ စာစုလေးပါ... စဉ်းစားကြည့်မိတာက...

ပြိုလဲမသွားနိုင်တဲ့…
ကျောက်သားကျောက်တိုင်...။
စီးဆင်းမှု ရပ်ဆိုင်းမသွားနိုင်တဲ့…
မြစ်နဒီပြာ...။
ထာဝစဉ် အုပ်မိုးပေးထားတဲ့…
ကောင်းကင်တစ်ခု...။
ပျောက်ဆုံးမသွားနိုင်တဲ့…
မဟာစကြ၀ဠာ...။
အဲဒါ … မိခင်နဲ့ ဖခင်ပဲ...။

ရေ၊ လေ၊ မီး အစရှိတဲ့ ပျက်စီးရာ ပျက်စီးကြောင်း အကြောင်းတရားတွေနဲ့တွေ့ရင်တော့ ဘယ်ကျောက်တိုင်မဆို ပြိုလဲသွားမှာ အမှန်ပါပဲ... အချိန်ကာလတစ်ခုသာ စောင့်ကြည့်ရမှာပါ... ဒါပေမယ့် မိဘမေတ္တာအရင်းခံထားတဲ့ ကျောက်သားကျောက်တိုင် ကတော့ ဘယ်သောအခါမှ ပြိုလဲမသွားနိုင်ဘူးဆိုတာ ကျွန်တော်တို့ မိဘမေတ္တာခံယူနေတဲ့ သားသမီးအကုန်လုံး မြင်ကြသိကြ တွေ့နေကြမှာပါ...

မြစ်နဒီဆိုတာ ရေ တွေ ကမ်း တွေနဲ့ သဘာဝတရားကတည်ဆောက်ပေးထားတာပါ... စီးဆင်းမှု ရပ်ဆိုင်းဖို့ သဘာဝတရား ကြောင့်လည်းဖြစ်နိုင်သလို လူတွေကြောင့်လည်း မြစ်နဒီတစ်ခုလုံး ပျက်သုံးသွားနိုင်ပါတယ်... ဒါပေမယ့် မိဘတွေရဲ့ မေတ္တာရေချမ်းနဲ့မေတ္တာကမ်းတွေ ထည့်သွင်းစီးဆင်းစေတဲ့ မြစ်နဒီအနေနဲ့ကတော့ ရပ်ဆိုင်းခမ်းခြောက်မသွားနိုင်တဲ့ စီးဆင်းမှုတစ်ခု ဆိုတာအသေအချာပါပဲ...

တစ်တီတူးငှက်တွေက မိုးပြိုမှာကြောက်လို့ မိုးပြိုရင်ပြေးလို့လွှတ်အောင် မိုးကောင်းကင်ကိုကြည့်ပြီး ဇောက်ထိုးအိပ်ကြတယ်လို့ ဖတ်မှတ်ဖူးပါရဲ့... သူတို့အတွေးလေးကတော့ ထူးဆန်းတယ်... မပြိုပါဘူးလို့လဲ သွားရှင်းပြလို့ကမရ... မိုးတွေသည်းသည်းထန်ထန်ရွာပြီဆိုရင် မိုးပေါ်ကတိမ်တိုက်တွေ အားလုံးကုန်ပြီလားလို့ ကျွန်တော်လည်း ငယ်ငယ်တုန်းက ဥာဏ်နည်းနည်းနဲ့ စဉ်းစားခဲ့ဖူးတယ်... ဖြစ်ပျက် သဘော တစ်ချိန်ချိန်မှာ ကောင်းကင်တင်မကဘူး မဟာမြေကြီးလည်း ပျက်သုဉ်းသွားနိုင်တဲ့သဘော ခံစားသိမိပေမဲ့... ကျွန်တော်သိတဲ့ မိဘမေတ္တာကောင်းကင်တစ်ခုမှာတော့
ပြိုလဲချိန်ရှိမှာမဟုတ်ပါဘူးလို့ ငြင်းပါရစေ...

စကြာဝဠာ ဆိုတာကတော့ သိပ်ကျယ်ပြန့်လွန်းပါတယ်... စကြာဝဠာထဲမှာ တည်ရှိနေတဲ့ အရာပေါင်းများစွာတွေ စုစည်းထားလို့ စကြာဝဠာဆိုတာ ဖြစ်လာတာပါပဲ... အဲဒီထဲမှာ ကြယ်တွေကြွေတယ် ဥက္ကာပျံတွေ ကြွေကြတယ်... တစ်နေ့တစ်မျိုး မရိုးရအောင် ဖြစ်ပျက်ကိုယ်စီနဲ့ လှည့်လည်နေကြတယ်... မိဘမေတ္တာမှာ ကြယ်ကြွေခဲ့မယ်ဆိုရင်တောင်
အေးမျှစေခြင်း အလို့ငှာမှလွဲ၍ ကျန်တာမဖြစ်နိုင်ပါဘူးလို့ ခံယူရင်းနဲ့ပဲ... 

ကျွန်တော့်အသက် ၂၈ နှစ်ပြည့်မွေးနေ့လေးမှာ ဒီစာလေးနဲ့ ကျွန်တော်မိဘတွေရဲ့ မေတ္တာကိုမျှော်မှန်း ကန်တော့လိုက်ပါတယ်...

နှစ်တိုင်းကျွန်တော့်မွေးနေ့မှာ ကျွန်တော်ရေးတဲ့စာတိုင်းဟာ ကိုယ်တိုင်ခံစားရေးဖွဲ့တာချည်းပါပဲ... ဘယ်တော့မှ သူတပါးဆီကနေ အလကားကူးမချပါဘူး... ကူးချရင်လည်း Credit ပေးလေ့ရှိပါတယ်... ထို့ကြောင့် ကျွန်တော့်စာလေးတွေကိုလည်း တန်ဖိုးထားပြီးဖတ်စေချင်ပါတယ်ခင်ဗျာ... 

 (မှတ်ချက် ။            ။  သားအမိနှစ်ယောက် မွေးနေ့ မွေးရက် ဒီရက်မှာ တိုက်ဆိုင်ပါတယ်...)

(က)  အရှင်ဘုရား.. ဘာသာခြားများက မေးလာတဲ့မေးခွန်းကို သေချာဖြေနိုင်အောင် ကူညီပါဦးဘုရား။
သူတို့မေးတာက သရဲ တစ္ဆေတွေ ကိုယ်တိုင် အလှူအတန်း မလုပ်ပါဘဲ သာဓုခေါ်လိုက်ရုံနဲ့ ကွတ်လွတ် သွားရောလား၊ သာဓု ဆိုတာဘာလဲ။ အဲလောက်စွမ်းလား လို့ မေးကြတယ် ဘုရား၊တပည့်တော်မတို့က အခြောက်အလှန့်ခံရရင် အမျှပေးလိုက်ပါ .. သာဓုခေါ်ခိုင်းလိုက်ပါ လို့ ပြော ပြောနေကြတာကိုးဘုရား ..

(ခ) နောက်ပြီး တပည့်တော်မ သိချင်တာက မကောင်းဆိုးဝါးတွေ မနှောက်ယှက်အောင် အိမ်တို့ ကုတင်အိပ်ယာတို့ကို စည်းချတယ် ဆိုတာ ဘယ်လို လုပ်တာလဲ ဘုရား..
ကူးကူး
18 Oct 11

မေးခွန်း( က ) အနေနဲ့ ဘာသာခြားအနောက်နိုင်ငံသားများ နားလည်အောင် ပြောရရင်  ရှေးဦးစွာ ကံအကြောင်းကို လက်ခံပါမှ ဖြစ်နိုင် ပါမယ်၊ ကံတရားရဲ့ သဘောကလဲ လူတစ်ယောက် မှန်ကြည့် သလို ကိုယ့်ပုံရိပ်လှလှ ပေါ်စေချင်ရင် လှလှပြင်ရပြီး မလှခဲ့ရင် ပုံဆိုးပန်း ဆိုး ပေါ်စေမှာပါ။ ဗုဒ္ဓဘာသာဝင်များဟာ ကံကို ယုံကြည်ကြသူများမို့ အထူးဖြေရှင်းစရာ မလိုပေမယ့် သတိထား စရာက  အမျှပေးရာမှာလဲ သရဲ တစ္ဆေတွေက လိုလိုချင်ချင် ကျွတ်လွတ်ချင်တဲ့ စိတ်နဲ့ သာဓုခေါ်လိုက် ရင် ကျွတ် လွတ်နိုင်ကြပါတယ်၊

အမျှဝေခြင်း သာဓုခေါ်ခြင်း အဓိပ္ပါယ်

အမျှဝေခြင်း ဆိုသည်မှာ ကိုယ်လှူဒါန်းထားတဲ့ အလှူဒါနကို သူတပါးတို့အား  share မျှဝေခြင်းပါ၊ ဒါနကုသိုလ်ကံ   စေတနာစွမ်းအား ကြောင့် ကိုယ်က ပေးလိုက်လို့ လျော့သွားတယ် ဆိုတာ မရှိပါဘူး၊ သာဓုခေါ်ခြင်း ဆိုတာကတော့ သူတပါးကလဲ ကိုယ့်အလှူဒါနကို အားကျပြီး မုဒိတာပွား ၀မ်းမြောက်ကာ “ သာဓု သာဓု ကောင်းတယ် ကောင်းတယ်၊ အသင်အလှူရှင် အမျှဝေတာကို အကျွနုပ်ကလဲ ၀မ်းမြောက်စွာ ခံယူပါတယ်  ” ဆိုတဲ့ အဓိပ္ပါယ်ကို ရည်ညွန်းတယ်။  တစ္ဆေ သရဲတို့က အကူညီတောင်းလို့ အလှူဒါန လုပ်ပေးရင်လဲ လုပ်ပေးသူရော နာနာဘာဝတွေပါ ကုသိုလ်ရရှိပါတယ်၊ သူတို့မှာ လူတွေလို ကိုယ်တိုင် လှူဖို့ အခွင့်အရေး မရနိုင်တော့လို့ ပရလောကကို ရောက်ကာမှ နောင်တရကာ အကူညီတောင်းခြင်းသာ ဖြစ်တယ်။

မီးရောင် မျှဝေခြင်း ဥပမာ

စာပေတွေထဲမှာတော့ အမျှဝေတာဟာ အိမ်တအိမ်ကနေ အိမ်တအိမ်ကို ဖယောင်းတိုင်မီး ကူးယူခြင်း နှင့် ဥပမာပေးထားတယ်၊ ဖယောင်းတိုင် တတိုင်ပဲ ထွန်းထားတော့ အလင်းရောင် အားနည်းနေလိမ့်မယ်၊ နောက်ထပ် အများကြီး ပွားလိုက်ရင် တရပ်ကွက်လုံး တရွာလုံး လင်းထိန်သွားလိမ့်မယ်၊ ဒါပေမယ့် မူလ ပထမ ဖယောင်းတိုင်မှာလဲ အလင်းရောင် လျော့သွားတယ် ဆိုတာ မရှိဘူး။ ကုသိုလ် အကျိုး ဆိုတာကလဲ မီးကူး သလိုပဲ၊ အမျှပေးဝေသူမှာ ကုသိုလ်ဆုတ်ယုတ်သွားတယ် ဆိုတာ မရှိသလို သာဓုခေါ်ဆိုသူ ဘယ်လောက်ပဲ များနေပါစေ၊ ၀မ်းမြောက်ဝမ်းသာ ခေါ်ဆိုသူမှန်သမျှ ကုသိုလ်အကျိုးကို ခံစားရလေ့ ရှိတတ်တယ် …

မေတ္တာသံယောဇဉ်နှင့် နှိုင်းယှဉ်ခြင်း ဥပမာ

ဆိုပါစို့ မိသားစုတခုမှာ သားသမီးတယောက်ယောက် ဒီဂရီ များစွာနဲ့ စာမေးပွဲအောင်ရင် ဦးစွာပထမ ကာယကံရှင်ကိုယ်တိုင် ၀မ်း သာရတယ်၊ နောက်တော့ သူနဲ့ စပ်ဆက်နေတဲ့ မိဘတွေ၊ ဆွေမျိုးတွေ၊ မိတ်ဆွေသူငယ်ချင်းတွေအားလုံး ၀မ်းသာမှုကို ခံစားကြရ တယ်၊ အားမနာတမ်း အနောက်တိုင်းသားတွေလို ရုပ်ဝါဒီ ဆန်ဆန် ပြောရရင် စာမေးပွဲအောင်တာက ကိုယ်မှ မဟုတ်ပဲ၊ သူအောင်လို့ သူပျော်တာ ဘာမှ မဆန်းပေမယ့် တခြားသူတွေအပေါ် ပတ်ဝန်းကျင်အပေါ်မှာ အားလုံး ပျော်ရွှင်မှုတွေ ကူးစက်သွားတာဟာ မေတ္တာဆိုတဲ့ compassion ကြောင့်သာလျင် ဖြစ်တယ်၊

အမျှပေးဝေသူက စာမေးပွဲအောင်သူနဲ့ တူညီပြီး သာဓု ခေါ်သူက မေတ္တာကြောင့် တဆင့် ပျော်ရွင်မှု ရသူများနဲ့ တူတယ်၊ ဒါကြောင့် သာဓုခေါ်ဆိုသူဟာ ကိုယ်တိုင် မလှူရသော်လည်း မိမိသားသမီးတယောက်ယောက် စာမေးပွဲအောင်ရင် ကိုယ်ပါ ၀မ်းသာရ သလို မေတ္တာရဲ့ ဆက်နွယ်မှုအရ သူလဲ ရရှိခံစားနိုင်ပါတယ်။

ကိုယ်စား လုပ်ကာ အကူအညီပေးခြင်း ဥပမာ

နောက်တခုက  ကိုယ့် မိတ်ဆွေတယောက်၊ သူငယ်ချင်းတယောက် ချစ်သူတယောက် လုပ်ရမယ့် သူ့တာဝန်တွေကို အကြောင်း တခု ခုကြောင့်  သူကိုယ်တိုင် မအားလပ်သောအခါ ကိုယ်စားလုပ်ပေးလိုက်လို့ အဆင်ပြေသွား ခြင်းနဲ့ တူတယ်၊ ဘယ်သူလုပ်သည်ဖြစ်စေ အလုပ်ပြီးသွားဖို့ အဓိကပဲ မဟုတ်လား၊ ဒီမှာလဲ အမျှဝေသူ သည် ကိုယ်စားလုပ်ပေးသူနဲ့ တူပြီး သာဓုခေါ်သူကတော့ မအားလပ်လို့ အကူညီတောင်းသူနဲ့  တူတယ်။ ဒီနေရာမှာလဲ ကိုယ်စားလုပ်ပေးသူကြောင့် ကိစ္စပြီးရသလို သာဓုခေါ်ဆိုသူဟာလဲ ကိုယ်တိုင် မလုပ်ပေမယ့် ဒါနရဲ့ အကျိုးကို ခံစားနိုင်တယ်။

အပြုံးတခု ဖန်တီးခြင်း  ဥပမာ

ယနေ့ခေတ်လူမှုပတ်ဝန်းကျင်မှာ  လူတယောက်ကို ပြုံးပြခြင်းတခုရဲ့ အကျိုးသက်ရောက်မှု ကို ထိပ်တန်းရောက်နေသူ တိုင်း   အောင်မြင် ကျော်ကြားနေသူတိုင်း နားလည်ကြပါတယ်၊ အပြုံးတပွင့် ကြောင့် ဘ၀တဆစ်ချိုး ပြောင်းသွားသူတွေ၊ စီးပြားေ ရးေ အာင်မြင်နေသူတွေ အများကြီး ရှိနေပါတယ်၊

ကြင်နာမှု ခေါင်းပါးနေတဲ့ အနောက်နိုင်ငံများမှာ ကိုယ့်ဘက်က အပြုံးပေးလိုက်လို့ မထင်မှတ်တဲ့ ကိစ္စတွေ၊ အကျိုးရလဒ်တွေ ထွက်ေ ပါ် လာတာကို ပညာရှင်များရဲ့ အတ္ထုပ္ပတ္တိများကို ဖတ်ရတိုင်း ခံစားမိတယ်။ ဗုဒ္ဓဒေသနာများစွာ မှာလဲ မိဟိတပုဗ္ဗင်္ဂမာ  အဗ္ဘာကုဋိကာ - အပြုံးကို ရှေ့တန်း တင်ထားခြင်း၊ အမြဲ မျက်မှောင်ကျုံ့မထားခြင်း ဆိုတာ ရှိတယ်၊ လူမှုပတ်ဝန်းကျင်မှာ သိပ်လိုအပ်တဲ့ အရာပေါ့၊  သို့သော်လည်း အသက်မပါတဲ့ ဟန်ဆောင်အပြုံးကို မဆိုလိုဘူး၊ ကိုယ့်ဘက်က ပြုံးပြလိုက်လို့ အကျိုးယုတ်သွားတယ် ဆိုတာ မရှိနိုင် ပါဘူး၊
ဒီနေရာမှာ အမျှပေးတယ် ဆိုတာ ကိုယ့်ဘက်က ပြုံးပြခြင်းနဲ့ တူတယ်၊ တဖက်သားက သာဓုခေါ်တာကတော့ ကိုယ့်အပြုံးကို လိုလို ချင်ချင်လက်ခံခြင်းနဲ့ တူတယ်၊ ဒီတော့ နှစ်ဦးနှစ်ဖက် အကျိုးရှိစေတယ်ပေါ့၊ သာဓု မခေါ်ဘူး ဆိုရင်တော့ ကိုယ့်အပြုံးကို မသိကျိုးကျွန် ဥပေက္ခာပြုခြင်းနဲ့ တူတယ်၊  ကိုယ့်အပြုံးကြောင့် တဖက်သားမှာ စိတ်ချမ်းသာမှု ကြည်နူးနှစ်သိမ့်မှုကို ခံစားရသလို သာဓုခေါ်ဆိုသူဟာလဲ စိတ်ချင်းဆက်သွယ်မှု အရ ဒါန အကျိုးကို ခံစားနိုင်တာ ယုံမှားစရာ မရှိပါ။ ဒီဥပမာတွေကတော့ အမျှဝေခြင်း သာဓုခေါ်ခြင်းတွေကို နိုင်ငံခြားသားများ နားလည်အောင် ယှဉ်ပြတာပါ၊  သူတို့က ကံအကြောင်း တွေ၊ ဒေသနာတော်တွေ၊ နိဗ္ဗာန်တွေကို မသိသေးပဲ လက်မခံကြတာကြောင့် သူတို့ နားလည်နိုင်အောင် ရှင်းပြခြင်း ဖြစ်ပါတယ်။

တစ္ဆေ သရဲ ခြောက်လှန့်ခြင်း ရည်ရွယ်ချက်များ

၁။ တဖက်သားကို ပျော်စေချင်လို့၊ စနောက်ချင်လို့ ချောက်လှန့်ခြင်း၊
၂။ သူတို့ ရှိကြောင်း သိစေချင်လို့ အသိပေးခြင်း၊

၃။ ကိုယ့်ဘက်က သူတို့မကြိုက်တာ လုပ်ထားမိလို့ သူတို့က ပြန်လည်နှောက်ယှက် တုံ့ပြန်ခြင်း၊
၎။ နေစရာ စားစရာ မရှိလို့ လက်ရှိဘ၀က ကျွတ်လွတ်ချင်လို့ အပုတ်နံ့၊  အမွှေးနံ့သာနံ့၊ စသည်ပေးခြင်း၊ ကိုယ်ထင်ရှားပြကာ အကူ အညီတောင်းခြင်း၊

စသည်ဖြင့် များစွာရှိနိုင်ပါတယ်၊ ဒါတွေကို လူတွေက နားလည်မှုလွဲပြီး သရဲခြောက်တယ် တစ္ဆေခြောက်တယ် ဆိုတာတွေ ဖြစ်ကုန် ကြတယ်၊ တကယ်တော့ သူတို့ ဘ၀က သနားစရာ ကောင်းတယ်၊ လူတွေထက်လဲ ဘုန်းကံ နိမ့်ပါးပြီး စားရမဲ့ သောက်ရမဲ့ ဘ၀တွေမို့ ကြောက်စရာ မရှိပါ၊  ဒါပေမယ့် သူတို့က အကူညီလိုအပ်လို့ ကိုယ်ထင်ပြတာကို သရဲခြောက်တယ် လို့ ဘာသာပြန်လိုက် တော့ နောက်တကြိမ် ခြောက်လှန့်လိုက်၊ နောက်တကြိမ် အသိပေးလိုက်နဲ့ လုံးချာလည်နေကြတယ်၊
အခုခေတ် နိုင်ငံခြား တိုင်းပြည်များမှာ သူတို့ကို နည်းလမ်းကျကျ အမျှပေးဝေမယ့်သူ မရှိတာမို့ အဆောက်အဦးတိုင်း နေရာတိုင်း၊ လမ်း တိုင်း အထူးသဖြင့် သားငါးတွေ ရောင်းချတဲ့ ဈေးထဲမှာ ကြိတ်ကြိတ်တိုးပြီး သွားလာနေကြတယ် လို့ ဒေသနာများမှာ ဆိုပါတယ်။

နံပါတ် ၁၊ ၂၊ ၃ တို့အတွက် ကိုယ့်ဘက်က နေ့တိုင်း ဘုရားရှိခိုးပြီးတိုင်း ကုသိုလ်ကောင်းမှုတခုခု ပြုလုပ်ပြီးတိုင်း မေတ္တာပို့ပေးပြီး “ အကျွနုပ်နဲ့ ဘ၀သံသရာမှာ ကျင်လည်ခဲ့စဉ် မြင်ဖူး မမြင်ဖူးသောသတ္တ၀ါများ၊ ဆွေမျိုး တော်စပ် မတော်စပ်ဖူးသော ပရလောက မှ သတ္တ၀ါအားလုံးတို့အား အကျွနုပ်ပြုပြုသမျှ ကုသိုလ်ကောင်းမှုအားလုံးတို့၏ အဖို့ဘာဂကို  အမျှပေးဝေပါတယ် ” လို့ အမြဲတမ်း အမျှပေး ဝေနေရင်  လုံလောက်ပါတယ်။ သူတို့ သာဓုခေါ်လိုက ခေါ်ဆိုပြီး ကျွတ်လွတ်သွားနိုင်ကြပါတယ်။

ကိုယ်က မေတ္တာပေးရင် သူတို့ကလဲ အော် ဒီအိမ်ရှင်တွေက ငါတို့ကို တကူးတက မေတ္တာပို့ပေးတယ်၊  အမျှဝေပေးတယ် ငါတို့ကလဲ ပြန်လည်စောင့်ရှောက်ပေးမှပဲ ဆိုပြီး စီးပွားရေး လှုမှုရေးအစ အားလုံးကို စောင့်ရှောက်ပေးကြတယ်၊ နောက်ဆုံး ကိုယ့်မှာ အသက်အန္တရာယ် ကြုံလာရင်တောင် သူတို့က ကယ်တင်ပေးကြတယ်၊ အဲဒီလောက်အထိ အကျိုးများလှပါတယ်၊

နံပါတ်လေး အတွက်ကတော့ ကိုယ်က မကြောက်မလန့်စေပဲ ဘာအကူအညီ လိုအပ်သလဲ ၊ ဘာလုပ်ပေးရမလဲ စသည် မေးမြန်းပြီး အ၀တ်အစားလိုအပ်ရင် အ၀တ်အစားပေးလှူ၊ အစားအသောက် လိုအပ်နေရင် သံဃာတွေကို ဆွမ်းကွမ်းကပ်ခြင်း၊ ခဲဖွယ်ဘောဇဉ် များ လှူဒါန်းခြင်း၊စသည်လုပ်ပေးပြီး အကူအညီပေးသင့်တယ်၊

ခက်နေတာက သူတို့က ဘုန်းကံ နိမ့်ရှာလေတော့ လူတွေကိုလဲ လိပ်ပြာငယ်သူ၊ ကံနိမ့်နေသူတွေကိုပဲ ပြနိုင် ခြောက်နိုင်ကြတယ်၊ လူတိုင်းကို မချဉ်းကပ်နိုင်ဘူး၊ မခြောက်နိုင်ကြဘူး၊ လိပ်ပြာငယ်သူကိုမှပြမိတာကို  အပြခံရသူက သရဲခြောက်တယ် ဆိုပြီး ခေါင်းစဉ် တပ် လိုက် တော့ သူတို့ ရည်မှန်းချက်တွေ ပျက်ကုန်ရော ...

နားလည်မှုလွဲပြီး ကိုယ်က ဒေါသနဲ့ တုန့်ပြန်တယ်၊  အာဏာပြပြီး ခြိမ်းခြောက်ရင်တော့ ပါးကိုက်ရင် နားပြန်ကိုက်မယ် ဆိုပြီး သူတို့ ကလဲ ကမ္မဇိဒ္ဓိ အစွမ်းနဲ့ လူတွေကို သေစေအောင်၊ ရူးသွပ်အောင် စီးပွားပျက်အောင်၊ မိသားစုအတွင်း ပဋိပက္ခဖြစ်ပေါ် လာအောင်၊ ကျမ္မာရေးချို့ယွင်းကာ စိတ်ဆင်းရဲအောင် အမျိုးမျိုး တုန့်ပြန်တတ်ကြပါတယ်၊ ကာယကံရှင်ကို လုပ်လို့မရရင် မိသားစုထဲက ကံနိမ့်သူကို လုပ်တတ်ကြတယ်၊ လူဆိုတာကလဲ လူစိမ်းတယောက်ယောက် ဒုက္ခရောက်တယ်၊ နောက်ဆုံး သေဆုံးတယ်လို့ ကြားမိရင်တောင်  ဘာမှ မခံစားရပေမယ့် ကိုယ်နဲ့စပ်ဆက်သူတယောက် ဒုက္ခရောက်တာ ကြားမိရင်ပဲ  စိတ်ဆင်းရဲတတ်ကြတယ် မဟုတ်လား၊

အချို့သော နတ်တွေ ပရလောကတွေကို မယုံကြည်ပဲ ယုံကြည်သော်လည်းဘုရားသားတော် ရဟန်းဆိုတာ နတ်တွေ၊ နာနာဘာဝတွေကို အရေးပေးစရာ၊ လေးစားစရာ မလိုဘူး။ သူတို့က အောက်လူပဲ ဆိုပြီး ဘာကိုမှ မမှုပဲ လုပ်ချင်တာကို  တဇွတ်ထိုး လုပ်တတ်ကြသော ကျောင်းထိုင် ဘုန်းကြီးတွေတောင် ကံနိမ့်နေချိန်ဆိုရင် ပျံတော်မူကြတာကို ကြားဖူးပါတယ်။ ဒါကြောင့် ကမ္မ၀ါဖတ်တာတွေ နှင်ထုတ်တာတွေက မေတ္တာပို့ခြင်း၊ အမျှဝေခြင်းဖြင့် မရနိုင်တော့မှ နောက်ဆုံးအဆင့် အနေနဲ့ အသုံးပြု သင့်ပါတယ်။

စည်းချခြင်း အဓိပ္ပါယ်

စည်းချခြင်း ဆိုတာကတော့ ကလေးတယောက်ကို မိဘဖြစ်သူက ဒါ မလုပ်နဲ့၊ ဒါ မကိုင်နဲ့၊ ဒီအခန်းထဲ မ၀င်နဲ့ ဆိုပြီး အမိန့်အာဏာ သုံးကာ တားမြစ်ခြင်းနဲ့ တူတယ်၊
အိပ်ယာဝင်ခါနီး ကိုယ့်ရဲ့ ကုတင်ကို ဖြစ်စေ၊ အခန်းကို ဖြစ်စေ၊ တိုက်ခန်းကို ဖြစ်စေ နာနာဘာဝ ပရလောကမှ မည်သူမျှ ကိုယ့်ကို မနှောက်ယှက်စေရန် အတားအဆီး ပြုခြင်းကို စည်းချတယ် လို့ ခေါ်တယ်၊
တချို့က ပဋ္ဌာန်း( ၂၄ ) ပစ္စည်း ရွတ်ဆိုကြသလို တချို့က ရတနာသုံးပါးနှင့် စည်းချကြတယ်၊ ဘုရားဂုဏ်တော်တွေနဲ့လည်း ရွတ်ဆို ကာ ချလေ့ရှိပြန်တယ်၊  လူတိုင်း ကိုယ်အားသန်ရာ ပါးစပ်က နှုတ်တက်ရပြီး လွယ်တာကို ရွတ်ဆိုတာမျိုးလဲ ရှိတတ်ကြ တယ်၊ ဘာရွတ်ရမယ်၊ ဆိုတဲ့ စည်းကမ်းချက်ဒေသနာတော့ မရှိပါဘူး၊  ဘုရားရှင် လက်ထက်က ကလေးလေးတယောက် ရာဇဂြိုလ် မြို့ပြင်ဘက်က ဇရပ်တခုမှာ အိပ်နေတာကို ညပိုင်းမှာ မိစ္ဆာဒိဋ္ဌိ ဘီလူးနဲ့ သမ္မာဒိဋ္ဌိ အယူရှိတဲ့ ဘီလူးနှစ်ကောင် ရောက်လာတယ်၊

ရာဇဂြိုလ်မြို့ဟာ တောင်တန်းတွေ ငါးခု ကာရံထားတာကြောင့် ဘီလူး သဘက် ပြိတ္တာ သရဲစတဲ့ နာနာဘာဝတွေ သိပ်ပေါများတယ် လို့ ဆိုတယ်၊ အခုလဲ  မိစ္ဆာဒိဋ္ဌိ ဘီလူးက စားမယ်ပေါ့၊ သမ္မာဒိဋ္ဌိဘီလူးက မစားပါနဲ့ အဲဒီကလေးက ဘုရားကို အမြဲရှိခိုးနေတာ ၊မင်းစားရင် ဒုက္ခရောက်သွားမယ် လို့ တားသော်လည်း မရဘူး စားမှာပဲ ဆိုပြီး ကလေးလေး ခြေထောက်ကို သွားဆွဲလိုက်တယ်၊
ကလေးလေးကလဲ ဘုရားစာ ရွတ်နေကျဆိုတော့ ပါးစပ်က ယောင်ပြီး “ နမော ဗုဒ္ဓဿ ” ဆိုပြီး ရွတ်လိုက်တာ ဘီလူးကြီး ၀ုန်း ဆိုပြီး အဝေးကြီးကို လွင့်စင်သွားတယ် တဲ့၊ ဘုရားရှိခိုး အရှည်ကြီး မဟုတ်သေးဘူး၊  နမော ဗုဒ္ဓဿ ဆိုတဲ့ စကားနှစ်လုံးထဲပဲ ရှိသေးတယ်၊

ဒီနေရာမှာ ဘုရားဂုဏ်တော်ကျေးဇူးကြောင့် အသက်ဘေးက လွတ်တာကို သတိထားစေချင်တယ်၊ အကယ်၍ မဖြစ်မနေ စည်းချလိုတယ် ဆိုရင်တော့ ပဋ္ဌာန်း (၂၄ ) ပစ္စည်း၊ ဘုရားဂုဏ်တော် ( ၂ )မျိုးထဲက တမျိုးမျိုးကို ရွတ်ဆိုပြီး စည်းချနိုင်ပါတယ်၊ အဓိပ္ပါယ်ကတော့ ငါ ဒီနေရာ ဒီနေရာတွေကို စည်းချထားတယ် မင်းတို့ လာလို့ မရတော့ဘူး၊ နှောက်ယှက်လို့ မရတော့ဘူး လို့ ဆိုလိုတယ်။

စည်းချနည်း

ကိုယ်အိပ်တဲ့ ကုတင် ဆိုပါစို့၊ ကုတင်ခေါင်းရင်းအရပ်ကို လက်ညှိုးထိုးပြီး ဟေတု ပစ္စယော လို့ ရွတ်ဆိုလိုက်ပါ၊ ဒီလိုပဲ ခြေရင်းကို အာရမ္မဏ ပစ္စယော လို့ ရွတ်လိုက်ပါ၊  ဒီလိုနဲ့ အရှေ့ အနောက် တောင် မြောက်၊ အရှေ့ တောင်ဒေါင့်အရပ်၊ အရှေ့မြောက်ဒေါင့်အရပ် စသည်ဖြင့် ဒေါင့်လေးဒေါင့်၊ အထက်အရပ် အောက်အရပ် ပေါင်းလိုက်တော့ အရပ်ဆယ်မျက်နှာ အားလုံး စည်းချပြီးသား ဖြစ်သွားပါပြီ၊ ဘယ်နှစ်ခေါက် ရွတ်သည်ဖြစ်စေ နေရာ နှံ့စပ်သွားရင် လုံလောက်ပါတယ်။

ရှေးရှေးဆရာများကတော့ ပဋ္ဌာန်း ၂၄ ပစ္စည်းကိုပဲ စည်းချတာ များတယ်၊ သို့သော်လည်း ကိုယ်အားသန်ရာ ဘုရားဂုဏ်   တော် တခုခုကို ရွတ်ဆို စည်းချရင်လဲ အတူတူပါပဲ၊ ဘယ်နာနာဘာဝ ပရလောကသတ္တ၀ါတွေမှ မနှောက်ယှက်နိုင်ပါဘူး၊

 စည်းချတယ် ဆိုတာ အာဏာပြခြင်း တမျိုးမို့ ဆရာ့ဆရာများကတော့ အားမပေးကြဘူး၊ တကယ်တမ်း လိုအပ်လာမှ လုပ်သင့် တယ်လို့ ယူဆမိတယ်၊  အစဦးစွာ မေတ္တာပို့ခြင်း၊ အမျှဝေခြင်း လမ်းစဉ်ကသာ အကောင်းဆုံးနည်းလမ်း လို့ ဆိုပါရစေ .. မြတ်စွာ ဘုရား ရှင်နှင့်တကွ  အဂ္ဂသာဝကကြီးများ အစထားလို့  ယနေ့ခေတ် ဆရာတော် ကြီးများအဆုံး အစဉ်အဆက်အနေနဲ့ ခရီးတခု ကို သွားရင်ဖြစ် စေ ၊ နေရာဒေသ ပတ်ဝန်းကျင်အသစ်ကို သွားဖို့ ရှိရင်ဖြစ်စေ မေတ္တာကို ရှေးဦးစွာ ပို့လေ့ရှိကြပါတယ်၊ ကိုယ်သွားမယ့် လမ်း၊ ကိုယ်ရောက်မယ့်နေရာ စသဖြင့် လိုအပ်သလို စူးစူးစိုက်စိုက် ကြိုတင် ပို့လွှတ်လေ့ ရှိကြတယ်၊

သရဲ တစ္ဆေ ခြောက်ခံရတယ် ဆိုတာ အကုသိုလ်တွေ များများလုပ်ပြီး ကံနိမ့်ပါးနေသူမှ ဖြစ်တတ်တာမို့ ဂုဏ်တော်များ၊ ပဋ္ဌာန်းများ ရွတ်နေရင် စည်းချတယ် ဆိုတာ မလိုအပ်တဲ့ အရာတခုပါ။ မြတ်စွာဗုဒ္ဓ ဟောကြားထားခဲ့သော ဒေသနာတော်များဟာ ဣစ္ဆာသယ ပတ္တမြားနှင့် တူပါတယ်၊ တကယ်လိုအပ်လာလျင်  လိုသလို အသုံးချနိုင်ကြပါတယ်၊  မိမိဥာဏ်ရှိသလို အသုံးချနိုင် ကြပါစေ လို့ သာ ဖြေကြားလိုက်ပါသည် ..

 မေတ္တာဖြင့်

အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
http://www.dhammayaungchi.com/
Date. 21.Oct.2011


ဘာပဲဖြစ်ဖြစ် မာမားလိုချင်နေတဲ့ ပစ္စည်းလေးတစ်ခု လက်ဆောင်ပေးနိုင်ခဲ့တာကိုက ဒီနှစ် မာမားမွေးနေ့အတွက် အမှတ်တရပါပဲ...

HAPPY BIRTHDAY !!! MOM...

 
စုန်းကဝေနဲ့ပတ်သတ်ပြီး ယုံကြည်ရခက်နေတယ်။ ရှိမရှိကို သိချင်တယ်ဆိုပြီး ဦးဇင်းကို ပို့စ်တင်ပေးပါရန် တောင်းဆိုလာကြတဲ့အတွက် ဦးဇင်းလေ့လာမိသလောက်လေးကို မိမိအချိန်ထဲကနေ အများအတွက် ရေးသားတင်ပြပေးလိုက်တာပါ။

မြတ်ဗုဒ္ဓမိန့်ကြားခဲ့တဲ့ ပါဠိတော်ထဲမှာတော့ ဦးဇင်းမှတ်သားဖူးသလောက်ပြောပြရမယ်ဆိုရင် ၀ိနည်းမဟာဝါ (၀ိ-၁-၂၉၉)မှာ ရဟန်းတစ်ပါးဟာ ဃရဒိန္နကာဗာဓ-ခေါ် စုန်းမက ချစ်ခင်လို့ ဆေးပေးတာကို စားမိခဲ့ပါတယ်။ အဲဒီလို စားမိခဲ့လို့ ရဟန်းစုန်းပြုစားခံရတာကို မြတ်စွာဘုရားကသိတော့ သီတာလောဠိ (ထွန်သွားတွင်ကပ်ကျန်နေသော မြေကြီးခဲ)ကို ဖျော်ပြီး စုန်းပြုစားခံရတဲ့ ရဟန်းကို သောက်ခိုင်း လိုက်တာ ပျောက်ကင်းခဲ့တယ်လို့ ပါရှိပါတယ်။

အဲဒီတော့ စုန်းဆိုတာ တကယ်ရှိတယ်ဆိုတာကို လက်ခံရဖို့ကတော့ သေချာနေပါပြီ။ စုန်းဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတော့ လူသားဖြစ်ပြီး အရင်ဘ၀က ကမ္မသိဒ္ဓိအစွမ်းပါရှိတာကို မကောင်းတဲ့ဘက်မှာ အသုံးချတတ်တဲ့လူမျိုးပါ။ လူတိုင်းမှာတော့ သူ့အစွမ်းနဲ့သူ ပါရှိကြပါတယ်။ တချို့က ဉာဏ်စွမ်းကောင်းပြီး တချို့က ကံအစွမ်းကောင်းသလို တချို့ကျတော့လည်း ဖြတ်ထိုးဉာဏ်ကောင်းကြတဲ့ အစွမ်းသတ္တိလေးတွေ လူတိုင်းကိုယ်စီမှာ ရှိကြပါတယ်။ တချို့ကျတော့လည်း မိမိမှာ အစွမ်းသတ္တိပါတာကို အသုံးမချမိလို့ မသိတာမျိုးရှိသလို အသုံးမချတတ်လို့ အသုံးမကျတာမျိုးလည်း ရှိနေပါတယ်။ ဥပမာ-မိမိခါးလောက်ရှိတဲ့ အမြင့်ကို ပုံမှန်ချိန်မှာ ခုန်မတတ်နိုင်ပေမဲ့ သေဘေးနဲ့ရင်ဆိုင်ရတဲ့အခါမျိုးမှာ ခုန်ကျော်လွှားနိုင်တဲ့ အစွမ်းသတ္တိမျိုးပေါ့။

အဲဒီလိုပါပဲ မွေးရာပါကမ္မသိဒ္ဓိအစွမ်းပါတဲ့ မိန်းမများဟာ သူတို့သာမာန်ချိန်မှာတော့ သူတို့မှာပါလာတဲ့ စုန်းပညာကို အသုံးမချတဲ့အတွက် မသိဘဲဖြစ်နေတတ်ပေမဲ့ သူတို့တစ်ယောက်ယောက်ကို လုပ်ကြံချင်တဲ့အခါမျိုးမှာ ပေါ်ထွက်လာပါတယ်။ အဲဒီလိုပေါ်ထွက်လာတဲ့နောက်ပိုင်းမှာတော့ သူတို့စုန်းပညာ ပါတယ်ဆိုတာသိပြီး သူများကို ဒုက္ခပေးနိုင်တယ်ဆိုတာ သိသွားလို့ သူတို့တစ်ယောက်ယောက်ကို မကျေနပ်တဲ့အခါ အဲဒီလူရဲ့ ဘုန်းကံနိမ့်ချိန်မှာ စောင့်မျှော်လုပ်တတ်သလို မိမိလုပ်ချင်တဲ့သူကို တစ်ခုခုသော အစားအစာကျွေးပြီးလုပ်တာမျိုးလည်း ရှိပါတယ်။

စုန်းပညာတစ်ခါလုပ်ဖူးလို့ စုန်းပညာတတ်တယ်ဆိုတာသူကိုယ်သူ သိတဲ့လူဆိုရင် အဲဒီလူရဲ့ မျက်စိကိုကြည့်တဲ့အခါ သူ့မျက်စိကိုကြည့်တဲ့လူရဲ့ ခန္ဓာကိုယ်ဟာ စောက်ထိုးပြောင်းပြန်ပေါ်နေတယ်လို့ ဦးဇင်းကြားဖူးပါတယ်။ အဲဒီတော့ စုန်းပညာတတ်တဲ့လူဟုတ်မဟုတ်ကို သူ့မျက်စိစိုက်ကြည့်ပြီး စမ်းသပ်နိုင်သလို စုန်းအလုပ်ခံရပါကလည်း မြတ်ဗုဒ္ဓပေးခဲ့တဲ့နည်းလမ်းအတိုင်း သီတာလောဠိ (ထွန်သွားတွင် ကပ်ကျန်နေသော မြေကြီးခဲ)ကို ဖျော်ပြီး စုန်းပြုစားခံရတဲ့လူကို တိုက်ကျွေးရင် ပျောက်ပါလိမ့်မယ်။ ဒါဟာ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း သွေးသားများရင်းပြီး ရရှိလာခဲ့တဲ့သဗ္ဗညုတဉာဏ်နဲ့ကြည့်ပေးခဲ့တဲ့ဆေးမို့ အစွမ်းထက်မယ်ဆိုတာတော့ အကြွင်းမဲ့ ယုံကြည်သင့်ပါတယ်။

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသဆို သဗ္ဗညုတဉာဏ်နဲ့ကြည့်ပေးခဲ့တဲ့ဆေးက မှန်ဘီးလူနဲ့ကြည့်ပြီးပေးတဲ့ အင်္ဂလိပ်ဆေးထက် အစွမ်းထက်တယ်ဆိုပြီး မြတ်ဗုဒ္ဓနည်းပေးခဲ့တဲ့ နွားကျင်ငယ်ရေနဲ့ ဖန်းခါးသီး၊ ဇီးဖြူသီးများစိမ်ပြီး ဆေးအဖြစ် မှီဝဲခဲ့အတွက် ဘာကျန်းမာရေးမှ မဖောက်ပြန်ဘူးလို့ မှတ်သားခဲ့ရပါတယ်။

အဲဒီတော့ စုန်းကဝေနဲ့ပတ်သတ်ပြီး အကျဉ်းချုပ်ပြောချင်တာက မြတ်ဗုဒ္ဓကိုယ်တိုင်မိန့်ခဲ့တာကိုထောက်ပြီး စုန်းကဝေဆိုတာ တကယ်ရှိပါကြောင်း၊ စုန်းအတတ်ပညာရှိမရှိကို ဦးဇင်းပြောသလို စမ်းသပ်ကြည့်ရှု့လို့ ရပါကြောင်း၊ စုန်းလုပ်ချင်တဲ့လူဟာ သူပြုစားချင်တဲ့လူကို အနီးကပ်အနေနဲ့ အစားအစာကျွေးလုပ်နိုင်သလို အနီးကပ်မရပါက အဝေးကနေပြုစားနိုင်အောင် ထိုသူရဲ့ ဘုန်းကံနိမ့်ချိန်ကို စောင့်ဆိုင်းလုပ်တယ်ဆိုတာ သိဖို့လိုပါကြောင်း၊ တကယ်လို့ မိမိက စုန်းပြုစားတာ မခံချင်ဘူးဆိုရင် ဘုန်းကံနိမ့်စေတဲ့ မကောင်းမှုအကုသိုလ်များမှ ရှောင်ကြဉ်ကာ သူတစ်ပါးကျွေးတာကို ယုံကြည်မှုရှိမှ စားသင့်ပါကြောင်း၊ အကြောင်းမသင့်လို့ စုန်းပြုစားခံခဲ့ရရင်လည်း မြတ်ဗုဒ္ဓပေးခဲ့တဲ့နည်းအတိုင်း ဖြေရှင်းလို့ရတယ်ဆိုတာတွေကို မှတ်သားထားကြပါလို့ပဲပြောရင်း ဦးဇင်းသိသမျှ အသိပညာဗဟုသုတများကို ဒီမှာပဲ ဒီမေးခွန်းအတွက် ရပ်နားပါရစေ။

ဆရာတော်အရှင်ကောမလ(ခ)ဆန်နီနေမင်း

ဘာမှထပ်ပြီးဖြည့်ပြောစရာမရှိပါ... ဘယ်သူလက်ခံခံ လက်မခံခံ ကျွန်တော် ဆရာတော်ဦးဝီရသူနဲ့တကွ ယခုလို ဘာသာသာသနာအတွက် အသက်ဘေးကိုမမှုပဲ ကြိုးစားအားထုတ်ပေးနေကြတဲ့ သံဃာတော်များအားလုံးနဲ့ လူပုဂ္ဂိုလ်အားလုံးကို ရိုသေလေးစားမိပါတယ်...။

http://www.dhammavideo.com/media/4907/1/ <<< ဓါတ်ပုံကို ဒီနေရာမှကူးယူဖော်ပြပါသည်...။



ကျေးဇူးတင်ပါတယ်...

ဇင်မျိုး...



ငရဲသတ္တ၀ါ ချိုတူးဇော် (မိန်းမကိုးကွယ်သူ)

(ချိုတူးဇော် ပြောစကား)
ဆရာတော်တွေက သာသနာအတွက် လုပ်ကြပါသတဲ့လား. . .
သံဃာ ဆိုတာ သံဃာအလုပ်လုပ်ရင် ဘာမှကို အပိုလုပ်စရာမလိုဘဲ သာသနာစည်ပင်ထွန်း
ကားတယ်ဗျ။ သေချာ လေ့လာဦး။စွန်းလွန်းဆရာတော်ဦးက၀ိ ဘာမှ မသိဘူး ဖေါင်းတယ်၊ ပိန်တယ်၊
အာနာပါန ၀င်တယ်ထွက်တယ် ပဲ ဒုံးဒုံးချ လုပ်ခဲ့တာ။ရဟန်းကိစ္စ ပြီးတော့ ၃၁ ဘုံ ဒိုးယိုးပေါက်မြင်ရ၊
ရှိရှိသမျှ နတ်ဗြဟ္မာတွေ က လူ့ပြည်မှာ ရဟန္တာတပါး ပွင့်တယ် ဟေ့ လာဖူးကြလို့ အော် ကာ ခြံရံလာပါသတဲ့။သာသနာ ကို တကယ် ထွန်းကားစေလိုတဲ့ သံဃာမှန်သမျှအမှန်တကယ်
အားထုတ်ရမှာဘာလဲ ရှင်းပါတယ်နော်။

(ထက်နေခ ဖြေစကား)
ငုတ်တုတ်ထိုင် ပိန်ဖောင်း အာနာပါနပွားများရုံနဲ့ သာသနာစည်ပင်တယ်လို့ ပြောရဲလောက်တဲ့ပါးစပ်
မျိုးအခုမှ တွေ့ဖူးတယ်..။ဘာသာရေးအသိက သူငယ်တန်းအဆင့်ထက်မကျော်ဘူးဆိုတာ သိသာတ
ယ်...။သာသနာ စည်ပင်ထွန်းကားဖို့ဆိုတာ တရားပြသူ တရားနာသူ ဆရာဒါကာရှိဖို့လည်းလိုတယ်
ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဒ သုံးရပ်ပြည့်စုံဖို့လည်းလိုတယ်...။ပိန်းဖောင်း အာနာပါနနဲ့သာ သာသနာ
စည်ပင်ထွန်ကားမယ်ဆို မြတ်စွာဘုရားရှင်းကိုယ်တိုင် (၄၅)၀ါဘယ်အပင်ပန်းခံခဲ့မလဲ....။အပင်ပန်းမခံ
ခဲ့ရင်လည်း ဒီနေ့ ဗုဒ္ဒဘာသာဆိုတာလည်း ရှိလာနိုင်မယ်မထင်ပါဘူး...။သူ့တပည့်သား သံဃာထုကို
လည်း..ချစ်သားတို့ အာနာပါနသာ အားထုတ်ကြ သာသနာစည်ပင်လိမ့်မယ်လို့ ဟောခဲ့လိမ့်မယ်
ထင်ပါတယ်..။တော်တော်လေး လွဲနေတဲ့အမြင်ပါ..။တန်ခိုးတော်အနန္တပိုင်ရှင် မြတ်စွာဘုရားတောင်
ကျွတ်ထိုက်သူ ဘာသာရေးအသိအမြင်မရှိသူကို မိုင်ထောင်ချီဝေးတဲ့အရပ်ထိ ခြေလျင်ခရီးဖြင့်
ဟောပြောဆုံးမဖို့ ကြွရောက်ပါတယ်...။ချိုးတူးဇော်.....။

ငုတ်တုတ်ထိုင်နေရုံနဲ့ စည်ပင်တဲ့သာသနာဆိုတာ မိစ္ဆာဒိဋ္ဌိသာသနာတောင်မရှိပါဘူး ရှင်းပါတယ်နော်


(ချိုတူးဇော်ပြော စကား)
မြင်အောင်ကြည့်ပါ။ပရဟိတ လုပ်တာ ဗုဒ္ဓသံဃာမှ မဟုတ်ဘူး။ ဘာသာတိုင်း လုပ်နိုင်တယ်။
မာသာထရီဆာ ထက် လုပ်နိုင်ဦးမလား။လှူတာ တန်းတာ ဗုဒ္ဓသံဃာမှ မဟုတ်ဘူးဘီလ်ဂိတ်လည်း
လုပ်တယ်။ဟောတာ ပြောတာ၊ လောကီရေး လူမှုဖွံ့ဖြိုး တိုးတက်ရေး မှာ ၀င်ဆုံးမ တာ ဗုဒ္ဓသံဃာမှ မဟုတ်ဘူး၊ဖရန့်စစ်ဖူကူးယားမား ကအစ၊ကာတွန်းအော်ပီကျယ် အဆုံးလုပ်နိုင်တယ်။

(ထက်နေခ ဖြေစကား)
မြန်မာပြည်မှာ မာသာထရီဇာလည်း မရှိဘူး..။ရှိရင်လည်း သူ့သာသနာအတွက် သူလုပ်မှာပဲ
ဖရန့်စစ်ဖူကူးယားမား လည်းမရှိဘူး...။ရှိရင်လည်း ပါတီထောင်ပြီးမဲရဖို့ လုပ်လိမ့်မယ်..။ဆိုလိုတာက
ကာတွန်းအော်ပီကျယ် တစ်ယောက်တည်းလည်း မစွမ်းဆောင်နိုင်တဲ့ လုပ်ငန်းဖြစ်နေလို့ပါပဲ..။
ဘာကြောင့်လဲဆိုရင် ချိုတူးဇော်လို ကိုယ့်ဘက်မပါရန်သူသတ်မှတ်တတ်သူတွေပေါများတဲ့ နိုင်ငံဖြစ်
နေပြီး....။အကျိုးမအောင်ရင် ညောင်မြစ်ပါတူးချင်တဲ့ အတ္တ၀ါဒီသမားတွေကြောင့်လဲ သင်္ကန်းဝတ်
ထားပေမဲ့ ရင်မအေးနိုင်ရှာတဲ့ သံဃာ့ထေရ်ကြီးတွေကိုယ်တိုင် တိုင်းပြည်အရေးကို ပါနေရခြင်းဖြစ်
ပါတယ်...။မာသာထရီဇာဖြစ်ဖြစ် ဖရန့်စစ်ဖူကူးယားမားဖြစ်ဖြစ် တစ်ယောက်ယောက်က ဗုဒ္ဒဘာသာ
အဖြစ်နဲ့ မြန်မာပြည်မှာရှိနေပြီး ပါတီမထောင် ကိုယ်ကျိုးမဖက် သမ္မတနေရာမမက်ပဲ တိုင်းပြည်ရေး
သာစေတနာထားမဲ့သူရှိရင် ဒီသံဃာတော်တွေဟာ ချိုတူးဇော်ပြောသလို ဘေးကနေသာ သြ၀ါဒ
ပဲ ချီးမြငှ့်ပြီး တရားဘာဝနာကို အားထုတ်နေနိုင်ကြမယ်ထင်ပါတယ်...။အခုတော့.......။

တိုင်းရေးပြည်ရေးထက် သမ္မတအရေး ဦးစားပေးသူ...တိုင်းရေးပြည်ရေးထက် ပါတီရေး ဦးစားပေးသူ
တိုင်းရေးပြည်ရေးထက် ထမီကို အငမ်းမရရှစ်ခိုးသူ..ထိုသူတွေနဲ့ ဓားတ၀င့်ဝင့်နဲ့ ခေါင်းဖြတ်ဖို့ကြိုးစား
နေတဲ့ မိစ္ဆာဆိုး အန္တရာယ်တွေကြောင့် သံဃာထုမှာ လူထုအတွင်းသက်ဆင်းပါခဲ့ရပြန်လေတယ်..။
ဒါဟာလည်း သံဃာ့အလုပ်စာရင်းဝင်ကြောင်း ၀ိဋဋူဘဇာတ်တော်ကို ဟောကြားသော မြတ်စွာ
ဘုရား..အမျိုးအနွယ်ကိုစောင့်ရှောက်ဖို့ဟောကြားခဲ့တဲ့ မျောက်မင်းတရားတော်တွေဟာ မြတ်စွာ
ဘုရားနှုတ်တော်ထွက် စကားတွေပါပဲ ချိုတူးဇော် ရေ.....။

(ချိုတူးဇော် ပြောစကား)
ဗုဒ္ဓသံဃာ ကို ဗုဒ္ဓနဲ့ တတန်းထဲထားပြီး၊ တွေ့ရာနေရာမှာပုဆစ်တုပ် ဦးသုံးကြိမ်ချ ကန်တော့ဖို့
ရတနာသုံးပါးထဲ ထည့်ပြီး၊ကိုးကွယ်ဆည်းကပ်ဖို့က ဗုဒ္ဓသံဃာဂုဏ် ကိုဆောင်မှ၊ သံဃာ အလုပ်ကို
လုပ်မှပါဗျား။

(ထက်နေခ ဖြေစကား)
သံဃာဂုဏ်တော်ထဲမှာ ဘာသာရေးဟောပြောရင်၊တရားဟောရင် ၊သီလပေးရင်သံဃာ့ဂုဏ်ပုဒ်ကို
ပျက်ပျယ်စေသလား...။ဖြေပါဦး..။ချိုတူးဇော် ဗုဒ္ဒဘာသာဆိုရင် မင်းရဲ့မိဘဆွေမျိုးတစ်ဦးတစ်ယော
က်ရဲ့ နာရေးကို ဆရာတော် သံဃာတော်မပါပဲ သရဏဂုံကင်းကင်းနဲ့ သင်္ဂြိုလ်ရဲပါသလား...။သေ
လမ်းသွားတာတောင် သရဏဂုံနဲ့မှ သွားရဲတဲ့ လူမျိုးအတွက် ဟောပြောရေး ဘာသာရေးအသိအမြင်
ထည့်ပေးဖို့ကိစ္စမှာ သံဃာ့အလုပ်မဟုတ်ပေဘူးလား...။သံဃာတစ်ပါးကို မြင်ရုံနဲ့ သံဃာ့ဂုဏ်မရှိဘူး
လို့ တန်းပြီးစွပ်စွဲတဲ့ အရည်အချင်းဆိုတာ ဒိဋ္ဌိတက္ကတွန်းတွေမှာသာ ရှိပါတယ်...။လူ့ကျင့်ဝတ်ကို
တောင် မပြည့်စုံတဲ့သူက သံဃာဂုဏ်နဲ့မပြည့်စုံဘူးဆိုတဲ့စကားက ပေါ့ပျက်ရူးနှမ်းတဲ့လူရဲ့စကားပါပဲ.။

(ချိုတူးဇော် ပြောစကား)
ပညာ မရသေးတောင် သမာဓိ ရှိနေဖို့၊သမာဓိ မရှိသေးတောင် သီလ ၀ိသုဒ္ဓိ ဖြစ်နေဖို့။လိုပါ
သောကော။ဒေါသမောဟတွေ ပွားများရာ၊ ကျဉ်းမြောင်းသောလူမျိုးရေး၊ ဘာသာရေးတရားတွေ
ဟောပြောလှုံ့ဆော်နေရာ တွေက ဘယ်မှာလဲ သီလ၊ သမာဓိ၊ ပညာ။ရဲရဲ မေးပါတယ်။ ရဲရဲသာ ဖြေပါလေ။

(ထက်နေခ ဖြေစကား)
ကျနော်ထင်ပါတယ်..။ချိုတူးဇော်(၅)ပါးသီလလုံအောင်မထိန်းဘူးလို့...။ဆိုလိုတာက မြန်မာပြည်မှာ
ပိဋကတ်(၃)ပုံအာဂုံဆောင်ဆရာတော်တွေ ၀ိနည်းဓိုရ်ထေရ်ကြီးတွေ...ကျမ်းပြုဆရာတော်တွေအား
လုံးဟာ သီလ သမာဓိ ပညာအကြောင်းကိုလည်း ချိုးတူးဇော်ထက် ပိုသိပိုမြင်နိုင်ပါတယ်..။ဘာ
ကြောင့်လဲဆိုရင် ချိုတူးဇော်ဟာ အဘိဓမ္မာကိုလည်းမသင်ယူဖူး ၊သုတ္တန်ကိုလည်းမလေ့လာဖူး..။ဝိ
နည်းကိုလည်း မသင်ယူဖူးတစ်ယောက်မို့ပါ...။

ပြောလိုရင်းက စာသင်တဲ့ဆရာတစ်ယောက်မှာ စာတတ်ပါစေဆိုတဲ့ တပည့်အပေါ်ထားတဲ့ စေတနာ
ရှိရင် ဆရာတာဝန်ပြည့်စုံပါတယ်..သီလ သမာဓိပညာဆိုတာ သူ့ကိုယ်ပိုင် အရည်သွေးတစ်ခုပါ..။
သီလ သမာဓိ ပညာမရလို့ စာမသင်ရဘူးဆိုရင် ...ချိုတူးဇော်တစ်ယောက် စာမတတ်ဘူးဆိုတာ
အထင်အရှားဖြစ်နေမှာပါ...။ကဲ ချိုတူးဇော်ရေ........။

ဘာသာရေးနဲ့ ပါတီရေး မမှားပါစေနဲ့.....။ထမီတစ်တည်ကိုးကွယ်မှုလောက်ကို ကိုးစားရုံနဲ့
ပဋိစ္စသမုပ္ပါဒ်ကို ပျက်ရယ်မပြုပါနဲ့....။

မြန်မာပြည်မှာ နိုင်ငံရေးခုတုံးလုပ်မှ ထမင်းဝတဲ့တိုင်းပြည်မဟုတ်ပါဘူး....။လို့ သနားညှာတာစွာ
ပြောလိုက်ပါရစေ.....။

ထက်နေခ

(ကိုထက်နေခ ကိုဘယ်သူမှန်းမသိပါ... သူငယ်ချင်းတစ်ယောက်ဆီကရလို့ ပြန်တင်လိုက်တာပါ... ပညာသားပါပါ ဖြေဆိုသွားနိုင်တဲ့အတွက် လေးစားလို့ blog post တင်လိုက်တာပါ... ကိုထက်နေခ blog ရှိခဲ့ရင် ပေးကြပါ... Credit ပေးချင်လို့ပါခင်ဗျ... ရခိုင်ကိစ္စမှာကတည်းက ချိုးတူးဇော် ဆိုတဲ့လူဟာ ငါ့စကားနွားရ ပြောချင်ရာပြော ဖွချင်ရာဖွ ဘာမှ အတိအကျ မသိပဲ လျှောက်ပြောတတ်တဲ့ ငဖွ တစ်ယောက်ဖြစ်ကြောင်း ကျွန်တော်လည်း ရှင်းရှင်းလင်းလင်းကြီး သိခဲ့ရပါတယ်... အခု ဆရာတော်ဦးဝီရသူကိုလည်း ထပ်ဝေဖန်ပါတယ် ဝေဖန်တာမှ တရားလက်လွတ်တွေချည်းပါပဲ... သူဟာ လူမျိုးရေး ဘာသာရေး အစရှိတာတွေကို အသုံးချပြီး နိုင်ငံရေးလုပ်ချင်ယောင်ဆောင် အမြတ်ထုတ်ဖို့ ကြိုးစားနေသူလို့ ကျွန်တော်မြင်ပါတယ်...)

 
ရာဟုလာဆိုတဲ့ အမည်ကို ဗုဒ္ဓဘာသာအများ ရင်းနှီးပြီး ဖြစ်ကြမှာပါ။ သားတော်ရာဟုလာလို့လည်း သိနေကြပါတယ်။ ရာဟုလာ (၇)နှစ်သားအရွယ်မှာ မယ်တော်ရဲ့ ခိုင်းစေမှုနဲ့ အဖဘုရားထံမှာ လောကီအမွေ လာတောင်းတာကို ရှင်တော်ဗုဒ္ဓက လောကီအမွေ မပေးဘဲ လောကုတ္တရာအမွေ ပေးခဲ့ပါတယ်။ အရှင်သာရိပုတ္တရာ မထေရ်ကို ဥပဇ္ဈာယ်ပြုကာ ရှင်သာမဏေ ဖြစ်စေခဲ့ပါတယ်။ သာသနာ့ဘောင်မှာ ရောက်နေတဲ့ သားတော်ရာဟုလာကို မြတ်စွာဘုရားရှင်ဟာ ကြုံရင်ကြုံသလို ဆုံးမသြ၀ါဒ ပေးတော်မူခဲ့ပါတယ်။ ပိဋကတ်တော်မှာ ရာဟုလာနဲ့ ပတ်သက်တဲ့ ဟောကြားချက်များ၊ ဆုံးမသြ၀ါဒများ အများအပြား ရှိနေပြီး ဒီအထဲက အထင်ရှားဆုံးကတော့ ရာဟုလောဝါဒသုတ်ပဲ ဖြစ်ပါတယ်။ အသက်ပြည့်လို့ ရဟန်းငယ်ဘ၀ကို ရရှိလာတဲ့အခါမှာလည်း မြတ်ဗုဒ္ဓက အရှင်ရာဟုလာကို ဆုံးမသြ၀ါဒပေးကာ သင်ကြားဟောပြော ပေးတော်မူခဲ့ပါတယ်။ ထိုဟောပြောမှုတွေထဲမှာ စူဠရာဟုလောဝါဒသုတ်ကတော့ အရှင်ရာဟုလာကို အာသာဝေါကုန်ခမ်း ရဟန္တာအဖြစ်ကို ရောက်စေခဲ့တဲ့ သုတ်တော်ဖြစ်ပါတယ်။ ဒီသုတ်တော်မှာ မြတ်စွာဘုရားရှင်က အရှင်ရာဟုလာကို ဆပဉ္စကနည်းဖြင့် နှလုံးသွင်းနိုင်အောင် သွန်သင်ဟောကြားတော်မူခဲ့ပါတယ်။ စူဠရာဟုလောဝါဒသုတ်မှာ မြတ်ဗုဒ္ဓက အရှင်ရာဟုလာကို အမေးအဖြေသဘောနဲ့ တရားအနှစ်ကို ထုတ်ပြတော်မူခဲ့ပါတယ်။

မြတ်ဗုဒ္ဓ = ချစ်သား ရဟုလာ… စက္ခုပသာဒလို့ခေါ်တဲ့ မျက်စိအကြည်ရုပ်ဟာ မြဲသလော…၊ မမြဲသလော…
ရာဟုလာ = မမြဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲတဲ့ မျက်စိအကြည်ရုပ်ဟာ ဆင်းရဲသလော…၊ ချမ်းသာသလော…
ရာဟုလာ = ဆင်းရဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲဆင်းရဲ ဖောက်လွဲဖောက်ပြန် ဖြစ်တတ်တဲ့ မျက်စိအကြည်ရုပ်ကို ငါ့ဥစ္စာဟု တဏှာဖြင့်လည်းကောင်း၊ ငါဟု မာနဖြင့်လည်းကောင်း၊ ငါ့အတ္တလိပ်ပြာဟု ဒိဋ္ဌိဖြင့်လည်းကောင်း အလွဲလွဲ အချော်ချော် ရှုမျှော်သင့်သလော…၊ မသင့်သလော…
ရာဟုလာ = မသင့်ပါ မြတ်စွာဘုရား..

မြတ်ဗုဒ္ဓ = ချစ်သား ရာဟုလာ… ရူပလို့ခေါ်တဲ့ ရုပ်အဆင်းဟာ မြဲကုန်သလော…၊ မမြဲကုန်သလော…
ရာဟုလာ = မမြဲကုန်ပါ မြတ်စွာဘုရား..
မြတ်ဗုဒ္ဓ = ဒီမမြဲတဲ့ အဆင်းရုပ်ဟာ ဆင်းရဲသလော…၊ ချမ်းသာသလော…
ရာဟုလာ = ဆင်းရဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲဆင်းရဲ ဖောက်လွဲဖောက်ပြန် ဖြစ်တတ်တဲ့ အဆင်းရုပ်ကို ငါ့ဥစ္စာဟု တဏှာဖြင့်လည်းကောင်း၊ ငါဟု မာနဖြင့်လည်းကောင်း၊ ငါ့အတ္တလိပ်ပြာဟု ဒိဋ္ဌိဖြင့်လည်းကောင်း အလွဲလွဲ အချော်ချော် ရှုမျှော်သင့်သလော…၊ မသင့်သလော…
ရာဟုလာ = မသင့်ပါ မြတ်စွာဘုရား…

မြတ်ဗုဒ္ဓ = ချစ်သား ရာဟုလာ… စက္ခုဝိညာဏလို့ ခေါ်တဲ့ မျက်စိမှာမှီနေတဲ့ ၀ိညာဏ်


အမြင်ဓာတ်သဘောဟာ မြဲသလော…၊ မမြဲသလော…
ရာဟုလာ = မမြဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲတဲ့ မျက်စိမှာမှီနေတဲ့ အမြင်ဓာတ်သဘောဟာ ဆင်းရဲသလော…၊ ချမ်းသာသလော…
ရာဟုလာ = ဆင်းရဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲဆင်းရဲ ဖောက်လွဲဖောက်ပြန် ဖြစ်တတ်တဲ့ မျက်စိမှာမှီနေတဲ့ အမြင်ဓာတ်သဘောကို ငါ့ဥစ္စာဟု တဏှာဖြင့်လည်းကောင်း၊ ငါဟု မာနဖြင့်လည်းကောင်း၊ ငါ့အတ္တလိပ်ပြာဟု ဒိဋ္ဌိဖြင့်လည်းကောင်း အလွဲလွဲ အချော်ချော် ရှုမျှော်သင့်သလော…၊ မသင့်သလော…
ရာဟုလာ = မသင့်ပါ မြတ်စွာဘုရား…

မြတ်ဗုဒ္ဓ = ချစ်သား ရာဟုလာ…စက္ခုသမ္ဖဿခေါ် မျက်စိမှာမှီနေတဲ့ အတွေ့ဟာ မြဲသလော…၊ မမြဲသလော…
မြဲသလော…၊ မမြဲသလော…
ရာဟုလာ = မမြဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲတဲ့ မျက်စိမှာမှီနေတဲ့ အတွေ့ဟာ ဆင်းရဲသလော…၊ ချမ်းသာသလော…
ရာဟုလာ = ဆင်းရဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲဆင်းရဲ ဖောက်လွဲဖောက်ပြန် ဖြစ်တတ်တဲ့ မျက်စိမှာမှီနေတဲ့ အတွေ့ကို ငါ့ဥစ္စာဟု တဏှာဖြင့်လည်းကောင်း၊ ငါဟု မာနဖြင့်လည်းကောင်း၊ ငါ့အတ္တလိပ်ပြာဟု ဒိဋ္ဌိဖြင့်လည်းကောင်း အလွဲလွဲ အချော်ချော် ရှုမျှော်သင့်သလော…၊ မသင့်သလော…
ရာဟုလာ = မသင့်ပါ မြတ်စွာဘုရား…

မြတ်ဗုဒ္ဓ = ချစ်သား ရာဟုလာ… မျက်စိအတွေ့ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသမျှသော ခံစားမှု ဝေဒနာသဘော၊ မှတ်သားမှု သညာသဘော၊ ပြုပြင်စီရင်မှု သင်္ခါရသဘော၊ အထူးသိမှု ၀ိညာဏ်သဘော လို့ခေါ်တဲ့ နာမ်ခန္ဓာလေးပါး တရားအစုဟာ မြဲသလော…၊ မမြဲသလော…
ရာဟုလာ = မမြဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲတဲ့ မျက်စိအတွေ့ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ နာမ်ခန္ဓာလေးပါး တရားအစုဟာ ဆင်းရဲသလော…၊ ချမ်းသာသလော…
ရာဟုလာ = ဆင်းရဲပါ မြတ်စွာဘုရား…
မြတ်ဗုဒ္ဓ = ဒီမမြဲဆင်းရဲ ဖောက်လွဲဖောက်ပြန် ဖြစ်တတ်တဲ့ မျက်စိအတွေ့ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ နာမ်ခန္ဓာလေးပါး တရားအစုကို ငါ့ဥစ္စာဟု တဏှာဖြင့်လည်းကောင်း၊ ငါဟု မာနဖြင့်လည်းကောင်း၊ ငါ့အတ္တလိပ်ပြာဟု ဒိဋ္ဌိဖြင့်လည်းကောင်း အလွဲလွဲ အချော်ချော် ရှုမျှော်သင့်သလော…၊ မသင့်သလော…
ရာဟုလာ = မသင့်ပါ မြတ်စွာဘုရား…

ဒီအမေးအဖြေ ဟောကြားချက်ဟာ စက္ခုဆိုတဲ့ မျက်စိနဲ့ ပတ်သက်တဲ့ ဟောကြားချက်ပဲ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓက အရှင်ရာဟုလာအား မျက်စိနဲ့ ပတ်သက်တဲ့ အချက်ငါးချက်ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ လက္ခဏာရေးသုံးပါး တင်ကာ ထပ်ကာထပ်ကာ ဟောကြားတော်မူပါတယ်။ ဒီလို ငါးမျိုးငါးချက်တင်ပြီး ဟောကြားပေးတာကို ပဉ္စကနည်းလို့ ခေါ်ပါတယ်။ မျက်စိနဲ့ပတ်သက်တာဖြစ်လို့ စက္ခုပဉ္စကလို့ သီးသန့်အမည် ပေးနိုင်ပါတယ်။ ဒီဟောကြားချက်အရ မြင်တယ်ဆိုတဲ့ မြင်သိစိတ် တစ်ခုဟာ အဆင်းကို မြင်နိုင်တဲ့ စက္ခုပသာဒခေါ် မျက်စိအကြည်ဓာတ်ရယ်၊ ပစ္စုပ္ပန် ရူပါရုံလို့ ခေါ်တဲ့ မျက်မှောက်ရှေ့တဲ့တဲ့မှာ ရှိနေတဲ့ရုပ်အဆင်းရယ် ပေါင်းစုံမိမှပဲ စက္ခုဝိညာဏ်လို့ ခေါ်တဲ့ မြင်သိစိတ် ဖြစ်ပေါ်လာတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ ဒီမှာ တစ်မျိုးမျိုးက ချို့တဲ့နေရင် မြင်တယ်ဆိုတဲ့ မြင်သိစိတ် မဖြစ်နိုင်ပါဘူး။ မျက်စိအမြင်ချို့တဲ့လို့ မျက်စိ မမြင်တဲ့အခါ၊ မြင်နိုင်ပေမယ့် မြင်စရာ အဆင်းမရှိတဲ့အခါ တွေမှာ မြင်တယ်ဆိုတဲ့ မြင်သိစိတ် မဖြစ်ပါဘူး။ ဒီအကြောင်းနှစ်ပါးစုံလို့ မြင်တယ်ဆိုတဲ့ မြင်သိစိတ်ဖြစ်ပေမယ့် မြင်တဲ့အခိုက်မှာ မြင်တယ်ဆိုတာ သိနေရင် အဲဒီမြင်မှုအပေါ်မှာ လှတယ်၊ မလှဘူးစတဲ့ အစွဲတရား မဖြစ်နိုင်တာကို နားလည်နိုင်ပါတယ်။ ကြားတာ၊ နံတာစတာတွေမှာလည်း ဒီအတိုင်းပါပဲ။ ပသာဒနဲ့ အာရုံပေါင်းစုံမိမှ ၀ိညာဏ်ဖြစ်လာတဲ့ သဘောပါပဲ။

ဆက်လက်ပြီး မြတ်ဗုဒ္ဓက သောတပဉ္စကနဲ့ ပတ်သက်လို့လည်း သောတပသာဒလို့ ခေါ်တဲ့ နားအကြည်ရုပ်၊ သဒ္ဒလို့ခေါ်တဲ့ အသံ၊ သောတ၀ိညာဏ်လို့ခေါ်တဲ့ နားမှာမှီနေတဲ့ အမြင်ဓာတ်သဘော၊ နားမှာမှီနေတဲ့ အတွေ့၊ နားအတွေ့ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ နာမ်ခန္ဓလေးပါးတရားအစု တို့ကိုလည်း မမြဲခြင်း အနိစ္စ၊ ဆင်းရဲခြင်းဒုက္ခ၊ အစိုးမရခြင်းအနတ္တ သုံးချက်ဖြင့် ထပ်ခါထပ်ခါ မေးဖြေကာ ဟောကြားပေးတော်မူပါတယ်။ ဃာနပဉ္စကနဲ့ ပတ်သက်လို့လည်း ဃာနပသာဒလို့ ခေါ်တဲ့ နှာခေါင်းအကြည်ရုပ်၊ ဂန္ဓဆိုတဲ့ အနံ့၊ ဃာန၀ိညာဏ်လို့ခေါ်တဲ့ နှာခေါင်းမှာမှီနေတဲ့ နံခြင်းဓာတ်သဘော၊ နှာခေါင်းမှာမှီနေတဲ့ အတွေ့၊ နှာခေါင်းအတွေ့ကို အကြောင်းပြု ဖြစ်ပေါ်လာတဲ့ နာမ်ခန္ဓာလေးပါး တရားအစုတို့ကိုလည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ လက္ခဏာရေး သုံးမျိုးဖြင့် မေးဖြေဟောကြားပါတယ်။ ဇိဝှါပဉ္စကနဲ့ ပတ်သက်လို့လည်း ဇိဝှါပသာဒလို့ ခေါ်တဲ့ လျှာအကြည်ရုပ်၊ ရသဆိုတဲ့ အရသာ၊ ဇိဝှါဝိညာဏ်လို့ခေါ်တဲ့ လျှာမှာမှီနေတဲ့ အရသာကို ခံစားတဲ့ဓာတ်သဘော၊ လျှာမှာမှီနေတဲ့ အတွေ့၊ လျှာအတွေ့ကို အကြောင်းပြု ဖြစ်ပေါ်တတ်တဲ့ နာမ်ခန္ဓာလေးပါး တရားအစုတို့ကိုလည်း လက္ခဏာရေး သုံးချက်ဖြင့် ဟောကြားတော်မူပါတယ်။ ကာယပဉ္စကနဲ့ ပတ်သက်လို့လည်း ကာယပသာဒလို့ ခေါ်တဲ့ ကိုယ်အကြည်ရုပ်၊ ဗောဋ္ဌဗ္ဗလို့ခေါ်တဲ့ အတွေ့၊ ကာယ၀ိညာဏ်လို့ ခေါ်တဲ့ ကိုယ်မှာမှီနေတဲ့ ထိတွေ့မှုဓာတ်သဘော၊ ကိုယ်မှာမှီနေတဲ့ အတွေ့၊ ကိုယ်အတွေ့ကို အကြောင်းပြု ဖြစ်ပေါ်တတ်တဲ့ နာမ်ခန္ဓာလေးပါး တရားအစုတို့ကို လက္ခဏာရေးသုံးမျိုးဖြင့် ဟောပြပေးပါတယ်။ နောက်ဆုံး မနောပဉ္စကနဲ့ ပတ်သက်လို့လည်း မနောလို့ခေါ်တဲ့ စိတ်အကြည်၊ ဓမ္မာရုံလို့ခေါ်တဲ့ ရုပ်နာမ်၊ မနောဝိညာဏ်လို့ခေါ်တဲ့ အထူးသိမှုသဘော၊ စိတ်မှာမှီတဲ့ အတွေ့၊ စိတ်အတွေ့ကို အကြောင်းပြု ဖြစ်ပေါ်တတ်တဲ့ နာမ်ခန္ဓလေးပါး တရားအစုတို့ကို မမြဲခြင်း အနိစ္စ၊ ဆင်းရဲခြင်း ဒုက္ခ၊ အစိုးမရခြင်း အနတ္တသုံးချက်ဖြင့် အရှင်ရာဟုလာအား မေးရင်း ဖြေစေရင်း အကြိမ်ကြိမ် ထပ်ခါထပ်ခါ ဟောကြားပေးတော် မူပါတယ်။

နိဂုံးချုပ်အနေနဲ့ မြတ်ဗုဒ္ဓက “ချစ်သားရာဟုလာ… အကြားအမြင်များတဲ့ ငါဘုရား၏ တပည့်သာဝကသည် ဤနည်းအတိုင်း ရှုမြင်သည်ရှိသော် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ မနောအကြည်တို့၌ ငြီးငွေ့၏။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ ရုပ်နာမ်အစု ဓမ္မာရုံတို့၌ ငြီးငွေ့၏။ စက္ခုဝိညာဏ်၊ သောတ၀ိညာဏ်၊ ဃာန၀ိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယ၀ိညာဏ်၊ မနောဝိညာဏ်တို့၌ ငြီးငွေ့၏။ မျက်စိအတွေ့၊ နားအတွေ့၊ နှာခေါင်းအတွေ့၊ လျှာအတွေ့၊ ကိုယ်အတွေ့၊ စိတ်အတွေ့တို့၌ ငြီးငွေ့၏။ မျက်စိအတွေ့ကို အကြောင်းပြု၍ ဖြစ်ပေါ်တတ်တဲ့ နာမ်ခန္ဓာလေးပါး တရားအစု၊ နားအတွေ့ကို အကြောင်းပြု ဖြစ်ပေါ်တတ်တဲ့ နာမ်ခန္ဓလေးပါး တရားအစု၊ နှာခေါင်းအတွေ့ကို အကြောင်းပြု ဖြစ်ပေါ်တတ်တဲ့ နာမ်ခန္ဓလေးပါး တရားအစု၊ လျှာအတွေ့ကို အကြောင်းပြု ဖြစ်ပေါ်တတ်တဲ့ နာမ်ခန္ဓလေးပါး တရားအစု၊ ကိုယ်အတွေ့ကို အကြောင်းပြု ဖြစ်ပေါ်တတ်တဲ့ နာမ်ခန္ဓလေးပါး တရားအစု၊ စိတ်အတွေ့ကို အကြောင်းပြု ဖြစ်ပေါ်တတ်တဲ့ နာမ်ခန္ဓလေးပါး တရားအစုတို့၌ ငြီးငွေ့၏။ ငြီးငွေ့သည်ရှိသော် တပ်မက်ခြင်းကင်း၏။ တပ်မက်ခြင်း ကင်းခြင်းကြောင့် ကိလေသာမှလွတ်၏။ ကိလေသာမှ လွတ်ပြီးသော် ဒီလွတ်မြောက်မှုကို ဆင်ခြင်ခြင်း ပစ္စဝေက္ခဏာဉာဏ်ဖြစ်၏။ “ပဋိသန္ဓေနေရမှု ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်မဂ်ကိစ္စကို ပြုပြီးပြီ၊ နောက်ထပ်ပြုဖွယ် မရှိတော့ပြီ”ဟု အထပ်ထပ် ဆင်ခြင်သော ပစ္စဝေက္ခဏဉာဏ်ဖြင့် သိ၏။”ဟု ဟောကြားတော်မူပြီးတဲ့ နောက်မှာ အရှင်ရာဟုလာ မထေရ်သည် ကိလေသာကုန်ခမ်း ရဟန္တာအဖြစ်သို့ ရောက်ရှိတော်မူခဲ့လေ၏။

သူတော်ကောင်းများ အနေနဲ့ ဒီစူဠရာဟုလောဝါဒ သုတ်တော်လာ မြတ်ဗုဒ္ဓက အရှင်ရာဟုလာအား အရဟတ္တဖိုလ်ကို ဆိုက်စေတဲ့ ဆပဉ္စကနည်းကို ကောင်းစွာနာယူ မှတ်သားနိုင်ပါတယ်။ ဒီနည်းဟာ အရှင်ရာဟုလာမှမဟုတ် ဘယ်သူမဆို လိုက်နာကျင့်သုံးနိုင်တဲ့ နည်းဖြစ်ပါတယ်။ ကိုယ့်ရဲ့ စိတ်နဲ့၊ ခန္ဓာ ပြီးတော့ အာရုံအတွေ့မှန်သမျှကို သတိတရား လက်ကိုင်ထားလို့ ဒီနည်းကို အသုံးပြုကာ လေ့ကျင့်နိုင်ပါတယ်။ ဒီဆပဉ္စကနည်းကိုပဲ မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီးက လိုက်နာကျင့်သုံးသူများ အလွယ်တကူ သိရှိနားလည်နိုင်ဖို့ မြန်မာဘာသာ ဓမ္မလင်္ကာဖြင့် သီကုံးပေးထားခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ ဒီဓမ္မလင်္ကာကိုလည်း အလိုရှိသူများ ကျက်မှတ်ဆောင်ထား နှလုံးသွင်းနိုင်ရန် အောက်ပါအတိုင်း တင်ပြပေးလိုက်ရပါတော့ကြောင်း…

စက္ခုပဉ္စက
(က) မျက်စိတွင်မည်၊ ရုပ်အကြည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်၊ ဒုက္ခ အနတ္တပါတကား…။
(ခ) အဆင်းတွင်မည်၊ ရုပ်ထိုဤလည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်၊ ဒုက္ခ အနတ္တပါတကား…။
(ဂ) မျက်စိ၌မှီ၊ ၀ိညာဏ်သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်၊ ဒုက္ခ အနတ္တပါတကား…။
(ဃ) မျက်စိ၌မှီ၊ အတွေ့သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်၊ ဒုက္ခ အနတ္တပါတကား…။
(င) မျက်စိအတွေ့၊ ကြောင်းပြု၍လျှင်၊ ဖြစ်လေ့များစွာ၊ ဝေဒနာနှင့်၊ သညာသင်္ခါရ၊ ၀ိညာဏဟု၊ အစုလေးမည်၊ ခန္ဓာသည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်၊ ဒုက္ခ အနတ္တပါတကား…။
သောတပဉ္စက
(က) နားဟုတွင်မည်၊ ရုပ်အကြည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ခ) အသံတွင်မည်၊ ရုပ်ထိုဤလည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဂ) နား၌စွဲမှီ၊ ၀ိညာဏ်သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဃ) နား၌စွဲမှီ၊ အတွေ့သည်လည်း၊ မြင့်ရှည်ကာလ၊ မတထပဲ….
(င) နား၌အတွေ့၊ ကြောင်းပြု၍လျှင်၊ ဖြစ်လေ့များစွာ….
ဃာနပဉ္စက
(က) နှာခေါင်းတွင်မည်၊ ရုပ်အကြည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ခ) အနံ့တွင်မည်၊ ရုပ်ထိုဤလည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဂ) နှာခေါင်း၌မှီ၊ ၀ိညာဏ်သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဃ) နှာခေါင်း၌မှီ၊ အတွေ့သည်လည်း၊ မြင့်ရှည်ကာလ၊ မတထပဲ….
(င) နှာခေါင်းအတွေ့၊ ကြောင်းပြု၍လျှင်၊ ဖြစ်လေ့များစွာ….
ဇိဝှါပဉ္စက
(က) လျှာဟုတွင်မည်၊ ရုပ်အကြည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ခ) ရသာတွင်မည်၊ ရုပ်ထိုဤလည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဂ) လျှာ၌စွဲမှီ၊ ၀ိညာဏ်သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဃ) လျှာ၌စွဲမှီ၊ အတွေ့သည်လည်း၊ မြင့်ရှည်ကာလ၊ မတထပဲ….
(င) လျှာ၌အတွေ့၊ ကြောင်းပြု၍လျှင်၊ ဖြစ်လေ့များစွာ….
ကာယပဉ္စက
(က) ကိုယ်ဟုတွင်မည်၊ ရုပ်အကြည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ခ) အတွေ့တွင်မည်၊ ရုပ်ထိုဤလည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဂ) ကိုယ်၌စွဲမှီ၊ ၀ိညာဏ်သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဃ) ကိုယ်၌စွဲမှီ၊ အတွေ့သည်လည်း၊ မြင့်ရှည်ကာလ၊ မတထပဲ….
(င) ကိုယ်၌အတွေ့၊ ကြောင်းပြု၍လျှင်၊ ဖြစ်လေ့များစွာ….
မနောပဉ္စက
(က) မနောတွင်မည်၊ စိတ်အကြည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ခ) ဓမ္မတွင်မည်၊ ရုပ်နာမ်သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဂ) မနောတွင်မည်၊ ၀ိညာဏ်သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ….
(ဃ) မနော၌မှီ၊ အတွေ့သည်လည်း၊ မြင့်ရှည်ကာလ၊ မတထပဲ….
(င) မနောအတွေ့၊ ကြောင်းပြု၍လျှင်၊ ဖြစ်လေ့များစွာ၊ ဝေဒနာနှင့်၊ သညာသင်္ခါရ၊ ၀ိညာဏဟု၊ အစုလေးမည်၊ ခန္ဓာသည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်၊ ဒုက္ခ အနတ္တပါတကား…။


စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ)