HAZY LIFE



ပြိုလဲမသွားနိုင်တဲ့…
ကျောက်သားကျောက်တိုင်...။
စီးဆင်းမှု ရပ်ဆိုင်းမသွားနိုင်တဲ့…
မြစ်နဒီပြာ...။
ထာဝစဉ် အုပ်မိုးပေးထားတဲ့…
ကောင်းကင်တစ်ခု...။
ပျောက်ဆုံးမသွားနိုင်တဲ့…
မဟာစကြ၀ဠာ...။
အဲဒါ … မိခင်နဲ့ ဖခင်ပဲ...။

ဦးဘုန်း(ဓာတု)

မိသားစု... အဓိပ္ပါယ်လေးက အရမ်းလှပါတယ်... မိဘ၊ သားသမီး၊ စုစုစည်းစည်း ပျော်ပျော်ရွှင်ရွှင် နေထိုင်းသွားခြင်းတဲ့...

လူတစ်ယောက်ဟာ ဘယ်လောက်ပဲ တော်ပါတယ် တတ်ပါတယ် အဆင်ပြေပါတယ် ပျော်ရွှင်ပါတယ်
နေကောင်းကျန်းမာပါတယ် ငွေချမ်းသာပါတယ် စသဖြင့် ဘယ်လောက်ပဲ အရာရာအဆင်ပြေချောမွေ့နေပါစေ... နွေးထွေးစွာ ကြိုဆိုမဲ့မိသားစု နွေးထွေးစွာ ဆက်ဆံမဲ့အသိုင်းအ၀ိုင်း မရှိရင်ဖြင့်တော့ အဲ့ဒီလူတစ်ယောက်ရဲ့ဘ၀ဟာ ပြီးပြည့်စုံမှာမဟုတ်ပါဘူး... တခြားသူတွေတော့ မပြောတတ်ဘူး ကျွန်တော်ကတော့ ကျွန်တော့်စိတ်ချမ်းသာမှုကို ကျွန်တော်ချစ်တဲ့ မိသားစုနဲ့ပဲ အဓိကတိုင်းတာတယ်... မိသားစုပျော်ရင် ကျွန်တော်ပျော်နေတယ် မိသားစု စိတ်ညစ်စရာရှိရင် ကျွန်တော်စိတ်ညစ်တယ်... မိသားစု ဆိုတာ ခွဲထွက်လို့မရ စကောင်းတဲ့လူ့အဖွဲ့အစည်းတွေထဲက နံပါတ်တစ်အရေးအကြီးဆုံး အဖွဲ့လေးပဲ... ကျွန်တော်လူမှန်းသိစကတည်းက ကြုံဆုံလာခဲ့တဲ့ ဘ၀တွေမနည်းလှပါဘူး... ကိုယ့်အောက်ကြည့်ရင် ကိုယ့်ထက် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတဲ့လူ... ကိုယ့်အထက်ကြည့်ရင် ကိုယ့်ထက် စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်နေတဲ့လူတွေ အများကြီးတွေ့ဖူးတယ် တွေ့နေတယ်... အဲ့ဒီထဲကမှ ကျွန်တော်ဟာ ငွေမချမ်းသာပေမယ့် စိတ်ချမ်းသာတဲ့ဘ၀ကို ရနေတယ်... အဲဒါကြောင့်ကိုယ့်အပေါ်ကလူတွေကို သိပ်မကြည့်ဖြစ်တော့ ဘူး... ဘာလို့လဲဆိုတော့ သူတို့တွေလို နေရထိုင်ရမယ် ကိုယ်စိတ်နှစ်ပါးချမ်းသာမယ် နေမလားဆိုပြီး မေးလာခဲ့သည် ရှိရင်တောင်မှ အဖြေက လုံးဝမနေဘူးပဲ ဖြေမိမှာပါ... ဘာလို့လဲဆို ကျွန်တော်အပေါ်မှာပြောထားတယ်လေ... ကျွန်တော့်စိတ်ချမ်းသာမှုကို ကျွန်တော်ချစ်တဲ့ မိသားစုနဲ့ပဲ အဓိကတိုင်းတာတယ်ဆိုတာ...

အမေ... အထူးသဖြင့် ကျွန်တော့်အမေ... စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိနေဖို့ အမြဲဂရုစိုက်တယ်... ကျွန်တော် အခုရေးတဲ့ မိသားစုဆိုတဲ့ အခန်းကဏ္ဍမှာ ကျွန်တော့်အမေ (၁၀၀) ရာခိုင်နှုန်းပါတယ်... အဲဒါကြောင့် ကျွန်တော့်ကို ကျွေးမွေးပြုစု စောင့်ရှောက်လာခဲ့တာ အခုဆို ၂၈ နှစ်ပြည့်ပြီ... လူမှန်းသူမှန်းမသိ ဘာဆိုဘာမှနားမလည်တဲ့အရွယ်ကတည်းက ဆိုးချင်တိုင်းဆိုးခဲ့တဲ့ ကျွန်တော့်ဘ၀အချိန်ကာလ နည်းတာမဟုတ်ဘူး... ကိုယ့်အပေါ် မိခင်မေတ္တာအပြည်နဲ့စောင့်ရှောက် ခဲ့တာ ၂၈ နှစ်... ကိုယ့်ဘက်က သိတတ်တာမှ ၅ နှစ်လောက်ရှိသေးတယ်... ဒါကို မာန်တက်ချင်လို့ရမလား... မိဘအပေါ် သိတတ်ပါတယ်လို့ လက်မထောင်ချင်လို့ရနိုင်ပါ့မလား... ကိုယ်စိတ်ချမ်းသာဖို့ ၂၈ နှစ်လုံး အမေက လုပ်ပေးခဲ့ပြီးပြီး ကိုယ့်အမေအတွက် ၅ နှစ်တာ ကာလလေးလောက် ပြန်ကြည့်ပေးနိုင်သေးတာကိုပဲ ကိုယ့်ဖာသာ အားမရနိုင်သေးဘူး...

တစ်ချို့က တကယ်ကိုမေးကြတယ် သူငယ်ချင်းတွေရော သိပ်မရင်းနှီးသေးတဲ့လူတွေရောပေါ့... မင်းအဲလောက်တောင်ပဲလားတဲ့... မင်းအမေကို အဲ့လောက်ကြောက်သလား... ဒါမှမဟုတ် အဲလောက်ချစ်သလားပေါ့... စဉ်းစားကြည့်ကြပေါ့... မိဘဆိုတာ လက်ဦးဆရာပါ... ကျောင်းတက်ချိန်တုန်းက ကျောင်းက ဆရာဆရာမတွေတောင် တုန်နေအောင် ကြောက်ခဲ့ဖူးပြီးမှ မိဘကိုကြောက်သလား မေးတာဟာ မမေးသင့်တဲ့ မေးခွန်းလို့ပဲ ဖြေပါရစေ... တစ်ချို့ကလည်း မိဘဆိုတာ ကြောက်စရာမဟုတ်ဘူး ချစ်စရာပါတဲ့... မှန်ပါတယ်... အကြောက်တရားကြောင့် ရိုသေချစ်ခင်စိတ်ဖြစ်လာရတာပါလို့ပဲ ရိုးရှင်းစွာတွေးကြည့်ပါလို့ တိုက်တွန်းပါတယ်... အဲလောက်တောင် ချစ်သလားဆိုတဲ့မေးခွန်းကို မဖြေပါဘူး... ကျွန်တော် အဲ့လောက်မအားလို့ပါ...

အပေါ်က ကဗျာလေးကိုလည်း သေချာဖတ်ကြည့်စေချင်ပါတယ်ဗျာ... ကျွန်တော်လည်း အဲ့ဒီကဗျာလေးဖတ်ပြီး တော်တော်ကို သဘောကျလို့အလွှတ်ကိုကျက်ထားပါတယ်... ဦးဘုန်း(ဓါတု) ကိုလည်း Credit ပေးပါတယ်... ဘယ်အရာမျှ မမြဲပါဘူး... မမြဲသောလောကကို အံတုပြီးရေးထားတဲ့ မိဘမေတ္တာ ကဗျာ စာစုလေးပါ... စဉ်းစားကြည့်မိတာက...

ပြိုလဲမသွားနိုင်တဲ့…
ကျောက်သားကျောက်တိုင်...။
စီးဆင်းမှု ရပ်ဆိုင်းမသွားနိုင်တဲ့…
မြစ်နဒီပြာ...။
ထာဝစဉ် အုပ်မိုးပေးထားတဲ့…
ကောင်းကင်တစ်ခု...။
ပျောက်ဆုံးမသွားနိုင်တဲ့…
မဟာစကြ၀ဠာ...။
အဲဒါ … မိခင်နဲ့ ဖခင်ပဲ...။

ရေ၊ လေ၊ မီး အစရှိတဲ့ ပျက်စီးရာ ပျက်စီးကြောင်း အကြောင်းတရားတွေနဲ့တွေ့ရင်တော့ ဘယ်ကျောက်တိုင်မဆို ပြိုလဲသွားမှာ အမှန်ပါပဲ... အချိန်ကာလတစ်ခုသာ စောင့်ကြည့်ရမှာပါ... ဒါပေမယ့် မိဘမေတ္တာအရင်းခံထားတဲ့ ကျောက်သားကျောက်တိုင် ကတော့ ဘယ်သောအခါမှ ပြိုလဲမသွားနိုင်ဘူးဆိုတာ ကျွန်တော်တို့ မိဘမေတ္တာခံယူနေတဲ့ သားသမီးအကုန်လုံး မြင်ကြသိကြ တွေ့နေကြမှာပါ...

မြစ်နဒီဆိုတာ ရေ တွေ ကမ်း တွေနဲ့ သဘာဝတရားကတည်ဆောက်ပေးထားတာပါ... စီးဆင်းမှု ရပ်ဆိုင်းဖို့ သဘာဝတရား ကြောင့်လည်းဖြစ်နိုင်သလို လူတွေကြောင့်လည်း မြစ်နဒီတစ်ခုလုံး ပျက်သုံးသွားနိုင်ပါတယ်... ဒါပေမယ့် မိဘတွေရဲ့ မေတ္တာရေချမ်းနဲ့မေတ္တာကမ်းတွေ ထည့်သွင်းစီးဆင်းစေတဲ့ မြစ်နဒီအနေနဲ့ကတော့ ရပ်ဆိုင်းခမ်းခြောက်မသွားနိုင်တဲ့ စီးဆင်းမှုတစ်ခု ဆိုတာအသေအချာပါပဲ...

တစ်တီတူးငှက်တွေက မိုးပြိုမှာကြောက်လို့ မိုးပြိုရင်ပြေးလို့လွှတ်အောင် မိုးကောင်းကင်ကိုကြည့်ပြီး ဇောက်ထိုးအိပ်ကြတယ်လို့ ဖတ်မှတ်ဖူးပါရဲ့... သူတို့အတွေးလေးကတော့ ထူးဆန်းတယ်... မပြိုပါဘူးလို့လဲ သွားရှင်းပြလို့ကမရ... မိုးတွေသည်းသည်းထန်ထန်ရွာပြီဆိုရင် မိုးပေါ်ကတိမ်တိုက်တွေ အားလုံးကုန်ပြီလားလို့ ကျွန်တော်လည်း ငယ်ငယ်တုန်းက ဥာဏ်နည်းနည်းနဲ့ စဉ်းစားခဲ့ဖူးတယ်... ဖြစ်ပျက် သဘော တစ်ချိန်ချိန်မှာ ကောင်းကင်တင်မကဘူး မဟာမြေကြီးလည်း ပျက်သုဉ်းသွားနိုင်တဲ့သဘော ခံစားသိမိပေမဲ့... ကျွန်တော်သိတဲ့ မိဘမေတ္တာကောင်းကင်တစ်ခုမှာတော့
ပြိုလဲချိန်ရှိမှာမဟုတ်ပါဘူးလို့ ငြင်းပါရစေ...

စကြာဝဠာ ဆိုတာကတော့ သိပ်ကျယ်ပြန့်လွန်းပါတယ်... စကြာဝဠာထဲမှာ တည်ရှိနေတဲ့ အရာပေါင်းများစွာတွေ စုစည်းထားလို့ စကြာဝဠာဆိုတာ ဖြစ်လာတာပါပဲ... အဲဒီထဲမှာ ကြယ်တွေကြွေတယ် ဥက္ကာပျံတွေ ကြွေကြတယ်... တစ်နေ့တစ်မျိုး မရိုးရအောင် ဖြစ်ပျက်ကိုယ်စီနဲ့ လှည့်လည်နေကြတယ်... မိဘမေတ္တာမှာ ကြယ်ကြွေခဲ့မယ်ဆိုရင်တောင်
အေးမျှစေခြင်း အလို့ငှာမှလွဲ၍ ကျန်တာမဖြစ်နိုင်ပါဘူးလို့ ခံယူရင်းနဲ့ပဲ... 

ကျွန်တော့်အသက် ၂၈ နှစ်ပြည့်မွေးနေ့လေးမှာ ဒီစာလေးနဲ့ ကျွန်တော်မိဘတွေရဲ့ မေတ္တာကိုမျှော်မှန်း ကန်တော့လိုက်ပါတယ်...

နှစ်တိုင်းကျွန်တော့်မွေးနေ့မှာ ကျွန်တော်ရေးတဲ့စာတိုင်းဟာ ကိုယ်တိုင်ခံစားရေးဖွဲ့တာချည်းပါပဲ... ဘယ်တော့မှ သူတပါးဆီကနေ အလကားကူးမချပါဘူး... ကူးချရင်လည်း Credit ပေးလေ့ရှိပါတယ်... ထို့ကြောင့် ကျွန်တော့်စာလေးတွေကိုလည်း တန်ဖိုးထားပြီးဖတ်စေချင်ပါတယ်ခင်ဗျာ... 

 (မှတ်ချက် ။            ။  သားအမိနှစ်ယောက် မွေးနေ့ မွေးရက် ဒီရက်မှာ တိုက်ဆိုင်ပါတယ်...)

Leave a Reply