သားသမီးဝတ္တရား ငါးပါး
ကျွေးမွေးမပျက်
ဆောင်ရွက်စီမံ
မွေခံထိုက်စေ
လှူမျှဝေ၍
စောင့်လေမျိုးနွယ်
ဝတ်ငါးသွယ် ကျင့်ဖွယ် သားတို့တာ...။
မိဘ၀တ္တရား ငါးပါး
မကောင်းမြစ်ထာ
ကောင်းရာညွှန်လတ်
အတတ်သင်စေ
ပေးဝေနှီးရင်း
ထိမ်းမြားခြင်းလျှင်
ဝတ်ငါးအင် ဖခင်မယ်တို့တာ...။
အကယ်၍ လွန်ခဲ့တဲ့ ၂၈ နှစ်လောက် အချိန်ကာလကို ခန့်မှန်းကြည့်မယ်ဆိုရင် ကျွန်တော်ဟာ ကျွန်တော့အမေဗိုက်ထဲကို အားမနာ လျှာမကျိုး ၀င်ရောက်ဖို့အတွက် တာစူနေလောက်ပြီဖြစ်တဲ့ အချိန်ပေါ့...
ကျွန်တော်ကို မမွေးခင်ကနေ မွေးပြီးသည်အထိ ဘယ်လောက်များ စိတ်တွေ ရှုပ်ထွေးရောပြွန်းနေမလဲဆိုတာ ကျွန်တော် ဒီအသက်အရွယ်မှာ ခံစားတတ်ပါပြီ...
(ဒါပေမယ့် ခံစားတတ်ရုံနဲ့ပြီးမလား ဆိုတဲ့ အတွေးလေးကတော့...)
မူလတန်းကျောင်းသားဘ၀ မှတ်မိနေပါသေးတယ်... မှတ်မိနေပါတယ်ဆိုတာထက်ပိုတဲ့ စွဲလမ်းတဲ့စိတ်တစ်ခုဖြစ်နေသေးတယ်... ကျွန်တော် တက်ခဲ့တဲ့ ၁၈လမ်းကျောင်းလို့ခေါ်တဲ့ အ.မ.က (၁) လသာ မူလတန်းကျောင်းတုန်းက
ကျောင်းဆင်းချိန်တစ်ခုပေါ့... အဲဒီအချိန်မှာ ကျွန်တော်ဟာ ကျောင်းဆင်းခေါင်းလောင်းထိုးတာနဲ့ တခြား ကျောင်းသားတွေလိုပဲ အခန်းထဲက တစ်ဟုန်ထိုး အတင်းပြေးအထွက်မှာ မထင်မှတ်ပဲ ဆရာမကြီးတစ်ယောက် ကြိမ်လုံးနဲ့ စောင့်ပြီးတော့
ကျွန်တော်တို့ကို ဗျင်းပါလေရော... ဗျင်းတာမှ ကျောကုန်းကို ၃ ချက်လောက် အားရပါးရ ဗျင်းတာ ကျွန်တော်ဆို မျက်ရည်ပေါက်ပေါက်ကျတယ် (ငယ်ငယ်က တော်တော်အငိုသန်တာကိုး :D) အဲဒါနဲ့ အိမ်ရောက်တော့ အင်္ကျီလည်း ချွတ်လည်းရော
ကျွန်တော့် အမေရဲ့ ဒေါသက ငယ်ထိပ်ရောက်ပါလေရော... ကျောကုန်းမှာ ရဲတွတ်နေတဲ့ ကြိမ်လုံးရာ ၃ ချက်... ချက်ခြင်းဆိုသလိုပဲ ကျောင်းအုပ်ဆရာမကြီးအိမ်ကိုလိုက်သွားပြီး နောက်ဆို ခြေနဲ့လက် ကိုကြိုက်သလောက်ရိုက်ပါ ကလေးအတွက်
အန္တရာယ်များလွန်းတဲ့ ကျောကုန်းလို နေရာတွေမရိုက်ပါနဲ့ဆိုပြီးတော့ သွားပြောတာ ကျောင်းအုပ်ဆရာမကြီးကလည်း တာဝန်ကျဆရာမကို သူ ကိုယ်တိုင်ပြောပါ့မယ်ဆိုပြီး ပြန်ပြောလွှတ်လိုက်လို့ တော်ကာကျတယ် မဟုတ်ရင် ပညာရေးမှုးရုံးအထိ
ရောက်မဲ့သဘောရှိတယ်... အဲဒီ ကျောကုန်းက ကြိမ်လုံးရာ ၃ ချက်ဟာ အခုချိန်မှာ မိခင်မေတ္တာကို ပြန်ပြီးတော့ ရောင်ပြန်ဟပ်ပြနေတဲ့အတွက် ကျွန်တော်အတွက်ကတော့ တန်ပါတယ်...
(ဒါပေမယ့် ကိုယ့်အလှည့်ကျမှ မိဘအတွက်ဆိုရင် မားမားမတ်မတ် ပြန်ပြီး ရပ်တည်ပေးနိုင်မလားဆိုတဲ့ အတွေးလေးကတော့...)
အလယ်တန်းကျောင်းသားဘ၀ ကျူရှင်ခတွေက ဈေးကြီးလိုက်တာလွန်ရော... ဒါပေမယ့် အတန်းပိုင်ကျူရှင် ကျောင်းကျူရှင်ကိုတော့ မထားခဲ့ဘူး... အပြင်ကျူရှင်မှာပဲ သေချာသင်ပေးခဲ့တယ်... (ကျောင်းက ဆရာ/မ တွေကိုစော်ကားတာမဟုတ်ဘူးနော်... ကျွန်တော် ဆရာ/မ တွေအားလုံးကို ရိုသေလေးစားလျက်ပါ...) ကျူရှင်စရိတ်ဆိုတာလည်း နည်းနည်းနောနောမဟုတ်ဘူး... သူ့ခေတ်နဲ့သူ တန်ရာတန်ကြေးတော့ ပေးပြီးတက်ခဲ့ရတာပါပဲ... အဲဒီ အလယ်တန်းတုန်းက
အမှတ်တရပါပဲ ကျွန်တော့်အမေကို ကျွန်တော်စိတ်ဆိုးဖူးတယ်... ဒါပေမယ့် ကျွန်တော့်အမေမသိခဲ့လောက်ပါဘူး... အဲဒါဘာလဲဆိုတော့ ကျောင်းသားကျောင်းသူ နဲ့ ဆရာဆရာမတွေအားလုံး လေ့လာရေးခရီးထွက်ဖို့အတွက် စီစဉ်ကြတယ်... အဲဒီအချိန်မှာ အားလုံးက ပျော်နေပြီးတော့ ခရီးထွက်မဲ့ကိစ္စတွေကိုပဲ ပြောနေကြတော့တာ... ကျွန်တော်လည်း လိုက်ဖို့အားခဲထားတာပေါ့... အိမ်ရောက်လို့ ပြန်ပြောပြတော့ အမေက မလွှတ်ဘူးလို့ ပြောတယ်လေ... တော်တော်လေး ကျွန်တော်စိတ်ဓါတ်ကျသွားတယ်... အဲဒါနဲ့အကြံအဖန်ထုတ်ပြီးစဉ်းစားလိုက်တော့ နောက်ဆုံးရလာတဲ့အကြံက ဆရာမကို သွားရှင်းပြောပြပြီး အပူကပ်မယ်ပေါ့... တကယ်လည်း ဖြစ်လိုက်တယ်... ဆရာမကလည်း အမေလာကြိုရင်ပြော သူကိုယ်တိုင်ပြောပေးမယ်ပေါ့... အဲဒီနေ့လာလည်ကြိုရော ဆရာမပြောတာနဲ့ တန်းခနဲ့ မားသားကြီးက အဆင်ပြေပြေပဲ လွှတ်ပါ့မယ်ဆိုပြီး ပြောလိုက်တယ်... အဲဒီတော့ ကျွန်တော်ပျော်တာပေါ့ ဘာပြောကောင်းမလဲ... ဒါပေမယ့် တကယ်တန်းကျတော့ ကျွန်တော်လိုက်ခွင့်မရခဲ့ပါဘူး... ကျွန်တော် အရမ်းကို ၀မ်းနည်းခဲ့ရတာပါ... ဒါပေမယ့် အဲဒီအရွယ်မှာ စိတ်ပူတတ်တဲ့စိတ် စိုးရိမ်တတ်တဲ့စိတ်ဆိုတာ ကျွန်တော့်မှာ လုံးဝမရှိသေးဘူးလေ ပျော်ဖို့တစ်ခုတည်းပဲ မြင်နေတဲ့စိတ်ပဲရှိတာကိုး... ဒီခရီးမှာ ကျွန်တော်မလိုက်ခဲ့ရတာ လိုက်ခွင့်မပြုခဲ့တာ ဘာကြောင့်လဲဆိုတာ စိတ်ပူတတ်တဲ့အရွယ် စိုးရိမ်စိတ်ဝင်တတ်တဲ့အရွယ်အရောက်မှာ သိခဲ့ရပါပြီ...
(အကယ်၍ ဒီအချိန်မှာ မိဘအတွက် စိတ်ပူဖို့လိုအပ်လာရင် အဲဒီလိုမျိုး ပြတ်သားပါ့မလားဆိုတဲ့ အတွေးလေးကတော့...)
အထက်တန်း... ထူးထူးခြားခြားပါပဲ... လသာ (၁) ... Central School လို့နာမည်ကြီးတဲ့ ခပ်ဆိုးဆိုးတွေများတဲ့ ယောင်္ကျားလေးသီးသန့်ကျောင်းပေါ့... တစ်ကျောင်းလုံး အမေလိုက်ပို့ပြီး ဆွဲခြင်းထဲမှာ ထမင်းချိုင်နဲ့ မုန့်တွေအပြည့်ပါတဲ့ ကျောင်းသားကျွန်တော်တစ်ယောက်တည်းရှိတယ်ဆိုတာ အာမခံတယ်ဗျာ... ဆရာ ဆရာမတွေအပေါ်ဆိုးသွမ်းတာ... ရန်ဖြစ်တတ်တာ... ကျောင်းခိုးပြေးနှုန်းများတာ... ဆေးလိပ်ခိုးသောက်ကြတာ... အရက်သောက်ကြတာ... ပြုတင်းပေါက်တွေ ရိုက်ခွဲတတ်တာ...
ဆေးချတာ... အဲဒါတွေကလွဲရင် အရမ်းကောင်းတဲ့ ကျောင်းတော်ကြီးပေါ့... အဲလိုကျောင်းတော်ကြီးရဲ့ ဆိုးသွမ်းတဲ့ ပညာတွေကို မတတ်မြှောက်အောင်တားဆီးနိုင်ခဲ့တာ ကျွန်တော့်အမေတစ်ဦးသာ ဖြစ်ပါတယ်...
(မလုပ်သင့်တာတွေ မဖြစ်သင့်တာတွေရှိလာရင် ကျွန်တော့်မိဘဆိုရင်လည်းဆွေးနွေးတိုင်ပင်
ပြောဆိုရမယ်ဆိုတဲ့ အတွေးလေးကတော့...)
တက္ကသိုလ်ဆိုတဲ့ ကျောင်းတော်မဟာကြီးဆိုတာကနေတဆင့် ပျော်ရွှင်မှု လွှတ်လပ်မှု ကြည်နှုးမှု စတဲ့ကောင်းမွန်းခြင်းတွေအားလုံး ဖြည့်ဆည်းပေးခဲ့တာလည်း ကျွန်တော့်အမေပါပဲ... Day နေ့ကျောင်း ဆိုတာဘာမှန်းမသိ Distance အဝေးသင်ဆိုတာ
ဘာမှန်းမသိတဲ့ အချိန်မှာ ကျွန်တော့်အမေ တခါတည်းရွေးပေးခဲ့တာ Day နေ့ကျောင်းပါပဲ... တက္ကသိုလ်ဆိုတဲ့ ကျောင်းသားဘ၀ ရတုန်းယူရတယ်တဲ့ နောင်ဘယ်တော့မှပြန်မရနိုင်တော့ဘူးတဲ့... အရမ်းကို မှန်တဲ့စကား ကျောင်းပြီးလို့သူငယ်ချင်းတွေကို လွမ်းခါမှ သိလိုက်တယ်... (တာဝ - ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က သူငယ်ချင်းအားလုံးကို လွမ်းလျက်ပါ...) တက္ကသိုလ်မှာ ကျွန်တော်ဖြုန်းခဲ့ငွေတွေမနည်းပါဘူး... အထူးသဖြင့် ကျွန်တော်ရူးသွပ်တဲ့ စားပွဲတင်တင်းနစ် (table tennis) အားကစားကို အလယ်တန်းကနေစပြီး တက္ကသိုလ်ပြီးတဲ့အထိအကောင်းဆုံးထောက်ပံ့ပေးခဲ့တာဟာ ကျွန်တော်တန်ဖိုးအထားဆုံးအရာတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်...
(မိဘအတွက် ပျော်ရွှင်မှုတွေကို ပြန်လည်ပေးဆပ်ဖို့ အရာရာ အဆင်သင့်ဖြစ်ပြီလားဆိုတဲ့ အတွေးလေးကတော့...)
ကျွန်တော် ကွန်ပြူတာရှေ့မှာထိုင် အဲကွန်းခန်းထဲကနေ Blog တင်နိုင်တဲ့အခြေအနေမျိုးဟာ... ကျွန်တော့်ကြောင့်လား...? ဘယ်သူ့ကြောင့်လဲ...? ဆိုတဲ့ အတွေးဟာ ကျွန်တော်အဖြေရှာမရခဲ့တာ တော်တော်ကြာကြာပါပဲ... အခုထိ သူငယ်ချင်းတွေနဲ့ ငြင်းခုန်ရင်း အဖြေမရတဲ့ ပုစ္ဆာတစ်ခုလိုပါပဲ... ဒါပေမယ့် ပါရမီဖြည့်ဖက်ဆိုတာ ဗုဒ္ဓဘာသာမှာ အရေးအကြီးဆုံး အဖော်မွန်လို့တောင် ဆိုနိုင်ပါတယ်...ပါရမီဖြည့်ဖက်တွေ ပါရမီဖြည့်နည်းတွေ တစ်ပုံကြီးပါပဲ... မိဘနဲ့သားသမီးဘ၀ စိတ်အေးချမ်းသာစွာ ပါရမီဖြည့်ခွင့်ရတာလောက် တန်ဖိုးရှိတာ ဘယ်ရှိမလဲ... လောကမှာ လူ့ဘ၀ဆိုတဲ့ ရဖို့အခဲယဉ်းဆုံးဘုံဘ၀ပါ... အဲလိုဘုံဘ၀ကိုရရှိခဲ့တဲ့အပြင် အေးအေးချမ်းချမ်းနေနိုင်ဖို့ ထောက်ပံ့ပေးတဲ့ ပါရမီဖြည့်ဖက်တွေ တစ်ပုံကြီးတွေ့ရတဲ့အထဲက ဟိုးဗိုက်ထဲက သန္ဓေသားဘ၀ကနေ လက်ရှိအသက်ရှင်တဲ့အချိန်ထိ စိတ်ထဲနှစ်နှစ်ကာကာ အမြဲရှိတတ်တဲ့ ပါရမီဖြည့်ဖက် မိသားစုနဲ့ဆုံရတာ
လုံးဝတန်ဖိုးဖြတ်လို့မရနိုင်တဲ့ အရာတစ်ခုပါပဲ... ဘယ်အရာနဲ့မှ မလဲနိုင်ပါဘူး...
(ကိုယ့်ဘက်ကရော ဘယ်လိုမျိုး ပါရမီဖြည့်ခြင်းတွေနဲ့ တာဝန်ကျေပြီးပြီလဲဆိုတဲ့ အတွေးလေးကတော့...)
ဒီနေရာကနေပြီး ကျွန်တော်ဖတ်ဖူးတာလေးကိုလည်း ထပ်ပြီးထည့်သွင်းပေးလိုက်ပါတယ်... အားလုံးပဲ မိဘကျေးဇူးသိတတ်ခါ သားလိမ္မာ သမီးလိမ္မာမဖြစ်ရင်တောင် သားမှန် သမီးမှန် ဖြစ်နိုင်ကြပါစေ...
ငါးပါးသော အကြောင်းတို့ဖြင့် သားသမီးတို့သည် အရှေ့အရပ်မည်သော မိဘတို့ကို ပြုစုအပ်ကုန်၏
၁။ မိဘတို့က မွေးမြူအပ်သော ငါသည် ထိုမိဘတို့ကို ပြန်လည်၍ မွေးမြူအံ့...
၂။ ထိုမိဘတို့၏ အမှုကိစ္စကို ပြုလုပ်ပေးအံ့...
၃။ မိဘတို့၏ ဥစ္စာကို မပျက်အောင် စောင့်ထိန်းခြင်း အစဉ်အဆက်မှ လာသောကုသိုလ်ဝတ်ကို ပြုလုပ်ခြင်းတို့ဖြင့် အမျိုးအနွယ်ကို တည်စေအံ့...
၎။ အမွေခံထိုက်အောင် မိဘတို့၏ အဆုံးအမကို ကျင့်ကြံလိုက်နာအံ့...
၅။ ကွဲကွာသေလွန်သည့် မိဘအတွက် အလှူပေးအံ့...
အရှေ့အရပ်မည်သော မိဘတို့သည် အကြောင်းငါးပါးတို့ဖြင့် သားသမီးတို့ကို စောင့်ရှောက်ကုန်၏
၁။ မကောင်းမှုမှ တားမြစ်ကုန်၏...
၂။ ကောင်းမှု၌ သက်ဝင်တည်စေကုန်၏...
၃။ အတတ်ပညာကို သင်စေကုန်၏...
၎။ လျောက်ပတ်သော မယားနှင့် ထိမ်းမြားပေးကုန်၏...
၅။ လျောက်ပတ်သော အချိန်၌ အမွေဥစ္စာကို အပ်နှင်းကုန်၏...
ဒီနေ့ကျရောက်တဲ့ အသက် ၂၇ နှစ်ပြည့်မွေးနေ့မှာ ဆုတစ်ခုတောင်းပါရစေ...
အကယ်၍များ ကျွန်တော့်ကြောင့် ကျွန်တော့်မိဘတွေ မျက်ရည်ကျရမယ်ဆိုရင်ဖြင့် ၀မ်းသာကြည်နှုး ပီတိမျက်ရည်သာ ဖြစ်ရစေလိုပါ၏...။ ။
(စာကြွင်း : ဆိုတဲ့ အတွေးလေးကတော့... ဆိုပြီးအပိုဒ်တိုင်းမှာပါတဲ့စကားလုံးရဲ့ နောက်ဆက်တွဲ အဓိပ္ပါယ်ကတော့ ကျွန်တော် လုပ်ကိုလုပ်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ...)
သူငယ်ချင်းအားလုံးရဲ့...
ဇင်မျိုး...
Categories:
ကိုယ်တိုင်ရေး,
မိဘ,
မွေးနေ့
မွေးနေ့ အမှတ်တရ ပိုစ့် လေးကို
လာရောက်မှတ်သားသွားတယ်ဗျို့ 
နှောင်နှစ်ပေါင်းများစွာ မွေးနေ့ လေးကိုကျော်ဖြတ်နိုင်ပါစေ
HaPpY BiRtHdAy အစ်ကို...
အစ်ကို့ဆုတောင်းတွေ ပြည့်ဝပါစေ လို့ ညီမထပ်ဆုတောင်းပေးလိုက်တယ်နော် ^_^
သမီးတော်နဲ့ ကန်ဒီရေ... ရှားရှားပါးပါး ကွန်းမန့်လေး ၂ ခုအတွက် အရမ်းကျေးဇူးတင်မိပါတယ်...
ကိုဇင်မျိုးရေhappy birthday ပါမွေးနေ့မှတည်နောက်နှစ်ပေါင်းများစွာ
စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
မောင်ဇင်မျိုးရေမွေးနေ့မှာဆန္ဒနဲ့ဘ၀တစ်ထပ်တည်းကျပီး
နောင်နှစ်မွေးနေ့ပေါင်းများစွာမှာပျော်ရွှင်မှုတွေပိုင်ဆိုင်နိုင်ပါစေ
အားပေးလျက်ခင်တဲ့အန်တီလေးမေခင်
မြတ်နိုးသူ နဲ့ အန်တီလေးမေခင်... ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ... ပေးတဲ့ဆုတွေ ရင်ထဲအမြဲသိမ်းထားပြီး လက်တွေ့ဖြစ်အောင်ကြိုးစားပါ့မယ်...
မြတ်နိုးသူနဲ့တီလေးမေခင်ရေ... နောက်ကျ ကွန်မန့်အတွက် တောင်းပန်ပါတယ်... ပေးတဲ့ဆုနဲ့ပြည့်အောင်ကြိုးစားသွားပါ့မယ်ခင်ဗျာ...