‘မင်္ဂလာတရား’ ဆိုသည်မှာ
‘ကောင်းသောတရား’ ဟု ဘာသာပြန်ပါက သင့်တော်ပေမည်။ မင်္ဂလာတရားသည်
တိုးတက်ကြီးပွား ချမ်းသာများခြင်း၏ အကြောင်းဖြစ်၏။ အလုံးစုံသော
မကောင်းမှုကို ပယ်ဖျောက်တတ်သောကြောင့် မင်္ဂလာဟု ခေါ်ပါသည်။
၁) ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃-ပါး
၂) နေရေး ထိုင်ရေး မင်္ဂလာ ၃-ပါး
၃) သင်ကြားရေး မင်္ဂလာ ၄-ပါး
၎) ၀တ္တရားကျေပွန်ရေး မင်္ဂလာ ၃-ပါး
၅) လိုက်နာကျင့်သုံးရေး မင်္ဂလာ ၄-ပါး
၆) ရှောင်ကြဉ်ရေး မင်္ဂလာ ၄-ပါး
၇) စိတ်ထားပြည့်ဝရေး မင်္ဂလာ ၅-ပါး
၈) သည်းခံရေး မင်္ဂလာ ၄-ပါး
၉) ခြိုးခြံရေး မင်္ဂလာ ၄-ပါး
၁၀) စိတ်ဓါတ်ကြံ့ခိုင်ရေး မင်္ဂလာ ၄-ပါး
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို၊ လိုက်နာကျင့်သုံး ပန်သူတွေ။
စီးပွားချမ်းသာ ကျက်သရေတိုးလို့၊ ကောင်းကျိုးစည်ပွင့် တဝေေ၀။
ဘေးကင်းရန်ကွာ ချစ်သူပေါလို့၊ စိတ်ရော ကိုယ်ရော ချမ်းသာမလေ။
ပြောဆိုကြံဆ ဆောင်သမျှ၊ အောင်ရ ကျိန်းသေမလေ။
အဲဒါကြောင့် ပန်ကြ ဆင်ကြ မင်္ဂလပန်းခိုင်တွေ။
မှတ်ချက်။
၁-မှ ၃၂-အထိ လောကီ မင်္ဂလာ။ ကျန် ၆-ပါး လောကုတ္တရာ မင်္ဂလာ။
၁-မှ ၃၃-အထိ အကြောင်း မင်္ဂလာ။ ကျန် ၅-ပါး အကျိုး မင်္ဂလာ-ဟု မှတ်ပါ။
( ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃-ပါး )
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့၊ မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး၊ မြှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
( နေရေး ထိုင်ရေး မင်္ဂလာ ၃-ပါး )
ကုသိုလ်ပညာ ဥစ္စာရဖို့၊ သင့်ရာဒေသ အမြဲနေ။
ရှေးကတင်ကြို ပြုခဲ့ဖူးသည့်၊ ကောင်းမှုအထူး ရှိပါစေ။
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့၊ မတိမ်းစေနဲ့ ဆောက်တည်လေ။
ဥစ္စာကိုပေး နေထိုင်ရေး၊ မြှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
( သင်ကြားရေး မင်္ဂလာ ၄-ပါး )
တတ်ကောင်းတတ်ရာ ဟူသမျှကို၊ ကြားမြင်သုတ ရှိပါစေ။
အိုးအိမ်တည်ထောင် ၀မ်းစာရေးနဲ့၊ အသက်မွေးဖို့ အတတ်သင်လေ။