အမေး။ ။ ဘုန်းကြီးနှင့်
သားသတ်သမားတို့က မိတ်ဆွေတွေဖြစ်ကြတယ်။ ဘုန်းကြီးက မနက်တိုင်းထပြီး
ဘုရားစာတွေရွတ်တယ်။ သားသတ်သမားလဲ စောစောထပြီး သားသတ်ပြီး ရောင်းလေ့ရှိတယ်။
မနက်အိပ်ယာထ နောက်မကျအောင်လို့ တစ်ဦးကိုတစ်ဦးနိုးဖို့ ပြောကြတယ်။
ဒီလိုနဲ့ သူတို့တွေ သေဆုံးတော့ သားသတ်သမားက နတ်ပြည်ရောက်ပြီး
ဘုန်းကြီးကတော့ ငရဲပြည်ရောက်သွားတယ်။ အဲဒါဘာ့ကြောင့်ပါလဲဘုရား။
ဒီအကြောင်းဟာ ဗုဒ္ဓဘာသာမှာကော ရှိပါသလားဘုရား။ ဒါမှမဟုတ် မယုံရင်ပုံပြင်ပဲ
မှတ်ရမှာလားဘုရာ။
မယ်အေး
ရန်ကုန်
အဖြေ။ ။ ဒီဟာက ပုံပြင်အဆင့်မှာပဲ ရှိပါတယ်။ ဒါကြောင့် ဘာသာခြားတွေရဲ့ ပုံပြင်တစ်ခုလို့ပဲ သတ်မှတ်လိုက်ပါ။ ဒီအမေးအတွက် အဖြေမရှိပါဘူး။ ဒါပေမဲ့ မေးခွန်းရှင်အတွက် ကျေနပ်လောက်တဲ့ အဖြေလေးတော့ ပေးလိုက်ပါရစေ။
ဒီအမေးအတွက် ကံနဲ့ကံအကျိုးယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင်များအဖို့တော့ အမြင်ရှင်းကြပါလိမ့်မယ်။ ဘုရားရှင်က စိတ္တေန နီယတိ လောက–လောကကို စိတ်က ဦးဆောင်တယ်လို့ဆိုထားပါတယ်။ ဒါကိုပဲ စိတ်သာရှင်စောဘုရားဟောလို့လဲ ပြောကြပါတယ်။ အတူတူပါပဲ၊ ပုထုဇဉ်လူသားတစ်ယောက်မှာ ကုသိုလ်မရှိရင် အကုသိုလ်ရှိမယ်။ အကုသိုလ်မရှိရင် ကုသိုလ်ရှိမယ်။ တစ်ခုမဟုတ် တစ်ခုရှိမယ်။
ဒါကြောင့် ကုသိုလ်၊အကုသိုလ်ကို သဘောပေါက်အောင် အရင်ပြောပါ့မယ်။ လူတွေဟာ အကုသိုလ်ဆိုလို့ရှိရင် မကောင်းတာပဲ သိတယ်၊ ဘာမကောင်းတာလဲဆိုတာ မသိဘူး။ ဒါကြောင့် အကုသိုလ်ရဲ့သဘောကို အရင်ပြောပါမယ်။
အကုသိုလ်ဆိုတာ အပြစ်ရှိတယ်၊ ဆင်းရဲတဲ့အကျိုးပေးခြင်းလက္ခဏာရှိတယ်။ အပြစ်ဆိုတာ ရလိုမှု၊ လိုချင်မှုအပြစ်၊ မခံသာ၊နှလုံးမသာမှုအပြစ်တွေပါ။ ဒါတွေဟာ စိတ်ထဲရှိနေသမျှ ကာလပတ်လုံး စိတ်ဟာ ရှုပ်ထွေးနေမယ်၊ ဒီအပြစ်တွေကြောင့် စိတ်လွတ်လပ်မှု မရှိတော့။ လွတ်လပ်မှုမရှိတဲ့စိတ်ဟာ ဆင်းရဲစေပါတယ်။ အဲဒါကိုပဲ အကုသိုလ် လို့ခေါ်တယ်။
ကုသိုလ်ဆိုတာ ကောင်းတယ်လောက်ပဲ သိကြတယ်။ ဒါကြောင့် ကုသိုလ်ရဲ့သဘောကို ပြောပါ့မယ်။ ကုသိုလ်ဆိုတာ အပြစ်မရှိခြင်း၊ ကောင်းတဲ့အကျိုးကိုပေးတဲ့ လက္ခဏာ ရှိတယ်။
အဲဒါကို ကုသိုလ်လို့ခေါ်တယ်။ နားလည်အောင် ဆက်ပြောရရင် လိုချင်မှုတွေ ကင်းနေတာရယ်၊ မခံသာမှုတွေကင်းနေတာရယ်ကြောင့် စိတ်ဟာရှင်းပြီး လွတ်လပ်ပေါ့ပါးနေပါတယ်။ ပေါ့ပါးလွတ်လပ်ပြီး အပြစ်ကင်းနေတဲ့စိတ်ဟာ ချမ်းသာစေပါတယ်။
အဲဒါကိုပဲ ကုသိုလ်လို့ခေါ်တာပါ။ ဥပမာ….အနာရှိတဲ့ လက်နဲ့ ဆားကိုင်မိရင် စပ်မှာပါ၊ အနာမရှိတဲ့လက်နဲ့ ဆားကိုင်ရင် မစပ်ပါဘူး။ ဘုရားရှင်လက်ထက်က လင်က မုဆိုး၊ မယားက သောတာပန်ပါ။ အဲဒီမှာ မုဆိုးတောလည်သွားဖို့အတွက် မနက်ပိုင်းမှာ မယားက မြှားတွေကို ပြင်ဆင်ပေးရပါတယ်။ အဲဒီမှာ