HAZY LIFE

လူအမည် = သိဒ္ဓတ္ထ

ဘုရားဘွဲ့အမည်တော် = ဂေါတမဗုဒ္ဓ

မွေးသက္ကရာဇ် = မဟာသက္ကရာဇ် ၆၈ခု၊ ကဆုန်လပြည့်၊ သောကြာနေ့ (BC- 623 ခန့်)

မိဘအမည် = ခမည်းတော် သုဒ္ဓေါဓနမင်း၊ မယ်တော် မဟာမာယာဒေဝီ မိဖုရား

နေပြည်တော် = ကပိလဝတ်မင်းနေပြည်တော် (ယခုခေတ် နီပေါနယ်)

အမျိုးအနွယ် = သကျသာကီဝင် မင်းမျိုး

အိမ်ထောင်ပြုချိန် = အသက် ၁၆နှစ်အရွယ်

ဇနီး = ဖွားဖက်တော် ဘဒ္ဒကဉ္စနာ ယသောဓရာ

သားတော် = ရာဟုလာ

နန်းစည်းစိမ်စံနှစ် = ၂၉နှစ် (မွေးကတည်းက တောထွက်ချိန်အထိ)

တောထွက်ချိန် = သက်တော် ၂၉နှစ်၊ မဟာသက္ကရာဇ် ၉၇ခုနှစ်၊ ဝါဆိုလပြည့်၊ တနင်္လာနေ့ (BC- 594 ခန့်)

ဒုက္ကရစရိယကျင့်သည့်ကာလ = ၆ နှစ် (ခဲရင်းစွာကျင့်ရသည့် အကျင့်ဖြစ်သဖြင့် ဒုက္ကရစရိယဟုခေါ်သည်၊ ဒုက္ခစရိယ မဟုတ်ပါ။)

ဘုရားဖြစ်ချိန် = သက်တော် ၃၅နှစ်၊ မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ (BC- 588 ခန့်)

တရားဟောသည့်ကာလ = ၄၅နှစ် (သက်တော် ၃၅မှ သက်တော် ၈၀အထိ)

ပရိနိဗ္ဗာန်စံတော်မူသည့်နှစ် = သက်တော် ၈၀၊ ဝါတော် ၄၅ဝါ၊ မဟာသက္ကရာဇ် ၁၄၈ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့ (BC- 543 ခန့်)

ဒါကဗုဒ္ဓဘုရားရဲ့ ဖြစ်တော်စဉ် အကျဉ်းပဲ ဖြစ်ပါတယ်။ ဆက်ပြီးသိထားဖို့လိုတာက ဗုဒ္ဓဆိုတာနဲ့ ပတ်သက်လို့ သိသင့်တာလေးတွေ သိထားရမှာ ဖြစ်ပါတယ်။


ဗုဒ္ဓ

ဗုဒ္ဓဆိုတာ ဘာလဲလို့မေးရင် ဒီစကားလုံး အဖွင့်အတိုင်း “သိသူ”လို့ အလွယ်ဖြေရမှာ ဖြစ်ပါတယ်။ သိတယ်ဆိုတော့ ဘာကိုသိတာလဲ ဆိုရင် သစ္စာလေးပါး အပါအဝင် သိစရာမှန်သမျှ အားလုံးကို သိတာလို့ ဖြေရမှာပေါ့။ အဲဒီသစ္စာကို ဘယ်သူကသင်ပြပေးလို့ သိတာလဲ၊ သူပဲသိပြီး တခြားသူတွေကို သိစေနိုင်သလားလို့ ထပ်ပြီးမေးခွန်း ထုတ်မယ်ဆိုရင်တော့ ဘုရားရှင်တွေဟာ သစ္စာလေးပါး တရားတော်ကို ဆရာမရှိဘဲ ကိုယ်တော်တိုင် ကျင့်ကြံကြိုးကုတ် အားထုတ်မှုနဲ့ သိရှိတော်မူတာဖြစ်ပြီး ကိုယ်တော်မြတ် သိတော်မူတဲ့အတိုင်း ဝေနေယျ သတ္တဝါတွေကိုလည်း သိစေတော်မူတဲ့သူလို့ အလွယ်နားလည် မှတ်သားထားနိုင်ပါတယ်။ ဗုဒ္ဓဆိုတော့ ဒီနေရာမှာ

၁။ သမ္မာသမ္ဗုဒ္ဓ


၂။ ပစ္စေကဗုဒ္ဓ ဆိုတဲ့ ဗုဒ္ဓ နှစ်မျိုးကို သိထားဖို့ လိုပါတယ်။


သမ္မာသမ္ဗုဒ္ဓ ဆိုတာ လေးအသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း (ပညာ၊ သဒ္ဓါ၊ ဝိရိယ တရားအားသာမှုကို လိုက်ပြီး ကွဲပြားမှုရှိ) ဒါန၊ သီလစတဲ့ ပါရမီတော်များကို ဖြည့်ကျင့်ကာ ပါရမီတော် ပြီးပြည့်စုံတဲ့အခါမှာ သိစရာမှန်သမျှ အကြွင်းအကျန်မရှိ အကုန်အစင်ကို သိတော်မူနိုင်တဲ့ သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပြီး ကိုယ်တော်မြတ် သိတော်မူတဲ့ သစ္စာတရားအတိုင်း ဝေနေယျ သတ္တဝါတွေကိုလည်း သိစေတော်မူနိုင်တဲ့ ဘုရားမျိုး ဖြစ်ပါတယ်။


ပစ္စေကဗုဒ္ဓ ဆိုတာ  နှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလကြာအောင် ဒါန၊ သီလစတဲ့ ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူကာ ပါရမီတော် ပြည့်စုံတော်မူတဲ့အခါ ပစ္စေကဗောဓိဉာဏ်ကို ရရှိတော်မူပြီး သစ္စာလေးပါး တရားတော်ကို ဆရာမကူ ကိုယ်တော်တိုင် သိတော်မူခဲ့ပေမယ့် သတ္တဝါဝေနေယျတွေကို သိရှိအောင် ဟောတော်မမူနိုင်တဲ့၊ သာသနာပကာလမှာ ပွင့်တော်မူတဲ့ ဘုရားငယ်မျိုး ဖြစ်ပါတယ်။


ဒီဗုဒ္ဓနှစ်မျိုးမှာ အခုကြုံတွေ့နေရတဲ့ သာသနာတော်ဟာ သဗ္ဗညုတဉာဏ်တော်ရှင် ဖြစ်တော်မူတဲ့ ဂေါတမ မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ပဲ ဖြစ်ပါတယ်။ ဒီလို သမ္မာသမ္ဗုဒ္ဓဘုရားရှင်များရဲ့ သာသနာထွန်းကားရာ ကာလကို သာသနာတွင်းကာလို့ခေါ်ပြီး သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်များ ပွင့်ထွန်းတော် မမူတဲ့ကာလကိုတော့ သာသနာပ ကာလလို့ခေါ်ကာ အဲဒီသာသနာပ ကာလမှာပဲ ပစ္စေကဗုဒ္ဓ အရှင်မြတ်များ ပွင့်ပေါ်တော်မူကြခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဆိုတာနဲ့ ပတ်သက်ပြီး ဒီလောက်သိထားရင်ကိုပဲ ဗုဒ္ဓဘာသာ လူငယ်တွေအတွက် မဆိုးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

Leave a Reply