HAZY LIFE

တကယ့်ကို ဗုဒ္ဓဘာသာတိုင်း သိထားသင့် ဘယ်သူမေးမေး ဖြေနိုင်သင့်တဲ့ ကိစ္စရပ်တစ်ခုပါ... ကိုယ် ကိုးကွယ်တဲ့ရုပ်ပွားတော်ဆင်းတုတော်ကို ဘာကြောင့် ကန်တော့နေလဲ ဆိုတာမသိဘူးဆိုရင် ဒီထက် ရှက်ဖွယ်ကောင်းတာမရှိတော့ပါဘူး... အဲဒါကြောင့် ဒီပိုစ့်လေးကိုဖတ်ပြီး အနည်းနဲ့အများ သိသွားပြီဆိုရင်ပဲ တင်ပေးရကျိုးနပ်ပါပြီ...


ဗုဒ္ဓရုပ်ပွားတော် ကိုးကွယ်ခြင်းနဲ့ ပတ်သက်ပြီး ကျနော်ဆွေးနွေးတင်ပြချင်ပါတယ် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးကြကုန်သော ဘုရားရှင်တို့၏ရုပ်ပွား ဆင်းတုတော်တို့ကို သက်တော် ထင်ရှား ရှိသကဲ့သို့ ကိုးကွယ်ဆည်းကပ်ကြလျှင် သက်တော်ထင်ရှားရှိသော ဘုရားရှင်တို့အား လှူဒါန်း ပူဇော်ဆည်းကပ်ရသည့် အကျိုးသည် တူညီကြောင်း ဗုဒ္ဓဘုရားရှင်က ဟောကြားတော်မူခဲ့ပါသည် ။ ဘုရားဟော ဒေသနာတော်ကို ထောက်ရှု့ခြင်းအားဖြင့် မည်သည့် ရုပ်ပွားတော်ကိုမှ ကိုးကွယ်ဆည်းကပ်ရမည် ၊ မည်သည့်ရုပ်ပွားတော်ကို မကိုးကွယ် မဆည်းကပ်ရ ဟူ၍ ခွဲခြား၍ ဟောကြားတော်မူခဲ့မှာ မဟုတ်ကြောင်း နားလည်သဘောပေါက်မှာပါ ။

ရုပ်ပွားဆင်းတုတော်ကို ကိုးကွယ်ဆည်းကပ်ခြင်းနှင့် ပတ်သက်၍ သက်တော်ထင်ရှား ဘုရှားရှင်ကို ကိုးကွယ်ဆည်းကပ်ရသကဲ့သို့ တူညီသော အကျိုးကို ရရှိနိုင်ကြောင်း ခိုင်မာသော အထောက်အထားရှိသော်လည်း ဗုဒ္ဓစကားတော်ကို သွေဖယ်ဝံ့ကြသော သူတို့သည် ဗုဒ္ဓဘာသာဟု မဆိုနိုင်တော့ပါ ။ဗုဒ္ဓရုပ်ပွား ဆင်းတုတော်သည် ကိုးကွယ်ဆည်းကပ်သူတို့အား မခိုက်ပါ (ဒုက္ခမဖြစ်စေပါ) ။

ဗုဒ္ဓရုပ်ပွားတော်များအား မရိုသေလျှင် (ရိုသေရာ မရောက်လျှင်) ထိုအကုသိုလ်ကပင် ဒုက္ခဖြစ်စေပါသည် ။ဇာတံ သရဏတော ဘယံ ကိုးကွယ်ရာမှာ ဘေးမဖြစ်ကြစေရန်သတိထားကြရမည် ဖြစ်သည် ။ယနေ့မျက်မှောက်ခေတ်ကာလ၌ ဘေးကိုကြောက်သောကြောင့်လည်းကောင်း ၊ လာဘ်လာဘ ရစေခြင်းဌာ လည်းကောင်း ၊ အချို့ သူများလည်း ဘုရားခန်းကြီး ဟည်းနေပြီး ရောက်လာကြသူများ အထင်ကြီးစေရန် မြန်မာတစ်ပြည်လုံးက ကျော်ကြားသမျှသော ကိုးကွယ်ရာ အားလုံးတို့၏ ပုံမျိုးစုံတို့ကို အခမ်းအနား တစ်ခု ပြင်ဆင်ထားသည့်နှယ် ကိုးကွယ် (ချိတ်ဆွဲ) ထားကြလေသည် ။

ဘိုးတော် ၀ိဇ္ဇာ ဇော်ဂျီ နှင့် နတ်ရုပ်တုတို့သည် ဘုရားရှင်နှင့် တစ်တန်းတည်း ထားပြီး မကိုးကွယ်သင့်ပါ ။ ကိုးကွယ်ဆည်းကပ်ပါက ဘုရားရှင်ကို အဂါရ၀ (မရိုသေ မလေးစား) ခြင်း ဖြစ်စေပါတယ် ။ နောက်ထပ် ဆင်ခြင်ဖွယ်ရာ ကောင်းသော ကိစ္စတစ်ခုရှိပါသေးသည် ။ ဘုရားရှင် ရုပ်ပွားတော်နဲ့ ပုံတော်တို့ကို ပိုက်ဆံအိပ် ၊ အိတ်ကပ်ထဲသို့ ထည့်သွင်း၍ ဆောင်ထားကြခြင်းသည် အဂါရ၀ ဖြစ်စေပါတယ် မိမိသည် ဘယ်လိုနေရာတွေကို သွားတက် လာတက် ၀င်တက် ထွက်တက်သနည်းဟု ပြန်လည်စဉ်းစားကြည့်လျှင် အမြဲဝင်ထွက်သွားလာနေသော နေရာသည် အိပ်ခန်းနှင့် အိပ်သာပင် ဖြစ်သည် ။

အဲလိုနေရာမျိုးတွေမှာ ဘုရားရှင်၏ ရုပ်ပွားတော် ပုံတော် တို့နှင့် သင့်မသင့် မိမိဥာဏ်ဖြင့် ချင့်ကြည့်ဖို့ လိုအပ်လှပါတယ် ။ ကျနော်တို့ နိုင်ငံ၌ ဗုဒ္ဓဘာသာ ဟုခံယူထားကြသော အချို့  အိမ်များမှာလည်း ဧည့်ခန်း၌ ဧည့်ခံဘုရား လုပ်ထားကြသည်ကို တွေ့ဘူးကြမှာပါ ။ ဆွမ်းတော် ပန်းတော်မရှိ တစ်အိမ်လုံး တွင်မီးခိုးများ တအူအူထနေသည့်အထဲ အမွှေးတိုင်ဟု ခေါ်နေကြသော မန်ကျည်းသား အမှုန့်တို့ဖြင့် ရှို့မြိုက်ထားကြ၏ ။ ကြောင်တစ်ကောင် သောက်၍ မ၀လောက်သော ရေတစ်ခွက်ဖြင့်လည်း တစ်နေကုန်မလဲပဲ ကပ်လှူထားကြပါတယ် ။ တစ်ခါတစ်ရံ ဌက်ပျောသီး စသော သစ်သီးစိမ်းများ ကပ်လှူသူများလည်း ရှိပေသေးသည် ။ သေချာစဉ်းစားကြည့်ကြပါခင်ဗျာ မိမိတို့၏အထွက်အမြတ်ထားတဲ့ ဘုရားရှင်ကို ဖြစ်သလိုမကပ်လှူသင့်ပါ သံဃာတော် တစ်ပါးကိုဆွမ်း ၊ ခဲဘွယ် ကပ်လှူသလို ဘုရားရှင်သက်တော်ထင်ရှား ရှိသလို စိတ်မှာ ရည်မှတ်ပြီး ကပ်လှူသင့်ပါတယ် ။

အမရပူရမြို့  မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးသည် ကျောင်းတိုက်အတွင်းရှိ ကျောင်းများအပေါ်ဝယ် ဗုဒ္ဓဘုရားရှင် ရုပ်ပွားတော်မြတ်များကို ထားခွင့်မပြုပါ ။ ဂန္ဓာကုဋိ (ဘုရားတိုက်ကျောင်း) တစ်ကျောင်း၌သာ ကြည်ညိုဖွယ်ရာ ဖြစ်အောင် ထားရှိစေတော်မူပါသည် ။ ဆရာတော်ရဲ့  ရည်ရွယ်ချက်ကတော့ ရဟန်းသာမဏေငယ်တို့သည် ကိုယ်အမူအရာ နှုတ်အမူအရာများ မဆင်မခြင် ပြုလုပ်ပြောဆိုမိကြလျှင် ကုသိုလ် တစ်ပဲ ငရဲ တစ်ပိဿာဆိုသကဲ့သို့ ကုသိုလ်ရဖို့ထက် အကုသိုလ်ဖြစ်ဖို့က များဟန်ရှိသောကြောင့် ဤသို့တားမြစ်တော်မူခြင်းဖြစ်သည် ။

ဗုဒ္ဓဘုရားရှင်၏ ရုပ်ပွားတော်ကို မလျော်သော ကိုးကွယ်နည်းဖြင့် ပူဇော်ထားသူတို့၏ နေအိမ်ကိုကြည့်လျှင် ၄င်းအိမ်သည် ပြောင်မြောက်တိုးတက်မှု ရှိလိမ့်မည် မဟုတ်ပါ ။ ထို့ကြောင့် ရုပ်ပွားတော်ကို မပူဇော်လျှင် (အိမ်မှာမထားရှိလျှင်) ဘာမှမဖြစ်ပေမယ့် ထားလျှင် ထားသည့် အလျောက်ရိုသေစွာ ပူဇော်ရသော် ကုသိုလ်များရကြမည် ဖြစ်သကဲ့သို့ မရိုသေလျှင် (အဂါရ၀ဖြစ်လျှင်) အကုသိုလ်တွေဖြစ်နေမှာ အမှန်ပါ ။ကျနော်တို့လက်တွေ့မြင်တွေ့နေတာလေးတွေကတော့ ကတ္တရာလမ်းမပေါ်မှာ ဗုဒ္ဓဘုရားရှင်ပုံတော်များကို စုပုံရောင်းချနေသူများ ၊ ဗုဒ္ဓရုပ်ပွားတော်များကို ရှေးဟောင်းပစ္စည်း ဟုတ် မဟုတ် ပြဒါးစိမ်ကြည့် ကြသူများ ၊ တံစဉ်းတိုက်ကြည့်ကြသူများ ၊ ငရဲမီး (ပန်းတိမ်သုံး) ဖြင့် တို့ကြည့်ကြသူများကို ဗုဒ္ဓဘုရားရုပ်ပွားတော်က ဘာမှမလုပ်ပေမယ့် မိမိတို့ပြုတဲ့ ကောင်းကျိုး ဆိုးကောင်း ကံတွေကို ခံစားရမှာ အမှန်ပါ ။ဖြစ်နိုင်ရင် မိမိတို့သေချာ ကိုးကွယ်ဆည်းကပ်ခြင်းမပြုနိုင်ရင် ဘုရားပုံတော် ရုပ်ပွားတော် ကိုမိမိတို့နေတဲ့ အခန်းမှာ မထားတာအကောင်းဆုံးပါ ကုသိုလ်ထက် အကုသိုလ်များနေမှာ စိုး၍ စေတနာနှင့် အကြံပြုခြင်းပါခင်ဗျား ။

ဗုဒ္ဓဘာသာ အရေး ဓမ္မဒဿန အတွေးအမြင်များ စာအုပ်မှ ကိုးကားပြီး ရေးသားပါသည် ။

Categories:

Leave a Reply