HAZY LIFE

ဘုရားရှင်ဟာ သာမန်အချိန်မှာ ပကတိလူသားထက်ပိုပြီး မြင့်နိုင်စရာမရှိပေမဲ့လို့ ခန္ဓာကိုယ်ကို ကြီးချင်ရင် သူတကာထက်ပိုပြီး ကြီးလို့ရသလို ငယ်ချင်ရင်လည်း ငယ်ချင်သလောက် ငယ်လို့ရတယ်ဆိုတဲ့ ဘုရားရှင်ရဲ့ တန်ခိုးတော်အရာလည်း ရှိပါသေးတယ်။ သာဓကတစ်ခုပြောချင်ပါသေးတယ်။ တစ်ခါက ပုဏ္ဏားတစ်ယောက်ဟာ ဘုရားရှင်ရဲ့ အရပ်တော်ကို သိချင်တဲ့အတွက် သူ့အိမ်အရှေ့ ဘုရားရှင် ဆွမ်းခံကြွရာနေရာမှာ ၀ါးလုံးတစ်လုံး စိုက်ထူထားပါတယ်၊ ဘုရားကြွတော်မူလာတော့ ၀ါးလုံးထက် ဘုရားရှင်ရဲ့အရပ်တော်က မြင့်နေတယ်၊ ဒီလိုနဲ့ ၀ါးခုနှစ်လုံးဆက်ပြီး ထောင်ထားလိုက်တယ်။ ဒါပေမဲ့ ဘုရားရဲ့ အရပ်တော်က မြင့်လျက်ပါပဲ။ အဲဒီအခါ မြတ်စွာဘုရားက “ဘာလို့ ၀ါးလုံးတွေ ထောင်ထားတာလဲ”လို့ ပုဏ္ဏားအားမေးတဲ့အခါ “ အရှင်ဘုရားရဲ့ အရပ်တော်ကို သိချင်လို့ပါ”လို့ ပုဏ္ဏားက လျှောက်တယ်။ အဲဒီအခါ ဘုရားရှင်က “ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဖြည့်ကျင့်လာတဲ့ ပါရမီဘုန်းတော်ကို မင်းဝါးလုံးနဲ့ တိုင်းတာလို့ရပါ့မလား”လို့ ဟောကြား ဆုံးမတော်မူပါတယ်။

တာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာတရား ဟောတော်မူတဲ့အခါကလည်း ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ပလာထက်မှာ သီတင်းသုံးတော်မူနေတဲ့အခါ သိကြားမင်းက “ပဏ္ဍုကမ္ပလာက တစ်ဆယ့်ငါးယူဇနာတောင်ရှိတာဆိုတော့ ဘုရားရှင်ထိုင်တော်မူရင် နေရာတွေ ပိုနေမှာပဲ”လို့ တွေးမိတယ်။ ဒါနဲ့ ဘုရားရှင် ပဏ္ဍုကမ္ပလာထက် ထိုင်တော်မူလိုက်တဲ့အခါ ကမ္ပလာတစ်ခုလုံး ပြည့်သွားရုံမျှမက သင်္ကန်းအစွန်းဟာ ကမ္ပလာရဲ့အပြင်ကို ထွက်ကျနေပါတော့တယ်။ အဲဒီအခါ သိကြားမင်းက “ ငါဟာ မိုက်လေစွ၊ မြတ်စွာဘုရားရဲ့ ဘုန်း တန်ခိုးတော်ကို မသိလေစွ”လို့ နောင်တရတော်မူပါတယ်သတဲ့။

တစ်ခါက ‘ရာဟု’အမည်ရှိ အသူရာနတ်မင်း တစ်ဦးရှိတယ်။ သူရဲ့ ခန္ဓာကိုယ်က အလွန်ကြီးမားတယ်။ ဒါနဲ့ နတ်တွေက ဘုရားသွားဖူးသွားဖို့ခေါ်တဲ့အခါ အသူရာနတ်မင်းကြီးက “ ငါသွားရင် ဘုရားရှင်က ငယ်ငယ်ဆိုတော့ ငါငုံ့ကြည့်ရမယ်။ ငါမသွားဘူးလို့တွေးကာ မလိုက်ဘဲနေတယ်၊ နတ်တွေက ဖန်ခါထပ်ထပ်ခေါ်တဲ့အခါမှာ မတတ်သာတော့ဘဲ လိုက်သွားတယ်၊ ဘုရားအရှေ့ရောက်တော့ ဘုရားရှင်ရဲ့ ခြေဖမိုးတော်ပဲ မြင်ရတယ်၊ မျက်နှာတော်ကိုဖူးဖို့ အပေါ်မော့ကြည့်တဲ့အခါမှာလည်း မျက်နှာတော်က မြင့်လွန်းနေတဲ့အတွက် ရင်ခေါင်းတော်လောက်သာ မြင်ရပါတယ်။ အဲဒီအခါကျမှ အသူရာနတ်မင်းက “အော်…ဘုရားဆိုတာ အံ့သြဖွယ် အလွန်ကောင်းတာပဲ၊ ဘုရားရှင်ဟာ သေးသေးငယ်ငယ် ထင်မိပြီး မထီမဲ့မြင် ထင်မှားမိလေခြင်း” လို့ တွေးကာ နောင်တရနေပါတော့တယ်။

ဒါဟာ လူသာမန်တို့ မကြံစည်နိုင်တဲ့ ဘုရားရှင်ရဲ့ တန်ခိုးအရာပါပဲ။ မြတ်စွာဘုရားရဲ့ ဘုန်းတော်နဲ့
ပတ်သက်ပြီး မကြံစည်အပ်တဲ့တရားလေးပါးရှိတယ်။ ဒါကို အစိန္တေယျလေးပါးလို့ ခေါ်ပါတယ်။ ဒီလေးပါးကို ဗဟုသုတအလို့ငှါ ဖေါ်ပြပေးချင်ပါတယ်။ (၁) တန်ခိုးတော်ကို မကြံစည်အပ်။ (၂) ကံ၏အကျိုးပေးရာတွင် မကြံစည်အပ်။ (၃)သဗ္ဗညုတဉာဏ်တော်အရာတွင် မကြံစည်အပ်။ (၄) လောကအကြောင်း မကြံစည်အပ်ခြင်းတို့ ဖြစ်တယ်။

တစ်ခါက နိုင်ငံခြားသားတစ်ယောက်က လယ်တီဆရာတော်ကြီးအား မေးဖူးတယ် “အရှင်ဘုရား… မြတ်စွာဘုရားဟာ အလိုတော်ရှိရင် မုန်ညင်းစေ့ထဲလည်း ပကတိကိုယ်ခန္ဓာဖြင့် ၀င်နိင်တယ်ဆိုတာ ဟုတ်ပါ့မလားဘုရား၊ ဘုရားရှင်ရဲ့ ခန္ဓာကိုယ်က ပင်ကိုယ်ဆိုရင် မုန်ညင်းစေ့က ကျယ်လာတာ ဖြစ်ရမယ်။ မုန်ညင်းစေ့ကလည်း ပုံမှန်အတိုင်း ဘုရားရှင်ကလည်း ပကတိအတိုင်း ၀င်တယ်ဆိုတာတော့ တပည့်တော်မယုံပါဘူးဘုရား” မေးလျှောက်တယ်။ ဆရာတော်ကြီးက “ဣဒ္ဓိဝဒေါ အစိန္တိယော တန်ခိုးတော်ကို မကြံစည်အပ်ဘူး”လို့ မိန့်တော်မူပါတယ်။ နိုင်ငံခြားသားက “အရှင်ဘုရားတို့က ပြဿနာပေါ်လာရင် ဒီအစိန္တေယျဆိုတာကြီးနဲ့ ကာကြတာပဲ၊ တပည့်တော် မကျေနပ်နိုင်ပါဘူး” လို့ဆိုသတဲ့၊

ဒီတော့ ဆရာတော်ကြီးက နိုင်ငံခြားသားမှာပါလာတဲ့ မှန်ပြောင်းကို လက်ညိုးထိုးပြီး “ ဒီမှန်ပြောင်း ဘယ်လောက်ပေးရလဲ”လို့မေးတယ်၊ “(၆၅)ကျပ်ပေးရပါတယ်ဘုရား”လို့ နိုင်ငံခြားသားက လျှောက်တယ်။ ဆရာတော်ကြီးက “ ဒါဖြင့် ဒီမှန်ပြောင်းနဲ့ တောင်ရိုးကြီးကို ကြည့်လိုက်စမ်း၊ ဘာမြင်ရတုန်း”လို့မေးတယ်၊ နိုင်ငံခြားသားက “ အရှင်ဘုရား… တောင်ရိုးကြီးကို မြင်ရပါတယ်ဘုရား”လို့ လျှောက်တယ်၊ “မင်းဟာက မှန်ပြောင်းလေးက အပေါက်ဝသေးသေးလေးပဲ ဒီလောက်ကြီးတဲ့ တောင်ရိုးကြီးကို မြင်ရတယ်ဆိုတာ ဟုတ်ပါ့မလား၊ တောင်ရိုးကြီးကိုမြင်ရအောင် မှန်ပြောင်းက ကျယ်လာလို့လား၊ တောင်ရိုးကပဲ သေးလာလို့လား” လို့ ဆရာတော်က မေးပါတယ်။ အဲဒီအခါ နိုင်ငံခြားသားက “မှန်ပါ …မှန်ကလည်း မကျယ်ပေးသလို၊ တောင်ရိုးကြီးကလည်း မသေးလာပါ၊ ဒါပေမဲ့ အကုန်လုံးကိုတော့ မြင်နေရတာပဲ ဘုရား”လို့ လျှောက်တယ်။ ဆရာတော်ကြီးက “ အေး…မင်းရဲ့ (၆၅)ကျပ်တန် မှန်ပြောင်းကတောင် ဒီလောက် အစွမ်းထက်နေရင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီဖြည့်ကျင့်ခဲ့တဲ့ မြတ်စွာဘုရားက ဒါလောက်တော့ရှိမှာပေါ့”လို့ ပြောလိုက်တဲ့အခါကျမှသာ နိုင်ငံခြားသား ၀မ်းမြောက်စွာနဲ့ ကျေကျေနပ်နပ်ကြီး လက်ခံသွားပါတော့တယ်။

2 Responses so far.

  1. Anonymous says:

    http://thebuddhismheight.blogspot.com/2014/05/blog-post.html ဆိုတဲ့ blog လေးကိုလည်း သွားဖတ်ကြည့်ရန် တိုက်တွန်းပါသည်။ ရှင်းလင်းပြတ်သားလွန်းလှသောကြောင့် ဖြစ်ပါသည်။

  2. Anonymous says:

    http://thebuddhismheight.blogspot.com/2014/05/blog-post.html ဆိုတဲ့ blog လေးကိုလည်း ဖတ်ရှုကြည့်ရန် တိုက်တွန်းပါသည်။ အလွန်ရှင်းလင်းပြတ်သားလွန်းလှသောကြောင့် ဖြစ်သည်။

Leave a Reply