HAZY LIFE

(က)  အရှင်ဘုရား.. ဘာသာခြားများက မေးလာတဲ့မေးခွန်းကို သေချာဖြေနိုင်အောင် ကူညီပါဦးဘုရား။ 
သူတို့မေးတာက သရဲ တစ္ဆေတွေ ကိုယ်တိုင် အလှူအတန်း မလုပ်ပါဘဲ သာဓုခေါ်လိုက်ရုံနဲ့ ကွတ်လွတ် သွားရောလား၊ သာဓု ဆိုတာဘာလဲ။ အဲလောက်စွမ်းလား လို့ မေးကြတယ် ဘုရား၊တပည့်တော်မတို့က အခြောက်အလှန့်ခံရရင် အမျှပေးလိုက်ပါ .. သာဓုခေါ်ခိုင်းလိုက်ပါ လို့ ပြော ပြောနေကြတာကိုးဘုရား ..

(ခ) နောက်ပြီး တပည့်တော်မ သိချင်တာက မကောင်းဆိုးဝါးတွေ မနှောက်ယှက်အောင် အိမ်တို့ ကုတင်အိပ်ယာတို့ကို စည်းချတယ် ဆိုတာ ဘယ်လို လုပ်တာလဲ ဘုရား..

ကူးကူး
18 Oct 11

မေးခွန်း( က ) အနေနဲ့ ဘာသာခြားအနောက်နိုင်ငံသားများ နားလည်အောင် ပြောရရင်  ရှေးဦးစွာ ကံအကြောင်းကို လက်ခံပါမှ ဖြစ်နိုင် ပါမယ်၊ ကံတရားရဲ့ သဘောကလဲ လူတစ်ယောက် မှန်ကြည့် သလို ကိုယ့်ပုံရိပ်လှလှ ပေါ်စေချင်ရင် လှလှပြင်ရပြီး မလှခဲ့ရင် ပုံဆိုးပန်း ဆိုး ပေါ်စေမှာပါ။ ဗုဒ္ဓဘာသာဝင်များဟာ ကံကို ယုံကြည်ကြသူများမို့ အထူးဖြေရှင်းစရာ မလိုပေမယ့် သတိထား စရာက  အမျှပေးရာမှာလဲ သရဲ တစ္ဆေတွေက လိုလိုချင်ချင် ကျွတ်လွတ်ချင်တဲ့ စိတ်နဲ့ သာဓုခေါ်လိုက် ရင် ကျွတ် လွတ်နိုင်ကြပါတယ်၊

အမျှဝေခြင်း သာဓုခေါ်ခြင်း အဓိပ္ပါယ်

အမျှဝေခြင်း ဆိုသည်မှာ ကိုယ်လှူဒါန်းထားတဲ့ အလှူဒါနကို သူတပါးတို့အား  share မျှဝေခြင်းပါ၊ ဒါနကုသိုလ်ကံ   စေတနာစွမ်းအား ကြောင့် ကိုယ်က ပေးလိုက်လို့ လျော့သွားတယ် ဆိုတာ မရှိပါဘူး၊ သာဓုခေါ်ခြင်း ဆိုတာကတော့ သူတပါးကလဲ ကိုယ့်အလှူဒါနကို အားကျပြီး မုဒိတာပွား ၀မ်းမြောက်ကာ “ သာဓု သာဓု ကောင်းတယ် ကောင်းတယ်၊ အသင်အလှူရှင် အမျှဝေတာကို အကျွနုပ်ကလဲ ၀မ်းမြောက်စွာ ခံယူပါတယ်  ” ဆိုတဲ့ အဓိပ္ပါယ်ကို ရည်ညွန်းတယ်။  တစ္ဆေ သရဲတို့က အကူညီတောင်းလို့ အလှူဒါန လုပ်ပေးရင်လဲ လုပ်ပေးသူရော နာနာဘာဝတွေပါ ကုသိုလ်ရရှိပါတယ်၊ သူတို့မှာ လူတွေလို ကိုယ်တိုင် လှူဖို့ အခွင့်အရေး မရနိုင်တော့လို့ ပရလောကကို ရောက်ကာမှ နောင်တရကာ အကူညီတောင်းခြင်းသာ ဖြစ်တယ်။

မီးရောင် မျှဝေခြင်း ဥပမာ

စာပေတွေထဲမှာတော့ အမျှဝေတာဟာ အိမ်တအိမ်ကနေ အိမ်တအိမ်ကို ဖယောင်းတိုင်မီး ကူးယူခြင်း နှင့် ဥပမာပေးထားတယ်၊ ဖယောင်းတိုင် တတိုင်ပဲ ထွန်းထားတော့ အလင်းရောင် အားနည်းနေလိမ့်မယ်၊ နောက်ထပ် အများကြီး ပွားလိုက်ရင် တရပ်ကွက်လုံး တရွာလုံး လင်းထိန်သွားလိမ့်မယ်၊ ဒါပေမယ့် မူလ ပထမ ဖယောင်းတိုင်မှာလဲ အလင်းရောင် လျော့သွားတယ် ဆိုတာ မရှိဘူး။ ကုသိုလ် အကျိုး ဆိုတာကလဲ မီးကူး သလိုပဲ၊ အမျှပေးဝေသူမှာ ကုသိုလ်ဆုတ်ယုတ်သွားတယ် ဆိုတာ မရှိသလို သာဓုခေါ်ဆိုသူ ဘယ်လောက်ပဲ များနေပါစေ၊ ၀မ်းမြောက်ဝမ်းသာ ခေါ်ဆိုသူမှန်သမျှ ကုသိုလ်အကျိုးကို ခံစားရလေ့ ရှိတတ်တယ် …

မေတ္တာသံယောဇဉ်နှင့် နှိုင်းယှဉ်ခြင်း ဥပမာ

ဆိုပါစို့ မိသားစုတခုမှာ သားသမီးတယောက်ယောက် ဒီဂရီ များစွာနဲ့ စာမေးပွဲအောင်ရင် ဦးစွာပထမ ကာယကံရှင်ကိုယ်တိုင် ၀မ်း သာရတယ်၊ နောက်တော့ သူနဲ့ စပ်ဆက်နေတဲ့ မိဘတွေ၊ ဆွေမျိုးတွေ၊ မိတ်ဆွေသူငယ်ချင်းတွေအားလုံး ၀မ်းသာမှုကို ခံစားကြရ တယ်၊ အားမနာတမ်း အနောက်တိုင်းသားတွေလို ရုပ်ဝါဒီ ဆန်ဆန် ပြောရရင် စာမေးပွဲအောင်တာက ကိုယ်မှ မဟုတ်ပဲ၊ သူအောင်လို့ သူပျော်တာ ဘာမှ မဆန်းပေမယ့် တခြားသူတွေအပေါ် ပတ်ဝန်းကျင်အပေါ်မှာ အားလုံး ပျော်ရွှင်မှုတွေ ကူးစက်သွားတာဟာ မေတ္တာဆိုတဲ့ compassion ကြောင့်သာလျင် ဖြစ်တယ်၊ 

အမျှပေးဝေသူက စာမေးပွဲအောင်သူနဲ့ တူညီပြီး သာဓု ခေါ်သူက မေတ္တာကြောင့် တဆင့် ပျော်ရွင်မှု ရသူများနဲ့ တူတယ်၊ ဒါကြောင့် သာဓုခေါ်ဆိုသူဟာ ကိုယ်တိုင် မလှူရသော်လည်း မိမိသားသမီးတယောက်ယောက် စာမေးပွဲအောင်ရင် ကိုယ်ပါ ၀မ်းသာရ သလို မေတ္တာရဲ့ ဆက်နွယ်မှုအရ သူလဲ ရရှိခံစားနိုင်ပါတယ်။

ကိုယ်စား လုပ်ကာ အကူအညီပေးခြင်း ဥပမာ

နောက်တခုက  ကိုယ့် မိတ်ဆွေတယောက်၊ သူငယ်ချင်းတယောက် ချစ်သူတယောက် လုပ်ရမယ့် သူ့တာဝန်တွေကို အကြောင်း တခု ခုကြောင့်  သူကိုယ်တိုင် မအားလပ်သောအခါ ကိုယ်စားလုပ်ပေးလိုက်လို့ အဆင်ပြေသွား ခြင်းနဲ့ တူတယ်၊ ဘယ်သူလုပ်သည်ဖြစ်စေ အလုပ်ပြီးသွားဖို့ အဓိကပဲ မဟုတ်လား၊ ဒီမှာလဲ အမျှဝေသူ သည် ကိုယ်စားလုပ်ပေးသူနဲ့ တူပြီး သာဓုခေါ်သူကတော့ မအားလပ်လို့ အကူညီတောင်းသူနဲ့  တူတယ်။ ဒီနေရာမှာလဲ ကိုယ်စားလုပ်ပေးသူကြောင့် ကိစ္စပြီးရသလို သာဓုခေါ်ဆိုသူဟာလဲ ကိုယ်တိုင် မလုပ်ပေမယ့် ဒါနရဲ့ အကျိုးကို ခံစားနိုင်တယ်။

အပြုံးတခု ဖန်တီးခြင်း  ဥပမာ

ယနေ့ခေတ်လူမှုပတ်ဝန်းကျင်မှာ  လူတယောက်ကို ပြုံးပြခြင်းတခုရဲ့ အကျိုးသက်ရောက်မှု ကို ထိပ်တန်းရောက်နေသူ တိုင်း   အောင်မြင် ကျော်ကြားနေသူတိုင်း နားလည်ကြပါတယ်၊ အပြုံးတပွင့် ကြောင့် ဘ၀တဆစ်ချိုး ပြောင်းသွားသူတွေ၊ စီးပြားေ ရးေ အာင်မြင်နေသူတွေ အများကြီး ရှိနေပါတယ်၊

ကြင်နာမှု ခေါင်းပါးနေတဲ့ အနောက်နိုင်ငံများမှာ ကိုယ့်ဘက်က အပြုံးပေးလိုက်လို့ မထင်မှတ်တဲ့ ကိစ္စတွေ၊ အကျိုးရလဒ်တွေ ထွက်ေ ပါ် လာတာကို ပညာရှင်များရဲ့ အတ္ထုပ္ပတ္တိများကို ဖတ်ရတိုင်း ခံစားမိတယ်။ ဗုဒ္ဓဒေသနာများစွာ မှာလဲ မိဟိတပုဗ္ဗင်္ဂမာ  အဗ္ဘာကုဋိကာ - အပြုံးကို ရှေ့တန်း တင်ထားခြင်း၊ အမြဲ မျက်မှောင်ကျုံ့မထားခြင်း ဆိုတာ ရှိတယ်၊ လူမှုပတ်ဝန်းကျင်မှာ သိပ်လိုအပ်တဲ့ အရာပေါ့၊  သို့သော်လည်း အသက်မပါတဲ့ ဟန်ဆောင်အပြုံးကို မဆိုလိုဘူး၊ ကိုယ့်ဘက်က ပြုံးပြလိုက်လို့ အကျိုးယုတ်သွားတယ် ဆိုတာ မရှိနိုင် ပါဘူး၊
ဒီနေရာမှာ အမျှပေးတယ် ဆိုတာ ကိုယ့်ဘက်က ပြုံးပြခြင်းနဲ့ တူတယ်၊ တဖက်သားက သာဓုခေါ်တာကတော့ ကိုယ့်အပြုံးကို လိုလို ချင်ချင်လက်ခံခြင်းနဲ့ တူတယ်၊ ဒီတော့ နှစ်ဦးနှစ်ဖက် အကျိုးရှိစေတယ်ပေါ့၊ သာဓု မခေါ်ဘူး ဆိုရင်တော့ ကိုယ့်အပြုံးကို မသိကျိုးကျွန် ဥပေက္ခာပြုခြင်းနဲ့ တူတယ်၊  ကိုယ့်အပြုံးကြောင့် တဖက်သားမှာ စိတ်ချမ်းသာမှု ကြည်နူးနှစ်သိမ့်မှုကို ခံစားရသလို သာဓုခေါ်ဆိုသူဟာလဲ စိတ်ချင်းဆက်သွယ်မှု အရ ဒါန အကျိုးကို ခံစားနိုင်တာ ယုံမှားစရာ မရှိပါ။ ဒီဥပမာတွေကတော့ အမျှဝေခြင်း သာဓုခေါ်ခြင်းတွေကို နိုင်ငံခြားသားများ နားလည်အောင် ယှဉ်ပြတာပါ၊  သူတို့က ကံအကြောင်း တွေ၊ ဒေသနာတော်တွေ၊ နိဗ္ဗာန်တွေကို မသိသေးပဲ လက်မခံကြတာကြောင့် သူတို့ နားလည်နိုင်အောင် ရှင်းပြခြင်း ဖြစ်ပါတယ်။

တစ္ဆေ သရဲ ခြောက်လှန့်ခြင်း ရည်ရွယ်ချက်များ

၁။ တဖက်သားကို ပျော်စေချင်လို့၊ စနောက်ချင်လို့ ချောက်လှန့်ခြင်း၊
၂။ သူတို့ ရှိကြောင်း သိစေချင်လို့ အသိပေးခြင်း၊


၃။ ကိုယ့်ဘက်က သူတို့မကြိုက်တာ လုပ်ထားမိလို့ သူတို့က ပြန်လည်နှောက်ယှက် တုံ့ပြန်ခြင်း၊
၎။ နေစရာ စားစရာ မရှိလို့ လက်ရှိဘ၀က ကျွတ်လွတ်ချင်လို့ အပုတ်နံ့၊  အမွှေးနံ့သာနံ့၊ စသည်ပေးခြင်း၊ ကိုယ်ထင်ရှားပြကာ အကူ အညီတောင်းခြင်း၊

စသည်ဖြင့် များစွာရှိနိုင်ပါတယ်၊ ဒါတွေကို လူတွေက နားလည်မှုလွဲပြီး သရဲခြောက်တယ်
တစ္ဆေခြောက်တယ် ဆိုတာတွေ ဖြစ်ကုန် ကြတယ်၊ တကယ်တော့ သူတို့ ဘ၀က သနားစရာ ကောင်းတယ်၊ လူတွေထက်လဲ ဘုန်းကံ နိမ့်ပါးပြီး စားရမဲ့ သောက်ရမဲ့ ဘ၀တွေမို့ ကြောက်စရာ မရှိပါ၊  ဒါပေမယ့် သူတို့က အကူညီလိုအပ်လို့ ကိုယ်ထင်ပြတာကို သရဲခြောက်တယ် လို့ ဘာသာပြန်လိုက် တော့ နောက်တကြိမ် ခြောက်လှန့်လိုက်၊ နောက်တကြိမ် အသိပေးလိုက်နဲ့ လုံးချာလည်နေကြတယ်၊
အခုခေတ် နိုင်ငံခြား တိုင်းပြည်များမှာ သူတို့ကို နည်းလမ်းကျကျ အမျှပေးဝေမယ့်သူ မရှိတာမို့ အဆောက်အဦးတိုင်း နေရာတိုင်း၊ လမ်း တိုင်း အထူးသဖြင့် သားငါးတွေ ရောင်းချတဲ့ ဈေးထဲမှာ ကြိတ်ကြိတ်တိုးပြီး သွားလာနေကြတယ် လို့ ဒေသနာများမှာ ဆိုပါတယ်။

နံပါတ် ၁၊ ၂၊ ၃ တို့အတွက် ကိုယ့်ဘက်က နေ့တိုင်း ဘုရားရှိခိုးပြီးတိုင်း ကုသိုလ်ကောင်းမှုတခုခု ပြုလုပ်ပြီးတိုင်း မေတ္တာပို့ပေးပြီး “ အကျွနုပ်နဲ့ ဘ၀သံသရာမှာ ကျင်လည်ခဲ့စဉ် မြင်ဖူး မမြင်ဖူးသောသတ္တ၀ါများ၊ ဆွေမျိုး တော်စပ် မတော်စပ်ဖူးသော ပရလောက မှ သတ္တ၀ါအားလုံးတို့အား အကျွနုပ်ပြုပြုသမျှ ကုသိုလ်ကောင်းမှုအားလုံးတို့၏ အဖို့ဘာဂကို  အမျှပေးဝေပါတယ် ” လို့ အမြဲတမ်း အမျှပေး ဝေနေရင်  လုံလောက်ပါတယ်။ သူတို့ သာဓုခေါ်လိုက ခေါ်ဆိုပြီး ကျွတ်လွတ်သွားနိုင်ကြပါတယ်။

ကိုယ်က မေတ္တာပေးရင် သူတို့ကလဲ အော် ဒီအိမ်ရှင်တွေက ငါတို့ကို တကူးတက မေတ္တာပို့ပေးတယ်၊  အမျှဝေပေးတယ် ငါတို့ကလဲ ပြန်လည်စောင့်ရှောက်ပေးမှပဲ ဆိုပြီး စီးပွားရေး လှုမှုရေးအစ အားလုံးကို စောင့်ရှောက်ပေးကြတယ်၊ နောက်ဆုံး ကိုယ့်မှာ အသက်အန္တရာယ် ကြုံလာရင်တောင် သူတို့က ကယ်တင်ပေးကြတယ်၊ အဲဒီလောက်အထိ အကျိုးများလှပါတယ်၊

နံပါတ်လေး အတွက်ကတော့ ကိုယ်က မကြောက်မလန့်စေပဲ ဘာအကူအညီ လိုအပ်သလဲ ၊ ဘာလုပ်ပေးရမလဲ စသည် မေးမြန်းပြီး အ၀တ်အစားလိုအပ်ရင် အ၀တ်အစားပေးလှူ၊ အစားအသောက် လိုအပ်နေရင် သံဃာတွေကို ဆွမ်းကွမ်းကပ်ခြင်း၊ ခဲဖွယ်ဘောဇဉ် များ လှူဒါန်းခြင်း၊စသည်လုပ်ပေးပြီး အကူအညီပေးသင့်တယ်၊ 

ခက်နေတာက သူတို့က ဘုန်းကံ နိမ့်ရှာလေတော့ လူတွေကိုလဲ လိပ်ပြာငယ်သူ၊ ကံနိမ့်နေသူတွေကိုပဲ ပြနိုင် ခြောက်နိုင်ကြတယ်၊ လူတိုင်းကို မချဉ်းကပ်နိုင်ဘူး၊ မခြောက်နိုင်ကြဘူး၊ လိပ်ပြာငယ်သူကိုမှပြမိတာကို  အပြခံရသူက သရဲခြောက်တယ် ဆိုပြီး ခေါင်းစဉ် တပ် လိုက် တော့ သူတို့ ရည်မှန်းချက်တွေ ပျက်ကုန်ရော ...

နားလည်မှုလွဲပြီး ကိုယ်က ဒေါသနဲ့ တုန့်ပြန်တယ်၊  အာဏာပြပြီး ခြိမ်းခြောက်ရင်တော့ ပါးကိုက်ရင် နားပြန်ကိုက်မယ် ဆိုပြီး သူတို့ ကလဲ ကမ္မဇိဒ္ဓိ အစွမ်းနဲ့ လူတွေကို သေစေအောင်၊ ရူးသွပ်အောင် စီးပွားပျက်အောင်၊ မိသားစုအတွင်း ပဋိပက္ခဖြစ်ပေါ် လာအောင်၊ ကျမ္မာရေးချို့ယွင်းကာ စိတ်ဆင်းရဲအောင် အမျိုးမျိုး တုန့်ပြန်တတ်ကြပါတယ်၊ ကာယကံရှင်ကို လုပ်လို့မရရင် မိသားစုထဲက ကံနိမ့်သူကို လုပ်တတ်ကြတယ်၊ လူဆိုတာကလဲ လူစိမ်းတယောက်ယောက် ဒုက္ခရောက်တယ်၊ နောက်ဆုံး သေဆုံးတယ်လို့ ကြားမိရင်တောင်  ဘာမှ မခံစားရပေမယ့် ကိုယ်နဲ့ စပ်ဆက်သူတယောက် ဒုက္ခရောက်တာ ကြားမိရင်ပဲ  စိတ်ဆင်းရဲတတ်ကြတယ် မဟုတ်လား၊

အချို့သော နတ်တွေ ပရလောကတွေကို မယုံကြည်ပဲ ယုံကြည်သော်လည်းဘုရားသားတော် ရဟန်းဆိုတာ နတ်တွေ၊ နာနာဘာဝတွေကို အရေးပေးစရာ၊ လေးစားစရာ မလိုဘူး။ သူတို့က အောက်လူပဲ ဆိုပြီး ဘာကိုမှ မမှုပဲ လုပ်ချင်တာကို  တဇွတ်ထိုး လုပ်တတ်ကြသော ကျောင်းထိုင် ဘုန်းကြီးတွေတောင် ကံနိမ့်နေချိန်ဆိုရင် ပျံတော်မူကြတာကို ကြားဖူးပါတယ်။ ဒါကြောင့် ကမ္မ၀ါဖတ်တာတွေ နှင်ထုတ်တာတွေက မေတ္တာပို့ခြင်း၊ အမျှဝေခြင်းဖြင့် မရနိုင်တော့မှ နောက်ဆုံးအဆင့် အနေနဲ့ အသုံးပြု သင့်ပါတယ်။

စည်းချခြင်း အဓိပ္ပါယ်

စည်းချခြင်း ဆိုတာကတော့ ကလေးတယောက်ကို မိဘဖြစ်သူက ဒါ မလုပ်နဲ့၊ ဒါ မကိုင်နဲ့၊ ဒီအခန်းထဲ မ၀င်နဲ့ ဆိုပြီး အမိန့်အာဏာ သုံးကာ တားမြစ်ခြင်းနဲ့ တူတယ်၊
အိပ်ယာဝင်ခါနီး ကိုယ့်ရဲ့ ကုတင်ကို ဖြစ်စေ၊ အခန်းကို ဖြစ်စေ၊ တိုက်ခန်းကို ဖြစ်စေ နာနာဘာဝ ပရလောကမှ မည်သူမျှ ကိုယ့်ကို မနှောက်ယှက်စေရန် အတားအဆီး ပြုခြင်းကို စည်းချတယ် လို့ ခေါ်တယ်၊
တချို့က ပဋ္ဌာန်း( ၂၄ ) ပစ္စည်း ရွတ်ဆိုကြသလို တချို့က ရတနာသုံးပါးနှင့် စည်းချကြတယ်၊ ဘုရားဂုဏ်တော်တွေနဲ့လည်း ရွတ်ဆို ကာ ချလေ့ရှိပြန်တယ်၊  လူတိုင်း ကိုယ်အားသန်ရာ ပါးစပ်က နှုတ်တက်ရပြီး လွယ်တာကို ရွတ်ဆိုတာမျိုးလဲ ရှိတတ်ကြ တယ်၊ ဘာရွတ်ရမယ်၊ ဆိုတဲ့ စည်းကမ်းချက်ဒေသနာတော့ မရှိပါဘူး၊  ဘုရားရှင် လက်ထက်က ကလေးလေးတယောက် ရာဇဂြိုလ် မြို့ပြင်ဘက်က ဇရပ်တခုမှာ အိပ်နေတာကို ညပိုင်းမှာ မိစ္ဆာဒိဋ္ဌိ ဘီလူးနဲ့ သမ္မာဒိဋ္ဌိ အယူရှိတဲ့ ဘီလူးနှစ်ကောင် ရောက်လာတယ်၊ 

ရာဇဂြိုလ်မြို့ဟာ တောင်တန်းတွေ ငါးခု ကာရံထားတာကြောင့် ဘီလူး သဘက် ပြိတ္တာ သရဲစတဲ့ နာနာဘာဝတွေ သိပ်ပေါများတယ် လို့ ဆိုတယ်၊ အခုလဲ  မိစ္ဆာဒိဋ္ဌိ ဘီလူးက စားမယ်ပေါ့၊ သမ္မာဒိဋ္ဌိဘီလူးက မစားပါနဲ့ အဲဒီကလေးက ဘုရားကို အမြဲရှိခိုးနေတာ ၊မင်းစားရင် ဒုက္ခရောက်သွားမယ် လို့ တားသော်လည်း မရဘူး စားမှာပဲ ဆိုပြီး ကလေးလေး ခြေထောက်ကို သွားဆွဲလိုက်တယ်၊
ကလေးလေးကလဲ ဘုရားစာ ရွတ်နေကျဆိုတော့ ပါးစပ်က ယောင်ပြီး “ နမော ဗုဒ္ဓဿ ” ဆိုပြီး ရွတ်လိုက်တာ ဘီလူးကြီး ၀ုန်း ဆိုပြီး အဝေးကြီးကို လွင့်စင်သွားတယ် တဲ့၊ ဘုရားရှိခိုး အရှည်ကြီး မဟုတ်သေးဘူး၊  နမော ဗုဒ္ဓဿ ဆိုတဲ့ စကားနှစ်လုံးထဲပဲ ရှိသေးတယ်၊

ဒီနေရာမှာ ဘုရားဂုဏ်တော်ကျေးဇူးကြောင့် အသက်ဘေးက လွတ်တာကို သတိထားစေချင်တယ်၊ အကယ်၍ မဖြစ်မနေ စည်းချလိုတယ် ဆိုရင်တော့ ပဋ္ဌာန်း (၂၄ ) ပစ္စည်း၊ ဘုရားဂုဏ်တော် ( ၂ )မျိုးထဲက တမျိုးမျိုးကို ရွတ်ဆိုပြီး စည်းချနိုင်ပါတယ်၊ အဓိပ္ပါယ်ကတော့ ငါ ဒီနေရာ ဒီနေရာတွေကို စည်းချထားတယ် မင်းတို့ လာလို့ မရတော့ဘူး၊ နှောက်ယှက်လို့ မရတော့ဘူး လို့ ဆိုလိုတယ်။

စည်းချနည်း

ကိုယ်အိပ်တဲ့ ကုတင် ဆိုပါစို့၊ ကုတင်ခေါင်းရင်းအရပ်ကို လက်ညှိုးထိုးပြီး ဟေတု ပစ္စယော လို့ ရွတ်ဆိုလိုက်ပါ၊ ဒီလိုပဲ ခြေရင်းကို အာရမ္မဏ ပစ္စယော လို့ ရွတ်လိုက်ပါ၊  ဒီလိုနဲ့ အရှေ့ အနောက် တောင် မြောက်၊ အရှေ့ တောင်ဒေါင့်အရပ်၊ အရှေ့မြောက်ဒေါင့်အရပ် စသည်ဖြင့် ဒေါင့်လေးဒေါင့်၊ အထက်အရပ် အောက်အရပ် ပေါင်းလိုက်တော့ အရပ်ဆယ်မျက်နှာ အားလုံး စည်းချပြီးသား ဖြစ်သွားပါပြီ၊ ဘယ်နှစ်ခေါက် ရွတ်သည်ဖြစ်စေ နေရာ နှံ့စပ်သွားရင် လုံလောက်ပါတယ်။

ရှေးရှေးဆရာများကတော့ ပဋ္ဌာန်း ၂၄ ပစ္စည်းကိုပဲ စည်းချတာ များတယ်၊ သို့သော်လည်း ကိုယ်အားသန်ရာ ဘုရားဂုဏ်   တော် တခုခုကို ရွတ်ဆို စည်းချရင်လဲ အတူတူပါပဲ၊ ဘယ်နာနာဘာဝ ပရလောကသတ္တ၀ါတွေမှ မနှောက်ယှက်နိုင်ပါဘူး၊

 စည်းချတယ် ဆိုတာ အာဏာပြခြင်း တမျိုးမို့ ဆရာ့ဆရာများကတော့ အားမပေးကြဘူး၊ တကယ်တမ်း လိုအပ်လာမှ လုပ်သင့် တယ်လို့ ယူဆမိတယ်၊  အစဦးစွာ မေတ္တာပို့ခြင်း၊ အမျှဝေခြင်း လမ်းစဉ်ကသာ အကောင်းဆုံးနည်းလမ်း လို့ ဆိုပါရစေ .. မြတ်စွာ ဘုရား ရှင်နှင့်တကွ  အဂ္ဂသာဝကကြီးများ အစထားလို့  ယနေ့ခေတ် ဆရာတော် ကြီးများအဆုံး အစဉ်အဆက်အနေနဲ့ ခရီးတခု ကို သွားရင်ဖြစ် စေ ၊ နေရာဒေသ ပတ်ဝန်းကျင်အသစ်ကို သွားဖို့ ရှိရင်ဖြစ်စေ မေတ္တာကို ရှေးဦးစွာ ပို့လေ့ရှိကြပါတယ်၊ ကိုယ်သွားမယ့် လမ်း၊ ကိုယ်ရောက်မယ့်နေရာ စသဖြင့် လိုအပ်သလို စူးစူးစိုက်စိုက် ကြိုတင် ပို့လွှတ်လေ့ ရှိကြတယ်၊

သရဲ တစ္ဆေ ခြောက်ခံရတယ် ဆိုတာ အကုသိုလ်တွေ များများလုပ်ပြီး ကံနိမ့်ပါးနေသူမှ ဖြစ်တတ်တာမို့ ဂုဏ်တော်များ၊ ပဋ္ဌာန်းများ ရွတ်နေရင် စည်းချတယ် ဆိုတာ မလိုအပ်တဲ့ အရာတခုပါ။ မြတ်စွာဗုဒ္ဓ ဟောကြားထားခဲ့သော ဒေသနာတော်များဟာ ဣစ္ဆာသယ ပတ္တမြားနှင့် တူပါတယ်၊ တကယ်လိုအပ်လာလျင်  လိုသလို အသုံးချနိုင်ကြပါတယ်၊  မိမိဥာဏ်ရှိသလို အသုံးချနိုင် ကြပါစေ လို့ သာ ဖြေကြားလိုက်ပါသည် ...

ဖေ့ဘုတ်မှ ကူးယူဖော်ပြသည်...။

2 Responses so far.

  1. pain gyi says:

    သာဓု သာဓု သာဓု

  2. pain gyi says:

    သာဓု သာဓု သာဓု

Leave a Reply