HAZY LIFE

 
မြန်မာ ပြက္ခဒိန် စံနစ် ၏ မူလအရင်းခံသည်  အိန္ဒိယ ပြက္ခဒိန်စံနစ်ကို အခြေခံပါ သည်။ ရှေးမြန်မာ ဘုရင်များ လက်ထက်တွင် အိန္ဒိယမှ နက္ခတ္တပညာ ရှင်များ မြန်မာပြည်တွင်း ဝင်ရောက် အခြေချရာမှ မြန်မာ နှင့် ကိုက်ညီသည့် ပြက္ခဒိန် စံနစ်တစ်ခုကို ဆင့်ပွားတီထွင် မွေးစားခဲ့ ကြဟန် ရှိပါသည်။ အထူးသဖြင့် မြန်မာ ပြက္ခဒိန်သည် ဗုဒ္ဓဘာသာ ကိုးကွယ် ယုံကြည်မှုနှင့် နက်ရှိုင်းစွာ ဆက်စပ် နေသည်ဟု ဆိုနိုင်ပါသည်။ သံဃာတော်များ ဝါဝင် ဝါထွက် တွက်ချက်မှုသည် အရေးကြီးသော ကဏ္ဍ တွင် ပါဝင်ပါသည်။

မြန်မာပြက္ခဒိန် စံနစ်တွင် သက္ကရာဇ် ခုနစ်ကို သတ်မှတ် ရာတွင်မူ (၃) မျိုး ကွဲပြားနေပါသည်။ ငှင်းတို့မှာ


    မဟာ
    သာသနာ
    ကောဇာ

ဟူ၍ ၃ မျိုးကွဲပြားမှု ရှိပါသည်။

  • မဟာ သက္ကရာဇ်

မဟာ သက္ကရာဇ် မှာ ဗုဒ္ဓမြတ်စွာ ဘုရား ဖွားမြင်ရာ ကပ္ပိလဝတ် မြို့ ကိုစတင် တည် ထောင်ချိန်မှ စ၍ ရေတွက်သည့် ခုနှစ်ဖြစ်သည်။ ထိုနှစ် ၆၈ ခု ကဆုန်လပြည့်နေ့ တွင် ဗုဒ္ဓရှင်တော် လောင်းလျာကို ဖွားမြင်တော်မူပါသည်။ ထိုသက္ကရာဇ်ကို ဗုဒ္ဓ ပရိနိဗ္ဗာန် ပြုတော်မူပြီးသည့် အချိန်မှ စ၍ အသုံးပြုခြင်းမရှိတော့ပါ။

  • သာသနာ သက္ကရာဇ်

ဗုဒ္ဓ ပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် ပထမအကြိမ် သင်္ဂါယနာ တင်ပြီးသည့် အချိန်မှ စတင် ရေတွက်သည့် ခုနှစ်ကို သာသနာ နှစ်ဟု မည်ပါသည်။ သာသနာတော်၏ သက်တမ်းကို ညွှန်းပြ နိုင်သည့် ခုနစ် ဖြစ်သည်။

  • ကောဇာ သက္ကရာဇ်

ဗုဒ္ဓသာသနာ နှင့်အတူ ပြက္ခဒိန် စံနစ်သည် မြန်မာနိုင်ငံ အတွင်း ဝင်ရောက်လာခဲ့ ဟန်ရှိပါသည်။ သာသနာ သက္ကရာဇ်ကို ပင် ဆက်ခံ အသုံးပြုရာမှ သက္ကရာဇ် နှစ် ၆၂၂ ခုနှစ် အရောက်တွင် သရေခေတ္တရာ ဘုရင် သုမုန္ဒရီ က (၀) သုည ခုနှစ် (zero hour) မှ စတင်ပြန်လည် ရေတွက် သတ်မှတ် ခဲ့သည်။ ထိုသို့ သက္ကရာဇ်ကို (၀) သုည မှ ပြန်လည်စတင် ခြင်းကို သက္ကရာဇ်ဖြို သည်ဟု သုံးနှုံးပါသည်။ ဗေဒင် ကိန်းခန်း များ အရ အုပ်ချုပ်သူ ဘုရင်တို့၏ စည်းစိမ်တည်မြဲရေး အတွက် ထိုသို့ သတ်မှတ်ကြခြင်း ဖြစ်သည်။ သို့သော် မြန်မာ ပြက္ခဒိန် စံနစ်တွင် ဂျပန်၊ တရုတ်တို ကဲ့သို့ အုပ်ချုပ်သူ ဘုရင် နန်းတက်တိုင်း သက္ကရာဇ် နှစ်ကို ပြန်စသည့် ထုံးစံ မရှိပါ။

သမုန္ဒရီ မင်း သက္ကရာဇ် ဖြိုပြီးနောက် အနှစ် ၅၆၀ အကြာ ပုဂံခေတ်တွင် ပုပ္ပါးစောမင်း က ထပ်မံဖြိုပြန်သည်။ သည့်နောက် အင်းဝခေတ် မိုးညှင်းမင်းတရား လက်ထက် တွင်လည်း သက္ကရာဇ် ဖြိုရန် ကြိုးစားခဲ့ သော်လည်း လူတို့ လိုက်နာခြင်း မရှိသဖြင့် မပြိုခဲ့ပါ။ ထို့ကြောင့် လက်ရှိ အသုံးပြုနေ သော ခုနစ်သည် ပုဂံခေတ်မှ စတင် သတ်မှတ်ခဲ့သော နှစ်ဖြစ်ပြီး ထို သက္ကရာဇ် ကို ကောဇာ သက္ကရာဇ် ဟု ခေါ် ပါသည်။

အမည်နာမ နှင့် ခုနှစ်အားဖြင့် သုံးမျိုး ကွဲပြားနေသော်လည်း ခုနှစ်၊ လ၊ ရက်၊ လပြည့် လကွယ် သတ်မှတ်ပုံစံနစ်မှာ တစ်ခုတည်း တစ်ထပ်တည်းသာ ဖြစ်ပါသည်။

Leave a Reply