HAZY LIFE



အမေး။ ။ ယခု၂၀၀၉ခုနှစ်၊ ကမ္ဘာအ၀ှမ်း နိုင်ငံများမှာ မြေငလျင်ဒါဏ်နှင့် မုန်တိုင်းဒါဏ်ကို အလူးအလဲ ခံကြရပါတယ်။ အင်ဒိုနီးရှားမှာဆိုရင် ဒီနှစ်ထဲမှာ ငလျင်အကြိမ်ကြိမ် လှုပ်ခဲ့ပါတယ်။ အချို့နေရာများမှာ မုန်တိုင်းထန်ခဲ့ကြပါတယ်။ မုန်တိုင်းတောင်မှ သာမာန်မုန်တိုင်းမဟုတ်ဘူး၊ စူပါတိုင်ဖွန်မုန်းတိုင်း အဆင့်အထိတောင် တိုက်ခတ်ခဲ့ပါတယ်။ သပ္ပံပညာရှင်များက နျူကလီးယားကြောင့် သဘာဝပတ်ဝန်းကျင်များ ညစ်ညမ်းမှု များလာပါတယ်။ အဲဒီကနေ မုန်တိုင်းကျတာတို့ ငလျင်လှုပ်တာတို့ ဖြစ်ကြတယ်လို့ဆိုပါတယ်။ တပည့်တော်သိချင်တာက ငလျင်လှုပ်တာနဲ့ပတ်သက်ပြီး ဘုရားရှင် မိန့်တော်မူခဲ့တာတွေ ရှိပါသလား၊ တကယ်လို့ ရှိခဲ့တယ်ဆိုရင် မကြာသေးခင်ကမှ အင်ဒိုနီးရှားမှာ ဘာ့ကြောင့်ငလျင် လှုပ်ခဲ့တာလဲဆိုတာကို ဘုရားဟောနဲ့အညီ အဖြေပေးစေချင်ပါတယ်ဘုရား။

မနွယ်နွယ်အေး

ရန်ကုန်


အဖြေ။ ။ ငလျင်နဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်များက ယခုခေတ်မှသာ ဖေါ်ထုတ်ကြတာပါ။ ဘုရားရှင်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၅၀၀ကျော်ကတည်းက ဖေါ်ထုတ်ခဲ့ပါတယ်။ သိပ္ပံပညာရှင်များလို အချိန်အကြာကြီး သုတေသနပြုစရာမလိုပါဘူး။ ဘုရားရှင်ဟာ သိရန်မှန်က မကျန်ရအောင် လုံးဝစုံလင် အကုန်မြင်တဲ့ သဗ္ဗညုတဥာဏ်တော်နဲ့ ပြည့်စုံတော်မူတာကြောင့် တရားအလုံးစုံကို ကိုယ်တိုင်လည်း သိသလို ဝေနေယျများကိုလည်း ဟောတော်မူခဲ့ပါတယ်။ ဒါကြောင့်လည်း ဘုရားရှင်ဟာ ငလျင်လှုပ်ခြင်းရဲ့အကြောင်းကို ဟောတော်မူခဲ့ပါတယ်။

အခါတစ်ပါး ဘုရားရှင်က အရှင်အာနန္ဒာအား ငလျင်လှုပ်ခြင်းနဲ့ပတ်သက်ပြီး ရှစ်ပါးရှိကြောင်းကို မိန့်တော်မူခဲ့ပါတယ်။ အဲဒါတွေကတော့


(၁)။ ဓါတ်တွေချောက်ခြားဖေါက်ပြန်တဲ့အတွက် ငလျင်လှုပ်ပါတယ်။ ရှင်းပါအုံးမယ်၊ ဒီကမ္ဘာကြီးဟာ ယူဇနာ(၄၈၀၀၀၀)အထုရှိတဲ့ ရေမှာတည်ပါတယ်။ ထိုရေထုထည်ရဲ့အောက်မှာ ယူဇနာပေါင်း(၉၆၀၀၀၀) ရှိတဲ့ လေထုတည်နေပါတယ်။ ဒီလိုအခြေအနေမှာ တခါတရံ လေထုကြီးဟာ ပြင်းထန်စွာ တိုက်ခိုက်လာတဲ့အခါ လေထုအထက်မှာ တည်နေတဲ့ ရေထုကြီးဟာ လှုပ်ခတ်လာပါတော့တယ်။  
(ဒါဟာ မုန်တိုင်းတိုက်ခတ်တာဖြစ်နိုင်ပါတယ်) အဲဒီလို ရေထုကြီးလုပ်ခေတ်လာတော့ ရေထုအထက်မှာတည်နေတဲ့ မြေထုကြီးဟာ လှုပ်ခတ်လာပါတော့တယ်။ ဒါဟာ ငလျင်ပြင်းစွာလှုပ်ခြင်းရဲ့ ပထမအကြောင်းပဲဖြစ်ပါတယ်။ (စူနာမီဖြစ်တဲ့သဘောကို သတိပြုပါ)။

(၂)။ ဒုတိယအကြောင်းက အဘိညာဉ်ဈာန် အစွမ်းကြောင့်လည်း မြေငလျင်လှုပ်တတ်ပါတယ်။ ဣဒ္ဓိတန်ခိုးရှင်များက မြေကိုလှုပ်စေလိုတဲ့အခါ အားနည်းတဲ့ မြေကသိုဏ်းဈာန်သညာနဲ့အတူ အားကြီးတဲ့ ရေကသိုဏ်းဈာန်သညာတို့ကို ပွားများပြီး မြေကြီးကို လှုပ်ခတ်စေပါတယ်။

(၃)။ တတိယအကြောင်းက ဘုရားအလောင်းတော် မယ်တော်ဝမ်းကြာတိုက်သို့ သက်ရောက်တဲ့ အခါမှာ မြေကြီးဟာ သွက်သွက်ခါတုန်လှုပ်ပါတယ်။

(၄)။ စတုတ္ထအကြောင်းက ဘုရားအလောင်းတော် အမိဝမ်းကြာတိုက်မှာ မွေးဖွားတော်မူတဲ့ အခါမှာလည်း မြေငလျင်လှုပ်ပါတယ်။

(၅)။ ပဉ္စမအကြောင်းက ဘုရားအဖြစ်သို့ ရောက်တော်မူတဲ့ခဏမှာလည်း မြေငလျင်လှုပ်ပါတယ်။

(၆)။ ဆဋ္ဌမအကြောင်းက မြတ်စွာဘုရား ဓမ္မစကြာတရားဦး ဟောတော်မူတဲ့အခါမှာ မြေငလျင်လှုပ်ပါတယ်။

(၇)။ သတ္တမအကြောင်းက ဘုရားရှင်ဟာ သတိသမ္ပဇဉ်ရှိလျက် အာယုသင်္ခါရကို စွန့်လွတ်တော်မူတဲ့ အခါမှာလည်း မြေငလျင်ပြင်းစွာ တုန်လှုပ်ပါတယ်။

(၈)။ အဋ္ဌမအကြောင်းက ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့အခါမှာလည်း မြေငလျင်ပြင်းစွာ တုန်လှုပ်ပါတယ်။

ထိုမြေငလျင်လုပ်ခြင်း ရှစ်မျိုးအနက် ပထမတစ်မျိုးသာလျှင် သက်ရှိသတ္တ၀ါတွေရဲ့ အန္တရာယ်ကို ဖြစ်စေနိုင်ပါတယ်။ ကျန်တဲ့ (၇)မျိုးကတော့ သက်ရှိတို့ကို အသက်အန္တရာယ် မဖြစ်စေနိုင်ပါဘူး။
ဒါကြောင့် မကြာသေးခင်က အင်ဒိုနီးရှားမှာ ပြင်းစွာလှုပ်ခဲ့တဲ့ မြေငလျင်နဲ့ အချို့နေရာတွေမှာ တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း စူပါမုန်တိုင်းများဟာ ဓါတ်ချောက်ချားခြင်း (ဥက္ခေပက လေဓါတ်ချောက်ချားခြင်း)ကြောင့် လှုပ်တာလို့ ယူဆရပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။ 

(မဟာဗုဒ္ဓ၀င်၊ ပဉ္စမတွဲ၊ နှာ-၃၃၃)
ဆရာတော်ဦးကောဝိဒ (မြိတ်) 

Leave a Reply