HAZY LIFE


တစ်လကိုးသီတင်း - ဟူသော ဝေါဟာရကို မြန်မာမှုနယ်ပယ်တွင် သူရောငါပါ အသုံးတွင်ကျယ်စွာ ပြောဆိုနေကြပါသည်။ ဘာကို ဆိုလိုပါသနည်း?။ မေးလာလျှင်ကား ဖြေဆိုဖို့ ခပ်ခက်ခက်ပင်။
          တစ်လကိုးသီတင်းကို အဓိပ္ပာယ်ဖွင့်လျှင် တစ်လ + ကိုးသီတင်း ဟုပင် ဖွင့်ဆိုရပါမည်။ တစ်လဟူသည်မှာ ယေဘုယျအားဖြင့် ရက်ပေါင်းသုံးဆယ်ကာလ၊ ရက်သတ္တပတ်အားဖြင့် လေးပတ်တာကာလကို ဆိုလိုပါသည်။ ကိုးသီတင်းတွင် သီတင်းဟူသော ဝေါဟာရကို ရှင်းပါမည်။ သီတင်းဟူသောစကားမှာ ``သီလကို ဖြည့်တင်းသည်၊ သီလပြည့်တင်းစေသည်´´ဟု အဓိပ္ပာယ်ရပါသည်။ ထို့ကြောင့်  ရှေးအခါက ဥပုသ်သီလ ဆောက်တည်သူကို ယခုခေတ်ကဲ့သို့ ဥပုသ်သည်ဟု မခေါ် သီတင်းသည်ဟု ခေါ်ကြပါသည်။ ရှေး အင်းဝခေတ် စကားပြေများတွင်လည်း ``ဘုရားအလောင်း သီတင်းနေသည်´´ ဟူသော အသုံးအနှုန်းများ ကို နေရာ တော်တော်များများတွင် တွေ့ရတတ်ပါသည်။
          ရဟန်းတော်များ ခရီးမကြွဘဲ မိမိတို့၏ ကျောင်းတိုက်များတွင် ခိုအောင်းလျက် သီလဖြင့် ပြည့်စုံစွာ နေထိုင် သည်ကို သီတင်းသုံးသည်ဟု ခေါ်ပါသည်။ သီလဖြင့် ပြည့်စုံစေလျက် ဤကျောင်းကို အသုံးပြုသည်ဟု ဆိုလိုဟန် ရှိပါသည်။ ပုဂံခေတ်က သီတင်းကျွတ်လကို ``သံတူလ´´ ဟု ခေါ်ကြသည်။ ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ထိ ရက်ပေါင်းကိုးဆယ်ကြာ ကျောင်းတိုက်တစ်ခုအတွင် မှီတင်းနေထိုင်လျက် တရားဓမ္မများ အားထုတ်ရာကာလသည် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့တွင် ကုန်ဆုံးလွန်မြောက်လေ သည်။ ယင်းကိုပင် သီတင်းကျွတ်သည်ဟု ခေါ်သည်။ ထိုသို့ ခေါ်ရာမှ သံတူလကိုလည်း သီတင်းကျွတ်လ ဟု ခေါ်ဆိုကြတော့သည်။ ဤသို့ အရပ်ရပ်ကို ထောက်ဆလျက် သီတင်းဟူသော ဝေါဟာရမှာ သီလကို ဖြည့်တင်းလျက်၊ တနည်း သီလကို ပြည့်တင်းစေလျက် နေထိုင်ခြင်းကို ခေါ်ကြောင်း
သိသာပါသည်။
          ရဟန်းတော်များ ၀ါတွင်းသုံးလ သီတင်းသုံးကြသည်ကို အတုလိုက်၍ လူများကလည်း လစဉ်
၁။ လဆန်း (၁) ရက်နေ့
၂။ လဆန်း (၇) ရက်နေ့
၃။ လဆန်း (၈) ရက်နေ့
၎။ လဆန်း (၁၄) ရက်နေ့
၅။ လပြည့်နေ့
၆။ လဆုတ် (၇) ရက်နေ့
၇။ လဆုတ် (၈) ရက်နေ့
၈။ လဆုတ် (၁၃/၁၄) ရက်နေ့ (ရက်စုံ ရက်မစုံ ကွဲသည်)
၉။ လကွယ်နေ့
          တစ်လလျှင် ကိုးကြိမ် ကိုးရက် ဥပုသ်သီတင်း ဆောက်တည်ကြပါသည်။ ဤသို့ မပျက်မကွက် ဆောက် တည်နိုင်လျှင် များစွာလည်း ဂုဏ်ယူတတ်ကြပါသည်။ ဗုဒ္ဓဘာသာ မြန်မာကြီးများ တစ်ဦးနှင့်တစ်ဦးတွေ့ဆုံသည့် အခါ ``ရောင်းရင်းတို့ ဥပုသ်သီတင်းများရော ကျင့်သုံးဖြစ်ပါရဲ့လား´´ ဟု မေးတတ်ကြသည်။ ထိုသို့ မေးလာလျှင်
``ကျင့်သုံးဖြစ်ပါတယ် အဆွေတော်၊ တစ်လကို ကိုးသီတင်း မပျက်မကွက် ဆောက်တည်လျက်ပါ´´ဟု ဖြေတတ်ကြ ပါသည်။
          ဤသို့လျှင် ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုကြရာမှ ``တစ်လကိုးသီတင်း´´ဟူသော အသုံးအနှုန်း တွင်ကျယ် လာခြင်း ဖြစ်ပါသည်။ ယခုအခါတွင်ကား တစ်လလျှင် လေးသီတင်းမျှပင် ပုံမှန် မဆောက်တည်ဖြစ်ကြတော့ပေ။ တစ်လလျှင် ကိုးသီတင်းဆောက်တည်နိုင်သူကား မရှိသလောက်ပင် ရှားခဲ့လေပြီ။ ထို့ကြောင့် တစ်လကိုးသီတင်း ဟူသော ဂုဏ်ယူဖွယ် စကားအသုံးအနှုန်းသည်လည်း ကာလတိုင်းတာမှုတစ်ခုအဖြစ်သာ နားလည်ကြပါတော့သည်။

ကူးယူတင်ပြသည်...။

One Response so far.

  1. mstint says:

    ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး
    အေးချမ်းစွာဖြင့် လောကီလောကုတ္တရာ
    နှစ်လီနှစ်ဝ လိုအင်ဆန္ဒများ ပြီးပြည့်စုံပါစေ မောင်ဇင်မျိုးရေ။
    Happy New Year !!!

    မေတ္တာဖြင့်
    အန်တီတင့်

Leave a Reply